အမြီးကိုးချောင်းမြေခွေးမိစ္ဆာ (၂)
Vol. 32 Ch. 469
တတိယအကြိမ်မြောက်ကြိုးစားခြင်းတွင် အထဲမှ မူလအားသည် ပမာဏအနေအထားပြောင်းလဲသွားပြီဖြစ်ကာ သွေးမျိုးဆက်စွမ်းအားအဆင့်သည် သခင်အဆင့်အဌမအဆင့်မှ သခင်အဆင့်နဝမအဆင့်ဆီသို့ တက်လှမ်းသွားသည်။ လင်းဇီချန်သည် မိမိနှင့် တစ်ကုတင်တည်းအိပ်သော ရှန်ချင်းဟန်ကို လွန်စွာဂရုစိုက်သဖြင့် အိပ်မက်မက်သလားဟု မေးမိသည်။
"တစ်ခါမှကိုမမက်ဘူး။ တစ်ခါလေးတောင်မှပေါ့။"
လင်းဇီချန်၏မေးခွန်းဖြင့် ရင်ဆိုင်ရသောအခါတွင် ရှန်ချင်းဟန်က ပြန်ဖြေသည့်အနေဖြင့် ခေါင်းခါပြလိုက်မိသည်။ ထိုအဖြေကို ကြားပြီးနောက်တွင် လင်းဇီချန်သည်လည်း အတွေးလွန်နေမိသည်။
ဒီအိပ်မက်က နေရာနဲ့ ဆက်စပ်တာများလား
မိဘတွေနဲ့ ငါနဲ့ပဲ ဆိုင်တာလား
ဘယ်သူမှ ဒီလိုအိပ်မက်မျိုး မမက်နိုင်တာလား
သုံးလသားညီမလေးတွင်လည်း ထိုသို့အိပ်မက်မျိုး မက်နိုင်ပေသည်။
....
တစ်နာရီခန့်ကြာပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အောင်မြင်စွာဖြင့် နန်ကျန်းစီရင်စုရှိ ယွမ်အိမ်သို့ ရောက်သွားကြသည်။ နှစ်ဦးသည် မိသားစုကြီး၏အိမ်သည် ဇိမ်ခံနန်းတော်ကြီးနှင့်တူမည်ဟု ထင်ထားမိသည်။ သို့သော်လည်း ဝင်လိုက်သည်နှင့် ရှေးဟောင်းဆန်သည့်စံအိမ်ကြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အထဲရှိအရာအားလုံးသည်လည်း ရှေးဟောင်းစတိုင်ဖြစ်သည်။ သို့သော်လည်း လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် ထိုအချက်များကို အာရုံမထားပေ။ စံအိမ်ထဲသို့ ဝင်သွားသည်နှင့် အခန်းတစ်ခန်းဆီသို့သွားကာ သတိမေ့နေသောယွမ်သုန်ကျီရှိသည့်အခန်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် မထုံတတ်သေးနိုင်သောယွမ်သုန်ကျီသည် ယခုတွင်မူ သရဲကဲ့သို့ပင် ဖျော့တော့နေပြီး အိပ်ရာထက်တွင် မလှုပ်မယှက်ဖြင့် လဲလျောင်းနေရှာသည်။ များသောအားဖြင့် တက်ကြွနေတတ်သောလျို့ချွမ်ဝူသည်လည်း ယခုတွင် အိပ်ရာဘေးတွင်ထိုင်ကာ ယွမ်သုန်ကျီကို စောင့်ရှောက်ပေးနေသည်။ လင်းဇီချန်ကရှေ့သို့ထွက်လာပြီး ယွမ်သုန်ကျီ၏အခြေအနေကို စစ်ဆေးကြည့်သည်။
ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဂရုတစိုက်ဖြင့် ထောင့်တိုင်းကို စစ်ဆေးသည်။ စစ်ဆေးပြီးနောက်တွင် ယွမ်သုန်ကျီ၏ဝိညာဉ်သည် ဒဏ်ရာအပြင်းအထန်ရသွားပြီး အက်ကြောင်းများစွာထင်နေကာ အတော်လေးကြောက်စရာကောင်းလှသည်ကို လင်းဇီချန်တွေ့သွားသည်။ ထိုမျှကြီးသောဒဏ်ရာရနေသဖြင့် သူမက သတိလစ်နေသည်မှာ အံ့ဩစရာမရှိပေ။ ယွမ်သုန်ကျီသည် သခင်အဆင့်တိုက်ခိုက်သူဖြစ်သော်လည်း သူမသည် ယခုတွင်မူ ဦးနှောက်သေသွားပြီဖြစ်သည်။
"ဇီချန် စစ်ဆေးကြည့်တာ ဘယ်လိုနေလဲ။"
လင်းဇီချန်သည် ဝိညာဉ်စွမ်းအားကို ပြန်သိမ်းလိုက်သည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်က မစောင့်နိုင်တော့ဘဲ ချက်ချင်း မေးလိုက်မိသည်။
လင်းဇီချန်က ခေါင်းခါပြလိုက်ပြီး
"ကျောင်းအုပ်ယွမ်က ဝိညာဉ်မှာ ဒဏ်ရာရာထားတာ။ ငါဘာမှမသိတဲ့နေရာမျိုးမှ ထိထားတာ။ ငါလည်း ဘာမှမလုပ်နိုင်ဘူး။"
ယွမ်သုန်ကျီသည် ပြင်ပဒဏ်ရာမျိုးဖြစ်ပါလျှင် လင်းဇီချန်က ချီသွေးလွှဲပြောင်းခြင်းမျိုးဖြင့် ကုသပေးနိုင်သည်။ သို့သော်လည်း ယွမ်သုန်ကျီ၏ဒဏ်ရာမှာ ဝိညာဉ်တွင် ဖြစ်သောကြောင့် အမှန်ပင် မကုသပေးနိုင်ပေ။
"အဲ့လိုကိုး...."
ရှန်ချင်းဟန်တစ်ယောက် အတော်လေးစိတ်ပျက်သွားမိသည်။
နောင်တွင် လင်းဇီချန်က လျို့ချွမ်ဝူကိုလည်း စစ်ဆေးကြည့်သောအခါ၌ သူ၏ဝိညာဉ်ကလည်း ဒဏ်ရာရနေပြီး မကုသနိုင်သည်ကို တွေ့သွားသည်။
မိမိလည်း ဘာမှမတတ်နိုင်သောကြောင့် အတင်းမတိုက်တွန်းခဲ့ပေ။ မိမိနှင့် ရှန်ချင်းဟန်သည် ထိုနှစ်ဦးကို ခေတ္တမျှစောင့်ရှောက်ပေးပြီး မကြာခင်တွင် ယွမ်အိမ်မှ ထွက်လာကြသည်။ ယွမ်မိသားစုကိုယ်တိုင်တွင် မြင့်မြတ်သူအဆင့်ရှိသည်။ မြင့်မြတ်သူအဆင့်က မလုပ်နိုင်ပါလျျင် မိမိတို့က မည်သို့တတ်နိုင်မည်နည်း
ထွက်သွားချိန်တွင် ယွမ်အိမ်၏ခေါင်းဆောင်၊ အားကြီးသောမြင့်မြတ်သူအဆင့်က လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို ညစာစားရန် ဖိတ်သည်။
လင်းဇီချန်လည်း စိတ်မဝင်စားဘဲ အကြောင်းပြချက်ရှာ၍ ငြင်းခဲ့သည်။ မနက်ဖြန်တွင် မူလမြေသို့ ပြန်ကြရတော့မည်ဖြစ်သည်။ နောက်ဆုံးညအနေဖြင့် မိမိနှင့် ရှန်ချင်းဟန်တို့သည် မိဘများနှင့်တူတူရှိနေချင်သည်။ မူလမြေသို့ တစ်ခေါက်ဝင်သွားသည်နှင့် မိဘများကို ထပ်တွေ့ရန် အချိန်သုံးလခန့်ကြာမည်။ လင်းဇီချန်သည် ရှန်ချင်းဟန်လောက် အိမ်ချစ်တတ်သူမဟုတ်သော်လည်း သုံးလမတွေ့ရသည်နှင့် နက်ရှိုင်းစွာ သတိရတတ်ပေသည်။
....
အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် နောက်တစ်နေ့မနက်သို့ ရောက်သွားသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အိပ်ရာမှ စောစောထပြီး မိဘများနှင့်ညီမငယ်အတွက် မနက်စာပြင်ပေးသည်။ ၎င်းတို့၏ဟင်းချက်စွမ်းရည်ကို ကျန်းဝမ်ရှင်းအတော်လေးအထင်ကြီးသွားမိသည်။ ဆန်ပြုတ်၊ ပဲနို့နှင့်ပေါက်စီတို့သည် မိဘများနှင့် ညီမငယ်ကို အဆက်မပြတ်စားစေသည်အထိ ဆွဲဆောင်နိုင်သည်။ အထူးသဖြင့် ညာဘက်လက်ဖြင့် ဇွန်းကိုင်ကာ ဆန်ပြုတ်ကို အဆက်မပြတ်သောက်ပြီး ဘယ်ဘက်လက်ဖြင့် ပေါက်စီစားနေသော လင်းဇီယင်ဖြစ်ကာ လမ်းပေါ်၌ ရက်ပေါင်းများစွာငတ်နေသည့်သူတောင်းစားလေးဖြင့် တူသည်။ လင်းဇီချန်က အစားပုတ်ညီမလေးကိုကြည့်ပြီး ချစ်စရာကောင်းသည်ဟု ထင်မိသည်။ ညီမငယ်သည် သုံးလသားသာဖြစ်သော်လည်း အစားစားချင်စိတ်က လူကြီးတစ်ယောက်ထက်ပင် ကျော်လွန်နေသည်။
'ဇီယင်က စားနေတုန်းတောင် အတော်လေးချစ်စရာကောင်းတာပဲ။ သူ့ပါလေးတွေက ဆာကူရာတိုင်းပြည်က ရှင်းချန်လိုမျိုး ဖောင်းဖောင်းလေးပဲ။'
"ယောက်ျား ကျွန်မတို့ကလေးလေးက ဘယ်လောက်တောင်စားနေလဲ ကြည့်ပါဦး။ ကျွန်မတို့သားနဲ့ ဟန်ဟန်ရဲ့ဟင်းချက်စွမ်းရည်က ကျွန်မထက်တောင်မှ ပိုကောင်းသေးတဲ့ပုံပဲ။"
ကျန်းဝမ်ရှင်းက ပြောလိုက်သည်။
ကျန်းဝမ်ရှင်းသည် နှစ်ခြိုက်စွာစားနေသောသမီးဖြစ်သူကို ကြည့်ပြီး မျက်နှာက တောက်ပနေသည်။
လင်းဇီယင်သည် အသက်လေးဆယ်ကျော်မှ ရလာသည့်ဒုတိယသမီးဖြစ်ပြီး သူမသည် ထိုကလေးလေးကို လွန်စွာချစ်မြတ်နိုးသည်။ ပေါက်စီစားရင်းဖြင့် လင်းယန်ရှန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"သူတို့ရဲ့ ဟင်းချက်စွမ်းရည်က မင်းထက်တောင် နည်းနည်းကောင်းသေးတယ်။ ကျောင်းသားက ဆရာထက် သာနေပြီ။"
ထိုတုံ့ပြန်မှုကို ကြားသည့်အခါတွင် ကျန်းဝမ်ရှင်း၏မျက်နှာက ချက်ချင်းမည်းမှောင်သွားသည်။ သူမသည် သားဖြစ်သူနှင့်ချွေးမလောက် ဟင်းချက်မကောင်းသော်လည်းခင်ပွန်းဖြစ်သူ လင်းယန်ရှန်းက ထိုသို့မပြောသင့်ပေ။ သူမ၏မျက်နှာပျက်သွားသည်ကို မြင်ရသောအခါတွင် လင်းယန်ရှန်းက မှားပြောလိုက်ပြီကို သဘောပေါက်သွားသည်။ ချက်ချင်းပင် ပါးစပ်ပိတ်၍ တိတ်တဆိတ်ဖြင့် ခေါင်းငုံ့၍သာ ပေါက်စီဆက်စားနေသည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ထိုမြင်ကွင်းကို ကြည့်၍ ရယ်လိုက်မိကြသည်။ နားထောင်သူအနေဖြင့် ပြောရန် သဘောမတူသော်လည်း ပြောလိုက်မိသည်။
"မဖြစ်ဘူး။ ဒါကအမှန်မှမဟုတ်တာ။"
ကျန်းဝမ်ရှင်းလည်း ဆက်၍စိတ်မတိုတော့ဘဲ ပုံမှန်အခြေအနေပြန်ဖြစ်သွားသည်။ ထို့နောက်တွင် သူမသည် ရှန်ချင်းဟန်ဘက်သို့လှည့်၍ ပြောလိုက်သည်။
"ဟန်ဟန် မင်းက ဒီမှာနေ့တိုင်း ညထိ ရှောင်ချန်နဲ့နေတာဆိုတော့မင်းမိဘတွေက စိတ်မဆိုးဘူးလား။"
ရှန်ချင်းဟန်က ဆန်ပြုတ်သောက်ရင်းဖြင့် ပြန်ဖြေလိုက်သည်။
"အဖေကတော့ ကန့်ကွက်တယ်။ အမေကတော့ မကန့်ကွက်ူး။ သူက သမီးကို ရှောင်ချန်နဲ့ နေ့တိုင်းတူတူအိပ်ဖို့ကို မစောင့်နိုင်တော့ဘူးလေ။"
ထိုစကားကို ကြားသောအခါတွင် ကျန်းဝမ်ရှင်းက ချက်ချင်းပင် တောက်ပစွာ ပြုံးလိုက်လေသည်။
"မင်းအမေလည်း ငါ့လိုမျိုး စဉ်းစားနေတာပဲ။"
ရွှီမုန့်သည် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ တူတူအိပ်ကာ ကလေးရပြီး အဘွားဖြစ်လာရန် မျှော်လင့်နေရှာသည်။ ယခုတွင် နှစ်နာရီမျှသာ စာရေးကာ အချိန်အများစုက အားနေသည်။ ထို့ကြောင့် သူမကို အလုပ်ရှုပ်စေရန် နောက်ထပ်ကလေးတစ်ယောက်ကို မျှော်လင့်နေမိ၏။
....
မနက်စာစားပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် လင်းဇီယင်ဖြင့် ခေတ္တမျှကစားပြီး မြို့တော်သို့ပြန်သွားကာ မူလမြေသို့ ပြန်ရန်ပင် ဖြစ်သည်။ မြို့တော်သို့ ပြန်ရာလမ်းတွင် မိမိတို့သည် စစ်တပ်ဟယ်လီကော်ပတာမစီးကြတော့ဘဲ ထို့အစား ဝိညာဉ်စွမ်းအားဖြင့် ပျံသန်းသည့်စွမ်းရည်ကို သုံးကာ လေ့ကျင့်ရန်ပင် ဖြစ်သည်။ မကြာခင်တွင် နှစ်ဦးသား ရှန်ဟိုင်းတက္ကသိုလ်မှ မြို့တော်၏စစ်တပ်ဌာနချုပ်ဆီသို့ ပျံသွားသည်။ ဆင်းသက်ပြီးနောက်တွင် တာဝန်ရှိသူများက ၎င်းတို့ကို စစ်ဆေးပြီး မူလမြေသို့ ပြန်ရန် သွေးမျိုးဆက်လမ်းကြောင်းဆီသို့ ခေါ်သွားပေးသည်။
မူလမြေသို့ ရောက်သည့်အခါတွင် လင်းဇီချန်သည် ချက်ချင်းပင် မြို့နောက်မှ အသူရောချောက်နက်ဆီသို့သွားပြီး အသက်တားမြစ်ဇုံဖြစ်သော ထိုအသူရာချောက်နက်သည် အမှန်ပင် မိမိ၏အိပ်မက်ထဲကကဲ့သို့ မည်းမှောင်သောလေဟာနယ်ဖြစ်သည်လားကိုသိရန်ပင် ဖြစ်သည်။ အတည်ပြုချင်နေမိ၏။ ကံမကောင်းစွာဖြင့် အသူရာချောက်နက်နားသို့ မကပ်နိုင်ခင်တွင်ပင် တစ်ယောက်ယောက်က မိမိကို တားလာသည်။ အသူရာချောက်နက်သည် အန္တရာယ်များကာ ဒဏ္ဍာရီအဆင့်များသည်ပင် အသက်ရှင်လျက်ပြန်လာနိုင်ရန်မှာ မသေချာပေ။ လင်းဇီချန်သည် ပါရမီရှင်ဖြစ်သော်လည်း သခင်အဆင့်သာရှိသည်။ မြို့အနောက်နှင့် ကပ်လျက် အသူရာချောက်နက်ကို စောင့်ကြပ်ရသော စစ်သူကြီးသည် လင်းဇီချန်မှာ အသက်ရှင်လျက်ပြန်လာနိုင်မည်ဟု မထင်မိသောကြောင့် ဝင်ရန် ခွင့်မပြုပေ။ အသူရာချောက်နက်သည် အကန့်အသတ်ရှိနေသဖြင့် လင်းဇီချန်လည်း အတင်းမတိုက်တွန်းတော့ပေ။ မိမိကိုယ်တိုင် ဒဏ္ဍာရီအဆင့်သို့ ရောက်မှသာ အသူရာချောက်နက်ထဲသို့ ဝင်မည်ဟု တွေးလိုက်လေသည်။
....
မျက်စိတစ်မှိတ်အတွင်းတွင်ပင် ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။ ထိုနေ့မနက်တွင် အရုဏ်တက်လာသည်နှင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အဆောင်မှ စောစောထွက်ကာ မြို့တံခါးဆီသို့ ဦးတည်ပျံသန်းသွားကြသည်။ ယခုတွင် အင်အားသည် သခင်အဆင့်သို့ ရောက်ပြီဖြစ်သဖြင့် မိမိတို့သည် ဂြိုလ်သားပါရမီရှင်အဆင့်မှခွာ၍ လွတ်လပ်စွာလှုပ်ရှားနိုင်ပေသည်။ ထို့ကြောင့် လင်းဇီချန်သည် မြေတိုင်းလေ့လာရေးအသင်းဖြင့် ပူးပေါင်းကာ မြို့ပြင်၌ စွန့်စားရန် ဆုံးဖြတ်ခဲ့သည်။ မြို့၏ မြေတိုင်းလေ့လာရေးအသင်းသည် မူလမြေနေရာကို စောင့်ကြည့်ရန်နှင့် ပို၍နားလည်အောင်လုပ်ရန် တာဝန်ရှိပေသည်။
မြေတိုင်းလေ့လာရေးအသင်းဖြင့်ပူးပေါင်းရန်အတွက် အနည်းဆုံးအနေဖြင့် သခင်အဆင့်နှင့် အထက်ရှိရမည်။ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်သည်ပင် မြင့်မြတ်သူအဆင့်ဖြစ်ကာ ထိုထဲတွင် အားအကောင်းဆုံးသူဖြစ်သည်။ မြေပုံအသစ်များရှာဖွေခြင်းသည် လုံလောက်သောစွမ်းအားလိုအပ်ပြီး မဟုတ်လျှင် အချိန်တိုအတွင်း၌ပင် သားရဲ၏ဝမ်းဗိုက်ထဲ၌ အဆုံသတ်သွားပေမည်။
"အားလုံး စုပြီးကြပြီလား။"
ထွက်ခွာရမည့်အချိန် နီးကပ်လာသည်ကို မြင်သောအခါတွင် မြေတိုင်းလေ့လာရေးအဖွဲ့ခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။