← Chapters

ကုရာနတ္ထိဆေးမရှိသောရောဂါ

Vol. 10 Ch. 130

ကုရာနတ္ထိဆေးမရှိသောရောဂါ

Vol. 10 Ch. 130

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ချန်ယင်းယင်းသည် မျက်ရည်များဖြင့် ရဲဖန်ကို ကြည့်လိုက်၏။ ရဲဖန်မှာမူ အားမတန်မာန်လျှော့စွာဖြင့် ခေါင်းခါလိုက်သည်။ ထိုလက်ကောက်သည် လှပရုံသာမက နဂါးနတ်ဘုရားခန်းမ၏ အကြီးမြတ်ဆုံးရတနာများထဲမှ တစ်ခုလည်းဖြစ်ကာ ဝိညာဉ်စွမ်းအင်ချီ ပမာဏများစွာပါဝင်ပြီး သေစေနိုင်သောတိုက်ခိုက်မှုသုံးကြိမ်ကို ခုခံကာကွယ်နိုင်၏။

ထိုအချိန်မှာပင် ပြဿနာရှာနေသော ချန်ရွှယ့်က ထပ်မံ၍ စကားပြောလာသည်။

"လက်ကောက်အကျိုးတစ်ခုပဲဟာကို။ အဲ့လောက်တောင် အရေးကြီးနေလို့လား။ တန်ဖိုးသိပ်ရှိမယ်လည်း မထင်ပါဘူး။"

ချန်ရွှယ့်သည် ယခုအခါ စိတ်တည်ငြိမ်သွားပြီဖြစ်ပြီး ရဲရှင်းဟွေ့ပြသခဲ့သော ဗီဒီယိုမှာ အတုမဟုတ်ကြောင်း သဘောပေါက်သွားသည်။ သူမသည် ရဲဖန်ကို အမှန်တကယ် နားလည်မှုလွဲခဲ့ခြင်းဖြစ်၏။ သူမ ရဲဖန်ကို နားလည်မှုလွဲခဲ့ကြောင်း သိသော်လည်း သူ့ကိုတောင်းပန်ရန် ရည်ရွယ်ချက်မရှိပေ။

အခြားအကြောင်းကြောင့်မဟုတ်ဘဲ ရဲဖန်သည် အိမ်တွင်းပုန်းသမက်တစ်ယောက်ဖြစ်ပြီး အိမ်တွင်းပုန်းသမက်တစ်ယောက်သည် သူမ၏တောင်းပန်မှုကို ခံယူရန် မထိုက်တန်သောကြောင့်ပင်။

ချန်ရွှယ့် စကားဆုံးသည်နှင့် ရဲရှင်းဟွေ့သည် သူမထံသို့ နောက်တစ်ကြိမ်ရောက်လာပြီး သူမကို ရိုက်လိုက်ရာ ဤရိုက်ချက်မှာ ယခင်တစ်ချက်နှင့် ပြီးပြည့်စုံစွာ တူညီနေ၏။

ရိုက်ပြီးနောက်တွင် ရဲရှင်းဟွေ့သည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

ချန်ယင်းယင်းနှင့် ရဲဖန်တို့သည်လည်း ရဲရှင်းဟွေ့ကိုကြည့်ကာ သူနောက်ထပ် ဘယ်လိုဆင်ခြေမျိုးပေးမည်ကို သိချင်နေကြသည်။

"ခြင်တွေ များလာလို့လား။"

ရဲဖန်က ပြုံးရင်းမေးလိုက်၏။

ချန်ရွှယ့် အရိုက်ခံရခြင်းမှ ရဲဖန်သည် ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ အမှန်မှာ ရဲဖန်သည် သူမကိုရိုက်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ထူးခြားသောခန္ဓာကိုယ်အတွင်းရှိ နဂါးနှလုံးသားကြောင့် အကယ်၍ သူသာ တကယ်တမ်းလှုပ်ရှားခဲ့ပါက ထိုအခိုက်အတန့်တွင် ဒေါသပေါက်ကွဲသွားပြီး ချန်ရွှယ့်ကို သွေးဥများအဖြစ်သို့ ပြောင်းလဲသွားအောင် တိုက်ရိုက်ရိုက်ပစ်မိနိုင်သည်။

ရဲဖန်၏ စကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် ခေါင်းခါပြပြီး

"ခြင်တွေကြောင့်တော့ မဟုတ်ပါဘူး။ အင်း... ပြောမနေနဲ့တော့ဗျာ၊ ကျွန်တော် လွန်ခဲ့တဲ့နှစ်တွေက ကုရာနတ္ထိဆေးမရှိတဲ့ရောဂါတွေ အများကြီး ဖြစ်ဖူးတယ်။"

"ကုရာနတ္ထိဆေးမရှိတဲ့ရောဂါတွေ။"

သူ၏တူဖြစ်သူ နေမကောင်းဖြစ်နေသည်ကိုကြားသောအခါ ရဲဖန်သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သို့သော် ရဲရှင်းဟွေ့က သူ၏ရောဂါများကို ဖော်ပြသောအခါ ရဲဖန်သည် ထိုနေရာတွင်ပင် ဆွံ့အသွားခဲ့၏။

"ဟုတ်တယ်။ အဲ့ဒီ ကုရာနတ္ထိဆေးမရှိတဲ့ရောဂါတွေက အချိန်ဆွဲတတ်တာရယ်၊ အရာရာကို သပ်သပ်ရပ်ရပ်ဖြစ်နေမှ ကြိုက်တဲ့ရောဂါရယ်၊ ပြီးတော့ ဆုံးဖြတ်ချက်မပြတ်သားတာတွေပေါ့။"

"ခုနက ချန်ရွှယ့်ရဲ့ မျက်နှာတစ်ဖက်တည်း ရောင်နေတာကိုမြင်တော့ ကျွန်တော့်ရဲ့ စွဲလမ်းစိတ်ရောဂါကို ထိလိုက်သလိုဖြစ်သွားတယ်၊ ဒါကြောင့်ပဲ သူ့မျက်နှာတစ်ဖက်ကိုလည်း အမှတ်မထင် ရိုက်လိုက်မိတာ။”

ရဲရှင်းဟွေ့ကို ဒေါသတကြီးဆူပူရန် ထလာခဲ့သော ချန်ရွှယ့်သည် သူ၏ရှင်းပြချက်ကိုကြားသောအခါ ဒေါသကြောင့် မူးလဲမတတ်ဖြစ်သွားသည်။ ချန်ယင်းယင်းနှင့် ရဲဖန်တို့နှစ်ဦးစလုံးသည် အနည်းငယ်စိတ်ပျက်နေကြ၏။ ရဲရှင်းဟွေ့သည် ဤသို့ပြုလုပ်ခြင်းမှာ ရဲဖန်၏ စိတ်အလိုမကျမှုကို ဖြေလျှော့ပေးရန်သက်သက်ဖြစ်ကြောင်း သူတို့နှစ်ဦးလုံးသိကြသည်။

ရိုက်ချက်ကို စဉ်းစားမိသောအခါ ချန်ယင်းယင်းသည် သူမက ရဲဖန်ကို နားလည်မှုလွဲပြီး အစောပိုင်းက ရိုက်ခဲ့သည်ကို ပြန်သတိရသွား၏။

"ရဲဖန်၊ ကျွန်မ ရှင့်ကိုအရင်က ရိုက်ခဲ့တာ..."

ချန်ယင်းယင်း စကားမဆုံးမီမှာပင် ရဲဖန်က တိုက်ရိုက်ဖြတ်ပြောလိုက်သည်။

"အပြစ်ရှိသလို ခံစားနေစရာမလိုပါဘူး၊ ချန်ရွှယ့်က မင်းအတွက် ပြန်ပေးဆပ်ပြီးသွားပြီ။"

ချန်ရွှယ့်: ……

ဤသည်ကိုကြားသောအခါ ချန်ရွှယ့်သည် ဦးစွာ စကားမဲ့သွားပြီးနောက် "ဂစ်” ဟူသောအသံနှင့်အတူ မေ့လဲသွားတော့သည်။

ချန်ယင်းယင်းနှင့် ရဲဖန်တို့သည် သတိလစ်နေသော ချန်ရွှယ့်ကို ဆေးရုံသို့ခေါ်သွားပြီး ရဲရှင်းဟွေ့သည် ဟိုတယ်သို့ ပြန်လာခဲ့သည်။ ဟိုတယ်သို့ ပြန်ရောက်သည်နှင့် ရဲရှင်းဟွေ့သည် တီဗီလေးကို ချက်ချင်းဆင့်ခေါ်လိုက်သည်။ သူသည် ဤတစ်ကြိမ်တွင် မည်သည့်အရာကောင်းများ ပေါ်လာမည်ကို ကြည့်လို၏။

တီဗီပွင့်လာပြီးနောက် ရဲရှင်းဟွေ့ ပထမဆုံးမြင်လိုက်ရသည်မှာ မျောက်တစ်ကောင်၊ ထို့နောက် ဝက်တစ်ကောင်နှင့် မြင်းဖြူတစ်ကောင်ကိုစီးနေသော ဘုန်းကြီးတစ်ပါးဖြစ်သည်။ လူသုံးယောက်နှင့် မြင်းတစ်ကောင်တို့သည် တောင်တန်းများနှင့် မြစ်များကိုဖြတ်ကျော်ကာ အနောက်အရပ်သို့ ခရီးနှင်နေကြ၏။

ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့၏ အသက်ရှုသံသည် ချက်ချင်းပင် သိသိသာသာမြန်လာသည်။

မှန်ပါသည်၊ လက်ရှိတီဗီပေါ်တွင် ပြသနေသည်မှာ အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းဖြစ်သော်လည်း တီဗီပေါ်တွင်ပြသနေသော အနောက်သို့ခရီးသွားခြင်းမှာ ရဲရှင်းဟွေ့ ယခင်ကမြင်ဖူးသည်နှင့် အလွန်ကွာခြားသည်။ ခဏတာကြည့်ပြီးနောက်မှာပင် ရဲရှင်းဟွေ့သည် ဤအနောက်သို့ခရီးသွားခြင်းဇာတ်လမ်းမှ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်မြင့်မားကြောင်း တွေ့ရှိခဲ့၏။

စွန်းဂိုခုက ကျူးပါကျဲကို တိမ်တိုက်ဂူတွင် နှိမ်နင်းစဉ်က သူသည် ကျူးပါကျဲနှင့် ကြီးကျယ်သောတိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့သည်။ ထိုမြေပြိုမတတ်တိုက်ပွဲမှာ ရဲရှင်းဟွေ့ ယခင်ကမြင်ဖူးသော အနောက်သို့ခရီးသွားခြင်းနှင့် လုံးဝကွာခြား၏။

"သွားပြီ... ဒါက အနောက်သို့ခရီးသွားခြင်း မူရင်းဇာတ်လမ်းများလား။"

ဗီဒီယိုသည် လျင်မြန်စွာပြီးဆုံးသွားပြီး ရဲရှင်းဟွေ့သည် သူ၏မျက်လုံးများကို တိုက်ရိုက်မှိတ်ကာ မျောက်အစ်ကို၏ အာကိန်းပညာရပ် ရှစ်-ကိုး၊ ၇၂ ပြောင်းလဲခြင်းတန်ခိုးကို ရရှိရန် မျှော်လင့်ရင်း ဆုတောင်းစပြုသည်။ ၃၆ ပြောင်းလဲခြင်းတန်ခိုးက ပိုအားကောင်းသော်လည်း ရဲရှင်းဟွေ့သည် ၇၂ ပြောင်းလဲခြင်းတန်ခိုးကို ပိုနှစ်သက်သည်။

အခြားအကြောင်းကြောင့်မဟုတ်ဘဲ ဤပညာရပ်မှာ မျောက်အစ်ကို၏ ပညာရပ်ဖြစ်သောကြောင့်ဖြစ်သည်။

ရဲရှင်းဟွေ့ ၇၂ ပြောင်းလဲခြင်းတန်ခိုးအတွက် ဆုတောင်းနေစဉ်မှာပင် တီဗီမျက်နှာပြင်သည် နောက်ဆုံးတွင် ကျူးပါကျဲပေါ်တွင် ရပ်တန့်သွားသည်။

"သွားပြီ။ ဝက်အစ်ကိုကြီးပါလား။"

"ဝက်အစ်ကိုကြီးက ဝက်အစ်ကိုကြီးပေါ့။ ငါဘာရမလဲမသိဘူး။ ဝက်အစ်ကိုကြီးမှာ ထျန်းကန်း ၃၆ ပြောင်းလဲခြင်းတန်ခိုးကလွဲပြီး တခြားမိုက်တာဘာမှမရှိဘူးထင်တယ်။"

ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် မှတ်ဉာဏ်တစ်ခုသည် သူ၏စိတ်ထဲသို့ ပို့လွှတ်ခြင်းခံလိုက်ရ၏။ မှန်ပါသည်၊ ၎င်းမှာ မှတ်ဉာဏ်တစ်ခုဖြစ်သည်။ ဤတစ်ကြိမ်တွင် ရဲရှင်းဟွေ့သည် ကျူးပါကျဲ၏ စွမ်းရည်အားလုံးကို တိုက်ရိုက်မရရှိဘဲ သူ၏မှတ်ဉာဏ်များမှ အစိတ်အပိုင်းတစ်ခုကိုသာ ရရှိခဲ့သည်။

သူသည် အမွေအနှစ်မှတ်ဉာဏ်တစ်ခုသာ ရရှိခဲ့ကြောင်း သိသောအခါ ရဲရှင်းဟွေ့သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သို့သော် ဤမှတ်ဉာဏ်မှာ သူမျှော်လင့်ထားသည့်အတိုင်းပင် ဒဏ္ဍာရီလာ ထျန်းကန်း ၃၆ ပြောင်းလဲခြင်းတန်ခိုး ဖြစ်သည်။ သို့သော် ၎င်းမှာ မှတ်ဉာဏ်တစ်ခုသာဖြစ်ပြီး ရဲရှင်းဟွေ့သည် ၎င်းကို ကျင့်ကြံနိုင်ခြင်းမရှိသေးပေ။ သူ၏ခန္ဓာကိုယ်မှာ လုံလောက်အောင်မကောင်းမွန်သေးသောကြောင့်ပင်။

"သွားပြီ။ ဒါက လိမ်လည်မှုပဲမဟုတ်လား။"

ဤတစ်ကြိမ်တွင် သူဘာကြောင့် ဝက်အစ်ကိုကြီး၏ စွမ်းရည်များကိုမရရှိဘဲ မှတ်ဉာဏ်တစ်ခုတည်းသာ ရရှိခဲ့သည်ကို ရဲရှင်းဟွေ့သည် ထျန်းကန်း ၃၆ ပြောင်းလဲခြင်းတန်ခိုး အမွေအနှစ်ကိုရရှိပြီးနောက် နားလည်သွားသည်။ ထျန်းကန်း ၃၆ ပြောင်းလဲခြင်းတန်ခိုးတွင် တန်ခိုးစွမ်းအင်ပညာရပ် ၃၆ မျိုးအပြင် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုလည်း ပါဝင်၏။ ၎င်းကို သင်ယူသူတိုင်းသည် အမှန်တကယ်တွင် တန်ခိုးစွမ်းအင်များကို ကိုယ်တိုင်နားလည်သဘောပေါက်ရန် လိုအပ်သည်။ ပါရမီကောင်းသောသူများသည် သုံးခုမှ ငါးခုအထိ နားလည်နိုင်ပြီး ပါရမီညံ့သောသူများမှာမူ တစ်ခုပင်နားလည်နိုင်မည်မဟုတ်ပေ။

နားလည်သဘောပေါက်သော တန်ခိုးစွမ်းအင်များသည် မွေးရာပါကျွမ်းကျင်မှုများအဖြစ် သတ်မှတ်ပြီး အခြားတန်ခိုးစွမ်းအင်များကိုလည်း နောက်မှလေ့လာသင်ယူနိုင်သည်။ သို့သော် နောက်မှသင်ယူသော အရာများသည် နားလည်သဘောပေါက်သောအရာများလောက် အားကောင်းမည်မဟုတ်သည်မှာ သေချာသည်။ နားလည်သဘောပေါက်သောအရာများသည် မိမိ၏လက်နှင့်ခြေများကဲ့သို့ဖြစ်ပြီး နောက်မှသင်ယူသောအရာများမှာ ခြေတုလက်တုများကဲ့သို့ဖြစ်သည်။ နှစ်ခုကြားကွာခြားချက်ကို စိတ်ကူးကြည့်နိုင်သည်။

ထျန်းကန်း ၃၆ ပြောင်းလဲခြင်းတန်ခိုးကို သင်ယူပြီးနောက် ရဲရှင်းဟွေ့သည်လည်း တန်ခိုးစွမ်းအင်နှစ်မျိုးကို နားလည်သဘောပေါက်ခဲ့သည်။ တစ်ခုမှာ "မိုးကြိုးငါးသွယ်ကို ကျွမ်းကျင်ခြင်း" ဖြစ်ပြီး နောက်တစ်ခုမှာ "လေပွေကံတရား" ဖြစ်၏။ ဤတန်ခိုးစွမ်းအင်နှစ်ခုစလုံးမှာ အားနည်းသည်ဟု မယူဆနိုင်ပေ။

မိုးကြိုးငါးသွယ်ဟု အမည်ပေးထားသော်လည်း အမှန်မှာ ချီငါးမျိုးဖြစ်သည်။ ၎င်းသည် အတွင်းကလီစာငါးခုနှင့် သက်ဆိုင်သည်။ အတွင်းကလီစာငါးခု၏ ချီတို့ စုစည်းပေါင်းစပ်မိမှသာလျှင် မဟာတာအိုသို့ရောက်ရှိပြီး မိုးကြိုးငါးသွယ်၏ အံ့ဖွယ်အသုံးဝင်မှုများကို ကျွမ်းကျင်နိုင်၏။

၎င်းသည် "မိုးကြိုးကိုမောင်းနှင်၍ လျှပ်စီးကိုအမိန့်ပေးနိုင်၊ မိုးရွာရန်နှင့် ကြည်လင်ရန်ဆုတောင်းနိုင်၊ ရောဂါများကိုကုသ၍ မိစ္ဆာများကိုနှိမ်နင်းနိုင်သည်"။ ဤမိုးကြိုးငါးသွယ်မှာ တာအိုပညာရပ်များမဟုတ်ဘဲ တန်ခိုးစွမ်းအင်များဖြစ်ပြီး ၎င်းကို ထိန်းချုပ်သူများသည် ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ကို အမိန့်ပေးနိုင်သည်။

လေပွေကံတရားမှာမူ ထိုထက်ပင်သာလွန်သည်။ ဒဏ္ဍာရီအရ နုဝါက စကြဝဠာကိုဖန်တီးစဉ်က အသုံးပြုခဲ့သော တန်ခိုးစွမ်းအင်မှာ လေပွေကံတရားဖြစ်သည်ဟု ဆိုသည်။

လေပွေကံတရားသည် ဟင်းလင်းပြင်မှအရာများကို ဖန်တီးနိုင်ပြီး အံ့ဩဖွယ်အကောင်းဆုံးမှာ ၎င်းသည် စကြဝဠာ၏ နိယာမတရားများကို ပြောင်းပြန်လှန်ပစ်နိုင်ခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် မီးသည်ပူပြီး ရေခဲသည်အေးသည်ကို လူတိုင်းသိသည်။ လေပွေကံတရားကို ကျွမ်းကျင်သူတစ်ဦးသည် မီးကိုအေးစေပြီး ရေခဲကိုပူစေနိုင်သည်။ ဤသည်မှာ အသုံးပြုသူ၏ စွမ်းရည်အပေါ်တွင်လည်း မူတည်၏။

သူသည် ဤမျှထူးခြားသော တန်ခိုးစွမ်းအင်နှစ်မျိုးကို နားလည်သဘောပေါက်ခဲ့ကြောင်း သိသောအခါ ရဲရှင်းဟွေ့သည် အလွန်ဝမ်းမြောက်သွားသည်။

"ဟားဟားဟား။ ငါက တကယ်ပဲ ကံကြမ္မာရဲ့သားတော်ပဲ။"

ရဲရှင်းဟွေ့ ဝမ်းသာနေစဉ်မှာပင် သူ၏မျက်နှာအမူအရာသည် ရုတ်တရက် တောင့်တင်းသွားပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိလိုက်၏။

"သွားပြီ... ငါတန်ခိုးစွမ်းအင်တွေကို နားလည်သဘောပေါက်ခဲ့ပေမဲ့ ငါ့မှာ မန္တန်စွမ်းအားမရှိဘူး၊ ဘယ်လိုလုပ်ပြီး အသုံးပြုရမှာလဲ။"

မှန်ပါသည်၊ ရဲရှင်းဟွေ့သည် ကျင့်ကြံနိုင်ခြင်းမရှိသော အသုံးမကျသည့် ကြက်ကလေးတစ်ကောင်ဖြစ်နေဆဲပင်။ ဤတစ်ကြိမ်တွင် သူသည် စွမ်းရည်များကိုမဟုတ်ဘဲ မှတ်ဉာဏ်များကိုသာ ရရှိခဲ့သောကြောင့် ရဲရှင်းဟွေ့၏ ပိတ်ဆို့နေသောသွေးကြောများပြဿနာမှာ မဖြေရှင်းနိုင်သေးပေ။

"မဟုတ်ဘူး... ငါပြန်ပြီး ငါ့အစ်ကိုကြီးကိုရှာရမယ်၊ ပြီးတော့ သူ့ကို ငါ့ရဲ့ပိတ်ဆို့နေတဲ့သွေးကြောပြဿနာကို အမြန်ဆုံးဖြေရှင်းခိုင်းရမယ်။"

ရဲရှင်းဟွေ့သည် ယခုအခါ အမှန်တကယ်ပင် စိုးရိမ်နေပြီဖြစ်သည်။ သူသည် ဤမျှအားကောင်းသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် တန်ခိုးစွမ်းအင်များကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့ကိုအသုံးမပြုနိုင်ပေ။ သူဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲနေနိုင်မည်နည်း။

×××××××××

All Chapters