ဦးလေးနှင့် တူတို့ တစ်ဖန်ထိပ်တိုက်တွေ့ဆုံခြင်း၊ ဝမ်ကျားယန်၏ လုံးဝပြောင်းလဲသွားသော သဘောထား
Vol. 11 Ch. 152
ကူယန်အထက်တန်းကျောင်း။
ချိုက်ခယ့်ရှင်း၏ ရုံးခန်းထဲ၌။
ရဲရှင်းဟွေ့သည် သူ၏ဦးလေး ရဲဖန်ကို မထီမဲ့မြင်ပြုကာ ကြည့်လိုက်သည်။
“ဦးလေး.... ခင်ဗျားက တော်တော်ယုတ်မာတာပဲ....”
“ဟမ်....။ ဘာလို့ ငါ့ကို ယုတ်မာတယ်လို့ခေါ်ရတာလဲ....။” ရဲဖန်က အနည်းငယ်ပြုံးရင်း မေးလိုက်သည်။
“ကျွန်တော်က ခင်ဗျားအတွက် နဂါးနန်းတော်မှာ သေလုမျောပါးတိုက်ခိုက်ခဲ့ရတာ.... ခင်ဗျားကတော့... ကျွန်တော့် သလင်းကျောက်ကိုတောင် အလစ်သုတ်ခိုးတယ်....”
သလင်းကျောက်ခိုးခြင်းမှာ ဘာကိုဆိုလိုသည်ကို သူသည်မသိသော်လည်း ရဲဖန်သည် အကြမ်းဖျင်းစိတ်ကူးတစ်ခုကိုတော့ ခန့်မှန်းနိုင်ခဲ့၏။
ရဲရှင်းဟွေ့ ကျောင်းသို့မလာမီကတည်းက နဂါးနန်းတော်တွင် ဖြစ်ပျက်ခဲ့သောအရာများကို ရဲဖန် သိရှိပြီးသားဖြစ်သည်။
အမှန်တကယ်တွင် ရဲဖန်သည် အမှန်တကယ်ပင် ပြန်သွား၍ ကြည့်ရှုလိုခဲ့သော်လည်း... ယခုအခါတွင် သူသည် တံဆိပ်ခတ်ထားဘိသကဲ့သို့သော အခက်အခဲတစ်ခုသို့ ရောက်ရှိနေခဲ့သည်။ သူသာ ဤအခက်အခဲကို ကျော်လွှားနိုင်ပါက သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ နဂါးအသည်း၏ ဘေးထွက်ဆိုးကျိုးများမှ လုံးဝလွတ်မြောက်နိုင်ပေမည်။
တူငယ်လေး ရဲရှင်းဟွေ့မှာ နဂါးနန်းတော်ကို ကူညီခဲ့ပြီး သူ၏ဆရာ၏အသက်ကိုပင် ကယ်တင်ခဲ့၏။ ယုတ္တိတန်သောအားဖြင့် ယခုအခါတွင် သူ့ကိုလှည့်စားကစားခြင်းမှာ မကြင်နာရာရောက်ပေမည်။
သို့သော်... ရဲရှင်းဟွေ့က သူ့ကိုတစ်ကြိမ်ထက်မက လှည့်စားကစားခဲ့သည်။
ထို့အပြင် ဤသည်ကို လှည့်စားကစားခြင်းဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း....။ ဤသည်မှာ ရဲရှင်းဟွေ့၏ ကျောင်းမတက်လိုသော လွဲမှားနေသည့်အတွေးကို ပြုပြင်ပေးရန် ကြိုးစားခြင်းသာ ဖြစ်ပေသည်။
ရဲဖန်သည် စိတ်ထဲ၌ လျှို့ဝှက်စွာခေါင်းညိတ်လိုက်ပြီး သူသည် မှန်ကန်သောအရာကို လုပ်ဆောင်နေသည်ဟု ခံစားမိ၏။ သူသည် ဘေးတွင်ရပ်ကြည့်နေသော ချိုက်ခယ့်ရှင်းဘက်သို့လှည့်ကာ “ဆရာမချိုက်.... ပြီးခဲ့တဲ့ငါးနှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ တတိယနှစ် အစမ်းစာမေးပွဲ အတွက် လေ့ကျင့်ခန်းစာအုပ် ဘယ်နှစ်အုပ်လောက်ရှိလဲ....။” ဟုဆိုလိုက်သည်။
ဤစကားကိုကြားသောအခါ ချိုက်ခယ့်ရှင်းမှာ အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်ပြီး “အင်း... ကျွန်မ တကယ်မသိဘူး....။ ဒီလေ့ကျင့်ခန်းစာအုပ်အမျိုးအစားက ဒေသတစ်ခုစီမှာ မတူဘူး.... ထုတ်ဝေသူတစ်ခုစီကလည်း မတူညီစွာ ထုတ်ဝေကြတယ်.... ဘယ်လောက်များများရှိလဲဆိုတာ ကျွန်မတကယ်မသိဘူး....” ဟုဆိုလိုက်၏။
“ဪ.... ဒီလိုလား....။” ရဲဖန်က ခေါင်းညိတ်လိုက်ပြီး “ဒါဆိုရင် စျေးကွက်ထဲမှာ ဝယ်လို့ရသမျှထဲက အစုံတစ်စုံစီဝယ်ပြီး ရဲရှင်းဟွေ့ကိုပေးလိုက်.... ဒီကောင်က နေ့တိုင်းကျောင်းပြေးချင်နေတာ.... ဖြစ်နိုင်တာက သူအိမ်စာအရမ်းနည်းနေလို့ပဲ.... သူဒီလေ့ကျင့်ခန်းစာအုပ်တွေကို ပြီးအောင်လုပ်ရမယ်.... သူသာ ပျင်းရိနေရင်.... သူ့ကိုတိုက်ရိုက်ကျောင်းထုတ်ပစ်မယ်....” ဟုဆိုလိုက်သည်။
ချိုက်ခယ့်ရှင်း: “…”
ရဲရှင်းဟွေ့: “…”
“ဒါ...” ချိုက်ခယ့်ရှင်းမှာ တွေဝေသွားပြီး စိတ်ထဲမှတွေးလိုက်သည်ကား 'ဒီဦးလေးနဲ့တူက ဘာတွေဖြစ်နေကြတာလဲ....။'
“ဟေး....။ ဦးလေး.... ခင်ဗျားက ယာယီအုပ်ထိန်းသူတစ်ယောက်ပဲ.... ခင်ဗျားမှာ ကျွန်တော့်ကိုကျောင်းထုတ်ဖို့ ဆရာမကိုအမိန့်ပေးနိုင်တဲ့ ဘယ်လိုအရည်အချင်းတွေရှိလို့လဲ....။”
“အင်း... မစ္စတာရဲဖန်က အခုငါတို့ကျောင်းရဲ့ ဂုဏ်ထူးဆောင်ကျောင်းအုပ်ကြီးနဲ့ ဂုဏ်ထူးဆောင်ဒါရိုက်တာဖြစ်နေပြီ....”
ထိုအချိန်တွင် ချိုက်ခယ့်ရှင်း၏ အားနည်းသောအသံ ထွက်ပေါ်လာခဲ့ရာ ရဲရှင်းဟွေ့အား ထိုနေရာတွင်ပင် ခဲသွားစေခဲ့၏။
သူသည် ရဲဖန်ဘက်သို့လှည့်ကာ “ကျစ်... ဦးလေး.... ခင်ဗျား... ကျွန်တော့်ကိုနှောင့်ယှက်ဖို့အတွက်နဲ့ ကျောင်းတစ်ကျောင်းလုံးကိုတောင် ဝယ်လိုက်တာလား....။” ဟုဆိုလိုက်သည်။
ရဲဖန်က ရဲရှင်းဟွေ့၏ ပခုံးကိုပုတ်ကာ “ဒါကြောင့်.... မင်းကံကြမ္မာကိုလက်ခံလိုက်....။ ငါက လူတွေရဲ့စိတ်အခြေအနေကို မင်းထက်ပိုပြီးရင်းနှီးကျွမ်းဝင်တယ်....။ ပြီးတော့... ငါကျောင်းတစ်ကျောင်းလုံးကို မဝယ်ခဲ့ပါဘူး.... ငါက ရှယ်ယာတချို့ပဲ ဝယ်ခဲ့တာ.... ဪ... ဒါနဲ့ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်... ငါက ဂုဏ်ထူးဆောင်ကျောင်းအုပ်ကြီးအနေနဲ့.... ငါ့အာဏာနဲ့ လူတစ်ယောက်ပဲ စီမံခန့်ခွဲနိုင်တယ်.... အဲဒါက မင်းပဲ....” ဟုဆိုလိုက်၏။
စကားဆုံးပြီးနောက်တွင် ရဲဖန်သည် သူ၏လက်ကိုဝှေ့ယမ်းကာ ရုံးခန်းမှထွက်ခွာသွားခဲ့သည်။
ရဲဖန် ထွက်ခွာသွားသောအခါ မူလကစကားမပြောနိုင်ဖြစ်နေဟန်တူသော ရဲရှင်းဟွေ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။
“ဦးလေး... ခင်ဗျားကတော့ တော်တော်လေးနုံသေးတာပဲ....။ လူတွေရဲ့စိတ်အခြေအနေကို နှောင့်ယှက်တာနဲ့ပတ်သက်လာရင်.... ကျွန်တော်က ပရော်ဖက်ရှင်နယ်ပဲ....”
“အမ်... ကျောင်းသားရဲရှင်းဟွေ့....။ ဆရာမ မင်းအတွက် စာအုပ်နည်းနည်းပဲဝယ်ပေးဖို့ ကြိုးစားပါ့မယ်....။ မင်း အဲဒီလိုပြုံးတာကို ရပ်လိုက်လို့ရမလား....။။ အရမ်းထူးဆန်းနေတယ်....”
ချိုက်ခယ့်ရှင်း၏ စကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး “ကိစ္စမရှိပါဘူး.... ဝယ်နိုင်သလောက်သာဝယ်....” ဟုဆိုလိုက်၏။
ရဲရှင်းဟွေ့သည် တိုနီစတာ့ခ် နှင့် အခြားကြီးမြတ်သောဇာတ်ကောင်များ၏ ဉာဏ်ပညာနှင့် ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည်။ သူသည်လည်း ယခုလေးတင်မှ ဖွံ့ဖြိုးတိုးတက်လာသော စွမ်းရည်သစ်များကို ပိုင်ဆိုင်ထား၏။
အကယ်၍ ရဲဖန်သာ ရဲရှင်းဟွေ့ကို နှောင့်ယှက်လိုပါက... ကျွတ်စ် ကျွတ်စ်... ဤဦးလေးမှာ အလွန်ငယ်ရွယ်သေးသည်ပင်။
သူသည် ဇာတ်လိုက်တစ်ဦးဖြစ်ပြီး သူ၏ငွေကြေးစွမ်းရည်ကို သူ့သဘောအတိုင်း အသုံးပြုနိုင်သော်လည်း... ရဲရှင်းဟွေ့မှာ လိမ်လည်သူတစ်ဦးပင်။
ဤဦးလေးကို သူ၏စိတ်ထဲတွင် ခဏတာကျိန်ဆဲပြီးနောက် ရဲရှင်းဟွေ့သည် ရုံးခန်းမှ ထွက်ခွာသွားခဲ့၏။
……..
ရဲရှင်းဟွေ့ ရုံးခန်းမှထွက်ခွာသည်နှင့် ရင်းနှီးသောပုံရိပ်တစ်ခုဖြစ်သော ဝမ်ကျားယန်သည် သူ့ထံသို့ လျှောက်လှမ်းလာခဲ့သည်။
“ဪ.... မမဝမ်....။ မတွေ့တာကြာပြီ....”
ဝမ်ကျားယန်သည်လည်း ရဲရှင်းဟွေ့ကိုမြင်သောအခါ အနည်းငယ်အံ့အားသင့်သွားပြီး သူမသည် သူဖြစ်ကြောင်းသိရှိပြီးနောက် စိတ်လှုပ်ရှားနေဟန်တူသည်။
“ရဲရှင်းဟွေ့.... ငါနောက်ဆုံးတော့... မင်းကိုတွေ့ပြီ....။ ငါမှားမှန်းသိပါတယ်....။ အဲဒီလူကြီးကို ငါ့ဆီလာတာကို ရပ်တန့်ပေးလို့ရမလား....။”
“မင်းကို ဘာဖြစ်နေတာလဲ....။” ရဲရှင်းဟွေ့က အနည်းငယ်ရှုပ်ထွေးစွာ မေးလိုက်သည်။
အကယ်၍ ရဲရှင်းဟွေ့ မှန်မှန်ကန်ကန်ခန့်မှန်းမိပါက ဝမ်ကျားယန် ဖော်ပြသောလူကြီးမှာ ဝက်ဝံကန်းဖြစ်သင့်ပေသည်။
ဝက်ဝံကန်းက ဝမ်ကျားယန်ကို ဤသို့ဖြစ်သွားစေရန် ဘာလုပ်ခဲ့သနည်း....။
ထိုအချိန်တွင် ဝမ်ကျားယန်သည် စိတ်ထိခိုက်နေဟန်တူပြီး သူသူမနှင့် ပထမဆုံးတွေ့ဆုံစဉ်ကကဲ့သို့ မောက်မာခြင်း လုံးဝမရှိတော့ပေ။
ရဲရှင်းဟွေ့၏ မေးခွန်းကိုကြားပြီးနောက် ဝမ်ကျားယန်သည် သူမ၏မကြာသေးမီက အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့၏။
၎င်းမှာ အမှန်တကယ်တွင် ကြီးကြီးမားမားကိစ္စတစ်ခုမဟုတ်ပေ။
၎င်းမှာ ဝက်ဝံကန်းက ပေါင်ပေါင်းနှင့်အတူ ကျောင်းသို့လာခဲ့ပြီး ကျောင်းထဲတွင် သက်ရှိအစားအသောက်လက်မှတ်တစ်စောင်ရှိနေသေးသည်ဟု တွေးတောမိခြင်းပင်။
ထို့နောက်... ဝက်ဝံကန်းသည် ပေါင်ပေါင်းကိုခေါ်ကာ အစားအသောက်စရိတ်များပေးချေရန်အတွက် အစားအသောက်လက်မှတ် (ဝမ်ကျားယန်) ကို နေ့စဉ်ရှာဖွေခဲ့၏။
ဤလူနှစ်ဦး၏ အစားအသောက်စရိတ်များကို ပေးချေရန် ဤမျှလွယ်ကူပါသလား....။
ဝက်ဝံကန်း တစ်ယောက်တည်းရှိနေစဉ်က သူသည် ဝမ်ကျားယန်၏ နေ့စဉ်အသုံးစရိတ်တစ်ဝက်ကို စားသုံးနိုင်ခဲ့သည်။ ယခုအခါတွင် ပို၍ပင်စားနိုင်သော ပေါင်ပေါင်းတစ်ယောက်ရှိနေသဖြင့် သူမ၏နေ့စဉ်အသုံးစရိတ်မှာ အနှုတ်သို့ရောက်ရှိသွားခဲ့လေပြီ။
ပို၍ပင်အရှက်ရဖွယ်ကောင်းသည်မှာ ဝက်ဝံကန်းနှင့် ပေါင်ပေါင်းတို့သည် သူမပေးသောပိုက်ဆံဖြင့် စားသောက်ရန်သွားတိုင်း သူတို့သည် နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ကြသေး၏။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဝက်ဝံကန်းသည် အမြဲတမ်း ပံ့ပိုးသူဖြစ်သော ဝမ်ကျားယန်၊ အချို့သောအတန်းမှ ကျောင်းအတန်းဖော်တစ်ဦးအား ကျေးဇူးတင်စကားဆိုလေ့ရှိသည်။
ယခုအခါ... ဝမ်ကျားယန်မှာ ကျောင်းထဲတွင် "နစ်နာသူ” ဟူသောဘွဲ့ကို ပေးအပ်ခြင်းခံထားရလေသည်။
……..
ဝမ်ကျားယန်၏ ဇာတ်ကြောင်းကိုကြားသောအခါ ရဲရှင်းဟွေ့မှာ မှင်တက်သွား၏။
ရဲရှင်းဟွေ့သည် သူ၏မိခင် ဆုချန်က သူမမထွက်ခွာမီတွင် ကတ်တစ်ကတ်ထားခဲ့ကြောင်းကို သိရှိသည်။ ထိုကတ်ပေါ်မှပိုက်ဆံမှာ ဝက်ဝံကန်းနှင့် ပေါင်ပေါင်းတို့ တစ်သက်တာစားသောက်ရန်အတွက် သေချာပေါက်လုံလောက်ပေသည်။
သို့သော် ဝက်ဝံကန်းသည် ဝမ်ကျားယန်ထံသို့ အစားအသောက်လက်မှတ်များအတွက် လာရောက်ခဲ့ဆဲဖြစ်သည်။
ထိုအခါတွင် အကြောင်းရင်းတစ်ခုတည်းသာ ရှိနိုင်၏။ သူသည် တမင်တကာလုပ်ဆောင်ခဲ့ခြင်းပင်။
'ဒီဝက်ဝံကန်းက တကယ်ယုတ်မာတာပဲ....' ရဲရှင်းဟွေ့သည် သူ့ဘာသာသူတွေးတောမိ၏။
ရဲရှင်းဟွေ့ စကားမပြောသည်ကိုမြင်သောအခါ ဝမ်ကျားယန်သည် တစ်ဖန်ပြန်ဆိုလိုက်သည်မှာ “ငါမှားမှန်းသိပါတယ်....။ အင်း... မင်းငါ့ကို ရဲရှင်းချန်ရဲ့ဖုန်းနံပါတ်ပေးလို့ရမလား....။ ငါသူ့ကို ကောင်းကောင်းမွန်မွန်တောင်းပန်ချင်လို့....”
ဝမ်ကျားယန်က သူမ၏အစ်ကိုကို တောင်းပန်လိုကြောင်းကြားသောအခါ ရဲရှင်းဟွေ့သည် သူမကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်လိုက်၏။
“ကျစ်....။ မင်း ရူးမနေဘူးမလား....။ မင်းက ငါ့အစ်ကိုကို တကယ်တောင်းပန်ချင်နေတာလား....။”
ဝမ်ကျားယန်သည်လည်း ဤစကားကိုကြားသောအခါ အလွန်စိတ်ဓာတ်ကျသွားသည်။
အဘယ်ကြောင့် ဝမ်ကျားယန်၏ ရဲညီအစ်ကိုနှစ်ဦးအပေါ်ထားသော သဘောထားမှာ ဤမျှပြင်းထန်စွာ ပြောင်းလဲသွားရသနည်း....။
ဤကိစ္စမှာ ရဲချန်နှင့် ဆုချန် တရုတ်ပြည်သို့ ပြန်လာခြင်းနှင့် သက်ဆိုင်လေသည်။
နောက်ဆုံးတွင် ကျိုးလင် မှာ ဆုချန်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ရာ သူတို့တရုတ်ပြည်သို့ ပြန်လာသောအခါ ကျိုးလင် ကို လာရောက်တွေ့ဆုံခြင်းမှာ သဘာဝကျလေသည်။
ထိုနေ့မှာ အားလပ်ရက်ဖြစ်ပြီး ဝမ်ကျားယန်သည်လည်း အိမ်တွင်ရှိနေခဲ့၏။
သူမသည် ဤရိုးရှင်းသောအသွင်အပြင်ရှိသော စုံတွဲမှာ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့၏ မိဘများဖြစ်ကြောင်းကို ပထမဆုံးသိရှိသောအခါ သူမသည် အလွန်မထီမဲ့မြင်ပြုခဲ့သည်။
သို့သော် ထို့နောက်... ဆုချန်က သူမ၏မိခင်ကုမ္ပဏီမှ ကုမ္ပဏီရှယ်ယာများကို သူမ၏သားနှစ်ဦးကို စောင့်ရှောက်ကူညီပေးသည့်အတွက် ကျေးဇူးတင်လက်ဆောင်အဖြစ် ပေးအပ်သောအခါ ဝမ်ကျားယန်သည် ကိစ္စများမှာ မရိုးရှင်းကြောင်းကို သိရှိသွား၏။
သူမသိသည်မှာ သူမ၏မိခင်ကုမ္ပဏီတွင် ကျိုးလင် မှာ သူဌေးဖြစ်သော်လည်း သူမသည် ရှယ်ယာ ၄၀ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ပြီး ကျန် ၆၀ ရာခိုင်နှုန်းမှာ အခြားသူတစ်ဦး၏ လက်ထဲတွင်ရှိနေခြင်းပင်။
ဆုချန်က ပေးအပ်ခဲ့သည်မှာ ထို ၆၀ ရာခိုင်နှုန်းအတိအကျပင် ဖြစ်လေသည်။
ဤသည်ကိုသိရှိပြီးနောက် ဝမ်ကျားယန်သည် ဆုချန်၏ ဂုဏ်ပုဒ်အကြောင်းကို အရာများရှာဖွေခြင်းအပြင် သူမ၏မိခင်ကို ချော့မော့ဖျောင်းဖျရန်ကြိုးစားခြင်းဖြင့် တစ်စုံတစ်ခုကို သိရှိခဲ့သည်။
သူမရရှိခဲ့သော သတင်းအချက်အလက်များမှာ မပြည့်စုံဘဲ မရှင်းလင်းသော်လည်း ဝမ်ကျားယန်သည် သူမ... သူမသည် သူမကဲ့သို့သောသူကိုပင် မျက်လုံးထဲတွင်မထည့်လောက်အောင် အလွန်မြင့်မားသောအခြားသူများကို အထင်သေးခဲ့ကြောင်းကို သေချာနေဆဲဖြစ်၏။
ဤသည်ကြောင့်ပင် ဝမ်ကျားယန်သည် ရဲညီအစ်ကိုများနှင့် သူမ၏ဆက်ဆံရေးကို ပြန်လည်ပြုပြင်လိုခဲ့သည်။