အခန်း (၂၅၈၇-၂၅၈၉)
Vol. 109 Ch. 2587-2589
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၈၇) အမိန့်အရ
ဘာသာပြန်သူ_တိမ်တိုက်
သွေးတံခါးအနီးပတ်ဝန်းကျင်သည် တိုက်ပွဲသံများဖြင့် ညံမစဲအောင် ဖြစ်နေခဲ့ကာ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အလင်းတန်းများကြောင့်လည်း ပြိုးပြိုးပြက်ပြက် လင်းလက်နေခဲ့သည်။ ထိုအဖြစ်အပျက်သည် သွေးတံခါး၏ အပြင်ဘက်ခြမ်းအား စောင့်ကြပ်နေသော မွန်းစတားသားရဲများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် မွန်းစတားသားရဲများလည်း ဘာတွေများ ဖြစ်နေသလဲအထင်ဖြင့် လာရောက်စစ်ဆေးကြလေ၏။
မကြာမီ မွန်းစတားသားရဲပေါင်းမြောက်မြားစွာသည် သွေးတံခါးနှင့် ငါးမိုင်ခန့်အကွာသို့ ရောက်ရှိလာကြလေ၏။ ဘုရင်ချုပ်ရှစ်ပါးနှင့် တိုက်ခိုက်နေကြသူများကိုမြင်သော် အကုန်လုံး ထိတ်လန့်သွားကုန်ကြလေသည်။
“ကျောက်တုံးဝိဉာဉ်ကလန်လား… သူတို့ ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေကြတာလဲ…”
“ငါတို့အကုန်လုံး အပြင်ဘက်ကို စောင့်နေကြတာလေ… ငါတို့မသိဘဲနဲ့ သူတို့တွေ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာကြတာလဲ…”
“မြေအောက်ထဲကနေများ လာကြတာလား…”
“ဒီကောင်တွေ ဘာလုပ်ချင်နေကြတာလဲ… သွေးတံခါးထဲကို ဝင်ချင်နေကြတာလား…”
တီးတိုးဆွေးနွေးသံများ ကျွတ်ကျွတ်ညံအောင် ထွက်ပေါ်လာခဲ့လေသည်။ သို့ရာတွင် မကြာမီ အကုန်လုံးမှာ ကျောက်တုံးဝိဉာဉ်ကလန်၏ လုပ်ရပ်အပေါ် လေးလည်းလေးစားမိ ဒေါသလည်းထွက်မိသွားကြသည်။
နတ်အရှင်၏ အမိန့်ကိုပင်လျှင် ဂရုမစိုက်ဘဲ ဤနေရာသို့ ထိုးဖောက်ဝင်လာရဲသည့် ကျောက်တုံးဝိဉာဉ်ကလန်သားများ၏ သတ္တိကို လေးစားမိသလို ကျောက်တုံးဝိဉာဉ်ကလန်သားများ၏ လုပ်ရပ်ကြောင့် သူတို့ပါ နတ်အရှင်၏ အပြစ်ပေးခြင်း ခံရတော့မည့်အကြောင်း တွေးရင်း ဒေါသထွက်သွားမိကြရသည်။
ထိုအချက်ကို နားလည်လိုက်သည့်နောက် မွန်းစတားဘုရင်များသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ ဘုရင်ချုပ်ရှစ်ပါး အားကောင်းသည်မှာ မှန်သော်ငြား သူတို့ခွန်အားသက်သက်ဖြင့် ကျောက်တုံးဝိဉာဉ်ကလန်သားများကို အနိုင်ယူဖို့ရာ မဖြစ်နိုင်ပေ။ သူတို့အားလုံး အတူပူးပေါင်းသည့် အခါမှသာ ကျောက်တုံးဝိဉာဉ်ကလန်သားများကို ဖိနှိပ်နိုင်လောက်၏။
“ဘုရင်ချုပ်… ကျုပ်တို့ ခင်ဗျားတို့ကို ကူညီဖို့လာပြီ…” မွန်းစတားဘုရင်တစ်ဦးသည် ကျယ်လောင်စွာအော်ဟစ်ရင်း တိုက်ပွဲဆီသို့ ပြေးဝင်သွားလေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ရှီယီနှင့် တိုက်ခိုက်နေသော တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ချက်ချင်း ပြန်အော်ပြောလေ၏။ “မလာနဲ့…”
ပြေးဝင်လာနေသည့် မွန်းစတားဘုရင် ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။ ရှေးဟောင်းကုန်းမြေထဲတွင် ဘုရင်ချုပ်ရှစ်ပါးနှင့် မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါး၏ ခွန်အားမှာ ညီတူညီမျှလောက်သာ ဖြစ်ပါသော်ငြား အဆင့်အတန်းအရမူ ဘုရင်ချုပ်များက ပို၍ မြင့်မားပေသည်။ ဘုရင်ချုပ်များသည် နတ်အရှင်လေးပါးအား တိုက်ခိုက် ခစားသူများ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့၏အမိန့်သည် ပုံမှန်အခြေအနေမျိုး၌ နတ်အရှင်၏အမိန့်အား ကိုယ်စားပြုပေသည်။ ထို့အတွက်ကြောင့် ဘုရင်ချုပ်မှ မလာရန် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မွန်းစတားဘုရင်လည်း သူ့အမိန့်အား နာခံရတော့လေသည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ သံသယမကင်း ဖြစ်နေခဲ့လေသည်။
“အပြင်ဘက်ကိုပဲ ဆက်ပြီး စောင့်ကြပ်ထား… အခြားသူတွေ ထပ်မလာနိုင်အောင် သေချာဂရုစိုက်ထား… လာတဲ့သူမှန်သမျှ အကုန်သတ်ပစ်လိုက်…” ရှီယီ၏ တိုက်ခိုက်မှုများကို ကာကွယ်နေရင်းမှ တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်က ပြန်အော်ပြောလိုက်သည်။
“ဟုတ်ကဲ့…” မွန်းစတားဘုရင်အားလုံး အမိန့်အား နာခံလိုက်ကြသည်။ သို့သော်ငြား သူတို့၏အမူအယာများမှာတော့ ထူးဆန်းနေကြလေသည်။
ပုံမှန်အခြေအနေမျိုးတွင် ဤကဲ့သို့သော ကျူးကျော်ဝင်ရောက်လာသည့် ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ အတူပူးပေါင်းဖြေရှင်းသင့်ပေသည်။ တကယ်တော့ သွေးတံခါးသည် အလွန်ကိုမှ အရေးကြီးသည် မဟုတ်ပေလော။ အနည်းငယ်မျှပင်လျှင် သတိလက်လွတ်ဖြစ်၍မရပေ။ သို့သော်ငြား ဘုရင်ချုပ်ကမူ သူတို့အား အပြင်ဘက်ပိုင်းကိုသာ ဆက်လက်စောင့်ကြပ်ရန် အမိန့်ပေးထားခဲ့သည်။
လက်ရှိအခြေအနေကို ကြည့်ရသလောက် ဘုရင်ချုပ်ရှစ်ပါးတည်းဖြင့် ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံးအား ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။
မွန်းစတားဘုရင်များမှာ မယုံသင်္ကာအမူအယာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ ဤသည်မှာ ဘုရင်ချုပ်များ၏ ကိုယ်ပိုင်သက်သက်အမိန့်ပေလော ထိုသို့မဟုတ်ဘဲ နတ်အရှင်များ၏ အမိန့်ပေလော… သူတို့မသဲကွဲ။
နတ်အရှင်များ၏ အမိန့်ဆိုလျှင်တော့ ဖြစ်နိုင်လောက်သည်ဟု စဉ်းစားမိသွားကြလေသည်။ တကယ်တော့ နတ်အရှင်များသည် ကျောက်တုံးဝိဉာဉ်ကလန်သားများကို သူတို့လက်အောက်သို့ သွတ်သွင်းရန် ကြိုးစားနေကြသူများ မဟုတ်ကြပေလော။ လက်ရှိ ကျောက်တုံးဝိဉာဉ်ကလန်သားများမှ သွေးတံခါးအား ကျူးကျော်လာသည့် ဖြစ်ရပ်သည် ကျောက်တုံးဝိဉာဉ်ကလန်သားများကို သူတို့လက်အောက်သို့ သွတ်သွင်းရန်အတွက် အကောင်းဆုံးသော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိ ဘုရင်ချုပ်ရှစ်ပါး၏ ခွန်အားသက်သက်ဖြင့် ကျောက်တုံးဝိဉာဉ်ကလန်သားများကို ဖိနှိပ်၍ အညံ့ခံလာအောင် လုပ်ဖို့ရာ သိပ်၍ မဖြစ်နိုင်လှချေ။
“ဟမ်… အဲ့မှာ လူသားတစ်ယောက်ပါလား… အဲ့ကောင် ဘာလုပ်နေတာလဲ…” ရုတ်တရက် မွန်းစတားဘုရင်တစ်ဦးသည် ရန်ကိုင်အား သတိပြုမိသွားခဲ့လေသည်။
သူ့စကားကိုကြားသော် အခြားသော မွန်းစတားဘုရင်များသည်လည်း ရန်ကိုင်ရှိနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူတို့၏အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
“အဲ့လူသားက သွေးတံခါးရဲ့ချိတ်စည်းကို ဖျက်ဆီးနေတာကွ…”
“ဘယ်လို… ရဲတင်းလှချည်လားကွ… ဘုရင်ချုပ်ရှစ်ပါး ဘာတွေတွေးနေကြတာလဲ… လူသားက ချိတ်စည်းကို ဖျက်ဆီးဖို့ ကြိုးစားနေတာကိုတောင် သူတို့က အေးအေးဆေးဆေး ထိုင်ကြည့်နေကြတယ်… ဘာဖြစ်လို့ သွားမတားကြတာလဲ… နတ်အရှင်တွေသာ ဒီအကြောင်းကို သိသွားလို့ကတော့ကွာ”
“ဘုရင်ချုပ်ရှစ်ပါးကို ကျောက်တုံးဝိဉာဉ်ရှစ်ဦးက တားထားတယ်လေကွာ… အဲ့ဒါကြောင့်မလို့ အဲ့လူသား လုပ်ချင်တိုင်း လုပ်လို့ရနေတာပေါ့ဟ…”
“ငါတို့ ဘာလုပ်ကြမလဲ…”
“မင်း ဘာသိလို့လဲ… ဘုရင်ချုပ်ရှစ်ပါးက တမင်တကာ ခွင့်ပြုထားတာ ဖြစ်ရင်ဖြစ်မှာပေါ့ကွ…” ရုတ်တရက် မွန်းစတားဘုရင်တစ်ဦးက ပြောလိုက်လေသည်။
အခြားသောမွန်းစတားဘုရင်တစ်ပါးသည် စကားပြောလိုက်သည့် မွန်းစတားဘုရင်ကို ကြည့်လျက် ပြစ်တင်ပြောဆိုလိုက်လေသည်။ “ဟုလီ… မင်း လျှာအရိုးမရှိတိုင်း လျှောက်မပြောနဲ့ကွ”
ဟုလီဟုခေါ်သော မွန်းစတားဘုရင်က ရယ်သွမ်းသွေးလျက် ပြန်၍ ပြောလိုက်လေ၏။ “ငါ ဒီတိုင်းပဲ ပြောလိုက်ရုံပဲ… မင်းတို့ မကြားချင်ယောင်ဆောင်နေလိုက်ရင် ပြီးတာပဲ မဟုတ်ဘူးလား…”
သို့သော်ငြား ကြားပြီးသားစကားများကို မည်သို့များ မသိချင်ယောင် ဆောင်နိုင်ပါမည်နည်း။ ထို့အပြင် ဘုရင်ချုပ်သည် သူတို့အား တိုက်ပွဲသို့မလာရန် အပြင်ဘက်ပိုင်းကိုသာ ဆက်လက်စောင့်ကြပ်နေရန် ပြောခဲ့သည်မဟုတ်ပေလော။ ဘုရင်ချုပ်၏ လုပ်ရပ်သည် မွန်းစတားဘုရင်များကို မယုံသင်္ကာ ဖြစ်သွားစေခဲ့သည်။ ယခု ဟုလီ၏စကားကိုပါ ကြားလိုက်သော် သူတို့စိတ်ထဲ လက်ရှိအဖြစ်အပျက်၏ အမှန်တရားကို ရေးတေးတေးလေး သဘောပေါက်သွားခဲ့ရလေသည်။
(ဘုရင်ချုပ်ရှစ်ပါးက နတ်အရှင်အမိန့်ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာပဲ… အဲ့လိုသာဆိုရင်တော့ ရှေးဟောင်းကုန်းမြေတစ်ခုလုံး ပြဿနာတက်ကုန်တော့မှာပ-ဲ…)
ထိုသို့စဉ်းစားမိလိုက်သည့်အခါ မွန်းစတားဘုရင်များသည် တိုက်ပွဲအား နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ကြလေသည်။ ဘုရင်ချုပ်ရှစ်ပါးနှင့် ကျောက်တုံးဝိဉာဉ်ကလန်သားများသည် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြလေ၏။ သူတို့၏တိုက်ကွက်များမှာလည်း အမှန်တကယ်ကို အားကောင်းသည့်ပုံပင်။ သို့သော်ငြား တစ်ဦးချင်းစီ၏ တိုက်ခိုက်မှုသည် တစ်ဖက်ရန်သူအပေါ် ကျရောက်သွားသည့်အခါ တစ်ဖက်ရန်သူမှာ မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ချေ။
ဤဖြစ်ရပ်သည် အလွန်ကိုမှ ထူးဆန်းလှသည်။
ဟုလီသည် မျက်လုံးမှေးစင်းလျက် တစ်ခုသောဘက်ဆီသို့ စိုက်ကြည့်ရင်းမှ အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်လေ၏။ “နတ်အရှင်လေးပါး ဘယ်ထွက်သွားတာလဲ… ငါ သူတို့ကို မတွေ့ရပါလား…”
ချက်ချင်းဆိုသလို မွန်းစတားဘုရင်တစ်ဦးက ဝင်ပြောလိုက်လေသည်။ “သတင်းတစ်ခုကြားပြီးတော့ နတ်အရှင်လေးပါးစလုံး အလျင်စလိုနဲ့ ထွက်သွားတယ်လို့ ငါကြားလိုက်တယ်… သူတို့ဘယ်သွားလဲဆိုတာကိုတော့ ငါမသိဘူး…”
“သတင်းကြားပြီးတော့…” ဟုလီ၏မျက်လုံးထဲ အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ “ဘာသတင်းမို့လို့ သွေးတံခါးကိုတောင် ထားပြီးတော့ နတ်အရှင်လေးပါးစလုံး အလျင်စလို ထွက်သွားရတာလဲ…”
“အဲ့ဒါတော့ ငါလည်းမသိဘူး…” မွန်းစတားဘုရင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ… ကျားကို တောင်ပေါ်က မျှားခေါ်ပြီး ကျားမရှိတဲ့အချိန် ကျားလိုဏ်ဂူထဲဝင်ဖို့ လုပ်နေကြတာပါလား... ကျောက်တုံးဝိဉာဉ်ကလန်သားတွေ ဒီလောက်ဉာဏ်ပြေးလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး…” ဟုလီက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။
သူ့အသံမှာ မကျယ်သော်ငြား သူပြောသည်ကို အခြားသော မွန်းစတားဘုရင်အားလုံး အတိုင်းသားကြားရသည်။ ယခုအခြေအနေထိတိုင် ရောက်လာပြီးမှဖြင့် အခြားသောမွန်းစတားဘုရင်များမှာလည်း လက်ရှိအဖြစ်အပျက်နှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ကို မည်သို့များ သဘောမပေါက်ပဲ နေနိုင်ပါတော့မည်နည်း။
ရုတ်ချည်းဆိုသလို အကုန်လုံးမှာ အကြပ်ရိုက်ကုန်ကြတော့လေသည်။ သူတို့ခမျာ စိုးလည်းစိုးရိမ်မိသလို စိတ်လည်းစောနေကြလေသည်။
စိတ်စောနေမိသည်မှာ လူသားမှ သွေးတံခါး၏ချိတ်စည်းအား ဖျက်ဆီးနေသည်မှာ အတော်ကြာနေပြီဖြစ်သည့်တိုင် ချိတ်စည်းမှာ အကောင်းအတိုင်းသာ ရှိနေသေးသည့်အတွက်ကြောင့်ပင်။
စိုးရိမ်နေသည်မှာတော့ နတ်အရှင်လေးပါးသာ ပြန်ရောက်လာခဲ့မည်ဆိုပါက သွေးတံခါးတိုက်ပွဲ လုံးဝ အဆုံးသတ်သွားမည်ကိုပင်။ ကျောက်တုံးဝိဉာဉ်ကလန် အားကောင်းသည်မှာ မှန်ပါသော်ငြား နတ်အရှင်လေးပါးအရှေ့၌ သူတို့လည်း ဘာမှမတတ်နိုင်ချေ။ တိုက်ပွဲသာ ပြီးဆုံးသွားခဲ့မည်ဆိုလျှင် သွေးတံခါး၏ ချိတ်စည်းကိုလည်း ဖျက်ဆီး၍ ရတော့လိမ့်မည် မဟုတ်ချေ။
“ငါတို့ ဘာလုပ်ကြမလဲ…” အစောပိုင်းက စကားပြောလိုက်သော မွန်းစတားဘုရင်သည် ဟုလီနားသို့ ကပ်လာ၍ တိုးတိုးလေး မေးလိုက်လေသည်။
အခြားသော မွန်းစတားဘုရင်များသည်လည်း ဟုလီဆီသို့ လှမ်းကြည့်လာလိုက်လေသည်။
မွန်းစတားများထဲတွင် ဟုလီသည် အကင်းအပါးဆုံး ဖြစ်လေသည်။ လက်ရှိအခြေအနေ မည်မျှပင် ရှုပ်ထွေးနေစေကာမူ ဟုလီကမူ ထိုးဖောက်၍ မြင်နိုင်ခဲ့သည်။
ထို့အတွက်ကြောင့်ပင်လျှင် ဟုလီသည် အဆင့်ဆယ့်နှစ်အလယ်အလတ်အဆင့် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးသာလျှင် ဖြစ်လင့်ကစား မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်နေရခြင်းပင်။
ရှေးဟောင်းကုန်းမြေကြီးထဲတွင် ဟုလီသည်သာ အဆင့်ဆယ့်နှစ်အထွဋ်အထိပ်သို့ ရောက်ရှိနေခြင်းမရှိသည့် မွန်းစတားဘုရင်တစ်ဦး ဖြစ်ပေသည်။ တစ်ဦးချင်းသာ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုလျှင် မည်သည့်မွန်းစတားဘုရင်မဆို သူ့အား မကြောက်ပါသော်ငြား လှည့်ကွက်များ အကြံအစည်များကို အသုံးချရာတွင် မည်သူမှ ဟုလီ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
ထိုစကားကိုကြားသော် ဟုလီက ပြုံးလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “အကုန်လုံးက ငါ့ကို ဘာလုပ်ရမလဲလာမေးနေကြတယ်… ငါက ဘယ်သူ့ကို သွားပြန်မေးရမှာလဲ…”
မွန်းစတားဘုရင်တစ်ဦးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်လေသည်။ “လူရိုးလူကောင်းတစ်ယောက်က ဝေ့လည်ကြောင်ပတ်လုပ်ပြီးတော့ မပြောတတ်ဘူးကွ… ဟုလီ… ငါတို့အကုန်လုံးက သေအတူရှင်မကွာ ရောင်းရင်းညီအစ်ကိုတွေပဲ… တစ်ခုခုပြောစရာရှိရင် ပြောလိုက်စမ်းကွာ… ဝေ့လည်ကြောင်ပတ် လုပ်မနေစမ်းနဲ့…”
“ဟုတ်တယ် ဟုလီ… အခုချိန်က ဝေ့လည်ကြောင်ပတ် လုပ်နေရမယ့် အချိန်မဟုတ်ဘူး…”
အခြားသောမွန်းစတားဘုရင်အားလုံးသည် ဟုလီအား စိုက်ကြည့်လာကြလေသည်။
ဟုလီက ပုခုံးတွန့်ပြလျက် မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည်။ “မင်းတို့ ငါ့ကို လာမေးနေပေမယ့် ဘာမှထူးမှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် အခြားသော မွန်းစတားဘုရင်များ၏ မျက်နှာများ မဲ့သွားခဲ့ကြပြီး ဒေါသလည်း ထွက်မိသွားကြလေသည်။
ဟုလီက ပြုံးလျက် ထပ်ပြောလိုက်လေသည်။ “ဘုရင်ချုပ်က ငါတို့ကို အပြင်ဘက်ကို ဆက်ကာကွယ်ပြီးတော့ အထဲကို ဘယ်သူမှ မဝင်လာအောင် တားထားဖို့ အမိန့်ပေးထားတယ် မဟုတ်ဘူးလား… ငါတို့လည်း သူအမိန့်ပေးတဲ့အတိုင်း လိုက်လုပ်ရုံပေါ့…”
ထိုစကားကိုကြားပြီးသည့်နောက် မွန်းစတားဘုရင်များ၏ မျက်လုံးများ တောက်ပသွားကြလေသည်။
မွန်းစတားဘုရင်များအနက် တစ်ပါးက လက်သီးကိုတင်းတင်းဆုပ်၍ အော်ပြောလိုက်လေ၏။ “ဟုတ်တယ်… ငါတို့ကို အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်ရုံပဲ… ကောင်းကင်ကြီးပြိုကျလာရင် ငါတို့အတွက် ဆီးကာထားပေးမဲ့လူ တစ်ယောက်ယောက်ကတော့ ရှိနေမှာပဲ…”
“ဟုတ်တယ် ဟုတ်တယ်…”
ထိုစကားကိုကြားပြီးသည့်နောက် မွန်းစတားဘုရင်အားလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။ တိုက်ပွဲထဲသို့ ဝင်မပါတော့ဘဲ ဘေးမှနေ၍သာ ရပ်ကြည့်နေကြ၏။
ဟုလီပြောသလိုပင် သူတို့အားလုံးသည် သွေးတံခါးအနီးသို့ မည်သူမျှမဝင်လာအောင် စောင့်ကြပ်ကာကွယ်နေခြင်းသာ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် နတ်အရှင်လေးပါးပြန်ရောက်လာ၍ အပြစ်တင်မည်ဆိုလျှင်ပင် သူတို့အား အပြစ်တင်၍မရ။ သူတို့သည် ဘုရင်ချုပ်များ ပေးသည့်အမိန့်အတိုင်း လုပ်ဆောင်နေခြင်းသာ ဖြစ်ကြသည်။
သို့သော်ငြား နတ်အရှင်များ ပြန်မရောက်လာမီ ဤလူသားသည်သာ သွေးတံခါး၏ချိတ်စည်းအား ဖျက်ဆီးပစ်သွားနိုင်မည်ဆိုပါက…
ထိုသို့ဖြစ်လာလျှင်တော့ မွန်းစတားဘုရင်အားလုံးနှင့်တကွ ဘုရင်ချုပ်အားလုံးသည် သွေးတံခါးထဲသို့ သူ့ထက်ငါ အလုအယက် ပြေးဝင်ကြပေလိမ့်မည်။ မည်သူမျှ နတ်အရှင်များ၏အမိန့်ကို ဂရုစိုက်နေကြတော့လိမ့်မည် မဟုတ်။
“ကျောက်တုံးဝိဉာဉ်ကလန်က ဒီလို အချီကြီး လှုပ်ရှားလာတာဆိုတော့ သူတို့အောင်မြင်မယ်လို့ အတော်လေး ယုံကြည်ချက်ရှိနေလို့ပေါ့ ဟုတ်တယ်မလား…” ဟုလီသည် ရန်ကိုင်အား မျက်မှောင်ကြုတ်ကာကြည့်လျက် ပြောလိုက်လေသည်။ သူသိသလောက်အရ သွေးတံခါး ပေါ်လာပြီးသည့် အချိန်မှစ၍ မည်သူမှ သွေးတံခါး၏ချိတ်စည်းအား ဖျက်ဆီးပစ်နိုင်ခဲ့ခြင်း မရှိချေ။ ဖျက်ဆီးပစ်ရန်မဆိုထားနှင့် သွေးတံခါးအနီးသို့ပင် မကပ်နိုင်ကြ။ ယခုတစ်ကြိမ် သွေးတံခါးပြောင်းလဲသွားသည့် အတွက်ကြောင့်သာ မဟုတ်ပါက သွေးတံခါးပတ်လည် ဆယ်မိုင်ဝန်းကျင်သည် မည်သူမှဝင်ရောက်၍မရသည့် တားမြစ်နယ်မြေကြီးတစ်ခု ဖြစ်နေပေလိမ့်မည်။
ဝေးကွာသည့်တစ်နေရာတွင် ရှိနေသော မိုးထိမတတ် မြင့်မားလှသည့် သစ်ကိုင်းကြိုသစ်ကိုင်းကြားမှ ခေါင်းလေးတစ်လုံး ပြူထွက်လာခဲ့လေသည်။ ခေါင်းပိုင်ရှင်မှာ သစ်ပင်များကြားထဲတွင် ပုန်းအောင်းနေသည့် ကျန်းရို့ရှီမှလွဲ၍ အခြားမဟုတ်ပါချေ။
တိုက်ပွဲဖြစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက် ရန်ကိုင်မှ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ လေဟာနယ်နိယာမစွမ်းအားများအား ထိန်းချုပ်နေသည်ကိုမြင်သော် သူမ၏မျက်လုံးလေးများ ပြူးကျယ်သွားခဲ့သည်။ လက်ရှိအခြေအနေမှာ ရန်ကိုင်အတွက် အလွန်ကိုမှ အန္တရာယ်များလှပေသည်။ မကြာမကြာ ကြောက်မက်ဖွယ်ကောင်းလှသော မွန်းစတားမျိုးနွယ်စုဝင်များ၏ တိုက်ကွက်များသည် ရန်ကိုင်နားမှ ပွတ်ကာသီကာလေး ဖြတ်ကျော်သွားကြလေသည်။
(ဆရာ ဒုက္ခရောက်နေတာပဲ…)
ကျန်းရို့ရှီမှာ စိုးရိမ်တကြီးဖြင့် ရန်ကိုင်အား ကူညီရန် အလျင်စလို ပြေးထွက်သွားခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၈၈) အစီအစဉ်မအောင်မြင်ခြင်း
ဘာသာပြန်သူ_တိမ်တိုက်
ပုံမှန်သာဆိုလျှင်တော့ ကျန်းရို့ရှီ ယခုကဲ့သို့ ပြေးထွက်သွားလိမ့်မည်မဟုတ်။ သို့သော်ငြား ယခုကျန်းရို့ရှီသည် ယခင်ကကျန်းရို့ရှီ မဟုတ်တော့ချေ။ သူမတွင် အဆင့်ဆယ့်နှစ်သို့ ရောက်နေသော သားရဲဝိဉာဉ်ပေါင်းများစွာကို ချိတ်ပိတ်ထားသည့် သားရဲတစ်သောင်းတံဆိပ်တုံး ရှိနေခဲ့လေသည်။ ထိုမှော်ရတနာ၏အကူအညီဖြင့် ကျန်းရို့ရှီသည် ရန်ကိုင်အား ကျိန်းသေ အကူအညီ ပေးနိုင်ပေလိမ့်မည်။
ဤကဲ့သို့သော အချိန်မျိုးတွင် အနည်းငယ်လေးသော အကူအညီလေးသည်ပင်လျှင် တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲသွားစေနိုင်ပေသည်။
သို့သော်ငြား မတ်တပ်ထရပ်ရုံပင်ရှိသေး သူမ၏ခြေကျင်းဝတ်အား တစ်စုံတစ်ဦးမှ တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားသည်ကို ကျန်းရို့ရှီ ခံစားမိလိုက်ရသည်။
သစ်ပင်ပေါ်သို့ ပြန်ပြုတ်ကျလာပြီးသည့်နောက်တွင် ကျန်းရို့ရှီက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။ “တတိယစီနီယာ… ရှင် ဘာလုပ်ချင်နေတာလဲ…”
ကျန်းရို့ရှီအား ပြေးထွက်မသွားနိုင်အောင် လှမ်းဖမ်းဆွဲထားသည့်လူမှာ ရေခဲနှလုံးသားတောင်ကြား၏ တတိယတပည့်မှလွဲ၍ အခြားမဟုတ်ပါချေ။ တတိယတပည့်၏ ခွန်အားနှင့် ကိုယ်ပျောက်ပညာရပ်ကြောင့်သာ မဟုတ်ပါက ကျန်းရို့ရှီအနေဖြင့် သွေးတံခါးနှင့် ဤမျှနီးကပ်သည့်နေရာဆီသို့ ရောက်အောင် လာနိုင်လိမ့်မည် မဟုတ်ပေ။
တကယ်တော့ သူမသည် တာအိုသခင်တတိယအဆင့်သာ ရှိသေးသည် မဟုတ်ပေလော။ သွေးတံခါးအနီးတစ်ဝိုက်တွင် အဆင့်ဆယ့်နှစ်သို့ ရောက်နေသော မွန်းစတားမျိုးနွယ်စုဝင်ပေါင်း မြောက်မြားစွာ ရှိနေလေရာ တတိယတပည့်သည်သာလျှင် သူမ၏ ကိုယ်ပျောက်ပညာရပ်ဖြင့် ကျန်းရို့ရှီအား မည်သူမှ သတိထားမိဘဲ ဤနေရာသို့ ခေါ်လာနိုင်ပေသည်။
ကျန်းရို့ရှီဒေါသထွက်သွားသည်ကိုမြင်သော် တတိယတပည့် ကြောက်လန့်သွားခဲ့သည်။ သို့သော်ငြား သူမလက်အား ကမန်းကတမ်းဝှေ့ယမ်းရင်း တိုက်ပွဲအား ညွှန်ပြလျက် ကျန်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းအား တိခနဲ ဖြတ်ပြသည့် ပုံစံ လုပ်ပြလိုက်လေသည်။ ထို့နောက် မျက်လုံးလေးစောင်းကာ လျှာလေးထွက်ပြလိုက်၏။
ကျန်းရို့ရှီက ပြန်၍ပြောလိုက်လေသည်။ “အန္တရာယ်များမှန်းသိတယ်… အဲ့ကိုသွားရင် ကျွန်မအတွက်တောင် အသက်အန္တရာယ်ရှိနိုင်တယ်… ဒါပေမယ့် ဆရာလည်း အဲ့မှာရှိနေတာ… ကျွန်မ ဆရာ့ကို ကူညီရမယ်…”
တတိယတပည့်သည် ကျန်းရို့ရှီ၏လက်များကို ဖမ်းဆွဲထားခဲ့ပြီး ခေါင်းကို အဆက်မပြတ် ခါနေခဲ့လေသည်။ သူမကိုကြည့်ရသည်မှာ ကျန်းရို့ရှီအား သွားခွင့်ပြုမည့်ပုံမပေါ်။
ကျန်းရို့ရှီက သက်ပြင်းအမောကြီးချလျက် တတိယတပည့်၏လက်ကို ပုတ်ရင်းမှ ပြောလိုက်လေသည်။ “ဆရာက ကျွန်မငယ်ငယ်လေးတည်းက ကျွန်မကို တောက်လျှောက် ကူညီပေးခဲ့တာ… ဒီနှစ်တွေအတွင်းမှာ ရို့ရှီအနေနဲ့ ဆရာ့ကို တစ်ခါမှ ပြန်မကူညီနိုင်ခဲ့ရဘူး… အခု ရို့ရှီမှာ ဆရာ့ကို ကူညီနိုင်မယ့်စွမ်းအား ရှိလာပြီ… ဒီတော့ ဆရာတိုက်ခိုက်နေတာကိုပဲ ဒီအတိုင်း ရပ်ကြည့်မနေနိုင်တော့ဘူး… ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပေးပါနော်… ရို့ရှီသေရမယ်ဆိုရင်တောင် လုံးဝ နောင်တရမှာမဟုတ်ဘူး… အနည်းဆုံးတော့ ဆရာ့ကို တစ်ခါလေးဖြစ်ဖြစ် ကူညီပေးချင်လို့ပါ…”
ကျန်းရို့ရှီပြောသည်ကို တတိယတပည့် နားလည်လား နားမလည်သလားမသိ။ မည်သို့ပင်ဖြစ်နေစေကာမူ တတိယတပည့်က ကျန်းရို့ရှီ၏လက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။
“စီနီယာ… ဒီအတိုင်းဆက်လုပ်နေရင် ရို့ရှီ စီနီယာကို မုန်းမိတော့မှာနော်…” ကျန်းရို့ရှီ စိုးရိမ်လာခဲ့လေသည်။
တတိယတပည့်မှာတော့ ကျန်းရို့ရှီအား ပြုံး၍သာ ပြလိုက်သည်။ ပေရေညစ်ပတ်နေသော သူမ၏မျက်နှာနှင့် ဆန့်ကျင်စွာပင် သူမ၏သွားလေးမှာ ဖြူဖွေးတောက်ပနေခဲ့လေသည်။
သွေးတံခါးအနီးတွင် အကြီးအကဲသည် တုတ်ကောက်အား စိုးရိမ်တကြီးဖြင့် ကိုင်ထားရင်း ရန်ကိုင်အား ရင်တမမဖြင့် ကြည့်နေခဲ့လေသည်။
ဘုရင်ချုပ်ရှစ်ပါးသည် သူတောင်းဆိုသည့်အတိုင်း သူနှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပါသော်ငြား အနီးအနားတစ်ဝိုက်၌ ဘုရင်ချုပ်ရှစ်ပါးအပြင် အခြားသော မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးလည်း ရှိနေကြပေသေးသည်။ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးသည် ဘုရင်ချုပ်ရှစ်ပါးထက် အားနည်းခြင်း မရှိကြချေ။
ထိုမွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးသည်သာ ပြေးဝင်လာပါက ကျောက်တုံးဝိဉာဉ်ကလန်သားများအနေဖြင့် ဆက်၍ တောင့်ခံထားနိုင်တော့လိမ့်မည် မဟုတ်ဘဲ ရန်ကိုင်အား ပတ်ပတ်လည်ဝိုင်း၍ ခုခံရုံသာ ရှိတော့ပေလိမ့်မည်။ တတ်နိုင်သလောက် ခုခံထားရလိမ့်မည်ဖြစ်ကာ မျှော်လင့်ချက်မရှိတော့သည့်အခါမှသာ ပြန်ဆုတ်ရပေလိမ့်မည်။
သို့သော်ငြား မွန်းစတားဘုရင်များသည် တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်မှ အမိန့်ပေးထားသည့်အတိုင်း တိုက်ပွဲဆီသို့ ဝင်မလာဘဲ အဝေးတစ်နေရာမှ နေ၍သာ ရပ်ကြည့်နေကြသည်ကိုမြင်သော် အကြီးအကဲ အံ့အားသင့်မိသွားခဲ့လေသည်။
(ကြည့်ရတာ သူတို့တွေလည်း သွေးတံခါးထဲ ဝင်ချင်နေကြတယ်နဲ့တူတယ်…)
မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးစလုံး ဘာကြောင့် ရပ်ကြည့်နေရသလဲဆိုသည်ကို အကြီးအကဲ သိပေသည်။ တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်၏အမိန့်ကို နာခံနေခြင်းမဟုတ်။ ကျောက်တုံးဝိဉာဉ်ကလန်သားများ အားကောင်းသည့် အတွက်ကြောင့်လည်းမဟုတ်။ ထို့အစား သွေးတံခါးထဲသို့ ဝင်ချင်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ကျောက်တုံးဝိဉာဉ်ကလန်မှ သွေးတံခါး၏ချိတ်စည်းကို ဖျက်ဆီး၍ အကုန်လုံး အထဲသို့ ဝင်နိုင်အောင် လုပ်ပေးစေချင်နေမိခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခါ သူ့စိတ်ထဲ ခံစားနေရသည့် ဝန်ထုပ်ဝန်ပိုးကြီး ပေါ့သွားသလို အကြီးအကဲ ခံစားလိုက်ရသည်။ သို့သော်ငြား မကြာမီ အကြီးအကဲ စတင်၍ စိတ်ပူလာရပြန်လေသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရန်ကိုင်သည် လေဟာနယ်အတားအဆီးကို ဖျက်ဆီး၍ သွေးတံခါး၏ချိတ်စည်းကို ဖျက်ဆီးပစ်နိုင်မည်ဆိုပါက ကိစ္စမရှိ။ ထိုသို့ဖြစ်လာသည့်အခါ မွန်းစတားမျိုးနွယ်စုဝင်ပညာရှင်အားလုံးသည် အတူတကွ ပူးပေါင်းလျက် သွေးတံခါးထဲသို့ ပြေးဝင်သွားကြပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်သာ မအောင်မြင်ခဲ့ပါလျှင်မူ…
ဘုရင်ချုပ်ရှစ်ပါးမဆိုထားနှင့် မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးသည်ပင်လျှင် ကျောက်တုံးဝိဉာဉ်ကလန်သားများအား အလွတ်ပေးကြလိမ့်မည် မဟုတ်ချေ။ အဆင့်ဆယ့်နှစ် အထွဋ်အထိပ်အဆင့်သို့ ရောက်နေသော ပညာရှင် အယောက်လေးဆယ်၏ ပူးပေါင်းတိုက်ခိုက်မှုကို ကျောက်တုံးဝိဉာဉ်ကလန်သားများအနေဖြင့် မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် အကြီးအကဲမှာ စတင်၍ စိတ်ပူလာရတော့သည်။
“အကြီးအကဲ…” ထိုစဉ် ရန်ကိုင်က ရုတ်တရက် အော်ခေါ်လိုက်လေသည်။
“ဘာလဲ…” အကြီးအကဲက အလျင်စလို ပြန်ထူးလိုက်လေသည်။ အကြီးအကဲလည်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သွေးတံခါးပတ်လည်ရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်နေပါသော်ငြား ချိတ်စည်း ပျက်စီးသွားသည့် မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရကြောင်း တွေ့ရှိလိုက်ရသည်။
“ခင်ဗျား ကျုပ်ကို ပြခဲ့တဲ့ ပန်းချီကားချပ်တွေက သစ်သားဝိဉာဉ်ကလန်ရဲ့ အရင်ခေါင်းဆောင် သူ့အသက်ကို ရင်းပြီးတော့ နိမိတ်ဖတ်ခဲ့တဲ့ အတိတ်နိမိတ်ဆိုတာ သေချာလို့လား…” ရန်ကိုင်သည် လက်ကွက်များအား ထုတ်ဖော်နေရင်းမှ သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်လေသည်။
“ဟုတ်တယ်လေ… ဘာဖြစ်လို့လဲ…” အကြီးအကဲစိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သို့သော်ငြား မျက်နှာတည်ဖြင့် ပြန်၍ပြောလိုက်သေး၏။
“အဲ့နိမိတ်ထဲမှာပါတဲ့လူက ဒီသခင်လေးဆိုတာရော သေချာရဲ့လား…” ရန်ကိုင်က ထပ်၍ မေးလိုက်ပြန်လေသည်။
ထိုစကားကိုကြားသော် အကြီးအကဲ၏စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာလေ၏။ “ဟုတ်လောက်ပါတယ်… မင်းပါပဲ…”
“ဘာအတိတ်နိမိတ်လဲ…” ရန်ကိုင်က ဒေါသတကြီးက ထအော်လေသည်။ “ဒီချိပ်စည်းကို ဒီသခင်လေး ဘယ်လိုမှ ဖျက်ဆီးပစ်လို့မရဘူး…”
“ဟမ်… ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရတာလဲ…” အကြီးအကဲ ရင်ခုန်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်အား လက်မလျှော့စေချင်သေးသည့် အတွက်ကြောင့် ဆက်၍ ပြောလိုက်လေ၏။ “သွေးတံခါးရဲ့ချိတ်စည်းဆိုတော့လည်း ဖျက်ဆီးရတာတော့ ဘယ်လွယ်ပါ့မလဲ… ဧည့်သည် ဘာဖြစ်လို့ နည်းနည်းလောက် ထပ်မကြိုးစားကြည့်တာလဲ… ငါတို့ အလျင်မလိုပါဘူး…”
“အလျင်မလိုပေမယ့် အချိန်က ရှိတော့တာမှမဟုတ်တာ…” ရန်ကိုင်က သက်ပြင်းချလျက် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ရုတ်ချည်းဆိုသလို တွန့်လိမ်နေသော ဟင်းလင်းပြင်သည် ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။ ထို့နောက် အကြီးအကဲဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ကျုပ် ကြိုးစားကြည့်ပြီးသွားပြီ… ဘယ်လိုမှမရဘူး… လေဟာနယ်အကာအရံကိုတောင် အာရုံမခံနိုင်တာ ဘယ်လိုလုပ်ပြီး ချိပ်စည်းကို ဖျက်ဆီးပစ်ရမှာလဲ… ဆက်ကြိုးစားနေလို့လည်း အပိုပဲ အကြီးအကဲ… ကျုပ်တို့ မြန်မြန်ပြန်ဆုတ်ကြရင် ကောင်းလိမ့်မယ်… ထပ်ပြီးတော့ နှောင့်နှေးနေလို့ရှိရင် နတ်အရှင်လေးယောက်စလုံး ပြန်ရောက်လာတော့မှာ…”
အကြီးအကဲက အံ့အားသင့်နေဟန်ဖြင့် ပြန်မေးလိုက်လေ၏။ “နတ်အရှင်လေးပါးကို မျှားခေါ်သွားတဲ့အကြံက ဧည့်သည်အကြံလား…”
ရန်ကိုင်သည် အကြီးအကဲကို ကြည့်၍ ပြောလိုက်လေသည်။ “သူတို့တွေက အရူးမဟုတ်ဘူး… တစ်ခုခုမှားယွင်းနေမှန်း ကျိန်းသေ သတိပြုမိသွားကြမှာ… အဲ့လိုဖြစ်သွားပြီဆိုရင် ချက်ချင်း ပြန်လာလိမ့်မယ်… မိုင်သုံးထောင်ဆိုတာ သူတို့လေးယောက်အတွက် ဘာမှဟုတ်တာမဟုတ်ဘူး… ကျုပ်တို့သာ အခုနေထွက်မသွားရင် သူတို့ပြန်လာတဲ့အချိန်ကြ လုံးဝ ထွက်သွားနိုင်တော့မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် အကြီးအကဲတိတ်သွားခဲ့သည်။ ရန်ကိုင်ပြောသည်မှာ အမှန်မှန်း သူသိပေသည်။ ဤအတိုင်းအတာထိ ကြိုးစားပြီးမှဖြင့် လက်လျှော့ဖို့ရာမှာ အတော်လေးကိုမှ ရင်နာဖွယ်ကောင်းလှပေသည်။
အကြီးအကဲ၏မျက်နှာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး တောင်းဆိုလိုက်လေ၏။ “ဧည့်သည်… ခဏလောက်ဘေးဖယ်ပေးပါလား… ဒီအကြီးအကဲနဲ့ ရှီကျို့တို့ တစ်ချက်လောက် ကြိုးစားကြည့်ရအောင်…”
အကြီးအကဲ လက်မလျှော့ချင်သေးမှန်း သိလိုက်သော် ရန်ကိုင်လည်း တားမနေခဲ့ဘဲ ဒေါသတကြီးဖြင့်သာ ပြန်ပြောလိုက်လေ၏။ “သစ်သားဝိဉာဉ်ကလန်ရဲ့ အရင်ခေါင်းဆောင်က ကျုပ်ကို ပြဿနာတက်အောင် လုပ်သွားတာပဲ…”
ထိုပန်းချီကားချပ်ကိုးခုကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ကျောက်တုံးဝိဉာဉ်ကလန်၏တောင်းဆိုချက်ကို ဤမျှ အလွယ်တကူ သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။ သူ့ကိုယ်သူ ထိုကလန်နှစ်ခု၏ ကယ်တင်သူဖြစ်သည်ဟု ထင်မိခဲ့သည့်အတွက်ကြောင့်သာ သဘောတူခဲ့ရခြင်း ဖြစ်လေသည်။
သွေးတံခါး၏ ချိပ်စည်းအား မည်သည့်နည်းနှင့်မျှ ဖျက်ဆီးလို့မရနိုင်မှန်း သိလိုက်သော် သစ်သားဝိဉာဉ်ကလန်၏ ယခင်ခေါင်းဆောင် ပန်းချီကားချပ်ကိုးခုအား ဘာကြောင့် ချန်ထားရစ်ခဲ့သလဲ ဆိုသည်ကို ရန်ကိုင် လုံးဝနားမလည်နိုင် ဖြစ်သွားခဲ့ရလေသည်။
(အဲ့ပန်းချီကားချပ်တွေထဲက လူသားက ငါပါပဲ… ဘာဖြစ်လို့ သွေးတံခါးကို ဖွင့်လို့မရတာလဲ…) ရန်ကိုင် စိတ်ထဲ အတွေးများနေစဉ် အကြီးအကဲနှင့် ရှောင်ရှောင်တို့မှာ စတင်၍ လှုပ်ရှားနေကြလေပြီ။
မူလက ဆယ်မီတာခန့်သာ အမြင့်ရှိသော ရှောင်ရှောင်သည် ရုတ်ချည်းဆိုသလို ဆယ့်ငါးမီတာခန့် မြင့်မားသော ကျောက်ဘီလူးကြီးတစ်ကောင် ဖြစ်လာခဲ့သည်။
မူလက အမြဲလိုလို အိုမင်းရင့်ရော်နေသည့် အငွေ့အသက်ကို ပေးစွမ်းနိုင်သည့် အကြီးအကဲမှာ ဘဝသစ်တစ်ခုကို ရလိုက်သည့်အလား ကုန်းနေသော ၎င်း၏ခါးသည် ရုတ်ချည်းဆိုသလို ဖြောင့်မတ်လာခဲ့ပြီး ရှောင်ရှောင်ထက်ပင် ပို၍ကြီးမားသော ကျောက်ဘီလူးကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
နှစ်ဦးစလုံးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် ရှောင်ရှောင်သည် အနက်ရောင်တုတ်ကိုဝှေ့ယမ်းလျက် သွေးတံခါးအား ရိုက်ချလိုက်လေသည်။
“ဘုန်း…”
နားပင်းမတတ် ပေါက်ကွဲသံအကျယ်ကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကိုပင်လျှင် စိစိညက်ညက် ကြေသွားစေနိုင်လောက်သည်အထိ အားကောင်းလွန်းလှသော ရှောင်ရှောင်၏ ရိုက်ချက်မှာ သွေးတံခါးအား မှိတ်တုတ်မှိတ်တုတ်သာ ဖြစ်သွားစေခဲ့ကာ မည်သည့်ပျက်စီးမှုမှ မဖြစ်စေခဲ့ချေ။
ရှောင်ရှောင်မှ သူ၏တုတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီးသည့်နောက် အကြီးအကဲသည် သူ့လက်သီးဖြင့် သွေးတံခါးတည့်တည့်သို့ ထိုးချလိုက်လေသည်။
“ဘုန်း…” မိုးခြိမ်းသံတမျှ ကျယ်လောင်သည့်အသံနှင့်အတူ သွေးတံခါးတစ်ခုလုံး တုန်ခါသွားခဲ့လေသည်။ သို့သော်ငြား သံမဏိပြားတစ်ပြားနှယ် မားမားမတ်မတ် ရှိနေသေးဆဲ။
“ဘုန်း… ဘုန်း… ဘုန်း…”
ရှောင်ရှောင်နှင့် အကြီးအကဲတို့၏ တရစပ် ထိုးနှက်တိုက်ခိုက်မှုများကြောင့် သွေးတံခါးဆီမှ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာခဲ့သည်။ ကျောက်ဘီလူးကြီးနှစ်ကောင်၏ တိုက်ခိုက်မှုအောက်တွင် မီတာထောင်ပေါင်းများစွာ မြင့်မားသော တောင်တစ်လုံးသည်ပင်လျှင် စိစိညက်ညက် ကြေသွားရလိမ့်မည် ဖြစ်ပါသော်ငြား သွေးတံခါးမှာမူ ပျက်စီးမည့်အရိပ်အယောင် စိုးစဉ်းမျှပင်မပြ။
“အဲ့လူသားက ချိတ်စည်းကို မဖျက်ဆီးနိုင်တော့လို့ သူတို့က အကြမ်းနည်းသုံးပြီး ဖျက်ဆီးဖို့ ကြိုးစားနေတာလား…” ကျောက်တုံးဝိဉာဉ်အကြီးအကဲနှင့် ရှောင်ရှောင်၏လုပ်ရပ်ကိုမြင်သော် ဟုလီသည် အကြောင်းအရင်းကို ချက်ချင်း ခန့်မှန်းသွားခဲ့သည်။
“ဒါပေမယ့် ကြည့်ရတာ အလုပ်မဖြစ်တဲ့ပုံပဲ…” အခြားသော မွန်းစတားဘုရင်တစ်ပါးက မျက်မှောင်ကျုံ့လျက် ပြောလိုက်လေသည်။
“ရုပ်ခွန်အားသီးသန့်ဆိုလို့ရှိရင် ဒီလောကကြီးမှာ ကျောက်တုံးဝိဉာဉ်ကလန်သားတွေကို ဘယ်သူမှ မမီကြဘူး… နတ်သားရဲတွေတောင်မမီဘူး… သူတို့တောင် မဖျက်ဆီးနိုင်ဘူးဆိုရင်တော့…”
စိတ်လှုပ်ရှားနေသော မွန်းစတားမျိုးနွယ်စုဝင်များ ရုတ်ချည်း တည်ငြိမ်သွားကြလေသည်။ သူတို့အနေဖြင့် သွေးတံခါး၏ချိတ်စည်းကို ဖျက်ဆီးနိုင်မည့်အခွင့်အရေး အနည်းငယ်လေးသာ ရှိတော့မှန်း သိလိုက်ကြသည်။
ယခင်က ကျောက်တုံးဝိဉာဉ်ကလန်သားများအား မျှော်လင့်တကြီးဖြင့် စောင့်ကြည့်ခဲ့ရပါသော်ငြား ယခု ထိုမျှော်လင့်ချက်အားလုံးသည် စိတ်ပျက်မှုအဖြစ်သို့သာ ပြောင်းလဲသွားခဲ့ရလေသည်။
မွန်းစတားဘုရင်များသာ စိတ်ပျက်သွားကြခြင်းမဟုတ်။ ဘုရင်ချုပ်ရှစ်ပါးမှာလည်း ဒေါသထွက်နေကြသည်။
ကျောက်တုံးဝိဉာဉ်ကလန်သားများ အောင်မြင်မည်ဟု ထင်ခဲ့သည့်အတွက်ကြောင့် တစ်ဖက်လူအား အလျှော့ပေးကာ မီးစင်ကြည့်ကခဲ့ရသည်။ ယခု ကျောက်တုံးဝိဉာဉ်ကလန်သားများလည်း ဘာမှမတတ်နိုင်တော့မှန်း သိလိုက်သော် သူတို့၏မျှော်လင့်ချက်အားလုံး ရေစုန်မျောသွားသည်ဟု အထင်ရောက်လျက် ဒေါသထွက်လာရတော့လေသည်။
သူတို့၏လုပ်ရပ်ကို နတ်အရှင်များ ကျိန်းသေ သတိပြုမိကြပေလိမ့်မည်။ ထို့အတွက်ကြောင့် ဤအကြောင်းကိုသာ နတ်အရှင်များ ကြားသွားသည်နှင့် တစ်ပြိုင်နက် သူတို့အနေဖြင့် အပြစ်ပေးခံရမည့်ဘေးမှ လုံးဝ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။
ထို့အပြင် ဤကဲ့သို့သော အဖြစ်အပျက်ကြီးကြောင့် နတ်အရှင်လေးပါးသည်လည်း ဤနေရာတွင် တစ်ခုခုဖြစ်နေပြီမှန်း သဘောပေါက်သွားကြပေလိမ့်မည်။
“ဘုန်း…”
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရှောင်ရှောင်လက်ထဲရှိ အနက်ရောင်တုတ်ချောင်းမှာ တစ်စစီဖြစ်သွားခဲ့ရလေသည်။
အရိပ်ကြယ်ပေါ်ရှိ ဧကရာဇ်ဥယျာဉ်မှ အစပြု၍ ရှောင်ရှောင်၏ လက်စွဲတော်ဖြစ်လာခဲ့သော အနက်ရောင်တုတ်ချောင်းသည် ယနေ့တွင် သူ့ဆီမှ ထွက်ခွာသွားခဲ့ရလေပြီ။
အနက်ရောင်တုတ်ချောင်း ပျက်စီးသွားသည့်အတွက်ကြောင့် ရှောင်ရှောင်လည်း ထိတ်လန့်သွားခဲ့ရသည်။
အကြီးအကဲ၏ လက်သီးချက်မှာလည်း သွေးတံခါးအား မဖျက်ဆီးနိုင်သည်ကိုမြင်သော် သူ၏မျက်လုံးထဲ တုန်လှုပ်ခြောက်ခြားသည့် အရိပ်အယောင်အချို့ စတင်၍ ထွက်ပေါ်လာခဲ့လေ၏။
“အကြီးအကဲ… သွားဖို့အချိန်တန်နေပြီနော်…” ဘုရင်ချုပ်ရှစ်ပါး၏အမူအယာ တဖြည်းဖြည်း သုန်မှုန်လာသည်ကိုမြင်သော် ရန်ကိုင်က အစောတလျင် သတိပေးလိုက်လေသည်။ ဘုရင်ချုပ်ရှစ်ပါး သည်းခံနိုင်သည့် အကန့်အသတ်သို့ ရောက်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် တိုက်တွန်းလိုက်ခြင်းပင် ဖြစ်လေ၏။
အကြီးအကဲကမူ ပြန်မဖြေခဲ့ဘဲ ရှောင်ရှောင်နှင့်အတူ သွေးတံခါးကိုသာ ဆက်၍ ထိုးနှက်နေခဲ့လေသည်။
“အကြီးအကဲ…” ရန်ကိုင်က ထအော်လေ၏။ “အသက်ရှင်နေသေးရင် မျှော်လင့်ချက်ဆိုတာ ရှိသေးတယ်… ကျုပ်တို့ အခုနေ ထွက်မသွားခဲ့ရင် ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံး အပြတ်ရှင်းခံရမှာနော်…”
ထိုစကားကိုကြားသည့်အခါမှသာ အကြီးအကဲလည်း အသိပြန်ဝင်လာခဲ့ပြီး သုန်သုန်မှုန်မှုန်ဖြင့် အော်ပြောလိုက်လေ၏။ “သွားကြရအောင်…”
“ဒီနေရာက မင်းတို့ လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့ နေရာများ မှတ်နေလားကွ…” တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်သည် အေးစက်စက်လေသံဖြင့် အော်ပြောလိုက်ပြီးသည့်နောက် တိုက်ခိုက်လိုက်တော့လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူ့ခွန်အားအား ထိန်ချန်ထားခြင်း မရှိတော့ချေ။ ဘုရင်ချုပ်မှ ရုတ်တရက်ဆိုသလို အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် သူနှင့်ရင်ဆိုင်တိုက်ခိုက်နေသော ကျောက်တုံးဝိဉာဉ်မှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ မီတာပေါင်းများစွာအကွာသို့ လွင့်စင်ထွက်သွားခဲ့ရလေသည်။
သူအလှည့်စားခံလိုက်ရပြီဟု အထင်ရောက်လျက် ဘုရင်ချုပ်မှာ အလွန်ကိုမှ ဒေါသထွက်နေလေရာ ကျောက်တုံးဝိဉာဉ်ကလန်သားများကို လွှတ်ပေးချင်စိတ် မရှိတော့ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၈၉) တိုက်ပွဲ
ဘာသာပြန်သူ_တိမ်တိုက်
အခြားသောဘုရင်ချုပ်ရှစ်ပါးမှာလည်း အလားတူ ဒေါသထွက်နေခဲ့ကြသည်။ သွေးတံခါး၏ချိတ်စည်းအား ဖျက်ဆီးပစ်နိုင်မည့်အခွင့်အရေး မရှိတော့သလို ကျောက်တုံးဝိဉာဉ်ကလန်မှာလည်း ထွက်ပြေးရန် ကြံနေသည်ကိုမြင်သော် ဘုရင်ချုပ်များမှာ ၎င်းတို့၏ခွန်အားကို ဆက်၍ ထိန်ချန်ထားကြခြင်း မရှိတော့ဘဲ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့လေ၏။ ထို့အတွက်ကြောင့် ကျောက်တုံးဝိဉာဉ်များမှာ အောက်စည်းသို့ ရောက်သွားခဲ့ရာ နောက်သို့ တရစပ် ဆုတ်ကြရတော့သည်။
သို့ရာတွင် ကျောက်တုံးဝိဉာဉ်များမှာ အလွန်အားကောင်းသည့် ရုပ်ခွန်အားကိုသာ ပိုင်ဆိုင်ထားခြင်းသာလျှင်မဟုတ်ဘဲ သူတို့၏ခန္ဓာကိုယ်မှာလည်း အလွန်တရာကိုမှ ကြံ့ခိုင်လှသည်။ ခန္ဓာကိုယ်များကိုသာ တစ်စစီဖြစ်အောင် မဖျက်ဆီးပစ်ပါက ကျောက်တုံးဝိဉာဉ်များ သေလိမ့်မည်မဟုတ်သလို မည်သည့်ဒဏ်ရာကိုမှလည်း ရလိမ့်မည်မဟုတ်။
တစ်ဖက်လူအား လွင့်ထွက်သွားအောင် လုပ်ပြီးသည့်နောက်တွင် တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်က အော်ပြောလိုက်လေသည်။ “မွန်းစတားဘုရင်အားလုံး ငါ့အမိန့်ကို နာခံကြလော့… ဒီနေ့ ကျောက်တုံးဝိဉာဉ်ကလန်က တားမြစ်ထားတဲ့ သွေးတံခါးဆီကို ချိုးဖောက်ဝင်ရောက်လာတယ်… နတ်အရှင်တွေရဲ့ အမိန့်အရ သူတို့အားလုံးကို အမြစ်ပြတ်ရှင်းထုတ်ပစ်ရမယ်…”
ဘုရင်ချုပ်မှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အဝေးတစ်နေရာမှ ရပ်ကြည့်နေကြသော မွန်းစတားဘုရင်များသည် သားကောင်ကိုတွေ့လိုက်ရသည့် ဝံပုလွေအုပ်အလား တဟုန်ထိုးပြေးဝင်လာကြလေသည်။
သူတို့ ပြဿနာအကြီးကြီးတက်ပြီမှန်း သဘောပေါက်လိုက်သော် ရန်ကိုင် ရင်ထိတ်သွားတော့လေ၏။ အဆင့်ဆယ့်နှစ် အထွဋ်အထိပ်သို့ ရောက်နေသော ဘုရင်ချုပ်ရှစ်ပါးနှင့် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးသည် သူတို့လက်ရှိခွန်အားဖြင့် ပြန်လည်ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အစုအဖွဲ့ မျိုးမဟုတ်ချေ။
မွန်းစတားဘုရင်များသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို အသီးသီးထုတ်လွှတ်လျက် ကျောက်တုံးဝိဉာဉ်ကလန်သားများကို အဘက်ဘက်မှ ဝိုင်းရံထားလိုက်ကြလေသည်။
“အကာအကွယ်မရှိဘဲနဲ့ ဘာဖြစ်လို့ မီးနဲ့ကစားချင်ရတာလဲ…” ဟုလီသည် သက်ပြင်းတစ်ချက်ချလျက် ကျောက်ဘီလူးကြီးဆယ်ဦးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ဆီသို့ အကြည့်ရောက်သွားကာ ပြောလိုက်လေ၏။ “လူသားကို ဒီဘုရင်အတွက်ထားလိုက်… ကျန်တဲ့လူတွေကို မင်းတို့သွားရင်ဆိုင်လိုက်…”
သူ၏ကျင့်ကြံခြင်းမှာ အဆင့်ဆယ့်နှစ်အလယ်အလတ်သာ ဖြစ်သည့်အတွက်ကြောင့် ကျောက်ဘီလူးတစ်ကောင်အား ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်မရှိ။ သို့သော်ငြား ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးကိုမူ သူလုံးဝ မကြောက်ပါချေ။
ဟုလီ ဘာတွေးနေလဲ ဆိုသည်ကို သိထားသည့် တုတ်ခိုင်ထွားကျိုင်းသော ဘုရင်ချုပ်မှာ ကန့်ကွက်ငြင်းဆိုခြင်းမရှိဘဲ ရန်ကိုင်အား အေးစက်စက်အကြည့်ဖြင့် တစ်ချက်သာကြည့်လျက် ဟုလီအား သတိပေးလိုက်လေ၏။ “ဟုလီ… အဲ့လူသားကိုသတိထားနော်… အဲ့ကောင်က လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်…”
ဟုလီ အံ့အားသင့်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “လေဟာနယ်တာအို… စိတ်ဝင်စားစရာပဲ…”
သို့တိုင် ဟုလီမှာတော့ ရန်ကိုင်အား အလေးမထားခဲ့ပေ။ သူတို့နှစ်ဦးသားကြားရှိ ကျင့်ကြံခြင်းကွာခြားချက်မှာ အတော်လေးကိုမှ ကြီးမားလှသည် မဟုတ်ပေလော။
ထို့နောက်တွင် တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်၏အမူအယာ သုန်မှုန်သွားခဲ့ပြီး အကြီးအကဲကိုကြည့်၍ ကမ်းလှမ်းလိုက်လေ၏။ “အကြီးအကဲ… ခင်ဗျားက ကျုပ်တို့ထက် အများကြီး အသက်ကြီးနေတဲ့အတွက်ကြောင့်မို့ ဒီဘုရင်က တလေးတစားနဲ့ ဆက်ဆံနေခဲ့တာ… ဒီတော့ အကြီးအကဲသာ မတိုက်ခိုက်ဘဲနဲ့ အလျှော့ပေးမယ်ဆိုလို့ရှိရင် နတ်အရှင်တွေက သူတို့ပြန်ရောက်လာတဲ့အချိန်ကြရင် အကြီးအကဲကို လွှတ်ပေးကောင်း လွှတ်ပေးလိမ့်မယ်… ဒါပေမယ့် ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ဒီဘုရင်လည်း ရိုင်းပျရတော့မှာနော်…”
အကြီးအကဲက သက်ပြင်းချလျက် ပြောလိုက်လေ၏။ “ဘုရင်ချုပ်ရဲ့ကြင်နာမှုကို ဒီအကြီးအကဲက မှတ်ထားလိုက်ပါမယ်… ဒါပေမယ့် ငါတို့ ကျောက်တုံးဝိဉာဉ်ကလန်က ဘယ်သူ့ကိုမှ အညံ့ခံမှာမဟုတ်ဘူး…”
“နတ်အရှင်တွေကိုတောင်လား…” ဘုရင်ချုပ်၏အကြည့် ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
အကြီးအကဲသည် ခေါင်းသာ ခါပြလိုက်၏။
ဘုရင်ချုပ်သည် ခေါင်းညိတ်လျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “အဲ့လိုဆိုမှတော့…” သူ့လက်ကို မြင့်မြင့်မြှောက်လျက် အောက်သို့ အားမာန်အပြည့်ဖြင့် လွှဲယမ်းချလိုက်လေ၏။ “တိုက်ကြတော့…”
“ဝှစ် ဝှစ် ဝှစ်…”
မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးသည် သိပ်သည်းလှသော မွန်းစတားချီများကို ထုတ်လွှတ်လျက် ကျောက်တုံးဝိဉာဉ်ကလန်သားများဆီသို့ ပြေးဝင်သွားကြလေ၏။ ချက်ချင်းဆိုသလို အကြီးအကဲမှဦးဆောင်လျက် ကျောက်တုံးဝိဉာဉ်ကလန်သားကိုးဦးမှာ မာန်သွင်းအော်ဟစ်၍ ၎င်းတို့၏ ဧရာမလက်သီးကြီးများကို ဝှေ့ယမ်းလိုက်ကြလေသည်။ ထိုလက်သီးချက်များမှာ ကမ္ဘာလောကတစ်ခုလုံးကို ကွဲကြေပျက်စီးသွားစေနိုင်သည့်အလား…
မွန်းစတားဘုရင်များမှာ ထိုကဲ့သို့သော တိုက်ခိုက်မှုများကို မည်သို့များ ထိပ်တိုက်ရင်ဆိုင်ရဲပါမည်နည်း။ အကုန်လုံးသည် လှုပ်ရှားမှုပညာရပ်အသီးသီးကို ထုတ်လွှတ်လျက် ကျောက်တုံးဝိဉာဉ်ကလန်သားများ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းသွားကြလေ၏။
“ဘုန်း… ဘုန်း… ဘုန်း…”
နားပင်းမတတ် ပေါက်ကွဲသံကြီးများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့ကာ တိုက်ကွက်များဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်များကြောင့် ပြိုးပြိုးပြက်ပြက် အလင်းတန်းများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေခဲ့ကြသည်။
“ရှီကျို့ကိုခေါ်သွားပေတော့… ငါတို့ ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ သွေးမျိုးဆက်ကို ဆက်ထိန်းထားရမယ်…” အကြီးအကဲသည် သူ၏တုတ်ကောက်ကို စက်ဝိုင်းပုံစံ ဝှေ့ယမ်းချလိုက်ရင်း ရိုက်ချလျက် အော်ပြောလိုက်လေသည်။ သူ့ဆီသို့ ပြေးဝင်လာနေသော မွန်းစတားဘုရင်မှာမူ ထိုတိုက်ကွက်ကို အလွယ်တကူ ရှောင်တိမ်းသွားခဲ့လေသည်။
အကြီးအကဲ သူ့အားပြောနေမှန်း ရန်ကိုင်သိပေသည်။ သို့သော်ငြား လက်ရှိရန်ကိုင်မှာ မည်သို့များ အလွယ်တကူ ထွက်သွားနိုင်ပါမည်နည်း။ သူတစ်ဦးတည်းသာ ဆိုလျှင်တော့ လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပါသော်ငြား ရှောင်ရှောင်ကိုပါ ခေါ်သွားရမည်ဆိုပါက အရင်ဦးစွာ ရှောင်ရှောင်အား ကမ္ဘာငယ်လေးထဲသို့ ထည့်ရပေလိမ့်မည်။
သို့သော်ငြား လက်ရှိတွင် ရှောင်ရှောင်သည် တိုက်ပွဲပေါ်တွင်သာ အပြည့်အဝ အာရုံရောက်နေခဲ့လေသည်။ ထို့အတွက်ကြောင့် သူ့ဘက်မှသာ လိုလိုလားလားနှင့် မပူးပေါင်းပါက ရန်ကိုင်အနေဖြင့် ရှောင်ရှောင်အား ကမ္ဘာငယ်လေးထဲသို့ ထည့်နိုင်လိမ့်မည်မဟုတ်ချေ။
“လူသား… ဒီဘုရင်က မင်းပြိုင်ဘက်ပဲ…” ရုတ်တရက် ရန်ကိုင်ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ဟုလီသည် ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်ရှေ့၌ ဗြုန်းစားကြီးပေါ်လာလျက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။
“ထွက်သွားစမ်း…” ရန်ကိုင်က သူ့လက်ဝါးဖြင့် တန်ပြန်ရိုက်ချလိုက်လေသည်။
“မင်းက တော်တော်သတ္တိရှိတာပဲကွ…” ဟုလီ ရယ်သွမ်းသွေးလိုက်လေသည်။ ဤလူသားသည် အတော်လေးကိုမှ စိတ်ဝင်စားစရာကောင်းလှသည်။ သူတို့နှစ်ဦးသားကြားရှိ ကျင့်ကြံခြင်းကွာဟချက် ရှိနေသည့်တိုင် လူသားမှာမူ သူ့တိုက်ကွက်အား ပြန်လည်ထိပ်တိုက် တိုက်ခိုက်ရဲသည်။
သို့သော်ငြား မကြာမီ ဟုလီမျက်နှာထက်ရှိအပြုံး ပျောက်ကွယ်သွားခဲ့ရလေသည်။ အကြောင်းမှာ လက်ဝါးချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက်တွင် တစ်ဖက်လူ၏ခွန်အားမှာ သူ့အောက်နိမ့်ကျခြင်းမရှိသည်ကို သတိပြုမိလိုက်သည့်အတွက်ကြောင့်ပင်။ တကယ့်တကယ်ဆိုလျှင် ရန်ကိုင်၏လက်ဝါးချက်မှစွမ်းအားသည် ဆူနာမီလှိုင်းလုံးတစ်ခုနှယ် တိုးဝင်လာနေသည့် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသလားဟုပင် ဟုလီထင်သွားရသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ ရန်ကိုင်၏လက်ဝါးချက်ထဲ၌ နက်နဲဆန်းကြယ်လှသော လေဟာနယ်စွမ်းအားအရိပ်အယောင်တို့လည်း ရှိနေသေးရာ ထိုစွမ်းအားများမှာ သူ့လက်ဝါးအား ကွဲထွက်သွားအောင် လုပ်နေခဲ့လေသည်။
ဟုလီမှာ အထိတ်ထိတ် အလန့်လန့်ဖြင့် သူ့လက်ကို အလျင်စလို ပြန်ဆွဲယူလိုက်ကာ ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲရှိ အထင်အမြင်သေးသည့် အရိပ်အယောင်တို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး လေးနက်တည်ကြည်သည့်အကြည့်က အစားထိုးဝင်ရောက်လာခဲ့လေသည်။
“အေးခဲလိုက်စမ်း…” ရန်ကိုင်သည် အနီးအနားတစ်ဝိုက်တွင် ရှိနေသော လေဟာနယ်နိယာမစွမ်းအားများကို ရုတ်တရက် ထိန်းချုပ်လိုက်လေသည်။ ချက်ချင်းဆိုသလို ဟုလီ၏ အနီးပတ်လည်တွင် ရှိနေသော ဟင်းလင်းပြင်မှာ စေးထန်းမာကြောလာခဲ့လေ၏။ ထို့အတွက်ကြောင့် ဟုလီကိုယ်တိုင်သည် နွံအိုင်တစ်ခုထဲသို့ ကျသွားသလို ခံစားလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်အား လှုပ်ရှားရန် ခက်ခဲလာရုံသာလျှင်မဟုတ် သူ့ခွန်အားကိုပင်လျှင် ချောချောမွေ့မွေ့ဖြင့် မလှည့်ပတ်နိုင်တော့ပေ။
ရန်ကိုင်သည် သူ့လက်အား ဝှေ့ယမ်းချလျက် ဧရာမ လဓါးသွားတစ်စင်းကို ဟုလီဆီသို့ ပစ်လွှတ်လိုက်လေ၏။
တိုးဝင်လာနေသည့် လဓါးသွားဆီမှ အဖျက်စွမ်းအားကို ခံစားမိလိုက်သော် ဟုလီ၏ နဖူးထက် ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးချွေးပေါက်တို့ ဝေ့သီလာခဲ့ပြီး ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြရလေသည်။ သူ့ခွန်အားကို အရူးအမူးလှည့်ပတ်လျက် အသည်းအသန်ရုန်းကန်ရင်း ကြိုးစားလိုက်ပါသော်ငြား မည်သို့မှ လှုပ်ရှား၍မရကြောင်း တွေ့ရှိလိုက်ရသည်။ လေဟာနယ်နိယာမစွမ်းအား၏ မမြင်နိုင်သော ချုပ်နှောင်မှုအောက်တွင် ဟုလီမှာ တစ်ချက်ကလေးမျှပင် မလှုပ်ရှားနိုင်တော့ချေ။
ရွေးစရာမရှိတော့သည့်အဆုံး၌ ဟုလီလည်း နောက်ဆုံးနည်းလမ်းကို ထုတ်သုံးလိုက်ရတော့လေ၏။ ငုံးဥအရွယ်အစားမျှရှိသော အဖြူရောင်ဘောလုံးတစ်လုံးကို ထွေးထုတ်လိုက်လေသည်။ ထူးဆန်းသောသင်းရနံ့တစ်ခုသည် ထိုအဖြူရောင်ဘောလုံးဆီမှ ဖြာထွက်နေခဲ့လေ၏။
ထိုအရာသည် ဟုလီ၏ မွန်းစတားအမြုတေသာ ဖြစ်လေသည်။
ယခုကဲ့သို့သော သေရေးရှင်ရေးအခြေအနေမျိုး၌ ဟုလီလည်း မတတ်သာတော့ဘဲ ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရတော့သည်။ ရုတ်တရက်ဆိုသလို တဝီဝီမြည်အောင် လည်ပတ်နေသော မွန်းစတားအမြုတေရှေ့တည့်တည့်တွင် ထူထဲလှသည့် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
“ဘုန်း…”
အနက်ရောင်လဓါးသွားကြီးမှာ အကာအကွယ်အား သွားရောက်ထိမှန်လျက် အကာအကွယ်ကို တဖြည်းဖြည်းချင်း ဖြတ်တောက်တော့လေသည်။ အလွန်ကိုမှ ဖြတ်ရခက်လှသော ပိတ်စတစ်ခုကို ကတ်ကြေးဖြင့် ဖြတ်နေသည့်အလား လဓါးသွားသည် အကာအကွယ်အား တတိတိနှင့် ထိုးဖောက်နေခဲ့သည်။
တစ်ချိန်တည်းတွင် ဟုလီအနီးပတ်လည်၌ ရှိနေသော လေဟာနယ်စွမ်းအား၏ ချုပ်နှောင်မှုများမှာလည်း ပျောက်ကွယ်သွားကုန်ကြလေသည်။ လေဟာနယ်စွမ်းအား၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီးသည့်နောက် ဟုလီသည် သူ၏ မွန်းစတားအမြုတေကို ပြန်ဆွဲယူလျက် မီတာပေါင်းများစွာအကွာသို့ အလျင်စလို ဆုတ်သွားလိုက်လေ၏။ ယခုမှသာလျှင် သူ့ခမျာ အသက်ကောင်းကောင်း ရှူနိုင်တော့သည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ အကြောက်မပြေသေးချေ။
တစ်ဖက်လူသားကို အထင်သေးမိလိုက်သည့်အတွက်ကြောင့် မရဏကမ္ဘာသို့ ရောက်ခါနီး ဖြစ်သွားခဲ့ရသည်။ ထိုသို့သောအခိုက်အတန့်၌ ပြတ်သားသည့်ဆုံးဖြတ်ချက်ကို ချခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက သူ့ခန္ဓာကိုယ် နှစ်ပိုင်းကွဲထွက်သွားလောက်ပေပြီ။
(ဒီလူသား ဘယ်ကနေ ရောက်လာတာလဲ…)
“ဟမ်…” တိုက်ပွဲထဲသို့ ဝင်မပါဘဲ အခြေအနေကိုသာ စောင့်ကြည့်နေသော ဘုရင်ချုပ်ရှစ်ပါးအနက် တစ်ပါးသည် ဟုလီ၏အခြေအနေကို မြင်လိုက်သော် အံ့ဩတကြီးအမူအယာဖြင့် ရန်ကိုင်ဆီသို့ လှည့်ကြည့်လာလေသည်။
သို့သော်ငြား မွန်းစတားဘုရင်ဟုလီ၏ တိုက်ပွဲစွမ်းရည်မှာ ထင်သလောက်မြင့်မားခြင်းမရှိဘဲ ဟုလီသည် အကြံအစည်များကိုသုံးလျက် သူ၏ မွန်းစတားဘုရင်ရာထူးအား ရယူထားခြင်းမှန်းလည်း ဘုရင်ချုပ်သိနေခဲ့သည်။ ထို့အတွက်ကြောင့် အရမ်းကြီး အံ့အားသင့်နေခဲ့ခြင်း မရှိဘဲ အေးစက်စက်အမူအယာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လျက် ရန်ကိုင်ဆီသို့ ပြေးဝင်သွားခဲ့လေသည်။
ချက်ချင်းဆိုသလို မွန်းစတားဘုရင်ချုပ်သည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်ရှေ့၌ ပြန်ပေါ်လာခဲ့လေသည်။ မွန်းစတားဘုရင်ချုပ်သည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ငုံ့ကြည့်ရင်းမှ တစ်ဖက်လူ၏လည်ပင်းကို လှမ်းဆွဲကိုင်လိုက်လေ၏။ ထို့နောက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ဘာမဟုတ်တဲ့ ဧကရာဇ်ပထမအဆင့်လေးကများ ရှေးဟောင်းကုန်းမြေထဲမှာ လာပြီးသောင်းကျန်းရဲတယ်… ကြည့်ရတာ ရှေးဟောင်းကုန်းမြေ ဘယ်လောက် အန္တရာယ်များလဲဆိုတာကို မင်းအကြီးအကဲတွေ တစ်ခါမှ မပြောပြခဲ့ဖူးနဲ့တူတယ်… ဒီနေရာက မင်းတို့လူသားတွေ လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ ရတဲ့ နေရာတစ်ခုမဟုတ်ဘူးကွ…”
ရန်ကိုင်သည် အလေးအနက် အမူအယာဖြင့် လက်ကွက်များကို အလျင်စလို ဖန်တီးလိုက်လေသည်။ ဆန်းကြယ်သော အရှိန်အဝါတစ်ရပ်သည် ရန်ကိုင်အား ဗဟိုပြု၍ ဘေးပတ်ပတ်လည်အနှံ့ ပြန့်နှံ့သွားခဲ့သည်။ ထိုအရှိန်အဝါနှင့်အတူ အချိန်သည်လည်း ရပ်တန့်သွားသယောင် ထင်မှတ်ရလေသည်။
မွန်းစတားဘုရင်ချုပ်၏ အတွေးများနှင့်တကွ လှုပ်ရှားမှုများမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့ရချိန် ရန်ကိုင်သည် သူ့လက်အား ရှေ့သို့ ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်သည်။
“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”
တိုးလျလျ ရေရွတ်သံတစ်သံကို ဘုရင်ချုပ် ကြားလိုက်ရသည်။ ဘုရင်ချုပ်မှာ အာစေးမိသွားသည့်အလား တစ်ချက်မျှပင် မလှုပ်နိုင်တော့ဘဲ ထူးဆန်းသည့်စည်းတံဆိပ် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေရလေ၏။
အချိန်စည်းပျောက်ကွယ်သွားပြီးသည့်နောက်မှသာ ဘုရင်ချုပ်သည်လည်း မိန်းမောနေရာမှ အသိပြန်ဝင်လာတော့လေသည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ်သည် သူ့လက်မောင်းတစ်ခုလုံးအား တိုက်စားပစ်နေသည်ကို ခံစားမိလိုက်သော် ဘုရင်ချုပ်၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး မာန်သွင်းအော်ဟစ်ရင်း အလျင်စလို နောက်သို့ပြန်ဆုတ်လျက် မွန်းစတားချီကို အရူးအမူးလှည့်ပတ်ကာ သူ့လက်မောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသော စွမ်းအားကို အလျင်စလို တားလေသည်။ ထို့နောက် သူ့လက်မောင်းအား ငုံ့ကြည့်လိုက်ရာ ဘုရင်ချုပ်၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။
သူ့လက်မောင်းတစ်ခုလုံးသည် နှစ်ပေါင်း ထောင်ပေါင်းများစွာဟူသော အချိန်ကာလ၏ တိုက်စားမှုဒဏ်ကို ခံထားရသည့်အလား ယခင်ကကဲ့သို့ အသွေးအသားများဖြင့် ပြည့်တင်းနေခြင်း မရှိတော့ဘဲ ညှိုးလျော်ခြောက်သွေ့နေခဲ့လေသည်။ သူ့လက်မောင်းထဲရှိ အရိုးများသည်ပင်လျှင် ဆွေးမွေ့အားနည်းလာသည့်အလား တကျွီကျွီ မြည်လာနေခဲ့သည်။
“ဘယ်လိုစွမ်းရည်ကြီးလဲ…” ဘုရင်ချုပ်မှာ အထိတ်ထိတ်အလန့်လန့်ဖြင့် မွန်းစတားချီကို အသည်းအသန်လှည့်ပတ်လျက် ထိုစွမ်းအင်အသစ်အဆန်းအား သူ့ခန္ဓာကိုယ်ထဲမှ ဖယ်ထုတ်ရန် ကြိုးစားလေသည်။
သို့သော်ငြား ရန်ကိုင်ကမူ ဘုရင်ချုပ်အား မည်သို့များ ထိုကဲ့သို့လုပ်ခွင့် ပေးနိုင်ပါမည်နည်း။ ရှေးဟောင်းကုန်းမြေထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များမှာ သူတို့အား သတ်ဖြတ်ရန် ကြိုးစားနေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အနည်းငယ်မျှပင် ညှာတာနေ၍ မရတော့ချေ။ သူ့ဘက်မှသာ မွန်းစတားမျိုးနွယ်စုဝင်အချို့အား သတ်ပစ်ပေးလိုက်မည်ဆိုပါက ကျောက်တုံးဝိဉာဉ်ကလန်သားများ ရင်ဆိုင်နေရသည့်ဖိအား အနည်းငယ် လျော့ကျသွားရပေလိမ့်မည်။
ရန်ကိုင်သည် အနန္တဓါးကို ထုတ်လျက် ဧကရာဇ်ချီကို အနန္တဓါးထဲသို့ ထည့်သွင်းကာ ဘုရင်ချုပ်တည့်တည့်သို့ ခုတ်ချလိုက်လေသည်။
ဤဓါးချက်သာ ထိမှန်သွားမည်ဆိုပါက ဘုရင်ချုပ် ကျိန်းသေ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားရပေလိမ့်မည်။ မသေလျှင်ပင် တိုက်ပွဲစွမ်းအားကိုတော့ ယာယီဆုံးရှုံးသွားရပေလိမ့်မည်။
တကယ့်တကယ်တွင်တော့ ဘုရင်ချုပ်၏ခွန်အားကြောင့်လည်း ရန်ကိုင်မှာ အံ့အားသင့်နေခဲ့ရသည်။ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်အား ထုတ်သုံးလိုက်ပြီဆိုသည်နှင့် မည်သည့်ရန်သူမှ သူ့လက်မှ လွတ်မြောက်လေ့မရှိချေ။ သို့သော်ငြား ဘုရင်ချုပ်သည် အချိန်စွမ်းအား၏ သက်ရောက်မှုအောက်မှ အချိန်မီ ရုန်းထွက်သွားနိုင်ခဲ့ကာ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့်သည်ပင်လျှင် သူ့လက်မောင်းတစ်ဖက်သည်သာ အချိန်စွမ်းအား၏ တိုက်စားခြင်း ခံခဲ့ရခြင်း ဖြစ်လေသည်။
အဆင့်ဆယ့်နှစ်အထွဋ်အထိပ်သို့ ရောက်နေသော ပညာရှင်တစ်ဦး ဆိုသည့်အတိုင်းပင်။ ဘုရင်ချုပ်သည်သာ အလစ်အငိုက် မိမသွားခဲ့ပါက အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် ဘုရင်ချုပ်အား ထိပင်ထိနိုင်လိမ့်မည်မဟုတ်ဟု ရန်ကိုင်ထင်မိပေသည်။
အရောင်တလက်လက်တောက်ပနေသော ဓါးချီလှိုင်းတစ်လှိုင်းသည် အလွန်တရာကိုမှသိပ်သည်းလှသော သတ်ဖြတ်လိုစိတ်အား သယ်ဆောင်လျက် ဒီရေလှိုင်းလုံးပမာ ဘုရင်ချုပ်ဆီသို့ တိုးဝင်လာလေ၏။
“လူသား… မင်းလုပ်ရဲလား…” တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်က အော်ဟစ်လိုက်သည်။ သူ မည်သို့ လှုပ်ရှားလို့ လှုပ်ရှားလိုက်မှန်း ရန်ကိုင်မသိ။ သို့ရာတွင် တုတ်ခိုင်ထွားကျိုင်းသည့်ဘုရင်ချုပ်သည် သူနှင့် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် ထိမှန်ခြင်းခံလိုက်ရသည့် ဘုရင်ချုပ်ကြား၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ထို့နောက် ရန်ကိုင်၏ ဓါးချက်တည့်တည့်ဆီသို့ သူ့လက်သီးဖြင့် ထိုးချလိုက်လေသည်။
ပထမဦးစွာအနေဖြင့် မွန်းစတားဘုရင်ဖြစ်သော ဟုလီသည် ရန်ကိုင်ကြောင့် နောက်ဆုတ်သွားခဲ့ရသည်။ ယခုဆိုလျှင်လည်း ဘုရင်ချုပ်တစ်ပါးမှာ ရန်ကိုင်၏တိုက်ကွက်တစ်ကွက်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ရသည်။ ဤဘုရင်ချုပ်သည်သာ ရန်ကိုင်ဓါးချက်အောက်၌ အသက်ဆုံးရှုံးသွားခဲ့ရပါက ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသော မွန်းစတားမျိုးနွယ်စုဝင်များအတွက် မျက်နှာပျက်စရာ ဖြစ်ပေတော့မည်။
အဆုံးတွင် ရန်ကိုင်အား သတ်ပစ်လိုက်နိုင်မည်ဆိုလျှင်ပင် သူတို့ရခဲ့ရသည့် အရှက်တရားကို မည်သည့်နည်းနှင့်မျှ ပြန်လည်အဖတ်ဆယ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ရှိတိုင်း သောင်းကျန်းနေသည်ကို တုတ်ခိုင်ထွားကျိုင်းသည့်ဘုရင်ချုပ်အနေဖြင့် မည်ကဲ့သို့များ ခွင့်ပြုနိုင်ပါမည်နည်း။