အားလုံးကို သန့်စင်ပစ်ခြင်း
Vol. 188 Ch. 2815
တမလွန်ကိုးဘုံချောက်နက်သည် စိမ်းညိုရောင်အလင်းတစ်ခုဖြင့် တောက်ပနေ၏။
တမလွန်ကိုးဘုံချောက်နက်၏ အခြားတစ်ဘက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ငရဲခန်းတစ်ခုအဖြစ်အသွင်ပြောင်းလဲပြီး ယက္ခဘုရင်များစွာကို လွှမ်းခြုံထားလေသည်။ ဒေါသူပုံထနေသော မီးတောက်များက ကောင်းကင်ထက်ကို တလိပ်လိပ်ထိုးတက်နေ၏။
အလင်းရောင်နှစ်မျိုးက တစ္ဆေကမ္ဘာ၏ ညကောင်းကင်ယံထက်မှာ လင်းထိန်တောက်ပနေ၏။
သူတို့၏ ကောင်းကင်လိုဏ်ဂူများက ဤငရဲခန်းထဲမှာ လုံးဝတောင့်မခံနိုင်တော့ဘူးဆိုတာကို ယက္ခဘုရင်များက ထိတ်လန့်တကြား နားလည်သဘောပေါက်လိုက်သည်။
ကောင်းကင်လိုဏ်ဂူအကြီးများနှင့် ကောင်းကင်လိုဏ်ဂူအသေးများကို မပြောနှင့် ပကတိကောင်းကင်လိုဏ်ဂူများပင်လျှင် သိုင်းတာအိုငရဲခန်း၏ လောင်ကျွမ်းခြင်းကို ခုခံနိုင်ခြင်းမရှိပေ။
အန္တိမမီးတောက်ငါးမျိုးက ဓမ္မပညာရပ်များနှင့် သိုင်းတာအို၏ စိတ်စွမ်းအားနှင့်အတူ ရောထွေးယှက်ဖြာနေ၏။
ဖျောက်… ဖျောက်…
ကောင်းကင်လိုဏ်ဂူများက တစ်ခုပြီးတစ်ခု ကြေမွသွားပြီး မရေမတွက်နိုင်သော ဓမ္မစွမ်းအားများက သိုင်းတာအိုငရဲခန်းထဲသို့ ပေါင်းစည်းလာခဲ့လေသည်။ သူတို့သည် မီးတောက်များအဖြစ်ပြောင်းလဲပြီး သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်ကာ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ ဝါးမျိုခြင်းခံနေရသည်။
သိုင်းတာအိုပင်ခန္ဓာသည် လေထဲမှာ မတ်တတ်ရပ်ပြီး အရာရာတိုင်းကို အတင်းအဓမ္မဝါးမျိုသန့်စင်နေသည့် ဧရာမဝဲကတော့တစ်ခုနှင့် တူလေသည်။
ကောင်းကင်လိုဏ်ဂူများ၏ ကာကွယ်မှုမရှိဘဲ ယက္ခဘုရင်များသည် သိုင်းတာအိုငရဲခန်း၏ မီးတောက်များကို လုံးဝခုခံနိုင်ခြင်းမရှိပေ။
“အား.. အား… အား”
ငရဲခန်းအတွင်းမှ ယက္ခဘုရင်များက စူးစူးဝါးဝါးအော်ဟစ်နေ၏။
ယက္ခဘုရင်တချို့သည် အသက်ရှူချိန်အနည်းငယ်မှာ အလောင်းပင်မကျန်ဘဲ ပြာကျသွားလေသည်။
ကျန်ရှိနေသော ယက္ခဘုရင်များကလည်း အနိုင်နိုင်တောင့်ခံနေရ၏။ သူတို့၏ ခန္ဓာကိုယ်များထဲရှိ ချွေးပေါက်များ၊ နှာခေါင်းပေါက်များနှင့် ပါးစပ်ပေါက်များထဲကနေ မီးတောက်များက လျှံထွက်လာပြီး သူတို့က ဆက်လက်၍ အသက်မရှင်နိုင်ကြတော့ပေ။
သိုင်းတာအိုငရဲခန်းထဲမှာ သူတို့သည် ထွက်ပြေးဖို့ပင် အခွင့်အရေးမရခဲ့ပေ။
အခြားတစ်ဘက်မှာ…။
လေဟာနယ်ယက္ခနှင့် ယက္ခခေါင်းဆောင်ကြားတိုက်ပွဲရလဒ်က ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
လေဟာနယ်ယက္ခသည် သွေးများဖြင့် စိုရွှဲနေပြီး သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူကကြေမွသွားခဲ့ပြီဖြစ်သည်။ သူ့ကို ယက္ခခေါင်းဆောင်က တက်နင်းထားပြီး သူ၏ မျက်နှာတစ်ဝက်က မြေကြီးထဲမှာ နစ်မြုပ်ကာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
“အကျည်းတန်ကျေးကျွန်… အရင်တုန်းက မင်းက နေရာတိုင်းမှာ ငါ့ထက်သာလွန်ခဲ့တယ်… ဒီလိုဖြစ်လာမယ်လို့ မင်းထင်မထားဘူးမလား”
ယက္ခခေါင်းဆောင်က လေဟာနယ်ယက္ခ၏ ဦးခေါင်းကို ထပ်တလဲလဲဆောင့်နင်းရင်း သူ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားတက်ကြွသော အမူအရာတစ်ခုရှိနေ၏။
လေဟာနယ်ယက္ခ၏ ဦးခေါင်းခွံက ဆက်လက်၍ခံနိုင်ရည်မရှိတော့ပုံရပြီး တကျွိကျွိမြည်ကာ အချိန်မရွေးကြေမွသွားနိုင်လေသည်။
မည်သို့ပင်ဆိုစေ သူသည် ခါးသက်စိမ့်စမ်းငရဲမှာ နှစ်ပေါင်းများစွာ အကျဉ်းချခံထာခဲ့ရပြီး တစ်နှစ်ပတ်လုံး ငရဲခါးသက်စိမ့်စမ်းထဲမှာ နှစ်မြှုပ်ခံထားရလေသည်။ သူ၏ ကျင့်ကြံမှုနယ်ပယ်က ရပ်တန့်နေခဲ့ရုံသာမက သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် ပြင်းထန်သော ပျက်စီးထိခိုက်မှုကို ကြုံတွေ့ထားခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်သည် ငရဲကမ္ဘာကနေ ထွက်ခွာလာပြီးနောက် သက်သာပျောက်ကင်းလာပြီဟု ထင်ရသော်လည်း သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းလျှိုးနေသော ဒဏ်ရာများစွာရှိနေဆဲဖြစ်သည်။
သူက အပြည့်အဝသက်သာပျောက်ကင်ဖို့ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကုသရမလဲ မသိရပေ။
တစ္ဆေကမ္ဘာမှာ အဆက်မပြတ်ကျင့်ကြံနေခဲ့သော ယက္ခခေါင်းဆောင်ကတော့ သူ၏ ခွန်အားသည် လေဟာနယ်ယက္ခထက် သာလွန်လာခဲ့လေသည်။
“အကျည်းတန်ကျေးကျွန် သနားညှာတာပေးဖို့ တောင်းပန်လိုက်”
ယက္ခခေါင်းဆောင်က လှောင်ရယ်လိုက်၏။
“မင်းရဲ့စိတ်သဘောထားက ရိုးဖြောင့်မယ်ဆိုရင် ငါကျေနပ်မိရင် မင်းအသက်ကို ချမ်းသာပေးချင်ပေးမိလိမ့်မယ်… ဟားဟားဟားဟား”
လေဟာနယ်ယက္ခက သူ၏ မျက်နှာကို တစောင်းလှည့်ထားပြီး နီရဲနေသော မြေကြီးထဲမှာ နစ်ဝင်ကာ မျက်လုံးတစ်လုံးသာလျှင် ပေါ်တော့လေသည်။ သူက စိတ်ပျက်အားငယ်နေပြီဖြစ်သည်။
တစ်ဘက်သူ၏ နည်းလမ်းများနှင့် စိတ်နေစရိုက်ကို သူသိထားလေသည်။ သူက အသနားခံတောင်းပန်မည်ဆိုလျှင်တောင် ယက္ခခေါင်းဆောင်က သူ့ကို လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
တစ်ဘက်သူသည် လေဟာနယ်ယက္ခကို ချက်ချင်းမသတ်ဖြတ်သေးသည့် အကြောင်းအရင်းမှာ သူက ညှင်းပန်းနှိပ်စက်ခြင်းဖြင့် စိတ်ကျေနပ်မှုကို ရယူချင်သောကြောင့်ဖြစ်လေသည်။
အဲဒါသည် သူတို့၏ မျိုးဆက်သွေးထဲမှာ ပုန်းကွယ်နေသော အကျင့်စရိုက်တစ်ခုဖြစ်လေသည်။
သူက တူညီသောနေရာမှာရှိနေမည်ဆိုလျှင် သူသည်လည်းဘဲ တစ်ဖက်သူကို အလွယ်တကူလွှတ်ပေးလိမ့်မည် မဟုတ်ပေ။
“အကျည်းတန်ကျေးကျွန်… မင်းက ကြီးမားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ပြီး တမလွန်မြစ်ထဲကို နှင်ထုတ်ခံလိုက်ရတယ်… အခု မင်းက ငါတို့မျိုးနွယ်ထဲကို ပြင်ပမျိူးနွယ်တွေကိုပါ ခေါ်လာခဲ့တယ်ဆိုတော့ မင်းရဲ့ပြစ်မှုတွေက ခွင့်လွှတ်လို့မရတော့ဘူး”
ယက္ခခေါင်းဆောင်က ကျိန်ဆဲကာ ပြောလိုက်၏။
“ငါမပြောနဲ့ တစ္ဆေကမ္ဘာတစ်ခုလုံးကတောင် မင်းကို သည်းခံနိုင်မှာ မဟုတ်ဘူး”
သူ၏ စကားမပြီးဆုံးခင် ယက္ခခေါင်းဆောင်သည် သူ၏ ခြေထောက်ကို နောက်တစ်ဖန်မြှောက်ပြီး ခွန်အားကို စုစည်းလိုက်၏။ ထို့နောက် သူက လေဟာနယ်ယက္ခ၏ ဦးခေါင်းကို ပြင်းထန်စွာဆောင့်နင်းချလိုက်၏။
ထိုခြေနင်းချက်က သူ၏ ဦးခေါင်းကို ကြေမွစေပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။
လေဟာနယ်ယက္ခက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။
ဘုန်း…
ရုတ်တရက်ကျယ်လောင်သော မြည်ဟည်းသံက သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာ၏။
လေဟာနယ်ယက္ခက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို အလိုလိုဖွင့်လိုက်၏။
မီးတောက်များဖြင့်လောင်ကျွမ်းနေသော ပုံရိပ်တစ်ခုက လေထဲကနေရောက်ရှိလာပြီး ထိုးချက်တစ်ချက်ဖြင့် ယက္ခခေါင်းဆောင်ကို ကြေမွသွားစေလေသည်။
ထို့နောက်ချက်ချင်းပင် ထိုလူက သူ၏ ပါးစပ်ကိုဖွင့်ပြီး မီးတောက်များကို ထွေးထုတ်ကာ အဲဒါက ယက္ခခေါင်းဆောင်၏ ကြေမွသွားသော အသားများကို ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။
ယက္ခခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်က မထွက်ပြေးနိုင်ခင်မှာပင် အဲဒါက မီးတောက်များဖြင့် လောင်ကျွမ်းပြာကျသွား၏။
ထိုသူက ငရဲအရှင်ဖြစ်လေသည်။
ထိုအခိုက်အတန့်မှသာ ငရဲကမ္ဘာမှာ သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့စဉ်က ငရဲအရှင်သည် သူ၏ ခွန်အားအပြည့်အဝကို အသုံးမပြုခဲ့ကြောင်း လေဟာနယ်ယက္ခက နားလည်သဘောပေါက်လိုက်သည်။
မဟုတ်ပါက သူသည် ငရဲအရှင်ထံမှာ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
လေဟာနယ်ယက္ခသည် ထိုလူကို ကြည့်ရင်း ရုတ်တရက် မလုံမလဲခံစားလာရ၏။
ထိုသူကြောင့်မဟုတ်လျှင် သူသည် ခါးသက်စိမ့်စမ်းငရဲ၏ မြေအောက်အကျဉ်းထောင်မှာ ပိတ်မိနေဦးမည်ဖြစ်ပြီး ငရဲခါးသက်စိမ့်စမ်းမှာ နေ့နေ့ညညညှင်းပန်းနှိပ်စက်ခံရကာ နေ့အလင်းရောင်ကို ဘယ်တော့မှာတွေ့မြင်ရလိမ့်မည် မဟုတ်ပေ။
စောစောက ထိုလူသည် သူ့အသက်ကို နောက်တစ်ဖန်ကယ်တင်ပေးခဲ့ပြန်လေသည်။
ယခင်က သူသည် သူ့ဘဝကို ပြန်လည်ရရှိဖို့အတွက် ဤလူ့ကို မည်သို့မည်ပုံ စွန့်လွှတ်စတေးရမလဲ စဉ်းစားတွေးတောနေခဲ့သည်။
လေဟာနယ်ယက္ခသည် သူ့အပေါ် သူတို့ယက္ခမျိုးနွယ်၏ စိတ်သဘောထားကို တွေ့မြင်ရသောအခါ သူက သိုင်းတာအိုပင်မခန္ဓာအပေါ် ပို၍ပင် မလုံမလဲခံစားလာရပြီး စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်လေသည်။
“ကျုပ်ခင်ဗျားကို အရင်က လိမ်ခဲ့မိတယ်”
“ဟုတ်လား”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခြေရင်းမှာရှိသော လေဟာနယ်ယက္ခကို တည်ငြိမ်သောအမူအရာဖြင့် ငုံ့ကြည့်လိုက်၏။
လေဟာနယ်ယက္ခက ပြောလိုက်သည်။
“ကျုပ်ခင်ဗျားကို တမလွန်ကိုးဘုံချောက်နက်ကို ရောက်လာအောင် လှည့်စားခေါ်လာခဲ့တာ… အဲဒါကျုပ်က ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ထံ ကျုပ်ရဲ့ရိုသေလေးစားမှုကို ပြသပြီး ကျုပ်အပြစ်တွေကို ဆေးကြောသန့်စင်ဖို့အတွက် ခင်ဗျားကို ကမ်းလှမ်းချင်ခဲ့လို့ပဲ”
“ခင်ဗျားက လူသားတစ်ယောက်ဖြစ်သလို ငရဲအရှင်လည်းဖြစ်တယ်… ခင်ဗျားမှာ အနှိုင်းမဲ့ရတနာအချို့ရှိနေတယ်… ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်က ကျေနပ်သဘောကျမယ်ဆိုရင် သူက ကျုပ်ကို ခွင့်လွှတ်ကောင်းခွင့်လွှတ်နိုင်တယ်”
“ခင်ဗျားက လူသားတစ်ယောက်ပဲ.. ကျုပ်ကတော့ ယက္ခ… ကျုပ်တို့တွေက သဘာဝရန်သူတွေပဲ… ခင်ဗျားက ကျုပ်ကို ကယ်တင်ပေးခဲ့ရင်တောင် ကျုပ်က ခင်ဗျားထိန်းချုပ်တာ မခံနိုင်ဘူး… အဲဒါကြောင့် ကျုပ်လိမ်ခဲ့မိတာပဲ”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
သူသည် လေဟာနယ်ယက္ခ၏ မူမမှန်မှုကို သတိထားမိနေခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း လေဟာနယ်ယက္ခမှာ ဆင်ခြင်တုံတရားရှိနေသေးပြီး သူ့အပေါ် နောက်ဆုံးရိုးသားလာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
လေဟာနယ်ယက္ခက ဆက်ပြောလိုက်၏။
“ဒီနေရာမှာရှိတဲ့ ရုတ်ရုတ်သဲသဲအခြေအနေက ယက္ခမျိုးနွယ်က နောက်ထပ်ပညာရှင်တွေကို သေချာပေါက် သတိထားမိစေလိမ့်မယ်… ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်တွေ ဒါမှမဟုတ် ဧကရာဇ်ပညာရှင်တွေတောင်မှ ရောက်လာနိုင်တယ်”
“ခင်ဗျားရဲ့ တိုက်ခိုက်ရည်ခွန်အားက သန်မာတယ်ဆိုပေမယ့် ခင်ဗျားက သူတို့ကို လုံးဝယှဉ်နိုင်မှာ မဟုတ်ဘူး… ခင်ဗျားကျုပ်ကိုသတ်ပြီးရင် ဒီနေရာကနေ မြန်မြန်ထွက်သွားတော့”
လေဟာနယ်ယက္ခက ထိုသို့ပြောပြီးနောက် အသက်ရှင်ဖို့စိတ်ကူးမရှိတော့ပေ။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။
“တစ္ဆေကမ္ဘာမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကို ပြန်သွားနိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်လို့ မင်းငါ့ကို ပြောခဲ့တယ်.. အဲဒါကရော မင်းငါ့ကို လိမ်ခဲ့တာပဲလား”
“အဲဒါက အမှန်ပဲ”
လေဟာနယ်ယက္ခက ပြောလိုက်၏။
“တစ္ဆေကမ္ဘာမှာ ယစ်ပူဇော်ပသခြင်းကနေတစ်ဆင့် အလယ်အလတ်ကမ္ဘာတစ်ထောင်ကို ဆင်းသက်နိုင်တဲ့နည်းလမ်းတစ်ခုရှိတယ်.. ဒါပေမဲ့ ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ကပဲ အဲလိုမျိုးနည်းလမ်းတွေကို အသုံချနိုင်စွမ်းရှိတယ်။”
“ကောင်းပြီလေ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။
“မင်းက အဲဒီအချက်နဲ့ပတ်သက်ပြီး ငါ့ကို မလိမ်ခဲ့ဘူးဆိုမှတော့ မင်းအသက်ကို အရင်ဆုံးချမ်းသာပေးလိုက်မယ်”
မည်သို့ပင်ဆိုစေ သူသည် ငရဲကမ္ဘာကနေထွက်ခွာပြီး တမလွန်ဘုံမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓနှင့် တွေ့ဆုံနိင်ဖို့အတွက် ဤလေဟာနယ်ယက္ခပေါ် မှီခိုခဲ့ရလေသည်။
သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကျိန်စာများ၏ အန္တရာယ်ကနေ လွတ်မြောက်ရန် ကန့်သတ်မဲ့စိမ့်စမ်းရေကိုပင် ပေးနိုင်ခဲ့လေသည်။
ထို့ကြောင့်ပင် သူသည် လေဟာနယ်ယက္ခကို ယခုအချိန်ထိ သည်းခံထားခြင်းဖြစ်လေသည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မဆက်သွယ်နိုင်သော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အန္တရာယ်ကနေ လွတ်မြောက်သွားလောက်ပြီဟု သိုင်းတာအိုပင်မခန္ဓာက ထင်မြင်ယူဆမိလေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အဆင်ပြေနေပြီဆိုမှတော့ သူ့အနေဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားဖို့ အလောတကြီးလုပ်နေစရာ မလိုပေ။
သူသည် တစ္ဆေကမ္ဘာကနေတစ်ဆင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားနိုင်သည်ကို သိရှိထားသည်နှင့်အမျှ သူသည် အခွင့်အလမ်းတစ်ခုကို သေချာပေါက် ရှာဖွေတွေ့ရှိပေလိမ့်မည်။
တကယ်တော့ ဤကိစ္စက ဗြဟ္မာတစ္ဆေမိခင်ကို သတိထားမိသွားစေမည်ဆိုလျှင် ဘာမှန်းမသိရသောအန္တရာယ်များနှင့် မသေချာမရေရာမှုများက ရှိနေပေဦးမည်။
သိုင်းတာအိုပင်မခန္ဓာက တမလွန်ကိုးဘုံချောက်နက်၏ အစပ်သို့ ရောက်ရှိလာပြီး ချောက်နက်ထဲမှာ တဖျတ်ဖျတ်လက်နေသည့် စိမ်းညိုရောင်အလင်းကို ကြည့်လိုက်၏။
သူသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ ထူးဆန်းသောအလင်းရောင်တစ်ချက် ဖျတ်ခနဲလက်သွားလေသည်။