← Chapters

မြင့်မြတ်သူအဆင့်ဂြိုလ်သားအားသတ်ဖြတ်ခြင်း

Vol. 32 Ch. 472

မြင့်မြတ်သူအဆင့်ဂြိုလ်သားအားသတ်ဖြတ်ခြင်း

Vol. 32 Ch. 472

တောအုပ်ထဲတွင် လင်းဇီချန်သည် တစ်စက်ကလေးပင်မရပ်ဘဲ ရှန်ချင်းဟန်ဖြင့်အတူ ဖြစ်နိုင်သမျှမြန်မြန်ပင် စုကျိုကျဲနှင့်ဝေးရာသို့ သွားကြသည်။ သို့သော်လည်း ဝေးဝေးမရောက်ခင်တွင်ပင် စိတ်ထဲရှိ လေဟာနယ်ထဲ၌ အချက်ပေးစာသားများ ပေါ်လာသည်။

(သင်သည် သင့်ကို အကြိမ်များစွာ ပိုးပန်းပြီး သင်နှင့်အတူ ပို၍အဆင့်မြင့်သောသက်ရှိအဖြစ်သို့ အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်သည့်ဆက်ဆံရေးကို ဖြစ်စေချင်သည့် စိတ်အားငယ်နေသော ဂြိုလ်သားမျိုးနွယ်မြေခွေးမိန်းကလေးဖြင့် တွေ့ပါသည်။)

(အောင်မြင်မှု - ထိုဂြိုလ်သားမျိုးစိတ်ဖြင့် တစ်မိုးအောက်ထဲတွင် တစ်နှစ်နေပြီး ထိုစဉ်အတွင်းတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေပြီး ဆင့်ကဲပြောင်းလဲခြင်းများဖြစ်ပွားအောင် လုပ်ဆောင်ပါ)

(ဆု - အပြန်အလှန်အကျိုးဖြစ်ထွန်းသဟဇီဝသွေးမျိုးဆက်စွမ်းအားကို ရရှိပါမည်)

(စုစုပေါင်းတူတူနေမည့်အချိန် - ၀_၃၆၆ရက်)

လင်းဇီချန်သည် ထိုစာသာများကို ကြည့်ကာ အတော်လေးထူးဆန်းနေမိသည်။

တာဝန်တစ်ခုပြီးမြောက်ရန် အတော်လေးကြကာ လက်ရှိအခြေအနေမျိုးတွင် ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားမိပေ။

"စနစ်ကပေးတဲ့ သွေးမျိုးဆက်စွမ်းအားက မြေပုံစာအုပ်ဖွင့်တာကရတဲ့ စွမ်းအားထက် ပိုပြီးအားကောင်းတယ်။ ဒီစွမ်းအားကလည်း တော်တော်အထင်ကြီးစရာကောင်းမှာ သေချာတယ်။"

လင်းဇီချန် စဉ်းစားနေမိသည်။

"အဲ့လိုဆို....မြေခွေးမိန်းကလေးကို ပြန်ကယ်ပြီး ဒီတာဝန်အသစ်ကို လုပ်လိုက်ရမလား။"

လင်းဇီချန်သည် စိတ်ထဲတွင် မဆုံးဖြတ်နိုင်ဖြစ်နေသည်။ စနစ်ကပေးသောသွေးမျိုးစွမ်းအားက စွမ်းအားကြီးလွန်းကာ မိမိကို ဆွဲဆောင်နေလေသည်။ ပြန်သွားပြီး စုကျိုကျဲကို ကယ်ရမည်လားကို ဝေခွဲမရဖြစ်နေမိသည်။ အဆုံးမသတ်ခင်တွင် နှစ်စက္ကန့်မျှ တွန့်ဆုတ်နေမိသေးသည်။

လင်းဇီချန်က ဆုံးဖြတ်ချက်ချလိုက်ပြီး ထိုတာဝန်အသစ်ကိုလက်လျော့လိုက်သည်။ အောင်မြင်မှုက အချိန်မရွေးလုပ်ဆောင်နိုင်သည်။ ယနေ့တွင်မှ စွန့်စားနေရန် မလိုပေ။

ဆုံးဖြတ်ချက်ချလိုက်စဉ်တွင်ပင် လင်းဇီချန်သည် အမူအရာပြောင်းသွားသည်။ စုကျိုကျဲရှိသည့်စမ်းချောင်းနားတွင် အားကောင်းသောတည်ရှိမှုကို အာရုံခံမိသောကြောင့် ဖြစ်သည်။ ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး အနက်ရောင်အငွေ့အသက်များ ရှိသည့် ထိုယောက်ျား၏ပုံရိပ်သည် စိတ်ထဲတွင် ပေါ်လာသည်။ မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားတစ်ယောက်ပင် ဖြစ်လေသည်။ သွေးမျိုးဆက်စွမ်းအားက သိပ်မမြင့်လှပေ။ မြင့်မြတ်သူအဆင့်ပထမအဆင့်သာဖြစ်သည်။

"မြင့်မြတ်သူပထမအဆင့်လား"

ထိုသူ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို အာရုံခံမိသည်နှင့် လင်းဇီချန်က ပြေးနေသည်မှာ ရပ်သွားပြီး တာဝန်ကိုပြီးမြောက်အောင် ကြံဆောင်လေသည်။ လက်ရှိသွေးမျိုးဆက်စွမ်းအားအဆင့်သည် သခင်အဆင့်နဝမအဆင့်ဖြစ်သဖြင့် ထိုသူသည် မိမိထက်တစ်ဆင့်သာမြင့်ပြီး မိမိ၏သွေးမျိုးဆက်စွမ်းအားများဖြင့်ဆိုလျှင် ထိုသူကို နိုင်နိုင်သည်။

"ဇီချန် ဘာလို့ ရုတ်တရက်ကြီး ရပ်သွားရတာလဲ။"

လင်းဇီချန်က တွန့်ဆုတ်နေသည်ကိုမြင်သောအခါတွင် ရှန်ချင်းဟန်က တွေဝေစွာဖြင့် မေးလိုက်မိသည်။ ထို့နောက်တွင် လင်းဇီချန်ပြန်ဖြေသည်ကိုပင် မစောင့်ဘဲ ပြောလိုက်သည်။

"မြေခွေးမိန်းကလေးကို ပြန်ကယ်ဖို့ စဉ်းစားနေတာလား။"

"အကြံကောင်းပဲ။"

လင်းဇီချန်က ပြန်ဖြေလိုက်သည်။ ရှန်ချင်းဟန်ကို လှည့်ဖျားရသည်ကို မကြိုက်သဖြင့် ပြောလိုက်မိသည်။

"မင်းက အဲ့လိုဆိုတွေးနေတယ်ဆိုရင် သူ့ကို ပြန်ကယ်ရအောင်။"

ပြောပြီးနောက်တွင် ရှန်ချင်းဟန်က ဆက်ပြောလိုက်သည်။

"မြေခွေးမိန်းကလေးက မူလမြေက သက်ရှိဆိုပေမဲ့လို့ သူက ငါတို့အပေါ်မှာ မကောင်းတဲ့စိတ်မျိုးမရှိဘူးလေ။"

"ပြီးတော့ ငါတို့ ရှန်ဟိုင်းမှာ ဂမ္ဘီရင်သစ်ပင်ဂိုဏ်း တိုက်တာခံရတော့ သူကပဲ ငါတို့ကို ကူညီပေးခဲ့တာ။ အခု သူဒုက္ခရောက်နေပြီဆိုမှတော့ ကူညီနိုင်ရင် သေချာပေါက်ကူညီသင့်တာပေါ့။"

ရှန်ချင်းဟန်သည် ရိုးသားစွာပြောလိုက်ခြင်းဖြစ်သ်ည။ စုကျိုကျဲသည် လင်းဇီချန်ကို လိုချင်နေသော်လည်း သူမကိုပြန်ကယ်ခြင်းက ကြက်ခြံထဲသို့ မြေခွေးကိုထည့်လိုက်သလိုမျိုူးဖြစ်မည်ကို မစိုးရိမ်ပေ။ ရှန်ချင်းဟန် စိတ်မဆိုးသည်ကို မြင်သဖြင့် လင်းဇီချန်လည် ချက်ချင်းပင် စမ်းချောင်းလေးဆီသို့ အပြေးသွားသည်။

လမ်းတွင် လင်းဇီချန်က ဘာမှမဖြစ်အောင် ကာကွယ်ရန်အတွက် အဆီအနှစ်သွေးအနည်းငယ်ကို စွန့်လွှတ်ပြီး ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို အမြင့်ဆုံးထိ တင်လိုက်သည်။ မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ဖြစ်သည်။

....

စီးဆင်းနေသောစမ်းချောင်းဘေးတွင် စုကျိုကျဲသည် မနည်းရုန်းကန်ကာ ထလိုက်ပြီး မိမိရှေ့မှ ယောက်ျားကို မျက်မှောင်ကြုတ်၍ကြည့်ကာ လွတ်ရန် နည်းလမ်းစဉ်းစားနေသည််။ သို့သော်လည်း မည်မျှပင် စဉ်းစားပါစေ နည်းလမ်းကို မစဉ်းစားနိုင်ပေ။ ထို့နောက်တွင် စိတ်အားငယ်မှုကသာ စိတ်တွင်း၌ ပေါ်ပေါက်လာပြီး အမူအရာက ပြာနှမ်းသွားသည်။ အနက်ရောင်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသောသူသည် သူမ၏ စိတ်အားငယ်နေသောမျက်နှာကို ကြည့်ပြီး ရယ်လိုက်မိသည်။

"ဒီလောက် မျက်မှောင်ကြုတ်နေပုံထောက်ရင် မင်းအမြီးကိုဖြတ်ပြီးပြေးနိုင်တဲ့အစွမ်းက အကန့်အသတ်ကုန်သွားပြီလား။"

"ရိုးရိုးသားသားပြောရရင် မင်းမျက်မှောင်ကြုတ်တဲ့ပုံက ချစ်စရာကောင်းမနေဘူး။ ဒါပေမဲ့လို့ ကိစ္စမရှိပါဘူး။ မင်းကို ယင်အလောင်းဖြစ်အောင် သန့်စင်ပြီးတာနဲ့ မင်းက အ မြဲတမ်းပြုံးပြီး အမြဲတမ်းလှနေတော့မှာ။"

"...."

အမြဲတမ်းပြုံးနေမှာ....

စုကျိုကျဲသည် အမြဲတမ်းလှပသည့်အလောင်းဖြစ်သွားမည်ကို စိတ်ကူး၍ပင် မရနိုင်ပေ။ သူမသည်ပင် ကြက်သီးမွေးညင်းထသွားသည်။

"တော်လောက်ပြီ။ ငါ့ရဲ့ အလောင်းမွေးမြူတံခွန်ထဲဝင်ပြီး လှပတဲ့အလောင်းလေးလုပ်လိုက်တော့။"

ပြောပြီးသည်နှင့် အနက်ရောင်တံခွန်တစ်ခုက လက်ထဲတွင် ပေါ်လာပြီး စုကျိုကျဲဆီသို့ ပစ်လိုက်သည်။ ချက်ချင်းပင် အနက်ရောင်အငွေ့များက တံခွန်ထဲမှ ထွက်လာပြီး အလင်း၏အမြန်နှုန်းမျိုးဖြင့် ကျယ်လောင်စွာအော်မြည်နေကြသော ယင်ဝိညာဉ်များအဖြစ် ပြောင်းသွားကြသည်။

ထိုအချိန်တွင် စုကျိုကျဲ၏ချီသွေးနှင့်ဝိညာဉ်သည် ကုန်လုနီးပါးဖြစ်နေပြီ။ သူမသည် ထ၍ရပ်ရန်ပင် အားမရှိတော့ဘဲ ယင်ဝိညာဉ်များက သူမကို ဝါးမျိုမည်ကိုသာ စောင့်ကြည့်နေနိုင်တော့သည်။

ယင်ဝိညာဉ်များက သူမ၏အသားကို ဝါးမျိုခါနီးတွင်ပင်

"ဟမ်..."

နားကွဲမတတ်ကြောက်စရာကောင်းလှသောအသံကို ကြားလိုက်ရသည်။ ထိုအသံနှင့်အတူ ချီသွေးစွမ်းအားတစ်ခုက မမြင်နိုင်သောနှုန်းဖြင့် ရောက်လာပြီး ချက်ချင်းပင် ယင်ဝိညာဉ်များကို ဘာမှမဟုတ်သည့်အတိုင်း ပြန့်ကျဲသွားစေသည်။

"ဘယ်သူလဲ"

ထိုသူသည် တုန်လှုပ်သွားပြီး ချီသွေးစွမ်းအားလာရာအရပ်သို့ ကြည့်လိုက်သောခါတွင် မျက်နှာက တုန်လှုပ်သွားဟန်ပေါ်သည်။ ထိုချီသွေးစွမ်းအားသည် မိမိ၏အလောင်းမွေးမြူတံခွန်ထဲမှ ယင်ဝိညာဉ်များကို ချက်ချင်းပျောက်သွားစေသည်မှာ အနည်းဆုံးတွင် မြင့်မြတ်သူအဆင့်ရှိရပေမည်။ ထို့အပြင် ယခုထိ ထိုချီသွေးစွမ်းအားပိုင်ရှင်ကို အာရုံခံမိရန်မဆိုထားနှင့် ၎င်းတို့စွမ်းအားအနည်းငယ်လောက်ကိုမျှပင် အာရုံမခံနိုင်ပေ။

All Chapters