အမှောင်ထုထဲက သက်ပြင်းချသံ
Vol. 188 Ch. 2820
ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်မှ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးသည် ပေါ့ပေါ့ဆဆ မပြုမူရဲပေ။ သူတို့သည် လောကတစ်ခုကို မြှောက်တင်ပြီး ဧကရာဇ်နယ်ပယ် အရိုးစုနှစ်ခုကို ဖိနှိမ်လိုက်သည်။
ဝုန်း... ဝုန်း...
ကျယ်လောင်သော မြည်သံနှစ်သံနှင့်အတူတွဲဖက်၍ ဧကရာဇ်နယ်ပယ်စွမ်းအားများက ထိတွေ့ရိုက်ခတ်ပြီး လျင်မြန်စွာ ဖြန့်ကြက်လာသော ဧရာမမီးခိုးရောင်စက်ဝန်းတစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာလေသည်။
ချောက်နက်၏ အောက်ဘက်မှာရှိသော လေဟာနယ်က လဲပြိုကျသွားပြီး ချက်ချင်းပင် ကြေမွသွား၏။
မည်သို့ပင်ဆိုစေ ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုမှာ သူတို့ကို ကာကွယ်ပေးနေသည့် လောကများ မရှိပေ။ သူတို့သည် ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦး၏ ဖိနှိမ်ခြင်းခံရပြီး အရိုးပုံများပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။ သို့သော်လည်း သူတို့သည် နာကျင်မှု သို့မဟုတ် ကြောက်ရွံ့မှုကို လုံးဝမခံစားမိပေ။ သိုင်းတာအိုပင်မခန္ဓာ၏ ထိန်းချုပ်မှုအောက်မှာ သူတို့သည် လျင်မြန်စွာ မတ်တတ်ထရပ်ပြီး နောက်တစ်ဖန် ရှေ့သို့ပြေးတက်လာ၏။
ဝုန်း... ဘုန်း... ဘုန်း...
ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်မှ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးသည် အရိုးစုနှစ်ခုနှင့် အဆက်မပြတ်တိုက်ခိုက်ပြီး ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။
ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုအနေဖြင့် ဧကရာဇ်နယ်ပယ်ပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့က မလွယ်ကူပေ။
သို့သော်လည်း တစ်ကြိမ်တိုက်ခိုက်ဖလှယ်ပြီးတိုင်း ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦး ထောက်ပံ့ထားသည့်လောကက တမလွန်တစ္ဆေမီးဖြင့် စွန်းထင်းခံရပြီး သူတို့၏ ခွန်အားက အဆက်မပြတ်လျော့ကျလာ၏။
တစ်ချိန်တည်းမှာပင် တမလွန်ကိုးဘုံချောက်နက်၏ အောက်ဘက်မှာ အဆုံးမဲ့ဆိုးယုတ်ချီက ရှိနေ၏။
ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုပေါ်ရှိ တမလွန်တစ္ဆေမီးကို ဆိုးယုတ်ချီက အားဖြည့်ပေးနေပြီး ငြိမ်းသေသွားလိမ့်မည် မဟုတ်ပေ။ ထိုအစား မီးတောက်များက ပို၍ပင် ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းလာ၏။
အချိန်ကြာလာသည်နှင့်အမျှ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးသည် တဖြည်းဖြည်း အရေးနိမ့်သည့်ဘက်ကို ရောက်ရှိလာခဲ့လေသည်။
တကယ်တော့ သူ့အနေဖြင့် ချောက်နက်ထဲရှိ တမလွန်တစ္ဆေမီးနှင့် ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခု၏ အကူအညီနှင့်အတူ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးကို သတ်ဖြတ်ဖို့က လက်တွေ့မဆန်ပေ။
ယက္ခိုသ်ဧကရာဇ်သည် နောက်ဆုံးမှာ သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“လူသား… ဒါက တစ္ဆေကမ္ဘာပဲ… မင်းလုံးဝ ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ဘူး… မင်းအညံ့ခံလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်”
ယက္ခဧကရာဇ်ကလည်း မကောင်းဆိုးဝါးဆန်ဆန် သွားဖြဲကာ ပြောလိုက်၏။
“လူသား… မင်းက ငါ့ကလန်သားတွေ အများကြီးကို သတ်ထားတယ်… တစ္ဆေကမ္ဘာရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ဘာလဲဆိုတာ မင်းကို ငါပြပေးမယ်”
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက အေးစက်လာပြီး သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်လိုက်၏။
သူ၏ ဘေးမှာ အခြားသော ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခု၏ မျက်လုံးထဲမှာ မီးတောက်လုံးနှစ်လုံးက ရုတ်တရက်ပေါ်ထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်များက ဝင်းလက်တောက်ပလာ၏။
ဝုန်း... ဝုန်း...
နောက်ထပ် ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုက နိုးထလာပြီး ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးထံ ပြေးဝင်ကာ တိုက်ပွဲမြေသို့ ဝင်ရောက်လာ၏။
“မင်း…”
ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး သံရှည်ဆွဲ၍ ဟိန်းဟောက်ကာ နောက်သို့ဆုတ်ခွာလိုက်ကြ၏။
သူတို့သည် တမလွန်တစ္ဆေမီးဖြင့် လွှမ်းခြုံထားသော ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုနှင့် အကြိတ်အနယ် တိုက်ခိုက်နေရပြီဖြစ်လေသည်။ ယခု နောက်ထပ်ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုက ထပ်မံဝင်ရောက်လာခဲ့သည်။
ထိုစဉ်မှာပင် ချောက်နက်၏ အထက်မှာ အက်ကွဲကြောင်းတစ်ခုက ရုတ်တရက်ပွင့်ထွက်လာ၏။
ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နှင့်အတူ ချောမောလှပသော အမျိုးသမီးတစ်ဦးက သူမ၏ လက်ထဲရှိ ပန်းလှောင်အိမ်တစ်ခုနှင့်အတူ လျှောက်လှမ်းထွက်လာ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ခပ်ဖျော့ဖျော့အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေပြီး သူမ၏ အရေပြားက ဆင်စွယ်ကဲ့သို့ ဖြူဖွေးသိမ်မွေ့နေ၏။ သူမ၏ မျက်ခုံးများက ကွေးညွတ်နေပြီး ကြယ်တာရာမျက်လုံးများနှင့် တစ်မူထူးခြားသော ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားလေသည်။
အမျိုးသမီးသည် လူသားတစ်ယောက်နှင့် မကွာခြားသည့်ပုံပင်။ သို့သော်လည်း သူမ ပေါ်ထွက်လာသည့်ခဏမှာပင် ဧကရာဇ်နယ်ပယ်အရိုးစုလေးခုပေါ်ရှိ တမလွန်တစ္ဆေမီးထက်ဝက်ကျော်က ငြိမ်းသေသွားလေသည်။
ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး…
ဒါ့အပြင် သူမသည် တစ္ဆေကမ္ဘာ၏ ဧကရာဇ်နယ်ပယ်ထိပ်သီးပညာရှင်တစ်ဦး ဖြစ်လောက်လေသည်။
“မင်္ဂလာပါ ယက္ခိုသ်ကုသဒန္တီ”
တစ္ဆေကမ္ဘာမှ ဧကရာဇ်နှစ်ဦးက ဤအမျိုးသမီးကို တွေ့မြင်သောအခါ အလောတကြီးနောက်သို့ဆုတ်ပြီး တိုက်ပွဲမြေကနေ ထွက်ခွာကာ သူမ ရှိရာဘက်သို့ ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ထိုသည်ကို တွေ့မြင်သောအခါ အသိအမှတ်ပြုခေါင်းညိတ်လိုက်၏။
ယက္ခိုသ်မျိုးနွယ်မှာ အမျိုးသားများက အရမ်းကို အကျည်းတန်ပြီး အမျိုးသမီးများကတော့ နတ်မိမယ်များကဲ့သို့ ချောမောလှပလေသည်။
ယက္ခိုသ်မျိုးနွယ်ကို ယက္ခိုသ်အမျိုးသမီးဆယ်ဦးက အုပ်ချုပ်သည်ဟု လေဟာနယ်ယက္ခသည် သိုင်းတာအိုပင်မခန္ဓာကို တစ်ခါပြောခဲ့ဖူးလေသည်။
တစ္ဆေကမ္ဘာမှ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးပင်လျှင် ဤမျှအထိ ရိုသေလေးစားရသည်ဆိုလျှင် ဤပုဂ္ဂိုလ်သည် ယက္ခိုသ်အမျိုးသမီးဆယ်ဦးထဲမှတစ်ဦး ဖြစ်လောက်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းရသေးသော်လည်း အဲဒီမှာ သန်မာသော ဧကရာဇ်နယ်ပယ်ပညာရှင်များနှင့် အားနည်းသော ဧကရာဇ်နယ်ပယ်ပညာရှင်များရှိကြောင်း သူက ခန့်မှန်းမိလေသည်။
ဥပမာအားဖြင့် သူနှင့်ထိတွေ့ဆက်ဆံခဲ့ဖူးသော ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့သည် ဧကရာဇ်နယ်ပယ်မှာ ထိပ်သီးပညာရှင်များဖြစ်လေသည်။
စောစောက တစ္ဆေကမ္ဘာမှ ဧကရာဇ်နှစ်ဦးကတော့ သူတို့သည် သာမန်ဧကရာဇ်များသာဖြစ်သည်။
ယက္ခိုသ်ကုသဒန္တီ၏ တိုက်ခိုက်ရည်ခွန်အားသည် ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့နှင့် ယှဉ်နိုင်နေဖို့ များလေသည်။
“နင်တို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ”
ယက္ခိုသ်ကုသဒန္တီက တစ္ဆေကမ္ဘာမှ ဧကရာဇ်နှစ်ဦးကို အေးစက်စွာကြည့်ကာ ပြောလိုက်လေသည်။
“ဒီနေရာမှာရှိတဲ့ ရုတ်ရုတ်သဲသဲအခြေအနေက ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ကို အနှောင့်အယှက်ပေးမိမှာ နင်တို့ မစိုးရိမ်ဘူးလား”
“ယက္ခိုသ်ကုသဒန္တီ…”
ယက္ခဧကရာဇ်က စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို ခပ်မြန်မြန်ပြန်ပြောပြပြီး ချောက်နက်၏ အောက်ဘက်မှာရှိသော သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြလိုက်၏။
“အဲဒါက အဲဒီလူသားပဲ… ယက္ခဘုရင်အတော်များများက သူ့လက်ထဲမှာ သေခဲ့ရတယ်…
“အသုံးမကျတဲ့ အမှိုက်တွေပဲ”
ယက္ခိုသ်ကုသဒန္တီ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ လှောင်ရယ်လိုက်၏။
ထို့နောက် ယက္ခိုသ်ကုသဒန္တီ၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံ ရွေ့လျားရောက်ရှိသွားလေသည်။ သူမက အပေါ်ကနေငုံ့ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“နင်က တမလွန်တစ္ဆေမီးထဲမှာ ရှင်သန်နိုင်တယ်ဆိုတော့ အစွမ်းအစတချို့ရှိနေတာပဲ… ငါတစ်ချက်လောက် စမ်းကြည့်မယ်”
ထိုသို့ သူမ ပြောလိုက်သည့်ခဏမှာပင် ယက္ခိုသ်ကုသဒန္တီက လှုပ်ရှားပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ခုန်ဝင်လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက ပေါ့ပေါ့ဆဆမပြုလုပ်ရဲပေ။ သူက ဧကရာဇ်နယ်ပယ်အရိုးစုလေးခုကို ထိန်းချုပ်ကာ ယက္ခိုသ်ကုသဒန္တီ၏ ရှေ့တွင် ဒိုင်းကာအဖြစ် သူတို့ကို ပူးပေါင်းစေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ချောက်နက်၏ အောက်ဘက်ရှိ အခြားသော ဧကရာဇ်နယ်ပယ်အရိုးစုများထံ ပို့လွှတ်လိုက်လေသည်။
ဧကရာဇ်နယ်ပယ်အရိုးစုလေးခုသက်သက်က ယက္ခိုသ်ကုသဒန္တီကို ခုခံဖို့ မဖြစ်နိုင်လောက်ပေ။
သူထင်ထားသည့်အတိုင်းပင်…။
ယက္ခိုသ်ကုသဒန္တီက လှောင်ရယ်ပြီး သူမလက်ထဲရှိ ပန်းလှောင်အိမ်နှင့်အတူ ဧကရာဇ်နယ်ပယ်အရိုးစုလေးခုရှိရာဘက်သို့ လှည့်ပတ်လျှောက်လှမ်းလာ၏။
ပန်းလှောင်အိမ်သည် အဆုံးမဲ့ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး တားဆီးမရနိုင်သော စွမ်းအားတစ်ခုကို ထုတ်ဖော်ကာ ဧကရာဇ်နယ်ပယ်အရိုးစုလေးခုကို ဝါးမျိုနေသည်။
သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်နယ်ပယ်အရိုးစုလေးခုနှင့် သူ၏ ချိတ်ဆက်မှုကို ချက်ချင်းပင် ဖြတ်တောက်လိုက်သည်။
ယက္ခိုသ်ကုသဒန္တီ၏ လောကက ထိုပန်းလှောင်အိမ်ထဲမှာ ရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာက စိတ်ဖြင့်စေညွှန်လိုက်၏။
ရွှစ်… ရွှစ်… ရွှစ်…
ချောက်နက်၏ အောက်ဘက်မှာ ဧကရာဇ်နယ်ပယ်အရိုးစုဆယ်ခုကျော်က သူတို့၏ မျက်လုံးထဲရှိ တောက်ပလာသော မီးတောက်လုံးနှစ်ခုစီနှင့်အတူ မတ်တတ်ထရပ်လာကြ၏။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ တမလွန်တစ္ဆေမီးက သိပ်သည်းစုဖွဲ့လာပြီး သူတို့အားလုံးက နိုးထလာကြလေသည်။
ဧကရာဇ်နယ်ပယ်အရိုးစုဆယ်ခုကျော်က တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ပြီး ယက္ခိုသ်ကုသဒန္တီကို ဝိုင်းပတ်လိုက်လေသည်။
ယက္ခိုသ်ကုသဒန္တီက မျက်မှောင်ကြုတ်လိုက်၏။
သူမသည် သူမလက်ထဲရှိ ပန်းလှောင်အိမ်ကို နောက်တစ်ဖန်ထုတ်လွှတ်ပြီး ပြေးဝင်လာသော ဧကရာဇ်နယ်ပယ်အရိုးစုများကို ဆက်လက်၍ ဝါးမျိုစေလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်နှစ်ဖက်ကိုဖြန့်ပြီး တမလွန်တစ္ဆေမီးပေါ်မှာ မတ်တတ်ရပ်နေ၏။ သူက လေထဲမှာ လွင့်မျောနေပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ရူးသွပ်စွာ လှည့်ပတ်ကာ ချောက်နက်၏ အောက်ဘက်သို့ အဆက်မပြတ်ဖြန့်ကြက်စေလိုက်၏။ သူသည် ချောက်နက်ထဲမှာရှိသော ဧကရာဇ်နယ်ပယ်အရိုးစုများအားလုံးကို နိုးထလာစေဖို့ အတတ်နိုင်ဆုံးကြိုးစားနေသည်။
ဝုန်း...
ချက်ချင်းပင် တမလွန်ကိုးဘုံချောက်နက်က ယိမ်းထိုးကာ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများက လိမ့်ဆင်းလာ၏။
သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော အလောင်းများစွာသည် တမလွန်တစ္ဆေမီးများကြားကနေ တစ်ယောက်ပြီးတစ်ယောက် နိုးထလာလေသည်။ သူတို့က သူတို့၏ ခေါင်းများကိုမော့၍ ဟိန်းဟောက်ကာ ကျောချမ်းဖွယ်ရာ ညည်းတွားအော်ဟစ်လိုက်ကြသည်။
ထိုသည်ကို တွေ့မြင်သောအခါ ယက္ခိုသ်ကုသဒန္တီ၏ အမူအရာကလည်း ပြောင်းလဲသွားလေသည်။
သူမအနေဖြင့် ဧကရာဇ်နယ်ပယ်အရိုးစုဆယ်ခုကျော်ကို ဝါးမျိုဖို့က ပြဿနာမရှိပေ။
သို့သော်လည်း ချောက်နက်၏ အောက်ဘက်မှာရှိသော အလောင်းများနှင့် အရိုးစုများအားလုံးက သူတို့အပေါ်ရှိ တမလွန်တစ္ဆေမီးနှင့်အတူ နိုးထလာမည်ဆိုလျှင် သူမ၏ လောကကလည်း အဲဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကို ကြီးမားလွန်းလေသည်။
ထိုစဉ်မှာပင် ဘဝမြစ်ရှိရာဘက်ကနေ ချောက်ချားစရာကောင်းသော အော်ရာတစ်ခု ပစ်လွင့်ထွက်ပေါ်လာ၏။ မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုက နိုးထလာသည့်အလားပင်။
အစက တမလွန်ကိုးဘုံချောက်နက်ထဲမှာ ညည်းတွားအော်ဟစ်နေသော အလောင်းများနှင့် အရိုးစုများသည် ကြီးမားစွာ တုန်လှုပ်သွားသည့်အလား သူတို့၏ ပါးစပ်ပေါက်များကို တစ်ယောက်ပြီးတစ်ယောက် ပိတ်လိုက်ကြသည်။
သိုင်းတာအိုပင်မခန္ဓာကလည်း ဘဝမြစ်ရှိရာဘက်သို့ အလိုလိုလှမ်းကြည့်လိုက်၏။
ထိုဘက်အရပ်မှာ အဆုံးမဲ့အမှောင်ထုသာလျှင် ရှိနေလေသည်။
သို့သော်လည်း အဆုံးမဲ့အမှောင်ထုထဲမှာ ဖော်မပြတတ်သော အရိပ်တစ်ခုက ပေါ်ထွက်လာသည့်အလားပင်။ ၎င်းသည် တစ္ဆေကမ္ဘာတစ်ခုလုံးကို အထက်စီးကနေ ကြည့်ရှုနေသည့်အလား အကန့်အသတ်မဲ့နေ၏။
တမလွန်ကိုးဘုံချောက်နက်အနီးမှာ ယက္ခမျိုးနွယ်ဖြစ်စေ၊ ယက္ခိုသ်မျိုးနွယ်ဖြစ်စေ၊ မည်သည့်ကျင့်ကြံမှုနယ်ပယ်မဆို သူတို့သည် ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ကို ထုတ်ဖော်ပြီး မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်၏။
ယက္ခိုသ်ကုသဒန္တီကပင် ဒူးထောက်ချလိုက်လေသည်။
“အင်း…”
တမလွန်ကိုးဘုံချောက်နက်၏ အဆုံး ဘဝမြစ်ရှိရာဘက်ကနေ အဆုံးမဲ့အမှောင်ထုထဲမှ ခပ်ဖျော့ဖျော့သက်ပြင်းချသံ ထွက်ပေါ်လာ၏။
တမလွန်ကိုးဘုံချောက်နက်ထဲမှာ ယခုတင်နိုးထလာသော အလောင်းများနှင့် အရိုးစုများများစွာပေါ်ရှိ တမလွန်တစ္ဆေမီးက ငြိမ်းသေသွားလေသည်။