← Chapters

အခန်း (၂၅၈၄-၂၅၈၆)

Vol. 109 Ch. 2584-2586

အခန်း (၂၅၈၄-၂၅၈၆)

Vol. 109 Ch. 2584-2586

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၈၄)

ဘာသာပြန်သူ_တိမ်တိုက်

အခြားလူတစ်ဦးဦးသည်သာ ချန်ကွော့အား ဤကဲ့သို့ လာပြောရဲမည်ဆိုပါက ချန်ကွော့၏ တစ်စစီလုပ်ပစ်ခြင်း ခံရလောက်ပေပြီ။ သို့သော်ငြား လက်ရှိ သူ့အား ဤကဲ့သို့ ပြောလိုက်သည့်လူမှာ သူကြိုက်နေသည့်လူတစ်ဦး ဖြစ်ရုံသာလျှင်မဟုတ် သူနှင့် ယှဉ်ပြိုင်နိုင်သော ခွန်အားကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။

ယေဘုယျအားဖြင့် နတ်သားရဲတစ်ကောင်ချင်းစီကြား ခွန်အားကွာခြားချက်များ ရှိကြပေသည်။ ရှေးခေတ်အခါက နတ်သားရဲများအနက် နဂါးနှင့် ဖီးနစ်ကလန်တို့သည် ထိပ်ဆုံးတွင် ရပ်တည်ကြသည်။ ထိုနတ်သားရဲကလန်နှစ်ခုနှင့် ယှဉ်လိုက်သော် အခြားသော နတ်သားရဲများ၏ ခွန်အားမှာ သိသိသာသာကို ကွဲပြားကြပေသည်။

လွမ်ဖုန်းသည် ဖီးနစ်ကလန်အခွဲတစ်ခုမှ လာသည့် မျိုးဆက်တစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့် သူမ၏ခွန်အားမှာ သူမ၏ဘိုးဘေးများနှင့် ယှဉ်နိုင်ခြင်း မရှိပါသော်ငြား အလွန်ကိုမှ မြင့်မားသေးသည်ဟု ပြော၍ရသည်။ အထူးသဖြင့် အလွန်တရာကိုမှ ဖျက်အားပြင်းထန်လှသော သူမ၏ ကမ္ဘာဖျက် အနက်ရောင်မီးတောက်များပင်။

ရှေးဟောင်းကုန်းမြေထဲရှိ နတ်အရှင်လေးပါးအနက်တွင် လွမ်ဖုန်းသည် အားအကောင်းဆုံးဖြစ်ပေသည်။ ထိုအချက်နှင့်ပတ်သက်၍ မည်သည့်နတ်အရှင်မှ မငြင်းခုန်ကြချေ။ သို့သော်ငြား နတ်အရှင်လေးပါးသည် ရှေးဟောင်းကုန်းမြေထဲတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် နေထိုင်လာကြပြီး နယ်မြေများကိုလည်း လုလေ့မရှိသည့်အတွက်ကြောင့် မဖြစ်မနေသာ မလိုအပ်လျှင် သူတို့ကြား တိုက်ပွဲဖြစ်လေ့မရှိပေ။ ထို့အပြင် လွမ်ဖုန်းသည် အခြားသော နတ်အရှင်သုံးပါးထက် ပိုအားကောင်းသည်ဆိုသည့်တိုင် သေရေးရှင်ရေးတိုက်ပွဲတစ်ခုနှင့်သာ ရင်ဆိုင်ရမည်ဆိုပါက တစ်ဖက်လူသုံးဦးသည်လည်း အလွယ်တကူငြိမ်ခံနေလိမ့်မည် မဟုတ်ပေ။ ချောင်ပိတ်ခံရသည့် ခွေးတစ်ကောင်သည်ပင်လျှင် ပြန်ကိုက်တတ်လေရာ နတ်အရှင်များသာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့‌ချေ။ ထို့အတွက်ကြောင့် လွမ်ဖုန်းအနေဖြင့် နတ်အရှင်များကို သတ်ပစ်နိုင်သည့်တိုင် နတ်အရှင်များမှာလည်း သူမအား ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင် လုပ်နိုင်ပေသည်။

ထိုကဲ့သို့ အပြောခံလိုက်ရပြီးသည့်နောက်တွင် ချန်ကွော့မှာ ရှက်ရှက်ဖြင့် ဒေါသထွက်လာခဲ့ရာ ပြန်အော်ပြောလိုက်လေ၏။ “ဒီဘုရင်က ကိုယ့်မျက်လုံးနဲ့ ကိုယ်ကြည့်တာ နင်နဲ့ဘာဆိုင်လို့လဲ…”

လွမ်ဖုန်း၏လှုပ်ရှားမှုများ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး မျက်ခုံးပင့်လျက် အေးစက်စက်မျက်ဝန်းများဖြင့် ချန်ကွော့ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ ထို့နောက် သူမပါးစပ်ကိုဟ၍ အသာအယာလေး လေတစ်ချက်မှုတ်ထုတ်လိုက်လေ၏။

ပိန်းပိန်းပိတ်အောင် မည်းမှောင်သည့် အနက်ရောင်မီးအမျှင်တန်းတစ်တန်းသည် မြွေတစ်ကောင်အလား ချန်ကွော့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။

“ကမ္ဘာဖျက်အနက်ရောင်မီးတောက်…” သူစနောက်လိုက်သည်မှာ အနည်းငယ်လွန်သွားမှန်း သိလိုက်သော် ချန်ကွော့၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။ လွမ်ဖုန်းမှာ သူ့အား တိုက်ခိုက်လာသည့်အတွက်ကြောင့် ချန်ကွော့လည်း မတတ်သာတော့ဘဲ ပြန်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရလေ၏။

လက်ဝါးချက်ကြောင့် ဟင်းလင်းပြင်တစ်ခုလုံး ကွဲကြေသွားခဲ့ရာ ကျောက်စံအိမ်တစ်ခုလုံးသည်လည်း ကျောက်စကျောက်နများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

ကျောက်စံအိမ်ထဲမှ ပုံရိပ်လေးခု လေပေါ်သို့ ပျံဝဲတက်လာကြလေ၏။

“မင်းတို့နှစ်ယောက် ဘာတွေလုပ်နေကြတာလဲ…” ဖန်းဝူသည် လွမ်ဖုန်းနှင့် ချန်ကွော့ကိုကြည့်၍ အော်ပြောလိုက်လေသည်။ “နင်တို့နှစ်ယောက်တွေ့တိုင်း ဘာဖြစ်လို့ အမြဲ ဒီလိုပဲ ဖြစ်နေကြရတာလဲ…”

လွမ်ဖုန်းသည် ဆံပင်ကို သူမကျောပြင်သို့ သပ်တင်လျက် ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီဘုရင်မက ကိုယ့်ဘာကိုယ် အေးအေးဆေးဆေးနေတာ… အဲ့ကောင်ကပဲ တွေ့တိုင်း ဒီဘုရင်မကို ရန်လာလာစနေတာ…”

ချန်ကွော့က ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေ၏။ “ငါနင့်ကို ကြည့်ရုံပဲကြည့်တာလေ… နင့်အသားပဲ့ပါသွားတာမှ မဟုတ်တာ… ဘာဖြစ်လို့ ငါ့ကို လာတိုက်ခိုက်ရတာလဲ… ငါနင့်ကိုကြောက်တယ်များထင်နေတာလား…”

လွမ်ဖုန်းသည် ချန်ကွော့အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ငါ့အသားပဲ့ပါမသွားဘူး… ဒါပေမယ့် နင့်အကြည့်က အရမ်းရွံစရာကောင်းလွန်းတယ်… နင်ကြည့်တာ မခံနိုင်လို့ကို ငါအခုလိုမျိုး ပြန်လုပ်ရတာ…”

ချန်ကွော့က ပြန်ပြောလေ၏။ “ကောင်းပြီလေ… ဒီဘုရင် နင့်ကို သည်းခံလာခဲ့တာ တစ်ရက်နှစ်ရက်မကတော့ဘူး… ဒါပေမယ့် နင်က ဒီဘုရင်ကို ဒီလောက်တောင် အထင်သေးနေတယ်ဆိုမှတော့ ဒီနေ့ ဘယ်သူပိုအားကောင်းလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့…”

“ရတယ်လေ…” လွမ်ဖုန်းသည် ယခုကဲ့သို့သော အခိုက်အတန့်ကို စောင့်ဆိုင်းနေသည့်အလား ချက်ချင်း ပြန်ပြောလိုက်လေ၏။ ထို့နောက် အေးစက်စက်အမူအယာဖြင့် ပြုံးလျက် ပြောလိုက်လေ၏။ “ဒီဘုရင်မလည်း နင့်ကို သတ်ချင်နေတာ ဟိုးအရင်ကတည်းကပဲ… ပြဿနာမရှာချင်လို့သာ ငြိမ်နေခဲ့တာ… နင်က သေချင်နေတယ်ဆိုမှတော့လည် ဒီဘုရင်မလည်း နင့်ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…”

“မင်းတို့နှစ်ယောက်…” ဖန်းဝူ၏မျက်နှာ ရုတ်ချည်း အေးစက်လာခဲ့ပြီး အံကိုကြိတ်ကာ အော်ပြောလိုက်လေ၏။ “တော်သင့်နေပြီနော်…”

သူ့ကြည့်ရသည်မှာ ဤလေးဦးအနက် အတော်လေးကို စီနီယာကျသည့်ပုံပင်။ ဖန်းဝူမှ ပြောလိုက်သည့်အခိုက် ချန်ကွော့နှင့် လွမ်ဖုန်းတို့နှစ်ဦးစလုံး ရပ်တန့်လိုက်ကြပြီး တစ်ဦးဆီမှ တစ်ဦး အကြည့်လွှဲဖယ်လျက် အသီးသီး နှာခေါင်းရှုံ့လိုက်ကြလေသည်။

“ဒီတစ်နေ့လုံး ဒီလောက်တောင် ပြဿနာတွေ တက်နေတာကို နင်တို့နှစ်ယောက်က အတူ မပူးပေါင်းကြဘဲ အားနေ ပြဿနာချည်းပဲ ရှာနေကြတယ်…” ဖန်းဝူက မကျေမနပ်ဖြင့် ပြောလိုက်လေ၏။ “ကိုယ့်လက်အောက်ငယ်သားတွေရှေ့မှာ အခုလိုမျိုးလုပ်နေတာ မရှက်တတ်ကြဘူးလား…”

ဆူပူပြစ်တင်ခံလိုက်ရသည့် ချန်ကွော့နှင့် လွမ်ဖုန်းတို့နှစ်ဦးစလုံး ရှက်သွားကြလေသည်။

မွန်းစတားမျိုးနွယ်စုဝင်များမှာတော့ ကျောက်စံအိမ်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြလေ၏။

“ပြီးတော့ မင်း…” ဖန်းဝူသည် ရှီဟွော့ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

“ငါနဲ့ဘာဆိုင်လို့လဲ…” ရှီဟွော့က နားမလည်နိုင်ဟန်ဖြင့် ခေါင်းခါပြလိုက်လေ၏။

“အမြဲတမ်း မင်းလည်း အေးအေးဆေးဆေးပဲ ထိုင်ထိုင်ပြီး ကြည့်နေတယ်… ဘာဖြစ်လို့ သူတို့နှစ်ယောက်ကို သွားမတားတာလဲ…” ဖန်းဝူက ထပ်မံ၍ ပြစ်တင်လိုက်ပြန်လေသည်။

ရှီဟွော့က မပျော်မရွှင်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “သူတို့ဘာသာသူတို့ တိုက်ခိုက်နေတာကို ငါက ကြည့်နေရတာလေ… ငါနဲ့ဘာဆိုင်လို့လဲ…”

ထိုစကားကိုကြားပြီးသည့်နောက် ဖန်းဝူသည် အချိန်အနည်းငယ်မျှ မျက်မှောင်ကျုံ့နေပြီးသည့်နောက် နောက်ဆုံး အရှိတရားကို လက်ခံလိုက်သည့်အလား သက်ပြင်းတစ်ချက် ချလိုက်လေ၏။ အချိန်အတော်ကြာသွားပြီးသည့်နောက် စိတ်ငြိမ်သွားသည့်အခါ ပြောလိုက်လေသည်။ “သွေးတံခါး ပြောင်းလဲသွားလို့ သွေးမျိုးဆက်ဆွဲဆောင်မှုကြောင့် ရှေးဟောင်းကုန်းမြေက သက်ရှိတွေအကုန်လုံး သွေးတံခါးဆီ အပြေးအလွှား လာနေကြတာ…. ငါတို့ကိုယ်တိုင်သာ လာစောင့်ကြည့်နေတာကြောင့်သာ မဟုတ်ရင် ငါတို့လက်အောက်မှာရှိနေတဲ့ မွန်းစတားဘုရင်တွေလည်း အဲ့ထဲဝင်သွားပြီး အထဲမှာရှိနေတဲ့ သူတို့ဘိုးဘေးတွေရဲ့ အမြုတေစွမ်းအားနဲ့ မှတ်ဉာဏ်တွေကို ဆက်ခံပြီးနေလောက်ပြီ… သွေးတံခါးထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကို မင်းတို့လည်း သိလောက်မှာပေါ့… အရင်တုန်းက ကောင်းကင်အပြစ်ပေးဓါးကိုကိုင်တဲ့ ပညာရှင်ကြောင့် နတ်သားရဲတွေအကုန်လုံး မျိုးသုဉ်းလုနီးပါး ဖြစ်သွားခဲ့ရတယ်… ငါတို့ဘိုးဘေးတွေက ကံကောင်းပြီး လွတ်လာခဲ့တယ်ဆိုပေမဲ့ အဲ့လူရဲ့စွမ်းအား နောက်တစ်ကြိမ်ပြန်ပေါ်လာပြီး ငါတို့ ခွေးပြေးဝက်ပြေး ထွက်ပြေးရမယ့် အဖြစ်မျိုးကို မင်းတို့ကြုံချင်မှာမဟုတ်ဘူး ဟုတ်တယ်မလား…”

ဖန်းဝူမှ ထိုပညာရှင်အကြောင်း ပြောလာသည်နှင့်တစ်ပြိုင်နက် အခြားသော နတ်အရှင်သုံးဦး၏ အမူအယာ သုန်မှုန်သွားခဲ့ကြလေသည်။

ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသော မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးစလုံးသည် သွေးတံခါးနှင့်ပတ်သက်သော လျှို့ဝှက်ချက်အများစုအကြောင်းကို မသိကြပါသော်ငြား နတ်အရှင်များကမူ ထိုသို့မဟုတ်ကြချေ။ နတ်အရှင်လေးဦးလုံးသည် သူတို့ဘိုးဘေးများ၏ အမြုတေစွမ်းအားနှင့် မှတ်ဉာဏ်များကို သွေးမျိုးဆက်မှတစ်ဆင့် လက်ခံရရှိထားသည့် အတွက်ကြောင့် သွေးတံခါးထဲတွင် မည်သည့်အရာအား ချိတ်ပိတ်ထားသလဲ ဆိုသည်ကို ကောင်းကောင်းသိကြပေသည်။

သွေးတံခါးထဲတွင် မရေမတွက်နိုင်သော နတ်သားရဲများ၏ အမြုတေများသာလျှင်မဟုတ်။ ဤလောကကြီးတစ်ခွင်တွင် ရှိနေသော နတ်သားရဲအားလုံးအား ဖိန့်ဖိန့်တုန်သွားစေနိုင်သော ကောင်းကင်အပြစ်ပေးဓါးလည်း ရှိနေပေသည်။

တစ်စုံတစ်ဦးသည်သာ သွေးတံခါး၏ ချိတ်စည်းကို ဖျက်ဆီးလိုက်၍ ဓါးသည်သာ ဤလောကကြီးထဲ၌ ပြန်ပေါ်လာမည်ဆိုပါက နတ်သားရဲများအတွက် ကြယ်တာရာအစုအဝေးထဲ၌ လုံခြုံသည့်နေရာဟူ၍ ရှိတော့လိမ့်မည်မဟုတ်ချေ။ ထိုလေးဦးစလုံးသည် ကောင်းကင်အပြစ်ပေးဓါး၏ စွမ်းအားကို ပထမဦးဆုံး ခံစားကြရမည့်လူများ ဖြစ်ကြပေသည်။

ထိုကိစ္စကြောင့်ပင်လျှင် သူတို့လေးဦးစလုံး ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာရခြင်း ဖြစ်ပေသည်။ သွေးတံခါး၏ချိတ်စည်း ပျက်စီးသွားခဲ့ပြီး ကောင်းကင်အပြစ်ပေးဓါး ပြန်ပေါ်လာမည့်အဖြစ်ကို သူတို့ လုံးဝ မမြင်ချင်ကြပေ။

သုံးဦးစလုံး တိတ်သွားသည်ကိုမြင်သော် ဖန်းဝူက ခေါင်းတညိတ်ညိတ်ဖြင့် ထပ်ပြောလိုက်လေ၏။ “ငါတို့လေးဦးသာ တစ်ကြိတ်တည်းတစ်ဉာဏ်တည်း ဖြစ်နေသရွေ့ ငါတို့လက်အောက်မှာရှိနေတဲ့ မွန်းစတားဘုရင်တွေတောင် သွေးတံခါးထဲကို ဖောက်ဝင်ဖို့ ကြိုးစားရဲမှာမဟုတ်ဘူး… ဒီအခြေအနေသာ ပြန်ငြိမ်သွားပြီဆိုရင် ငါတို့ အေးအေးဆေးဆေး နေလို့ရသွားပြီ… ဒါပေမဲ့ မင်းတို့တွေ အချင်းချင်း တိုက်ခိုက်နေကြဦးမယ်ဆိုလို့ရှိရင်တော့ အကြီးပိုင်းတွေ ပြဿနာဖြစ်နေတာကို အခွင့်ကောင်းယူပြီး ငါတို့လက်အောက်က မွန်းစတားဘုရင်တွေအကုန်လုံး သွေးတံခါးထဲကို ဖောက်ဝင်ဖို့ ကြိုးစားကြလိမ့်မယ်… သွေးတံခါးသာ တစ်ခုခုဖြစ်သွားခဲ့တယ်ဆိုရင် ဘယ်သူမှ တာဝန်ခံနိုင်တော့မှာမဟုတ်ဘူး…”

ဖန်းဝူပြောသည်ကို မည်သူမျှ မငြင်းနိုင်ကြချေ။ တစ်ဦးနှင့်တစ်ဦး အမြဲရန်စောင်နေကြသော ချန်ကွော့နှင့် လွမ်ဖုန်းတို့သည်လည်း ယခုအချိန်သည် တိုက်ခိုက်ရမည့်အချိန် မဟုတ်သေးမှန်း နားလည်သွားကြလေသည်။

သွေးတံခါးရှိရာဆီမှ မိုင်သုံးဆယ်ခန့်အကွာတွင် ရှဲ့ဝူဝေသည် သူ့၏လက်အောက်ငယ်သားများနှင့် အတူ သွေးတံခါးဆီသို့ မည်သူမျှ မချဉ်းကပ်လာနိုင်စေရန် စောင့်ကြပ်နေခဲ့လေသည်။ သို့သော်ငြား မကြာခဏဆိုသလို နတ်အရှင်များ စုဝေးနေသည့်ဘက်ဆီသို့ လှမ်းလှမ်းကြည့်၍ လှောင်ပြုံးပြုံးနေခဲ့လေသည်။

နတ်အရှင်များ သွေးတံခါးအနီး၌ ဘာကြောင့်စုဝေးနေရသလဲဆိုသည်ကို သူကောင်းကောင်းသိပေသည်။ သူတို့၏လက်အောက်ငယ်သားများဖြစ်ကြသော မွန်းစတားဘုရင်များ မိမိကိုယ်ကို မချုပ်တည်းနိုင်တော့ဘဲ သွေးမျိုးဆက်ဆွဲဆောင်ရာနောက်သို့ လိုက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်။

တကယ်တော့ နတ်အရှင်များ အပိုလုပ်နေကြခြင်း မဟုတ်ကြချေ။ သူတို့လေးဦး အနီးအနားတွင် ရှိနေကြသည့် အတွက်ကြောင့်သာမဟုတ်ပါက ရှဲ့ဝူဝေကိုယ်တိုင်သည်လည်း သွေးတံခါး၏ချိတ်စည်းကို ချိုးဖြတ်ပြီးသွားလောက်ပေပြီ။

သူ့ကျင့်ကြံခြင်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဆက်လက်တိုးတက်ဖို့ရာ အလားအလာ မရှိတော့ချေ။ ဤသည်မှာ ခွန်အားကို လိုလားတောင့်တသော မွန်းစတားမျိုးနွယ်စုဝင်များအတွက် နှိပ်စက်မှုတစ်မျိုးသာ ဖြစ်လေသည်။

သွေးတံခါး၏ပြောင်းလဲမှုသည် သူ့အား မျှော်လင့်ချက်အရိပ်အယောင်ကို မြင်တွေ့စေခဲ့လေသည်။ သူ့အား ဆင့်ခေါ်နေသော စွမ်းအင်တစ်မျိုးသည် သွေးတံခါးဆီမှ ဖြာထွက်နေသည်ကို ရှဲ့ဝူဝေ ခံစားနေမိလေသည်။ ထိုစွမ်းအားသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာစေပြီး ဘိုးဘေး၏စွမ်းအားကို ဆက်ခံစေလျက် နတ်သားရဲအသွင်သို့ ပြောင်းလဲစေနိုင်သည့် စွမ်းအားသာ ဖြစ်လေသည်။

သူသာ ထိုစွမ်းအားကို ရလိုက်မည်ဆိုပါက နတ်အရှင်လေးပါးနှင့် အဆင့်တူတွင် ရပ်တည်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာမည်ဖြစ်ကာ အခြားသူများ၏အမိန့်ကို လိုက်နာနေစရာ လိုတော့လိမ့်မည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် သူ့၌ ထိုကဲ့သို့သော အခွင့်အရေးမျိုး ရှိမနေခဲ့ပေ။ နတ်အရှင်လေးပါး၏ စောင့်ကြည့်နေမှုကြောင့် သူ့အနေဖြင့် သွေးတံခါးအနီးသို့ မည်သည့်နည်းနှင့်မှ ချဉ်းကပ်မသွားနိုင်ခဲ့။

စိတ်ပေါက်ပေါက်ဖြင့် ရှဲ့ဝူဝေသည် သက်ပြင်းအမောကြီးချကာ သူထိုင်နေသည့်ခုံ၏ လက်ရန်းကို ရိုက်ချလိုက်လေသည်။ “ဘုန်း…” ဟူသော မြည်သံနှင့်အတူ လက်ရန်းတစ်ခုလုံး တစ်စစီ ပျက်စီးသွားခဲ့လေသည်။ အခွင့်အရေးသည် သူ့ရှေ့ရှိ ရှိနေပါသော်ငြား မြင်သာမြင်ရ မကြင်ရ ဆိုသည့်အတိုင်း ထိုအခွင့်အရေး တဖြည်းဖြည်းပျောက်ကွယ်သွားမည်ကို ထိုင်ကြည့်နေရသည့်ဘဝမှာ အလွန်ကိုမှ ရင်နာစရာ ကောင်းလှပေသည်။

ထိုအခိုက်အတန့်တွင် ရှဲ့ဝူဝေသည် တစ်စုံတစ်ခုအား အာရုံခံမိသွားသည့်အလား ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး တစ်ခုသောဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။ တစ်ခဏကြာမျှ စိုက်ကြည့်နေပြီးသည့်နောက် မျက်မှောင်ကြုတ်လျက် ထရပ်လိုက်လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ သူ့ဘေးနားတွင်ရပ်နေသော ရှုယုဟုခေါ်သည့် မွန်းစတားမျိုးနွယ်စုဝင်က မေးလိုက်လေ၏။ “ဆရာ… ဘယ်ကိုသွားနေတာလဲ…”

“ငါပျင်းလာလို့ လမ်းလျှောက်ထွက်မလို့… မင်းတို့ ဆက်စောင့်ကြည့်ထားလိုက်… တစ်ယောက်ယောက်ချဉ်းကပ်လာတယ်ဆိုတာနဲ့ ညှာမနေဘဲ သတ်သာသတ်ပစ်လိုက်…” ရှဲ့ဝူဝေသည် လက်နောက်ပစ်ရင်းမှ ထူးမခြားနားဟန်ဖြင့် အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့ပါဆရာ…” ရှုယုသည် တလေးတစားဖြင့် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။

သူ့လက်အောက်ငယ်သား၏မြင်ကွင်းမှ ထွက်လာပြီးသည့်နောက် ရှဲ့ဝူဝေ၏ပုံရိပ် လှစ်ခနဲဆိုသလို တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် ရှဲ့ဝူဝေ၏ ပုံရိပ်သည် သစ်ပင်ကြီးတစ်ပင်ထက်တွင် ပြန်ပေါ်လာပြီး ဘေးဘီဝဲယာသို့ မယုံသင်္ကာအမူအယာဖြင့် ကြည့်လိုက်လေ၏။

သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်နေစဉ်မှာပင် ပုံရိပ်တစ်ခုသည် သူ့ဘေးနား၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။

ရှဲ့ဝူဝေ အံ့အားသင့်သွားခဲ့ပြီး အယောင်ယောင် အရမ်းရမ်းဖြင့် ထတိုက်ခိုက်တော့မလို ဖြစ်သွားခဲ့ရသည်။

“ငါပဲ…”

ရင်းနှီးနေသည့်အသံကို ကြားလိုက်သည့်အခါမှသာ ရှဲ့ဝူဝေသည် သူ့လက်အား ပြန်ရုတ်သိမ်းလိုက်လေသည်။

“သခင်လေးရန်….” ရှဲ့ဝူဝေသည် ရန်ကိုင့်အား အံ့အားသင့်နေဟန်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။ “မင်း ဘယ်ကနေ ရောက်တာလဲ…”

အဆင့်ဆယ့်နှစ်အထွဋ်အထိပ်သို့ ရောက်ရှိနေသည့်တိုင် ရန်ကိုင် မည်ကဲ့သို့ ရောက်လာသလဲဆိုသည်ကို အာရုံမခံနိုင်ခဲ့သည့်အတွက်ကြောင့် ရှဲ့ဝူဝေမှာ အတော်လေးကိုမှ ထိတ်လန့် အံ့အားသင့်နေခဲ့ရလေသည်။

ရန်ကိုင်ကမူ ယဲ့ယဲ့လေးသာပြုံးလျက် ပြန်မဖြေခဲ့ဘဲ ပြန်၍သာ မေးလိုက်လေ၏။ “မွန်းစတားဘုရင်… ခင်ဗျား ကျုပ်အတွက် တစ်ခုလောက် လုပ်ပေးလို့ရလား…”

ရှဲ့ဝူဝေ ချက်ချင်း နိုးနိုးကြားကြားဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “ဘာကိစ္စလဲ…”

ရန်ကိုင်သည် ရှဲ့ဝူဝေအား အနားသို့ လက်ယပ်ခေါ်လိုက်လေသည်။ ရှဲ့ဝူဝေလည်း မသွားချင်သွားချင်ဖြင့် ရန်ကိုင့်အနားသို့ ကပ်လာခဲ့လေ၏။

ရန်ကိုင်သည် ရှဲ့ဝူဝေ၏နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

ရှဲ့ဝူဝေ၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်အား အံ့ဩတကြီးဖြင့် ကြည့်လျက် “နတ်အရှင်တွေကို ဒီစကားကို ငါ့ကို သွားပြောခိုင်းရအောင် မင်း ငါ့ကို ကိုယ့်သေတွင်း ကိုယ်တူးစေချင်နေတာလား…”

သူသည် ရန်ကိုင်၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်ပါသော်ငြား ရှဲ့ဝူဝေအနေဖြင့် မည်သည့်နည်းနှင့်မျှ ကိုယ့်သေတွင်းကိုယ်မတူးနိုင်ချေ။

ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် “ဘာဖြစ်လို့ ကိုယ့်သေတွင်းကိုယ်တူးတာ ဖြစ်ရမှာလဲ…”

ရှဲ့ဝူဝေက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါပြောတာကိုကြားတာနဲ့ ငါလိမ်နေတာမှန်း သူတို့ချက်ချင်း သိသွားမှာ… နတ်အရှင်တွေက အရူးမဟုတ်ဘူးကွ… ဒီကိစ္စကို ဘယ်လိုလုပ်ပြီး မစစ်ဆေးဘဲ နေမှာလဲ… သူတို့ စပြီး စစ်ဆေးလိုက်ပြီဆိုတာနဲ့ ငါ့ကို အသက်ရှင်လျက် လွှတ်ပေးတော့မှာမဟုတ်ဘူး…”

ပြောနေရင်းမှ ခေါင်းတခါခါဖြင့် “ငါမသွားဘူး… မင်း ငါ့ကို သေအောင်ရိုက်သတ်မယ်ဆိုရင်တောင် ငါသွားမှာမဟုတ်ဘူး… ဒေါသူပုန်ထနေတဲ့ နတ်အရှင်လေးပါးလက်မှာ သေရတာထက် မင်းလက်ထဲမှာသေရတာကတောင် ပိုကောင်းရင်ကောင်းဦးမယ်… မင်း မကြိုက်ရင် ငါ့ကို သတ်ပစ်လိုက်…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က အော်ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ငါလိမ်နေတာလို့ မင်းကို ဘယ်သူပြောလဲ…”

ရှဲ့ဝူဝေသည် ရန်ကိုင့်အားကြည့်လျက် ယဲ့ယဲ့လေးပြုံးကာ ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်ကိုလာမလိမ်နဲ့… ရှေးဟောင်းကုန်းမြေထဲမှာရှိနေတဲ့ လူတွေအကုန်လုံး အဲ့ရှေးဟောင်းခေါင်းလောင်းကို လွန်ခဲ့တဲ့နှစ်သောင်းနဲ့ချီတုန်းက လူသားပညာရှင်တစ်ဦးက ယူသွားခဲ့ပြီဆိုတာကို သိပြီးသား… ဘယ်လိုလုပ်ပြီး အကြောင်းအရင်းမရှိဘဲနဲ့ ရှေးဟောင်းကုန်းမြေထဲမှာ ပြန်ပေါ်လာရမှာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “တကယ်ပေါ်လာတာ… ကျုပ် လိမ်နေတာမဟုတ်ဘူး…”

ရှဲ့ဝူဝေသည် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် “ဒီဘုရင်ကိုယ်တိုင်က မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးပဲ… ငါတို့မွန်းစတားမျိုးနွယ်စုဝင်တွေက လူသားတွေလောက် ဉာဏ်မများဘူး… ဒီဘုရင်ကို လာမလိမ်နဲ့…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မွန်းစတားဘုရင်၏ပုခုံးကို ပုတ်ပေးလိုက်လေသည်။ “ကျုပ် ဘာဖြစ်လို့ ခင်ဗျားကို လိမ်ရမှာလဲ… ကျုပ် ဒီသတင်းကို ခင်ဗျားကို နတ်အရှင်တွေဆီ သွားပို့ပေးစေချင်ရုံပဲ… ခင်ဗျား ဘာမှ မဖြစ်စေရဘူးလို့ ကျုပ် အာမခံတယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၈၅)

“ဒါပေမယ့် အဲ့ခေါင်းလောင်းက အကြောင်းအရင်းမရှိဘဲနဲ့ ဒီကို ဘယ်လိုလုပ်ပြီး ပြန်ရောက်လာရမှာလဲ…” ရှဲ့ဝူဝေ မယုံနိုင်သေးချေ။ ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားပြီး ရန်ကိုင်အားကြည့်လျက် “ဖြစ်နိုင်တာကမင်း…”

ရန်ကိုင်က ခေါင်းညိတ်လျက် ပြုံးကာ ပြောပြလိုက်လေသည်။ “ဟုတ်တယ်…. ခေါင်းလောင်းက ကျုပ်အပိုင်ပဲ… ကျုပ်ပဲ ခေါင်းလောင်းကို အဲ့မှာထားထားခဲ့တာ…”

ရှဲ့ဝူဝေ မှင်တက်သွားတော့လေ၏။ သူ့နားပင် သူမယုံကြည်နိုင်တော့ချေ။

“မွန်းစတားဘုရင်… ခင်ဗျား ကျုပ်ကို ကူညီပေးလို့ရမလား…” ရန်ကိုင်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ “ခင်ဗျားရဲ့ ဝိဉာဉ်အမှတ်အသားက ဒီသခင်လေးရဲ့လက်ထဲမှာ ရှိနေသေးတယ်ဆိုတာကို မမေ့နဲ့ဦးနော်…”

ရှဲ့ဝူဝေက မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်လေသည်။ “ဒီဘုရင်ကို အဲ့အကြောင်း နတ်အရှင်တွေကို သွားပြောခိုင်းပြီးတော့ မင်း ဘာလုပ်ချင်နေတာလဲ…”

“အဲ့ဒါ ဒီသခင်လေးရဲ့ကိစ္စပဲ ခင်ဗျား မေးစရာမလိုဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရှဲ့ဝူဝေက ရန်ကိုင်ပြောသည်ကို မသိချင်ယောင်ဆောင်လျက် ဆက်ပြောလိုက်လေသည်။ “နတ်အရှင်လေးပါးကို ဒီနေရာကနေ ထွက်သွားအောင် လုပ်ချင်နေတာဆိုတော့ မင်း သွေးတံခါးထဲဝင်ဖို့ ကြံနေတာလား… မင်းက လူသားမဟုတ်ဘူးလား…”

သွေးတံခါးသည် ရှေးဟောင်းကုန်းမြေတွင် နေထိုင်ကြသော ဒေသခံများအတွက် တားမြစ်နေရာတစ်ခု ဖြစ်ပေသည်။ ရှေးဟောင်းကုန်းမြေထဲတွင် နေထိုင်ကြသည့် ဒေသခံများသည်သာ သွေးမျိုးဆက်ဆွဲဆောင်ခြင်းကို ခံစားကြရပေလိမ့်မည်။ ရန်ကိုင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သွေးတံခါးထဲ ဝင်ချင်နေသည့်အပေါ် ရှဲ့ဝူဝေ အံ့အားသင့်သွားခဲ့ရခြင်းပင်။

“အဲ့ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ “မြန်မြန်သွားလုပ်ပေတော့…”

ရှဲ့ဝူဝေကမူ ထွက်မသွားသေးဘဲ ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “သခင်လေးရန်… ခင်ဗျား သွေးတံခါးထဲ ဝင်ဖို့ကြံနေတာဆိုရင် ကျုပ်ကိုပါ ထည့်တွက်လိုက်…”

“ခင်ဗျားလည်း သွေးတံခါးထဲ ဝင်ချင်နေတာလား…” ရန်ကိုင်သည် ရှဲ့ဝူဝေအား အံ့ဩတကြီး ကြည့်လိုက်လေ၏။ သို့သော်ငြား ချက်ချင်းပင် ရှဲ့ဝူဝေသည်လည်း နတ်သားရဲတစ်ကောင်၏ အမြုတေကို လိုချင်နေမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားတော့သည်။

ရှဲ့ဝူဝေက အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “နတ်အရှင်လေးပါး စောင့်ကြည့်နေတာကြောင့်သာ မဟုတ်လို့ရှိရင် ဒီဘုရင် အစောကြီးတည်းက သွေးတံခါးထဲ ဝင်သွားလောက်ပြီ… ဘာလို့ အခုချိန်ထိ ထိုင်စောင့်နေရဦးမှာလဲ…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် သဘောတူလိုက်လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆိုလို့ရှိရင်တော့ ခင်ဗျားမှာ အခွင့်အရေးရှိမရှိ စောင့်ကြည့်ရမှာပေါ့…”

ရှဲ့ဝူဝေမှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့ပြီး ရန်ကိုင်ပြောသည့်အကြောင်းအရာကို သွားသတင်းပို့ရန် အလျင်အမြန် ထွက်သွားလေ၏။

ပျက်စီးနေပြီဖြစ်သော ကျောက်စံအိမ်အနီးတွင် နတ်အရှင်လေးပါးသည် ပခုံးချင်းဆိုင်ရပ်လျက် သွေးတံခါးရှိနေသည့်ဘက်ဆီသို့ အလေးအနက်အမူအယာများဖြင့် လှမ်းကြည့်နေကြလေသည်။

ထိုစဉ် မွန်းစတားဗိုလ်ချုပ်တစ်ဦး ပြေးလာပြီး လက်သီးဆုပ်ကာ ခေါင်းမော့၍ ပြောလိုက်လေ၏။ “နတ်အရှင်တို့ကို နှုတ်ဆက်ပါတယ်…”

ဖန်းဝူက အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။ “ဘာကိစ္စလဲ…”

မွန်းစတားဗိုလ်ချုပ်က ပြန်ပြောလိုက်လေသည်။ “မွန်းစတားဘုရင်ရှဲ့ဝူဝေက တွေ့ခွင့်တောင်းနေလို့ပါ နတ်အရှင်…”

“ရှဲ့ဝူဝေ…” ဖန်းဝူ မျက်ခုံးပင့်သွားခဲ့လေသည်။

ရှဲ့ဝူဝေအကြောင်း သူသိပေသည်။ ရှဲ့ဝူဝေသည် သူ့လက်အောက်ရှိ မွန်းစတားဘုရင်ရှစ်ပါးအနက်မှ တစ်ပါးဖြစ်သည်။ ရှဲ့ဝူဝေသည် ယခုအချိန်မျိုး၌ သူ့အား ဘာကြောင့် လာတွေ့ချင်နေရလေသနည်း။

ဖန်းဝူသည် သူ့လက်ကို ဝှေ့ယမ်းလျက် “သူ့ကို ဝင်ခွင့်ပေးလိုက်…”

“ဟုတ်ကဲ့ပါ နတ်အရှင်…” မွန်းစတားဗိုလ်ချုပ်သည် ချက်ချင်း ပြန်ထွက်သွားလေသည်။

မကြာမီ အစောပိုင်းက ထွက်သွားသည့် မွန်းစတားဗိုလ်ချုပ်နှင့်အတူ ရှဲ့ဝူဝေ ရောက်လာခဲ့လေသည်။ ရန်ကိုင်နှင့်အတူ ပူးပေါင်းကြံစည်နေရသည့်အတွက်ကြောင့် ရှဲ့ဝူဝေမှာ နတ်အရှင်လေးပါးနှင့် ရင်ဆိုင်ရသော် ဖိအားအကြီးကြီး ခံစားနေခဲ့ရလေ၏။ ဤသည်မှာ သာမန်ကိစ္စတစ်ရပ် မဟုတ်ပေ။ နတ်အရှင်များသာ သူ၏အကြံအစည်ကို သတိပြုမိသွားမည်ဆိုပါက သူ့အနေဖြင့် အလောင်းမြှုပ်စရာနေရာပင် မရှိဘဲ သေသွားရပေလိမ့်မည်။ ထို့အတွက်ကြောင့် နတ်အရှင်များနဲ့ ရင်ဆိုင်တွေ့ရသည့်အခါ ရှဲ့ဝူဝေစိတ်ထဲ အနည်းငယ်တော့ စိုးရိမ်နေမိလေ၏။

ရှဲ့ဝူဝေသည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။ “နတ်အရှင်တို့ကို နှုတ်ဆက်ပါတယ်…”

ဖန်းဝူတစ်ယောက်သည်သာ ရှဲ့ဝူဝေဘက်သို့ လှည့်ကြည့်လာပြီး ကျန်နတ်အရှင်သုံးပါးမှာမူ သူ့အား မသိကျေးကျွန် ပြုထားကြလေသည်။ တကယ်တော့ ရှဲ့ဝူဝေသည် ဖန်းဝူ၏လက်အောက်မှ မွန်းစတားဘုရင်သာလျှင် မဟုတ်ပေလော။

“ဘာကိစ္စလဲ…” ဖန်းဝူက ထူးမခြားနားဟန်ဖြင့် မေးလိုက်လေသည်။

ရှဲ့ဝူဝေသည် ခေါင်းမော့၍ အရေးကြီးကိစ္စတစ်ခုခုအား တင်ပြတော့မည့်ပုံစံမျိုးဖြင့် ဖန်းဝူနှင့် အကြည့်ချင်းဆုံလိုက်လေသည်။ ထို့အတွက်ကြောင့် အခြားသော နတ်အရှင်သုံးပါးမှာလည်း စိတ်ဝင်စားလာကြပြီး ရှဲ့ဝူဝေဘက်သို့ လှည့်ကြည့်လာကြလေ၏။

ဖန်းဝူက ပြောလိုက်လေသည်။ “ပြောစရာရှိရင်ပြော… ငါတို့လေးယောက်စလုံးက အတွင်းလူတွေပဲ…”

(ငါလည်း ဒီလိုပြောလာမှာကို‌ စောင့်နေတာကွ…) ရှဲ့ဝူဝေစိတ်ထဲ ကြိတ်၍ ဝမ်းသာနေခဲ့လေသည်။ သို့သော်ငြား မျက်နှာအမူအယာကိုတော့ တည်တည်ငြိမ်ငြိမ် ထိန်းထားလေ၏။ ဖန်းဝူ၏ခွင့်ပြုချက်ကို ရပြီးသည့်နောက် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ကျုပ်လက်အောက်ငယ်သားတစ်ယောက်က ဒီနေရာကနေ မိုင်သုံးထောင်ခန့်အကွာမှာရှိတဲ့ တောင်တစ်လုံးထဲမှာ ခေါင်းလောင်းတစ်လုံးတွေ့တယ်လို့ ရုတ်တရက် တင်ပြလာလို့ပါ နတ်အရှင်တို့…”

“ခေါင်းလောင်းတစ်လုံး… ခေါင်းလောင်းတစ်လုံးလေးနဲ့ ဘာတွေ ဒီလောက်အဖြစ်သည်းပြနေရတာလဲ…” ဖန်းဝူက မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။

ထိုအခါ ရှဲ့ဝူဝေက ပြန်ပြောလိုက်လေ၏။ “အဲ့မွန်းစတားဗိုလ်ချုပ် ပြောတဲ့ပုံအရတော့ သူတွေ့ခဲ့တဲ့ခေါင်းလောင်းက ဒဏ္ဍာရီလာ တောင်နဲ့မြစ်ခေါင်းလောင်း ဖြစ်မယ်လို့ လက်အောက်ငယ်သားထင်ပါတယ်…”

“ဘာ…” ဖန်းဝူ အကြီးအကျယ် ထိတ်လန့်သွားခဲ့လေသည်။ အခြားသော နတ်အရှင်သုံးပါးမှာလည်း အံ့အားသင့်နေသည့် အမူအယာများဖြင့် ရှဲ့ဝူဝေအား စိုက်ကြည့်လာကြလေသည်။

ရုတ်ချည်းဆိုသလို သူ့အပေါ် တောင်တစ်လုံးနှယ် လေးလံလှသော ဖိအားများ သက်ရောက်လာသဖြင့် ရှဲ့ဝူဝေမှာ အသက်ပင် ကောင်းကောင်း မရှူတော့နိုင် ဖြစ်သွားခဲ့ရလေသည်။

“တောင်နဲ့မြစ်ခေါင်းလောင်းဆိုတာ သေချာလား…” လွမ်ဖုန်းက ခက်ထန်သည့် လေသံဖြင့် မေးလိုက်လေသည်။

ရှဲ့ဝူဝေက ခက်ခက်ခဲခဲဖြင့် ပြန်၍ ပြောလိုက်လေ၏။ “ကျုပ်လက်အောက်ငယ်သားက အဲ့ခေါင်းလောင်းက အရမ်းပြင်းထန်တဲ့ အရိုင်းစွမ်းအားကို ထုတ်လွှတ်နေတယ်လို့ ပြောလာပါတယ်… အဲ့တော့ အဲ့ခေါင်းလောင်းက တောင်နဲ့မြစ်ခေါင်းလောင်းဖြစ်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာပါတယ်… ပြီးတော့ သူပြောတဲ့ပုံစံအရတော့ အဲ့ခေါင်းလောင်းမှာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ဖိနှိပ်ပစ်နိုင်တဲ့အရှိန်အဝါတွေ ပိုင်ဆိုင်နေတဲ့ ပုံပါပဲ… သူက အဲ့ခေါင်းလောင်းကို အဝေးကနေကြည့်ပြီးတော့ပဲ ချက်ချင်း ကျုပ်ဆီပြန်လာသတင်းပို့တာပါ… အနားကို ကပ်မသွားရဲခဲ့ပါဘူး…”

“လောကတစ်ခုလုံးကို ဖိနှိပ်ပစ်နိုင်တဲ့ အရှိန်အဝါ… အရမ်းပြင်းထန်တဲ့ အရိုင်းစွမ်းအား…” ချန်ကွော့၏ နှုတ်ခမ်းများ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာခဲ့လေသည်။ “အဲ့ဒါ တောင်နဲ့မြစ်ခေါင်းလောင်းပဲ ဖြစ်ရမယ်… အဲ့ခေါင်းလောင်းဘယ်မှာလဲ…”

ဖန်းဝူသည် အလွန်ကိုမှ စိတ်လှုပ်ရှားနေသော ချန်ကွော့ကို ကြည့်လျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ထူးဆန်းတယ်… တောင်နဲ့မြစ်ခေါင်းလောင်းကို ယွမ်တင်း ခိုးသွားတာမဟုတ်ဘူးလား… ငါတို့ အဲ့ခေါင်းလောင်းအကြောင်း သတင်းမရတာတောင် နှစ်ပေါင်း သောင်းနဲ့ချီနေပြီ… အဲ့ဒါကို ဘယ်လိုလုပ်ပြီး ခေါင်းလောင်းက ဒီရှေးဟောင်းကုန်းမြေထဲမှာ အကြောင်းအရင်းမရှိဘဲ အခုချိန်ကျမှ ပြန်ပေါ်လာရတာလဲ…”

ဖန်းဝူ သင်္ကာမကင်း ဖြစ်နေခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် အလွန်တရာကိုမှ အဖိုးတန်သည့်တိုင် သူ့စိတ်ထဲ သံသယမဖြစ်ဘဲ မနေနိုင်ပေ။

ထိုစကားကိုကြားသော် လွမ်ဖုန်း၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ဟုတ်တယ်… နည်းနည်းထူးဆန်းနေတယ် ဒီကိစ္စက…”

ရှီဟွော့က ရုတ်တရက် ဝင်မေးလိုက်လေသည်။ “တစ်ယောက်ယောက် ငါတို့ကို ဒီနေရာကနေ မျှားခေါ်သွားဖို့ ကြိုးစားနေတယ်လို့ မင်းတို့ထင်လား…”

ဖန်းဝူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရှဲ့ဝူဝေကို စိုက်ကြည့်ကာ “ဝူဝေ… ဒီဘုရင် မင်းကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်နော်… ဒီဘုရင်ကိုလာလိမ်ရင် ဘယ်လိုအဆုံးသတ်နဲ့ ကြုံရမလဲဆိုတာကို မင်းသိတယ်မလား…”

ရှဲ့ဝူဝေ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ပြီး ဖန်းဝူမှ ထုတ်လွှတ်နေသည့် ဖိအားအောက်ဝယ် ခေါင်းပင် မဖော်နိုင်တော့‌‌ချေ။ ထို့အတွက်ကြောင့် ခက်ခက်ခဲခဲဖြင့်သာ ပြန်၍ ပြောလိုက်လေ၏။ “နတ်အရှင် လက်အောက်ငယ်သားကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ လက်အောက်ငယ်သား ကောင်းကောင်းသိပါတယ်… နတ်အရှင်ရဲ့ကျေးဇူးကို လက်အောက်ငယ်သား ဘယ်လိုလုပ်ပြီး မေ့ရဲပါ့မလဲ… ဒါပေမယ့် အခု လက်အောက်ငယ်သားပြောနေတာ အလိမ်တွေမဟုတ်ပါဘူး… အမှန်ကိုပဲပြောနေတာပါ… ခေါင်းလောင်းကိစ္စကလဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက လူသားဘက်မှာ ကြယ်ပျက်ပင်လယ်ပွင့်သွားတယ်လို့ လက်အောက်ငယ်သားကြားပါတယ်… အဲ့ပွင့်သွားတဲ့အချိန်တုန်းက လူသားတစ်ဦး တောင်နဲ့မြစ်ခေါင်းလောင်းကို ကြယ်ပျက်ပင်လယ်ထဲကနေ ထုတ်လာတာနိုင်တာလည်း ဖြစ်နိုင်ပါတယ်…”

ထိုစကားကိုကြားသော် ဖန်းဝူ အတွေးနက်သွားလေသည်။ ကြယ်ပျက်ပင်လယ်ဖွင့်သည့်အကြောင်းကိုလည်း သူသိပေသည်။

“အမှန်ဟုတ်မဟုတ် သွားစစ်ဆေးကြည့်ရင် သိနိုင်မှာပဲဟာကို… ပြီးတော့ မိုင်သုံးထောင်လောက်က ဒီလောက်ဝေးတာမှ မဟုတ်တာ…” ချန်းကွော့မှာ ဆက်မစောင့်နိုင်တော့သည့်အလား အလျင်စလို တိုက်တွန်းလိုက်လေသည်။

“စစ်ဆေးတာကတော့ စစ်ဆေးရမှာပေါ့… ဒါပေမယ့် သွားစစ်ဆေးမယ်ဆိုလို့ရှိရင် ဘယ်သူက ဒီမှာနေပြီး စောင့်ကြည့်မှာလဲ…” ဖန်းဝူသည် အခြားသော နတ်အရှင်သုံးပါးကိုကြည့်လျက် ပြောလိုက်လေသည်။

လွမ်ဖုန်းက ပြုံးလျက် ပြောလိုက်လေ၏။ “ဒီဘုရင်က အဲ့ခေါင်းလောင်းကို တစ်ခါမှ မမြင်ဖူးတာဆိုတော့ အမြင်ကျယ်သွားအောင် သွားကြည့်ချင်တယ်…”

ချန်းကွော့ကလည်း အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “ငါလည်း သွားစစ်ဆေးကြည့်ချင်တယ်…”

ဖန်းဝူသည် ရှီဟွော့ဆီသို့ လှမ်းကြည့်လိုက်သည်။ ရှီဟွော့မှာ သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဘာလို့ ငါ့ကို လာကြည့်နေတာလဲ… ငါလည်းသွားချင်တယ်ဟ… မင်းတို့အားလုံးသွားမယ်ဆိုရင်တော့ ငါလည်း ကျန်နေခဲ့မှာမဟုတ်ဘူးနော်…”

ဖန်းဝူ သက်ပြင်းချလိုက်လေသည်။ ထိုသုံးယောက်အား အားကိုးလို့ရမည်မဟုတ်မှန်း သူသိနေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် ယခုကဲ့သို့ အချိန်ကြီးကျမှ သူတို့နှင့် မိုင်သုံးထောင်ခန့်အကွာ၌ ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ ထို့အတွက်ကြောင့် တစ်စုံတစ်ဦးသည် ထိုခေါင်းလောင်းကိုသုံးလျက် သူတို့အား ဤနေရာမှ မျှားခေါ်သွားရန် ကြိုးစားနေသည်ဟု သူ့စိတ်ထဲ သံသယဝင်မိပေသည်။ သို့သော်ငြား နတ်အရှင်လေးပါးစလုံးသည် ခေါင်းလောင်းအား လိုချင်ကြသူချည်းများသာ ဖြစ်ကြသည်။ သူတို့မရဘဲ အခြားသူတစ်ဦး ရသွားမည်ကို စိတ်ပူသည့်အတွက်ကြောင့် မည်သူမှ ဤနေရာတွင် မကျန်နေချင်ခဲ့ကြပေ။

ဖန်းဝူက သက်ပြင်းချ၍ ပြောလိုက်လေသည်။ “ကောင်းပြီလေ… ဒါဆိုရင် ငါတို့အားလုံး အတူတူ သွားစစ်ဆေးကြည့်ကြတာပေါ့… ဒါပေမယ့် ခေါင်းလောင်းကို လိုချင်တဲ့လူတိုင်း ရနိုင်ကြတာမဟုတ်ဘူး… အကုန်လုံးက ကံပေါ်ပဲမူတည်တယ်…”

တစ်ခုခုမှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရပါသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းသည် အလွန်ကိုမှ စွဲမက်စရာကောင်းသည့် မက်လုံးတစ်ခု ဖြစ်နေဆဲ။ ထို့အပြင် သွေးတံခါးအား စောင့်ကြပ်နေသည့် ဘုရင်ချုပ်ရှစ်ပါးနှင့် မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးလည်း ရှိနေကြပေသေးသည်။ ထို့အတွက်ကြောင့် အချိန်တိုအတွင်းတော့ ဤမျှလောက်တော့ ပြဿနာမရှိလောက်ပေ။

တစ်ကိုယ်လုံးတောင့်တောင့်ကြီးဖြစ်နေသော ရှဲ့ဝူဝေသည် ထိုစကားကိုကြားသော် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ အစီအစဉ်သည် သူတို့မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာနေခဲ့သည်။ သူတို့လေးဦးထွက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အဖို့ လှုပ်ရှားဖို့ရာ ပိုမိုလွယ်ကူသွားလေမည်။ မွန်းစတားမျိုးနွယ်စုဝင်ပေါင်း များစွာရှေ့၌ သွေးတံခါး၏ ချိတ်စည်းကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ရန်ကိုင် ဘာကြောင့်များ ယုံကြည်ချက် ရှိနေသလဲဆိုသည်ကို သူမသိခြင်းသာ ရှိလေသည်။

အနီးအနားတစ်ဝိုက်တွင် အဆင့်ဆယ့်နှစ် အထွဋ်အထိပ်သို့ ရောက်နေသော မွန်းစတားသားရဲပေါင်း အယောက်လေးဆယ်ရှိနေခဲ့လေသည်။ သူတို့အားလုံးသာ အတူပူးပေါင်းမည်ဆိုပါက မဟာဧကရာဇ်တစ်ပါးသည်ပင်လျှင် နောက်ပြန်ဆုတ်သွားရနိုင်သည်။

ရှဲ့ဝူဝေခမျာ ဤအကြံအစည်၏ အသီးအပွင့်ကို မခံစားနိုင်သေးခင်မှာပင် ဖန်းဝူသည် သူ့ဘက်သို့လှည့်၍ အမိန့်ပေးလိုက်လေ၏။ “ဝူဝေ… ရှေ့ကနေ ဦးဆောင်ပြီးသွား…”

ရှဲ့ဝူဝေ၏ရင်ထဲ ခါးသက်သွားခဲ့ရပါသော်ငြား မငြင်းဆန်ရဲခဲ့ပေ။ ဖန်းဝူပြောသည့်အတိုင်း ရှေ့မှ ဦးဆောင်သွားရုံသာ တတ်နိုင်လေ၏။

အလင်းတန်းငါးခုသည် ကျောက်တုံးစံအိမ် ရှိနေရာဆီမှ အဝေးတစ်နေရာဆီသို့ ပျံထွက်သွားကြလေ၏။

တောအုပ်ထဲရှိ တစ်နေရာတွင် မိမိ၏အရှိန်အဝါကို ဖုံးကွယ်လျက် ထိုဖြစ်ရပ်ကို စောင့်ကြည့်နေသော လူတစ်ဦး ရှိနေခဲ့လေသည်။ နတ်အရှင်လေးပါး ထွက်သွားသည်ကိုမြင်သည့်အခါမှသာ ရန်ကိုင်သက်ပြင်းချလိုက်နိုင်လေ၏။ နတ်အရှင်များ ရှိနေစဉ်က ရန်ကိုင်အနေဖြင့် လုံးဝကို မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။

ကံကောင်းစွာဖြင့် အကြီးမားဆုံးသော အန္တရာယ်သည် ဤနေရာမှ ထွက်သွားခဲ့လေသည်။ လက်ကျန်မွန်းစတားဘုရင်များနှင့် ဘုရင်ချုပ်များမှာ အားကောင်းပါသော်ငြား ထိုလူများသည် ရန်ကိုင်လက်လျှော့သွားလောက်သည်အထိ အားကောင်းမနေကြပေ။

တစ်ခဏကြာမျှ စောင့်ဆိုင်းနေပြီးသည့်နောက် နတ်အရှင်လေးပါး ထွက်သွားကြောင်း သေချာသွားသည့်အခါ ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကျောက်တုံးကိုယ်ပွားနှင့် ဆက်သွယ်လိုက်လေသည်။

ကမ္ဘာငယ်လေးထဲ၌ တင်ပလင်ခွေထိုင်နေသော ကျောက်တုံးကိုယ်ပွားသည် ရုတ်တရက် မျက်လုံးဖွင့်၍ ပြောလိုက်လေ၏။ “အကုန်လုံး ပြင်ဆင်ထားကြပေတော့…”

စောင့်ဆိုင်းနေကြသော ကျောက်တုံးဝိဉာဉ်များနှင့် သစ်သားဝိဉာဉ်များသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြလေ၏။ ရှောင်ရှောင်သည်ပင်လျှင် ၎င်း၏လက်စွဲတော်လက်နက်ဖြစ်သော အနက်ရောင်တုတ်ချောင်းကိုထုတ်၍ ပုခုံးပေါ်တင်ထားလေသည်။

သေခြင်းရှင်ခြင်းကို တိုက်ပွဲကို ဆင်နွှဲရတော့မည်မှန်း အကုန်လုံး သိနေကြသည်။ ယနေ့တိုက်ပွဲသည် သူတို့၏အနာဂတ်ကို ဆုံးဖြတ်သွားပေလိမ့်မည်။

မိုးထိမတတ် မြင့်မားလှသော မည်သည့်သစ်ပင်ပန်းပင်မှ ပေါက်ရောက်နေခြင်းမရှိသည့် အရိုင်းဆန်သော တောင်တစ်လုံးထက်တွင် ဘဲဥပုံစံ သွေးရောင်အလင်းတံခါးကြီး ရှိနေခဲ့လေသည်။ ဤသည်မှာ သွေးတံခါးပင် ဖြစ်လေ၏။

သိပ်သည်းအားကောင်းလှသည့် မွန်းစတားချီများကို ထုတ်လွှတ်နေသော ပုံရိပ်အချို့သည် သွေးတံခါးအနီးတစ်ဝိုက် တောက်လျှောက် ကင်းလှည့်နေခဲ့ကြသည်။ ထိုလူများမှာ အခြားမဟုတ် နတ်အရှင်လေးပါးလက်အောက်တွင် တိုက်ရိုက်တာဝန်ထမ်းဆောင်သော ဘုရင်ချုပ်ရှစ်ပါးသာ ဖြစ်ကြလေသည်။

ထိုလူများသည် နတ်အရှင်များ၏ အယုံကြည်ရဆုံးသော လက်အောက်ငယ်သားများ ဖြစ်ကြသည့်အတွက်ကြောင့် သွေးတံခါးနှင့် အနီးဆုံးနေရာအား ကင်းလှည့်ရန် တာဝန်ပေးခြင်း ခံရလေ၏။

သို့သော်ငြား သွေးတံခါးသည် ဘုရင်ချုပ်ရှစ်ပါးအတွက်ပင်လျှင် စွဲမက်ဖွယ်ရာကောင်းသည့် မက်လုံးတစ်ခု ဖြစ်နေဆဲ။ ကင်းလှည့်နေရင်းမှ ဘုရင်ချုပ်ရှစ်ပါးသည် သွေးတံခါးဆီသို့ မကြာမကြာ လှမ်းလှမ်း၍ ကြည့်နေမိလေသည်။ ခဏခဏ လှည့်လှည့်ကြည့်နေပြီးသည့်နောက် သူတို့၏မျက်လုံးထဲ ခံစားချက်များဖြင့် ပြည့်နှက်လာတော့သည်။

သို့သော်ငြား အခြားသောဘုရင်ချုပ်များလည်း ရှိနေကာ သူတို့အား စောင့်ကြည့်နေသည့်အတွက်ကြောင့် မည်သူမှ မဆင်မခြင် မလှုပ်ရှားရဲကြပေ။

ဤသည်မှာ အလွန်ကိုမှ ရင်နာစရာ ကောင်းလှလေသည်။ ဆာလောင်နေသည့်လူရှေ့တွင် အရသာရှိလှသည့် စားကောင်းသောက်ဖွယ်ရာများ ရှိနေပါသော်ငြား မစားနိုင်သည့်အဖြစ်မျိုးပင်လျှင်။

ကံကောင်းစွာဖြင့် ဘုရင်ချုပ်ရှစ်ပါးသည် အလွန်ကိုမှ စိတ်ဓာတ်ကြံ့ခိုင်ကြပေသည်။ ထို့အတွက်ကြောင့် သူတို့၏ စိတ်ဆန္ဒများကို ဖိနှိပ်ထားနိုင်လေ၏။

“ဟမ်…” ရုတ်တရက် ကင်းလှည့်နေသော ဘုရင်ချုပ်တစ်ပါးသည် မျက်မှောင်ကြုတ်ကာ သွေးတံခါးဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ဘာကြောင့်မှန်းမသိ သွေးတံခါးအနီးအနားဆီမှ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းအချို့ ဖြာထွက်လာသည်ကို ခံစားမိလိုက်ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၈၆)

ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ဘုရင်ချုပ် သွားမစစ်ဆေးရသေးခင်မှာပင် သွေးတံခါးအနီးတစ်ဝိုက်တွင် ရှိနေသော ဟင်းလင်းပြင်မှာ တွန့်လိမ်လာပြီး ပုံရိပ်တစ်ခုသည် လေထဲမှ ဗြုန်းစားကြီး ထွက်ပေါ်လာခဲ့လေသည်။

ဘုရင်ချုပ်ရှစ်ပါး အကြီးအကျယ် ထိတ်လန့်သွားတော့လေ၏။ သူနှင့် သူ့အပေါင်းအပါခုနှစ်ဦးသည် သွေးတံခါး၏ ဆယ်မိုင်ပတ်လည်အား တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသည့်အတွက်ကြောင့် လူသားတစ်ဦးမဆိုထားနှင့် ခြင်တစ်ကောင်သည်ပင်လျှင် သူတို့၏ခွင့်ပြုချက်မရဘဲ ဤထဲသို့ ဝင်မလာနိုင်ကြပေ။ ထို့အပြင် သွေးတံခါး၏ပတ်လည် မိုင်ငါးဆယ်အကွာကို မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးမှလည်း စောင့်ကြပ်နေကြသေး၏။ ထိုသို့ဖြစ်လေရာ ဤလူသည် ဤနေရာသို့ မည်သို့များ ရောက်လာရလေသနည်း။

ထို့အပြင် ထိုပုံရိပ်၏အရှိန်အဝါမှာ ကျိန်းသေကို လူသားတစ်ဦး၏ အရှိန်အဝါဖြစ်ပေသည်။

မွန်းစတားဘုရင်ချုပ်မှာ ထိတ်လည်းထိတ်လန့် ဒေါသလည်းထွက်သွားကာ အလျင်စလို အော်ဟစ်လိုက်လေ၏။ “ခွေးသူတောင်းစား… မင်း ဘယ်လိုလုပ်ပြီး တားမြစ်နေရာထဲကို ဖောက်ဝင်လာရဲရတာလဲ… သေလိုက်စမ်း…”

ထိုသို့ပြောပြီးသည့်နောက်တွင် မွန်းစတားချီအား အရူးအမူးလှည့်ပတ်လျက် ရန်ကိုင်ဆီသို့ ခုန်ဝင်သွားလေသည်။ လေထဲတွင်ရှိနေစဉ် ဘုရင်ချုပ်သည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။ ဤသည်မှာ ဒေါသတို့ ရောစွက်နေသော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှု ဖြစ်လေရာ အလွန်တရာကိုမှ အားကောင်းလှပေသည်။

သူ့အရိုးများ တကျွီကျွီ မြည်လာနေသည့်တိုင် ရန်ကိုင်ကမူ မတ်တပ်သာ ရပ်နေခဲ့လေသည်။ ဤသည်မှာ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဧကရာဇ်တတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးခြင်း ဖြစ်လေသည်။

သို့ရာတွင် ရန်ကိုင်မှာ ထိတ်လန့်သွားခြင်း အလျဉ်းမရှိ။ မွန်းစတားမျိုးနွယ်စုဝင် သူ့အနီးသို့ ချဉ်းကပ်လာနေသည်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေ၏။ သူနှင့် မလှမ်းမကမ်းသို့ ရောက်သည့်အခါမှသာ သူ့လက်အား ရုတ်တရက် ဝှေ့ယမ်းချလိုက်လေသည်။

“ဝှစ်… ဝှစ်… ဝှစ်…”

ရုတ်ချည်းဆိုသလို စစ်သည်တော်များ ကောင်းကင်မှ သက်ဆင်းလာသည့်အလား ကျောက်တုံးဝိဉာဉ်အကြီးအကဲမှ ဦးဆောင်သည့် ကျောက်တုံးဝိဉာဉ်ကလန်သားများ ရုတ်တရက် ထွက်ပေါ်လာကြသည်။

သို့ရာတွင် သစ်သားဝိဉာဉ်ကလန်သားများကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရပေ။ ထို့အတွက်ကြောင့် ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။

“ဝေါင်း…”

ရုတ်တရက်ဆိုသလို ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို သိမ့်သိမ့်တုန်ခါသွားစေနိုင်သော ဒေါမာန်တကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရှောင်ရှောင်သည် လေထဲ ခုန်ထွက်လာခဲ့ပြီး ကျောက်ဘီလူးကြီးအသွင်သို့ ပြောင်းလိုက်လေ၏။ အရွယ်အစားကြီးမားလာသော သူ့ခန္ဓာကိုယ်နှင့်အတူ ရှောင်ရှောင်၏ပုခုံးထက်၌ ရှိနေသော အနက်ရောင်တုတ်ချောင်းမှာလည်း အရွယ်အစား ကြီးမားလာခဲ့ပြီး တိုးဝင်လာနေသည့် မွန်းစတားဘုရင်ချုပ်ဆီသို့ ရိုက်ချလိုက်လေသည်။

အနက်ရောင်တုတ်ချောင်းသည် တဝီဝီမြည်သံပြုလျက် လေထုကို ထိုးခွင်းရင်း လောကတစ်ခုလုံးအား တုန်ခါသွားစေနိုင်သော အရှိန်အဟုန်မျိုးဖြင့် ဘုရင်ချုပ်ဆီသို့ တိုးဝင်လာလေ၏။

ရန်ကိုင်အားတိုက်ခိုက်လာနေသည့် ဘုရင်ချုပ်မှာတော့ လုံးဝကို အူကြောင်ကြောင် ဖြစ်နေခဲ့ရလေသည်။ အစောပိုင်းက ရန်ကိုင်တစ်ဦးတည်းပေါ်လာသည်ကို မြင်သဖြင့် တုံ့ဆိုင်းမနေဘဲ ပြေးဝင်တိုက်ခိုက်ခဲ့ဖြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်အနားသို့ မရောက်သေးခင်မှာပင် မျက်တောင်တစ်ခတ်အတွင်း၌ ဧရာမကျောက်ဘီလူးကြီးများစွာ ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။

ရုတ်တရက်ကြီး ဖြစ်ပျက်သွားခြင်း ဖြစ်သည့်အတွက်ကြောင့် ဘုရင်ချုပ်မှာ အလစ်အငိုက်မိသွားကာ အချိန်မီ မတုံံ့ပြန်နိုင်ခဲ့‌ပေ။ ထိုအချိန်အတောအတွင်း ရှောင်ရှောင်၏ အနက်ရောင်တုတ်မှာတော့ သူ့အနားသို့ ရောက်နေခဲ့လေပြီ။

ထိုကဲ့သို့သော သေရေးရှင်ရေးအခိုက်အတန့်တွင် ဘုရင်ချုပ်သည် တိုက်ကွက်ထုတ်ဖော်ထားသော သူ့လက်ကို အလျင်စလို ပြန်ရုတ်သိမ်း၍ မွန်းစတားချီကိုလှည့်ပတ်ကာ သူ့ပတ်ပတ်လည်၌ အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့လက်နှစ်ဖက်အား ကြက်ခြေခတ်ပုံသဏ္ဍာန် ယှက်ဖြာလျက် သူ့ရင်ဘတ်ရှေ့တည့်တည့်တွင် ကာထားလိုက်လေ၏။

“ဘုန်း…”

အနက်ရောင်တုတ်ချောင်း သူ့အား လာရောက်ထိမှန်လေသည်။ မွန်းစတားဘုရင်ချုပ်မှာ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မခံစားခဲ့ရဖူးသော ခွန်အားကို ခံစားလိုက်ရတော့လေ၏။ သူ့ပတ်ပတ်လည်၌ ဖန်တီးထားသော မွန်းစတားချီအကာအကွယ် တစ်စစီ ကွဲကြေပျက်စီးသွားခဲ့ပြီး သူ့လက်နှစ်ဖက်စလုံးမှာလည်း ကျိုးကြေသွားခဲ့ရသည်။

သွေးပွက်ပွက်အန်ထွက်ရင်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် မီတာထောင်ပေါင်းများစွာအကွာသို့ လွင့်စင်သွားခဲ့ပြီး နောက်ဆုံးမှသာလျှင် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်လိုက်နိုင်သည်။

ကျောက်တုံးဝိဉာဉ်ကလန်သားများ၏ ခွန်အားမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှလေရာ ဧကရာဇ်တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသော ပညာရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် ဘုရင်ချုပ်သည်ပင်လျှင် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့ခြင်း မရှိချေ။

“ကျောက်တုံးဝိဉာဉ်…” ဘုရင်ချုပ်၏မျက်လုံးများ ရုတ်ချည်း နီရဲတက်လာခဲ့လေသည်။ သူ့အနေဖြင့် ဒဏ်ရာရသွားခဲ့ပါသော်ငြား ထိုဒဏ်ရာမှာ အသေးအမွှားလေးသာဖြစ်၍ သူ၏တိုက်ပွဲစွမ်းရည်အပေါ် သက်ရောက်ခြင်းမရှိပေ။ ထို့အစား သူ၏သတ်ဖြတ်လိုစိတ်ကိုပင်လျှင် ပိုမိုအားကောင်းသွားစေခဲ့လေသည်။

“ရွှစ်… ရွှစ်… ရွှစ်…”

ဆူညံသံများကို ကြားပြီးသည့်နောက်တွင် အနီးအနားတစ်ဝိုက်၌ ကင်းလှည့်နေကြသော အခြားသောဘုရင်ချုပ်ခုနှစ်ဦး ဤနေရာဆီသို့ အပြေးအလွှား ရောက်လာကြလေ၏။

ထိုဘုရင်ချုပ်ခုနှစ်ပါးစလုံးမှာ ကျောက်တုံးဝိဉာဉ်ကလန်သားများကို မှတ်မိနေကြပေသည်။ တကယ်တော့ နတ်အရှင်လေးပါးသည် ကျောက်တုံးဝိဉာဉ်ကလန်ကို သူတို့လက်အောက်သို့ ခေါ်သွင်းချင်နေကြသည် မဟုတ်ပေလော။ ဘုရင်ချုပ်များသည် နတ်အရှင်များနှင့် ကျောက်တုံးဝိဉာဉ်ကလန်သားများကြား ဆတ်သားသဖွယ် သတင်းပို့ပေးနေခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူတို့အချင်းချင်း တစ်ကြိမ်မက တွေ့ခဲ့ဖူးပေ၏။

ဘုရင်ချုပ်ရှစ်ပါးအနက် ပုကွကွ ဂင်တိုတို ဘုရင်ချုပ်တစ်ပါးသည် ကျောက်တုံးဝိဉာဉ်ကလန်သားများကိုကြည့်၍ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “အကြီးအကဲ… ဒါဘာသဘောလဲ…”

အကြီးအကဲ၏ ဦးဆောင်မှုနှင့်အတူ ကျောက်တုံးဝိဉာဉ်ကလန်သားများသည် သွေးတံခါးအနီး၌ ရပ်နေကြလေသည်။ အကြီးအကဲသည် သူ့လက်ထဲရှိ တုတ်ကောက်အား သွေးတံခါးဆီသို့ ညွှန်ပြလျက် ပြောလိုက်လေ၏။ “ငါ့ကလန်ရဲ့အနာဂတ်က ဒီမှာပဲ… အဲ့ဒါကို ငါဘာလုပ်ချင်နေတာလဲလို့ မင်းက လာမေးနေသေးတာလား…”

ဘုရင်ချုပ် ရုတ်ချည်း အေးစက်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေသည်။ “အကြီးအကဲ… ခင်ဗျား ဒီလိုမလုပ်ရင် ကောင်းလိမ့်မယ်နော်… နတ်အရှင်လေးပါးကို ရန်စလိုက်တာနဲ့ ဘယ်လိုအကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာကို ခင်ဗျားသိသင့်တယ်… ကျောက်တုံးဝိဉာဉ်ကလန်သားတွေက အစတည်းက အရေအတွက်နည်းတာ… ခင်ဗျားတို့ကလန်တစ်ခုလုံး ရှင်းထုတ်ခံရမှာကို မကြောက်ဘူးလား…”

အကြီးအကဲက ရယ်သွမ်းသွေးလျက် ကျောက်တုံးမုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြန်ပြောလိုက်လေသည်။ “ငါတို့ကလန်သားတွေက ကောင်းကင်ရဲ့ကျေးဇူးတော်ကြောင့်ပဲ အသက်ရှင်နေခဲ့ရတာ… ဒီတော့ ကောင်းကင်ကသာ ခွင့်ပြုနေသေးသရွေ့ ဘယ်သူမှ ငါတို့ကလန်သားတွေကို ရှင်းထုတ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့… မင်းမှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး…”

အခြားသောဘုရင်ချုပ်တစ်ပါးက အံကြိတ်၍ ချက်ချင်း ဝင်ပြောလိုက်လေ၏။ “ကျုပ်တို့ကို ဒီနေရာကို စောင့်ကြပ်ဖို့ အမိန့်ပေးထားခံရပြီးသား… အကြီးအကဲ… ခင်ဗျား ကျုပ်တို့ကို ခက်ခဲအောင်လုပ်နေတာလား…”

အကြီးအကဲက ထူးမခြးနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ “မင်းတို့လည်း ကူညီပေးနေလို့ ရနေတာပဲ… မင်းတို့သာ ဒီကိစ္စကို မမြင်ချင်ယောင်ဆောင်ပေးလိုက်လို့ရှိရင် ဘာမှဖြစ်သွားမှာမဟုတ်ဘူး… အဲ့ခါကျရင် ငါတို့ ကျောက်တုံးဝိဉာဉ်ကလန်က မင်းတို့ကို ကျိန်းသေ ကျေးဇူးတင်မှာပါ…”

“အိပ်မက်မက်နေလိုက်…” ဒဏ်ရာရသွားသည့် ဘုရင်ချုပ်က ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေသည်။ “သွေးတံခါးတားမြစ်နေရာကို ချိုးဖောက်ဝင်လာတယ်ဆိုမှတော့ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားတော့နဲ့…”

အကြီးအကဲက ကမ်းလှမ်းလိုက်လေသည်။ “သွေးတံခါး အခုလိုမျိုး ပြောင်းလဲသွားတာ ငါတို့အတွက် အခွင့်အလမ်းတစ်ရပ်ပဲ… ငါတို့သာ သွေးတံခါးကို ချိတ်ပိတ်ထားတဲ့ ချိတ်စည်းကို ဖျက်ဆီးပြီး သွေးတံခါးထဲကို ဝင်နိုင်မယ်ဆိုရင် နတ်သားရဲအမြုတေကိုရဖို့ အခွင့်အရေးရလိမ့်မယ်… မင်းတို့ကိုယ်တိုင်လည်း နတ်အရှင်လေးပါးနားမှာ နေနေတဲ့လူတွေပဲ… သွေးတံခါးရဲ့လျှို့ဝှက်ချက်တွေကို သိထားပြီးလောက်မှာပေါ့… အဲ့ဒါကို ဘာဖြစ်လို့ ငါတို့ကို လိုက်ပြီး ဆန့်ကျင်ချင်နေရတာလဲ… ငါတို့ကိုဆန့်ကျင်နေမဲ့အစား ငါတို့နဲ့အတူ ပူးပေါင်းပြီးတော့ သွေးတံခါးထဲကိုဝင်ရင် မင်းတို့အတွက် ပိုမကောင်းသွားဘူးလား…”

“အကြီးအကဲက ဒီလောက်တောင် စကားပြောတတ်လိမ့်မယ်လို့ ကျုပ် တကယ်ကို မထင်ထားခဲ့ဘူး… ဒီဘုရင် တကယ်ကို မျက်စိပွင့် နားပွင့် ဖြစ်သွားရတာပဲ…” ဒဏ်ရာရထားသည့် ဘုရင်ချုပ်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။

ထိုအခါ အကြီးအကဲက ပြန်၍ပြောလိုက်လေ၏။ “ဒီနေ့ ငါတို့ ကျောက်တုံးဝိဉာဉ်ကလန် သွေးတံခါးထဲကို ရအောင်ဝင်မယ်… ငါတို့လမ်းကိုတားဖို့ ကြိုးစားတဲ့သူမှန်သမျှ အကုန်သတ်ပစ်မှာပဲ… ဒီ‌တော့ မင်းတို့လုပ်ရပ်ကို သေသေချာချာ ပြန်စဉ်းစားရင်ကောင်းလိမ့်မယ်…”

အကြီးအကဲမှ ထိုကဲ့သို့ ပြောလိုက်သည့်အခါ ဘုရင်ချုပ်ရှစ်ပါးစလုံး၏ အမူအယာ ပြောင်းလဲသွားခဲ့ကြလေသည်။

ယခင်က နတ်အရှင်များ၏ ဆတ်သားအဖြစ် အကြီးအကဲအား သွားရောက်သတင်းပို့စဉ်က ဤသက်ကြားအိုကြီးသည် စကားတစ်ခွန်းပြောဖို့ရာပင် အနိုင်နိုင်။ ထို့အတွက်ကြောင့် သူတို့မှာ အကြီးအကဲသည် သေခါနီးလူတစ်ယောက်ဖြစ်သည်ဟု အထင်ရောက်လျက် အထင်သေးခဲ့ကြလေသည်။ သို့သော်ငြား ယနေ့ အကြီးအကဲ၏ ပုံပန်းသွင်ပြင်သည် လုံးဝကို အပြောင်းလဲကြီး ပြောင်းလဲနေခဲ့လေသည်။ စကားလုံးများကို ချောချောမွေ့မွေ့ ပြောနိုင်ရုံမက သူ့ဆီမှ ဖြာထွက်နေသည့် သတ်ဖြတ်လိုစိတ်မှာလည်း အထင်းသားပင်။

တုတ်ခိုင်ထွားကြိုင်းသည့်ဘုရင်ချုပ်က သက်ပြင်းချလျက် ပြောလိုက်လေ၏။ “အကြီးအကဲ အခုလိုမျိုး ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ကျုပ်တို့ဘက်ကလည်း ရိုင်းပျရတော့မှာပေါ့…”

မည်သူမှ ကျောက်တုံးဝိဉာဉ်ကလန်၏ ခွန်အားကို အထင်မသေးရဲကြချေ။ ထိုလူကြီးများနှင့်သာ တိုက်ခိုက်ရမည်ဆိုပါက သူတို့ပင်လျှင် နိုင်မနိုင် မသေချာပေ။

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ရှောင်ရှောင်၏ အနက်ရောင်တုတ်ချောင်းကြောင့် ဒဏ်ရာရသွားသည့်ဘုရင်ချုပ်သည် ရုတ်တရက် ဒေါမာန်တကြီးဖြင့် ထအော်လိုက်တော့လေသည်။ “ယုတ်ညံ့တဲ့လူသား… မင်းကိုယ်မင်း ဘာလုပ်နေတယ်ထင်နေတာလဲကွ…”

ထိုစကားကိုကြားသည့်အခါ အကုန်လုံး ထိတ်လန့်သွားခဲ့ပြီး ပထမဦးဆုံး ထူးဆန်းစွာ ပေါ်လာခဲ့သည့် လူသားဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ထိုလူသားသည် လက်ကွက်များကို အဆက်မပြတ် ဖန်တီးနေခဲ့လေ၏။ သူ့လက်ကွက်များနှင့်အတူ အနီးအနားတစ်ဝိုက်ရှိ ဟင်းလင်းပြင်မှာလည်း စတင်၍ တွန့်လိမ်လာခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ဘုရင်ချုပ်ရှစ်ပါးလုံးမှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။ ထိုလူသားသည် မည်ကဲ့သို့သော စွမ်းရည်ကိုများ ပိုင်ဆိုင်ထား၍ ဟင်းလင်းပြင်အား ဤကဲ့သို့ဖြစ်အောင် လုပ်နိင်သလဲဆိုသည်ကို အကုန်လုံး နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

ရန်ကိုင်ကမူ သူ့လက်ကွက်များအား ရပ်တန့်သွားခြင်းမရှိဘဲ ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “ချိတ်စည်းကိုဖျက်ဆီးပစ်နေတာလေ… မွန်းစတားဘုရင်ချုပ် ဒီလောက်သိသာနေတဲ့ မေးခွန်းကြီးကို လာမေးနေတာ မထူးဆန်းဘူးလား…”

“ဘာကွ…” ဘုရင်ချုပ်၏မျက်နှာ ဒေါသကြောင့် ရှုံံ့မဲ့သွားခဲ့ပြီး ပြန်၍ အော်ပြောလိုက်လေသည်။ “အခုချက်ချင်း ရပ်လိုက်တော့နော်… မဟုတ်ရင် ဒီဘုရင် မင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပစ်မှာ…”

ရန်ကိုင်ကမူ အေးစက်စက်အမူအယာဖြင့်သာ ပြန်ပြောလိုက်လေသည်။ “ဒီသခင်လေး သွေးတံခါးချိတ်စည်းကို ဖျက်ဆီးပစ်တာ ခင်ဗျားတို့ ရှေးဟောင်းကုန်းမြေသားတွေအကုန်လုံးအတွက် အကျိုးရှိတာပဲ… အဲ့ဒါကို ကျေးဇူးမတင်ပဲနဲ့ ဘာဖြစ်လို့ ကျုပ်ကို လာသတ်ချင်နေရတာလဲ… ခင်ဗျားတို့ စဉ်းစားတတ်တဲ့အသိဉာဏ်လေးတောင် မရှိတော့ဘူးလား…”

“လူသား… မင်းက တကယ်ကို မဟုတ်တရုတ်ပြောတဲ့နေရာမှာ ဆရာတစ်ဆူပဲကွ… ငါတို့ရှေးဟောင်းကုန်းမြေက ကိစ္စထဲကို မင်းကို ဘယ်သူက ဝင်ရှုပ်ခွင့်ပေးလို့လဲ…”

အကြီးအကဲက ဖြတ်ပြောလိုက်လေ၏။ “ဒီမိတ်ဆွေလေးက ငါတို့ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ ဧည့်သည်ပဲ… အကြီးအကဲကိုယ်တိုင် သူ့ကို ချိတ်စည်းကို ဖျက်ဆီးပေးဖို့ တောင်းဆိုခဲ့တာ…”

“ဘာမဟုတ်တဲ့ ဧကရာဇ်ပထမအဆင့်လေးက သွေးတံခါးရဲ့ချိတ်စည်းကို ဖျက်ဆီးပစ်နိုင်မယ်လို့ ထင်နေတယ်ပေါ့… အကြီးအကဲက တကယ်ရယ်ရတာပဲနော်…”

အကြီးအကဲက ပြန်၍ပြောလိုက်လေသည်။ “ဒီမိတ်ဆွေလေးက လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတယ်… သွေးတံခါးထဲမှာရှိနေတာ ကမ္ဘာငယ်လေးတစ်ခုဆိုတော့ မိတ်ဆွေလေးသာ ကမ္ဘာနှစ်ခုကြားက အတားအဆီးကို ဖျက်ဆီးပစ်နိုင်မယ်ဆိုရင် ချိတ်စည်းလည်း ပျက်ပြယ်သွားလိမ့်မယ်…”

“လေဟာနယ်တာအို…” ဘုရင်ချုပ်ရှစ်ပါးစလုံး ထိတ်လန့်သွားခဲ့ကြရတော့သည်။

အကြီးအကဲက ဆက်၍ပြောလိုက်လေသည်။ “သွေးတံခါးထဲမှာ နတ်သားရဲအမြုတေတွေ အများကြီးရှိနေတာကို မင်းတို့လည်း ခံစားမိကြမှာပေါ့… ဒီကမိတ်ဆွေလေးသာ ချိတ်စည်းကို ဖျက်ဆီးပစ်နိုင်သွားမယ်ဆိုလို့ရှိရင် သူ့လုပ်ရပ်က မင်းတို့အတွက်လည်း အကျိုးရှိမှာ…”

ထွားထွားကျိုင်းကျိုင်းနှင့် ဘုရင်ချုပ်က ပြန်၍ပြောလိုက်လေ၏။ “ကျုပ်တို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လို့ရတဲ့ကိစ္စတစ်ခုမဟုတ်ဘူး… နတ်အရှင်တွေက…”

ထိုဘုရင်ချုပ် ဆုံးအောင်မပြောနိုင်သေးခင်မှာပင် အကြီးအကဲက ရယ်သွမ်းသွေးလျက် ထပ်ပြောလိုက်လေသည်။ “နတ်အရှင်တွေက ဒီမှာမှမဟုတ်တာ… ဒီကနေ မိုင်သုံးထောင်ခန့်အကွာမှာ ရှိနေတာ… ဒီတော့ သတိထားမိမှာမဟုတ်ဘူး…”

“နတ်အရှင်တွေ ဒီမှာမဟုတ်ဘူးလား…” ဘုရင်ချုပ်ရှစ်ပါးစလုံး ကြောင်သွားခဲ့ကြပြီး နတ်အရှင်များ ယခင်ရှိနေသည့်နေရာဆီသို့ လှမ်း၍ ကြည့်လိုက်ကြလေသည်။ ချက်ချင်းဆိုသလို ထိုနေရာတစ်ခုလုံး ဗလာကျင်းနေကြောင်း တွေ့လိုက်ရလေ၏။

ချက်ချင်းဆိုသလို ဘုရင်ချုပ်ရှစ်ပါးစလုံးမှာ အကြီးအကဲ၏ စကားအပေါ် ယိုင်နဲ့ချင်မိလာခဲ့ကြလေသည်။

မည်သူမှ တစ်ပါးသူ၏ လက်အောက်ငယ်သား မဖြစ်ချင်ကြပေ။ ဘုရင်ချုပ်ရှစ်ပါးသည် နတ်အရှင်လေးပါးအား သစ္စာရှိပါသော်ငြား သူတို့သည်သာ နတ်အရှင်ကဲ့သို့သော ခွန်အားအား ပိုင်ဆိုင်နိုင်မည်ဆိုပါက မည်သူမှ ထိုကဲ့သို့သောအခွင့်အရေးအား လက်လွတ်ခံနိုင်ကြလိမ့်မည်မဟုတ်။

(ဒီလူသားသာ ကမ္ဘာနှစ်ခုကြားက ဟင်းလင်းပြင်အတားအဆီးကို ဖျက်ဆီးပြီး သွေးတံခါးကို ဖွင့်နိုင်မယ်ဆိုရင် ငါတို့လည်း သွေးတံခါးထဲကိုဝင်ပြီး ငါတို့ဘိုးဘေးတွေရဲ့ နတ်သားရဲအမြုတေတွေကို ရယူနိုင်မှာ… အဲ့ဒါဆိုရင် ငါတို့လည်း နတ်အရှင်လေးပါးလို အားကောင်းလာနိုင်ပြီ…)

(ဒါပေမယ့် လူသားကရော ချိတ်စည်းကို တကယ်ကြီး ဖျက်ဆီးပစ်နိုင်မှာမို့လို့လား… သူသာ မအောင်မြင်သွားလို့ နတ်အရှင်တွေက ငါတို့ ဘာမှဝင်မတားတဲ့အကြောင်းသာ ကြားသွားမယ်ဆိုလို့ရှိရင် ငါတို့အားလုံး ကျိန်းသေ အပြစ်ပေးခံရမှာ…)

ဘုရင်ချုပ်ရှစ်ပါးစလုံးသည် အကြည့်ချင်းဖလှယ်နေခဲ့ကြလေသည်။

အစောပိုင်းက စကားဝင်ပြောခဲ့သော ထွားထွားကျိုင်းကျိုင်းဘုရင်ချုပ်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေ၏။ “တောင်းပန်ပါတယ်အကြီးအကဲ… ခင်ဗျားရဲ့ကမ်းလှမ်းချက်က မက်မောစရာဆိုပေမဲ့ နတ်အရှင်တွေရဲ့အမိန့်ကို လွန်ဆန်လို့မရဘူး… ရန်စမိသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”

ထိုကဲ့သို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ဘုရင်ချုပ်ရှစ်ပါးစလုံးသည် ကျောက်တုံးဝိဉာဉ်ကလန်သားများဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြလေ၏။

“သူတို့ကိုတား…” အကြီးအကဲသည် တုတ်ကောက်ကိုဝှေ့ယမ်းလျက် အမိန့်ပေးလိုက်လေ၏။

အကြီးအကဲ၏ အမိန့်အောက်တွင် ကျောက်တုံးဝိဉာဉ်ရှစ်ဦးစလုံးသည် ဘုရင်ချုပ်ရှစ်ပါးနှင့် သွားရောက်ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ချက်ချင်းဆိုသလို သိပ်သည်းလှသည့် မွန်းစတားချီတို့ သွေးတံခါးအနီးတစ်ဝိုက်တွင် တဝုန်းဝုန်း ထွက်ပေါ်လာကြလေ၏။

သို့သော်ငြား မကြာမီတွင် ကျောက်တုံးဝိဉာဉ်ရှစ်ဦးစလုံး တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိသွားခဲ့ကြလေသည်။ ဘုရင်ချုပ်ရှစ်ပါးစလုံးမှာ သူတို့၏ခွန်အားအကုန်အစင်ကို ထုတ်သုံးမနေခဲ့ကြ။ ထို့အတွက်ကြောင့် ကျောက်တုံးဝိဉာဉ်ကလန်သားများအတွက် တိုက်ခိုက်ရလွယ်ကူနေခဲ့လေသည်။

ကျောက်တုံးဝိဉာဉ်များသည် ဉာဏ်ရည်နိမ့်ပါးကြပါသော်ငြား ထုံထိုင်းလွန်းကြသူများတော့ မဟုတ်ကြပေ။ နှစ်ထောင်ပေါင်းများစွာကြာအောင် အသက်ရှင်လာပြီးသည့်နောက် ဘုရင်ချုပ်ရှစ်ပါး ဘာကြံနေသလဲဆိုသည်ကို နားမလည်ဘဲ ဘယ်နေပါမည်နည်း။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြလေသည်။ သို့သော်ငြား တိုက်ပွဲအား ရပ်တန့်လိုက်ခြင်းမရှိဘဲ ဆက်၍တိုက်ခိုက်နေကြလေ၏။ မကြာမီတွင် အရိုင်းဆန်လှသော တောင်ထိပ်တစ်ခုလုံး တဝုန်းဝုန်း တဒိုင်းဒိုင်းဖြစ်ကာ လွင့်ပျံနေသည့် ကျောက်စကျောက်နများ ဖုန်များဖြင့် ပြည့်နှက်သွားတော့လေသည်။

ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ဘာဖြစ်နေသလဲ ဆိုသည်ကို ရန်ကိုင် ခန့်မှန်းမိပြီးသားပင်။ ဘုရင်ချုပ်ရှစ်ပါးသည် အကြီးအကဲ၏ကမ်းလှမ်းချက်ကို သဘောတူချင်ကြပါသော်ငြား နတ်အရှင်များ၏ အမိန့်ကို တိုက်ရိုက်ကြီး မလွန်ဆန်ရဲသည့်အတွက်ကြောင့် ဟန်ပြတိုက်ခိုက်နေခြင်းသာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် နတ်အရှင်များပြန်ရောက်လာ၍ ရန်ကိုင်မအောင်မြင်ခဲ့လျှင်ပင် အပြစ်ပေးခံရလိမ့်မည်မဟုတ်။

ဘုရင်ချုပ်ရှစ်ပါးမှာ မီးစင်အတိုင်း လိုက်ကလိုနေသည့်အတွက်ကြောင့် ရန်ကိုင်အဖို့လည်း ဘာကိုမှ စိတ်ပူနေစရာမလိုတော့ပေ။ သွေးတံခါး၏ချိပ်စည်းအား ဖျက်ဆီးရေးတွင်သာ ချက်ချင်း အာရုံစိုက်ထားခဲ့လေ၏။

တစ်ချိန်တည်းတွင် ရှောင်ရှောင်နှင့် အကြီးအကဲသည် သူ့ဘေးတွင်ရပ်၍ ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြလေသည်။

All Chapters