အခန်း (၂၅၉၀-၂၅၉၂)
Vol. 109 Ch. 2590-2592
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၉၀) သခင်ရှိပြီးသော ခေါင်းလောင်း
ဘာသာပြန်သူ_တိမ်တိုက်
လက်သီးချက် ရောက်မလာသေးခင်မှာပင် ရန်ကိုင်၏ဓါးချက် တစ်စစီ ပျက်စီးသွားခဲ့ရသည်။ ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် လက်သီးချက်မှ ထွက်ပေါ်လာသော လေပြင်းများကြောင့် ဟန်ချက်ပျက်သွားခဲ့ရလေသည်။
“သွေးနားထင်ရောက်နေတဲ့ကောင်…” ဘုရင်ချုပ်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် အားမာန်အပြည့်ဖြင့် ထိုးချလိုက်သည်။ ထိုလက်သီးချက်မှာ အလွန်တရာကိုမှ ရိုးရှင်းလှပါသော်ငြား ထိုလက်သီးချက်ထဲ အကြွင်းမဲ့စွမ်းအားတို့ ကိန်းအောင်းပါဝင်နေခဲ့လေသည်။
ကျောက်တုံးဝိဉာဉ်ကလန်သားများကိုမူ ရှေးဟောင်းကုန်းမြေ၏ ဒေသခံချင်းအတူတူဖြစ်သလို နတ်အရှင်များမှလည်း ကျောက်တုံးဝိဉာဉ်ကလန်သားများကို သူတို့လက်အောက်သို့ သွတ်သွင်းလိုနေသည့် အတွက်ကြောင့် ဘုရင်ချုပ်မှာ ကျောက်တုံးဝိဉာဉ်ကလန်သားများနှင့် သူသေကိုယ်သေ မတိုက်ခိုက်လိုပေ။ သို့သော်ငြား လူသားတစ်ယောက်သာဖြစ်သော ရန်ကိုင်အား သတ်ပစ်ရန်ကိုမူ သူ့အနေဖြင့် ဝန်လေးနေလိမ့်မည် မဟုတ်ပေ။
လက်သီးချက်မှာ မရောက်သေးပါသော်ငြား ရန်ကိုင်မှာမူ တောင်တစ်လုံး သူ့အပေါ်သို့ ပြိုဆင်းလာသည့်ပမာ ကြီးစွာသော ဖိအားကို ခံစားနေရလေသည်။
(ငါမတားနိုင်ဘူး…) တစ်ဖက်လူနှင့် သူ့ကြားရှိ ကျင့်ကြံခြင်းကွာဟချက်ကို ရန်ကိုင်ချက်ချင်းနားလည်သွားခဲ့သည်။
ရန်ကိုင်အနေဖြင့် ဘုရင်ချုပ်အဆင့်ရှိ ပညာရှင်တစ်ဦးအား ဒဏ်ရာရသွားအောင် လုပ်နိုင်ရခြင်းမှာ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ စွမ်းအားကြောင့်ဖြစ်သလို တစ်ဖက်လူကလည်း သူ့အပေါ် အထင်သေးနေကာ သတိချပ်ထားခြင်းမရှိသည့်အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိဘုရင်ချုပ်၏ လက်သီးချက်ကိုတော့ ရန်ကိုင်အနေဖြင့် မည်သို့မှ မတားနိုင်ချေ။ သူ့တွင် နောက်ထပ်အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်အား ဖန်တီးရန်အတွက်လည်း အချိန်ရှိမနေခဲ့။
“လာစမ်း…” ရန်ကိုင်သည် အလျင်စလို နောက်သို့ဆုတ်နေရင်းမှ အော်ဟစ်လိုက်လေသည်။
ချက်ချင်းဆိုသလို ဧရာမကျောက်ဘီလူးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ဤကျောက်ဘီလူးကြီးမှာ ကျောက်တုံးဝိဉာဉ်ကလန်သားများနှင့် ဆင်တူပါသော်ငြား ၎င်း၏မျက်လုံးများမှာ မြင့်မားသည့်အသိဉာဏ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ဦး၏အကြည့်နှယ် ဥာဏ်ရောင်ဥာဏ်လက်ဖြင့် လင်းလက်နေ၏။
ကျောက်တုံးကိုယ်ပွားပင်ဖြစ်လေသည်။
အပြင်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျောက်တုံးကိုယ်ပွားသည် ၎င်း၏လက်သီးအား ရှေ့တည့်တည့်သို့ ထိုးချလိုက်လေသည်။
ဘုရင်ချုပ်၏လက်သီးချက် ရန်ကိုင်ဆီသို့ မရောက်သေးခင်တွင် ကျောက်တုံးဝိဉာဉ်တစ်ကောင်သည် သူနှင့်ရန်ကိုင်ကြား၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် ဘုရင်ချုပ် အထိတ်ထိတ် အပျာပျာ ဖြစ်သွားခဲ့ရကာ သူများ အထင်မှားနေသလားဟုပင် ထင်သွားခဲ့လေသည်။
သို့သော်ငြား ကျောက်တုံးဝိဉာဉ်၏လက်သီးချက် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်မှန်း ဘုရင်ချုပ် နားလည်သွားခဲ့သည်။
ယခုမှ ပြန်ဆုတ်ရန် နောက်ကျနေပြီဖြစ်သည့်အတွက်ကြောင့် အံကိုတင်းတင်းကြိတ်၍ ကျောက်တုံးကိုယ်ပွား၏လက်သီးချက်ကို သူ့လက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်ခဲ့လေသည်။
“ဘုန်း…”
မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးကိုယ်ပွားမှာ နောက်သို့ နှစ်လှမ်းမျှ ဆုတ်သွားခဲ့ရပါသော်ငြား ဘုရင်ချုပ်မှာမူ နာကျင်စွာငြီးတွားရင်း အရိုးသွင်သွင်ကျိုးကာ ကြိုးပြတ်သွားသည့်စွန်တစ်စင်းနှယ် နောက်သို့ လွင့်စင်ထွက်သွားခဲ့ရလေသည်။
တိုက်ပွဲအား အဝေးမှလှမ်း၍ ကြည့်နေသည့် ဘုရင်ချုပ်ခြောက်ဦး မှင်တက်သွားကုန်ကြရလေ၏။
အကုန်လုံးမှာ အာစေးမိနေကြသည့်အလား မလှုပ်မလှက် ရပ်နေကြလေသည်။ လက်ရှိအဖြစ်အပျက်အပေါ် သူတို့အားလုံး အမီမလိုက်နိုင်အောင်ကို ဖြစ်နေကြလေသည်။
အပေါ်ယံအားဖြင့် အားအနည်းဆုံးဟု ထင်မှတ်ရသော လူသားသည် မွန်းစတားဘုရင်တစ်ပါးကို နောက်သို့ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့ရုံမက ဘုရင်ချုပ်နှစ်ပါးကိုလည်း ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့ပေသည်။ တုတ်ခိုင်ထွားကျိုင်းသော ဘုရင်ချုပ်ကို ဒဏ်ရာရအောင် သူကိုယ်တိုင်လုပ်ခဲ့ခြင်း မဟုတ်ပါသော်ငြား တိုက်ပွဲရလဒ်မှာတော့ အလွန်တရာကိုမှ ထိတ်လန့်အံ့ဩစရာကောင်းနေဆဲ။
ထိုကျောက်တုံးဝိဉာဉ် မည်သည့်နေရာမှ ရုတ်တရက်ကြီး ပေါ်လာသလဲဆိုသည်ကို မွန်းစတားမျိုးနွယ်စုဝင်များမှာ နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
(ကျောက်တုံးဝိဉာဉ်ကလန်သားတွေက ဆယ်ဦးပဲ ရှိနိုင်တာမဟုတ်ဘူးလား… ဆယ်ဦးထက်ပိုလာရင် ပိုလာတဲ့လူတွေအကုန် သေကြတယ်ဆို… ဘယ်လိုလုပ်ပြီး ဒီမှာ နောက်ထပ် ကျောက်တုံးဝိဉာဉ်တစ်ကောင် ထပ်ရှိနေရသေးတာလဲ…)
(ဒါ မကောင်းတော့ဘူး… ကျောက်တုံးဝိဉာဉ်ကလန်မှာသာ အဖွဲ့သားဆယ်ယောက်မက ရှိနေမယ်ဆိုလို့ရှိရင် ဘယ်သူတွေက သူတို့ကို ယှဉ်တိုက်ခိုက်နိုင်တော့မှာလဲ… ဒီကောင်တွေက တိုက်ခိုက်ဖို့ပဲသိတဲ့ အရူးကောင်တွေ… အကုန်လုံးက အရွယ်ရောက်ပြီးလို့ရှိရင် အရမ်းကြောက်ဖို့ကောင်းကြတာ…)
“သူတို့ကို မြန်မြန်သွားကူညီလိုက်…” ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားဘေးတွင် ရုတ်တရက်ပေါ်လာပြီး ကျောက်တုံးဝိဉာဉ်ကလန်သားများ ရှိနေသည့် ဘက်ဆီသို့ လှမ်းကြည့်ရင်းမှ တိုးတိုးလေးပြောလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း တစ်စုံတစ်ခုအား ဆင့်ခေါ်နေသည့်အလား သူ့လက်အား တစ်နေရာဆီသို့ ဆန့်ထုတ်လိုက်လေ၏။
လက်ရှိအချိန်တွင် ကျောက်တုံးဝိဉာဉ်ကလန်သားများအတွက် အခြေအနေကောင်းမနေခဲ့ပေ။ ကျောက်တုံးဝိဉာဉ်ကလန်သားများသည် တိုက်ခိုက်ဖို့ရာ မွေးလာကြသူများ ဖြစ်ကြလျှင်ပင် မကုန်ခမ်းနိုင်သော သက်လုံကို ပိုင်ဆိုင်ထားသလို အဆုံးမဲ့ခွန်အားများကိုလည်း ပိုင်ဆိုင်နေကြသည့်တိုင် သူတို့၏ခန္ဓာကိုယ်များမှာလည်း အလွန်တရာကိုမှ မာကျောကြံ့ခိုင်နေမည်ဆိုလျှင် သူတို့နှင့်ခွန်အားတူညီသော မွန်းစတားဘုရင် အယောက်လေးဆယ်ကို မည်သည့်နည်းနှင့်မှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။
ကျောက်တုံးဝိဉာဉ်တစ်ဦးချင်းစီမှာ အရူးတစ်ပိုင်းဖြစ်နေကြသည့်အလား မဲမဲမြင်ရာ လိုက်ထိုးနေခဲ့လေသည်။ သို့ရာတွင် မွန်းစတားဘုရင်များမှာ ပါးပါးနပ်နပ်ဖြင့် ကျောက်တုံးဝိဉာဉ်ကလန်သားများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့ကြသည်။ ထို့နောက်တွင် ဘက်ပေါင်းစုံမှနေ၍ ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ကျောက်တုံးဝိဉာဉ်ကလန်သားများမှာ လုံးဝကို အောက်စည်းသို့ ရောက်နေရတော့လေ၏။
လက်ရှိအချိန်၌ ကျောက်တုံးဝိဉာဉ်ကလန်သားတိုင်းသည် အနည်းဆုံး မွန်းစတားဘုရင်သုံးပါးအား ရင်ဆိုင်တိုက်ခိုက်နေခဲ့ရလေသည်။ ထို့အပြင် မွန်းစတားဘုရင်များမှာ အလွန်ကိုမှ ဉာဏ်နီဉာဏ်နက်များလှသည်။ ကျောက်တုံးဝိဉာဉ်ကလန်သားများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြု။ ထို့အစား မွန်းစတားဘုရင်တစ်ပါးသည် ကျောက်တုံးဝိဉာဉ်အား မျှားခေါ်ထားစဉ် ကျန်မွန်းစတားဘုရင်နှစ်ဦးသည် လေပေါ်မှဝဲလျက် အခွင့်အရေးကိုရှာကာ အလျင်းသင့်သလို တိုက်ခိုက်ကြလေသည်။
လတ်တလောအခြေအနေအရ ကျောက်တုံးဝိဉာဉ်ကလန်သားများမှာ ၎င်းတို့၏အသက်အား စိတ်ပူစရာ မလိုပါသေးသော်ငြား ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက အနှေးနှင့်အမြန်ဆိုသလို သူတို့အားလုံး ဖိနှိပ်ခံလိုက်ရပေလိမ့်မည်။
အကြီးအကဲသည်လည်း ထိုအချက်ကို သတိထားမိသည့်အတွက်ကြောင့် လှမ်း၍အော်ပြောလိုက်လေ၏။ “မူန… ငါ့ကို ကူညီပေးဦး…”
အကြီးအကဲမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရောင်စုံအလင်းတန်းများသည် သူ့ကျောဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ ထိုအလင်းတန်းများသည် တဖြည်းဖြည်းနှင့် စုဝေးသွားကာ တောက်ပသည့် အတောင်တစ်စုံအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
ယခုမှသာလျှင် သစ်သားဝိဉာဉ်များသည် တိုက်ပွဲအတွင်း၌ ကျောက်တုံးဝိဉာဉ်ကလန်သားများအား မည်ကဲ့သို့ အကူအညီပေးနိုင်သလဲဆိုသည်ကို ရန်ကိုင်နားလည်သွားရတော့လေသည်။ သစ်သားဝိဉာဉ်ကလန်သားများသည် အတောင်ပံသဖွယ် ပေါင်းစည်းလျက် ကျောက်တုံးဝိဉာဉ်ကလန်သားများကို အကူအညီပေးရခြင်း ဖြစ်လေသည်။
(ကျောက်တုံးဝိဉာဉ်တွေကို ခေါ်လိုက်တုန်းက သစ်သားဝိဉာဉ်တွေကို မတွေ့တာ အထူးအဆန်းမဟုတ်တော့ပါဘူး…သူတို့တွေက ကျောက်တုံးဝိဉာဉ်ကလန်သားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေကြတာကိုး…)
ကျောက်တုံးဝိဉာဉ်ကလန်သားများ၏ အကြီးမားဆုံးသော အားနည်းချက်သည် မပျံနိုင်ခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား သစ်သားဝိဉာဉ်ကလန်သားများသည် ကျောက်တုံးဝိဉာဉ်ကလန်သားများအား ပျံနိုင်သည့်စွမ်းရည်ကို ထုတ်ပေးနိုင်လေ၏။
“ဝှစ် ဝှစ် ဝှစ်…”
ကျောက်တုံးဝိဉာဉ်တစ်ဦးချင်းစီ၏ကျောထက်တွင် တောင်ပံတစ်စုံစီ ထွက်ပေါ်လာကြသည်။ တောင်ပံများ ထွက်ပေါ်လာပြီးသည့်နောက် ကျောက်တုံးဝိဉာဉ်များ၏ လှုပ်ရှားမှုများမှာ လျင်မြန်ချောမွေ့ကာ သွက်လက်လာကြလေ၏။ ထိုအချင်းအရာကိုမြင်သည့်အခါ မွန်းစတားဘုရင်များ၏အမူအယာများ သုန်မှုန်သွားခဲ့ကြပြီး အကုန်လုံး လေပေါ်သို့ ပျံတက်လိုက်ကြလေသည်။ ထို့နောက် ကျောက်တုံးဝိဉာဉ်ကလန်သားများကို အဖက်ဖက်မှ ဝိုင်းလိုက်ကြလေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ဘုရင်ချုပ်များလည်း တိုက်ပွဲအား ရပ်ကြည့်မနေနိုင်တော့ဘဲ ဝင်ပါလာရတော့လေသည်။
“မင်း ဘာလုပ်မှာလဲ…” ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားဘက်သို့လှည့်၍ မေးလိုက်လေသည်။ တိုက်ပွဲဖြစ်နေရာနေရာသည် ကောင်းကင်ပြင်ဆီသို့ ပြောင်းလဲသွားသည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားမှာ မည်သည့်အကူအညီမှ မပေးနိုင်တော့ချေ။
ကျောက်တုံးကိုယ်ပွားကမူ ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “ငါ့မှာလည်း သစ်သားဝိဉာဉ်ရဲ့အကူအညီ ရှိပြီးသားကွ…”
“ဝှစ် ဝှစ်…”
ရုတ်ချည်းဆိုသလို ကျောက်တုံးကိုယ်ပွား၏ ကျောထက်ဆီမှ တောင်ပံတစ်စုံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ကျောက်တုံးကိုယ်ပွားသည် လေပေါ်သို့ ပျံတက်သွားခဲ့လေ၏။
ကျောက်တုံးကိုယ်ပွားသည်လည်း သစ်သားဝိဉာဉ်များနှင့် သဘောတူညီချက် လုပ်ထားရမည်မှန်း သိလိုက်သော် ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ထိုအခါမှသာ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး အနန္တဓါးကိုဝှေ့ယမ်းလျက် အော်ပြောလိုက်လေ၏။ “သတ်…”
သွေးတံခါးဆီမှ မိုင်ထောင်ပေါင်းများစွာအကွာခန့် တစ်နေရာ၌ လူလေးဦးသည် လေအလျင်အလား ပျံသန်းလာနေခဲ့ကြလေသည်။ လက်ရှိအမြန်နှုန်းအရ ထိုလေးဦးအဖို့ တိုက်ပွဲဖြစ်နေရာဆီသို့ ရောက်ရန် သိပ်ကြာလိမ့်မည်မဟုတ်။
လေးဦးစလုံးသည် ကြောက်မက်ဖွယ်ရာအရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။ ထိုလေးဦးမှာ ရှေးဟောင်းကုန်းမြေ၏ နတ်အရှင်လေးပါးမှလွဲ၍ အခြားမဟုတ်ကြချေ။
ရှဲ့ဝူဝေ၏ဦးဆောင်မှုဖြင့် တောင်ဆီသို့ လာရောက်စစ်ဆေးကြည့်လိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်းအား တွေ့ခဲ့ရသည်။ သို့ရာတွင် ကံမကောင်းစွာဖြင့် သူတို့ မည်သို့ပင် ကြိုးစားစေကာမူ တောင်နဲ့မြစ်ခေါင်းလောင်းအား ရွေ့အောင် မလုပ်နိုင်ခဲ့ပေ။ တောင်နဲ့မြစ်ခေါင်းလောင်းသည် တောင်ကြားထဲတွင် ကျောက်စိုင်ကျောက်သားတစ်ခုနှယ် မလှုပ်မယှက် တည်ရှိနေခဲ့လေသည်။ ထိုတောင်နဲ့မြစ်ခေါင်းလောင်း ဤနေရာတွင် မည်ကဲ့သို့ ဗြုန်းစားကြီးပေါ်လာသလဲဆိုသည်ကို မည်သူမျှ မသိကြချေ။
နတ်အရှင်လေးပါးမှာ ကောင်းကင်နှင့် မြေပြင်ကိုပင်လျှင် ဖိနှိပ်ပစ်နိုင်သော တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားကို အထင်မသေးဝံ့။
နတ်အရှင်လေးပါးစလုံး ကူကယ်ရာမဲ့နေစဉ်မှာပင် သွေးတံခါးဆီမှ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို အာရုံခံမိသွားကြသည်။
မိုင်သုံးထောင်ဟူသောအကွာအဝေးမှာ မနီးလှပါသော်ငြား ဝေးလည်းမဝေးလှချေ။ နတ်အရှင်လေးပါး၏ အာရုံခံနိုင်စွမ်းမှာ အလွန်တရာကိုမှ ထက်ရှလှသလို သွေးတံခါးရှိ တိုက်ပွဲမှာလည်း အလွန်ကိုမှ ပြင်းထန်လွန်းသည့် အတွက်ကြောင့် သူတို့၏အာရုံခံစက်ကွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ချက်ချင်းဆိုသလို ထောင်ချောက်တစ်ခုထဲသို့ မျှားခေါ်ခံလိုက်ရပြီမှန်း နတ်အရှင်လေးပါးစလုံး သိသွားကြသည်။
ထို့အတွက်ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ သွေးတံခါးဆီသို့ အမြန် ပြန်ပြေးလာကြလေ၏။ တကယ်တော့ တောင်နဲ့မြစ်ခေါင်းလောင်းသည် အရေးပါသော်ငြား တောင်ကြားဆီမှ မရွေ့နိုင်ပေ။ ထို့ကြောင့် သူတို့ကြိုက်သည့်အချိန် ပြန်လာ၍ တောင်နဲ့မြစ်ခေါင်းလောင်းအား ရယူရန် ကြိုးစားနိုင်၏။ သို့ရာတွင် သွေးတံခါးနှင့်ပတ်သက်၍ အနည်းငယ်လေးမျှပင် အမှားလုပ်၍ မဖြစ်ပေ။
သွေးတံခါးဆီသို့ ပြန်မလာရသေးခင်မှာပင် သူတို့နောက်ဘက်ဆီမှ ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ရပ် ဖြာထွက်လာသည်ကို နတ်အရှင်လေးပါးစလုံး ခံစားမိလိုက်ကြသည်။ ထိုအရှိန်အဝါအောက်ဝယ် တောင်တစ်လုံးမှ သူတို့အား ဖိနှိပ်လာသလို ခံစားလိုက်ကြရလေသည်။
“တောင်နဲ့မြစ်ခေါင်းလောင်း…” ချန်ကွော့၏ပုံရိပ် ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး နောက်သို့ အလျင်စလို လှည့်ကြည့်လိုက်လေသည်။ သူထင်ထားသည့်အတိုင်းပင် အလင်းတန်းတစ်ခုသည် သူတို့ရှိနေရာဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပျံသန်းလာနေလေ၏။
တောင်နဲ့မြစ်ခေါင်းလောင်းအား ထိပ်တိုက်မရင်ဆိုင်ရဲသည့်အတွက်ကြောင့် လွမ်ဖုန်း၊ ဖန်းဝူနှင့် ရှီဟွော့တို့မှာ အလျင်စလို ဘေးသို့ တိမ်းရှောင်လိုက်ကြရလေသည်။
“ဝှစ်…”
တောင်နဲ့မြစ်ခေါင်းလောင်းသည် နတ်အရှင်လေးပါးကိုဖြတ်ကျော်လျက် အဝေးတစ်နေရာဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပျံသန်းပျောက်ကွယ်သွားခဲ့လေသည်။
“ဘာတွေဖြစ်နေတာလဲ…” ရှီဟွော့၏မျက်နှာထက် အကြောက်မပြေသေး။ တစ်စုံတစ်ဦးသည် တောင်နဲ့မြစ်ခေါင်းလောင်းအားသုံးကာ သူတို့အား ဖိနှိပ်ရန် ကြိုးစားနေသည်ဟု အထင်ရောက်လျက် ရှီဟွော့မှာ အတော်လေးကိုမှ ကြောက်ရွံ့သွားခဲ့ရသည်။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းသည် သူတို့အား ဂရုပင်မစိုက်ဘဲ ဖြတ်ပျံသန်းသွားခဲ့သဖြင့် ရှီဟွော့မှာ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့ရလေသည်။
ရှီဟွော့သာလျှင်မဟုတ် ကျန်နတ်အရှင်သုံးပါးမှာလည်း အလားတူ ဇဝေဇဝါဖြစ်နေရလေ၏။
ရုတ်တရက် ဖန်းဝူသည် တစ်ခုခုအား တွေးမိသွားပြီးသည့်နောက် သုန်သုန်မှုန်မှုန်ဖြင့် အံကိုကြိတ်ကာ ပြောလိုက်လေသည်။ “တောင်နဲ့မြစ်ခေါင်းလောင်းမှာ ပိုင်ရှင်ရှိပြီးသား…”
လွမ်ဖုန်းက အထိတ်ထိတ် အလန့်လန့်ဖြင့် ဝင်ပြောလိုက်လေသည်။ “ပြောချင်တာက တောင်နဲ့မြစ်ခေါင်းလောင်းကို သူ့သခင်က ဆင့်ခေါ်လိုက်တယ်လို့လား…”
ဖန်းဝူက ပြန်ပြောလိုက်သည်။ “အဲ့ဒါကလွဲပြီး အခြား ဘာရှိသေးလို့လဲ..”
ထိုစကားကိုကြားသော် ချန်ကွော့၏မျက်နှာ မြင်မကောင်းရှုမကောင်း ဖြစ်သွားခဲ့ပြီး သွေးတံခါးရှိရာဘက်ဆီသို့ ကြည့်လျက် ခါးသက်သက်လေသံဖြင့် ပြောလိုက်လေသည်။ “တောင်နဲ့မြစ်ခေါင်းလောင်းရဲ့ ပိုင်ရှင်က ဘယ်သူပဲဖြစ်နေဖြစ်နေ အဲ့ပိုင်ရှင်က ဒီခေါင်းလောင်းကိုသုံးပြီး ငါတို့ကို သွေးတံခါးဆီကနေ ထွက်လာအောင် လုပ်လိုက်တာပဲ…”
ဖန်းဝူက ထပ်ပြောလိုက်သည်။ “ဟုတ်တယ်… သူ ဘယ်သူပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်က သွေးတံခါးပဲ… မြန်မြန်သွားကြရအောင်…”
ထိုသို့ပြောပြီးသည့်နောက် အလျင်စလို ပြေးထွက်သွားလေ၏။
လွမ်ဖုန်း၊ ချန်ကွော့နှင့် ရှီဟွော့တို့သည်လည်း အကြည့်ချင်းဖလှယ်လျက် ဖန်းဝူနောက်သို့ အလျင်စလို ပြေးလိုက်သွားကြလေသည်။
နတ်အရှင်လေးပါး အလျင်စလို ပြေးထွက်သွားကြသည်ကိုမြင်သော် သူတို့နောက်ဘက် မိုင်အနည်းငယ်ခန့်အကွာတွင် ရှိနေသော ရှဲ့ဝူဝေ၏အမူအယာ ခါးသက်သွားခဲ့လေသည်။ ရှဲ့ဝူဝေ၏အမြန်နှုန်းမှာ နတ်အရှင်လေးပါးလောက် မြန်ဆန်ခြင်းမရှိသည့်အတွက်ကြောင့် သူတို့နောက်မှသာ လိုက်လာနေခဲ့ရလေသည်။ ယခု တောင်နဲ့မြစ်ခေါင်းလောင်း ပျံသန်းထွက်သွားသည်ကိုမြင်သော် ရန်ကိုင်ဆင့်ခေါ်လိုက်ခြင်းမှန်း ရှဲ့ဝူဝေ ချက်ချင်းနားလည်လိုက်သည်။
သူ့စိတ်ထဲတွင်တော့ ရန်ကိုင်အား ကြိတ်၍ အော်ဆဲနေမိပါသော်ငြား ရန်ကိုင်အသက်ရှင်ပါစေဟုလည်း ကြိတ်၍ ဆုတောင်းနေရပြန်လေသည်။ သူ၏ ဝိဉာဉ်အမှတ်အသားမှာ ရန်ကိုင်လက်ထဲတွင် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သာ သေသွားမည်ဆိုပါက သူသည်လည်း မာလကီးယားရပေလိမ့်မည်။
“ခွေးကောင်လေး… မင်း မြန်မြန်ထွက်သွားပါတော့… နတ်အရှင်တွေ ပြန်လာနေပြီကွ…” ရှဲ့ဝူဝေမှာ ရင်တမမနှင့် ကြိတ်၍ ရေရွတ်နေခဲ့လေ၏။
ဘက်ပေါင်းစုံမှ ဝန်းရံထားကြသည့် မွန်းစတားမျိုးနွယ်စုဝင်များကြောင့် ကျောက်တုံးဝိဉာဉ်ကလန်သားများမှာ သွေးတံခါးဆီမှ မည်သို့မှ ထွက်သွားမရနိုင် ဖြစ်နေခဲ့ရသည်။
ထိုအခိုက်အတန့်တွင် အနီးအနားဆီမှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ အလင်းတန်းသည် တိုက်ပွဲအလယ်ဗဟိုဆီမှ ထွက်လာခြင်း ဖြစ်လေသည်။ ထို့အပြင် အလင်းတန်း၏အရှိန်အဝါမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ရာကောင်းလှ၏။
“လူသား… သေလိုက်ပေတော့…” ကျောက်တုံးကိုယ်ပွားကြောင့် ဒဏ်ရာရသွားသော တုတ်ခိုင်းထွားကျိုင်းသည့် ဘုရင်ချုပ်မှာ ဧရာမပုံရိပ်ယောင်ကျားကြီးတစ်ကောင်ကို ဆင့်ခေါ်လျက် ရန်ကိုင်အား ကိုက်ချစေလိုက်သည်။
ကျောက်တုံးကိုယ်ပွား၏ လက်စမိဖူးသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားနားသို့ ကပ်မသွားရဲခဲ့ပဲ ရန်ကိုင်ကိုသာ အရင်ရှင်းထုတ်ရန် ကြိုးစားလိုက်လေသည်။
ထိုအခိုက်အတန့်တွင် ကျောက်တုံးကိုယ်ပွားမှာ အခြားသောမွန်းစတားဘုရင်တစ်ပါးနှင့် တိုက်ခိုက်နေရသည့်အတွက်ကြောင့် ရန်ကိုင်အား လာရောက်မကူညီနိုင်ခဲ့ပေ။ ဧရာမပုံရိပ်ယောင်ကျားကြီး ရန်ကိုင်ဆီသို့ ခုန်အုပ်လာနေသည်ကိုမြင်သော် ကျောက်တုံးကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းကို ထုတ်လွှတ်လျက် မွန်းစတားဘုရင်၏ အသက်စွမ်းအင်ကို အရူးအမူး ဝါးမျိုပစ်လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၉၁) အညံ့ခံမလော၊ ရှင်းပစ်ခံမလော
ဘာသာပြန်သူ_တိမ်တိုက်
“ဘာကြီးလဲ…” ကျောက်တုံးကိုယ်ပွားနှင့် တိုက်ခိုက်နေသည့် မွန်းစတားဘုရင်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ကျောက်တုံးကိုယ်ပွားကမူ ယဲ့ယဲ့လေး ပြုံးလျက် သူ့လက်ဖြင့် ရိုက်ချလိုက်လေ၏။
သို့ရာတွင် နှစ်ဦးသားကြားရှိ ခွန်အားကွာခြားချက်ကြောင့် ကျောက်တုံးကိုယ်ပွားမှာ မွန်းစတားဘုရင် သူ၏ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းထဲမှ ထွက်ပြေးသွားသည်ကို ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရုံသာ တတ်နိုင်လေ၏။
ထိုအချိန်အတောအတွင်း တုတ်ခိုင်ထွားကျိုးသည့်ဘုရင်ချုပ်၏ တိုက်ခိုက်မှုမှာ ရန်ကိုင့်နားသို့ ရောက်လာခဲ့လေသည်။
“ငါ့ကို စိတ်မပူနဲ့…” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။
ထိုစကားကိုကြားသော် ရန်ကိုင်အား ကူညီရန်လုပ်နေသော ကျောက်တုံးကိုယ်ပွားမှာလည်း အခြားတစ်ဖက်သို့ အာရုံပြောင်းလိုက်လေ၏။
“ဝှစ်…”
ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာပြီး ခေါင်းလောင်းလေးတစ်ခု ရန်ကိုင့်လက်ထဲတွင် ပေါ်လာခဲ့လေသည်။ ခေါင်းလောင်းတစ်ခုလုံး ဖုန်များဖြင့် ပေကျံနေပါသော်ငြား ခေါင်းလောင်းမျက်နှာပြင်ထက်တွင် ထိုးထွင်းထားသော ပန်းပုံ၊ ငှက်ပုံ၊ သားရဲပုံ၊ တောင်ပုံနှင့် မြစ်ပုံများမှာ အလွန်တရာကိုမှ အသက်ဝင်နေသေးဆဲ။
ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ခေါင်းလောင်းအား ရှေ့သို့ တွန်းပို့လိုက်လေသည်။ ခေါင်းလောင်းထဲသို့ ဧကရာဇ်ချီများ စီးဝင်လာသည်နှင့် တစ်ပြိုင်နက် ခေါင်းလောင်း၏အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ကာ မကြာမီ လူတစ်ရပ်အရွယ်အစားထိ ရောက်သွားခဲ့ရလေ၏။
“ဒေါင်…”
ထိုအခိုက်အတန့်အတွင်းမှာပင် ဧရာမပုံရိပ်ယောင်ကျားဖြူကြီးသည် ခေါင်းလောင်းအား ခုန်ကိုက်ချလိုက်လေသည်။
နားပင်းမတတ် ခေါင်းလောင်းသံများသည် ရန်ကိုင်အား ဗဟိုပြုလျက် လှိုင်းတွန့်များအလား ဘေးပတ်ပတ်လည်အနှံ့ ပြန့်နှံ့သွားခဲ့သည်။ လှိုင်းတွန့်များထဲ အလွန်တရာကိုမှ နက်နဲဆန်းကြယ်လှသည့် စွမ်းအင်တို့ ကိန်းအောင်းနေသည့်ပုံပင်။ ခေါင်းလောင်းသံကို ကြားလိုက်သည့် မည်သည့်သက်ရှိသတ္တဝါမဆို မွန်းစတားဘုရင်ဖြစ်စေ ကျောက်တုံးဝိဉာဉ်ဖြစ်စေ ၎င်းတို့၏လှုပ်ရှားမှုအားလုံး ယာယီရပ်တန့်သွားခဲ့ရသည်။
ဧရာမပုံရိပ်ယောင်ကျားဖြူကြီးမှာ အလင်းစက်များအဖြစ် တမုဟုတ်ချည်း ပျက်စီးပျောက်ကွယ်သွားခဲ့ရလေသည်။
“အဟွတ်…”
သူဖန်တီးထားသည့် ပုံရိပ်ယောင်ကျားဖြူ ပျက်စီးသွားပြီးသည့်နောက် တုတ်ခိုင်ထွားကျိုင်းသည့်ဘုရင်ချုပ်မှာ သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။
ပုံရိပ်ယောင်ကျားဖြူကို အမြုတေစွမ်းအားသုံးကာ ဖန်တီးထားခြင်း ဖြစ်သည့်အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်းမှ ကျားဖြူအား ဖျက်ဆီးလိုက်သော် တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်မှာလည်း တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရခြင်းပင်။
“တောင်နဲ့မြစ်ခေါင်းလောင်း…” ဘုရင်ချုပ်သည် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိထားရင်း နောက်သို့ ဒယီးဒယိုင်ဆုတ်နေလျက်မှ သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ခေါင်းလောင်းအား မျက်လုံးအပြူးသားဖြင့် လှမ်းကြည့်လိုက်လေသည်။
“တောင်နဲ့မြစ်ခေါင်းလောင်းလား…”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
“တောင်နဲ့မြစ်ခေါင်းလောင်းကို လူသားတစ်ယောက်ယူသွားပြီ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီမှာ ပြန်ပေါ်လာရတာလဲ…”
ဘုရင်ချုပ်များနှင့် မွန်းစတားဘုရင်များဆီမှ အော်ပြောသံများ အစီအရီ ထွက်ပေါ်လာခဲ့ကြလေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် လူသားပညာရှင်ဖြစ်သော ယွမ်တင်း၏ ယူဆောင်သွားခြင်း မခံရစဉ်က ရှေးဟောင်းကုန်းမြေထဲတွင် တည်ရှိနေခဲ့ခြင်း ဖြစ်လေသည်။ ရှေးဟောင်းကုန်းမြေ၏ အပိုင် ဖြစ်သည့်အလျောက် ရှေးဟောင်းကုန်းမြေထဲတွင် နေထိုင်ကြသော ဒေသခံများသည် တောင်နဲ့မြစ်ခေါင်းလောင်း မည်မျှကြောက်မက်ဖွယ်ရာကောင်းပုံကို ကောင်းစွာ သိထားကြလေသည်။
တောင်နဲ့မြစ်ခေါင်းလောင်းကို မြင်လိုက်သည့်အခိုက် မွန်းစတားဘုရင်များ၏မျက်လုံးထဲ ကြောက်ရွံ့မှုတို့ ထွက်ပေါ်လာကြလေ၏။
သာမန်ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးလောက်ကို သူတို့ ဂရုမစိုက်ကြပါသော်ငြား ထိုလူသားသည် တောင်နဲ့မြစ်ခေါင်းလောင်းအား ပိုင်ဆိုင်ထားသလို တောင်နဲ့မြစ်ခေါင်းလောင်းကိုလည်း စိတ်ကြိုက် ထိန်းချုပ်အသုံးပြုနိုင်သည်ဆိုပါက သူတို့အနေဖြင့် သေသေချာချာ ပြန်စဉ်းစားရပေတော့မည်။ မည်သူမျှ တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားကို သွားရောက် စိန်မခေါ်ရဲကြချေ။
ရန်ကိုင်၏လက်ထဲ၌ တောင်နဲ့မြစ်ခေါင်းလောင်း ပေါ်လာပြီးသည့်နောက်တွင် မွန်းစတားဘုရင်နှင့် ဘုရင်ချုပ်များမှာ ရန်ကိုင့်အား အလျင်စလို လာရောက် မတိုက်ခိုက်ရဲကြတော့ချေ။ အကုန်လုံးသည် ရန်ကိုင့်ကိုသာ အထိတ်ထိတ်အလန့်လန့်ဖြင့် သတိချပ်ကာ ကြည့်နေကြလေသည်။
ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား မြင့်မြင့်မြှောက်ရင်းမှ အော်ပြောလိုက်လေ၏။ “ကျုပ်နောက်လိုက်ခဲ့…”
ကျောက်တုံးဝိဉာဉ်များမှာ မွန်းစတားဘုရင်များ အထိတ်ထိတ်အလန့်လန့်ဖြစ်နေသည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်ဆီသို့ ပြေးသွားကာ သူ့နားတွင် စုဝေးလိုက်ကြလေ၏။
“ကျုပ်တို့ကိုလာတားတဲ့ ဘယ်သူကိုမဆို အကုန်သတ်ပစ်မယ်…” ရန်ကိုင်သည် အနန္တဓါးကို လက်တစ်ဖက်တွင် ကိုင်စွဲလျက် ကျန်လက်တစ်ဖက်ဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းအား မြင့်မြင့်မြှောက်ထားရင်းမှ အော်ပြောလိုက်လေသည်။ ထို့နောက် တစ်ခုသောဘက်ဆီသို့ ပျံသန်းထွက်သွားလေ၏။
မွန်းစတားဘုရင်များသည် လေပေါ်တွင် ဝဲနေရင်းမှ ရန်ကိုင့်လက်ထဲရှိ တောင်နဲ့မြစ်ခေါင်းလောင်းအား ကြောင်ကြည့်နေကြလေသည်။ သို့သော်ငြား ရန်ကိုင်မှ ကျောက်တုံးဝိဉာဉ်များကိုပါ ဆွဲခေါ်သွားသည်ကိုမြင်သော် အကုန်လုံး တုန်လှုပ်သွားကုန်ကြလေသည်။
သူတို့ခမျာ လှုပ်ရှားရန် ကြိုးစားလိုက်ပါသော်ငြား သူတို့ သေသေချာချာ မလှုပ်ရှားနိုင်သေးခင်မှာပင် ရန်ကိုင်သည် အနန္တဓါးကိုမြှောက်လျက် တောင်နဲ့မြစ်ခေါင်းလောင်းအား ရိုက်ချလိုက်လေသည်။ “ဒေါင်…”
ဖြာထွက်လာသည့် ခေါင်းလောင်းသံသည် လှိုင်းတွန့်တစ်ခုကိုပင်လျှင် ဖြစ်ပေါ်စေခါနီးပင်။ ထိုလှိုင်းသံသည် အဘက်ဘက်သို့ ပြန့်နှံ့သွားခဲ့ပြီး လှုပ်ရှားရန်ကြံနေကြသည့် မွန်းစတားဘုရင်အားလုံးအား ဖိနှိပ်ပစ်လိုက်လေ၏။
ထိုအဖြစ်အပျက်ကြောင့် မွန်းစတားဘုရင်များ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်အား အဆက်မပြတ် အော်ဟစ်ကျိန်ဆဲကြတော့လေ၏။ သို့သော်ငြား မဆင်မခြင်လှုပ်ရှား၍ မဖြစ်သည့်အတွက်ကြောင့် လာနေသည့်ခေါင်းလောင်းသံကို ခုခံရန်အတွက် သူတို့၏ခွန်အားအား အလျင်စလို လှည့်ပတ်လိုက်ကြရလေသည်။
မွန်းစတားမျိုးနွယ်စုဝင်များ ရပ်သွားစဉ်အတောအတွင်း ရန်ကိုင်သည် ကျောက်တုံးဝိဉာဉ်ကလန်သားများကို ခေါ်လျက် တိုက်ပွဲကွင်းပြင်ဆီမှ ထွက်သွားရန် ကြိုးစားလိုက်လေသည်။
မွန်းစတားဘုရင်များနှင့်တကွ ဘုရင်ချုပ်များ၏အမူအယာ အလွန်တရာကိုမှ သုန်မှုန်နေခဲ့လေသည်။ မွန်းစတားကုန်းမြေထဲတွင် ရှိနေသော ထိပ်တန်းအဆင့် မွန်းစတားမျိုးနွယ်စုဝင်အားလုံး ဤနေရာ၌ စုဝေးနေကြသည့်တိုင် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးအား မတားဆီးနိုင်ခဲ့ပေ။ ဤအကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက သူတို့အနေဖြင့် မည်သည့်မျက်နှာဖြင့် လူရှေ့သူရှေ့သို့ ထွက်ရတော့မည်နည်း။
သို့သော်ငြား ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား ကိုက်လျက် ခြိမ်းခြောက်နေသဖြင့် မည်သူမျှ အရင်ဦးဆုံး ပြေးထွက်မသွားရဲကြချေ။ တောင်နဲ့မြစ်ခေါင်းလောင်းအား သွားရောက်စိန်ခေါ်လိုက်၍ မည်ကဲ့သို့သော အကျိုးဆက်နှင့် ရင်ဆိုင်ရမလဲဆိုသည်ကို မည်သူမျှ မသိကြချေ။
တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်၏ အခြေအနေမှာ အကောင်းဆုံးနမူနာပင်။ လက်ရှိအချိန်တွင် ဘုရင်ချုပ်မှာ ညှိုးညှိုးမှိုင်မှိုင်ဖြစ်နေပြီး အဆက်မပြတ် သွေးအန်နေရသည်။ ဤသည်မှာ သူဖန်တီးထားသည့် ဧရာမပုံရိပ်ယောင်ကျားဖြူကြီး ပျက်စီးသွားသည့် အတွက်ကြောင့်သာလျှင်မဟုတ်ဘဲ တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားကြောင့်လည်း ပါပေသည်။ သူတို့သည်သာ ခေါင်းလောင်းအား ထိပ်တိုက်သွားရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက အသက်ရှင်ရန်မဆိုထားနှင့် ဒဏ်ရာကြီးကြီးမားမား ရသွားလျှင်ပင် ကံကောင်းသည်နေပြီဟု ပြော၍ရပေသည်။
တောင်နဲ့မြစ်ခေါင်းလောင်း၏အကူအညီကြောင့် ရန်ကိုင်သည် ကျောက်တုံးဝိဉာဉ်ကလန်သားများကို မွန်းစတားမျိုးနွယ်စုဝင်များ ဝိုင်းထားရာမှ လွတ်မြောက်အောင် ခေါ်ဆောင်သွားနိုင်ခဲ့သည်။ တောအုပ်ထဲသို့ ထွက်ပြေးလွတ်မြောက်တော့မည်အပြု ရုတ်ချည်းဆိုသလို ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင့်အနားမှ ထပ်ကြပ်မကွာ လိုက်ပါလာကြသော ကျောက်တုံးဝိဉာဉ်ကလန်သားများသည်လည်း ကြောက်မက်ဖွယ်ရာခံစားချက်တစ်ခုကို အလိုလိုရလိုက်ကြလေသည်။
“ဘုန်း…”
လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး အနက်ရောင်အလင်းစက်ကလေးများ မိုးကုပ်စက်ဝိုင်းအောက်ဝယ် ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင်အလင်းစက်ကလေးများမှာ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာကြလေရာ မျက်တောင်တစ်ခတ်အတွင်း ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် အကုန်လုံးပေါ်သို့ ပြိုဆင်းကျလာလေ၏။ ထိုလေးဦး တဖြည်းဖြည်း ချဉ်းကပ်လာနေသည်နှင့်အမျှ ရန်ကိုင်နှင့် သူ့အဖွဲ့သားအားလုံးမှာ ထောင်နှင့်ချီသော တောင်အလုံးပေါင်းများစွာ သူတို့အပေါ်သို့ ဖိကျလာသလို ခံစားလိုက်ကြရလေရာ ရန်ကိုင်မှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။
“နတ်သားရဲတွေ…” ရန်ကိုင်သည် မိုးကုတ်စက်ဝိုင်းအောက်တွင် ပေါ်လာသည့် ပုံရိပ်လေးခုအား သုန်သုန်မှုန်မှုန်ဖြင့် လှမ်းကြည့်လိုက်လေသည်။
သူ့အနေဖြင့် အချိန်အနည်းငယ်လေး ရရုံဖြင့် ကျောက်တုံးဝိဉာဉ်ကလန်သားများကို ကမ္ဘာငယ်လေးကို ထည့်သွင်းလိုက်နိုင်ပေသည်။ ထို့နောက် လေဟာနယ်ခုန်ကူးခြင်းပညာရပ်ကိုသုံးကာ ဤနေရာမှ အလွယ်တကူ ထွက်ပြေးသွားနိုင်၏။
သို့သော်ငြား နတ်သားရဲလေးပါးရှေ့၌ ထိုအနည်းငယ်မျှသော အချိန်သည်ပင်လျှင် ရန်ကိုင်မရရှိနိုင်သည့်အရာတစ်ခု ဖြစ်လာခဲ့ရသည်။
ရန်ကိုင် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ ကျောက်တုံးဝိဉာဉ်ကလန်သားများမှာလည်း ထိတ်လန့်တုန်လှုပ်လာကြလေ၏။
နတ်အရှင်လေးပါး ပြန်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် ယနေ့တွင် ဤနေရာမှ ထွက်မသွားနိုင်တော့ချေ။
အကြီးအကဲက အားတင်းပြုံးလျက် ပြောလိုက်လေ၏။ “ညီငယ်လေး… ဒီတစ်ကြိမ်တော့ ငါတို့ကျောက်တုံးဝိဉာဉ်ကလန်ကြောင့် မင်း ဒုက္ခရောက်သွားရပြီ…”
သူနှင့် မူနသည်သာ ရန်ကိုင့်အား ဤနေရာသို့ မလာ လာအောင် လှည့်စားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ဤကဲ့သို့သော ပြဿနာမျိုးနှင့် မည်သို့များ ကြုံတွေ့ရပါမည်နည်း။ ရန်ကိုင်အား ယခုကဲ့သို့ ဒုက္ခရောက်အောင် လုပ်ခဲ့မိသည့်အတွက်ကြောင့် အကြီးအကဲစိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။
“အခုကတော့ ပြောဖို့စောလွန်းသေးတယ် အကြီးအကဲ…” ရန်ကိုင်က အနည်းငယ်လေးပြုံးလျက် ခေါင်းတခါခါဖြင့် နတ်အရှင်လေးပါးကို ဝေ့ကြည့်ရင်းမှပြောလိုက်သည်။
ရှေးဟောင်းကုန်းမြေထဲသို့ ရောက်လာပြီးသည့်နောက်တွင် နတ်အရှင်လေးပါးအကြောင်းကို ရန်ကိုင် မကြာခဏဆိုသလို ကြားခဲ့ရသည်။
(ဖန်းဝူ၊ လွမ်ဖုန်း၊ ချန်ကွော့နှင့် ရှီဟွော့…)
နာမည်လေးခု ရန်ကိုင်၏စိတ်ထဲ ပေါ်လာခဲ့သည်။
“ဟမ်…” လွမ်ဖုန်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင့်အား အထက်အောက် အစုံအဆန် ဝေ့ကြည့်ရင်းမှ အံ့အားသင့်နေဟန်ဖြင့် “ကောင်လေး… ဒီဘုရင်မ နင့်ကို ဘယ်နေရာမှာ တွေ့ခဲ့ဖူးတာလဲ…”
(ကောင်လေး…) ရန်ကိုင် မျက်မှောင်ကြုတ်သွားလေ၏။ သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် လွမ်ဖုန်းကဲ့သို့သော လူတစ်ဦးသည် နှစ်ပေါင်း ထောင်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့သူတစ်ဦးမှန်း ရန်ကိုင်နားလည်လိုက်သည်။ ထို့အတွက်ကြောင့် သူ့အား ကောင်လေးဟုခေါ်ရန် အရည်အချင်း ပြည့်မီပေသည်။
ရန်ကိုင်အား မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက သခင်မ မေပယ်မြို့နားက ကြည်လင်ကျောက်စိမ်းတောင်ကို ရောက်လာခဲ့တာ ဂျူနီယာ မြင်တွေ့ခွင့်ရခဲ့ပါတယ်… သခင်မကတော့ ဘာမဟုတ်တဲ့ အဖြစ်အပျက်တစ်ခုကို မှတ်မိချင်မှ မှတ်မိမှာပါ…”
မေပယ်မြို့ ကြည်လင်ကျောက်စိမ်းတောင်တွင် ရန်ကိုင်သည် နတ်သားရဲတစ်ကောင်ကို ပထမဦးဆုံး မြင်ခဲ့ရဖူးခြင်း ဖြစ်ပေသည်။ ထိုစဉ်က သူမြင်ခဲ့ရသည်မှာ လွမ်ဖုန်း၏ မွန်းစတားပုံစံဖြစ်ပြီး လူပုံစံမဟုတ်ချေ။ သို့သော်ငြား ဤလောကကြီးထဲတွင် လွမ်ဖုန်းဟုခေါ်သည့်နတ်သားရဲ တစ်ကောင်သာ ရှိသည့်အတွက်ကြောင့် သူ့ရှေ့တွင်ရှိနေသော ဤချောမောလှပသည့် အမျိုးသမီးသည် ထိုစဉ်က သူမြင်ခဲ့ရသည့် ဧရာမ အနက်ရောင်ငှက်ကြီးမှန်း ရန်ကိုင်ပြောနိုင်ပေသည်။
ထိုစကားကိုကြားသော် လွမ်ဖုန်း၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။
“အမျိုးသမီးဖုန်း… ခင်ဗျား သူ့ကို သိတာလား…” ဖန်းဝူက မေးလိုက်သည်။
လွမ်ဖုန်းက ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “တစ်ကြိမ်တွေ့ခဲ့ဖူးတာပါပဲ… ဆယ်နှစ်အတွင်းမှာ သူ ဒီလောက်ထိ အားကောင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ကြည့်ရတာ သူ့ပါရမီက တော်တော်ကောင်းတယ်နဲ့တူတယ်… အချိန်သာရှိမယ်ဆိုရင် ကျိန်းသေကို နာမည်ကျော်ကြားတဲ့လူတစ်ယောက် ဖြစ်လာမှာ…”
“ဟမ့်…” ချန်ကွော့သည် ရန်ကိုင်အား ရန်ဆောင်သည့် အမူအယာဖြင့် စိုက်ကြည့်လျက် “အသက်ရှင်နိုင်တဲ့သူတွေပဲ အစစ်အမှန်ပညာရှင်တွေဖြစ်နိုင်တာ… ပါရမီက ဘာမှ အရေးမပါဘူး…”
“တောင်နဲ့မြစ်ခေါင်းလောင်းက သူ့အပိုင်ဖြစ်နေတာကိုး…” ဖန်းဝူ၏အမူအယာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
လေးဦးစလုံးမှာ တောင်နဲ့မြစ်ခေါင်းလောင်းသတင်းကြားကာ အလျင်စလို ထွက်သွားခဲ့ကြသည်။ ယခုမှသာလျှင် သူတို့လှည့်စားခံရပြီမှန်း နားလည်လိုက်ကြလေသည်။ ဘာမဟုတ်သည့် ဂျူနီယာတစ်ဦး၏ လှည့်စားခံရကြောင်း သဘောပေါက်လိုက်သော် လေးဦးစလုံးမှာ မျက်နှာထား မသာယာကြတော့။ အကုန်လုံးသည် သုန်သုန်မှုန်မှုန်ဖြင့် ရန်ကိုင်အား စိုက်ကြည့်နေကြလေ၏။
“ခွေးကောင်လေး… မင်း ဘယ်လိုသေချင်လဲ…” ရှီဟွော့သည် ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးကာ အော်မေးလိုက်လေသည်။ ပြင်းထန်လှသည့် ဖိအားတစ်ရပ်သည် သူ့ဆီမှ ဖြာထွက်လာခဲ့လေ၏။ တောင်နဲ့မြစ်ခေါင်းလောင်း၏ အကာအကွယ် ရှိနေသည့်တိုင် ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ မသက်မသာ ဖြစ်လာခဲ့ရသည်။
(ဒီနေ့တော့ အခြေအနေကောင်းတော့မဲ့ပုံ မပေါ်တော့ဘူး…) ရန်ကိုင်စိတ်ထဲ ခါးသက်သက် ခံစားနေခဲ့ရသည်။
ကျောက်တုံးဝိဉာဉ်အကြီးအကဲက ဝင်၍ ဖြတ်ပြောလိုက်လေ၏။ “ဆရာရှီဟွော့… ဒီကမိတ်ဆွေလေးကို ဒီအကြီးအကဲက ပြန်ပေးဆွဲပြီး အတင်းအကြပ်ဖိအားပေးခဲ့တာပါ… ဒီနေ့ကိစ္စက သူနဲ့ ဘာမှမဆိုင်ပါဘူး… ဆရာရှီဟွော့ သူ့ကို လွှတ်ပေးမယ်ဆိုလို့ရှိရင် ကျုပ်တို့ ကျောက်တုံးဝိဉာဉ်ကလန် အညံ့ခံပေးပါ့မယ်…”
ရှီဟွော့က ပြန်၍ပြောဆိုလိုက်လေ၏။ “အခုမှ လာပြောနေလို့ နောက်ကျသွားပြီ… အရင်နှစ်တွေတုန်းက ဒီဘုရင် မင်းတို့ကို တစ်ကြိမ်မက သတိပေးခဲ့တာပဲ… ဒါပေမယ့် မင်းတို့ ငါဘယ်လောက်ပြောပြော နားထောင်ခဲ့လို့လား… အခု မျှော်လင့်ချက်မရှိတော့မှ ဒီဘုရင်ကို လာပြီးတောင်းဆိုချင်နေတယ်… ဒီဘုရင် သဘောတူမယ်လို့ မင်းတို့ထင်နေတာလား…”
ထိုစကားကိုကြားသော် အကြီးအကဲ၏အမူအယာ ခါးသက်သွားခဲ့လေသည်။ ကျောက်တုံးဝိဉာဉ်ကလန်သားများသည် စကားပြောဆိုရာတွင် လည်လည်ဝယ်ဝယ် မရှိကြပေ။
ရှီဟွော့က အေးစက်စက်အမူအယာဖြင့် အော်ပြောလိုက်လေ၏။ “ဒီနေ့ မင်းတို့ ကျောက်တုံးဝိဉာဉ်ကလန် ငါ့လက်အောက် အညံ့ခံရင်ခံ မခံရင်တော့ အကုန်ရှင်းထုတ်ခံရပြီသာမှတ်… ဒီကောင်လေးကတော့ ဒီဘုရင်ကို လာလှည့်စားရဲမှတော့ ကောင်းကင်တောင် သူ့ကို ဆင်းမကယ်နိုင်တော့ဘူး…”
“လှည့်စားတယ်… ဘယ်လိုလှည့်စားလိုက်တာလဲ…” အကြီးအကဲ နားမလည်နိုင်ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကိုသုံးလျက် နတ်အရှင်လေးပါးအား ဤနေရာမှ မျှားခေါ်သွားခဲ့သည်ဆိုသော အဖြစ်ကို အကြီးအကဲ မသိခဲ့ပေ။
နတ်အရှင်လေးပါးသည် ရှေးဟောင်းကုန်းမြေအား နှစ်ပေါင်း မရေမတွက်နိုင်အောင် အုပ်ချုပ်နေခဲ့သူများ ဖြစ်ကြပါသော်ငြား ယနေ့တွင်မူ လူသားတစ်ဦး၏ လှည့်စားခြင်း ခံခဲ့ရသည်။ ဤအဖြစ်အပျက်သာ သတင်းပြန့်သွားမည်ဆိုပါက နတ်အရှင်လေးပါးမှာ အကုန်လုံး၏ လှောင်ပြောင်ရယ်မောစရာ ဖြစ်လာရတော့ပေလိမ့်မည်။ ထို့အပြင် သူတို့အား လှည့်စားသွားသည့်လူသားသည် ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။
ရှီဟွော့ကမူ အသေးစိတ်ရှင်းပြမနေခဲ့ပေ။ သူ့အဆင့်အတန်းအရ ထိုကဲ့သို့သော အကြောင်းအရာမျိုးကိုလည်း ရှင်းပြနေစရာမလိုခဲ့။ ထို့အတွက်ကြောင့် မာနတစ်ခွဲသားဖြင့်သာ ပြန်၍ပြောလိုက်လေသည်။ “အညံ့ခံမလား မင်းတို့ကို ဖျက်ဆီးပစ်ရမလား အကြီးအကဲ… မင်းကြိုက်တာရွေးလို့ရတယ်… မင်းမှာ ဆုံးဖြတ်ဖို့ အသက်ဆယ်ရှိုက်စာ အချိန်ရမယ်…”
အကြီးအကဲက ပြန်ပြောလိုက်လေသည်။ “ဆရာရှီဟွော့သာ ဒီမိတ်ဆွေလေးကို လွှတ်ပေးမယ်ဆိုလို့ရှိရင် ကျုပ်တို့ ကျောက်တုံးဝိဉာဉ်ကလန် အညံ့ခံပါမယ်လို့ ဒီအကြီးအကဲပြောလိုက်တယ်လေ…”
“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာ ဘာတောင်းဆိုခွင့်မှမရှိဘူး… သဘောတူလား မတူဘူးလားပဲရွေး…” ရှီဟွော့က သူ့လက်အားဝှေ့ယမ်း၍ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။
အကြီးအကဲသည် အခြားသော နတ်အရှင်သုံးဦးအား ကြည့်လျက် ခါးသက်သက်အမူအယာဖြင့် မေးလိုက်လေ၏။ “နတ်အရှင်တို့ အားလုံးက အဲ့လိုပဲဖြစ်စေချင်ကြတာလား…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၉၂) ရှီဟွော့၏ခွန်အား
ဘာသာပြန်သူ_တိမ်တိုက်
အကြီးအကဲသည် ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့အား မျှော်လင့်ချက်အပြည့်ဖြင့် လှမ်း၍ ကြည့်လိုက်ပါသော်ငြား စိတ်ပျက်ရခြင်းဖြင့်သာ ကြုံခဲ့ရသည်။ နတ်အရှင်သုံးပါးစလုံးမှာ မျက်နှာသေဖြင့်သာ ရှိနေကြလေ၏။
“သူက လူသားတစ်ယောက်ပဲကို… နတ်အရှင်တို့က ဘာဖြစ်လို့ သူ့ကို ဒီလောက် ဒုက္ခရောက်အောင် လုပ်ချင်နေရတာလဲ…” အကြီးအကဲက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်လေသည်။
အခြားသောနတ်အရှင်သုံးပါးစလုံးမှာ တိတ်တိတ်သာနေကြပါသော်ငြား ရှီဟွော့ကမူ အေးစက်စက်အမူအယာဖြင့် “အကြီးအကဲ… ခေါင်းမမာလွန်းစမ်းနဲ့… ခင်ဗျားတို့ကျောက်တုံးဝိဉာဉ်ကလန်နဲ့ ဒီဘုရင်က တစ်နယ်တည်းသားတွေ ဖြစ်နေတာကြောင့်သာ မဟုတ်ရင် ဒီဘုရင် ခင်ဗျားတို့ကလန်ကို ဖျက်ဆီးပစ်လိုက်တာ ကြာပြီ… အခုလို အသက်ချမ်းသာပေးနေတာကိုတောင် ကျေးဇူးတင်သင့်နေပြီ… တစ်ထွာပေးလို့ တစ်ကိုက်လိုချင်မလာနဲ့…”
အကြီးအကဲမှာ တစ်ခုခု ပြန်ပြောလိုက်ချင်ပါသော်ငြား ရန်ကိုင်က ဖြတ်၍ ပြောလိုက်လေသည်။ “အကြီးအကဲ… သူပြောတာကိုသဘောတူလိုက်… ကျုပ်ကိုစိတ်ပူမနေနဲ့…”
အကြီးအကဲက ပြန်၍ပြောလိုက်လေ၏။ “ဒီနေ့ကိစ္စက ငါ့ကြောင့်ဖြစ်တာလေ… ငါ့ကြောင့်သာမဟုတ်လို့ရှိရင် မင်းလည်း အခုလိုမျိုး ဒုက္ခရောက်ရမှာမဟုတ်ဘူး…”
အကြီးအကဲဘေးနားတွင်ရပ်နေသော ရှောင်ရှောင်သည် အားတက်သရော ခေါင်းခါပြနေလေသည်။ အကြီးအကဲမှ ရန်ကိုင်အား စွန့်ပစ်လိုက်မည်ကို သူလည်းမလိုလားသည့်ပုံပင်။
ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချလျက် တိုးတိုးလေးပြောလိုက်လေသည်။ “ကျုပ်တစ်ယောက်တည်းသာဆိုရင်တော့ အစောကြီးကတည်းက ထွက်သွားလိုက်ပြီ… ဒါပေမယ့် အခုလည်း ထွက်သွားဖို့ကတော့ နောက်မကျသေးဘူး… ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ပဲ ဂရုစိုက်… ကျုပ် အရင်သွားနှင့်တော့မယ်…”
ထိုသို့ပြောပြီးသည့်နောက် လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်လိုက်လေရာ ရန်ကိုင်၏ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားခဲ့လေသည်။
နတ်အရှင်များသည် ကျောက်တုံးဝိဉာဉ်ကလန်သားများကို သူတို့လက်အောက်သို့ သွတ်သွင်းလိုခြင်းသာဖြစ်ပြီး ဖျက်ဆီးပစ်လိုစိတ်မရှိသည့်အတွက်ကြောင့် ရန်ကိုင်လည်း စိတ်ချသွားခဲ့ရသည်။ လက်ရှိအခြေအနေအရ ကျောက်တုံးဝိဉာဉ်ကလန်သားများအနေဖြင့် မည်သို့မှ ထွက်သွားနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူ့လုံခြုံရေးကိုသာ ဦးစွာ စိတ်ပူရပေတော့မည်။ သူ့ခမျာ အလွန်တရာကိုမှ အလျင်လိုနေသည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားကိုပင်လျှင် ကမ္ဘာငယ်လေးထဲသို့ ပြန်မခေါ်နိုင်တော့ချေ။
သို့သော်ငြား ကျောက်တုံးကိုယ်ပွားသည် ကျောက်တုံးဝိဉာဉ်ကလန်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် မည်သည့်အန္တရာယ်နှင့်မှ ကြုံရလိမ့်မည် မဟုတ်ချေ။ ဤနေရာမှ ထွက်ပြေးသွားပြီးသည့်နောက် ကျောက်တုံးဝိဉာဉ်အား ပြန်ခေါ်နိုင်မည့်နည်းလမ်းတစ်ခုကို ရန်ကိုင် စဉ်းစားရပေလိမ့်မည်။ ထိုအချိန်တွင် ကျောက်တုံးကိုယ်ပွားကိုသာလျှင်မဟုတ် ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံးကိုပင်လျှင် ဤနေရာမှ ခေါ်သွားနိုင်၏။
သူ့ရှေ့တွင် ရှိနေသော ရန်ကိုင် ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည့်အတွက်ကြောင့် ရှီဟွော့မှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။
ဖန်းဝူကမူ ဟင်းလင်းပြင်ထဲသို့ စူးရှသည့်မျက်လုံးများဖြင့် စိုက်ကြည့်လျက် ရေရွတ်လိုက်လေ၏။ “လေဟာနယ်စွမ်းရည်လား…”
ထိုသို့ပြောပြီးသည့်နောက်တွင် ခန္ဓာကိုယ်အား တစ်ဖက်သို့စောင်းလျက် ဟင်းလင်းပြင်ထဲသို့ သူ့လက်ညှိုးအား ထိုးချလိုက်လေ၏။
ချက်ချင်းဆိုသလို မြည်သံတစ်သံနှင့်အတူ ပုံရိပ်တစ်ခု ဟင်းလင်းပြင်ထဲ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ဖန်းဝူရှိနေသည့်ဘက်သို့ ထိတ်လန့်တကြားဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။
ဤနတ်သားရဲသည် သူ့အား ဟင်းလင်းပြင်ထဲမှ ထွက်လာအောင် တွန်းအားပေးနိုင်လိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ပေ။
အကြည့်ချင်းဆုံသွားခဲ့ကြလေသည်။ ဖန်းဝူ၏မျက်နှာသည် ရှေးဟောင်းကန်ရေပြင်တစ်ခုပမာ တည်ငြိမ်နေခဲ့သည်။ သူ့စိတ်ထဲ ဘာတွေးနေသလဲ ဆိုသည်ကို သူ့အမူအယာမှတစ်ဆင့် ပြောရခက်လှ၏။ ရန်ကိုင်မှာ အံကြိတ်၍သာ ဟင်းလင်းပြင်အား နောက်တစ်ကြိမ်ဆုတ်ဖြဲ၍ ထွက်ပြေးရန် ကြိုးစားရပြန်လေသည်။
လွမ်ဖုန်း၏ မျက်လုံးလေးများသည် ဘယ်ညာ ကူးကလန်ခတ်နေပြီးသည့်နောက်တွင် သူမ၏ပါးစပ်ကိုဟလျက် ပိန်းပိန်းပိတ်မည်းမှောင်သော အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လိုက်လေသည်။ အနက်ရောင်မီးတောက်များသည် သိမ်မွေ့လျင်မြန်သည့် အနက်ရောင်မြွေတစ်ကောင်အလား လေထဲ ကူးကလန်ခတ် သွားလာပြီးသည့်နောက် ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ခဏအကြာတွင် ထူးဆန်းသည့်အော်ဟစ်သံတစ်သံနှင့်အတူ ရန်ကိုင် ပြန်ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်နောက်သို့ ကမ္ဘာဖျက်မီးတောက်များမှ ထပ်ကြပ်မကွာလိုက်နေလေ၏။
ထိုအချင်းအရာကိုမြင်သော် ချန်ကွော့က လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ဒီကောင့်ရဲ့ တည်နေရာခုန်ကူးတဲ့စွမ်းရည်က တော်တော်လေးကောင်းတယ်ဆိုပေမဲ့ သူ့ခွန်အားက မလုံလောက်သေးဘူး…”
ဖန်းဝူက ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “သူသာ ပိုအားကောင်းလာမယ်ဆိုလို့ရှိရင် ရှေးဟောင်းကုန်းမြေထဲ စိတ်ကြိုက်ဝင်ထွက်သွားလာနေတော့မှာ… ဘယ်သူမှ သူ့ကို တားနိုင်တော့မှာမဟုတ်ဘူး… ဟင်းလင်းပြင်တာအိုဆိုတဲ့အတိုင်းပဲ တကယ်ကို ဩချစရာပဲ…”
“ဒေါင်…”
ရုတ်တရက် နားပင်းမတတ် ကျယ်လောင်သည့် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား သူ့ရှေ့တည့်တည့်သို့ ဆင့်ခေါ်စေလျက် ကမ္ဘာဖျက်မီးတောက်များကို တားဆီးလိုက်လေသည်။ ခေါင်းလောင်းသံ၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် မည်သည့်အရာကိုမဆို ပြာအတိဖြစ်အောင် လောင်ကျွမ်းနိုင်သော ကမ္ဘာဖျက်မီးတောက်များမှာ ရုတ်ချည်း ငြိမ်းသေသွားခဲ့ရလေ၏။
ရန်ကိုင်သည် လေထဲတွင်ဝဲလျက် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အံကြိတ်ကာ ပြောလိုက်လေသည်။ “ကျုပ်လိုဂျူနီယာတစ်ယောက်ကို နတ်အရှင်တွေကတောင် ဝိုင်းပြီးတော့ တိုက်ခိုက်နေကြရတယ်ဆိုတော့ ဒီဂျူနီယာ ကိုယ့်ကိုယ်ကိုတောင် ဂုဏ်ယူချင်မိသွားပြီ…”
ရန်ကိုင်၏စကားလုံးများထဲ လှောင်ပြောင်ထေ့ငေါ့ချင်သည့် အရိပ်အယောင်တို့ အထင်းသားပါဝင်နေခဲ့လေသည်။ သို့သော်ငြား ဖန်းဝူနှင့် လွမ်ဖုန်းတို့ နှစ်ဦးစလုံးမှာမူ အနည်းငယ်မျှပင် ရှက်ရွံ့ခြင်းမရှိ။ ဖန်းဝူက ပြန်၍ပြောလိုက်လေသည်။ “ပုံမှန်မဟုတ်တဲ့လူတွေကို ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေသုံးပြီး ရင်ဆိုင်ရတာ သဘာဝပဲလေ… ဘာမှလာပြီးလှောင်ပြောင်နေစရာ မလို
ဘူး…”
ရန်ကိုင်သည် လှောင်ပြုံးပြုံးနေခဲ့ပါသော်ငြား သူ့စိတ်ထဲတွင်တော့ အတော်လေးကိုမှ စိတ်ညစ်နေမိလေသည်။
နတ်အရှင်များရှေ့မှောက်တွင် တည်နေရာခုန်ကူးသည့်စွမ်းရည်သည် အသုံးမဝင်ဖြစ်သွားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နတ်အရှင်များမှာ သူထွက်ပြေးမည့်လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်နိုင်နေသည့်အတွက်ကြောင့် ယနေ့တွင် ရန်ကိုင်အဖို့ သိပ်၍ အခြေအနေမဟန်တော့ချေ။
“လူသား… ဒီဘုရင် အရေအတွက်နဲ့ မင်းကို အနိုင်မကျင့်ချင်ဘူး… ဒါပေမယ့် မင်းကို အသက်ရှင်လျက် ထားဖို့ကလည်း မဖြစ်နိုင်ပြန်သေးဘူး… ဒီတော့ မင်းကျင့်ကြံခြင်းကို ဖျက်ဆီးပြီးတော့ တောင်နဲ့မြစ်ခေါင်းလောင်းကို ထားခဲ့မယ်ဆိုရင် မင်းကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်…” ရှီဟွော့သည် တောင်နဲ့မြစ်ခေါင်းလောင်းအား လောဘတကြီးဖြင့် စိုက်ကြည့်နေရင်းမှ ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် အကြီးအကဲက ဖြတ်၍ပြောလိုက်လေ၏။ “သူ့ကျင့်ကြံခြင်းကိုဖျက်ဆီးလိုက်တာ သူ့ကိုသတ်လိုက်တာနဲ့ ဘာခြားတော့မလဲ ဆရာရှီဟွော့ရဲ့…”
ရှီဟွော့သည် အကြီးအကဲဘက်သို့လှည့်၍ ရေခဲတမျှ အေးစက်သည့်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “အကြီးအကဲ… ဒီဘုရင်ရဲ့သည်းခံနိုင်စွမ်းကို လာပြီး မစမ်းသပ်နဲ့နော်… ဒီဘုရင်သည်းခံနေတာ ကြာခဲ့ပြီ… ခင်ဗျား ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် ဒီဘုရင်ကို ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့…”
အကြီးအကဲက အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “သူက ကျုပ်တို့ကလန်ရဲ့ ဧည့်သည့်ပဲ… ဒီနေ့ သူ အခုလိုဖြစ်ရတာတွေအကုန်လုံးက ကျုပ်တို့ကြောင့်ပဲ… ဆရာရှီဟွော့… ဆရာ တစ်ခုခုလုပ်ချင်တယ်ဆိုရင် ကျုပ်တို့ကလန်ကိုပဲလုပ်… သူက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး…”
ရှီဟွော့က ညစ်ကျယ်ကျယ်ပြုံးရင်းမှ ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “ကောင်းပြီလေ… အကြီးအကဲက ကိုယ့်အမှားကိုယ် သိတယ်ဆိုမှတော့လည်း ဒီဘုရင်ကလည်း အကြီးအကဲကို လေးစားမှုဆိုတာဘာလဲ သိသွားအောင် သင်ပေးရတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် မာန်သွင်းအော်ဟစ်၍ ကျောက်တုံးဝိဉာဉ်ကလန်သားများနှင့် ဆင်တူသည့် မီတာနှစ်ဆယ်ခန့်မျှ အမြင့်ရှိသော ကျောက်ဘီဘူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလိုက်လေသည်။ သို့သော်ငြား ကျောက်တုံးဝိဉာဉ်ကလန်သားများနှင့် မတူသည်မှာ ရှီဟွော့၏ ကျောက်ဘီလူးကြီးသည် ပို၍ ရက်စက်ကြမ်းကြုတ်သည့် အပြင်ကိုမှ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးအား အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံထားခဲ့သည်။ ထို့အပြင် ရှီဟွော့၏ ခန္ဓာကိုယ်ပေါ်၌ အပြင်သို့ ထိုးထွက်နေသည့် ကျောက်ဆူးချွန်များလည်း ရှိနေပေသေးသည်။ ကျောက်ဘီလူးအသွင်သို့ ပြောင်းပြီးသည့်နောက်တွင် ရှီဟွော့သည် အကြီးအကဲဘက်သို့ လှည့်၍ စိန်ခေါ်လိုက်လေ၏။ “ခင်ဗျားတို့အကုန်လုံး တစ်ပြိုင်တည်းလာခဲ့… ဒီဘုရင်နဲ့ ခင်ဗျားတို့ ဘယ်လောက်ကွာခြားလဲဆိုတာကို ဒီဘုရင်ကိုယ်တိုင် ပြပေးမယ်…”
ကျောက်တုံးဝိဉာဉ်ကလန်သားတိုင်းသည် မွေးရာပါတိုက်ခိုက်ရေးသမားများ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် ရှီဟွော့မှ သူတို့အား အထင်အမြင်တသေးဖြင့် စိန်ခေါ်လာသည်ကိုမြင်သော် သည်းမခံနိုင်ကြတော့ဘဲ ဒေါမာန်တကြီးဖြင့် အော်ဟစ်လျက် အကြီးအကဲ၏ အမိန့်ကိုပင်လျှင် စောင့်မနေတော့ဘဲ ရှီဟွော့ဆီသို့ ပြေးဝင်သွားကုန်ကြလေသည်။
ထို့အတွက်ကြောင့် အကြီးအကဲမှာလည်း မတတ်သာတော့ဘဲ အံကိုကြိတ်၍ ရှီဟွော့ဆီသို့ ပြေးဝင်သွားကာ တိုက်ခိုက်ရတော့လေသည်။
ချက်ချင်းဆိုသလို ဧရာမကျောက်ဘီလူးကြီး ဆယ့်နှစ်ကောင်သည် အချင်းချင်း လုံးထွေးသတ်ပုတ်ကြတော့လေသည်။ တိုက်ပွဲကိုကြည့်ရသည်မှာ တောင်ဆယ့်နှစ်လုံး တစ်တောင်နှင့်တစ်တောင် ဝင်တိုက်နေသည်ဟုပင် ထင်မှတ်ရလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း မွန်းစတားဘုရင်များမှာတော့ အထိတ်ထိတ်အလန့်လန့် ဖြစ်နေကြလေသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးမှာ အလွန်ကိုမှ မြင်ရခဲလှသည်။ သူတို့ကိုယ်တိုင်သည်လည်း ကျောက်ဘီလူးများနှင့် တိုက်ခိုက်ခဲ့ဖူးသည့်အတွက်ကြောင့် ကျောက်ဘီလူးကြီးများ မည်မျှ ရင်ဆိုင်ရန် ခက်ခဲလှကြောင်းကို သိထားကြပေသည်။ သို့သော်ငြား ရှီဟွော့သည် ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံးကို သူတစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နေခြင်း ဖြစ်လေ၏။
“ဟား ဟား ဟား….” ရှီဟွော့က မောက်မာဝံ့ကြွားစွာဖြင့် အော်ရယ်မောလိုက်လေသည်။ သူ့ကိုယ်ထက်တွင် လောင်မြိုက်နေသော အနက်ရောင်မီးတောက်များမှာ ပို၍ အလျှံငြီးငြီး တောက်လောင်လာတော့လေသည်။
ဆယ့်တစ်ယောက် တစ်ယောက် တိုက်ခိုက်နေရပါသော်ငြား ကျောက်တုံးဝိဉာဉ်ကလန်သားများအဖို့ အရေးမသာခဲ့ရပေ။ သူတို့၏ တိုက်ခိုက်မှုများသည် ရန်သူဆီသို့ပင် မရောက်နိုင်ခဲ့။ ရောက်သွားသည့်အခါတွင်လည်း ရှီဟွော့၏ကိုယ်ထက်၌ ထိုးထွက်နေသော ဆူးချွန်များကြောင့် သူတို့သည်သာ ပြန်လည် ဒဏ်ရာရသွားခဲ့ကြရသည်။
“ဘုန်း…”
ရုတ်တရက် ရှီဟွော့၏ လက်သီးချက်ကြောင့် ကျောက်ဘီလူးတစ်ကောင် လွင့်စင်ထွက်လာခဲ့သည်။
ထိုကျောက်ဘီလူး ပြန်ထမလာနိုင်သေးခင်မှာပင် ဖန်းဝူသည် သူ့လက်ကိုမြှောက်လျက် ချိတ်စည်းတစ်ခုကို ထိုကျောက်ဘီလူးဆီသို့ ပစ်လွှတ်လိုက်လေ၏။
ရုန်းကန်နေသောကျောက်ဘီလူး မြေပြင်ပေါ်သို့ တမုဟုတ်ချည်း ဒူးထောက်ကျသွားခဲ့ပြီး မတ်တပ်ပင်မရပ်နိုင်တော့ပေ။
“သူ့ကိုဖမ်းထားလိုက်…” ဖန်းဝူက အမိန့်ပေးလိုက်လေသည်။
မွန်းစတားဘုရင်အချို့ ချက်ချင်း ပျံသန်းလာပြီး ချိတ်စည်း၏ ထိမှန်ခြင်း ခံထားရသော ကျောက်ဘီလူးအား ချက်ချင်း ဝိုင်းလိုက်ကြလေသည်။ မွန်းစတားဘုရင်များမှာ ၎င်းတို့၏မူလအသွင်ကို ပြောင်းလျက် ကျောက်ဘီလူးအား ပြန်မထနိုင်အောင် ဖိနှိပ်ထားကြသည်။
“ဝေါင်း…” ကျောက်ဘီလူးမှာ အသည်းအသန် ရုန်းကန်နေပါသော်ငြား ဖန်းဝူ၏ ချိတ်စည်း ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက် ၎င်း၏ခွန်အား ရှစ်ဆယ်ရာခိုင်နှုန်းမှာ ချိတ်ပိတ်ခြင်း ခံလိုက်ရလေရာ မွန်းစတားဘုရင်များ၏ ဖိနှိပ်မှုကို ပြန်လည်မတွန်းလှန်နိုင်တော့ဘဲ ငြိမ်ငြိမ်လေးသာ ဒူးထောက်နေရတော့လေ၏။
“ဘုန်း…”
နောက်ထပ်ကျောက်ဘီလူးတစ်ကောင် ထပ်မံလွင့်စင်လာပြန်လေသည်။ ဖန်းဝူသည် အစောပိုင်းကကဲ့သို့ပင် ထပ်လုပ်လိုက်သည်။ ချိတ်စည်းတစ်ခုကို ပစ်လွှတ်လိုက်ပြီးသည့်နောက် မွန်းစတားဘုရင်များအား ထိုကျောက်ဘီလူးကို
ဖိနှိပ်ဖမ်းချုပ်ထားရန် အမိန့်ပေးလိုက်လေသည်။
“ဘုန်း… ဘုန်း… ဘုန်း…”
ကျောက်ဘီလူးများ တစ်ကောင်ပြီးတစ်ကောင် လွင့်စင်ထွက်လာနေခဲ့လေသည်။ ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံးနှင့် ရင်ဆိုင်တိုက်ခိုက်နေရပါသော်ငြား ရှီဟွော့သည် အထက်စီးမှနေ၍ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း မွန်းစတားဘုရင်များမှာတော့ အလွန်ကိုမှ လေးစားအားကျနေမိကြလေသည်။
နတ်သားရဲလေးကောင်အနက် ကျောက်တုံးဝိဉာဉ်ကလန်သားများနှင့် ဤကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် နတ်သားရဲဆို၍ ရှီဟွော့တစ်ယောက်သာ ရှိပေလိမ့်မည်။ ရှီဟွော့မှလွဲ၍ ဖန်းဝူဖြစ်စေ လွမ်ဖုန်းဖြစ်စေ ချန်ကွော့ဖြစ်စေ မည်သူမှ ထိုသို့မလုပ်နိုင်ကြချေ။ အခြားသူများမဆိုထားနှင့် စစ်မှန်သော ရုပ်ခွန်အားခြင်း ယှဉ်ပြိုင်မည်ဆိုပါက နတ်အရှင်သုံးပါးသည်ပင်လျှင် ရှီဟွော့အား မယှဉ်နိုင်ပေ။ သို့သော်ငြား အမျိုးမျိုးသောနည်းလမ်းများကိုပါ ထည့်သွင်းလိုက်မည်ဆိုပါက ခွန်အားအရာတွင် လွမ်ဖုန်းသည် အားအကောင်းဆုံးဖြစ်ကာ ဖန်းဝူသည် ဒုတိယမှလိုက်၍ ချန်ကွော့နှင့် ရှီဟွော့တို့မှာ အဆင့်တူတွင်သာ ရှိကြလေသည်။
သို့သော်ငြား ရှီဟွော့၏ ကျောက်တုံးမွန်းစတားအသွင်သည် ကျောက်တုံးဝိဉာဉ်ကလန်၏ ကျောက်ဘီလူးအသွင်နှင့် ဆင်တူပေသည်။ ရှီဟွော့သည် ကျောက်တုံးဝိဉာဉ်ကလန်သားများကဲ့သို့ ထူထဲလှသော ကျောက်အရေပြားဖြင့် မွေးဖွားလာခဲ့ပါသော်ငြား သူ့တွင် ကျောက်တုံးဝိဉာဉ်ကလန်သားများ၌ မရှိသည့် မွန်းစတားမီးတောက် ထပ်ရှိနေခဲ့လေသည်။ ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်ကိုမှ ထက်ရှမာကြောလှသည့် ဆူးချွန်များနှင့် လွှမ်းခြုံနေသည့်အတွက်ကြောင့် အနီးကပ်တိုက်ခိုက်ရာတွင် အခြားသူများထက်ပို၍ အသာစီးရလေ၏။
သက်လုံပိုင်းနှင့် ခံနိုင်ရည်ပိုင်းအရ ဆိုလျှင်လည်း နတ်သားရဲရှီဟွော့သည် ကျောက်တုံးဝိဉာဉ်ကလန်နှင့် အဆင့်တူနီးပါးရှိပေသည်။
ခွန်အားအရဆိုလျှင်တော့ ရှီဟွော့သည် ကျောက်တုံးဝိဉာဉ်ကလန်သားများထက်ပင် ပို၍အားကောင်းနေပေသေးသည်။
လက်ရှိအချိန်တွင် ကျောက်တုံးဝိဉာဉ်ကလန်သားများမှာ တစ်ကလန်လုံး အတူပူးပေါင်း၍ တိုက်ခိုက်နေသည့်တိုင် ရှီဟွော့၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။
လက်ဖက်ရည်ခွက်တစ်ဝက်စာ မရှိတတ်သေးခင်မှာပင် ရန်ကိုင်၏ ကျောက်တုံးကိုယ်ပွားနှင့်တကွ ကျောက်တုံးဝိဉာဉ်ကလန်သားဆယ်ဦးစလုံးမှာ ရှီဟွော့၏ အမှောက်သိပ်ခြင်း ခံလိုက်ရလေ၏။ ကျောက်တုံးဝိဉာဉ်ကလန်သားအားလုံး လွင့်ထွက်သွားပြီးသည့်နောက်တွင် ဖန်းဝူသည် ချိတ်စည်းများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်ကာ မွန်းစတားဘုရင်များအား ထိုကျောက်ဘီလူးများကို ဖမ်းချုပ်ထားရန် အမိန့်ပေးလိုက်လေသည်။
ကျောက်တုံးဝိဉာဉ်တစ်ကောင်ချင်းစီသည် ရုန်းကန်အော်ဟစ်နေကြလေ၏။
ရှီဟွော့ကမူ ကောင်းကင်ထက်တွင် ဝဲလျက် မာနတစ်ခွဲသားဖြင့် အထက်စီးမှ ငုံ့ကြည့်နေခဲ့လေသည်။ နောက်ဆုံးတွင် သူ့အကြည့်သည် ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေသည်။
အစောပိုင်းက တိုက်ပွဲ၌ ရန်ကိုင်ဝင်မပါခဲ့ရခြင်းမှာ ဝင်မပါချင်သည့်အတွက်ကြောင့် မဟုတ်ဘဲ ဖန်းဝူ၏ ကောင်းကင်စိတ်အာရုံသည် သူ့အား တစ်ချိန်လုံး စောင့်ကြည့်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ တစ်ချက်ကလေးပင် လှုပ်ရှား၍မရခဲ့ပေ။
“ကောင်လေး… ဒီဘုရင် မင်းကို အခွင့်အရေးပေးခဲ့တယ်နော်… ဒါပေမယ့် မင်းက ကိုယ့်ကျင့်ကြံခြင်းကိုယ် မဖျက်ဆီးပစ်မှတော့ ဒီဘုရင်ကိုယ်တိုင်ပဲ မင်းကို မရဏကမ္ဘာဆီ ပို့ပေးရသေးတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရှီဟွော့သည် ရန်ကိုင်အား လက်သီးဖြင့် ထိုးချလိုက်လေ၏။
ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး တောင်နဲ့မြစ်ခေါင်းလောင်းအား ရိုက်ချလိုက်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းမှာ ရုတ်ချည်းဆိုသလို လူတစ်ရပ်စာမျှ ကြီးမားလာခဲ့ရလေသည်။ ထို့နောက်တွင် နားပင်းမတတ် ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရှီဟွော့၏ တိုက်ခိုက်မှုကို ထိပ်တိုက် သွားရောက်ရင်ဆိုင်လေ၏။
ရှီဟွော့က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မင်းသာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဆိုရင်တော့ ဒီဘုရင် မင်းလက်ထဲက ခေါင်းလောင်းကို ကြောက်ချင်ကြောက်ဦးမှာ… ဒါပေမယ့် မင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတယ်… မင်းခွန်အားလေးနဲ့ ခေါင်းလောင်းရဲ့စွမ်းအား ဘယ်လောက်များများကို ထုတ်သုံးနိုင်မှာမို့လို့လဲကွ…”
ရှီဟွော့သည် ခေါင်းလောင်း၏တိုက်ခိုက်မှုကို ရှောင်မည့်အရိပ်အယောင်ပင်မပြဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
“ဘုန်း…”
ခေါင်းလောင်းအသံလှိုင်းနှင့်အတွေ့တွင် ရှီဟွော့၏လက်သီးချက်မှာ ယာယီမျှ ရပ်တန့်သွားခဲ့ရပါသော်ငြား တစ်ခဏကြာပြီးသည့်နောက်တွင် ပိုမိုလျင်မြန်သည့် အမြန်နှုန်းဖြင့် ဆက်လက်တိုးဝင်လာကာ ခေါင်းလောင်းအား သွားရောက်ထိမှန်လေသည်။
ခေါင်းလောင်းသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့ပြီး ရှီဟွော့၏ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ကာ နောက်သို့ တရစပ် ဆုတ်သွားခဲ့ရလေသည်။
ရန်ကိုင်မှာတော့ အလွန်ပြင်းထန်သည့် အားတစ်ရပ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် သူ့ရင်ဘတ်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ရကာ သွေးများသည်ပင်လျှင် ပြောင်းပြန်စီးဆင်းလာချင်ခဲ့လေသည်။ မခံနိုင်တော့သည့်အဆုံး ပါးစပ်ကိုဟလျက် သွေးတစ်ပွက်ထိုးအန်ချကာ နောက်သို့ လွင့်စင်ထွက်သွားခဲ့ရလေ၏။
“ရှေးဟောင်းမှော်ရတနာတစ်ခု ဆိုတဲ့အတိုင်းပါပဲလား…” ရှီဟွော့သည် ဒေါသထွက်ရမည့်အစား ဝမ်းသာပျော်ရွှင်နေခဲ့လေသည်။ ထို့နောက် ရန်ကိုင်နှင့်အတူ လွင့်စင်ထွက်သွားသော တောင်နဲ့မြစ်ခေါင်းလောင်းအား လောဘတကြီးဖြင့် စိုက်ကြည့်လိုက်လေ၏။
ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးသည် တောင်နဲ့မြစ်ခေါင်းလောင်း၏ အကူအညီဖြင့် သူ၏တိုက်ကွက်ကို ခုခံနိုင်ခဲ့သည်။ သူသာ ထိုခေါင်းလောင်းကို ရယူနိုင်မည်ဆိုပါက နဂါးကလန်ကိုပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်ရဲသွားလေပြီ။