ဗလာနယ်ဝိညာဥ်နယ်ပယ်
Vol. 188 Ch. 2811
လင်းရွှင်ကျန်းသည် သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူမခန္ဓာကိုယ်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ရုတ်တရက်စုစည်းကာ ပို၍သန့်စင်သည်ထက် သန့်စင်ကာ ပို၍သိပ်သည်းကျစ်လစ်လာစေသည်။
သူမ၏ နောက်တွင် သွေးနီရောင်ဓားတစ်လက်ပေါ်ထွက်လာပြီး သိပ်သည်းစုဖွဲ့ကာ ပို၍အစစ်အမှန်ဆန်လာသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ ကြောက်စရာကောင်းသောစွမ်းအားက သူမ၏ ခန္ဓာကိုယ်ပေါ်ဆင်းသက်လာပြီး သူမ၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးကို စတင်၍ ဆေးကြောသန့်စင်ပေးနေ၏။
အောင်မြင်ပြီ။
ဆူဇီမိုသည် သူ၏ ရှေ့မှ အမျိုးသမီးကိုကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်၏။
လင်းရွှင်ကျန်းသည် ဓားတာအိုမှာ တကယ်ပင်ပါရမီပါလေသည်။ အနည်းငယ်လမ်းညွှန်ပေးရုံမျှနှင့် သူမသည် အင်မော်တယ်နှိမ်နင်းဓား၏ အဓိကအချက်နှင့် အစစ်အမှန်သဘောတရားကို နားလည်ဆင်ခြင်မိသွားသည်။
လင်းရွှင်ကျန်းသည် သူ့တပည့်မဟုတ်သော်လည်း သူသည် ဤတစ်ခေါက်တာအိုကို သင်ကြားပေးခြင်းမှာ ထိန်ချန်ထားခြင်း မရှိပေ။
ယနေ့မှစ၍ ဓားကမ္ဘာသည် နောက်ထပ် အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးကို ပိုင်ဆိုင်လာပေတော့မည်။
အခန်းထဲမှ ရုတ်ရုတ်သဲသဲအခြေအနေက လုယွင်၊ ယုလန်နှင့် အခြားသောတောင်ထွတ်သခင်များကို ချက်ချင်းပင် သတိထားမိသွားစေသည်။
သူတို့လေးယောက်က ဆူဇီမို၏ အခန်းအပြင်ဘက်သို့ ချက်ချင်းပင် ရောက်ရှိလာကြ၏။
“ကြည့်ရတာ လင်းရွှင်ကျန်းက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်မိနေပြီပဲ”
“အဲဒါ တကယ့်ကိုအချိန်ကိုက်ပဲ... ငါတို့တွေ ဒီနေရာကနေ စောင့်ကြပ်ပေးကြတာပေါ့”
“ငါ့အထင်တော့ ငါတို့တွေ ပေါ်ထွက်လာစရာမလိုတော့ဘူး... လင်းရွှင်ကျန်းက ဘယ်သူ့အခန်းထဲမှာရှိနေလဲ မင်းတို့ သတိမထားမိဘူးလား”
“ဒီနှစ်တွေအားလုံးမှာ ရွှင်ကျန်းက တာအိုလက်တွဲဖော်တစ်ယောက်ကို အမြဲတမ်းလိုအပ်နေတယ်... ရောင်းရင်းဆူက တကယ်ကို ကောင်းမွန်တဲ့....”
“အဲဒီမှာ ဝါစဥ်အနိမ့်အမြင့် ကွာဟချက်ရှိတယ်”
“ရပါတယ်... သူတို့တွေက သက်တူရွယ်တူတွေ ဖြစ်နေသရွေ့ ပေါ့”
တောင်ထွတ်သခင်လေးဦးက တဖြည်းဖြည်းထွက်ခွာသွားကြပြီး သူတို့၏ အသံများက ပျောက်ကွယ်သွားလေသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး အနားယူရန် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။
သူ့ရှေ့မှာ လင်းရွှင်ကျန်း၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယက အင်မော်တယ်နှိမ်နင်းဓား၏ နတ်ဘုရားစွမ်းအားဖြင့် ဆေးကြောသန့်စင်ခြင်းကို ခံယူနေ၏။ အဲဒါက ပြင်းထန်ကြမ်းတမ်းလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေသည်။ သူမ၏ မျက်နှာပေါ်တွင် မူမမှန်သော ရှက်သွေးဖြာမှုက ရုတ်တရက် ပေါ်ထွက်လာ၏။
ဖြစ်စဥ်တစ်ခုလုံးက နေ့တစ်ဝက်ကြာမြင့်ခဲ့ပြီးနောက် လင်းရွှင်ကျန်းက နောက်ဆုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။
သူမ၏ ကျင့်ကြံမှုနယ်ပယ်က သုခဘုံလေဟာနယ်နယ်ပယ်မှာရှိနေသေးပြီး များစွာတိုးတက်မလာသော်လည်း သူမ၏ အမြုတေ၊ ချီနှင့် စိတ်ဝိညာဥ်တို့က နှစ်ဆကျော် မြင့်တက်လာသည့်ပုံပေါ်လေသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုအပြီးမှာ သူမ၏ တိုက်ခိုက်ရည်ခွန်အားကလည်း နောက်တစ်ဆင့်ထိ မြင့်တက်လာပေလိမ့်မည်။
“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်”
လင်းရွှင်ကျန်းက ဆူဇီမိုကို နောက်တစ်ဖန်ဦးညွှတ်လိုက်၏။
“ဓလေ့ထုံးတမ်းတွေ မလိုပါဘူး”
ဆူဇီမိုက ညင်သာစွာ ခေါင်းညိတ်ပြီး ပြုံးပြလိုက်၏။
လင်းရွှင်ကျန်းက နေရာမှာပင် မတ်တတ်ရပ်ပြီး တစ်စုံတစ်ရာကို တွေးမိနေပုံရသည်။
သူမက တစ်ခုခုကို ပြောချင်နေသော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
“ပြောစရာတစ်ခုခုရှိလို့လား”
ဆူဇီမိုက ပြောလိုက်၏။
လင်းရွှင်ကျန်းက ခဏမျှစဥ်းစားပြီးနောက် သာမန်ကာလျှံကာပုံစံဖြင့် မေးလိုက်၏။
“တောင်ထွတ်သခင်... ကျွန်မကျင့်ကြံထားတဲ့ ဖြတ်တောက်ဓားတာအိုအကြောင်း ရှင်တစ်ခုခုသိထားတာရှိလား”
“ငါ... အကြမ်းဖျင်းတော့ နဲနဲသိတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အဲဒါ လောကီဘုံကနေ ကင်းကွာဖို့အတွက် ဓားနှလုံးသားကို အသုံးချပြီး စိတ်ခံစားချက်ခုနှစ်မျိုးနဲ့ စိတ်အာရုံခြောက်ပါးကို ဖြတ်တောက်ရတာပဲ... အဲလိုနဲ့ လောကီရေးရာတွေနဲ့ကင်းကွာတဲ့ နယ်ပယ်တစ်ခုခုကို ရောက်ရှိပြီး ပြင်ပအရာတွေအားလုံးနဲ့ အနှောင်အဖွဲ့ကင်းလွတ်လာမယ်”
လင်းရွှင်ကျန်းက ခေါင်းညိတ်ပြီး ဖြတ်ပြောလိုက်၏။
“ကျွန်မတို့က ဖြတ်တောက်ဓားတာအိုကို ကျင့်ကြံပြီးတော့ ကျွန်မတို့ရဲ့ စိတ်ခံစားချက်ခုနှစ်မျိုးနဲ့ စိတ်အာရုံခြောက်ပါးကို တကယ်တမ်းမဖြတ်တောက်နိုင်ကြသေးဘူး... ကျွန်မတို့က ပြင်ပအရာတွေနဲ့ နှောင်ဖွဲ့မှုမရှိတဲ့ ဖြတ်တောက်ဓားနယ်ပယ်တစ်ခုကို ရောက်ရှိလာရုံပဲ”
“အင်း”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မျက်လွှာချထားလေသည်။
လင်းရွှင်ကျန်း၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်အရိပ်အယောင်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ သူမက အသံနှိမ့်၍ပြောလိုက်၏။
“တောင်ထွတ်သခင်ဆူ....ကျွန်မသွားပါတော့မယ်”
လင်းရွှင်ကျန်းထွက်ခွာသွားပြီးမှသာ ဆူဇီမိုက သူမ၏ နောက်ကျောကို မော့ကြည့်လိုက်၏။ မည်သည့်အနှောက်အယှက်မှ မရှိတော့ဘဲ သူက တာအိုကို ဆက်လက်၍ နားလည်ဆင်ခြင်လိုက်လေသည်။
ရက်အနည်းငယ်ကြာအပြီးမှာ ဓကမ္ဘာမှလူတိုင်းက နောက်ဆုံး ဓားကမ္ဘာကို ပြန်လည်ရောက်ရှိလာကြသည်။
ဆူဇီမိုသည် ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ ရှင်သန်ကျန်ရစ်ခဲ့သော ကျင့်ကြံသူထောင်ချီကို ဓားသင်္ချိုင်းတောင်ထွတ်သို့ ခေါ်ဆောင်သွားပြီး တစ်ချိန်တည်းမှာပင် သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးကို နေရာချလိုက်လေသည်။
ဓားသင်္ချိုင်းတောင်ထွတ်သည် အရင်ကနှင့် များစွာကွာခြားသွားသည့်ပုံမပေါ်ပေ။
အဲဒီမှာ သာမန်တပည့်ဂိုဏ်းသားထောင်ဂဏန်းတချို့နှင့် မုန့်ဟောင်ကဲ့သို့ ပကတိအင်မော်တယ်တစ်ဦးသာ ထပ်တိုးလာခဲ့လေသည်။ သူတို့သည် တခြားသောတောင်ထွတ်ရှစ်ခုနှင့်ယှဥ်လျှင် ခွန်အားအရာမှာ များစွာနိမ့်ကျနေဆဲဖြစ်သည်။
သို့သော်လည်း ဓားကမ္ဘာမှလူတိုင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ပြန်လည်ရောက်ရှိလာပြီးကတည်းက ကျင့်ကြံသူများအားလုံးသည် ဓားသင်္ချိုင်းတောင်ထွတ်က ယခင်ကနှင့် ကွာခြားသွားပုံရသည်ကို ခပ်ရေးရေးခန့်မှန်းမိနေကြသည်။
သို့သော်လည်း မည်သူကမှ အကြောင်းရင်းကို မသိကြပေ။
အချိန်ကြာလာသည်နှင့်အမျှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဖြစ်ပျက်ခဲ့သော သတင်းက ဓားကမ္ဘာသို့ တဖြည်းဖြည်းပျံ့နှံ့ရောက်ရှိလာခဲ့သည်။ ထိုအခါမှသာ ဓားသင်္ချိုင်းတောင်ထွတ်၏ တောင်ထွတ်သခင်က ဘယ်လောက်ကြောက်စရာကောင်းသလဲ ဓားကျင့်ကြံသူများစွာက သိရှိလာကြသည်။
ဤကိစ္စသည် ဓားကမ္ဘာသို့ ပျံ့နှံ့သွားရုံသာမက ကမ္ဘာများစွာသို့ပင် ပျံ့နှံ့ရောက်ရှိသွားလေသည်။
သည့်ယခင်က ဓားကမ္ဘာ၏ ဓားတောင်ထွတ်များမှာ နဝမမြောက်တောင်ထွတ်သခင်ရှိသည်ကို ကမ္ဘာများစွာက သိရှိထားလေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက တိုက်ပွဲအပြီးမှာ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်က ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ကမ္ဘာများစွာက သိရှိလာကြသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီးနောက် လင်းရွှင်ကျန်း၊ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အမျိုးမျိုးသော ဓားတောင်ထွတ်များမှ ထိပ်သီးပုဂ္ဂိုလ်များသည် ဆူဇီမို၏ သင်ကြားပို့ချမှုကို ကြားနာရန် ဓားသင်္ချိုင်းတောင်ထွတ်သို့ မကြာခဏ ရောက်ရှိလာတတ်ကြလေသည်။
ယွင်ထင်ပင်လျှင် နှစ်ခေါက်သုံးခေါက်ရောက်လာခဲ့လေသည်။
တကယ်တော့ ဓားသင်္ချိုင်းတောင်ထွတ်ကို တည်ထောင်ခဲ့ပြီးကတည်းက ဆူဇီမိုသည် အချိန်တစ်ခုကြာပြီးတိုင်း ဓမ္မတာအို သင်ကြားပို့ချရန် ဓမ္မတာအိုဆွေးနွေးကွင်းတစ်ခုကို ဖွင့်လှစ်ထားခဲ့လေသည်။
သို့သော်လည်း ဓားသင်္ချိုင်းတောင်ခြေရင်းမှာ အဲဒါက အလွန်တရာတိတ်ဆိတ်ခြောက်ကပ်နေပြီး သူ၏ သင်ကြားပို့ချမှုကို လာရောက်နားထောင်သည့်သူ မရှိသလောက်နီးပါးပင်။
အမျိုးမျိုးသော ဓားတောင်ထွတ်များမှ ပကတိအင်မော်တယ်များ၏ ထက်ဝက်သည် ဆူဇီမိုထက် သာလွန်သောကျင့်ကြံမှုရှိကြပြီး သူ၏ သင်ကြားပို့ချမှုကို ဘယ်သူက အရေးလုပ်နေမှာလဲ။
သို့သော်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှသတင်း ပျံ့နှံ့လာပြီးနောက် ဓားသင်္ချိုင်းတောင်ထွတ်၏ ဓမ္မတာအိုဆွေးနွေးကွင်းမှ သင်ကြားပို့ချမှုကို လာရောက်နားထောင်သော ဓားကျင့်ကြံသူများက ပို၍ပို၍များပြားလာသည်။
အရေးကြီးဆုံးအချက်မှာ ဓားကျင့်ကြံသူတိုင်းသည် ထိုနေရာမှာ သင်ကြားပို့ချမှုကို နားထောင်ပြီးနောက် အကျိုးအမြတ်များစွာကို ရရှိလာသည်ဟု ခံစားရလေသည်။
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်သည် အာကာသသက်ရှိနယ်ပယ်မှာသာရှိနေသေးသော်လည်း သူသည် တစ်ခါက မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်၏ သင်ကြားပို့ချမှုကို လက်ခံရရှိထားပြီး တဗူးဂမ္ဘီရကျင့်စဥ်များစွာကို ကျင့်ကြံထားခဲ့သည်။
ဓားတာအိုပေါ် သူ၏ နားလည်ဆင်ခြင်မှုက အဆင့်တူများကြားမှာ များစွာသာလွန်နေပြီဖြစ်သည်။
တကယ်တော့ ဆူဇီမိုအနေဖြင့် လာမည့်အချိန်အတွင်း အရေးကြီးဆုံးလုပ်စရာမှာ ဓမ္မတာအိုနှင့် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ရန်ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် နှစ်သုံးရာကုန်ဆုံးသွားသည်။
ဆူဇီမိုသည် နောက်ထပ်အနှိုင်းမဲ့စွမ်းအား ခေါင်းလေးလုံးလက်ရှစ်ဖက်ကို နားလည်ဆင်ခြင်မိသွားလေသည်။
ဤအနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် သူ၏ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကနေ အရင်းခံလာခဲ့လေသည်။ သူသည် အဲဒါကို ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး ခေါင်းလေးလုံးလက်ရှစ်ဖက်၏ နတ်ဘုရားစွမ်းအားကို ခံစားမိခဲ့သည်။
ဤအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို သူ့ထက်ပို၍လွယ်ကူစွာ ဘယ်သူကမှ နားလည်ဆင်ခြင်နိုင်မည် မဟုတ်ပေ။
ခေါင်းလေးလုံးလက်ရှစ်ဖက်နတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုကိုခံယူအပြီး၌ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေး၊ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဥ်တို့က နောက်တစ်ဖန်တိုးမြင့်လာပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း တိုးတက်လာလေသည်။
နှစ်ရှစ်ရာအကြာမှာ ဆူဇီမိုသည် နောက်ဆုံးပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို နားလည်ဆင်ခြင်မိသွားသည်။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် သူ၏ ခန္ဓာကိုယ်ကို သန့်စင်သည့်အခါ သူ၏ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာက အဲဒါကို ခံနိုင်ရည်မရှိလုနီးပါးဖြစ်ပြီး အကြိမ်ပေါင်းများစွာလဲပြိုကျကာ ပြန်လည်ကုသခဲ့ရလေသည်။
လဲပြိုကျခြင်းနှင့် ပြန်လည်ကုသခြင်း ခြောက်ကြိမ်ဆက်တိုက်ဖြစ်ပွားပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပြန်လည်မွေးဖွားလာပြီး သူ့ကို ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သောအော်ရာတစ်ခုက လွှမ်းခြုံလာခဲ့သည်။
နှစ်တစ်ထောင်အကြာမှာ ဆူဇီမိုသည် အန္တိမသူတော်စင်ဓာတ်တော်ကို နားလည်ဆင်ခြင်ပြီး နောက်ဆုံးမှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ နောက်ထပ် ဒုတိယမြောက်လျှို့ဝှက်အတတ်၏ လေးနက်သိမ်မွေ့မှုကို နားလည်ဆင်ခြင်မိသွားသည်။
အနတ္တဟုခေါ်ဆိုသောအရာ၏ အစစ်အမှန်အဓိပ္ပါယ်မှာ အတ္တကို ဗလာနယ်အခြေအနေတစ်ခုမှာ ထားရှိရခြင်းဖြစ်လေသည်။ ထိုသို့ဖြင့် အနတ္တအခြေအနေသို့ ရောက်ရှိလာပေလိမ့်မည်။ ထိုအခိုက်အတန့်မှာ မည်သည့်ဓမ္မညာရပ်ကမှ သူ၏ ခန္ဓာကိုယ်ကို စွန်းထင်းနိုင်တော့မည် မဟုတ်ပေ။
ထိုလျှို့ဝှက်အတတ်အတွင်း ပကတိဧကနယ်ပယ်၏ ဗလာနယ်ဝိညာဥ်နယ်ပယ်နှင့်သက်ဆိုင်သော ဘာမှမရှိခြင်းကို နားလည်ဆင်ခြင်မိခဲ့လေသည်။
ရှန့်မုန်၏ ကောင်းကင်ဘုံမျက်လုံးထဲမှာ ကြယ်တာရာအကျဥ်းထောင်နှင့်အတူ ဗလာနယ်နှင့် လေဟာနယ်အပေါ် သူ၏ နားလည်ဆင်ခြင်မှုတို့ ပါဝင်လေသည်။
ရလဒ်အနေဖြင့် အာကာသသက်ရှိနယ်ပယ်မှာ ဆူဇီမို၏ ကျင့်ကြံမှုက ဆပွားမြင့်တက်လာခဲ့သည်။
တကယ်ဆို သူသည် ဗလာနယ်ဝိညာဥ်နယ်ပယ်၏ အဟန့်အတားကို ထိတွေ့မိနေပြီဖြစ်ပြီး အချိန်မရွေးချိုးဖျက်တက်လှမ်းနိုင်လေသည်။
နောက်နှစ်အနည်းငယ်မှာ ဗုဒ္ဓဝါဒနှင့် နဂါးမျိုးနွယ်နှင့် ဆင်မျိုးနွယ်တို့၏ ဓမ္မတာအိုများမှာ သူ၏ တိုးတက်လာသော အောင်မြင်မှုများကြောင့် ဆူဇီမိုသည် နောက်ဆုံးမှာ ဗုဒ္ဓနဂါးဆင်၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်ပြီး အဲဒါကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ ရောက်ရှိလာစေခဲ့လေသည်။
ဗုဒ္ဓဓမ္မ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် ဆင်းသက်လာပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို နောက်တစ်ဖန်ဆေးကြောသန့်စင်ပေးခဲ့လေသည်။
ထိုနတ်ဘုရားစွမ်းအား၏ အကူအညီနှင့်အတူ ဆူဇီမိုသည် အဟန့်အတားတစ်ခုကို ချိုးဖျက်ကာ ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်လာခဲ့သည်။
ပုံမှန်အခြေအနေမှာဆိုလျှင် လူတစ်ယောက်သည် ဘယ်လောက်ပင် ပါရမီအရည်အချင်းရှိသည်ဖြစ်စေ အရင်းအမြစ်များ ဘယ်လောက်ပင် ပေါကြွယ်ဝသည်ဖြစ်စေ သူတို့၏ ကျင့်ကြံမှုအလျင်အဟုန်သည် ပကတိဧကနယ်ပယ်ထိ ကျင့်ကြံပြီးနောက် နှေးကွေးသွားပေလိမ့်မည်။
ဥပမာအားဖြင့် ယွင်ထင်သည် ပေါင်းစည်းခြင်းနယ်ပယ်သို့ ဝင်ရောက်နေခဲ့သည်မှာ ကြာခဲ့လေပြီ။ နှစ်တစ်ထောင်ကြာပြီးတာတောင် သူသည် အာကာသသက်ရှိနယ်ပယ်သို့ တက်လှမ်းလာနိုင်ခြင်း မရှိသေးပေ။
ပေမင်ရွှယ်သည်လည်း အတူတူပင်ဖြစ်လေသည်။
ဆူဇီမိုကတော့.. သူသည် တိုတောင်းသော နှစ်တစ်ထောင်မှာ ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်မှာ သူသည် ထိုအချိန်အတောအတွင်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခုနှင့် တဗူးလျှို့ဝှက်အတတ်တစ်ခုကို နားလည်ဆင်ခြင်မိခဲ့သောကြောင့်ဖြစ်သည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခု၏ ဆင်းသက်လာမှုကပင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာပေါ် အလွန်တရာကြောက်စရာကောင်းသည့် ပြောင်းလဲမှုတစ်ရပ်ကို ဆောင်ကြဉ်းပေးလာခဲ့ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကို တိုးမြင့်လာစေသည်။
ဒါ့အပြင် ဗလာနယ်အပေါ် သူ၏ နားလည်ဆင်ခြင်မှုနှင့် များပြားလှစွာသော ကျင့်ကြံရေးအရင်းအမြစ်များ၏ အထောက်အပံ့နှင့်အတူ ဆူဇီမိုအနေဖြင့် ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်မှာ သာမန်သာဖြစ်လေသည်။