အခန်း (၂၅၈၁-၂၅၈၃)
Vol. 109 Ch. 2581-2583
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၈၁)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏မျက်နှာ မှုန်ကုတ်ကုတ် ဖြစ်နေသည်ကိုမြင်သော် အကြီးအကဲနှင့် မူနတို့ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ထို့နောက် ပြိုင်တူ ဦးညွှတ်၍ တောင်းဆိုလိုက်လေသည် “ကျေးဇူးပြုပြီး ကျုပ်တို့ကလန်နှစ်ခုကို ကူညီပေးဖို့ ဧည့်သည်တော်ကို တောင်းဆိုပါတယ်”
ရန်ကိုင်က ချက်ချင်းနောက်သို့ဆုတ်လျက် ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏ “ကျုပ်က ကူညီချင်ပေမယ့် ခင်ဗျားတို့က မဖြစ်နိုင်တာကြီးကို လာတောင်းဆိုနေတာချည်းကို”
အကြီးအကဲက ခေါင်းခါလျက် ပြန်ပြောလေ၏ “မဖြစ်နိုင်တာမဟုတ်ဘူး။ ငါတို့က ကောင်းကင်အလိုအတိုင်း လုပ်နေတာ”
“ကောင်းကင်အလိုအတိုင်း” ရန်ကိုင်က မျက်နှာကြီးမဲ့လျက် “ကောင်းကင်ရဲ့ အလိုက ဘယ်ကနေ ရောက်လာတာလဲ”
အကြီးအကဲက ပြုံးက လိုဏ်ဂူနံရံတစ်ခုဆီ ညွှန်ပြလျက် ပြောလိုက်၏ “ဧည်သည့်၊ အဲ့နေရာဆီ ကြည့်ကြည့်လိုက်”
မူနသည်လည်း သူမလက်ကို ဝှေ့ရမ်းလျက် လိုဏ်ဂူတစ်ခုလုံးကို လင်းထိန်သွားအောင် လုပ်လိုက်လေသည်။ အလင်းရောင် သန်းလာသည့်နောက် နံရံပေါ်တွင် အလွန်ကိုမှ အိုဟောင်းနေသည့် စုတ်ချက်များ ရှိနေကြောင်း တွေ့လိုက်ရသည်။
ပထမဆုံး စုတ်ချက်ပန်းချီကားမှာ ကျောက်တုံးဝိုင်းဝိုင်းလေးတစ်လုံးကို ရှေ့ချလျက် တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ဦးပုံပင်။ ထိုလူသည် သူ့လက်ချောင်းမှ သွေးများကို ကျောက်တုံးပေါ်သို့ တစ်စက်ချင်း ချနေခဲ့သည်။ ထူးဆန်းစွာပင် ထိုလက်ချောင်းမှ စီးကျနေသည့် သွေးများသည် ရွှေရောင် ဖြစ်နေခဲ့သည်။
ရန်ကိုင်သည် ထိုပန်းချီကားချပ်ကို ငေးကြောင်ကြောင့် စိုက်ကြည့်နေပြီးနောက် ဒုတိယ ပန်းချီကားချပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
ဒုတိယပန်းချီကားချပ်ထဲ လူတစ်ဦးသည် တင်ပျဉ်ခွေထိုင်နေလေ၏။ ယခုတစ်ကြိမ်၌ ထိုလူတစ်ဦးတည်း မဟုတ်တော့ဘဲ သူ့အနီး၌ ပုကွကွ ပုံရိပ်လေးတစ်ခု ရှိနေခဲ့သည်။ ထိုပုံရိပ်သည် မြေပြင်ပေါ်တွင် မျောက်တစ်ကောင်နှယ် လေးဖက်ထောက်လျက် လိပ်ပြာများကို လိုက်ဖမ်းနေ၏။
(အဲ့ဒါ ငါနဲ့ရှောင်ရှောင် မဟုတ်ဘူးလား) ရန်ကိုင် သူ့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ ပုကွကွ ပုံရိပ်လေးမှာ ရှောင်ရှောင်ဖြစ်ပြီး ရွှေရောင်သွေးစက်များကို ချပေးနေသည့် လူမှာတော့ သူသာ ဖြစ်လေသည်။
(ဒါပေမယ့်... ဒီပန်းချီကားချပ်တွေက အရမ်း အိုဟောင်းလွန်းနေပြီ။ အနည်းဆုံး နှစ်ပေါင် ထောင်နဲ့ချီပြီး သက်တမ်းရှိနေတာ... ဘယ်လိုလုပ်ပြီး ငါဖြစ်နိုင်ရမှာလ)
ထို့နောက် တတိယ ပန်းချီကားချပ်ဆီသို့ လှမ်းကြည့်လိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားတော့လေသည်။ တတိယ ပန်းချီကားချပ်ထဲတွင်တော့ အနက်ရောင်တုတ်ကို ဝှေ့ရမ်းလျက် သူနှင့် ဘေးချင်းယှဉ် တိုက်ခိုက်နေသည့် ရှောင်ရှောင် ရှိနေခဲ့သည်။
စတုတ္တ ပန်းချီကားချပ်မှာမူ အလင်စက်လေးများဖြင့် ပြည့်နေသည့် လိုဏ်ခေါင်းတစ်ခုထဲတွင် ဖြစ်သည်။ ထိုနေရာရှိ ဟင်းလင်းပြင်မှာ ကွဲကြေပျက်စီးနေကာ ရှောင်ရှောင်မှာ အမှောင်ထုထဲသို့ ကျဆင်းနေခဲ့ပြီး သူ့လက်တစ်ဖက်သည်သာ အပြင်ဘက်တွင် ကျန်ရစ်နေလေ၏။
(ဒါက ကြယ်တာရာလမ်းကြောင်းထဲက ပုံပဲ)
ငါးခုမြောက် ပန်းချီကားချပ်မှာတော့ ကျောက်တုံးလူသား ကိုးဦးနှင့်အတူ တောအုပ်ထဲ၌ အတူရှိနေသည့် ရှောင်ရှောင်၏ ပုံရိပ်သည် ဖြစ်လေသည်။ မြောက်မြားလှစွာသော သစ်သားဝိဥာဉ်လေးများသည် သူတို့၏ အနီးတစ်ဝိုက်တွင် ပျံဝဲနေကြလေသည်။
ဆဌမမြောက် ပန်းချီကားချပ်ထဲတွင်တော့ ပထမပန်းချီကားချပ်ထဲမှလူ ပုကွကွက ပုံရိပ်လေးနှင့် ပြန်ဆုံနေသည့်မြင်ကွင်း ရှိနေခဲ့သည်။ နှစ်ဦးသားပတ်လည်တွင် ကျောက်တုံးဝိဥာဉ်များနှင့် သစ်သားဝိဥာဉ်များစွာ သီဆိုကခုန်နေကြလေသည်။ ထိုအချိန်သည် ညအချိန် ဖြစ်ပေသည်။
သတ္တမမြောက် ပန်းချီကားချပ်ထဲတွင်တော့ သွေးရောင်ရဲတောက်နေသည့် ဘဲဥပုံ ပန်းချီကားချပ်တစ်ခု ရှိနေခဲ့သည်။ ထောင်ပေါင်းများစွာသော သက်ရှိများသည် သွေးရောင်ဂိတ်ကြီး၏ အနီးပတ်ပတ်လည်၌ ဒဏ်ရာရသူကရ၊ သေသူကသေဖြင့် တိုက်ခိုက်နေကြသည်။
အဠမမြောက် ပန်းချီကားချပ်ထဲတွင် ပုကွကွ ပုံရိပ်လေးမှ လူသား၏ အကူအညီဖြင့် သွေးရောင်ဂိတ်တံခါးထဲသို့ ဝင်သွားသည့်ပုံ ရှိနေခဲ့လေသည်။
နဝမမြောက် ပန်းချီကားချပ်ထဲမှာတွင် သွေးတံခါးတစ်ချပ်သာ ရှိနေ၏။
စုစုပေါင်း ပန်းချီကားချပ် ကိုးချပ်ရှိနေပြီး ပန်းချီကားချပ်တိုင်းသည် အလွန်တရာကိုမှ အသက်ဝင်လှပေသည်။
ပန်းချီကားကိုးချပ်စလုံးကို ကြည့်ပြီးနောက် ရန်ကိုင် စိတ်ရှုပ်သွားတော့လေသည်။ အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာပြီး ခေါင်းမော့၍ မေးလိုက်၏ “ဒါဘာအဓိပ္ပါယ်လဲ”
အကြီးအကဲက ရှင်းပြလိုက်လေသည် “သစ်သားဝိဥာဉ်ကလန်က တိုက်ခိုက်နေရာမှာ မတော်ပေမယ့် သူတို့ရဲ့ အရင်မျိုးဆက်ခေါင်းဆောင်က နက္ခဖတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ သူမသေခင်မှာတုန်းက တစ်ချိန်ချိန်ကျရင် ငါတို့ ကလန်နှစ်ခုစလုံး ရှင်းပစ်ခံရမယ်လို့ နိမိတ်ရလို့ သူ့အသက်ရင်းပြီး နိမိတ်ဖတ်သွားခဲ့တာကနေ ဒီပန်းချီကားချပ်ကိုးခု ဖြစ်ပေါ်လာရတာပဲ”
မူနက သက်ပြင်းချလျက် ဝင်ပြောလိုက်၏ “လွန်ခဲ့တဲ့ နှစ်တစ်ထောင်လုံးလုံး အကြီးအကဲနဲ့ငါ ဒီပန်းချီကားချပ်ရဲ့ အဓိပ္ပါယ်ကို ဖော်နေခဲ့တာ။ နောက်ဆုံး ရှီကျို ရောက်လာတော့မှာပဲ ငါတို့ နားလည်သွားခဲ့ရတယ်။ ငါးခုမြောက် ပန်းချီကားချပ်ထဲက သူ့ပုံကနေတစ်ဆင့် ပန်းချီကားချပ်ထဲက ပုကွကွလေးက သူဖြစ်လိမ့်မယ်ဆိုပြီး ငါတို့ ခန့်မှန်းမိသွားတာ။ ဒီတောသူက ရှီကျိုဆိုတော့ အဲ့ထဲက လူက ဧည့်သည်ပဲပေါ့”
ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်လေ၏ “ခင်ဗျားတို့ ကလန်နှစ်ခုစလုံးရဲ့ အသက်တွေကို အဲ့ပန်းချီကားချပ် ကိုးခုပေါ် တကယ်ကြီး ပုံအပ်လိုက်ဖို့ လုပ်နေတာလား”
အကြီးအကဲက ခေါင်းခါ၍ ပြန်ပြောလိုက်သည် “ဒါက ကံကိုယုံပြီး စူးပုံနင်းတာမဟုတ်ဘူး။ ကောင်းကင်အလိုအတိုင်း လုပ်တာလို့ ခေါ်တယ်။ ဧည့်သည်၊ ငါတို့မင်းကို စောင့်နေတာ တကယ် ကြာနေပြီ”
ရန်ကိုင်က သက်ပြင်းချလျက် ပြန်ပြောလိုက်၏ “သစ်သားဝိဥာဉ်ကလန်ရဲ့ အရင်ခေါင်းဆောင်က သူ့အသက်ကိုတောင် ရင်းပြီး နိမိတ်ဖတ်သွားတယ်ဆိုပေမယ့် ကျုပ်တို့ အောင်မြင်မယ်လို့ ပြောမသွားခဲ့ဘူးလေ” ထို့နောက် နဝမမြောက် ပန်းချီကားချပ်ကို ညွှန်ပြ၍ ပြောလိုက်၏ “အဲ့မှာကြည့်၊ ဘာမှထပ်မရှိတော့ဘူးလေ”
မူနက ပြန်ပြောလိုက်၏ “အဲ့ဒါက အရင်သစ်သားဝိဥာဉ်ကလန်ခေါင်းဆောင် တမင်တကာ လုပ်သွားတာလို့ထင်တယ်။ အဲ့နည်းလမ်းကသာ အလုပ်မဖြစ်ရင် သူ့ကလန်တစ်ခုလုံးကို သေးတွင်းထဲ တွန်းပို့မှာမဟုတ်ဘူး။ အလုပ်ဖြစ်လို့သာ ဒီလို နိမိတ်ဖတ်ခဲ့တာပဲ”
“ဧည့်သည်...” အကြီးအကဲက ထပ်ပြောရန် လုပ်လိုက်သည်။
အကြီးအကဲ မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ဖြတ်ပြောလိုက်၏ “ဒီကိစ္စက သာမန်ကိစ္စတစ်ခု မဟုတ်ဘူး။ ကျုပ်သေချာစဉ်းစားဖို့ လိုတယ်။ အကြီးအကဲ ဘာမှထပ်ပြောနေစရာ မလိုတော့ဘူး”
ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် သစ်ပင်လိုဏ်ဂူထဲမှ တစ်ကိုယ်တည်း ထွက်လာခဲ့လေသည်။ အပြင်ဘက်တွင်တော့ စည်ကားသိုက်မြိုက်နေဆဲ။ သစ်သားဝိဥာဉ်များ၊ ကျောက်တုံးဝိဥာဉ်များအားလုံး ရယ်ရယ်မောမောနှင့် ကခုန်နေကြဆဲ။ ရို့ရှီသည်လည်း သစ်သားဝိဥာဉ်များ၏ ဆွဲခေါ်သွားခြင်းခံရကာ အားလုံးနှင့်အတူတူ သီဆိုကခုန်နေလေသည်။
ရှောင်ရှောင်သည် အရူးတစ်ယောက်နှယ် ကခုန်နေ၏။ သူကနေသည့်ပုံမှ လုံးဝ ကြည့်ရအဆင်မပြေ။
ရန်ကိုင်သည် သူတို့သား သွားမနှောင့်ယှတ်ခဲ့ဘဲ ရှောင်ရှောင်နေနေသည့် သစ်ပင်လိုဏ်ဂူဆီသို့သာ ပြန်လာလျက် တင်ပျဉ်ခွေ ထိုင်ချလိုက်လေသည်။
ရန်ကိုင် ထွက်သွားသည်ကိုမြင်သော် အကြီးအကဲ သက်ပြင်းအမောကြီး ချလိုက်၏။
မူနက ပန်းချီကားကိုးချပ်ဘက်သို့လှည်၍ သူမလက်ကို ဝှေ့ရမ်းချလိုက်သည်။ ချက်ချင်းဆိုသလို နဝမမြောက်ပန်းချီကားချပ်မှာ ပြောင်းလဲသွားတော့လေသည်။ သွေးတံခါးရှိသေးသော်ငြား သွေးတံခါးအပြင် လောကကြီးတစ်ခုလုံးအား အထင်အမြင်တသေးဖြင့် အထက်စီးမှ ကြည့်နေသော ကျောက်ဘီလူးကြီးတစ်ကောင်လည်း ရှိနေပေသေးသည်။ ထိုကျောက်ဘီလူးကြီး၏ ပခုံးထက်တွင်တော့ အနက်ရောင်တုတ်ချောင်းတစ်ချောင်း ရှိနေခဲ့၏။
မူနက မေးလိုက်သည် “ဒါဆိုရင် သူလက်ခံလောက်လား”
အကြီးအကဲက ပြန်ပြောလိုက်၏ “နိမိတ်ဖတ်ထားတာဆိုတော့ ငါတို့က ဘယ်လမ်းကြောင်း သွားရမလဲဆိုတာပဲ လမ်းပြပေးလိမ့်မယ်။ နောက်ဆုံးဘာဖြစ်လဲဆိုတာ ပြောမှာမဟုတ်ဘူး။ အခုပုံစံ အတိုင်းသာဆိုရင် သူသံသယဝင်သွားလိမ့်မယ်။ ဒီတော့ ပထမတစ်ခုက အကောင်းဆုံးပဲ”
ထိုစကားကိုကြားသည့်အခါ မူန သက်ပြင်းချလိုက်ပြီး သူမလက်ကို ဝှေ့ရမ်းလိုက်ရာ ပန်းချီကားမှာ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။
မူနက ပြောလိုက်၏ “အကြီးအကဲပြောတာ အမှန်ပဲ”
နှစ်ဦးစလုံးမှာ ခေါင်းခြောက်မတတ် စဉ်းစားခဲ့ကြလေသည်။ နံရံပေါ်ရှိ ပန်းချီကားချပ်များသည် ယခင်သစ်သားဝိဥာဉ်ကလန်ခေါင်းဆောင် နိမိတ်ဖတ်ခဲ့သည့်အရာ မဟုတ်ဘဲ ရန်ကိုင်ကို လှည့်စားရန် အတွက် မူနမှ ဖန်တီးထားသည့် အရာသာ ဖြစ်လိမ့်မည်ဟု ရန်ကိုင် မည်သို့များ ထင်ထားပါမည်နည်း။
ရန်ကိုင်သာ ထိုအကြောင်းကိုသိသွားပါက ကျိန်းသေ ဒေါသပုန်ထသွားပေလိမ့်မည်။
ရန်ကိုင်သည် သစ်ပင်လိုဏ်ဂူထဲထိုင်၍ ခေါင်းခြောက်မတတ် စဉ်းစားနေခဲ့သည်။ သူစဉ်းစားမိသည့် အကောင်းဆုံး အကြံမှာတော့ ရှောင်ရှောင်ကို ခေါ်ထုတ်သွားဖို့ရာပင်။ သို့ရာတွင် ထိုသို့ လုပ်လိုက်ပါက ထိုင်းယွဲ့ ဖြစ်လာနိုင်မည့် အခွင့်အရေးကို ရှောင်ရှောင် ဆုံးရှုံးလိုက်ရပေလိမ့်မည်။
သို့သော်ငြား အကြီးအကဲတို့ပြောသည့် လမ်းကြောင်းကို ရွေးချက်လိုက်ပြန်ပါလျှင်လည်း သူ့အတွက် အန္တရာယ်ကြီးတစ်ရပ် ရှိနေခဲ့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဆုပ်လည်းစူး စားလည်းရူးဖြစ်ကာ အကြပ်ရိုက်နေတော့၏။
ရှောင်ရှောင် မည်ကဲ့သို့ ဖြစ်ချင်သလဲ ဆိုသည့်အပေါ်တွင်သာ မူတည်တော့ပေသည်။
မနက်လင်းရောင်ခြည်သန်းလာသော် ကလန်နှစ်ခုစလုံး အနားယူသွားကြလေ၏။ သစ်သားဝိဥာဉ်များသည် တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီး ကျောက်တုံးဝိဥာဉ်များမှာမူ သူတို့ နားနေရာ သစ်ပင်လိုဏ်ဂူ အသီးသီးဆီသို့ ပြန်သွားကြလေသည်။
ကျန်းရို့ရှီနှင့် ရှောင်ရှောင်တို့ အတူပြန်လာကြလေ၏။ အထဲသို့ ဝင်လာသည့်အခိုက်၊ ရန်ကိုင် တင်ပျဉ်ခွေထိုင်နေသည်ကိုမြင်သော် ကျန်းရို့ရှီ အတွေးနက်သွား၏။ ယခင်တစ်ညလုံး ပျော်လို့ ကောင်းကောင်းဖြင့် ပျော်နေခဲ့ရာ ရန်ကိုင် ဘယ်အချိန်က ထွက်သွားသလဲ ဆိုသည်ကိုပင် သေချာ မမှတ်မိတော့ပေ။
“ရှောင်ရှောင်၊ ဒီကိုလာဦး” ရန်ကိုင်က ရှောင်ရှောင်ကို လက်ယပ်ခေါ်လိုက်၏။
ရှောင်ရှောင်လည်း ရန်ကိုင်နားသို့ တိုးကပ်သွားလေသည်။ ရန်ကိုင်သည် ရှောင်ရှောင်လက်ကို ဆွဲကိုင်၍ ကောင်းကင်စိတ်အာရုံကိုသုံးကာ ဆက်သွယ်လိုက်သည်။
တစ်ခဏအကြာတွင် ရန်ကိုင်က သက်ပြင်းချလိုက်လေ၏ “မင်းသေချာလား”
သူထင်ထားသကဲ့သို့ပင် ရှောင်ရှောင်သည် သွေးတံခါးထဲသို့ ဝင်ချင်နေခဲ့သည်။ ရှောင်ရှောင်သည် သူဘာကိုမှ မကြောက်ကြောင်း မတ်တပ်ရပ်၍ သူ့ရင်ဘတ်ကို တဘုန်းဘုန်း ထုပြလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် မဲ့ပြုံးပြုံးကာ ခေါင်းတခါခါ ဖြစ်သွား၏။ အချိန်အတော်ကြာအောင် ထိုင်စဉ်းစားနေပြီးနောက်တွင် ပြန်၍ ပြောလိုက်လေသည် “ငါသဘောတူတယ်လို့ အကြီးအကဲကို သွားပြန်ပြောလိုက်”
ရန်ကိုင် ဘာပြောချင်လို့ ပြောချင်မှန်း ရှောင်ရှောင် နားမလည်။ သို့သော် သူပြောသည့်အတိုင်း သွားပြန်ပြောရန် အပြင်သို့ ပြေးထွက်သွားလေ၏။
“ဆရာ တစ်ခုခု ဖြစ်သွားလို့လား” ရန်ကိုင်၏မျက်နှာ မှုန်ကုတ်ကုတ် ဖြစ်နေသည်ကို မြင်သော် ကျန်းရို့ရှီက စိုးရိမ်တကြီး မေးလိုက်၏။
ရန်ကိုင် ပို၍ မျက်မှောင်ကြုတ်သွားခဲ့ပြီး မကွယ်မဝှက်ဘဲ ရှင်းပြလိုက်လေသည် “ကျောက်တုံးဝိဥာဉ်နဲ့ သစ်သားကလန်က နတ်သားရဲအမြူတေစွမ်းအားကို ဆက်ခံလို့ရအောင်ဆို့ပြီး ရှောင်ရှောင်ကို သွေးတံခါးထဲ ပိုချင်နေကြတယ်”
“အန်” ကျန်းရို့ရှီ အံ့အားသင့်သွားလေ၏ “သွေးတံခါးထဲပို့ဖို့... ဒါပေမယ့် အခုအခြေအနေက...”
“ဟုတ်တယ်။ မလွယ်ဘူး။ ငါမကူညီရင်တောင် သူတို့ဘာသာ သွားမှာတဲ့။ သူတို့ဘာသာဆိုရင်တော့ အောင်မြင်လောက်မှာ မဟုတ်ဘူး။ ငါကူညီမယ်ဆိုရင်တောင် အောင်မြင်နိုင်ချေ သိပ်မရှိဘူး”
“ဒါဆို ဆရာဘာလို့ သဘောတူလိုက်တာလဲ”
“ငါဘက်က အတတ်နိုင်ဆုံး ကြိုးစားပေးကြည့်ရုံပါပဲ။ ကျန်တာကတော့ ကောင်းကင်အလိုအတိုင်းပေါ့”
ထိုစကားကိုကြားသည့်အခါ ကျန်းရို့ရှီက အံကြိတ်၍ “အဲ့ဒါဆို ရို့ရှီလည်း ကူညီပေးမယ်”
ရန်ကိုင်က ကျန်းရို့ရှီကိုကြည့်၍ ပြောလိုက်လေ၏ “မလိုဘူး။ သွေးတံခါးဆီသွားတာ အရမ်း အန္တရာယ်များတယ်။ ပြီးတော့ နင်က ဒီလောက် အားကောင်းသေးတာ မဟုတ်ဘူး။ ဒီတော့ ပြောတဲ့အတိုင်း ငြိမ်ငြိမ်လေးနေ”
ထိုစကားကို ကြားသည့်အခါ ကျန်းရို့ရှီမှာ မကျေမနပ် ဖြစ်သွားပါသော်ငြား ရန်ကိုင်၏ စကားကို မလွန်ဆန်ရဲသည့်အတွက်ကြောင့် သဘောတူရုံသာ တတ်နိုင်ခဲ့လေသည် “ကောင်းပါပြီ”
ရန်ကိုင်က ကျန်းရို့ရှီကိုကြည့်၍ ပြောလိုက်၏ “ငါနင့်ကို ကျန်းမိသားစုထဲက ခေါ်လာတာဆိုတော့ နင့်လုံခြုံရေးက ငါ့တာဝန်ပဲ။ နင်ဧကရာဇ်အဆင့်ကို ရောက်တဲ့အခါကျမှ အခုလို ကိစ္စတွေမှာ ဝင်ပါမယ်ဆိုရင်တောင် နောက်မကျသေးဘူး”
“ဟုတ်ကဲ့” ကျန်းရို့ရှီက ပြန်ပြောလိုက်၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၈၂)
ဘာသာပြန်သူ_တိမ်တိုက်
ရှောင်ရှောင်သယ်လာသည့်သတင်းကို ကြားပြီးသည့်နောက် ကျောက်တုံးဝိဉာဉ်အကြီးအကဲနှင့် သစ်သားဝိဉာဉ်ကလန်၏ ကလန်ခေါင်းဆောင်တို့ ဝမ်းသာသွားခဲ့ကြလေသည်။ သူတို့၏ကြိုးစားအားထုတ်မှု အချည်းနှီးဖြစ်မသွားခဲ့ဟု တွေးလိုက်ကြသည်။
နှစ်ဦးစလုံးသည် ရှောင်ရှောင်နှင့်အတူ သူနေသည့် သစ်ပင်လိုဏ်ဂူသို့ ရောက်လာကြလေသည်။
ရန်ကိုင်နှင့် ကလန်ခေါင်းဆောင်နှစ်ဦး လွတ်လွတ်လပ်လပ် စကားပြောနိုင်စေရန်အတွက် ကျန်းရို့ရှီနှင့် ရှောင်ရှောင်တို့သည် အပြင်ထွက်၍ နေပေးလိုက်၏။
အကြီးအကဲမှာ ရန်ကိုင်သဘောတူသည်ကို ကြားပြီးသည့်နောက် အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်နေသည့်အလား တရယ်ရယ် တပြုံးပြုံး ဖြစ်နေလေ၏။ ကလန်ခေါင်းဆောင်မူနသည်လည်း အလားတူပင်။
ရန်ကိုင်သည်သာ သုန်သုန်မှုန်မှုန်ဖြင့် ရှိနေခြင်း ဖြစ်လေ၏။
“အကြီးအကဲ… ကျုပ် အရင်ဆုံး ပြောထားလိုက်ဦးမယ်… ကျုပ်ဘက်က ကူညီပေးဖို့ သဘောတူလိုက်ပေမယ့် အခြေအနေတွေ ဆိုးလာရင် ရှောင်ရှောင်ကိုခေါ်ပြီး ထွက်သွားမှာနော်… ကျန်တဲ့ကိစ္စကို အကြီးအကဲတို့ဘာသာ ဆက်ရှင်းရမှာ…”
“ရတယ်… ကိစ္စမရှိဘူး…” အကြီးအကဲသည် ခေါင်းညိတ်လျက် သူ့မုတ်ဆိတ်ကို ပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ “အခြေအနေတွေ ဆိုးလာရင်တော့ ငါလည်း မင်းကို ဆွဲမထားပါဘူး…”
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်မေးလိုက်လေ၏။ “အဲ့လိုဆိုရင်တော့ ဘာမှထပ်ပြောစရာမလိုတော့ဘူး… ဒီတော့ ဘယ်လိုစီစဉ်ထားလဲ…”
အကြီးအကဲနှင့်မူနသည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် အကြီးအကဲက ပြောလိုက်လေ၏။ “ဒီအတိုင်း ပြေးဝင်သွားပြီးတော့ ရှီကျိုကို သွေးတံခါးထဲ ပစ်ထည့်ပေးလိုက်မလို့… အဲ့လိုပဲစဉ်းထားတာ…”
ရန်ကိုင်၏မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး ချက်ချင်းပဲ ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီအတိုင်း ပြေးဝင်သွားဖို့… နတ်အရှင်လေးပါးကိုယ်တိုင် စောင့်ကြည့်နေတာကို ဘယ်လိုလုပ်ပြီး ဒီအတိုင်း ပြေးဝင်သွားမှာလဲ… ဘုရင်ချုပ်ရှစ်ပါးနဲ့ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးလည်း ရှိသေးတယ်… ပြဿနာတစ်ခုခုဖြစ်တာနဲ့ သူတို့အကုန်လုံး ပြေးလာကြမှာ… အဲ့လူအုပ်ကြီးကို ဘယ်လိုဖြတ်ကျော်သွားမှာလဲ…”
အကြီးအကဲက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဧည့်သည်… မင်းက လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်မဟုတ်ဘူးလား… ငါတို့ကို ဒီအတိုင်း အဲ့ကို ခေါ်သွားပေးလို့မရဘူးလား…”
ရန်ကိုင်၏သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ပြီး အကြီးအကဲကို မမှိတ်မသုန် စိုက်ကြည့်လျက် မေးလိုက်လေသည်။ “ရှောင်ရှောင် ခင်ဗျားကို ပြောပြခဲ့တာလား…”
ရန်ကိုင်သည် ကျောက်တုံးဝိဉာဉ်ကလန်သားများရှေ့တွင် လေဟာနယ်တာအိုအား တစ်ခါမျှ အသုံးမပြုခဲ့ချေ။ သို့သော်ငြား အကြီးအကဲမှ ထိုအကြောင်းကို သိနေသဖြင့် ရှောင်ရှောင်ဆီမှ ကြားသိခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။
မူနက ရှင်းပြလိုက်လေ၏။ “ဒေါသမထွက်ပါနဲ့ ဧည့်သည်… ငါတို့ကလန်နှစ်ခုလုံးက မင်းအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး… မင်းရဲ့လျှို့ဝှက်ချက်ကိုလည်း အခြားသူတွေဆီ လျှောက်ပြောမှာမဟုတ်ဘူး… ပြီးတော့ ရှီကျို့ ဒီအကြောင်းကို ပြောပြထားတာမဟုတ်ဘူး… ငါတို့ ရှီကျို့ကို ပြန်တွေ့တဲ့အချိန် အကြီးအကဲက သူ့မှတ်ဉာဏ်တွေကနေတစ်ဆင့် သိခဲ့ရတာ…”
ရန်ကိုင်၏လေသံ ရုတ်ချည်း အေးစက်သည်ထက် အေးစက်လာခဲ့လေသည်။ “ခင်ဗျားတို့နှစ်ဦး အခြား ဘာအကြောင်းတွေကို ထပ်သိထားသေးလဲ…”
အကြီးအကဲက ချောင်းဟန့်လျက် ပြန်ပြောလိုက်၏။ “ဧည့်သည်မှာ ငါတို့ကို အခြား ဘယ်သူမှမမြင်ဘဲနဲ့ ခေါ်ထုတ်ပေးသွားနိုင်တဲ့ သိုလှောင်ရေးမှော်ရတနာတစ်ခု ရှိနေတယ်ဆိုတာကိုလည်း သိထားသေးတယ်…”
ရန်ကိုင်စိတ်ထဲ ထိုနှစ်ဦးအား နှုတ်ပိတ်ပစ်ချင်စိတ်များပင် ထွက်ပေါ်လာခဲ့လေသည်။ ယခုမှသာ ထိုနှစ်ဦးသည် သူ့ကျင့်ကြံခြင်းကိုပင်လျှင် မေးမြန်းခြင်းမရှိဘဲ ဘာကြောင့် သူ့ဆီမှ အကူအညီတောင်းနေသလဲ ဆိုသည်ကို ရန်ကိုင်နားလည်သွားတော့သည်။
(ငါ့မှာ ကမ္ဘာငယ်လေးလည်း ရှိနေတယ်… ငါကိုယ်တိုင်ကလည်း လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတာဆိုတော့ သူတို့ကို အခြားသူတွေ ဘယ်သူမှ သတိမထားမိဘဲ သွေးတံခါးဆီ ခေါ်သွားပေးလို့ရတယ်… ဒါ ဘယ်သူ့ဆီမှာမှ မရှိတဲ့ အားသာချက်ပဲ…)
တကယ့်တကယ် အကူအညီတောင်းရမည်ဆိုလျှင် သူစိမ်းတစ်ဦးဆီမှ အကူအညီတောင်းခြင်းထက် မိတ်ဆွေ၊ ဆွေမျိုးများဆီမှ အကူအညီတောင်းခြင်းသည် ပို၍ အသုံးဝင်ပေသည်။
အကြီးအကဲက ဆက်၍ ပြောလိုက်သည်။ “ငါတို့အစီအစဉ်ကတော့ ကလန်သားတွေအကုန်လုံးကို အဲ့သိုလှောင်ရေးမှော်ရတနာထဲမှာ ခေါ်သွားပြီးတော့ ဧည့်သည်ကတော့ လေဟာနယ်တာအိုကို သုံးပြီးတော့ သွေးတံခါးဆီ တည်နေရာခုန်ကျော်သွားလိုက်ပေါ့… အဲ့ရောက်လို့ရှိရင်တော့ ကျန်တဲ့ကိစ္စကို ငါတို့ပဲ ဆက်လုပ်လိုက်မယ်… ဧည့်သည် စိတ်ပူစရာမလိုတော့ဘူး… သွေးတံခါးနားကို ရောက်ပြီဆိုတာနဲ့ ငါတို့မှာ ရှောင်ရှောင်ကို အထဲကိုပို့ပေးနိုင်မယ့် နည်းလမ်းရှိပြီးသား…”
ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ “ကျုပ်သိသလောက် ဆိုလို့ရှိရင် သွေးတံခါးက ရှေးဟောင်းကုန်းမြေကြီးရဲ့ တားမြစ်နေရာနှစ်ခုလေ… ကောလဟာလတွေအရဆိုရင် သွေးတံခါးနားကို ဘယ်သူမှ ကပ်မသွားနိုင်ကြဘူးလေ... ဝင်ဖို့ဆိုရင်တော့ ဝေလာဝေး… ခင်ဗျားတို့က အဲ့ကိစ္စကို ဘယ်လိုဖြေရှင်းဖို့ လုပ်ထားတာလဲ…”
မူနက ပြုံးလျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါက မှန်တယ်ဆိုပေမဲ့ အခုလောလောဆယ်မှာ သွေးတံခါးက ပြောင်းလဲသွားပြီ… သွေးတံခါးဆီကပ်သွားလို့ရှိရင် ပုံမှန်ခံစားရတဲ့ဖိအားက အကြီးကြီး လျော့သွားပြီဆိုတော့ သွေးတံခါးနားကပ်ဖို့က ပြဿနာမဟုတ်တော့ဘူး… အဓိကပြဿနာက သွေးတံခါးရဲ့ချိတ်စည်းကို ဘယ်လိုဖျက်ဆီးရမလဲ ဆိုတာပဲ…”
အကြီးအကဲက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဝင်ပြောလိုက်လေသည်။ “ငါတို့မှာ စုစုပေါင်း ပညာရှင်ဆယ်ဦး ရှိပြီးသား… ငါတို့ ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံးသာ ပြိုင်တူလှုပ်ရှားလိုက်မယ်ဆိုလို့ရှိရင် အဲ့ချိတ်စည်းကို ဖျက်ဆီးပစ်လို့ရတယ်…”
ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ “ခင်ဗျား အကြမ်းနည်းသုံးချင်နေတာလား….”
အကြီးအကဲက မျက်ခုံးပင့်လျက် “ဟုတ်တယ်လေ… ဘာဖြစ်လို့လဲ…”
ရန်ကိုင်၏မျက်နှာ မည်းမှောင်သွားခဲ့ပြီး မူနဘက်သို့လှည့်၍ မေးလိုက်လေသည်။ “ကလန်ခေါင်းဆောင်… ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ အသိဉာဏ်က ဒီအတိုင်းပဲဆိုတော့ ကျုပ်မပြောလိုဘူး… ဒါပေမယ့် ခင်ဗျားကရော ဘာဖြစ်လို့ သဘောတူလိုက်ရတာလဲ…”
မူနက မဲ့ပြုံးပြုံးလျက် “ပိုကောင်းတဲ့နည်းလမ်း ရှိသေးလို့လား…”
ထိုမျိုးနွယ်စုနှစ်စုတွင် ပိုကောင်းသည့်နည်းလမ်း မရှိတော့သည့်နောက် ရန်ကိုင် လုံးဝကို ဆွံ့အသွားတော့သည်။ နှစ်ဦးစလုံးသည် သူတို့၏ပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် မည်သည့်အစီအစဉ်ကိုမှ စဉ်းစားထားခြင်းမရှိဘဲ အကြမ်းနည်းကိုသာ အသုံးပြုချင်နေခဲ့သည်။ သို့ရာတွင် နတ်အရှင်လေးပါးမှလည်း ဖိအားပေးနေသည့်အတွက်ကြောင့် သူတို့ကလန်နှစ်ခုစလုံးမှာလည်း မလွှဲသာ၍ ဤနည်းလမ်းကိုသာ ရွေးချယ်ကြရတော့သည်။ ရှောင်ရှောင်သည်သာ ထိုင်းယွဲ့၏ စွမ်းအားကို ဆက်ခံကာ ရှေးဟောင်းနတ်သားရဲတစ်ကောင် ဖြစ်လာနိုင်မည်ဆိုပါက နတ်အရှင်လေးပါးကို ရင်ဆိုင်နေရသည့်တိုင် ကလန်နှစ်ခုကို ကာကွယ်ပေးနိုင်ပေလိမ့်မည်။
ရှင်းရှင်းပြောရသော် ကလန်နှစ်ခု၏ အခြေအနေမှာ ရှင်မလား သေမလား ဟူသည့် အခြေအနေသာ ဖြစ်လေသည်။
အကြီးအကဲနှစ်ဦးအား တစ်ခဏကြာမျှ မမှိတ်မသုန် စိုက်ကြည့်နေပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်သေလည်။ “ရှင်းရှင်းပြောရရင်တော့ အဲ့ချိတ်စည်းကို ကျုပ် ဖျက်ဆီးကောင်း ဖျက်ဆီးပေးလို့ရတယ်… သွေးတံခါးရဲ့နောက်ကွယ်မှာ နတ်သားရဲနန်းတော် ရှိနေတာဆိုတော့ သွေးတံခါးရဲ့နောက်ဘက်က နေရာက ကမ္ဘာငယ်လေးတစ်ခုပဲ… ဒီတော့ ကျုပ်ရဲ့ လေဟာနယ်တာအိုအပေါ် နားလည်ထားတဲ့ စွမ်းရည်အရဆိုရင်တော့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီးတော့ အထဲဆီ ခုန်ကျော်သွားရင် သွားလို့ရတယ်…”
ထိုစကားကိုကြားသည့်အခါ အကြီးအကဲက သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ချက်ချင်း ပြောလိုက်လေသည်။ “ဧည့်သည်… မင်း အဲ့လိုမျိုး လုပ်ကြည့်ရင်လည်း လုပ်ကြည့်လို့ရတယ်… အောင်မြင်ရင်တော့ ကောင်းတာပေါ့… မအောင်မြင်ရင်လည်း ငါတို့ အကြမ်းနည်းကိုသုံးပြီး ဖျက်ဆီးပစ်မယ်…”
မူလက ဤအကြီးအကဲကိုမြင်စဉ် ဤအကြီးအကဲသည် အသိဉာဏ် ဗဟုသုတ ကြွယ်ဝသည့် လူတစ်ဦး ဖြစ်သည်ဟု ရန်ကိုင် ထင်ခဲ့ရလေသည်။ သို့သော်ငြား ယခုမှသာ ကျောက်တုံးဝိဉာဉ်သည် ကျောက်တုံးဝိဉာဉ်သာဖြစ်မှန်းကို နားလည်သွားရတော့သည်။ နှစ်ပေါင်းမည်မျှကြာအောင် အသက်ရှင်လာခဲ့စေကမူ ကျောက်တုံးဝိဉာဉ်များသည် ကိစ္စတိုင်းကို ဉာဏ်ရှိရှိနှင့် မဖြေရှင်းဘဲ အကြမ်းနည်းသုံး၍သာ ဖြေရှင်းချင်ကြသည်။ ကျောက်တုံးဝိဉာဉ်များနှင့် အတူတူနေရသည့် သစ်သားဝိဉာဉ်ကလန်အတွက်လည်း အတော်လေးကို ခက်ခဲခဲ့ရလောက်ပေသည်။
“ကျုပ်တို့ ဘယ်အချိန်ထွက်မှာလဲ…” ရန်ကိုင်က မေးလိုက်လေသည်။
“ဒီကိစ္စက နှောင့်နှေးလို့ မရတော့ဘူး… မြန်မြန်သွားမှပဲ အဆင်ပြေလိမ့်မယ်… မနက်ဖြန်ထွက်ဖို့တောင် ဒီအကြီးအကဲ စဉ်းစားထားတာ…” အကြီးအကဲက အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။
မူနကလည်း ခေါင်းညိတ်ပြလိုက်သည်။
ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလျက် သဘောတူလိုက်လေသည်။ “ကောင်းပြီလေ… ခင်ဗျားတို့နှစ်ယောက် အရင်ပြန်ပြီးတော့ ပြင်ဆင်ထားလိုက်ပေါ့… ကျုပ်တို့ မနက်ဖြန် ထွက်ကြတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် အကြီးအကဲနှင့် မူနတို့ နှစ်ဦးစလုံး ထွက်သွားကြလေသည်။
ရန်ကိုင်ကမူ သစ်ပင်လိုဏ်ဂူထဲတွင်သာ တင်ပလင်ခွေထိုင်ကာ ကျန်ရစ်ခဲ့လေ၏။ ယခု သူတို့၏လုပ်ရပ်သည် အလွန်ကိုမှ အန္တရာယ်များသည်ဟု ပြောရသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်ကိုယ်တိုင်ပင်လျှင် ဤအကြီးအကဲတို့၏ အစီအစဉ် အောင်မြင်လိမ့်မည်ဟု သိပ်မထင်။ နတ်အရှင်လေးပါး စောင့်ကြည့်နေသည့်အောက်မှ တစ်ဖက်လူများ မသိအောင် လှုပ်ရှားရမည်မှာ မလွယ်ကူချေ။ နတ်အရှင်များသာ သူတို့၏လုပ်ရပ်အား သတိထားမိသွားခဲ့လျှင် အကုန်လုံး ငါးပါးမှောက်ပေရော့မည်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင်သည်ပင်လျှင် နတ်အရှင်လေးပါး၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
(ကြည့်ရတာ ရှဲ့ဝူဝေ ကူညီပေးနိုင်လောက်တယ်နဲ့ တူတယ်…)
ရန်ကိုင် တစ်ညလုံး ခေါင်းခြောက်မတတ် ထိုင်စဉ်းစားနေခဲ့သည်။
နေထွက်ချိန်သို့ ရောက်လာသော် အပြင်ဘက်ဆီမှ ခြေသံများကို ကြားရသဖြင့် မျက်လုံးဖွင့်၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ကျောက်တုံးဝိဉာဉ်ကလန်သားများနှင့် မူနဦးဆောင်သည့် သစ်သားဝိဉာဉ်ကလန်သားများအားလုံး သူနေသည့် လိုဏ်ဂူအပြင်ဘက်တွင် စုဝေးနေကြကြောင်း တွေ့လိုက်ရလေသည်။
(လေးကိုင်းကို ဆွဲတင်ပြီးသွားပြီဆိုမှတော့လည်း ပစ်လိုက်ရုံပဲ ရှိတော့မှာပေါ့…) ရန်ကိုင်လည်း သက်ပြင်းချပြီး ထရပ်၍ အပြင်သို့ ထွက်လိုက်လေသည်။
ရန်ကိုင်ကိုမြင်သည့်အခါ ကလန်ခေါင်းဆောင်နှစ်ဦးစလုံး၏ အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး အကြီးအကဲက ပြောလိုက်လေသည်။ “ဧည့်သည်… ငါတို့အဆင်သင့်ဖြစ်ပြီ…”
ရန်ကိုင်သည် မူနကိုကြည့်၍ မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။ “သစ်သားဝိဉာဉ်ကလန်လည်း လိုက်မှာလား…”
အကြီးအကဲနှင့် ဆွေးနွေးခဲ့စဉ်က ကျောက်တုံးဝိဉာဉ်ကလန်သားများသာ လိုက်ပါမည်ဟု ထင်ခဲ့ခြင်း ဖြစ်လေသည်။ တကယ်တော့ သစ်သားဝိဉာဉ်ကလန်သားများသည် တိုက်ခိုက်ရာတွင်မှ မထူးချွန်ကြလေပဲ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့နှင့်အတူ လိုက်လာသည်မှာ သစ်သားဝိဉာဉ်ကလန်သားများအတွက် အလွန်ကိုမှ အန္တရာယ်များပေသည်။ တိုက်ပွဲမီးတောက်များထဲသာ ဆွဲခေါ်ခံလိုက်ရမည်ဆိုပါက မည်သည့်မွန်းစတားဘုရင်မဆို သစ်သားဝိဉာဉ်ကလန်သားအားလုံးကို အလွယ်တကူ သတ်ပစ်နိုင်လေသည်။
အကြီးအကဲက ပြန်ပြောလိုက်လေ၏။ “သစ်သားဝိဉာဉ်ကလန်သားတွေက ငါတို့ ကျောက်တုံးဝိဉာဉ်ကလန်နဲ့ အတူတူ အမှီသဟဲပြုပြီး တည်ရှိနေကြတာ… သူတို့က တိုက်ပွဲထဲမှာ တိုက်ရိုက်မပါနိုင်ဘူးဆိုပေမဲ့ ငါတို့ကိုတော့ အကူအညီ ကြီးကြီးပေးနိုင်တယ်… ဒီတော့ ဧည့်သည် ဘာမှစိတ်ပူနေစရာ မလိုပါဘူး…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သော်ငြား ဘာမှပြန်မပြောခဲ့ပေ။ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေ၏။ “အဲ့လိုဆိုမှတော့ အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကျုပ် ယုံကြည်လိုက်ရတော့မှာပေါ့…”
ထို့နောက်တွင် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်သို့ လှည့်ကြည့်၍ မယုံသင်္ကာဖြင့် မေးလိုက်လေ၏။ “ရို့ရှီရော…”
ကျန်းရို့ရှီအား မည်သည့်နေရာတွင် မတွေ့ရချေ။ သူသည် လိုဏ်ဂူထဲတွင် တစ်ညလုံး ထိုင်ကာ စဉ်းစားနေသည့်အတွက်ကြောင့် ကျန်းရို့ရှီသည် အပြင်တွင် ရှိနေမည်ဟုသာ ထင်ခဲ့ပါသော်ငြား ယခု အပြင်သို့ ရောက်လာပြီးသည့်နောက် ကျန်းရို့ရှီအား မည်သည့်နေရာတွင်မှ မတွေ့ရကြောင်း တွေ့လိုက်ရလေသည်။
အကြီးအကဲနှင့် မူနသည်လည်း အကြည့်ချင်းဖလှယ်လျက် သူတို့၏ကလန်သားအသီးသီးကို မေးလိုက်ကြလေသည်။ “မင်းတို့ရော အဲ့ကောင်မလေးကို မြင်မိလား…”
မည်သူမျှ ပြန်မဖြေကြ။ ကျောက်တုံးဝိဉာဉ်များမဆိုထားနှင့် ရာနှင့်ချီသော သစ်သားဝိဉာဉ်များသည်ပင်လျှင် ကျန်းရို့ရှီ မည်သည့်နေရာ၌ ရှိနေသလဲဆိုသည်ကို မသိကြချေ။
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်စိတ်အာရုံအား ပင်လယ်ဒီရေလှိုင်းအလား ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ပါသော်ငြား ကျန်းရို့ရှီ၏ အရှိန်အဝါကို အာရုံခံမရခဲ့ပေ။
ထိုဖြစ်ရပ်သည် ရန်ကိုင်အား ထိတ်လန့်သွားစေခဲ့သလို ဒေါသလည်း ထွက်သွားစေခဲ့လေသည်။ အသက်ရှင်နေသည့် လူတစ်ဦးသည် အကြောင်းအရင်းမရှိဘဲ မည်ကဲ့သို့များ ပျောက်ကွယ်သွားရလေသနည်း။
“ရှီကျို့… မင်း တစ်ခုခုသိထားလား…” အကြီးအကဲက ရုတ်တရက် ကောက်မေးလိုက်သည်။
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ နားနှင့် ပါးများကို အဆက်မပြတ် ကုတ်နေသည့် ဂနာမငြိမ်ဖြစ်နေသော ရှောင်ရှောင်ကို တွေ့လိုက်ရလေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ရှောင်ရှောင်ကိုကြည့်ကာ မေးလိုက်လေ၏။ “ရှောင်ရှောင်… ရို့ရှီ ဘယ်သွားတာလဲ…”
ဖုံးကွယ်၍မရတော့မှန်း သိလိုက်သော် ရှောင်ရှောင်လည်း စိတ်ညစ်သွားခဲ့ပြီး တဝူးဝူးအော်သံများ လုပ်လိုက်လေသည်။
ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ခေါင်းမော့၍ သွေးတံခါးရှိနေသည့်ဘက်ဆီသို့ လှမ်းကြည့်ရင်းမှ အံကိုကြိတ်ကာ ရေရွတ်လိုက်လေ၏။ “ဒီကောင်မလေးကတော့ကွာ…”
မူနသည်လည်း သူမပါးစပ်ကို လက်ဖြင့်အုပ်ရင်း အံ့အားသင့်တကြီး ဆိုလိုက်လေ၏။ “သူ တကယ်ကြီး သွေးတံခါးဆီကို ထွက်သွားတာလား…”
ရန်ကိုင်က ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။ “မနေ့တုန်းက သူ့ကို ဝင်မပါနဲ့လို့ ပြောထားလို့ သူ့ဘာသာသူ သွေးတံခါးဆီ ထွက်သွားတာပဲ ဖြစ်ရလိမ့်မယ်… နောက် တွေ့တော့မှ အဲ့တင်ပါးကို နာနာလေး ရိုက်ပစ်ရမယ်…”
(ဒီတစ်ခါတော့ တကယ်ဆိုးသွားပြီ… ရို့ရှီက အမြဲကို လိမ်လိမ်မာမာရှိတာပါ… ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်ရတာလဲ… ဒီတစ်ကြိမ်တော့ သူတကယ်ကို လွန်သွားပြီ…)
ရန်ကိုင်လည်း ရှောင်ရှောင်၏ခေါင်းကို ကောက်ခေါက်ကာ ဆူပူလိုက်လေသည်။ “မင်းသိတယ်ဆိုရင် ဘာလို့ ငါ့ကို အစောကြီးတည်းက လာမပြောတာလဲ…”
ရှောင်ရှောင်က ဆူပုပ်ပုပ်မျက်နှာထားဖြင့် ခေါင်းကိုပွတ်၍ တဝူးဝူးလုပ်ပြလိုက်လေသည်။
“အခုမှ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြစ်တင်နေလို့လည်း ဘာမှမထူးတော့ဘူး… ဧည့်သည် ငါတို့ သူ့ကို မြန်မြန်ရှာမှ အဆင်ပြေလိမ့်မယ်… သွေးတံခါးကို မွန်းစတားမျိုးနွယ်စုဝင်တွေ အများကြီး ဝိုင်းထားတာ… သူသာ အဲ့မွန်းစတားမျိုးနွယ်စုဝင်တွေရဲ့ လက်ထဲ ရောက်သွားမယ်ဆိုလို့ရှိရင် ပြဿနာတက်သွားလိမ့်မယ်…” အကြီးအကဲက ပြောလိုက်လေသည်။
ရန်ကိုင်လည်း ထိုအကြောင်းကို မသိသည်မဟုတ်။ ထို့ကြောင့် စိုးရိမ်နေစိတ်ကို ချုပ်တည်းရင်းမှ ပြောလိုက်လေသည်။ “ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ စိတ်လျှော့ထားလိုက်… လုံးဝမခုခံနဲ့နော်.. အထဲရောက်သွားရင်လည်း ကိုယ်မြင်တဲ့အရာတွေနဲ့ ပတ်သက်ပြီး ပြဿနာလိုက်မရှာနဲ့နော်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်၍ ကမ္ဘာငယ်လေးထက်တွင် အပေါက်တစ်ပေါက် ဖန်တီးပေးလိုက်လေ၏။ ထို့နောက် ကလန်နှစ်ခုမှ အဖွဲ့သားအားလုံးကို ကမ္ဘာငယ်လေးထဲသို့ တစ်ယောက်ချင်း ဆွဲခေါ်လိုက်လေသည်။
ကျောက်တုံးကိုယ်ပွားကို ရန်ကိုင် အစောကြီးကတည်းက ထိုအကြောင်း ကြိုအကြောင်းကြားထားပြီးသားပင်။ ထို့ကြောင့် ကျောက်တုံးကိုယ်ပွားသည် ကမ္ဘာငယ်လေးထဲတွင် ပြုံးလျက် ထိုင်ရင်း ကလန်နှစ်ခုမှ ရောက်လာသည့် အဖွဲ့သားများကို ကြိုဆိုနေခဲ့လေသည်။
(ကျောက်တုံးကိုယ်ပွားကို မြင်သွားရင် အကြီးအကဲမျက်နှာ ဘယ်လိုဖြစ်သွားမလဲ ငါတကယ်မြင်ချင်သေးတယ်…) ရန်ကိုင်သည် သူ့ကျောက်တုံးကိုယ်ပွားအကြောင်းကို အကြီးအကဲအား ရှင်းမပြခဲ့ပေ။ ကလန်နှစ်ခုလုံးမှ အဖွဲ့သားများကို ကမ္ဘာငယ်လေးထဲသို့ ထည့်ပြီးသည့်နောက် ရန်ကိုင်သည် သွေးတံခါးရှိနေသည့် ဘက်ဆီသို့ ချက်ချင်း ပျံသန်းသွားလေ၏။
လမ်းတစ်လျှောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ဖြန့်ကျက်၍ ကျန်းရို့ရှီအား ရှာဖွေခဲ့လေသည်။
သို့သော်ငြား ကျန်းရို့ရှီမှာ တစ်ရက်စောပြီး ထွက်သွားသည့်အတွက်ကြောင့် ဖြည်းဖြည်းနှင့်မှန်မှန် သွားနေသည်ဆိုလျှင်ပင် သွေးတံခါးနားဆီသို့ ရောက်နေလောက်ပေပြီ။ လမ်းတွင် သူမ၏သဲလွန်စကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်ထင်ထားသည့်အတိုင်းပင် လက်ရှိအချိန်၌ ကျန်းရို့ရှီသည် သွေးတံခါးနှင့် မိုင်သုံးရာအကွာသို့ ရောက်နေခဲ့လေသည်။ ကံကောင်းစွာဖြင့် ကျန်းရို့ရှီသည် သူမသွားသည့် လမ်းတစ်လမ်းလုံး၌ မည်သည့်မွန်းစတားမျိုးနွယ်စုဝင်နှင့်မှ မတွေ့ခဲ့ရပေ။ သို့ရာတွင် သွေးတံခါးနားသို့ ရောက်လာပြီးသည့်နောက် ရှေ့ဆက်၍ မသွားတော့ချေ။ ထိုနေရာတွင် မွန်းစတားမျိုးနွယ်စုဝင်ပေါင်းများစွာ ရှိနေလေသည်။ သူမသာ ရှေ့ဆက်၍ သွားမည်ဆိုပါက မွန်းစတားမျိုးနွယ်စုဝင်များ သူမအား ရှာတွေ့သွားကြပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၈၃)
ဘာသာပြန်သူ_တိမ်တိုက်
လက်ရှိအချိန်တွင် ကျန်းရို့ရှီသည် သစ်ပင်တစ်ပင်ပေါ်ရှိ သစ်ကိုင်းများကြားတွင် ပုန်းအောင်းနေခဲ့လေသည်။
ကျန်းရို့ရှီအားကောင်းသည်မှာ မှန်ပါသော်ငြား ဤကဲ့သို့သော နေရာမျိုးတွင် ပြဿနာတက်သွားပါက ဒုက္ခရောက်သွားနိုင်ပေသည်။ သူမသည် ဤနေရာတွင် ပုန်း၍ ရန်ကိုင်တို့ရောက်လာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ (ဆရာရောက်လာတဲ့အချိန်ကြ အဲ့မွန်းစတားမျိုးနွယ်စုဝင်တွေနဲ့ သွားတိုက်ခိုက်နေချိန် ငါလည်း ချက်ချင်း ပြေးထွက်ပြီး ကူညီပေးလို့ရပြီ… အဲ့လိုသာဆို ဆရာလည်း ငါ့ကို အပြစ်တင်လောက်တော့မှာမဟုတ်ဘူး…)
သူမစိတ်ထဲ ဆရာ့အား အနည်းငယ်မျှပင် ဖြစ်နိုင်သ၍ ကူညီပေးချင်မိပေသည်။ ကမ္ဘာငယ်လေးထဲသို့ ဆွဲခေါ်ခံရ၍ ဘာမျှမလုပ်ဘဲ ရပ်ကြည့်နေရမည့် အဖြစ်မျိုး ထပ်မကြုံချင်တော့ချေ။
လှည့်လည်သွားလာနေသော မွန်းစတားသားရဲများသည် ကျန်းရို့ရှီပုန်းအောင်းနေသည့် သစ်ပင်ကြီးကို ဖြတ်သွားပါသော်ငြား သူမအား မတွေ့ခဲ့ချေ။ ထို့အတွက်ကြောင့် ကျန်းရို့ရှီမှာ သူမကိုယ်သူမ ပို၍ ယုံကြည်ချက်ရှိလာခဲ့ရသည်။
ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ် သူမဘာသာ တစ်ကိုယ်တည်း လှုပ်ရှားခြင်း ဖြစ်သည့်အတွက်ကြောင့် ကျန်းရို့ရှီစိတ်ထဲ အနည်းငယ်တော့ စိုးရိမ်နေမိခဲ့ပေသည်။
အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးနေခဲ့လေသည်။
ယခုတစ်ကြိမ်တွင်လည်း ကင်းလှည့်သည့် မွန်းစတားမျိုးနွယ်စုဝင်တစ်စု ကျန်းရို့ရှီပုန်းအောင်းနေသည့် သစ်ပင်အနားသို့ ရောက်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ မွန်းစတားမျိုးနွယ်စုဝင်များသည် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို အသေးစိတ် လိုက်စစ်ဆေးနေခြင်း ဖြစ်ပေသည်။ ကင်းလှည့်အဖွဲ့သည် သစ်ပင်တစ်ပင်နားမှ ဖြတ်သွားသော အဖွဲ့သားများထဲမှ တစ်ယောက်က ရုတ်တရက်ရပ်လိုက်ပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်လေ၏။
“ဘာဖြစ်လို့လဲ…” အခြားသော မွန်းစတားမျိုးနွယ်စုဝင်သည် ထိုလူကိုကြည့်လျက် မယုံသင်္ကာဖြင့် မေးလိုက်လေ၏။
ထိုမွန်းစတားမျိုးနွယ်စုဝင်မှာ ပြန်မဖြေခဲ့ဘဲ နှာခေါင်းတရှုံ့ရှုံ့သာ လုပ်နေပြီးသည့်နောက်၌ မျက်ခုံးပင့်လျက် မှတ်ချက်ပေးလိုက်လေ၏။ “ဒီနားမှာ လူသားအနံ့ရတယ်…”
ထိုစကားထွက်ပေါ်လာသည်နှင့် ကျန်းရို့ရှီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အခြေအနေမဟန်တော့မှန်း သိလိုက်သည်။ တစ်ဖက်လူသည် သူမနှင့်ပတ်သက်သည့် သဲလွန်စကိုသာ ရသွားမည်ဆိုပါက သူမတွင် အတောင်ပံများ ရှိနေမည်ဆိုလျှင်ပင် ဤနေရာမှ ထွက်ပြေးရန် လွယ်ကူတော့လိမ့်မည်မဟုတ်ချေ။
ထို့အတွက်ကြောင့် ထိုမွန်းစတားမျိုးနွယ်စုဝင် အထင်မှားနေခြင်းဖြစ်ပါစေဟုသာ သူမစိတ်ထဲ ကြိတ်၍ မျှော်လင့်နေရတော့သည်။
သို့သော်ငြား ကံကြမ္မာသည် သူမအား မျက်နှာသာမပေးခဲ့ပေ။ ခဏမျှ နှာခေါင်းတရှုံ့ရှုံ့ ထပ်လုပ်နေပြီးသည့်နောက်တွင် ထိုမွန်းစတားမျိုးနွယ်စုဝင်သည် ရုတ်တရက် ခေါင်းမော့၍ ကျန်းရို့ရှီပုန်းအောင်းနေသည့် သစ်ပင်ဆီသို့ လှမ်းကြည့်လိုက်လေ၏။
သူ့အကြည့်သည် သစ်ကိုင်းများအား ဖောက်ထွက်သွားနိုင်ခြင်းမရှိသော်ငြား သူမပုန်းဆက်နိုင်လိမ့်မည်မဟုတ်မှန်းတော့ ကျန်းရို့ရှီသိနေခဲ့လေသည်။
ထွက်ပြေးရန် လုပ်တော့မည့်အပြု ပေရေညစ်ပတ်နေသော ဦးခေါင်းတစ်လုံးသည် သူမဘေး၌ ရုတ်တရက် ပေါ်လာခဲ့လေ၏။ ထိုလူသည် လင်းဆွဲတစ်ကောင်နှယ် သစ်ကိုင်းများကို ခြေထောက်ဖြင့် ကုတ်တွယ်၍ တွဲလောင်းချိတ်ဆွဲနေရင်းမှ သူမအား အပြုံးကြီးပြုံးပြနေလေ၏။
ကျန်းရို့ရှီမှာ အလွန်ကိုမှ ကြောက်လန့်သွားခဲ့ပြီး ထခုန်ကာ အော်ဟစ်တော့မည်အပြု မည်သူမှန်း သိလိုက်ပြီးသည့်နောက် သူမပါးစပ်ကို အလျင်အမြန် ပြန်ပိတ်လိုက်လေသည်။ ထိုညစ်ပတ်ပေရေနေသည့် မျက်နှာကြီးကိုသာ ကြောင်ကြည့်နေမိလေ၏။
ရုတ်တရက် လက်တစ်ဖက် ထွက်ပေါ်လာပြီး ကျန်းရို့ရှီအား ဆွဲကာ သစ်ကိုင်းများကြားမှ အတူတူ ပျောက်ကွယ်သွားခဲ့လေသည်။
“ရွှစ်…”
ထို့နောက်တွင် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး သစ်ကိုင်းများကြားသို့ တက်လာလေသည်။ သေချာရှာကြည့်လိုက်ပါသော်ငြား မည်သည့်အရာကိုမှ ရှာမတွေ့သည့်နောက် ခေါင်းတကုတ်ကုတ်နှင့် ပြန်ဆင်းသွားလေသည်။
“ရှာတွေ့လား…” အောက်ဘက်တွင်ရပ်စောင့်နေသော မွန်းစတားမျိုးနွယ်စုဝင်များက မေးလိုက်လေ၏။
“မတွေ့ဘူး…” သစ်ပင်ပေါ်သွားတက်ရှာသော မွန်းစတားမျိုးနွယ်စုဝင်က မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါအထင်မှားသွားတာနဲ့တူတယ်…”
ထို့နောက်တွင် မွန်းစတားမျိုးနွယ်စုဝင်များသည် မည်သည့်စကားမှ ထပ်ပြောမနေတော့ဘဲ ရှေ့ဆက်သွားကြလေ၏။
အခြားသော သစ်ပင်တစ်ပင်ရှိ သစ်ကိုင်းများထက်မှ စောင့်ကြည့်နေသော ကျန်းရို့ရှီသည် ကင်းစောင့်မွန်းစတားမျိုးနွယ်စုဝင်များ ထွက်သွားသည်ကို မြင်လိုက်သည့်အခါမှသာ သက်ပြင်းချလိုက်နိုင်လေသည်။ သူမ အလွန်ကိုမှ ရင်ခုန်မိသွားခဲ့ခြင်းဖြစ်လေသည်။ သူမကိုယ်သူမ သေတော့မည်ဟုပင် ထင်ခဲ့ရသည်အထိပင်။ ကံကောင်းစွာဖြင့် တစ်စုံတစ်ဦးသည် အရေးကြီးသည့် အခိုက်အတန့်အရောက်တွင် သူမအား လက်ကမ်းကူညီခဲ့ပေသည်။
ကျန်းရို့ရှီလည်း ချက်ချင်း သူမဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။
သူမဘေးတွင် ရေခဲနှလုံးသားတောင်ကြား၏ တတိယအကြီးအကဲသည် ပြောင်ချော်ချော်ပြုံးလျက် သူမအား ကြည့်နေခဲ့လေသည်။
သေချာအနီးကပ်ကြည့်လိုက်ရပြီးသည့်နောက် ထိုအမျိုးသမီးသည် အတော်လေးကိုမှ ချောမောလှကြောင်း တွေ့ရှိလိုက်ရသည်။ ပြဿနာဆို၍ စိတ်လွတ်နေသည့်အချက်နှင့် သူမ၏ရုပ်ရည်ကို ဂရုမစိုက်ခြင်းသာ ရှိလေသည်။ ရှေးဟောင်းကုန်းမြေထဲတွင် တစ်နှစ်ပတ်လုံး နေနေသလို ရေလည်းမချိုးသည့် အတွက်ကြောင့် သူမတစ်ကိုယ်လုံး ဖုန်များဖြင့် ညစ်ပတ်ပေရေနေလေသည်။ ထိုအမျိုးသမီးကိုကြည့်ရင်း ကျန်းရို့ရှီ သက်ပြင်းချမိလိုက်လေ၏။
“စီနီယာ ဒီမှာ ဘာလုပ်နေတာလဲ…” အမျိုးသမီး၏နာမည်ကို မသိသည့်အတွက်ကြောင့် ကျန်းရို့ရှီလည်း စီနီယာဟုသာ ခေါ်လိုက်လေ၏။
တတိယအကြီးအကဲသည် ကျန်းရို့ရှီ၏မေးခွန်းအား နားလည်လား နားမလည်ဘူးလား မသိရပါသော်ငြား တခစ်ခစ်သာ ရယ်နေခဲ့သည်။ ဘာမှပြန်မပြောခဲ့ပေ။ ထို့အစား မွန်းစတားမျိုးနွယ်စုဝင်ကဲ့သို့ ကျန်းရို့ရှီ၏ ခန္ဓာကိုယ်နားသို့ ကပ်၍ နှာခေါင်းတရှုံ့ရှုံ့ လုပ်နေခဲ့လေ၏။ ကျန်းရို့ရှီ၏ ကိုယ်သင်းရနံ့လေးကို နှစ်ခြိုက်နေသည့် ပုံပင်။
ကျန်းရို့ရှီမှာ တတိယအကြီးအကဲ၏လုပ်ပုံကြောင့် စိတ်ကလိကလိဖြစ်လာသော် တစ်ဖက်လူ သူ့အနားသို့ ဆက်ကပ်မလာနိုင်စေရန် လက်ဖြင့် တွန်းကာထားလိုက်လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “စီနီယာ… ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့လား… မဟုတ်ရင် ကျွန်မတို့ကို မွန်းစတားမျိုးနွယ်စုဝင်တွေ တွေ့သွားလိမ့်မယ်…”
ကျန်းရို့ရှီမှာ သူမအား တွန်းထုတ်လိုက်သော် တတိယအကြီးအကဲသည် ဝမ်းနည်းသွားသည့်အလား နှုတ်ခမ်းလေးဆူလိုက်လေ၏။
ကျန်းရို့ရှီမှာတော့ ထိုမြင်ကွင်းကို မကြည့်ရက်ခဲ့ပေ။ တတိယတပည့်သည် ချောမောလှပသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ သူမသာ အပြင်ဘက်တွင်သာ ဆိုပါက သူမအား အင်မော်တယ်နတ်မိမယ်တစ်ပါးဟု ယူဆလျက် မရေမတွက်နိုင်သော ယောကျ်ားသားများ သူမနောက်သို့ လိုက်ကြပေလိမ့်မည်။ သို့သော်ငြား ယခုတွင်တော့ တတိယတပည့်မှာ လူလည်းမဟုတ် တစ္ဆေလည်းမဟုတ်သည့် ဘဝသို့ ရောက်နေလေ၏။ သူမ၏ဆရာ ပင်းယွင်သည်သာ ဤအကြောင်းကို သိသွားမည်ဆိုပါက အမှန်တကယ်ကို ဝမ်းနည်းသွားရပေလိမ့်မည်။
“စီနီယာ… ကျွန်မ အခု အရေးကြီးတဲ့ကိစ္စတစ်ခု လုပ်စရာရှိလို့… ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးပါနော်…” ကျန်းရို့ရှီသည် တတိယတပည့်၏ ညစ်ပေနေသော လက်များကို လှမ်းကိုင်၍ အသာအယာ ပြောလိုက်လေ၏။ “ကျွန်မဆရာကို ဒီကနေစောင့်နေတာ… ဆရာက စီနီယာကို အရင်တုန်းက အသီးပေးခဲ့တဲ့တစ်ယောက်လေ… ဆရာက စီနီယာကို နေရာအနှံ့မှာ လိုက်ရှာနေတာ… ဒီတော့ လျှောက်ပြေးမနေဘဲ သူလာတဲ့အထိ ကျွန်မနဲ့အတူတူ စောင့်နေရအောင်နော်… အဆင်ပြေလား…”
တတိယတပည့်သည် ကျန်းရို့ရှီအား တစ်ခဏကြာမျှ စိုက်ကြည့်နေပြီးသည့်နောက် ရုတ်တရက် ခေါင်းညိတ်ပြလိုက်လေ၏။
ကျန်းရို့ရှီက ပြုံးကာ မေးလိုက်လေသည်။ “စီနီယာ ကျွန်မပြောတာကို နားလည်တာလား…”
တတိယတပည့်သည် ကျန်းရို့ရှီအား ဆွဲဖက်လိုက်ပြီး ကျန်းရို့ရှီ၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်နေတော့လေသည်။
“စီနီယာ… ကျွန်မ အသက်ကောင်းကောင်းရှူလို့မရဘူး…” ကျန်းရို့ရှီ၏မျက်နှာ နီမြန်းသွားခဲ့လေသည်။ သူမစိတ်ထဲလည်း ထူးဆန်းသလိုလို ခံစားလာရလေသည်။ တတိယတပည့်မှ တင်းတင်းကြပ်ကြပ် ပူးဖက်ထားသည့်အတွက်ကြောင့် ကျန်းရို့ရှီမှာ ပိုပို၍ အသက်ရှူရ ခက်လာရတော့လေ၏။ သို့ရာတွင် သူမကိုယ်တိုင်သည် တတိယတပည့်လောက် သန်မာခြင်းမရှိသည့်အတွက်ကြောင့် တတိယတပည့်ဖက်ထားသည်မှ ရုန်းထွက်လိုပါလျက် ရုန်းမထွက်နိုင်ခဲ့ပေ။
သွေးတံခါးမှ ဆယ်မိုင်ခန့်အကွာ၌ မူနပြောခဲ့သလိုပင် သွေးတံခါးပြောင်းလဲသွားပြီးသည့်နောက်တွင် ၎င်းဆီမှ ထွက်ပေါ်နေသည့် မွန်းစတားမျိုးနွယ်စုဝင်များအပေါ် ဖိနှိပ်သည့်စွမ်းအားမှာ ပျောက်ကွယ်သွားသယောင် ထင်ရသည်။ ပုံမှန်အားဖြင့် သွေးတံခါးနားသို့ မည်သည့် မွန်းစတားမျိုးနွယ်စုဝင်မှ ချည်းကပ်လာ၍ မရပေ။ အားအကောင်းဆုံးသော မွန်းစတားဘုရင်များသည်ပင်လျှင် သွေးတံခါးနားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားကုန်ကြရသည်။ သို့သော်ငြား လက်ရှိအချိန်တွင် မွန်းစတားဘုရင်များမဆိုထားနှင့် အလွန်ကိုမှ အားနည်းလှသော မွန်းစတားမျိုးနွယ်စုဝင်များသည်ပင်လျှင် သွေးတံခါးအနီးသို့ ချဉ်းကပ်သွားနိုင်သည်ကြလေသည်။ ထိုမွန်းစတားမျိုးနွယ်စုဝင်များသည် စိတ်လွတ်သွားသည့်အလား မျက်ထောင့်နီကြီးများဖြင့် သွေးတံခါးဆီသို့ အတုံးအရုံး ပြေးဝင်သွားနေကြလေ၏။ ဤသည်မှာ သွေးမျိုးဆက်ဆွဲဆောင်ခြင်းသာ ဖြစ်လေသည်။
ရှဲ့ဝူဝေပြောခဲ့သလိုပင် သွေးတံခါးပြောင်းလဲသွားပြီးနောက် သွေးတံခါးထဲတွင်ရှိနေသော နတ်သားရဲနန်းတော်ထဲတွင် ထည့်သိမ်းထားသည့် သားရဲအမြုတေများ၏ အရှိန်အဝါများ ထွက်ပေါ်လာကုန်ကြလေသည်။ ထိုအရှိန်အဝါသည် ရှေးဟောင်းကုန်းမြေထဲတွင် နေထိုင်နေကြသော သက်ရှိတိုင်းအတွက် စွဲမက်စရာပင်။ အားနည်းလှသော မွန်းစတားမျိုးနွယ်စုဝင်များမှာ ထိုအရှိန်အဝါများ၏ ဆွဲဆောင်မှုကို မခုခံနိုင်တော့ဘဲ စိတ်လွတ်သွားကုန်ကြကာ သွေးတံခါးဆီသို့ ပြေးဝင်သွားနေကြခြင်း ဖြစ်ပေသည်။
သို့ရာတွင် ထိုမွန်းစတားမျိုးနွယ်စုဝင်များမှာ သွေးတံခါး၏ တစ်မိုင်အနီးသို့ပင် ချဉ်းကပ်မလာနိုင်ကြချေ။
အကြောင်းမှာ လက်ရှိအချိန်တွင် ပုံရိပ်ရှစ်ခုသည် သွေးတံခါးအနီးပတ်လည်၌ ကင်းလှည့်နေသည့် အတွက်ကြောင့်ပင်။ သွေးတံခါးနားသို့ ချဉ်းကပ်လာသည့် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးကို တွေ့သည်နှင့် ခြွင်းချက်မရှိ သတ်ပစ်ပေသည်။ ထိုရှစ်ဦးမှာ မွန်းစတားမျိုးနွယ်စု၏ ဘုရင်ချုပ်ရှစ်ပါးသာ ဖြစ်ကြလေသည်။
လက်ရှိအချိန်တွင် တံခါး၏ ဆယ်မိုင်ပတ်လည်၌ အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေကြလေ၏။ သွေးနံ့တို့သည်လည်း လေထဲ ထောင်းထွက်နေခဲ့လေသည်။ ဘုရင်ချုပ်ရှစ်ပါးသည် သွေးတံခါးအနီးသို့ ချဉ်းကပ်လာသည့် မည်သူကိုမဆို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ပါသော်ငြား သူတို့၏လုပ်ရပ်သည် မရေမတွက်နိုင်သော မွန်းစတားမျိုးနွယ်စုဝင်များအား တားဆီးနိုင်ခဲ့ခြင်း မရှိချေ။
သွေးတံခါးဆီမှ မိုင်ငါးဆယ်ခန့်အကွာရှိ တောင်တစ်လုံးပေါ်တွင် ကျောက်စံအိမ်တစ်လုံး ရှိနေခဲ့လေသည်။ ထိုစံအိမ်ထဲ၌ ပုံရိပ်လေးခု ရှိနေလေ၏။ မွန်းစတားမျိုးနွယ်စုဝင်အချို့သည် ထိုစံအိမ်အား တလေးတစားဖြင့် အမူအယာများဖြင့် စောင့်ကြပ်နေကြလေသည်။
ကျောက်စံအိမ်ထဲတွင်ရှိသည့် ပုံရိပ်လေးခုမှာ ရှေးဟောင်းကုန်းမြေ၏ နတ်အရှင်လေးပါးမှလွဲ၍ အခြားမဟုတ်ကြပေ။
သွေးတံခါး ပြောင်းလဲသွားမှုသည် အလွန်တရာကိုမှ အရေးကြီးသည့် အတွက်ကြောင့် နတ်အရှင်လေးပါးကိုယ်တိုင် ရောက်လာကာ စောင့်ကြည့်နေခြင်း ဖြစ်ပေသည်။
ဘယ်ဘက်အဆုံးတွင် ရှိနေသည့် လူမှာ သရဖူတစ်ခုကို ဆင်မြန်းထားလျက် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီး ဖြစ်ပေသည်။ ထိုလူသည် သာမန်လူတစ်ဦးနှင့် မခြားပါသော်ငြား သူ့ခန္ဓာကိုယ်ဆီမှ သာမန်လူနှင့်မတူသည့် ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့လေသည်။ သူ၏မျက်လုံးများမှာလည်း လျှပ်စီးတန်းများအလား စူးရှစွာ တောက်ပနေလေ၏။ သူနှင့် အကြည့်ချင်းရင်ဆိုင်လိုက်ရသည့် မည်သူမဆို ကျောရိုးတစ်လျှောက် စိမ့်တက်သွားရပေလိမ့်မည်။ ဤလူသည် ရှေးဟောင်းကုန်းမြေ၏ အရှေ့ပိုင်းနတ်အရှင် ဖန်းဝူသာ ဖြစ်လေသည်။
ညာဘက်တွင် ရှိနေသူမှာမူ ကျောက်တုံးဝိဉာဉ်များနှင့် ဆင်တူ၏။ အဖုဖု အထစ်ထစ် ဖြစ်နေသော အရေပြားနှင့် ကျောက်တုံးကဲ့သို့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ အလွန်ကိုမှ ကြမ်းကြုတ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။ ထိုလူသည် မြောက်ပိုင်းနတ်အရှင် ရှီဟွော့သာ ဖြစ်လေသည်။
ကြယ်တာရာအစုအဝေးထဲတွင် အခြားသော နယ်မြေကြီးသုံးခုမှာ ရှီဟွော့အကြောင်းကို ကြားဖူးလိမ့်မည် မဟုတ်ကြပါသော်ငြား အရှေ့ဘက်နယ်မြေရှိ ကျင့်ကြံသူများကမူ ရှီဟွော့အကြောင်းကို တော်တော်လေး သိထားကြပေသည်။
အကြောင်းမှာ လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀၀ခန့်က အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော လိပ်နက်ဂိုဏ်းသည် ရှီဟွော့၏ ဖျက်ဆီးခြင်း ခံလိုက်ရသည့် အတွက်ကြောင့်ပင်။ ထိုတိုက်ပွဲတွင် လိပ်နက်ဂိုဏ်း၏ တပည့်ပေါင်း သောင်းနှင့်ချီကာ သေဆုံးခဲ့ရလေသည်။ ထိုအကြောင်းကို ကြားစဉ်က ရှုယဉ်သာမဟာဧကရာဇ်မှာ ဒေါသူပုန်ထသွားခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ ရှီဟွော့အား ဖမ်းဆီးရန် ကြိုးစားခဲ့ပါသော်ငြား ကံကောင်းစွာဖြင့် ရှီဟွော့သည် ရှေးဟောင်းကုန်းမြေထဲသို့ ထွက်ပြေးသွားနိုင်ခဲ့ပေသည်။ (အရင်တုန်းက လိပ်နက်ဂိုဏ်းဆိုတဲ့နာမည်ကြောင့် လိပ်နက်ဂိုဏ်း ဖျက်စီးခံလိုက်ရတယ်ဆိုတာ မဟုတ်ပါဘူးနော်။ အင်္လိပ်ဘာသာပြန်တဲ့လူ မှားရေးထားတာပါ။ ပြီးတော့ ရှီဟွော့က လိပ်နဲ့ ဘာမှမဆိုင်ပါဘူး)
မဟာဧကရာဇ်တစ်ပါး၏လက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ကို ကြည့်ပါက ရှီဟွော့၏ခွန်အား မည်မျှမြင့်မားသလဲဆိုသည်ကို သိနိုင်ပေသည်။
ကျောက်စံအိမ်၏ အလယ်ဗဟိုတွင် ကျောက်စားပွဲတစ်လုံး ရှိနေကော စားပွဲပေါ်တွင် အငွေ့တထောင်းထောင်း ထွက်နေသော ရေနွေးကြမ်းအိုးတစ်လုံး ရှိနေခဲ့လေသည်။
နှင်းဖြူရောင်အသားအရေကို ပိုင်ဆိုင်ထားသည့် ချောမောလှပသော အမျိုးသမီးတစ်ဦးသည် စားပွဲခုံဘေးတွင် ထိုင်နေခဲ့လေသည်။ ထိုအမျိုးသမီးသည် နှစ်လိုဖွယ်ကောင်းသည့် မျက်လုံးများနှင့် စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။ ပိုးချည်သားတမျှ ပျော့ပျောင်းလှသည့် ပိတုန်းရောင်ဆံကေသာများသည် ရေတံခွန်များအလား ကျောပြင်တစ်လျှောက် ပြန့်ကျဲကျနေလေရာ တင်ပါးဆုံထိတိုင် ရောက်ရှိနေခဲ့လေ၏။ ထိုအမျိုးသမီးသည် ရေနွေးကြမ်းတစ်ခွက်အား တစိမ့်စိမ့်နှင့် ထိုင်သောက်နေလေသည်။
သူမသည် တောင်ပိုင်းနတ်အရှင် လွမ်ဖုန်းသာ ဖြစ်လေ၏။
မသိသာမသိလျှင် သူမကဲ့သို့ ချောမောလှပ နှစ်ဖွယ်လိုကောင်းလှသော အမျိုးသမီးတစ်ဦးသည် ကြောက်မက်ဖွယ်ရာ ခွန်အားကို ပိုင်ဆိုင်ထားသည့် နတ်သားရဲတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်လိမ့်မည် မဟုတ်ချေ။ သူမအား ရန်စမိသည့်လူတိုင်းမှာတော့ ကမ္ဘာဖျက်အနက်ရောင်မီးတောက်များ၏ ပြာအတိ လောင်ကျွမ်းပစ်ခြင်း ခံရပေလိမ့်မည်။
နောက်ဆုံးပုံရိပ်မှာ ရက်စက်ကြမ်းကြုတ်သည့် အကြည့်ကို ပိုင်ဆိုင်ထားသည့်လူတစ်ဦး ဖြစ်ပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူသည် ရန်စလို့မကောင်းကြောင်း သိနိုင်ပေသည်။ ထိုလူသည် လွမ်ဖုန်းရှေ့တွင်ရှိနေသော ကျောက်တုံးညောင်စောင်းပေါ်၌ ကျောက်ရုပ်တုတစ်ခုအလား မလှုပ်မယှက် ထိုင်နေခဲ့လေ၏။ တမင်တကာလား မသိလေရာ သူ့အကြည့်သည် လွမ်ဖုန်း၏ စွဲမက်ဖွယ်ရာကောင်းလှသော ကိုယ်ပေါ်တွင် ဝဲနေခဲ့လေသည်။ သို့သော်ငြား အရမ်းကြီးတော့ ပေါ်ပေါ်ထင်ထင် မကြည့်ရဲခဲ့ပေ။ မသိမသာလေး ခိုးကြည့်နေခြင်းသာ ဖြစ်ပေသည်။
လွမ်ဖုန်းသည် ရေနွေးကြမ်းတစ်ငုံကို စုပ်သောက်လိုက်ပြီးသည့်နောက် သတိပေးလိုက်လေ၏။ “ချန်ကွော့… နင် အဲ့အတိုင်း ငါ့ကို ဆက်ကြည့်နေမယ်ဆိုလို့ရှိရင် ဒီဘုရင်မ နင့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်တော့မှာနော်…”
ထိုစကားကိုကြားသည့်အခါ ချန်ကွော့၏ မျက်လုံးထဲ ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ရှက်ရှက်ဖြင့် ပြုံးလျက် ပြန်မေးလိုက်လေသည်။ “အမျိုးသမီးဖုန်း… နင် ဘာဖြစ်လို့ ငါနဲ့ အမြဲ ခပ်ခွာခွာ နေနေရတာလဲ… ဒီဘုရင် နင့်ကို ကြိုက်တယ်ဆိုတာကို နင်မသိဘူးလား…”
လွမ်ဖုန်းကမူ ခံစားချက်မရှိသည့် လေသံဖြင့်သာ နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ဒီဘုရင်မ သိတာတော့ နင်က အရမ်းရွံစရာကောင်းတယ်ဆိုတာပဲ…”