← Chapters

ဝင်ပေါက်

Vol. 11 Ch. 145

ဝင်ပေါက်

Vol. 11 Ch. 145

ရဲရှင်းဟွေ့၏ အခန်းထဲမှ အာကာသထဲတွင် လှိုင်းတွန့်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် ရဲရှင်းဟွေ့သည် ရုတ်တရက် အခန်းထဲတွင် ပေါ်လာ၏။

ညလုံးပေါက်မအိပ်ဘဲ ကြိုးစားပြီးနောက်တွင် ရဲရှင်းဟွေ့သည် ဒုတိယမျိုးဆက် စွမ်းအင်ထုတ်စက် နှင့် ဂျားဗစ် ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံမှ ထွက်လာရင်း ရဲရှင်းဟွေ့က “ဂျားဗစ်.... ကမ္ဘာတစ်ဝှမ်းလုံးက ဂြိုဟ်တုအားလုံးနဲ့ ချိတ်ဆက်....” ဟုဆိုလိုက်၏။

“နားလည်ပါပြီ.... သခင်....”

ဆယ်စက္ကန့်ကျော်အကြာတွင် ဂျားဗစ် က တစ်ဖန်ပြန်ဆိုလိုက်သည်မှာ “သခင်.... ဂြိုဟ်တုအားလုံးနဲ့ ချိတ်ဆက်ဖို့ အချိန်အနည်းငယ် ကြာပါလိမ့်မယ်....”

“ဘယ်လောက်ကြာမှာလဲ....။”

“၂၄ နာရီပါ....” ဂျားဗစ် က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ.... အေးအေးဆေးဆေးသာလုပ်.... ငါမလောပါဘူး....”

ဂျားဗစ် နှင့် စကားပြောပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ကိုယ်ထဲရှိ တီဗီလေးကို ထုတ်ယူလိုက်၏။

ယခင်က ရဲဖန် သူ၏လျှပ်စစ်စက်ဘီးပေါ်တွင် အပြေးအလွှားထွက်သွားစဉ်ကတည်းက တီဗီလေးတွင် ဆစ်ဂနယ်l ရရှိနေပြီဖြစ်သော်လည်း ရဲရှင်းဟွေ့က ၎င်းကိုချက်ချင်းထုတ်၍ မကြည့်ခဲ့ပေ။

တီဗီကိုဖွင့်လိုက်ရာ ရဲရှင်းဟွေ့သည် ရင်းနှီးသော Stark Tower ကိုမြင်သောအခါ မှင်တက်သွားသည်။

“ဟမ်.... Iron Man ထပ်ဖြစ်ပြန်ပြီလား....။”

သို့သော် နောက်သို့ပြန်ကြည့်လိုက်သောအခါ သူသိရှိသွားသည်မှာ Stark Tower မှာ ဤရုပ်ရှင်ထဲမှ လျှို့ထားသည့်အရာ တစ်ခုမျှသာဖြစ်ပြီး ဤရုပ်ရှင်၏ တကယ့်အမည်မှာ Doctor Strange ဖြစ်ကြောင်းပင်။

“ကျစ်... တော်တော်မိုက်တာပဲ.... နာမည်စာလုံးပေါင်းလို့မရတဲ့လူရဲ့ စွမ်းရည်တွေကို ငါ့ကိုပေးပါ....”

ဖြစ်နိုင်သည်မှာ ရဲဖန်၏ စိတ်အခြေအနေအတက်အကျမှာ ယခင်က အတော်လေးကြီးမားသောကြောင့် ဤ Doctor Strange ရုပ်ရှင်မှာ အမှန်တကယ်တွင် အတော်လေးပြည့်စုံနေခဲ့သည်။

ရဲရှင်းဟွေ့က ၎င်းကို အစမှအဆုံးကြည့်ရှုခဲ့ပြီး နောက်ဆုံးတွင် ကံစမ်းမဲအလှည့်သို့ ရောက်ရှိလာ၏။

မှန်ပေသည်။ ရဲရှင်းဟွေ့အတွက် တီဗီလေးကို ကြည့်ရှုခြင်းမှာ ကံစမ်းမဲနှိုက်ခြင်းနှင့် ညီမျှလေသည်။

ဇာတ်ကောင်တစ်ဦး၏ စွမ်းရည်အားလုံးကို ရနိုင်ခြေရှိသလို မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် အသိပညာ သို့မဟုတ် ပစ္စည်းများကိုသာ ရနိုင်ခြေလည်း ရှိလေသည်။

နောက်ဆုံးတွင် တီဗီလေး၏ နောက်ဆုံးပုံရိပ်မှာ ဆံပင်မရှိသော ပုံရိပ်တစ်ခုပေါ်တွင် ရပ်တန့်သွား၏။

“မိုက်တယ်.... Ancient One.... Ancient One.... တကယ်မိုက်တယ်....”

ရဲရှင်းဟွေ့သည် ထိုနေရာတွင်ပင် တိုက်ရိုက်ခုန်ပေါက်လိုက်သည်။

“ဟေး.... ရှင်းဟွေ့.... မင်း အခန်းထဲမှာ ဘာလုပ်နေတာလဲ....။”

ထိုစဉ်မှာပင် ရဲလန်‌ယွဲ့၏ အသံသည် အခန်းအပြင်ဘက်မှ ထွက်ပေါ်လာခဲ့ရာ ရဲရှင်းဟွေ့ စိတ်လှုပ်ရှားနေရာမှ ငြိမ်သွားခဲ့၏။

“ကျွန်တော် ဘာမှမဖြစ်ပါဘူး.... ဘာမှမဖြစ်ပါဘူး....” ရဲရှင်းဟွေ့က အလျင်အမြန်ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် သူ၏အစ်မကြီး၏အသံကို တစ်ဖန်ပြန်ကြားလိုက်ရသည်မှာ “မင်း ဘာမှလုပ်စရာမရှိရင်.... ထမင်းစားဖို့ထွက်လာခဲ့....”

…

ရဲရှင်းဟွေ့ ချက်ချင်းအပြင်သို့ မထွက်သွားခဲ့ပေ။ သူသည် သူမည်သည့်စွမ်းရည်များ ရရှိမည်ကို စောင့်ဆိုင်းနေခဲ့သေးသည်။

အကယ်၍ ၎င်းမှာ Ancient One ၏ စွမ်းအားနှင့်အသိပညာအပြည့်အစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည့်တိုင်အောင် ရဲရှင်းဟွေ့သည် နောက်တစ်ကြိမ် ခေါင်းကိုက်ရဖွယ်ရှိ၏။

Ancient One မှာ နှစ်ပေါင်းရာချီအသက်ရှင်ခဲ့သော အထွတ်အထိပ်မှော်ဆရာတစ်ဦးဖြစ်ပြီး သူမ၏အသိပညာသိုလှောင်မှုမှာ သာမန်လူများနှင့် ယှဉ်ပြိုင်၍မရပေ။

မကြာမီမှာပင် မှတ်ဉာဏ်တစ်စိပ်တစ်ပိုင်းသည် ရဲရှင်းဟွေ့၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

“ဝင်ပေါက် တစ်ခု....။”

ရဲရှင်းဟွေ့သည် သူ၏မျက်လုံးများကိုမှိတ်ကာ ခံစားကြည့်လိုက်ရာ သူရရှိခဲ့သော တစ်ခုတည်းသောစွမ်းရည်မှာ ဝင်ပေါက်(Portal) ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရ၏။

“ဒါက ဝင်ပေါက် တစ်ခုတည်းပဲ... ဒါပေမဲ့ မဆိုးပါဘူး....”

သူစကားပြောနေရင်း ရဲရှင်းဟွေ့သည် သူ၏လက်ကိုဆန့်တန်းကာ သူ၏ရှေ့တွင် စက်ဝိုင်းတစ်ခုကို ဆွဲလိုက်သည်။

ရဲရှင်းဟွေ့ စက်ဝိုင်းပုံပြုလုပ်နေသည်နှင့်တစ်ပြိုင်နက် လူတစ်ရပ်စာအရွယ်ရှိသော မီးကွင်းတစ်ခု သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။

မီးကွင်း၏အခြားတစ်ဖက်တွင် ရဲလန်‌ယွဲ့၊ ပေါင်ပေါင်းနှင့် အခြားသူများ အတူတကွထမင်းစားရန် ထိုင်နေကြသည်။

“။။?”

စားပွဲဘေးတွင် ရုတ်တရက်ပေါ်လာသော ထိုမီးကွင်းကိုမြင်သောအခါ လူတိုင်းမှာ မှင်တက်သွားကြသည်။

ထို့နောက် သူတို့သည် ရဲရှင်းဟွေ့က ၎င်းထဲမှ မျက်နှာပေါ်တွင်အပြုံးနှင့်အတူ လျှောက်လှမ်းထွက်လာသည်ကို မြင်တွေ့ခဲ့ကြရ၏။

“ဘာတွေဖြစ်ကုန်တာလဲ....။”

“ဒါက... မီးကွင်းတစ်ခုလား....။”

“ဒါက ဝင်ပေါက် တစ်မျိုးမျိုးဖြစ်သင့်တယ် မဟုတ်လား....။”

…….

သူတို့၏ရှေ့တွင် ရုတ်တရက်ပေါ်လာသော ဝင်ပေါက် ကိုကြည့်ရင်း ရဲလန်‌ယွဲ့နှင့် ပေါင်ပေါင်းမှလွဲ၍ လူသုံးဦးလုံး၏ မျက်နှာပေါ်တွင် တုန်လှုပ်သောအမူအရာများ ပေါ်ပေါက်နေခဲ့သည်။

ရဲရှင်းဟွေ့မှာမူ သူ၏ကိုယ်ပိုင်ထိုင်ခုံတွင် ဘာမှမဖြစ်ခဲ့သကဲ့သို့ ထိုင်နေခဲ့၏။

“ရှင်းဟွေ့.... မင်း ဘာတွေလုပ်လိုက်တာလဲ....။”

နောက်ဆုံးတွင်တော့ ဇီးကွက်က လူအများအပြား၏ စိတ်ထဲတွင်ရှိနေသောအရာကို မေးလိုက်သည်။

“ခင်ဗျားတို့မမြင်ဘူးလား....။ ဒါက ဝင်ပေါက် လေ....” ရဲရှင်းဟွေ့က အမှန်တရားကိုပြောသကဲ့သို့ ဆိုလိုက်သည်။

“ဒါက ဝင်ပေါက် ဆိုတာ ငါတို့လည်းသိတာပေါ့.... ငါမေးနေတာက မင်းဒီ ဝင်ပေါက် ကို ဘယ်လိုလုပ်လိုက်တာလဲ....။”

“ငါလေ့လာခဲ့တာပေါ့.... ဘာလဲ....။ မင်းတို့လည်း လေ့လာချင်လို့လား....။” ရဲရှင်းဟွေ့က ခပ်တည်တည်ဖြင့် မေးလိုက်၏။

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ဇီးကွက်၊ ဝက်ဝံကန်းနှင့် ပျံလွှားတို့သည် တစ်ချိန်တည်းမှာပင် ခေါင်းညိတ်လိုက်ကြသည်။

“လေ့လာချင်တာပေါ့.... ဒါက မျက်လှည့်ပဲ....”

“ငါ ဘယ်လိုလေ့လာရမလဲ....။”

“မင်းတို့ ဟော့ဝပ်ဒ် မှော်နှင့်စုန်းအတတ်ပညာကျောင်းတော်ကြီးကို သွားသရွေ့ လေ့လာလို့ရတယ်....”

သူစကားပြောနေစဉ်မှာပင် ရဲရှင်းဟွေ့သည် မီးကွင်းတစ်ခုကို တစ်ဖန်ပြန်ဆွဲလိုက်သည်။ မီးကွင်း၏အခြားတစ်ဖက်တွင် မီးဖိုချောင်ထဲမှ သကြားပါသောစင်ရှိ၏။

ဝင်ပေါက် ထဲသို့ လက်တစ်ဖက်ဖြင့်လှမ်းကာ ရဲရှင်းဟွေ့သည် သကြားကိုယူပြီး စားပွဲပေါ်မှ ဆန်ပြုတ် ထဲသို့ သကြားထည့်ရင်း “ဟော့ဝပ်ဒ်ကို ဝင်ဖို့လွယ်ပါတယ်.... မင်းတို့ အင်္ဂလန်၊ လန်ဒန်က King's Cross ဘူတာ ရဲ့ ပလက်ဖောင်း နံပါတ် 9¾ ကို ဖြတ်သွားလိုက်.... Hogwarts Express က အဲဒီကနေ နှစ်တိုင်းသွားတယ်....” ဟုဆိုလိုက်၏။

ဤစကားကိုကြားသောအခါ ဘေးတွင်တိတ်ဆိတ်နေသော ရဲလန်‌ယွဲ့သည် အမှန်တကယ်ပင် နားမထောင်နိုင်တော့ချေ။

“ရှင်းဟွေ့.... သူတို့ကို နောက်မနေနဲ့တော့....”

ရဲလန်‌ယွဲ့သည် သူမ၏ညီငယ်ကို ကောင်းစွာသိရှိနေပြီဖြစ်၏။ ထို Hogwarts School နှင့်ပတ်သက်၍ သူမ စကားတစ်ခွန်းကိုမျှ မယုံကြည်နိုင်ပေ။

ဤ ဝင်ပေါက် မျက်လှည့်ကို Hogwarts တွင် လေ့လာခဲ့သည်ဟုဆိုခြင်းထက် သူမသည် မှော်ဆရာအိုကြီးတစ်ဦး ညသန်းခေါင်ယံတွင် ကုန်တင်ကားဖြင့်တိုက်မိပြီး ထိုမှော်ဆရာအိုကြီးက သူသေဆုံးခြင်းမပြုမီတွင် သူ့အား ပေးအပ်ခဲ့သည်ဟုဆိုလျှင်ပင် ပို၍ယုံကြည်စရာကောင်းလိမ့်မည်။

ရဲလန်‌ယွဲ့၏ စကားကိုကြားပြီးနောက် ထိုသုံးကောင်မှာ သူတို့လှည့်စားခြင်းခံလိုက်ရကြောင်းကို သိရှိသွားကြ၏။

ရဲရှင်းဟွေ့က ပခုံးတွန့်လိုက်ပြီး ချက်ချင်းပင် အကြောင်းအရာကို ပြောင်းလိုက်သည်။

“အစ်မ.... အစ်မ အားတဲ့အခါကျရင် ကျောင်းကိုသွားပေးပါ.... ကျွန်တော် ကျောင်းနားချင်လို့....”

“ကျောင်းနားမယ်....။” ရဲလန်‌ယွဲ့က ရဲရှင်းဟွေ့ကို အနည်းငယ်ရှုပ်ထွေးစွာကြည့်ကာ “ဘာလို့လဲ....။” ဟုမေးလိုက်၏။

“ကျွန်တော် ထာဝရအသက်ရှင်နိုင်ခြင်းကျင့်စဉ် ကျင့်ကြံချင်လို့....”

ရဲလန်‌ယွဲ့: “…”

“မင်းက မျက်လှည့်တွေအများကြီးကို လေ့လာပြီး ကျွမ်းကျင်နေပြီးတော့ အခု မင်းက ထာဝရအသက်ရှင်နိုင်ခြင်းကျင့်စဉ်ကို ကျင့်ကြံချင်နေတယ်လား....။” ရဲလန်‌ယွဲ့က နောက်ပြောင်စွာဆိုလိုက်သည်။

“ကျွန်တော် ကျွန်တော့်အတန်းပိုင်ဆရာမကို ပြောပြီးပြီ.... အစ်မသဘောတူသရွေ့.... ကျွန်တော် ကျောင်းကနေတစ်နှစ်နားပြီးတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို တိုက်ရိုက်ဖြေလို့ရပြီ....”

တစ်တန်းလုံးတွင် ထိပ်ဆုံးဆယ်ယောက်ထဲရောက်ရန် အဆင့်သတ်မှတ်ခြင်းအတွက်မူ ၎င်းကိုဖော်ပြရန်မလိုအပ်ဟု သူမြင်သည်။ အကြောင်းမှာ ထိပ်ဆုံးဆယ်ယောက်မှာ လုံးဝအာမခံပြီးဖြစ်သောကြောင့်ပင်။

“ကောင်းပြီ.... ခဏနေရင် ငါမင်းနဲ့အတူ ကျောင်းကိုလိုက်ခဲ့မယ်....”

“ဟမ်.... အစ်မ ဒီလောက်လောဖို့မလိုပါဘူး....။”

“ငါ ညနေကျသွားတော့မှာ.... ဘယ်တော့ပြန်လာမယ်ဆိုတာလည်း မသိဘူး.... ဒါကြောင့် ငါဒီကိစ္စကို ကြိုလုပ်ထားရမယ်....”

……..

ဤသို့ဖြင့် ပေါင်ပေါင်း၊ ရဲလန်‌ယွဲ့၊ ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းတို့သည် အတူတကွ ကျောင်းသို့ရောက်ရှိလာခဲ့ကြ၏။

အတန်းပိုင်ဆရာမ ချိုက်ခယ့်ရှင်းက ရဲရှင်းဟွေ့၏ အစ်မ ရဲလန်‌ယွဲ့သည် ကျောင်းမှအနားယူရန် သဘောတူကြောင်းသိရှိသောအခါ သူမသည် အနည်းငယ်ရှုပ်ထွေးသွားသည်။

သို့သော် ချိုက်ခယ့်ရှင်းကို စကားပြောခွင့်မပေးဘဲ ရဲလန်‌ယွဲ့သည် သူမ၏ရုံးခန်းမှ ထွက်ခွာသွားခဲ့လေပြီ။

ရဲလန်‌ယွဲ့က ရဲရှင်းဟွေ့အား ညွှန်ကြားချက်အနည်းငယ်ထပ်ပေးပြီးနောက် ကျောင်းမှထွက်ခွာသွားခဲ့သည်။

သူမ ဘာလုပ်ရန်လိုအပ်သလဲ....။ ရဲရှင်းဟွေ့က မေးခဲ့သော်လည်း ရဲလန်‌ယွဲ့က ၎င်းမှာ လျှို့ဝှက်ချက်ဖြစ်ပြီး ကိစ္စအတည်ပြုပြီးနောက်တွင်မှ သူ့ကိုပြောပြမည်ဟု ဆိုလိုက်သည်။

“မေမေက အစ်မကို ဘာစုံစမ်းခိုင်းလိုက်တာလဲ....။ ဖြစ်နိုင်တာက အဖေဖောက်ပြန်တာကို သူဖမ်းမိသွားတာလား....။ ဒါမှမဟုတ် အဖေက သူ့ဘာသာသူ ထွက်ပြောလိုက်တာလား....။ ဖြစ်နိုင်တာက... အစ်မက အဖေ့ရဲ့ တရားမဝင်ကလေးကို အပြင်မှာရှာဖို့လိုနေတာလား....။”

ရဲရှင်းဟွေ့သည် ယူဆချက်တစ်ပုံတခေါကြီးကို တီးတိုးရေရွတ်လိုက်သည်။

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး.... အဖေက အပြင်မှာ နှစ်ပေါင်းများစွာ လျှောက်သွားနေခဲ့တာ.... သူက တစ်ခါတလေ ဒုက္ခထဲရောက်သွားတာက သာမန်ပဲ....”

အမှန်တကယ်တွင် ရဲရှင်းဟွေ့သည် ဤသို့တွေးတောနိုင်သည့် အချက်အချို့ရှိပါ၏။

ရဲချန်၏ ဘဝအတွေ့အကြုံကိုကြည့်သောအခါ ရဲရှင်းဟွေ့သည် သူ၏အဖေမှာ သူငယ်ရွယ်စဉ်က အလွန်အပျော်အပါးလိုက်စားခဲ့ပြီး သူ၏မိခင်နှင့်လက်ထပ်ပြီးနောက်မှသာ အပျော်အပါးလိုက်စားမှုနည်းပါးသွားကြောင်းကို သိရှိခဲ့သည်။

ဘဝအတွေ့အကြုံတွင် သူမည်သည့်မိန်းမကို ကိုယ်ဝန်ရှိစေခဲ့သည်ကို မဖော်ပြထားသော်လည်း...

...အကယ်၍ ညီအစ်ကိုဝမ်းကွဲ သို့မဟုတ် ညီမဝမ်းကွဲတစ်ဦး ရုတ်တရက်ပေါ်ပေါက်လာပါက ရဲရှင်းဟွေ့ အံ့အားသင့်မည်မဟုတ်ပေ။

ရုတ်တရက်ပေါ်ပေါက်လာသော ညီအစ်ကိုဝမ်းကွဲ သို့မဟုတ် ညီမဝမ်းကွဲသည်လည်း ဇာတ်လိုက်၏ ပုံစံခွက်ကို ပိုင်ဆိုင်ထားပါက ရဲရှင်းဟွေ့ အလွန်ပျော်ရွှင်မှာပင်။

ထိုသို့ဆိုပါက ဒုက္ခပေးရန်အတွက် အခွင့်အရေး တစ်ခု ထပ်တိုးလာပေလိမ့်မည်။

All Chapters