ညလုံးပေါက်ပြိုင်မောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်သော လျှပ်စစ်စက်ဘီး၊ ကျင့်ဝတ်သိက္ခာပျက်ယွင်းခြင်းလား သို့မဟုတ် လူ့သဘာဝ လွဲချော်ခြင်းလား....။
Vol. 11 Ch. 144
ရဲဖန်ကို နှင်ထုတ်ပြီးနောက် ရဲရှင်းဟွေ့ သူ၏ညီငယ်များကို သွားရှာခဲ့သည်။
ရဲရှင်းဟွေ့က အချို့သော လူယုံတော် များကို လေ့ကျင့်ပေးရန် စီစဉ်ခဲ့၏။ ဘုရင်ဖြူအပြင် ရဲရှင်းဟွေ့က ကြောင်ခေါင်းဆောင် မျက်လုံးတစ်ဖက်လပ်နဂါးနှင့်အတူ အဆီတုံးကြောင်နှစ်ကောင်ဖြစ်သော ကြောင်ဝကြီးပြောက်ကျားနှင့် ကြောင်ဝကြီးလိမ္မော်သီးတို့ကိုပါ ဘုရင်ဖြူမှ လေ့ကျင့်ပေးရန်အလို့ငှာ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ကြောင်သုံးကောင်ကို ပို့ပြီးနောက် ရဲရှင်းဟွေ့ စျေးမှဝယ်လာသော ကြောင်ငယ်လေးသုံးကောင်ကို အပြင်သို့ ထုတ်လွှတ်လိုက်၏။
အဘယ်ကြောင့်မှန်း သူမသိသော်လည်း ဤကြောင်ငယ်လေးသုံးကောင်၏ ဉာဏ်ရည်မှာ အလွန်နိမ့်ကျလှသည်။ သူတို့သည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံမှ ရောင်ဝါ နှင့် ဝိညာဉ်စွမ်းအင်တို့ကို စုပ်ယူခဲ့ပြီး သာမန်ကြောင်များထက် ပို၍စမတ်ကျလာခဲ့သော်လည်း ဆက်သွယ်ပြောဆိုရန်မှာ သူတို့အတွက် ခက်ခဲနေဆဲပင်။
ကြောင်လေးများမှာ အလွန်ငယ်ရွယ်ပြီး သေးငယ်လွန်းသောကြောင့် ဖြစ်လိမ့်သည်ဟု သူယူဆလိုက်ပြီးနောက် သူတို့ကို သူတို့၏မျိုးစိတ်များနှင့် ပိုမိုထိတွေ့မှုရှိစေရန်အတွက် ဦးစွာအပြင်သို့ လွှတ်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။
မျက်လုံးတစ်ဖက်လပ်နဂါးနှင့် အဆီတုံးကြောင်နှစ်ကောင်ကို ဘုရင်ဖြူထံသို့ ပေးအပ်ပြီးနောက် ရဲရှင်းဟွေ့သည် ဒုတိယမျိုးဆက် စွမ်းအင်ထုတ်စက် တစ်ခုကို တည်ဆောက်ရန် သွားရောက်ခဲ့၏။
စွမ်းအင်ထုတ်စက် မရှိပါက တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲတွင် ပါဝါထောက်ပံ့မှု ရှိမည်မဟုတ်သောကြောင့် သူ ၎င်းကို အမြန်ဆုံးတည်ဆောက်ရန် လိုအပ်လေသည်။
……..
တစ်ဖက်တွင်တော့။
ရဲလန်ယွဲ့ အိမ်ပြန်ရောက်ပြီးနောက်တွင်လည်း သူမ အနည်းငယ်စိုးရိမ်နေဆဲဖြစ်၏။
သူမက ကွန်ပျူတာကိုဖွင့်ကာ ဂြိုဟ်တုနှင့်ချိတ်ဆက်ပြီး ရဲဖန်၏ တည်နေရာကို စတင်ရှာဖွေခဲ့သည်။
မကြာမီမှာပင် သူမ သူ့ကိုတွေ့ရှိခဲ့၏။
ထိုအချိန်၌ ရဲဖန်သည် ကူယန်မှ ထွက်ခွာခဲ့ပြီးဖြစ်ပြီး သူသည် တုန်းဟိုင်သို့ပင် ရောက်လုနီးပါးဖြစ်နေပြီ။
အဝေးပြေးလမ်းမပေါ်တွင် ပျော်ရွှင်မှုမုဒ်၌ရှိသော လျှပ်စစ်စက်ဘီးမှာ လမ်းတစ်လျှောက်လုံး ပြိုင်မောင်းနေခဲ့သော်လည်း ရှေ့ (သို့မဟုတ်) ဘေးမှယာဉ်တစ်စီးနှင့်ကြုံတွေ့တိုင်း ၎င်းကို ရှောင်ရှားနိုင်ခဲ့သည်။
လျှပ်စစ်စက်ဘီးပေါ်တွင်ထိုင်နေသော ရဲဖန်အတွက်မူကား သူသည် သူ၏ကံကြမ္မာကို လက်ခံပြီးသားဖြစ်ဟန်တူ၏။
ယခုအခါတွင် ရဲရှင်းဟွေ့က သူ့ကိုအဘယ်ကြောင့် သည်လုပ်ရသည်ကို သူနောက်ဆုံး၌ သိရှိသွားပြီ။
အကြောင်းမှာ သူပြိုင်မောင်းစတင်ပြီးနောက် သူ၏ရှေ့မှ စခရင် ပေါ်၌ ကာတွန်းဗီဒီယိုတစ်ခု ပြသလာသောကြောင့်ပင်။
ဗီဒီယိုမှာ အလွန်ရိုးရှင်း၏။ သနားစရာကောင်းပြီး အားကိုးရာမဲ့ ဟက်စကီတစ်ကောင်အား သန်မာသောဟက်စကီတစ်ကောင်က ကြိမ်လုံးဖြင့် ရိုက်နှက်နေခဲ့ပြီး အခြားဟက်စကီတစ်ကောင်မှာမူ ကြည့်ရှုရင်း ရွှင်မြူးနေခဲ့ကာ အခါအားလျော်စွာ သနားစရာကောင်းသော ဟက်စကီကို ကန်ကျောက်နေခဲ့သည်။
ဤကာတွန်းပြီးဆုံးပြီးနောက် ဒုတိယဗီဒီယိုတွင် ရွှင်မြူးနေသော ဟက်စကီက လျှပ်စစ်စက်ဘီးတစ်စီးကို အရိုင်းအစိုင်းမောင်းနှင်နေသည်ကို ပြသခဲ့၏။
ဤဗီဒီယိုနှစ်ခုကို ကြည့်ပြီးနောက် ရဲဖန်သည် ၎င်းမှာ ရဲရှင်းဟွေ့၏ သူ့အပေါ်ထားသော လက်စားချေခြင်းဖြစ်ကြောင်းကို ရှင်းလင်းစွာနားလည်နိုင်ခြင်းမရှိဘဲ မည်သို့နေနိုင်မည်နည်း....။
“မင်းကောင်စုတ်လေး...။ ငါပြန်လာတာကို စောင့်နေ...။”
ရဲဖန်သည် သူ၏အငြိုးအတေးမှတ်စုစာအုပ်ထဲတွင် ရဲရှင်းဟွေ့၏ အမည်ကို ရေးမှတ်ထားခဲ့ပြီးဖြစ်သည်။
“အာ့ကိုကျစ်.... ပျော်ရွှင်မှုမုဒ်ကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ ငါ့ကိုပြော....”
နောက်ဆုံးတွင်မူ ရဲဖန်သည် ဉာဏ်ရည်တု အာ့ကိုကျစ်ထံမှ အကူအညီတောင်းခံရုံသာ တတ်နိုင်တော့၏။
“ဝုတ်... ခင်ဗျားက မစ္စတာ ရဲရှင်းဟွေ့ကို စိတ်နှလုံးအပြည့်နဲ့ ချီးကျူးသရွေ့.... ခင်ဗျား ပျော်ရွှင်မှုမုဒ်က လွှတ်မြောက်နိုင်ပါတယ်....”
ရဲဖန်သည် အာ့ကိုကျစ်၏ စကားကိုကြားပြီးနောက် မှင်တက်သွားသည်။
“ဝုတ်... ဒါ့အပြင် ခင်ဗျားက ခင်ဗျားကိုယ်တိုင်ရဲ့ အရှက်ရဖွယ်ကိစ္စတချို့ကို ပြောပြပြီးတော့လည်း ပျော်ရွှင်မှုမုဒ်ကို ပိတ်လို့ရပါတယ်....”
ရဲဖန်မှာ စကားမပြောနိုင်ဖြစ်သွားကာ လက်လျှော့လိုက်ရန်သာ ရွေးချယ်လိုက်တော့သည်။
“ရဲရှင်းဟွေ့က ငါ့လိုပဲ ရုပ်ချောပြီး ဆွဲဆောင်မှုရှိတယ်....”
“ရဲရှင်းဟွေ့က ငါ့လိုပဲ အရည်အချင်းရှိတယ်....”
“ရဲရှင်းဟွေ့က ငါ့လိုပဲ တော်တော်လေးမိုက်တယ်....”
……..
ရဲလန်ယွဲ့သည် ဤအရာအားလုံးကို ကောင်းကင်မှ အရှိန်မြင့် ကင်မရာမှတစ်ဆင့် ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရသည်။ သဘာဝကျစွာပင် သူမသည် ရဲဖန်ပြောခဲ့သောအရာများကို နှုတ်ခမ်းလှုပ်ရှားမှုမှတ်သားခြင်းမှတစ်ဆင့် သိရှိခဲ့၏။
ဂြိုဟ်တုကင်မရာက ဘယ်ကလာတာလဲ....။ သူမ ကျွန်းနိုင်ငံတွင်ရှိနေစဉ်က ရဲလန်ယွဲ့မှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ထုံရှင်းအဖွဲ့အစည်း က သူမ၏မိသားစုကို ပစ်မှတ်ထားနေကြောင်း သိရှိသဖြင့် သူမသည် သဘာဝကျစွာပင် ပြင်ဆင်မှုများပြုလုပ်ရပေမည်။
“ဟဲဟဲဟဲ... ရှင်းဟွေ့ကတော့ တကယ်ပဲ ဒုက္ခပေးနိုင်တာပဲ....” ရဲလန်ယွဲ့သည် ပြုံးရင်းဆိုလိုက်၏။
သို့သော် သူမလည်း သိရှိသည်မှာ ဤလျှပ်စစ်စက်ဘီးမှာ အလွန်လျင်မြန်သော်လည်း အန္တရာယ်မရှိခြင်းပင်။
ရဲဖန် ဘေးကင်းကြောင်းသိရှိပြီးနောက် ရဲလန်ယွဲ့သည် သူမ၏အာရုံကို အခြားနေရာသို့ စူးစိုက်လိုက်သည်။
သူမက အခြားဂြိုဟ်တုတစ်ခုသို့ လှည့်လိုက်ရာ ဤဂြိုဟ်တုပြသနေသောနေရာမှာ နဂါးနန်းတော်၏ ဌာနချုပ်ဖြစ်သော ရှန်လုံကျွန်းဖြစ်၏။
ရှန်လုံကျွန်း၏ အပြင်ဘက်ရှိ ကျွန်းငယ်အများအပြားပေါ်တွင် ထုံရှင်းအဖွဲ့အစည်း မှလူများ စုရုံးနေကြသည်။
“အင်း... အချိန်က နည်းနည်းကျပ်နေတာ နှမြောစရာပဲ.... ဂြိုဟ်တု အာကာသမှမြေပြင်သို့ ပစ်ခတ်နိုင်သော ရထားသေနတ်အနည်းငယ်သာ တပ်ဆင်ထားနိုင်ခဲ့ရင်.... ဒီ ထုံရှင်းအဖွဲ့အစည်း ကလူတွေကို ချက်ချင်းကိုင်တွယ်ဖြေရှင်းနိုင်ခဲ့မှာ....”
ရဲလန်ယွဲ့ သည်ကာလအတွင်း စုံစမ်းစစ်ဆေးပြီးနောက် ထုံရှင်းအဖွဲ့အစည်း ၏ အဓိကလျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့သည်။
ထုံရှင်းအဖွဲ့အစည်း တွင် အမှန်တကယ်တွင် လူတစ်ဦးသာရှိသည်။ ထိုသူမှာလည်း လွန်ခဲ့သောအချိန်များကတည်းက သေဆုံးခဲ့ပြီးပင်...။
တိတိကျကျပြောရလျှင် သူ၏ခန္ဓာကိုယ်သာ သေဆုံးခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏ခန္ဓာကိုယ်သေဆုံးခဲ့သော်လည်း... သူသည် သူ၏ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ်ကို သန်းပေါင်းများစွာသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲခဲ့၏။
ထိုသူ၏ဝိညာဉ်စွမ်းအင်က တစ်စုံတစ်ယောက်ကို ကူးစက်သွားသရွေ့ ၎င်းမှာ ထိုလျှို့ဝှက်ဆန်းကြယ်သောသူ၏ ပုံတူတစ်ဦးဖြစ်လာခြင်းနှင့် ညီမျှလေသည်။
ထုံရှင်းအဖွဲ့အစည်း ၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း....။ လက်ရှိတွင် ရဲလန်ယွဲ့ သိရှိသည်မှာ သူတို့သည် တရုတ်ပြည်ထဲသို့ ဝင်ရောက်ရန် နည်းလမ်းပေါင်းစုံကို ကြိုးစားနေကြခြင်းပင်။
“ရှင်းချန်က မနက်ဖြန်ရှန်လုံကျွန်းကို ရောက်နိုင်မှာပါ....။ မနက်ဖြန်ကျမှ သူ့ကိုဆက်သွယ်လိုက်တော့မယ်....”
…….
ရဲဖန်ထံသို့ ပြန်သွားကြစို့။
ရဲဖန်က သူကိုယ်တိုင်နှင့် ရဲရှင်းဟွေ့ကို သူ၏လည်ချောင်းခြောက်ကပ်သည်အထိ ချီးကျူးခဲ့၏။
ထိုအချိန်၌ သူ၏ပြိုင်မောင်းနေသော လျှပ်စစ်စက်ဘီးကို ယာဉ်ထိန်းရဲများကလည်း သတိပြုမိခဲ့သည်။
ဝှူး~
လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး လမ်းဘေးတွင် ကြက်ဥဖြည့်ထားသော ပန်ကိတ်စားနေသော ယာဉ်ထိန်းရဲတစ်ဦး မျက်လုံးများပြာဝေသွားခဲ့သည်။ သူသည် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီးနောက် သူ့ဘေးမှ လုပ်ဖော်ကိုင်ဖက်အား "မင်း စောစောက လျှပ်စစ်စက်ဘီးတစ်စီး ပျံသွားတာတွေ့လိုက်လား....။” ဟုမေးလိုက်၏။
“မင်းလည်း တွေ့လိုက်တာလား....။” အခြားယာဉ်ထိန်းရဲတစ်ဦးက သတိပြန်ဝင်လာပြီး "ငါက မျက်စိမှားတာလို့ ထင်နေတာ....” ဟုဆိုလိုက်သည်။
ဤသို့ပြောပြီးနောက် ယာဉ်ထိန်းရဲက ချက်ချင်းပင် သူ၏စကားပြောစက်ကို ထုတ်ယူကာ အခြေအနေကို သတင်းပို့စပြုလေသည်။
မကြာမီမှာပင် ယာဉ်ထိန်းရဲများ လှုပ်ရှားလာကြပြီး ရည်ရွယ်ချက်မှာ ဤပြိုင်မောင်းနေသော လျှပ်စစ်စက်ဘီးကို တားဆီးရန်ပင်တည်း။
ထိုအခိုက်တွင် ရဲဖန်သည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိလိုက်သည်။
ယာဉ်ထိန်းရဲအများအပြား အဝေးပြေးလမ်းမပေါ်၌ ပေါ်ထွက်လာကြသော်လည်း အာ့ကိုကျစ်၏ အလွန်ကောင်းမွန်သော မောင်းနှင်မှုစွမ်းရည်နှင့် လမ်းအခြေအနေများကို ပြည့်စုံစွာသိရှိနားလည်မှုတို့ကြောင့် ယာဉ်ထိန်းရဲများမှာ ရဲဖန်ကို မတားဆီးနိုင်ခဲ့ကြပေ။
ဤသို့ဖြင့် ရဲဖန်မှာ တစ်ညလုံး အရှက်ရ၍ ဒေါသထွက်ခဲ့သော်လည်း အဆုံးတွင်မူ သူ၏အရှက်ရဖွယ်ဇာတ်လမ်းများကို မပြောပြရန် ရွေးချယ်လိုက်ဆဲဖြစ်၏။
အကြောင်းရင်းမှာလည်း အလွန်ရိုးရှင်းပါသည်….။
သူက လျှပ်စစ်စက်ဘီး၏ စခရင် ပေါ်ရှိ ကင်မရာတစ်လုံးကို တွေ့ခဲ့သည်။
သူ့တူကို ချီးကျူးသည်ကို ရိုက်ကူးခံရပါက ကိစ္စမရှိ... သို့သော် သူ၏အရှက်ရဖွယ်ဇာတ်လမ်းများသာ ရိုက်ကူးခံရပြီး သူကိုယ်တိုင်ပြောဆိုသည်ဟုပင် ရိုက်ကူးခံရပါက မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ လူများက ၎င်းကိုအမှန်ဟု ထင်မှတ်ကြပေလိမ့်မည်။
…….
လျှပ်စစ်စက်ဘီးမှာ နောက်ဆုံး၌ အနီရောင်ပြိုင်ကားတစ်စီး၏ရှေ့တွင် ရပ်တန့်သွားခဲ့၏။
အနီရောင်ပြိုင်ကား၏ ယာဉ်မောင်းမှာ ချန်ယင်းယင်းပင်တည်း။
ချန်ယင်းယင်းလည်း ရုပ်ဆိုးသောမျက်နှာနှင့် လေတိုက်ခံထားရသောဆံပင်များရှိသည့် ရဲဖန်ကို မြင်သောအခါ စိတ်ရှုပ်ထွေးသွားသည်။
“ရဲဖန်....။ ဘာဖြစ်သွားတာလဲ....။ ရှင် ဘာဖြစ်နေတာလဲ....။”
“ငါ... ငါဘာမှမဖြစ်ဘူး....။ လေအေးက ညလုံးပေါက်တိုက်ခတ်နေလို့ ငါ ခဏနားဖို့လိုတယ်....”
ထိုအချိန်တွင် ချန်ယင်းယင်းသည်လည်း ရဲဖန် ယခုလေးတင်မှစီးနင်းလာသော လျှပ်စစ်စက်ဘီးကို သတိပြုမိသွားသည်။
ဤလျှပ်စစ်စက်ဘီးကိုမြင်သောအခါ ချန်ယင်းယင်းက ၎င်းကို အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားမိလိုက်၏။
သူမက ဖုန်းကိုထုတ်ကာ ယနေ့နံနက်ပိုင်းမှ တိုက်ရိုက်သတင်းများကို ကြည့်လိုက်သည်။
သူမသည် ယနေ့နံနက်ပိုင်းမှ ခေါင်းကြီးသတင်းတွင် "လျှို့ဝှက်ဆန်းကြယ်သော လျှပ်စစ်စက်ဘီး ညလုံးပေါက်ပြိုင်မောင်းခြင်း၊ ကျင့်ဝတ်သိက္ခာပျက်ယွင်းခြင်းလော။ သို့မဟုတ် လူ့သဘာဝ လွဲချော်ခြင်းလော....။" ဟုဆိုထားသည်ကို တွေ့မြင်ခဲ့ရသည်။
ထို့နောက် သူမက လျှပ်စစ်စက်ဘီး၏ပုံကို မြင်တွေ့ကာ မှင်တက်သွား၏။
လျှပ်စစ်စက်ဘီး၏ ယာဉ်မောင်းကို အရှိန်အလွန်မြန်သောကြောင့် ရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း သူက လက်ရှိရဲဖန်နှင့် အကြမ်းဖျင်းတူညီလေသည်။
အဆင်တူဆုံးအရာမှာ အမှန်တကယ်တွင် ဤလျှပ်စစ်စက်ဘီးပင်တည်း။ ၎င်းမှာ အလွန်လျင်မြန်ပြီး ဓာတ်ပုံများတွင် အနည်းငယ်ဝါးနေသော်လည်း နှစ်ခုကြားမှတူညီမှုမှာ ၈၀ ရာခိုင်နှုန်းအထိ မြင့်မားလေသည်။
ဤသို့စဉ်းစားရင်း ချန်ယင်းယင်းက သူမ၏ဖုန်းကို ရဲဖန်အား ပြသလိုက်သည်။
ရဲဖန် တစ်ချက်ကြည့်ပြီးနောက် သူသည် စိတ်ထဲမှ အငြိုးအတေးမှတ်စုစာအုပ်ထဲတွင် ရဲရှင်းဟွေ့၏နာမည်အောက်၌ နောက်ထပ်တစ်ချက် ထပ်ထည့်လိုက်၏။
ချန်ယင်းယင်းက “ဒါ ရှင်လား....။” ဟုမေးလိုက်သည်။
“ဟုတ်တယ်....” ရဲဖန်သည်လည်း မဖုံးကွယ်ခဲ့ပေ။
“ရှင့်ရဲ့လျှပ်စစ်စက်ဘီးက ဘယ်ကရတာလဲ....။ ဘာလို့ဒီလောက်မြန်ရတာလဲ....။”
ဤစကားကိုကြားပြီးနောက် ရဲဖန်က တစ်ခဏမျှစဉ်းစားကာ ဖြေဆိုလိုက်သည်။
“အဲဒါက မှောင်မိုက်ပြီး လေထန်တဲ့ညတစ်ညပေါ့.... ငါတစ်ယောက်တည်း လမ်းပေါ်မှာ လျှောက်နေခဲ့တယ်.... ပြီးတော့ စုတ်ပြတ်နေတဲ့ တာအိုရသေ့အိုကြီးတစ်ပါးကို ကုန်တင်ကားတစ်စီးက တိုက်မိသွားတယ်.... ကိုယ်က စိတ်ကောင်းရှိတော့ သူ့ကိုသွားကယ်ခဲ့တယ်.... ဒါပေမယ့် ငါရောက်သွားတဲ့အခါမှာတော့ တာအိုဘုန်းကြီးအိုက သေလုမျောပါးဖြစ်နေပြီ.... သူမသေခင်မှာတော့ သူက ဒီလျှပ်စစ်စက်ဘီးရဲ့သော့တွေကို ငါ့ကိုပေးအပ်ခဲ့တယ်....”
ချန်ယင်းယင်း: “…”