← Chapters

ကျောင်းသို့ပြန်ခြင်း

Vol. 11 Ch. 142

ကျောင်းသို့ပြန်ခြင်း

Vol. 11 Ch. 142

နံနက်စာစားပြီးနောက်၌ ရဲရှင်းဟွေ့၊ ဝက်ဝံကန်းနှင့် ပေါင်ပေါင်းတို့ အတူတကွ ကျောင်းသို့ သွားခဲ့ကြသည်။

“ငါကျောင်းကို မလာဖြစ်တာ အတော်ကြာပြီလို့ ခံစားရတယ်....” ရဲရှင်းဟွေ့က ကျောင်းဂိတ်သို့ရောက်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။

“ကျစ်.... ရဲရှင်းဟွေ့....။”

ထိုအခိုက်မှာပင် ရဲရှင်းဟွေ့၏ နောက်မှ ရင်းနှီးသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရဲရှင်းဟွေ့ နောက်သို့လှည့်ကြည့်လိုက်လျှင် သူ့ထံသို့ပြေးလာနေသော ရှီမင်ယန်ကို တွေ့လိုက်ရ၏။

ရှီမင်ယန်က ရဲရှင်းဟွေ့ထံသို့ရောက်လာပြီး ရဲရှင်းဟွေ့၏ ရင်ဘတ်ကို သူ၏လက်သီးဖြင့်ထိုးကာ “ဟေး.... ရဲရှင်းဟွေ့.... မင်း မကြာသေးခင်က ဘာတွေလုပ်နေလဲ....။” ဟုမေးလိုက်သည်။

“အင်း.... ငါ ပထမဦးဆုံး နိုင်ငံခြားကိုသွားပြီး ကျွန်းစုနိုင်ငံက နတ်ကွန်းတွေကို ဖြိုချခဲ့တယ်.... ပြီးတော့ စုကျိုးကိုသွားတယ်.... နောက်ဆုံးတော့ ယန်ကျင်းမှာ ဘီလီယံတစ်သောင်းတန် ဂိမ်းကုမ္ပဏီတစ်ခု ဖွင့်ခဲ့တယ်....”

ရှီမင်ယန်: “…”

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ရှီမင်ယန်မှာ တစ်ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။

“အစ်ကိုကြီး.... ခင်ဗျား ကြွားရင် ပိုပြီးယုံရလောက်ပြီး လက်တွေ့ကျကျဖြစ်အောင်လုပ်ပေးလို့ရမလား....။”

ရဲရှင်းဟွေ့က ပခုံးတွန့်လိုက်ပြီး စိတ်ထဲမှတွေးလိုက်သည်။

'ငါကတော့ အမှန်အတိုင်းပြောတာပဲ...'

ရှီမင်ယန်နှင့် ခဏတာစကားစမြည်ပြောပြီးနောက် သူတို့လေးဦး အတူတကွ အတန်းသို့ရောက်ရှိလာခဲ့ကြ၏။

ရဲရှင်းဟွေ့ ကျောင်းသို့လာသည်ကိုမြင်သောအခါ အတန်းထဲမှ အတန်းဖော်များက သူ့ကိုကြိုဆိုကြပြီး အလွန်ပျော်ရွှင်နေကြသည်။

ရဲရှင်းဟွေ့မှာ ရဲရှင်းချန်နှင့် မတူပေ။

သူ့တွင် ဇာတ်လိုက်၏အရှိန်အဝါမရှိသလို၊ အတန်းတစ်တန်းလုံးက မုန်းတီးခံရမည့် စိတ်နေသဘောထားမျိုးလည်း မရှိချေ။

ရဲရှင်းဟွေ့ သူ့အစ်ကို၏ အတန်းထဲမှအခြေအနေကို သိပါ၏။ မည်သူမဆို သူ့ကိုနင်းချေနိုင်သည်ဟု ဆိုနိုင်ပေသည်။ အတန်းထဲ၌ သူနှင့်စကားပြောပြီး သူ၏အတန်းဖော်များအနက် သူ့အပေါ်ကောင်းမွန်သောအမြင်ရှိသူမှာ အတန်း၏အလှဘုရင်မသာ ဖြစ်လေသည်။

ထိုအလှဘုရင်မကြောင့်ပင် အတန်းထဲမှ ချမ်းသာသောမျိုးဆက်သစ်က ရဲရှင်းချန်ကို အထီးကျန်ဖြစ်အောင် လုပ်ခဲ့ကြသည်။

ရဲရှင်းဟွေ့၏ ဘက်မှာတော့ မတူပေ။ သူ့ကိုသဘောကျသော အတန်းအလှဘုရင်မတစ်ဦးရှိသည့်တိုင်အောင် သူက အချို့သောချမ်းသာသည့်မျိုးဆက်သစ်များ၏ နှိမ်နင်းမှုနှင့် အထီးကျန်ဖြစ်အောင်လုပ်ခြင်းကို ခံရမည်မဟုတ်။

သို့သော်လည်း ၎င်းက ရဲရှင်းဟွေ့ ၌ ကြွားလုံးထုတ်ရန်နှင့် အခြားသူများကို မျက်နှာပိတ်ချရန် အခွင့်အရေးမရှိခြင်းကိုလည်း ဆိုလိုပေသည်။

…….

ရဲရှင်းဟွေ့ သူ၏ထိုင်ခုံသို့ ပြန်ရောက်သည်နှင့် ရှီမင်ယန်ပြောသည်ကို ကြားလိုက်ရသည်။

“ရှင်းဟွေ့.... နောက်ဆုံးစာမေးပွဲက ရက်အနည်းငယ်ပဲလိုတော့တယ်.... မင်းလုပ်နိုင်ပါ့မလား....။”

ထိုသို့ပြောနေရင်း ရှီမင်ယန်က သူ၏မှတ်စုများနှင့် လေ့ကျင့်ခန်းစာအုပ်အချို့ကို ရဲရှင်းဟွေ့ထံသို့ ကမ်းပေးလိုက်သည်။

ရှီမင်ယန်၏ ပုံပန်းသဏ္ဌာန်က ထိုသို့မထင်ရသော်လည်း သူ၏အဆင့်များမှာ အမှန်တကယ်တွင် အတန်းထဲ၌ အကောင်းဆုံးများထဲတွင် ပါဝင်၏။ သူသာ ဆက်လက်ကြိုးစားပါက တက္ကသိုလ်ကောင်ကောင်းအတွက် ထောက်ခံချက်ပင် ရရှိနိုင်ပေမည်။

ရှီမင်ယန် သူ၏မှတ်စုများနှင့် အဓိကမေးခွန်းလေ့ကျင့်ခန်းများကို ကမ်းပေးသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့လည်း မငြင်းပယ်ဘဲ ကျေးဇူးတင်စကားဆိုကာ ၎င်းတို့ကိုယူလိုက်၏။

“စိတ်မပူပါနဲ့.... ပြဿနာမရှိလောက်ပါဘူး.... ဒါက နောက်ဆုံးစာမေးပွဲပဲ.... ပြင်းပြင်းထန်ထန်ဘာမှမရှိပါဘူး...”

ကျောင်းခေါင်းလောင်းသံ မြည်လာခဲ့ပြီး ပထမဆုံးအတန်းမှာ အတန်းပိုင်ဆရာမ ချိုက်ခယ့်ရှင်း၏ အတန်းဖြစ်၏။

ချိုက်ခယ့်ရှင်းလည်း ရဲရှင်းဟွေ့ကို မြင်သောအခါ မှင်တက်သွားသော်လည်း သူမ ဘာမှမပြောခဲ့ချေ။

သူမ ဘာများပြောနိုင်မည်နည်း....။ ရဲရှင်းဟွေ့၏ မိခင်က အဆောက်အအုံနှစ်လုံး လှူဒါန်းထားခဲ့သည်လေ။

……

အတန်းချိန်မှာ ယခင်အတိုင်းပင် ငြီးငွေ့ဖွယ်ကောင်းနေဆဲ ဖြစ်၏။

ရဲရှင်းဟွေ့မှာမူ သူ၏မျက်လုံးများကိုမှိတ်ကာ အဆက်မပြတ်ကျင့်ကြံနေခဲ့သည်။ သူကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားချိန်တွင် အချိန်များမှာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု ခံစားရ၏။

ရဲရှင်းဟွေ့သည် သူမျက်လုံးမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည်နှင့် အတန်းပြီးသွားသကဲ့သို့ ခံစားမိသည်။

ပထမအတန်းပြီးနောက်တွင် ရဲရှင်းဟွေ့က သူ၏ကျင့်ကြံခြင်းကိုအဆုံးသတ်ကာ ဆရာမ ချိုက်ခယ့်ရှင်း၏ ရုံးခန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ရုံးခန်းထဲ၌။

ရဲရှင်းဟွေ့က ကျောင်းမှတစ်နှစ်တာ အနားယူရန် သူ၏အစီအစဉ်ကို ထုတ်ဖော်ပြောပြလိုက်၏။

“မဖြစ်ဘူး.... မင်းတို့မိသားစုနောက်ခံက ထူးခြားမှန်း ငါသိတယ်.... ဒါပေမဲ့... ကောလိပ်ဝင်ခွင့်စာမေးပွဲက မင်းအတွက် တစ်သက်တာအရေးကြီးတဲ့ကိစ္စတစ်ခုပဲ.... မင်းက အထက်တန်းကျောင်းကနေ တစ်နှစ်နားလိုက်ရင်.... ဘယ်လိုစာမေးပွဲဖြေမလဲ....။”

“စိတ်မပူပါနဲ့.... ကျွန်တော် အဲဒီအခါကျမှ ဝင်ခွင့်စာမေးပွဲဖြေရရင်တောင် လုံးဝအဆင်ပြေမှာပါ....”

“စိတ်မပူနဲ့....။” ချိုက်ခယ့်ရှင်းသည် ရဲရှင်းဟွေ့က သူမကိုစိတ်ချစေရန်ပြောသည်ကိုကြားသောအခါ ကျယ်လောင်စွာ ရယ်မောမိတော့မတတ်ပင်။ သူမက

"ပြောစမ်း.... မင်းက ဘယ်စာမေးပွဲမှာ အောက်ဆုံးဆယ်ယောက်ထဲမှာ မပါဝင်ခဲ့ဖူးလို့လဲ....။”

“ဒါက အထက်တန်းတတိယနှစ်ပဲဟာ.... အများစုက ပြန်လည်လေ့ကျင့်ခန်းတွေပဲဖြစ်မှာပါ....”

ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့က တစ်ခဏမျှစဉ်းစားကာ ဆက်ပြောလိုက်သည်။

“ဒါဆိုရင်.... ဆရာမ.... ကျွန်တော်သာ ဒီနောက်ဆုံးစာမေးပွဲမှာ တစ်တန်းလုံးရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲဝင်နိုင်ရင်.... ကျွန်တော့်ကို တစ်နှစ်နားခွင့်ပေးနိုင်မလား....။”

“တစ်တန်းလုံးရဲ့ ထိပ်ဆုံးဆယ်ယောက်....။”

ချိုက်ခယ့်ရှင်းက ရဲရှင်းဟွေ့ တစ်တန်းလုံး၏ ထိပ်ဆုံးဆယ်ယောက်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။ ချိုက်ခယ့်ရှင်းသည် ရဲရှင်းဟွေ့ မည်သည့်အဆင့်တွင်ရှိသည်နှင့် သူ၏ပုံမှန်အဆင့်များမှာ မည်သို့ရှိသည်ကို ကောင်းစွာသိရှိပေ၏။

သို့သော်လည်း ရဲရှင်းဟွေ့က ဤအလောင်းအစားကို ပြောဆိုနိုင်သည်ဖြစ်ရာ ချိုက်ခယ့်ရှင်းသည် ၎င်းကို အလေးအနက်ထားရပေမည်။

အကယ်၍ သူသာ တကယ်ပဲ ထိပ်ဆုံးဆယ်ယောက်ထဲဝင်သွားခဲ့လျှင်ရော....။

ချိုက်ခယ့်ရှင်းက ထိုအကြောင်းကို တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် “ကောင်းပြီ.... ဒါပေမဲ့ ငါအခြေအနေတစ်ခုထပ်ပေါင်းရမယ်.... မင်းက မင်းမိဘတွေရဲ့သဘောတူညီချက်ရှိရမယ်.... ပြီးတော့ မင်းမိဘတွေက ဒီအကြောင်းကိုပြောဖို့ ငါနဲ့တွေ့ဆုံရမယ်....” ဟုဆိုလိုက်၏။

ချိုက်ခယ့်ရှင်း၏ စကားကိုကြားပြီးနောက် ရဲရှင်းဟွေ့၏ စိတ်ထဲ၌ လူနှစ်ဦးပေါ်ပေါက်လာခဲ့သည်။

တစ်ဦးမှာ ရဲဖန်ဖြစ်ပြီး အခြားတစ်ဦးမှာ ရဲလန်‌ယွဲ့ဖြစ်၏။

ရဲရှင်းချန်အတွက်မူကား....။ သူက နေ့လည်တွင် ထွက်ခွာသွားပေမည်။

သို့သော် သူသည် ရဲဖန်ကိုလည်း ထိုသို့ပြုလုပ်ခိုင်း၍ မဖြစ်နိုင်ပေ။

အကယ်၍ သူသာ ရဲရှင်းဟွေ့ သူ့ကိုလက်ဆောင်ပေးထားသော လျှပ်စစ်စက်ဘီးကို စီး၍လာခဲ့လျှင်….ရဲရှင်းဟွေ့ ခေတ္တမျှ သေးသေးလေးဖြစ်ကာ ပျောက်သွားလိုက်ချင်မိသည်။

“ဆရာမ.... ကျွန်တော့်အစ်မ လာလို့ရမလား....။”

“မင်းမိဘတွေကရော ဘယ်မှာလဲ....။” ချိုက်ခယ့်ရှင်းက မေးလိုက်သည်။

“သူတို့ နိုင်ငံခြားသွားကြတယ်....”

“ဪ... ဒါဆို မင်းအစ်မလည်း ဖြစ်တာပဲ.... စာမေးပွဲအဖြေတွေထွက်ပြီးရင် သူ့ကိုငါ့ဆီလာခိုင်းလိုက်....”

ချိုက်ခယ့်ရှင်း ယုံကြည်သည်မှာ မည်သည့်မိဘမျှ သူတို့၏သားသမီးများ အထက်တန်းကျောင်း၏ အကြီးတန်းနှစ်တွင် ကျောင်းထွက်ခြင်းကို သဘောတူမည်မဟုတ်ဟူ၍ပင်။

ရဲရှင်းဟွေ့သာ တကယ်ပဲ ထူးထူးခြားခြားကောင်းမွန်စွာလုပ်ဆောင်ပြီး အဆင့်ထိပ်ဆုံးဆယ်ယောက်ဖြစ်လာသည့်တိုင်အောင် ချိုက်ခယ့်ရှင်း ယုံကြည်သည်မှာ သူ၏အစ်မနှင့်မိဘများက သူကျောင်းထွက်ခြင်းကို သဘောတူမည်မဟုတ်ဟူ၍ပင်။

…….

အတန်းပိုင်ဆရာမနှင့် ဆွေးနွေးပြီးနောက်တွင် ရဲရှင်းဟွေ့ စာသင်ခန်းသို့ပြန်လာကာ အတန်းဆက်တက်ခဲ့သည်။

ဒုတိယအတန်းသည်လည်း လျင်မြန်စွာပြီးဆုံးသွားခဲ့၏။

ရဲရှင်းဟွေ့ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ၏ အပြင်ဘက်တွင် ကျင့်ကြံခြင်း၏ ထိရောက်မှုမှာ အမှန်တကယ်ပင် ဆိုးရွားလှဟု သူခံစားမိသည်။

ထို့ကြောင့် ရဲရှင်းဟွေ့က ရှီမင်ယန် သူ့အားပေးသော မျိုးစုံသောမှတ်စုများနှင့် အဓိကမေးခွန်းများကို ဖတ်ရှုရန် ဆယ်မိနစ်မျှသာ အချိန်ယူခဲ့သည်။

ရလဒ်မှာတော့...

မည်သည့်မေးခွန်းအမျိုးအစားဖြစ်စေ ရဲရှင်းဟွေ့သည် ၎င်းတို့ကို ၁၀၀ ရာခိုင်နှုန်းတိကျမှုဖြင့် လွယ်ကူစွာဖြေရှင်းနိုင်ခဲ့သည်။

တိုနီစတာ့ခ် ၏ အဆင့်မှာ သာမန်လူများနှင့် အမှန်တကယ်ပင် နှိုင်းယှဉ်၍မရပေ။

ဒုတိယအတန်းပြီးနောက်တွင် ရဲရှင်းဟွေ့သည် အလွန်ငြီးငွေ့လာပြီး ကျောင်းတစ်ခါထပ်ပြေးရန် စီစဉ်လိုက်၏။

ရဲရှင်းဟွေ့က ရဲဖန်အား ပေးရမည့်လက်ဆောင်ကို မမေ့သေးပေ။

နားချိန်တွင် ရဲရှင်းဟွေ့ ကျောင်းပြေးကာလစ်လာခဲ့တော့သည်။

ရဲရှင်းဟွေ့သည် ကျောင်းနှင့် အလွန်ကြာရှည်စွာ ဝေးကွာနေခဲ့သောကြောင့် အခြားကျောင်းဝင်းအတွင်းမှ ရေပန်းစားနေသည့်အကြောင်းအရာများက ကမ္ဘာပေါ်မှ မြှားနတ်မောင်ဒဏ္ဍာရီကို လွှမ်းမိုးသွားခဲ့တာ ဖြစ်နိုင်သည်။

ကျောင်းဝင်းအတွင်းမှ အကြီးဆုံးသော သတင်းထူးများမှာ ယခုအခါ၌ ကူယန်အထက်တန်းကျောင်းမှ ဘုရားအဆင့် စားကြူးကြီးနှစ်ဦးပင် ဖြစ်လေသည်။

ဤစားကြူးကြီးနှစ်ဦးက နေ့စဉ်နေ့လည်တွင် ကျောင်းစားသောက်ခန်း၌ တိုက်ရိုက်ထုတ်လွှင့်ကြ၏။

မှန်ပေသည်။ ဤစားကြူးကြီးနှစ်ဦးမှာ ပေါင်ပေါင်းနှင့် ဝက်ဝံကန်းတို့ပင်တည်း။

……..

ရဲရှင်းဟွေ့ ကျောင်းမှထွက်ခွာပြီးနောက် မြို့လယ်ရှိ စျေးဝယ်စင်တာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ရဲရှင်းဟွေ့က ကွန်ပျူတာတစ်ဒါဇင်ကို ဝယ်ယူခဲ့ပြီးနောက် အီလက်ထရောနစ်ပစ္စည်းများစွာကို ဝယ်ယူခဲ့ကာ ထို့နောက် လျှပ်စစ်ယာဉ်ဆိုင်တစ်ဆိုင်သို့သွား၍ အသစ်စက်စက်လျှပ်စစ်စက်ဘီးတစ်စီးကို ဝယ်ယူခဲ့သည်။

စျေးဝယ်ပြီးနောက် ရဲရှင်းဟွေ့က လူသူကင်းမဲ့သောနေရာတစ်ခုကို ကျပန်းရှာဖွေကာ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ဝင်ရောက်သွားခဲ့၏။

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲတွင် ရဲရှင်းဟွေ့ ကွန်ပျူတာတစ်ဒါဇင်ကို အမှန်တကယ် ပေါင်းစပ်စုစည်းလိုက်သည်။

ဤကွန်ပျူတာတစ်ဒါဇင်ကို ပေါင်းစပ်လိုက်သည်နှင့် တွက်ချက်နိုင်စွမ်းမှာ များစွာပို၍သန်မာလာပေမည်။ ရဲရှင်းဟွေ့က ဤနေရာတွင် ပြီးပြည့်စုံပြီး သင့်တော်သော ဂျားဗစ် တစ်ခုကို ဖန်တီးရန် စီစဉ်ထား၏။

ပြုပြင်မွမ်းမံထားသော ကွန်ပျူတာကို ပြီးစီးအောင်လုပ်ပြီးနောက် ရဲရှင်းဟွေ့သည် လျှပ်စစ်စက်ဘီးကို ပြုပြင်မွမ်းမံစပြုလေသည်။

ပထမအဆင့် စွမ်းအင်ထုတ်စက် ၏စွမ်းအားမှာ အလွန်မြင့်မားသောကြောင့် ရဲရှင်းဟွေ့ လျှပ်စစ်စက်ဘီး၏ဘက်ထရီကိုသာမက ဝါယာကြိုးများနှင့် လျှပ်စစ်စက်ဘီး၏ကိုယ်ထည်ကိုပင် ပြုပြင်မွမ်းမံရပေမည်။

ဤပြောင်းလဲမှုများအပြင် လျှပ်စစ်စက်ဘီးတွင် ဉာဏ်ရည်တုကို ထည့်သွင်းရန်လည်း လိုအပ်သေး၏။

ဤဉာဏ်ရည်တုမှာ အမှန်တကယ်တွင် ရရှိပြီးသားဖြစ်သည်။ ၎င်းမှာ မူလက ဘုရင်ဖြူက အသုံးပြုခဲ့သော အာ့ကိုကျစ်ပင်တည်း။

ဉာဏ်ရည်တုကို ထည့်သွင်းရန်လိုအပ်ရခြင်း၏အကြောင်းရင်းမှာ လျှပ်စစ်စက်ဘီးသည် အလွန်လျင်မြန်စွာရွေ့လျားပါက လူသားတစ်ဦးတည်းက သင့်တော်စွာ တုံ့ပြန်မောင်းနှင်နိုင်မည်မဟုတ်သောကြောင့်ပင်။

ထိုအချိန်၌ ဉာဏ်ရည်တု၏အကူအညီမှာ အရေးကြီးလေသည်။

အာ့ကိုကျစ်၏ အလိုအလျောက်မောင်းနှင်ခြင်း၊ အကူအညီပေးမောင်းနှင်ခြင်း၊ အလိုအလျောက် လမ်းကြောင်းပြခြင်း... ဤလုပ်ဆောင်ချက်များမှာ အလွန်လက်တွေ့ကျလေသည်။

ထို့အပြင် ရဲရှင်းဟွေ့က အာ့ကိုကျစ် ပျော်ရွှင်မှုမုဒ်ဟုခေါ်သော အလွန်အစွမ်းထက်သည့် လုပ်ဆောင်ချက်တစ်ခုကိုလည်း ထပ်ပေါင်းထည့်ခဲ့၏။

ပျော်ရွှင်မှုမုဒ်ကိုဖွင့်ပြီးနောက်တွင် လျှပ်စစ်စက်ဘီးသည် လှောင်အိမ်မှလွတ်ထွက်လာသော ဟက်စကီတစ်ကောင်ကဲ့သို့ လမ်းတစ်လျှောက်လုံး အပြေးအလွှားဖြစ်နေပေလိမ့်မည်။

၎င်းဘယ်နေရာသို့သွားမည်ကိုတော့လား....။

ထိုသည်မှာ ကံကြမ္မာအပေါ် မူတည်ပေသည်။

All Chapters