← Chapters

အခန်း (၂၅၉၃-၂၅၉၅)

Vol. 109 Ch. 2593-2595

အခန်း (၂၅၉၃-၂၅၉၅)

Vol. 109 Ch. 2593-2595

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၉၃) နတ်အရှင်များနှင့် အလဲအလှယ်

ဘာသာပြန်သူ_တိမ်တိုက်

ညစ်ပတ်ပေရေ စုတ်ပြတ်နေသော ရန်ကိုင် ပြန်ထလာခဲ့သည်။ သူ့မျက်လုံးများထဲ ထူးဆန်းသည့်အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးသည့်နောက် လက်ကွက်များကို အလျင်အမြန် ဖန်တီးလိုက်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ အရွယ်အစားမှာ ရန်ကိုင်၏ လက်ကွက်များနှင့်အတူ လျင်မြန်စွာ ကြီးမားလာခဲ့လေရာ မကြာမီ အိမ်တစ်လုံးအရွယ်အစားထိသို့ ရောက်ရှိသွားခဲ့လေသည်။

ထို့နောက်တွင် အလွန်တရာကိုမှ အားကောင်းလှသည့် ဖိနှိပ်စွမ်းအားကို ထုတ်ဖော်လျက် ရန်ကိုင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသော ရှီဟွော့တည့်တည့်သို့ ပျံသန်းသွားကာ အုပ်ချလိုက်လေ၏။

“သတိထား…” ထိုအချင်းအရာကိုမြင်သော် ချန်ကွော့၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရှီဟွော့အား သတိပေးလိုက်လေသည်။

ရှီဟွော့သည်လည်း မှင်တက်နေခဲ့လေသည်။ သူနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည့်တိုင် မည်သည့်ဒဏ်ရာမှ မရလောက်သည်အထိ ရန်ကိုင်၏ခန္ဓာကိုယ် အားကောင်းနေလိမ့်မည်ဟု ရှီဟွော့ကိုယ်တိုင်မှာလည်း မထင်ထားခဲ့ချေ။ သာမန်ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးသာဆိုလျှင်တော့ ရှီဟွော့၏ တိုက်ခိုက်မှုကို တိုက်ရိုက်မခံစားခဲ့ရသည့်တိုင် ဖြာထွက်လာသည့် စွမ်းအားလှိုင်းများကြောင့် အသက်ထွက်သွားလောက်ပေပြီ။

ခေါင်းလောင်းဆီမှ ဖြာထွက်နေသည့် ဖိနှိပ်စွမ်းအားကြောင့် ရှီဟွော့၏လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့ရသည်။ တောင်နဲ့မြစ်ခေါင်းလောင်း သူ့ပေါ်သို့ ကျဆင်းလာနေသည်ကိုမြင်သော် ရှီဟွော့သည် အလျင်စလို ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်ငြား နောက်ကျသွားခဲ့ရလေသည်။

“ဘုန်း…”

အကုန်လုံး၏ မျက်စိရှေ့မှောက်၌ ဧရာမ တောင်နဲ့မြစ်ခေါင်းလောင်းကြီးသည် ရှီဟွော့အား အပြည့်အဝ ဖုံးအုပ်လိုက်လေ၏။

“ဟား ဟား ဟား…” ရန်ကိုင်သည် အရူးတစ်ယောက်နှယ် အော်ဟစ်ရယ်မောရင်း ပါးစပ်တွင် ကပ်ပေနေသော သွေးများကိုသုတ်လျက် အော်ပြောလိုက်လေ၏။ “ခင်ဗျားက ကျုပ်ထက် ပိုအားကောင်းရင်ကောင်းလိမ့်မယ်… ဒါပေမယ့် ဒီသခင်လေးက ပိုပြီး ဉာဏ်ပြေးတယ်ကွ…”

ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့၏အမူအယာ သုန်မှုန်သွားခဲ့ကြသည်။

ရှေးဟောင်းကုန်းမြေ၏ နတ်အရှင်လေးပါးသည် တစ်ဦးကိုတစ်ဦး ကြည့်မရသလို အချို့သောနတ်အရှင်များကြား ရန်ငြိုးရန်စများပင် ရှိနေကြပါသော်ငြား နတ်အရှင်လေးပါးစလုံး၏ အနိမ့်အမြင့် ကံကြမ္မာသည် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်နေကြပေသည်။ နတ်အရှင်တစ်ပါး ဒုက္ခရောက်ပါက အခြားသောလူများလည်း ဒုက္ခရောက်ကြသည်သာ။ နတ်အရှင်တစ်ဦး ကောင်းစားလျှင်လည်း အခြားသောသူများလည်း ကောင်းစားကြရပေသည်။

ရန်ကိုင်၏တောင်နဲ့မြစ်ခေါင်းလောင်းအောက်ဝယ် ရှီဟွော့ ဖိနှိပ်ခံလိုက်ရသည်ကို မြင်ပြီးသည့်နောက် နတ်အရှင်သုံးပါးစလုံး၏ အမူအယာ မြင်မကောင်းအောင် မှုန်ကုပ်သွားခဲ့ကြလေသည်။ ရှီဟွော့သည် နတ်အရှင်များ၏မျက်နှာကို အိုးမဲသုတ်ခဲ့လေပြီ။ ရန်ကိုင်သည် ရှေးဟောင်းမှော်ရတနာအားကိုးဖြင့် ဤကဲ့သို့ လုပ်နိုင်ခဲ့ပါသော်ငြား အဆုံးတွင်မူ သူသည် ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နေသေးဆဲ။ နတ်အရှင်များ၏ အမြင်အရ ရန်ကိုင်ကဲ့သို့ ဧကရာဇ်ပထမအဆင့် လူသားတစ်ဦးသည် ပုရွတ်ဆိတ်တစ်ကောင်နှင့် မခြားချေ။ သို့သော်ငြား ရှီဟွော့သည် ထိုပုရွက်ဆိတ်တစ်ကောင်၏ ဖိနှိပ်ခြင်းခံခဲ့ရသည်။ ဤသည်မှာ နတ်အရှင်များအတွက် မျက်နှာပျက်စရာပင်။

“ဘုန်း… ဘုန်း… ဘုန်း…”

ရုတ်တရက်ဆိုသလို ကျယ်လောင်သည့် ခေါင်းလောင်းသံများနှင့်အတူ ဒေါသတကြီး ဟိန်းဟောက်သံများ တောင်နဲ့မြစ်ခေါင်းလောင်း၏ အတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့သည်။ ရှီဟွော့မှာ ဒေါမာန်တကြီးဖြင့် ခေါင်းလောင်းအား တိုက်ခိုက်နေခဲ့လေပြီ။

သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖိနှိပ်နိုင်စွမ်းမှာ သူမတူအောင်ကို အစွမ်းထက်လှလေရာ ဖီးနစ်မီးတောက်သည်ပင်လျှင် တောင်နဲ့မြစ်ခေါင်းလောင်းအောက်၌ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ဖိနှိပ်ခံခဲ့ရလေသည်။ ထိုသို့ဖြစ်လေရာ ရှီဟွော့သည် နတ်သားရဲတစ်ကောင်ပင် ဖြစ်လင့်ကစား ခေါင်းလောင်းအောက်မှ မည်သို့မှ မရုန်းထွက်နိုင်ခဲ့ပေ။ ထို့အစား သူ၏ အရူးတစ်ပိုင်းတိုက်ခိုက်မှုများကြောင့် အနီးအနားတစ်ဝိုက်တွင် ရှိနေသော မွန်းစတားဘုရင်များမှာ အသံလှိုင်းများ၏ ရိုက်ခတ်ခြင်း ခံရကာ ပြဿနာပေါင်းစုံနှင့် ကြုံတွေ့ရကုန်ကြတော့သည်။ ခေါင်းလောင်းသံများ၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက် မွန်းစတားဘုရင်များ၏ အမူအယာ မသက်မသာ ဖြစ်ကုန်ကြလေသည်။ မွန်းစတားဘုရင်များထဲ၌ အားအနည်းဆုံးဖြစ်သော ဟုလီနှင့် ဒဏ်ရာရထားသော တုတ်ခိုင်ထွားကျိုင်းသည့် ဘုရင်ချုပ်တို့ဆိုလျှင် သွေးများပင် အသီးသီး ထိုးအန်ကုန်ကြလေ၏။ သူတို့၏မျက်နှာများမှာ စာရွက်ဖြူများနှယ် ဖြူလျော်နေကုန်ကြလေပြီ။

ခေါင်းလောင်းထဲတွင် ပိတ်လှောင်ထားခံရသည့် ရှီဟွော့မှာလည်း အခြေအနေမဟန်ခဲ့ပေ။ အခြားသူများမှာ ပျံ့လွင့်လာသော ခေါင်းလောင်းသံများကို ခံစားနေရချိန် ရှီဟွော့သည် ခေါင်းလောင်းအထဲတွင် ရှိနေသည့်အတွက်ကြောင့် အသံလှိုင်း၏ အနီးကပ်ရိုတ်ခတ်သည့်ဒဏ်ကို ခံစားခဲ့ရသည်။ ရှင်းရှင်းပြောရလျှင် ရှီဟွော့ခံစားရသည့်ဒဏ်မှာ အပြင်းဆုံးဖြစ်သည်ဟုပင် ပြောနိုင်၏။

“ရှီဟွော့ ရပ်လိုက်တော…” ဖန်းဝူက အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။ ရှီဟွော့သည်လည်း တစ်ခုခုမှားယွင်းနေပြီမှန်း သတိပြုမိလောက်ပေသည်။ ထို့အတွက်ကြောင့် ထိုစကားကိုကြားပြီးသည့်နောက် အရူးတစ်ယောက်နှယ် ဆက်၍ တိုက်ခိုက်မနေတော့ချေ။ ဒေါမာန်တကြီးဖြင့်သာ ကြိတ်၍ အံကြိတ်နေခဲ့သည်။ လက်ရှိတွင် ရှီဟွော့သည် အလွန်တရာကိုမှ ဒေါသထွက်နေသည့် သားရဲကြီးတစ်ကောင်နှယ် အဆက်မပြတ်ကို နှာမှုတ်နေလေ၏။

ရန်ကိုင်၏ ဖိနှိပ်ခြင်း ခံလိုက်ရပြီးသည့်နောက် ရှီဟွော့စိတ်ထဲ မိုးမီးလောင်သွားခဲ့ရကာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည့် မီးတောင်ရှင်တစ်လုံးနှယ် ဖြစ်လာတော့လေသည်။

“ကောင်လေး… မင်းသတ္တိက မသေးပါလား…” ဖန်းဝူသည် ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လျက် ပြောလိုက်လေသည်။ “ရှီဟွော့ကို ထုတ်ပေးလိုက်… မဟုတ်ရင် မင်းသေရမယ်…”

ရန်ကိုင်ကမူ ပြုံးသာ ပြန်ပြုံးပြလိုက်သည်။ ခက်ခက်ခဲခဲဖြင့် ထရပ်လိုက်ပြီးသည့်နောက် ဖန်းဝူအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “နတ်အရှင်သတ်ချင်တယ်ဆိုရင်လည်း လာသတ်လိုက်ပေါ့… ဒီသခင်လေးလည်း နတ်အရှင်တို့အကြည့်အောက်ကနေ ထွက်ပြေးနိုင်တော့တာမှမဟုတ်တာ… ဒီတော့ ထွက်ပြေးတော့မှာမဟုတ်ဘူး…”

“မင်း သေမှာကိုမကြောက်ဘူးလား…” ဖန်းဝူက အေးစက်စက်လေသံဖြင့် မေးလိုက်လေသည်။

ရန်ကိုင်သည် ဖန်းဝူအား အေးစက်စက်မျက်နှာထားဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “နတ်အရှင်တို့အတွက် ကျုပ်ကိုသတ်ဖို့ကတော့ လွယ်မှာပေါ့… ဒါပေမယ့် နတ်အရှင်တို့ ကျုပ်ကို သတ်လိုက်မယ်ဆိုရင် ရှီဟွော့ ဒီခေါင်းလောင်းအောက်မှာပဲ တစ်သက်လုံး ပိတ်မိသွားတော့မှာ သနားစရာပဲ… တစ်နေ့နေ့ကျရင်တော့ ကျုပ်လိုလူတစ်ယောက်ပေါ်လာပြီး တောင်နဲ့မြစ်ခေါင်းလောင်းကို ထိန်းချုပ်ပြီးတော့ ရှီဟွော့ကို လွှတ်ပေးရင်လွှတ်ပေးမှာပေါ့… ဒါပေမယ့် တစ်ခဏလေးအတွင်းတော့ ဖြစ်နိုင်ဦးမှာ မဟုတ်သေးဘူး…”

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် နတ်အရှင်များ မျက်နှာပျက်သွားကုန်ကြလေသည်။

ရန်ကိုင် အမှန်ပြောနေခြင်းမှန်း လူတိုင်းသိကြသည်။ တောင်နဲ့မြစ်ခေါင်းလောင်း ရှေးဟောင်းကုန်းမြေထဲတွင် တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီခဲ့လေသည်။ ရှေးဟောင်းကုန်းမြေထဲရှိ ဒေသခံပေါင်းများစွာသည် တောင်နဲ့မြစ်ခေါင်းလောင်းအား ထိန်းချုပ်ရန် ကြိုးစားခဲ့ပါသော်ငြား မအောင်မြင်ခဲ့ပဲ အဆုံးတွင် ယွမ်တင်းဟုခေါ်သော လူသားတစ်ဦးမှ တောင်နဲ့မြစ်ခေါင်းလောင်းအား ရှေးဟောင်းကုန်းမြေထဲမှ ထုတ်ယူသွားခဲ့လေသည်။

ဤသည်မှာ ရှေးဟောင်းကုန်းမြေထဲတွင် နေထိုင်ကြသော ဒေသခံများအတွက် မျက်နှာပျက်စရာပင်။

ယနေ့တွင် သူတို့သည်သာ ရန်ကိုင်အား သတ်လိုက်မည်ဆိုပါက ရန်ကိုင်ပြောသလို ဖြစ်လာရပေလိမ့်မည်။ ရှီဟွော့သည် တောင်နဲ့မြစ်ခေါင်းလောင်းအောက်ဝယ် တစ်သက်လုံး ပိတ်မိသွားရပေတော့မည်။

လွမ်ဖုန်းသည် မျက်လုံးမှေးစင်းလျက် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။ “ကောင်လေး… နင့်အသက်က ငယ်ငယ်လေးပဲရှိသေးတာကို ဘာဖြစ်လို့ သေမယ်ဆိုတဲ့စကားကို ဒီလောက်လွယ်လွယ်နဲ့ ပြောထွက်နေရတာလဲ… ရှီဟွော့ကိုလွှတ်ပေးလိုက်… ကျန်တာ ငါတို့ ဆက်ဆွေးနွေးလို့ရတယ်…”

ရန်ကိုင်က လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည်။ “ကျုပ် ထွက်သွားမယ်လုပ်တုန်းကတော့ နတ်အရှင်တို့ပဲ ကျုပ်ကို မသွားနိုင်အောင် လုပ်ကြတာ မဟုတ်ဘူးလား… အခုကြမှ ဘာတွေဆွေးနွေးမယ် ပြောနေကြတာလဲ… နတ်အရှင်တို့ရဲ့စကားကို ဒီသခင်လေး သိပ်မယုံချင်ဘူး…”

ထိုစကားကိုကြားသော် ဖန်းဝူနှင့် လွမ်ဖုန်းတို့၏မျက်နှာ ပို၍ သုန်မှုန်သွားကုန်ကြလေသည်။

လွမ်ဖုန်းသည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် မေးလိုက်လေသည်။ “အဲ့ဒါဆိုရင် ဘယ်လိုလုပ်မှ ယုံမှာလဲ…”

ရန်ကိုင်က မျက်ခုံးပင့်လျက် ဘယ်နှင့်ညာဘက်ဆီသို့ အသီးသီးဝေ့ကြည့်လိုက်ရင်း ပြောလိုက်လေသည်။ “ကျုပ်ကို ကျောက်တုံးဝိဉာဉ်ကလန်သားတွေကို အရင်ခေါ်သွားခွင့်ပေး… ဒီနေရာကနေ မိုင်တစ်ထောင်လောက်အကွာကိုရောက်ရင် တောင်နဲ့မြစ်ခေါင်းလောင်းကို ပြန်ယူပြီးတော့ ရှီဟွော့ကိုလွှတ်ပေးမယ်… အဲ့လိုမှပဲ ကျုပ် ခင်ဗျားတို့ပြောတာကို ယုံနိုင်လိမ့်မယ်…”

နတ်အရှင်များနှင့်သာ မိုင်တစ်ထောင်လောက် ဝေးကွာနေပါက ရန်ကိုင်အနေဖြင့် ကျောက်တုံးဝိဉာဉ်ကလန်သားများကိုခေါ်၍ ဤနေရာမှ ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိပေသည်။

ဖုန်းဝူက ပြန်၍ပြောလိုက်လေ၏။ “မင်းတောင်းဆိုတာ လွန်တယ်လို့ မထင်ဘူးလား… မင်းတစ်ယောက်တည်း ထွက်သွားချင်တယ်ဆိုရင်တောင် ဒီဘုရင်က စဉ်းစားပေးဦးမယ်… ဒါပေမယ့် ကျောက်တုံးဝိဉာဉ်ကလန်သားတွေကို ဘာလို့ ဆွဲခေါ်သွားချင်နေရတာလဲ…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရှင်းရှင်းပြောရရင် ဒီနေရာမှ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးနဲ့ ဘုရင်ချုပ်ရှစ်ပါးရှိတယ်… ကျောက်တုံးဝိဉာဉ်ကလန်သားတွေကို နတ်အရှင်တို့ရဲ့လက်အောက်ကို ထပ်ပြီး သွတ်သွင်းလိုက်တယ်ဆိုတာ အချိုပေါ် သကာလောင်းနေသလိုပဲ… ဘာမှထူးမသွားဘူး… ပြီးတော့ မမှည့်ပဲခူးတဲ့ဖရဲသီးတွေက ချိုတာမှမဟုတ်တာ… နတ်အရှင်တို့က ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာချင်နေရတာလဲ… ကျောက်တုံးဝိဉာဉ်ကလန်သားတွေကို ခင်ဗျားတို့အပေါ် သစ္စာရှိလာဖို့ အတင်းတွန်းအားပေးနေမဲ့အစား သူတို့ကိုလွှတ်ပေးလိုက်တာ ပိုပြီးတော့ မကောင်းဘူးလား… အဲ့ဒါဆိုရင် ကျောက်တုံးဝိဉာဉ်ကလန်က အကြီးအကဲကလည်း ခင်ဗျားတို့ကို ကျေးဇူးတင်သွားမှာ… နတ်အရှင်တို့သာ တစ်နေ့နေ့ ပြဿနာတစ်ခုခုနဲ့ ကြုံရရင် သူတို့ ကျိန်းသေ လာကူညီကြမှာ…”

ဖန်းဝူက အထင်အမြင်တသေးဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်လိုလူမျိုးက ဘယ်လိုအန္တရာယ်မျိုးနဲ့ ကြုံနိုင်မှာမို့လို့လဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ဘဝဆိုတာ ခန့်မှန်းလို့ရတာမဟုတ်ဘူး နတ်အရှင်ရဲ့… ဒီလောကကြီးမှာ တစ်သက်လုံးမြဲတယ်ဆိုတဲ့အရာ ဘယ်အရာမှမရှိဘူး… မမြဲခြင်းဆိုတဲ့တရားကို နတ်အရှင် နားမလည်တာလား…”

“မင်း တကယ် ဒီလိုလုပ်ရမှဖြစ်မှာလား…” ဖန်းဝူ၏မျက်နှာမှာ တဖြည်းဖြည်းနှင့် အေးစက်လာခဲ့လေသည်။

ရန်ကိုင်ကမူ ဘာမျှပြန်မပြောခဲ့‌။ ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့သည် ကောင်းကင်စိတ်အာရုံဖြင့် တီးတိုးဆွေးနွေးနေကြလေသည်။

ရန်ကိုင်မှာ အပေါ်ယံတွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေပါသော်ငြား သူ့စိတ်ထဲတွင်တော့ ကုလားဘုရားလှည့်သည့်နှယ် ရင်တဒိန်းဒိန်း ခုန်နေခဲ့လေသည်။

လက်ရှိတွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအားကိုးဖြင့် ရှီဟွော့ကို ဖိနှိပ်လျက် နတ်အရှင်သုံးပါးကို အကြပ်ကိုင်နေပါသော်ငြား နတ်အရှင်သုံးပါးသည်သာ ရှီဟွော့၏အသက်ကို ဂရုမစိုက်ခဲ့ပါက ရန်ကိုင် ပြဿနာအကြီးကြီး တက်ရပေလိမ့်မည်။ သူ့အတွက် မျှော်လင့်ချက်မှာ အလွန်တရာကိုမှ နည်းပါးလှသည်။ သို့သော်ငြား မတိုက်ခိုက်ဘဲ လက်လျှော့လိုက်ခြင်းထက်စာလျှင် ပို၍ ကောင်းပေသေးသည်။

ရန်ကိုင်စိတ်ထဲ တွေးပူနေစဉ်မှာပင် ဖန်းဝူသည် အခြားသော နတ်အရှင်နှစ်ပါးနှင့် သဘောတူညီချက် ရလိုက်သည့်အလား ရန်ကိုင်ဆီသို့ ပြန်၍စိုက်ကြည့်လာခဲ့သည်။

ရန်ကိုင်၏စိုးရိမ်မှုတို့ ငယ်ထိပ် ဆောင့်တက်သွားခဲ့ရလေသည်။

“ဒီဘုရင်…” ဖန်းဝူက မျက်နှာသေဖြင့် ပြောလိုက်သည်။ “မင်းပြောတာကို သဘောတူတယ်…”

ထိုစကားကိုကြားလိုက်သည့်အခါမှသာ ရန်ကိုင် သက်ပြင်းချနိုင်တော့လေသည်။

ဖန်းဝူသည် နတ်အရှင်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောပြီးသည့်နောက်တွင် သူ့ဂုဏ်သိက္ခာပျက်ပြားမည်ကို စိုးရိမ်ကာ သူ့စကားအား ပြန်ရုတ်သိမ်းလိမ့်မည် မဟုတ်ပေ။

“ဒါပေမယ့်…” ဖန်းဝူ ထပ်ပြောလာသည့်စကားကြောင့် ရန်ကိုင် ရင်တဒိန်းဒိန်း ခုန်သွားခဲ့ရသည်။ “ဒီဘုရင်မှာလည်း တောင်းဆိုချက်တစ်ခုရှိတယ်…”

ရန်ကိုင်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်မေးလိုက်လေသည်။ “ဘာတောင်းဆိုချက်လဲ…”

“ဒီခေါင်းလောင်းပဲ…” ဖန်းဝူသည် တောင်နဲ့မြစ်ခေါင်းလောင်းကိုညွှန်ပြ၍ ပြောလိုက်လေ၏။ “ဒီခေါင်းလောင်းကို ဒီမှာထားခဲ့ရမယ်…”

တောင်နဲ့မြစ်ခေါင်းလောင်းသည် အလွန်တရာကိုမှ အန္တရာယ်များလွန်းလှလေသည်။ နတ်အရှင်များမှာ တောင်နဲ့မြစ်ခေါင်းလောင်းအား မထိန်းချုပ်နိုင်ကြပေ။ တောင်နဲ့မြစ်ခေါင်းလောင်းသည်သာ အပြင်လူများ၏လက်ထဲသို့ ရောက်သွားပါက သူတို့အတွက် အန္တရာယ်ရှိလာနိုင်ပေသည်။ ရန်ကိုင်မှ ဧကရာဇ်ပထမအဆင့်သာ ရှိပါသေးသော်ငြား ရှီဟွော့အား တောင်နဲ့မြစ်ခေါင်းလောင်း၏ အကူအညီဖြင့် ဖိနှိပ်နိုင်သည်ကို ကြည့်လျှင် သိနိုင်ပေသည်။

ရန်ကိုင်နေရာတွင်သာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသာလျှင် ဆိုပါက သူတို့လေးဦးစလုံး တောင်နဲ့မြစ်ခေါင်းလောင်းအောက် ပိတ်လှောင်ခြင်း ခံရနိုင်ပေသည်။ ထို့အတွက်ကြောင့် မည်သို့ပင် ဖြစ်နေစေကာမူ တောင်နဲ့မြစ်ခေါင်းလောင်းသည် ဤနေရာတွင်သာ ရှိနေရပေလိမ့်မည်။ သူတို့မယူနိုင်လျှင်ပင် အခြားသူများလည်း ယူခွင့်မရှိပေ။

ရန်ကိုင် မျက်လုံးများပြူးကျယ်သွားခဲ့ပြီး အံကြိတ်လျက် ပြန်ပြောလိုက်လေသည်။ “နတ်အရှင်… ခင်ဗျားတောင်းဆိုတာ အရမ်းလွန်သွားပြီလို့ မထင်ဘူးလား…”

ဖန်းဝူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “မင်းကပဲ ငါတို့သတ်မှတ်ထားတဲ့ သွေးတံခါးတားမြစ်နေရာကို ကျူးကျော်ဝင်ရောက်လာတာ… ဒီဘုရင် မင်းကို ထွက်သွားခွင့်ပေးပြီး အသက်ရှင်ခွင့်ပေးတာကိုတောင် ကျေးဇူးတင်သင့်နေပြီ… ထပ်လာပြီး အထွန့်တက်မနေတော့…”

လွမ်ဖုန်းကလည်း ဝင်ပြောလိုက်လေသည်။ “ပြီးတော့ မှော်ရတနာတစ်ခုဆိုတာ အပြင်ပစ္စည်းတစ်ခုသာသာပဲလေ… နင့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှ မဟုတ်တာ… ဒီတော့ ခေါင်းလောင်းအတွက်နဲ့ အသက်အများကြီးကို လဲလှယ်ရတာ တန်တယ်လို့ နင်မထင်ဘူးလား…”

ချန်ကွော့ကလည်း ယဲ့ယဲ့လေးပြုံးကာ ဝင်ပြောလိုက်ပြန်လေသည်။ “ပြီးတော့ ဒီခေါင်းလောင်းက အစကတည်းက ရှေးဟောင်းကုန်းမြေက ပိုင်တဲ့ဟာကြီး… မင်းအခုလိုလုပ်တာက မူလပိုင်ရှင်ဆီ ပြန်ပေးလိုက်တာနဲ့ အတူတူပဲလေ… မင်းဘက်က ဘာတွေများ ပဲ့ပါဆုံးရှုံးသွားရလို့တုန်း…”

“ဟုတ်တယ်…” ဖန်းဝူက ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်မှာ နတ်အရှင်သုံးပါး၏ မျက်လုံးများကိုကြည့်ရင်း ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်လိုက်လေသည်။ မည်သူမျှ တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားအကြောင်းကို သူ့ထက်ပို၍မသိကြပေ။ ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ရရန်အတွက် ကြယ်ပျက်ပင်လယ်ထဲတွင် တစ်နှစ်မျှ အချိန်ယူခဲ့ရသည်။ ယခု နတ်အရှင်များပြောသည့်အတိုင်း တောင်နဲ့မြစ်ခေါင်းလောင်းအား ထားခဲ့ရမည်ဆိုပါက ကြယ်ပျက်ပင်လယ်ထဲတွင် သူကုန်ဆုံးခဲ့ရသည့် အချိန်တစ်နှစ်တာမှာ အချီးနှီး ဖြစ်သွားရပေလိမ့်မည်။ ထို့အပြင် သူ၏ အကြီးမားဆုံးသော ဝှက်ဖဲတစ်ခုကိုလည်း ဆုံးရှုံးသွားရပေလိမ့်မည်။

သို့ရာတွင် လွမ်ဖုန်းပြောသည်မှာလည်း မှန်ပေသည်။ မှော်ရတနာများသည် ပြင်ပပစ္စည်းများသာ ဖြစ်ကြပြီး ခန္ဓာကိုယ်အစိတ်အပိုင်းမဟုတ်ကြပေ။ သူ့အသက်၊ ကျောက်တုံးဝိဉာဉ်ကလန်၏ အနာဂတ်နှင့် ယှဉ်လိုက်သော် ဤအလဲအလှယ်သည် တကယ်ကိုတန်သည်ဟု ပြော၍ရသည်။

အရေးအကြီးဆုံးအချက်မှာ ရန်ကိုင်တွင် ရွေးချယ်စရာမရှိခြင်းပင်။ သူသာ သဘောမတူပါက ရှီဟွော့အနေဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းထဲမှ ထွက်လာနိုင်လိမ့်မည် မဟုတ်ပါသော်ငြား သူ့အတွက် အလွန်ကိုမှ အန္တရာယ် များသွားရနိုင်ပေသည်။ ကျောက်တုံးဝိဉာဉ်ကလန်၏ အနာဂတ်မှာလည်း စိုးရိမ်စရာများနှင့် ပြည့်နေရပေတော့မည်။

“ကောင်းပြီလေ…” ရန်ကိုင်က သဘောမတူချင်တူချင်ဖြင့် တူလိုက်လေ၏။ “တောင်နဲ့မြစ်ခေါင်းလောင်းကို ဒီမှာထားခဲ့ပေးလို့ရတယ်… ဒါပေမယ့် အနှေးနဲ့အမြန် ဒီသခင်လေးကိုယ်တိုင် ပြန်လာယူမှာ…”

ချန်ကွော့က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “ကြွားတတ်မှလည်း ကြွားစမ်းပါကွာ…”

ရန်ကိုင်၏အရည်အချင်းမှာ အတော်လေးကိုမှ ကောင်းမွန်လှမှန်း သူသိပေသည်။ ရန်ကိုင်တွင် ဧကရာဇ်တတိယအဆင့်သို့ ရောက်နိုင်ချေပင် ရှိပေသေးသည်။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းသည်သာ သူတို့၏လက်ထဲသို့ ရောက်လာမည်ဆိုပါက ရန်ကိုင်အနေဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းအား ပြန်ယူလိုသော် ပထမဦးစွာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန် လိုအပ်ပေသည်။

ဖန်းဝူကမူ ရန်ကိုင်စကားကို ခေါင်းထဲမထည့်ပဲ ခေါင်းတခါခါဖြင့် ပြုံးကာ ပြောလိုက်လေ၏။ “သဘောတူတယ်ဆိုမှတော့ ခေါင်းလောင်းကနေ မင်းဝိဉာဉ်အမှတ်အသားကို ဖယ်လိုက်ပေတော့… မလှိမ့်တပတ်လာလုပ်မယ် မစဉ်းစားနဲ့နော်… ဒီဘုရင်ကိုယ်တိုင် မင်းကို စောင့်ကြည့်နေမှာ… ငါတို့ကို လှည့်စားကြိုးစားနေမှန်း တွေ့သွားပြီဆိုရင်တော့ ဒီဘုရင်ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့…”

“နတ်အရှင်… ခင်ဗျား လာနောက်နေတာလား…” ရန်ကိုင်က ပြန်အော်ပြောလိုက်လေသည်။ “ကျုပ်ဝိဉာဉ်အမှတ်အသားကို ဖယ်လိုက်တာနဲ့ ရှီဟွော့ထွက်လာပြီး ကျုပ်ကိုသတ်မှာပေါ့…”

ထိုစကားကိုကြားသော် လွမ်ဖုန်းကပြုံးလျက် ပြန်ပြောလိုက်လေ၏။ “နင်က တော်တော်သတိကြီးတာပဲ… ဒါပေမယ့် စိတ်မပူနဲ့… ငါတို့သုံးယောက်စလုံး ဒီမှာရှိတယ်… ရှီဟွော့ နင့်ကို အဲ့လိုလုပ်ရဲမှာမဟုတ်ဘူး…”

ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့ကိုယ်တိုင် သူ့ကို မကျိန်ဆိုခိုင်းသရွေ့ ကျုပ်ကတော့ ယုံမှာမဟုတ်ဘူး…”

ဖန်းဝူနှင့် အခြားသူများ၏မျက်နှာ သုန်မှုန်သွားခဲ့ကြလေသည်။ ယခုတစ်ကြိမ်လွန်သည့်လူမှာ ရန်ကိုင်ဖြစ်သည်ဟုသာ သူတို့ထင်သွားကြသည်။ သူတို့၏အဆင့်အတန်းအရ ဘာကြောင့်များ ကိုယ့်ကတိကိုယ် မတည်စရာအကြောင်း ရှိမည်နည်း။ သို့သော်ငြား ဤကောင်စုတ်လေးမှာမူ အမျိုးမျိုးသော အကြောင်းပြချက်များကို ပေး၍ သူတို့ပြောသည့်အတိုင်း လုပ်ရန် ငြင်းဆန်နေခဲ့လေသည်။

ချက်ချင်းဆိုသလို တောင်နဲ့မြစ်ခေါင်းလောင်းထဲမှ ရှီဟွော့၏ ဒေါမာန်တကြီးအော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “ခွေးကောင်လေး… ဒီဘုရင်ကို ကျိန်ဆိုခိုင်းရဲလောက်အောင် မင်းကဘာကောင်မို့လို့လဲကွ…”

ရန်ကိုင်က မျက်နှာသေဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားမှာသာ မကောင်းတဲ့ရည်ရွယ်ချက်မရှိရင် ဘာလို့ ကျိန်ဆိုဖို့ကို တွန့်ဆုတ်နေရမှာလဲ… ဆရာရှီဟွော့က အဲ့ထဲကနေ လွတ်လာတာနဲ့ ကျုပ်ကိုသတ်ဖို့ ကြိုးစားနေတာမလား… အဲ့လိုဆိုမှတော့လည်း အဲ့ခေါင်းလောင်းထဲမှာပဲ တစ်သက်လုံး နေလိုက်တော့ပေါ့… ဂျူနီယာသေရမယ်ဆိုရင်တောင် ဆရာရှီဟွော့ကို လုံးဝ လွှတ်မပေးဘူး…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၉၄) ကတိမတည်ခြင်း

ဘာသာပြန်သူ_တိမ်တိုက်

“မင်း ဒီဘုရင်ကို ဒေါသထွက်အောင် လာလုပ်နေတာပဲ…” ရှီဟွော့၏ ဒေါမာန်တကြီးအော်ဟစ်သံ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ရှီဟွော့သည် ခေါင်းလောင်းအား လက်သီးဖြင့် တဒုန်းဒုန်းထုနှက်ရင်းမှ “ခွေးကောင်လေး… ဒီဘုရင်ကို အပြင်ကို လွတ်မလာစေနဲ့ပေါ့ကွာ… မဟုတ်ရင်တော့ မင်း သေပြီသာမှတ်ပေတော့…”

ရှီဟွော့မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့၏မျက်နှာများ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားကုန်ကြလေသည်။

ယခုလေးတင် ရန်ကိုင်သည် ရှီဟွော့ထွက်လာပြီးသည့်နောက် သူ့အား လာပြဿနာရှာမည်ကို စိုးရိမ်သည်ဟုပြောခဲ့သည်။ ယခု ရှီဟွော့ကိုယ်တိုင်ကလည်း သူ အပြင်သို့လွတ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား သတ်မည်ဟု ခြိမ်းခြောက်ခဲ့လေသည်။ ထို့အပြင် သူ့လေသံကို ကြည့်ရသလောက် ရန်ကိုင်အား မသတ်နိုင်သေးသရွေ့ စားဝင်အိပ်ပျော်မည့်ပုံမပေါ်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဦးနှောက်မရှိသည့် လူသည်သာ ဤကဲ့သို့ ပြောပေလိမ့်မည်။

“ရှီဟွော့… တော်လိုက်ပေတော့…” လွမ်ဖုန်းက အော်ပြောလိုက်လေသည်။

ရန်ကိုင်သည် ကြောက်လန့်တကြားဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းအား ညွှန်ပြရင်းမှ ပြောလိုက်လေသည်။ “နတ်အရှင်တို့လည်းကြားလိုက်တယ်မလား… သူအဲ့လိုဖြစ်နေတာကို ကျုပ်ဝိဉာဉ်အမှတ်အသားကို ဘယ်လိုလုပ်ပြီး ဖယ်ပေးရဲတော့မှာလဲ… ဒီဂျူနီယာရဲ့အသက်က အများကြီးမတန်ပေမဲ့ အချီးနှီးတော့ မသေချင်ပါဘူး…”

ဖန်းဝူသည် ရန်ကိုင်ကိုကြည့်လျက် မျက်နှာသေဖြင့် ပြောလိုက်လေသည်။ “ရှီဟွော့က အရမ်းခေါင်းမာတာ… သူ့ကိုကျိန်ဆိုခိုင်းလို့တော့ ရမှာမဟုတ်ဘူး… ဒီတော့ အဲ့ကိစ္စကို မေ့လိုက်တော့… ဒါပေမယ့် သူထွက်လာပြီးတာနဲ့ မင်းကို လာပြဿနာမရှာစေရဘူးလို့ ငါ အာမခံတယ်…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားက ခင်ဗျား သူကသူလေ… သူ့စိတ်ထဲဘာတွေးနေလဲဆိုတာကို ခင်ဗျားသိနိုင်မှာမှမဟုတ်တာ…”

ဖန်းဝူသည် တောင်နဲ့မြစ်ခေါင်းလောင်းအား ကြည့်လျက် အော်ပြောလိုက်လေ၏။ “ရှီဟွော့… သူ့ကိုပြောလိုက်…”

တောင်နဲ့မြစ်ခေါင်းလောင်း ရုတ်ချည်း တိတ်သွားခဲ့သည်။ မကြာမီ ရှီဟွော့၏ တုံ့ဆိုင်းနေသည့်အသံ ထွက်ပေါ်လာခဲ့လေသည်။ “ကောင်းပြီ… ဒီဘုရင် အဲ့ခွေးကောင်လေးနဲ့ ဆက်ငြင်းမနေတော့ဘူး…”

“ဒီလောက်ဆိုရပြီလား…” ဖန်းဝူသည် ရန်ကိုင်အား ထပ်ကြည့်လာလျက် ပြောလိုက်လေသည်။

ရန်ကိုင်က အားတင်းပြုံးလျက် ပြန်ပြောလိုက်သည်။ “စကားတွေက ယုံရတာမဟုတ်ဘူးလေ… တကယ့်တကယ် ပြဿနာဖြစ်လာလို့ရှိရင် ပြောထားတဲ့ကတိတွေက ဘာလုပ်ပေးနိုင်မှာမို့လို့လဲ… အရင်ဆုံး ဘာဖြစ်လို့ ကျုပ်နဲ့ ကျောက်တုံးဝိဉာဉ်ကလန်သားတွေကို မိုင်တစ်ထောင်လောက်အကွာဆီ…”

“လုံးဝမရဘူး…” ဖန်းဝူက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ “ဒီဘုရင်ရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုလို့ရှိရင် ရှီဟွော့ကို မင်း အဲ့မှာ တစ်သက်လုံး ပိတ်ထားလိုက်လို့ရတယ်… ဒါပေမယ့် မင်းလည်း ဒီနေရာမှာပဲ တစ်သက်လုံး နေသွားရလိမ့်မယ်…”

ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်အတွက်ကြောင့် သူ့အား မိုင်တစ်ထောင်အကွာသို့သာ ထွက်သွားခွင့်ပေးလိုက်ပါက ဖန်းဝူအနေဖြင့် ရန်ကိုင်အား လိုက်ဖမ်းနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်မရှိချေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်၏တောင်းဆိုချက်ကို မည်သို့များ သဘောတူနိုင်ပါမည်နည်း။

ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “အခြားဆွေးနွေးစရာ မရှိတော့ဘူးလား…”

ဖန်းဝူက သူ့လက်ကိုမြှောက်လျက် ပြောလိုက်လေ၏။ “ငါမင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်… အသက်သုံးရှိုက်စာကုန်သွားလို့မှ မစဉ်းစားရသေးရင် ဒီဘုရင် မင်းကို သတ်ပြီပဲ… အဲ့ဒါကြောင့် မြန်မြန်စဉ်းစား…”

ရန်ကိုင် အံတင်းတင်းကြိတ်လိုက်သည်။ သူ့ဘဝတွင် ဤအတိုင်းအတာထိ ဖိအားပေးခံရသည့် အခြေအနေဆို၍ အနည်းငယ်မျှလောက်သာ ရှိပေသည်။ သို့သော်ငြား ယနေ့တွင်မူ တွင်းနက်ထဲထိသို့ ရောက်အောင် တွန်းအားပေးခံခဲ့ရသည်။

ဖန်းဝူသည် လက်တစ်ချောင်း ထောင်ပြလိုက်လေသည်။ သူ့ဆီမှဖြာထွက်နေသည့် အရှိန်အဝါမှာ ပိုပို၍ အန္တရာယ်များလာခဲ့သည်။

ဖန်းဝူလှုပ်ရှားတော့မည်ကိုမြင်သော် ရန်ကိုင်က သက်ပြင်းချလျက် ပြောလိုက်လေ၏။ “ကောင်းပြီလေ… ကျုပ်သဘောတူတယ်…”

ဖန်းဝူက အနည်းငယ်မျှ အံ့အားသင့်သွားဟန်မပြ ခေါင်းသာညိတ်ပြလိုက်လေသည်။ မည်သူကများ မိမိ၏အသက်အား အလကား ဆုံးရှုံးချင်ပါမည်နည်း။ ထို့နောက် မျက်နှာတည်ဖြင့် ပြောလိုက်လေ၏။ “ရှီဟွော့ကို အရင်လွှတ်ပေးလိုက်…”

ရန်ကိုင်သည် လက်ကွက်တစ်ခုကိုဖန်တီး၍ သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ဧရာမ တောင်နဲ့မြစ်ခေါင်းလောင်းကြီးမှာ တဝီဝီမြည်သံနှင့်အတူ တဖြည်းဖြည်း မြောက်တက်လာခဲ့ရာ ရှီဟွော့၏ပုံရိပ် ထွက်ပေါ်လာခဲ့ရလေ၏။ လက်ရှိအချိန်တွင် ရှီဟွော့တစ်ကိုယ်လုံး အနက်ရောင်မီးတောက်များဖြင့် လောင်မြိုက်နေခဲ့ပြီး သူ့မျက်လုံးများမှာလည်း အလျှံတငြီးငြီး တောက်လောင်နေသည့် ဒေါသတရားတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။

ရန်ကိုင်သည် အတတ်နိုင်ဆုံး သတိထားနေခဲ့လေသည်။ ရှီဟွော့ သူ့အပေါ် တစ်ခုခုလုပ်ရန် ကြံလာသည်ကို သတိပြုမိလိုက်ပါက ခေါင်းလောင်းအား ချက်ချင်း ပြန်အုပ်ချပေလိမ့်မည်။ ရှီဟွော့အား ခေါင်းလောင်းဖြင့် အုပ်ချရန်မှာ ထမင်းစားရေသောက်နှယ် လွယ်ကူလှပေသည်။ သို့ရာတွင် ရှီဟွော့ကိုယ်တိုင်ကလည်း ပြင်ဆင်ထားပြီးနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်တွင် အောင်မြင်နိုင်ချေ အနည်းငယ်သာ ရှိတော့ပေသည်။

ကံကောင်းစွာဖြင့် ရှီဟွော့သည် ရန်ကိုင်အား တစ်ချက်သာ စိုက်ကြည့်လိုက်ပြီး လာရောက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

“မင်းရဲ့ဝိဉာဉ်အမှတ်အသားကိုဖယ်လိုက်…” ဖန်းဝူက ပြောလိုက်သည်။

ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ပြန်ဆွဲယူပြီး ခေတ္တမျှကြာအောင် ခေါင်းလောင်းအား စိုက်ကြည့်နေပြီးသည့်နောက်တွင် ကောင်းကင်စိတ်အာရုံကိုထိန်းချုပ်၍ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ သူ၏ဝိဉာဉ်အမှတ်အသားကို ဖယ်ရှားလိုက်လေသည်။

တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ အရောင်တလက်လက် တောက်ပလာပြီးသည့်နောက် ခေါင်းလောင်း၏အရွယ်အစားမှာ ရုတ်ချည်း သေးငယ်သွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ခေါင်းလောင်းအား ဖန်းဝူဆီသို့ ပစ်ပေးလိုက်လေ၏။

ဖန်းဝူသည် ခေါင်းလောင်းကို ဆွဲယူလျက် သူ့အိတ်ကပ်ထဲ ထည့်သိမ်းတော့မည်အပြု ခေါင်းလောင်းဆီမှ အလွန်တရာကိုမှ ပြင်းထန်လှသည့် တွန်းအားတစ်ရပ် ဖြာထွက်လာခဲ့လေရာ ခေါင်းလောင်းသည်လည်း ဖန်းဝူ၏လက်ထဲမှ လွတ်ကျသွားခဲ့ရလေသည်။

“ဘုန်း…” ဟူသော မြည်သံနှင့်အတူ တောင်နဲ့မြစ်ခေါင်းလောင်း မြေပြင်ပေါ်သို့ ကျသွားခဲ့ပြီး ခဏကြာမျှ တဂွမ်ဂွမ်မြည်သံပြုနေပြီးသည့်နောက် ထိုနေရာတွင် အမြစ်တွယ်လိုက်သည့်အလား ငြိမ်ကျသွားခဲ့လေသည်။

“ရှေးဟောင်းမှော်ရတနာဆိုတဲ့အတိုင်းပါပဲလား…” ဖန်းဝူ၏မျက်လုံးထဲ ထိတ်လန့်ရိပ်တို့ ပြည့်နေခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် ပိုင်ရှင်မရှိတော့သည့်တိုင် ဖန်းဝူသွားယူ၍ မရသေးချေ။ ဤလောကကြီးထဲတွင် ခေါင်းလောင်းမှ အသိအမှတ်ပြုသည့်လူသည်သာ ခေါင်းလောင်းအား စိတ်ရှိသလို ထိန်းချုပ်နိုင်သည့် ပုံပင်။

ရုတ်တရက် တစ်နေရာဆီမှ ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့လေသည်။

“ရှီဟွော့… နင် ဘာလုပ်နေတာလဲ…” လွမ်ဖုန်းက အလန့်တကြား ထအော်လေသည်။

ဖန်းဝူ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း လှည့်ကြည့်လိုက်လေရာ ရှီဟွော့မှ ရက်စက်ကြမ်းကြုတ်စွာပြုံးလျက် ရန်ကိုင်ဆီသို့ ပြေးဝင်သွားနေသည်ကို တွေ့လိုက်ရလေသည်။ ရှီဟွော့သည် အနက်ရောင်မီးတောက်တို့ လောင်ကျွမ်းနေသည့်လက်သီးဖြင့် ရန်ကိုင်အား ထိုးချလိုက်ရင်းမှ အော်ပြောလိုက်လေ၏။ “ခွေးကောင်လေး… သေလိုက်ပေတော့…”

ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ရှီဟွော့၏စကားကို မယုံရဲသည့်အတွက်ကြောင့် တစ်ချိန်လုံး ဂရုစိုက်နေခဲ့ပါသော်ငြား နတ်အရှင်တစ်ပါးသည် ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းလိမ့်မည်ဟု ရန်ကိုင် လုံးဝ မမျှော်လင့်ထားခဲ့ပေ။ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ရန်ကိုင်၏ ဝိဉာဉ်အမှတ်အသား ပျောက်ကွယ်သွားသည်ကို မြင်ပြီးသည့်နောက် ရှီဟွော့သည် ရန်ကိုင်အား တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်တိုက်ခိုက်လာခဲ့လေသည်။

အလစ်အငိုက်မိသွားသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ရှောင်ချိန်မရတော့ချေ။

“ဘုန်း…”

လက်သီးချက် တိုးဝင်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် တစ်ချက်မျှသာ အော်ငြီးလိုက်ရပြီး မြေကျင်းထဲသို့ ကျွံဝင်သွားခဲ့ရလေသည်။ သူ့ပုံရိပ်သည် အားလုံး၏မြင်ကွင်းမှ အပြီးတိုင်ပျောက်ကွယ်သွားခဲ့လေ၏။

“ဝေါင်း…”

ကျောက်တုံးဝိဉာဉ်များမှာ ဒေါမာန်တကြီး ထအော်တော့သည်။ ၎င်းတို့၏မျက်လုံးများသည် အမျက်ဒေါသကြောင့် နီရဲတောက်နေခဲ့လေသည်။ အထူးသဖြင့် ကျောက်တုံးကိုယ်ပွားပင်။ ရန်ကိုင် မြေကျင်းထဲသို့ ကျွံဝင်သွားသည်အထိ ထိုးချခံလိုက်ရသည်ကို မြင်ပြီးသည့်နောက် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများမှာ ရုတ်ချည်း ခက်ထန်လာတော့လေသည်။ သို့ရာတွင် ချိပ်စည်း၏ ဖိနှိပ်ခြင်း ခံထားရသလို မွန်းစတားဘုရင်ပေါင်း များစွာမှလည်း ချုပ်နှောင်ထားသည့်အတွက်ကြောင့် မရုန်းထွက်နိုင်ခဲ့ပေ။

“ရှီဟွော့… နင်ဘာလုပ်နေလဲနင်သိလား…” လွမ်ဖုန်းသည် အံတကြိတ်ကြိတ်ဖြင့် လှမ်းအော်ပြောလိုက်သည်။ သူမ၏မျက်နှာလေးသည် ရေခဲတမျှ အေးစက်နေခဲ့လေသည်။

ဖန်းဝူနှင့် ချန်းကွော့တို့၏ မျက်နှာများမှာလည်း မြင်မကောင်းအောင် သုန်မှုန်နေကြလေသည်။

ယခုလေးတင် ရန်ကိုင်အား အသက်ရှင်လျက် လွှတ်ပေးမည်ဟု ပြောခဲ့သည်။ သို့သော်ငြား ရှီဟွော့သည် သူ့စကားသူမတည်ဘဲ ရန်ကိုင်အား အမှန်တကယ် တိုက်ခိုက်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရှီဟွော့မှာ ဒေါသကြောင့် စုံလုံးကန်းသွားခဲ့ရကာ အကျိုးသင့်အကြောင်းသင့်ပင် မစဉ်းစားနိုင်တော့။

ဤအကြောင်းသည်သာ သတင်းပြန့်သွားမည်ဆိုပါက သူတို့လက်အောက်တွင်ရှိနေသော မွန်းစတားဘုရင်များ သူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ကုန်ကြမည်နည်း။ သူတို့အနေဖြင့် နောက်နောင် ရှေးဟောင်းကုန်းမြေထဲ မည်ကဲ့သို့များ ရပ်တည်ရတော့ပါမည်နည်း။ ရှေးဟောင်းကုန်းမြေထဲရှိ အားအကောင်းဆုံးသော ပညာရှင်များမှာ ဤနေရာ၌ စုဝေးနေကြလေသည်။ အကြည့်ပေါင်းများစွာသည်လည်း သူတို့အား မမှိတ်မသုန် စိုက်ကြည့်နေကြလေ၏။ ထို့အပြင် မွန်းစတားမျိုးနွယ်စုဝင်များ၊ မွန်းစတားသားရဲများသည် လူသားများကဲ့သို့ ညစ်ပတ်အောက်တန်းကျလေ့မရှိဟု သူတို့ကိုယ်သူတို့ မှတ်ယူထားကြလေသည်။ လိမ်လည်လှည့်စားခြင်းသည် သူတို့ အလွန်ကိုမှ ရွံရှာစက်ဆုပ်သည့် အရာတစ်ခုလည်း ဖြစ်ပေ၏။

“သွားပြီ… သွားပြီ…” အနီးအနားတွင် ရှိနေသော ရှဲ့ဝူဝေ၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ သူ့ခြေထောက်များ ပျော့ခွေလာခဲ့ကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျခါနီးပင် ဖြစ်သွားခဲ့လေသည်။

သူသည် ဧကရာဇ်တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သော မွန်းစတားဘုရင်တစ်ဦး ဖြစ်သည်ဆိုလျှင်ပင် ရန်ကိုင် မြေကြီးထဲသို့ ကျွံဝင်သွားသည်ကို မြင်ပြီးသည့်နောက် သူ့ရင်ထဲ တုန်လှုပ်ခြောက်ခြားမှုတို့ ပြည့်နှက်လာခဲ့ရ၏။ ရှဲ့ဝူဝေသည် နတ်အရှင်များနောက်တွင် နောက်ကျကျန်ခဲ့ရပါသော်ငြား ရောက်လာသည့်အချိန်တွင် ရန်ကိုင် နတ်အရှင်များနှင့် ပြဿနာဖြစ်သည်ကို မြင်ခဲ့ရကာ မီးခဲဖင်ခုထိုင်နေရသည့်နှယ် ရင်တမမ ဖင်တကြွကြွ ဖြစ်ခဲ့ရသည်။ နောက်ဆုံး၌ ရန်ကိုင် ကပ်ဘေးမှ လွတ်မြောက်တော့မည်ကိုမြင်သော် သူ့စိတ်ထဲ ကြိတ်၍ ဝမ်းသာခဲ့ရလေသည်။ သို့သော်ငြား ရှီဟွော့သည် ကိုယ့်စကားကိုယ် ရုတ်သိမ်း၍ ဧကရာဇ်ပထမအဆင့်ကောင်လေးအား အလစ်ချောင်းတိုက်ခိုက်ခဲ့လိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။

ရှဲ့ဝူဝေ၏ ဝိဉာဉ်အမှတ်အသားမှာ ရန်ကိုင်လက်ထဲတွင် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သာ သေသွားခဲ့မည်ဆိုပါက ရှဲ့ဝူဝေသည်လည်း ဤလောကကြီးအား လက်ပြနှုတ်ဆက်ထွက်ခွာသွားရပေလိမ့်မည်။

(သွားပြီ… ငါတော့သေပြီ…) ရှဲ့ဝူဝေစိတ်ထဲ ဒေါသလည်းထွက် ဝမ်းလည်း ဝမ်းနည်းမိနေလေ၏။

(အခုလိုဖြစ်မယ်မှန်းသာသိခဲ့ရင် ဝိဉာဉ်တစ်သောင်းသင်္ချိုုင်းထဲမှာပဲ သေလိုက်ပါတယ်ကွာ… အနည်းဆုံးတော့ ငါ့ကိုအဖော်ပြုပေးနိုင်မယ့် ရှေးဟောင်းကုန်းမြေရဲ့ ဒေသခံတွေရှိသေးတယ်… အခုလိုမျိုး အထီးကျန်ပြီး သေသွားရမှာမဟုတ်ဘူး…)

(အခုတော့ ဒီနေရာမှ အကြောင်းအရင်းမရှိဘဲနဲ့ တစ်ယောက်တည်းသေရတော့မယ်… ဘယ်သူမှ ငါ့အလောင်းကိုလည်း သေသေချာချာ မြှုပ်ပေးကြမှာမဟုတ်ဘူး…)

သို့ရာတွင် မကြာမီ တစ်ခုခုမှားယွင်းနေမှန်း ရှဲ့ဝူဝေ သတိပြုမိသွားခဲ့သည်။

အကြောင်းမှာ သူမသေသေးသည့်အတွက်ကြောင့်ပင်။ သူ့ခန္ဓာကိုယ်ကို လိုက်စမ်းကြည့်ပါသော်ငြား သူ့ခန္ဓာကိုယ်တစ်ခုလုံး အကောင်းအတိုင်း ရှိနေသေးသလို နှလုံးမှာလည်း တဒုတ်ဒုတ်ခုန်နေသေးကြောင်း တွေ့လိုက်ရသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားကာ မျက်လုံးမှေးစင်းလျက် ရန်ကိုင် ကျွံဝင်သွားသည့် ကျွင်းပေါက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

(ငါမသေသေးဘူးဆိုတော့ အဲ့ရန်ကိုင်လည်း အသက်ရှင်နေသေးတာပေါ့… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… နတ်အရှင်တစ်ယောက်ရဲ့ လက်သီးချက်ကို တိုက်ရိုက်ကြီးခံလိုက်ရတာလေ… အဲ့ဒါကိုတောင် အသက်ရှင်နေသေးတာလား…)

“ရှီ……. ဟွော့…… ” ဖန်းဝူသည် တစ်လုံးချင်း တစ်လုံးချင်း အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။ “တောင်နဲ့မြစ်ခေါင်းလောင်းကနေ သူ့ဝိဉာဉ်အမှတ်အသားကို ဖယ်ပေးမယ်လို့ ပြောပြီးသွားပြီလေ… မင်း ဘာဖြစ်လို့ သူ့ကို သတ်လိုက်ရတာလဲ… နည်းနည်းလေးတောင် သည်းမခံနိုင်ဘူးလားကွ…”

“သည်းခံရဖို့…” ရှီဟွော့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ခန္ဓာကိုယ်ထက်တွင် လောင်မြိုက်နေသော မီးတောက်များသည် ဒီရေပြန်ကျသွားသည့်အလား တဖြည်းဖြည်း ပြန်လည်ငြိမ်းသေသွားကုန်ကြလေသည်။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး… သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ… ဒီခွေးကောင်လေးက ဒီဘုရင်ကို တောင်နဲ့မြစ်ခေါင်းလောင်းထဲမှာ ပိတ်လှောင်ရဲတယ်ဆိုမှတော့ သူ သေကိုသေရမယ်…”

ထို့နောက်တွင် နတ်အရှင်သုံးပါးဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ဘာလဲ… ဒီကောင်လေးအတွက်နဲ့ မင်းတို့သုံးယောက်က ဒီဘုရင်နဲ့ တိုက်ခိုက်တော့မှာလား… အခု အဲ့ကောင်က သေသွားပြီ… သေတဲ့ကောင်တွေက ဘာမှ အသုံးဝင်တော့တာမဟုတ်ဘူး… မင်းတို့ သူ့အတွက်နဲ့ ဒီလောက်ကြီး ပျာယာခတ်ပြမနေနဲ့…”

ရှီဟွော့၏စကားလုံးများသည် ရန်စသည့်သဘော သက်ရောက်ပါသော်ငြား သူပြောသည်မှာလည်း အမှန်ပင်။ သေလူတစ်ဦးသည် မည်ကဲ့သို့များ အဖိုးတန်နိုင်ပါဦးမည်နည်း။ ဤကဲ့သို့သော သေလူတစ်ဦးအတွက် ရှီဟွော့နှင့် အချင်းများရခြင်းမှာ ဘာများ အသုံးဝင်ပါမည်နည်း။

“မင်း မလုပ်လိုက်သင့်ဘူး…” ဖန်းဝူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ သူ့စိတ်ထဲ ရန်ကိုင်သေသွားရသည့်အပေါ် ပူဆွေးနေခြင်းမရှိ။ သို့သော်ငြား ရှီဟွော့မှ သူတို့၏စကားအား အလေးမထားသည့်အပေါ်တော့ ဒေါသထွက်မိပေသည်။ သူ့ကဲ့သို့သော အဆင့်အတန်းမြင့်မားသည့် လူတစ်ဦး၏စကားကို ရှီဟွော့မှ ပမာမခန့်လုပ်လိုက်သည်ဟု ခံစားနေခဲ့ရသည်။

“ကောင်းပြီ ကောင်းပြီ…” ချန်းကွော့က ဝင်ရောက်ဖြန်ဖြေလိုက်လေသည်။ “ဒီလိုတွေဖြစ်သွားပြီဆိုမှတော့ အခုမှ သူ့ကို အပြစ်တင်နေလို့လည်း အပိုပဲ… ဒီကိစ္စမှာ ငါတို့မှားသွားတာဆိုတော့ ဒီကောင်လေးကို မြေမြှုပ်ပေးလိုက်ကြတာပေါ့ကွာ…”

ကြည့်ရသလောက် ရန်ကိုင်အား မြေမြှုပ်ပေးခြင်းသည် သူတို့အကောင်းဆုံးလုပ်ပေးနိုင်သည့် အရာပင်။

လွမ်ဖုန်းကလည်း ခေါင်းညိတ်လျက် သက်ပြင်းချကာ ပြောလိုက်လေ၏။ “ဒီကောင်လေးရဲ့ပါရမီက တကယ်ကိုကောင်းတာ… ထားလိုက်တော့… ဒီဘုရင်မပဲ အဲ့ကိစ္စကို တာဝန်ယူလိုက်တော့မယ်…”

ဖန်းဝူက ခေါင်းညိတ်၍ ရှီဟွော့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ရှီဟွော့ကမူ မျက်နှာသေဖြင့်သာ ရပ်နေလေ၏။ ထို့နောက် ပြုံးလျက် ပြောလိုက်လေ၏။ “လက်စားချေပြန်လိုက်ရတာ တကယ်ကိုကောင်းတာပဲကွာ…”

ထိုအခိုက်အတန့်တွင် နတ်အရှင်များသည် တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား တစ်ခုသောဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်ကြလေသည်။

ချက်ချင်းဆိုသလို တာအိုသခင်တတိယအဆင့်သာ ရှိသေးသော မိန်းမငယ်လေးတစ်ဦး သူတို့ဆီသို့ ပြေးလာနေကြောင်းကို တွေ့လိုက်ရလေသည်။ သူမနှင့်အတူ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ပညာရှင်တစ်ဦး အနီးကပ်လိုက်လာခဲ့လေ၏။

အမျိုးသမီးနှစ်ဦးမှာ ရှေ့ဆင့်နောက်ဆင့် ပြေးလာနေကြလေသည်။ တာအိုသခင်အဆင့်သာ ရှိသေးသော မိန်းမငယ်လေးမှာတော့ အလွန်ကိုမှ စိုးရိမ်ပူပန်နေသည့်ပုံပင်။

အပြင်ဘက်တွင်ရှိနေကြသော မွန်းစတားမျိုးနွယ်စုဝင်များမှာ ထိုနှစ်ဦးအား တားဆီးရန် ကြိုးစားကြပါသော်ငြား ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော အမျိုးသမီး၏ အမှောက်သိပ်ခြင်း ခံလိုက်ရလေသည်။

ချက်ချင်းဆိုသလို ပုံရိပ်နှစ်ခု အလယ်ဗဟိုနားဆီသို့ ရောက်လာကြလေ၏။

“ရွှစ်…. ရွှစ်…”

နှစ်ဦးစလုံး လေထဲတွင် ရုတ်ချည်း ရပ်တန့်သွားခဲ့ကြလေသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသည့် မိန်းမငယ်လေးသည် အောက်ဘက်တွင်ရှိနေသော ကျင်းပေါက်ကြီးအား မယုံကြည်နိုင်ဟန်ဖြင့် ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် ရုတ်တရက်ဆိုသလို ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးတော့သည်။ မိမိ၏အသက်အား ပဓာနမထားဘဲ ဤနေရာသို့ ပြေးဝင်လာပြီး ကိုယ့်သေတွင်းကိုယ်လာတူးသည့် အမျိုးသမီးနှစ်ဦးကိုကြည့်ရင်း မွန်းစတားမျိုးနွယ်စုဝင်ပေါင်းများစွာမှာ အံ့ဩတကြီး ဖြစ်နေကြလေ၏။

“ရို့ရှီ…” ကျောက်တုံးကိုယ်ပွားသည် လေထဲတွင်ရှိနေသော ပုံရိပ်ကိုကြည့်လျက် သက်ပြင်းချကာ ပြောလိုက်လေသည်။

ရို့ရှီသည် ရန်ကိုင်မှ ရှီဟွော့၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံလိုက်ရသည်ကို မြင်ပြီးသည့်နောက် ရုတ်ချည်း ပြေးထွက်လာခြင်း ဖြစ်လေသည်။ သူမစိတ်ထဲ ဤနေရာ၌ မွန်းစတားမျိုးနွယ်စုဝင်ပေါင်းများစွာ ရှိနေသည်ဆိုသော အချက်ကိုပင်လျှင် သတိမရတော့။

သူမနှင့်အတူ လိုက်လာသည်မှာ ရေခဲနှလုံးသားတောင်ကြား၏ တတိယတပည့်သာ ဖြစ်လေသည်။

တတိယတပည့်သည် ခက်ထန်ကြမ်းကြုတ်သည့် အမူအယာဖြင့် ရို့ရှီနောက်တွင် ရပ်ရင်း ဘာမှန်းမသိသည့် အသံဗလံများကို ပြုနေခဲ့သည်။ သူမကြည့်ရသည်မှာ မိမိ၏ပိုင်နက်အား ကာကွယ်နေသော သားရဲတစ်ကောင်နှင့်ပင် တူနေပေသေးသည်။

သို့ရာတွင် ဖန်းဝူမှာ သူမအား စိုက်ကြည့်လိုက်သည့်နောက် တတိယတပည့် တုန်တုန်ရီရီ ဖြစ်သွားခဲ့ကာ ကျုံ့ကျုံ့လေး ဖြစ်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၉၅) မသေသေးသည့် ရန်ကိုင်

ဘာသာပြန်သူ_တိမ်တိုက်

ရုတ်တရက်ဆိုသလို ကျန်းရို့ရှီသည် အားလုံး၏ အကြည့်အောက်တွင်ပင် ကျင်းပေါက်ဆီသို့ ပြေးဆင်းသွားပြီး မြေကြီးများအား သူမလက်ဖြင့် အသည်းအသန် တူးထုတ်ရင်း မျက်ရည်ရွဲလဲဖြင့် ရေရွတ်လိုက်လေသည်။ “ဆရာ… ဆရာ…”

ကျန်းရို့ရှီရင်ထဲ အလွန်ကိုမှ ယူကျုံးမရ ဖြစ်နေခဲ့ရသည်။ လက်ရှိကျန်းရို့ရှီသည် စိတ်လွတ်သွားသည့်အလား အရင်းအမြစ်ချီကိုပင်လျှင် အသုံးမပြုတော့ဘဲ သူမ၏ လက်ချည်းသက်သက်ဖြင့် မြေသားများကို တူးထုတ်နေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း သူမ၏သိမ်မွေ့ပျော့ညံ့လှသော လက်ချောင်းလေးများမှာ သွေးသံတရဲရဲ ဖြစ်လာရတော့လေသည်။ သို့ရာတွင် ကျန်းရို့ရှီကမူ နာကျင်မှုကို မခံစားမိသည့်အလား ဆက်၍သာ တူးနေခဲ့သည်။

လက်ရှိတွင် ကျန်းရို့ရှီရင်ထဲ အတိုင်းမသိသော ဝမ်းနည်းမှုကို ခံစားနေခဲ့ရသည်။ သူမ မည်မျှဝမ်းနည်းနေသလဲဆိုသည်ကို စကားလုံးဖြင့်ပင် ဖော်ပြဖို့ရာ မစွမ်းသာတော့။ ကျန်းရို့ရှီ၏ သနားစဖွယ် ပုံရိပ်လေးကိုကြည့်ရင်း အနီးအနားတွင်ရှိနေသော မွန်းစတားမျိုးနွယ်စုဝင်များသည်ပင်လျှင် အနည်းနှင့်အများဆိုသလို စိတ်မသက်မသာ ဖြစ်ကုန်ကြရလေသည်။ ကျန်းရို့ရှီ၏ ပါးပြင်တစ်လျှောက် စီးကျနေသော မျက်ရည်များသည်လည်း အကြည်ရောင်သက်သက်သာလျှင် မဟုတ်တော့။ နီကြင့်ကြင့်အရောင်လေးပင် သန်းနေခဲ့လေပြီ။ သူမကျနေသည်မှာ မျက်ရည်သက်သက်သာမဟုတ်တော့။ သွေးဖြင့်ရောနေသည့် သွေးမျက်ရည်များသာ ဖြစ်ကြတော့သည်။

“ရို့ရှီကိုထားမသွားပါနဲ့ဆရာ… ရို့ရှီကို ထားမသွားပါနဲ့…”

သွေးမျက်ရည်များကြောင့် ကျန်းရို့ရှီ၏ မြင်ကွင်းတစ်ခုလုံး ဝေဝါးလာခဲ့ရသည်။ ကျန်းရို့ရှီအဖို့ ဘာကိုမှ သေသေချာချာမမြင်နိုင်တော့။ သူ့မြင်ကွင်းတစ်ခုလုံးမှာ ဝိုးတိုးဝါးတား ဖြစ်နေခဲ့ရသည်။ သို့တိုင် သူမ၏လက်များမှာတော့ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ မြေကြီးများကို အဆက်မပြတ် တူးထုတ်နေသေး၏။

“ဒီကလေးမလေး…” ဖန်းဝူသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မြေကြီးများကို လက်ဖြင့်တူးနေသည့် ကျန်းရို့ရှီကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ကြည့်ရတာ ဟိုကောင်လေးနဲ့ အရမ်းရင်းနှီးတဲ့လူတစ်ယောက်နဲ့တူတယ်… ဒါပေမယ့် သူ့ခွန်အားက အရမ်းနိမ့်လွန်းနေတယ်…” လွမ်ဖုန်းသည်လည်း သက်ပြင်းတစ်ချက် ချလိုက်လေသည်။ တာအိုသခင်တတိယအဆင့်လေးဖြင့် ဤနေရာတွင် ဘာများ လုပ်နိုင်ပါမည်နည်း။ ဤနေရာ၌ရှိနေသည့် အားအနည်းဆုံးသော မွန်းစတားသည်ပင်လျှင် အဆင့်ဆယ့်နှစ် အလယ်အလတ်အဆင့်သို့ ရောက်နေလေ၏။ အဆင့်ဆယ့်နှစ် အထွဋ်အထိပ်သို့ ရောက်နေသော မွန်းစတားဘုရင်များမှာ နေရာအနှံ့တွင် ရှိနေကြလေသည်။

“ဟမ့်…” ရှီဟွော့သည် ကျန်းရို့ရှီကိုကြည့်ရင်းမှ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။

ရှီဟွော့သည် သူ့ကတိသူဖျက်လျက် ရန်ကိုင်အား အလစ်ချောင်းကာ သတ်ပစ်ခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်၌ လူသားတစ်ဦး ရုတ်တရက်ပေါ်လာပြီး ရန်ကိုင်မြေမြှုပ်ခံလိုက်ရသည့်နေရာတွင် သူလုပ်ချင်တိုင်း လာလုပ်နေခဲ့လေသည်။ ဤသည်မှာ သူ့အား စော်ကားလိုက်ခြင်းပင် မဟုတ်ပေလော။

ကျန်းရို့ရှီမှာ ဧရာမလက်ကြီး သူ့ဆီသို့ တိုးဝင်လာနေသည်ကိုပင်လျှင် သတိမထားမိဘဲ မြေကြီးများကိုသာ အဆက်မပြတ် တူးထုတ်နေခဲ့လေရာ ဧရာမလက်ကြီး၏ အလွယ်တကူ ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။

မီတာနှစ်ဆယ်အမြင့်ခန့်ရှိသော ရှီဟွော့သည် အရုပ်မလေးတစ်ရုပ်အား လက်ဖြင့်ဖျစ်ထားသည့်နှယ် ကျန်းရို့ရှီအား ဖျစ်ညှစ်ထားခဲ့လေသည်။

ရန်ကိုင်ဆီမှ ဝေးသထက် ဝေးသွားသည့်အခါမှသာလျှင် ကျန်းရို့ရှီ ရုတ်တရက် အသိပြန်ဝင်လာတော့လေသည်။ ထို့နောက် နီရဲမို့အစ်နေသည့် မျက်လုံးများဖြင့် ရှီဟွော့အား အစုံအဆန် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် အသည်းအသန် ရုန်းကန် ကန်ကျောက်ရင်းမှ အော်ပြောလိုက်လေ၏။ “ကျွန်မကိုလွှတ်… ကျေးဇူးပြုပြီး တောင်းပန်ပါတယ်… ကျွန်မကိုလွှတ်ပေးပါ… ကျွန်မ ဆရာ့ကို ကယ်ရဦးမယ်… ဆရာ အသက်ရှင်နေသေးတယ်… ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါနော်…”

သို့သော်ငြား သူမ၏ခွန်အားမှာ ရှီဟွော့အတွက် ဘာမှ မပြောပလောက်ပေ။ ကျန်းရို့ရှီ မည်သို့ပင် ရုန်းကန်နေစေကာမူ ရှီဟွော့အား တစ်ချက်ကလေးပင် လှုပ်သွားအောင် မလှုပ်နိုင်ခဲ့။

ရှီဟွော့က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “နင့်ရဲ့ဆရာဆိုတဲ့လူက တစ်စစီဖြစ်ပြီး သေသွားပြီ… နင် သူ့ကို ဆက်ကယ်ချင်နေလည်း အပိုပဲ…”

ကျန်းရို့ရှီသည် အရူးတစ်ယောက်နှယ် ခေါင်းအား အဆက်မပြတ် ခါယမ်းရင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလျက်မှ ပြောလိုက်လေ၏။ “ကျွန်မ မယုံဘူး… ကျွန်မ မယုံဘူး… ဆရာ ကျိန်းသေ အသက်ရှင်နေသေးတယ်… ဆရာ လုံးဝကို သေဦးမှာမဟုတ်သေးဘူး…”

ရှီဟွော့က ဒေါမာန်တကြီးဖြင့် ထအော်တော့လေသည်။ “ကောင်မလေး… နင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း… မဟုတ်ရင် ဒီဘုရင် နင့်ကို သတ်ပစ်မှာနော်…”

ကျန်းရို့ရှီသည် အံကိုကြိတ်၍ သူမလက်ကို ရုတ်တရက် ကောက်မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို လေးထောင့်ပုံစံ တံဆိပ်တုံးတစ်ခု လေထဲ၌ ပေါ်လာခဲ့လေသည်။

သားရဲတစ်သောင်းတံဆိပ်တုံးပင်။

ရုတ်တရက်ဆိုသလို ချောက်ခြားဖွယ်ရာကောင်းသည့် အော်ြမည်သံများနှင့်အတူ အနက်ရောင်စွမ်းအင်အမျှင်တန်းများ တံဆိပ်တုံးဆီမှ ထွက်ပေါ်လာကြလေသည်။ မကြာမီတွင် ထိုအနက်ရောင်အမျှင်တန်းများသည် ပုံသဏ္ဍာန် အရွယ်အစား အမျိုးမျိုးရှိကြသော မွန်းစတားသားရဲများအသွင်သို့ ပြောင်းလဲသွားကုန်ကြလေ၏။

“သားရဲဝိဉာဉ်တွေလား…” ရှီဟွော့သည် ထိုပုံရိပ်ယောင်မွန်းစတားသားရဲများအား အံ့အားသင့်တကြီးဖြင့် ကြည့်ရင်းမှ မျက်ခုံးပင့်လိုက်လေ၏။

ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့မှာလည်း အသီးသီး မျက်ခုံးပင့်သွားခဲ့ကြကုန်လေပြီ။ သူတို့သုံးဦးသည် နတ်အရှင်များ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် မွန်းစတားမျိုးနွယ်စုဝင်တိုင်းသည် သူတို့၏လက်အောက်ငယ်သားများ ဖြစ်ကြလေရာ ကျန်းရို့ရှီ၏ သားရဲတစ်သောင်း တံဆိပ်တုံးထဲမှ သားရဲဝိဉာဉ်ပေါင်းများစွာ ထွက်ပေါ်လာနေသည်ကိုမြင်သော် နတ်အရှင်သုံးပါးစလုံး ဒေါသထွက်မိသွားကြသည်။ တကယ်တော့ မွန်းစတားမျိုးနွယ်စုဝင်တိုင်းသည် သူတို့၏ လက်အောက်ငယ်သားများ ဖြစ်ကြကာ ထိုမွန်းစတားမျိုးနွယ်စုဝင်များ သေသွားရမည်ဆိုလျှင်ပင် သူတို့၏ သားရဲဝိဉာဉ်များသည် လူသားတစ်ဦး၏ မှော်ရတနာထဲ ချိတ်ပိတ်ထားမခံရသင့်ပေ။

ဤမှော်ရတနာမျိုးသည် ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသော မွန်းစတားမျိုးနွယ်စုဝင်များ သည်းမခံနိုင်သည့် မှော်ရတနာမျိုး ဖြစ်ပေသည်။

နတ်အရှင်လေးပါးစလုံး ယာယီမျှ စိတ်လွတ်သွားစဉ် သောင်းနှင့်ချီသော သားရဲဝိဉာဉ်များစွာ သားရဲတစ်သောင်း တံဆိပ်တုံးဆီမှ ထွက်ပေါ်လာကြလေသည်။ ထို့အပြင် သားရဲဝိဉာဉ်များ၏ အရေအတွက်မှာ ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်း မရှိခဲ့။ သားရဲဝိဉာဉ်တစ်ကောင်ချင်းစီမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများမှာလည်း အလွန်တရာကိုမှ အံ့အားသင့်ဖွယ် ကောင်းလွန်းလှကာ ဤနေရာတွင်ရှိနေသည့် မွန်းစတားဘုရင်များနှင့်ပင် ယှဉ်ပြိုင်နိုင်ကြပေသည်။

“သားရဲဝိဉာဉ်တွေအများကြီး ဘယ်ကနေရလာတာလဲ…” ရှီဟွော့၏ အမူအယာ ပြောင်းလဲသွားရတော့လေသည်။

သားရဲတစ်သောင်းတံဆိပ်တုံးထဲတွင် သားရဲဝိဉာဉ်ရာဂဏန်းခန့်သာ ရှိနေမည်ဆိုလျှင် ဘာမှ ပျာယာခတ်နေစရာမလိုပေ။ တကယ့်တကယ်တော့ ထိုရာဂဏန်းမျှလောက်သော သားရဲဝိဉာဉ်များကို အပြင်ဘက်တွင်ရှိနေသည့် မွန်းစတားသားရဲများအား လိုက်လံသတ်ဖြတ်ရင်းမှ ရှာဖွေနိုင်သည် မဟုတ်ပေလော။ သို့သော်ငြား ဤသောင်းနှင့်ချီသော မွန်းစတားသားရဲများကို ရဖို့ရာမူ…။

ဤသည်မှာ အနည်းငယ်တော့ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ ထို့အပြင် လက်ရှိအခြေအနေကို ကြည့်ရသလောက် သားရဲတစ်သောင်း တံဆိပ်တုံးထဲ၌ ရှိနေသည့် သားရဲဝိဉာဉ်အရေအတွက်မှာ ယခုထက် ပိုများဦးမည့်ပုံပင်။

“ကောင်မလေး… နင် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲကို သွားခဲ့တာလား…” ရှီဟွော့က ကောက်မေးလိုက်လေသည်။

ပြောနေရင်းမှ သူ့စွမ်းအားဖြင့် သားရဲတစ်သောင်းတံဆိပ်တုံးအား ကောက်ရိုက်ချလိုက်လေသည်။ ထိုသို့ အရိုက်ခံလိုက်ရပြီးသည့်နောက် သားရဲတစ်သောင်းတံဆိပ်တုံးမှာ ထိခိုက်သွားရသည့်အလား တံဆိပ်တုံးတစ်ခုလုံး အရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် တံဆိပ်တုံးထဲမှ အပြင်သို့ ပျံထွက်လာနေကြသော သောင်းနှင့်ချီသည့် သားရဲဝိဉာဉ်များမှာလည်း ၎င်းတို့၏ခွန်အားကို မထုတ်ဖော်နိုင်ကြတော့ဘဲ တံဆိပ်တုံးထဲသို့ ပြန်ဝင်သွားကုန်ကြလေ၏။

နှစ်ဦးသားကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်တရာကိုမှ ကြီးလွန်းလှလေရာ ကျန်းရို့ရှီမှ သားရဲတစ်သောင်းတံဆိပ်တုံးကို ပြန်လည်အသုံးပြုနိုင်မည်ဆိုလျှင်ပင် ရှီဟွော့အား ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ရှီဟွော့အား ကျန်းရို့ရှီအား အဝေးတစ်နေရာသို့ ကိုက်ပေါက်ပစ်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဒီကောင်မလေးရဲ့ မှော်ရတနာက ထူးဆန်းတယ်… ငါ သွားစစ်ဆေးကြည့်လိုက်ဦးမယ်…”

လွမ်ဖုန်းသည် အသာအယာ ခေါင်းညိတ်လိုက်ပြီးသည့်နောက် သူမလက်ကိုဆန့်ထုတ်၍ ကျန်းရို့ရှီအား သူမဆီသို့ ဆွဲခေါ်လိုက်ကာ ထို့နောက်တွင်မူ ကျန်းရို့ရှီအား လှုပ်မရအောင် ချုပ်ထားလိုက်လေသည်။

ထိုအချိန်အတောအတွင်း ရှီဟွော့သည် သားရဲတစ်သောင်း တံဆိပ်တုံးထဲသို့ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်လေသည်။ ရုတ်တရက် သူ့အမူအယာ ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “သားရဲဝိဉာဉ်တွေ သန်းနဲ့ချီတယ်…”

“ဘယ်လို…” ဖန်းဝူနှင့် အခြားသူများ၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။

သားရဲတစ်သောင်း တံဆိပ်တုံးထဲတွင် သန်းနှင့်ချီသော သားရဲဝိဉာဉ်များ ရှိနေကြလေသည်။ သို့ရာတွင် ထိုသန်းနှင့်ချီသော သားရဲဝိဉာဉ်များမှာ မည်သည့်နေရာမှ ရောက်လာလေသနည်း။ အကုန်လုံးသည် ထိုပြဿနာကို သတိထားမိသွားကြသည်။ ကြယ်တာရာအစုအဝေးထဲ၌ ရှေးဟောင်းကုန်းမြေမှလွဲ၍ သန်းနှင့်ချီသော သားရဲဝိဉာဉ်များ ရှိနေသည့်နေရာဟူ၍ မရှိပေ။ ရှေးဟောင်းကုန်းမြေထဲတွင်ပင် သန်းနှင့်ချီသော သားရဲဝိဉာဉ်များအား တွေ့နိုင်သည့် နေရာဆို၍ တစ်ခုသာရှိပေသည်။

ဝိဉာဉ်တစ်သောင်းသင်္ချိုင်းပင်…။

ဤကောင်မလေးသည် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲသို့ တကယ်ကြီး ဝင်သွားခဲ့လေသလော။ ရှီဟွော့၏ ခန့်မှန်းချက်မှာ တကယ်ကြီး မှန်ကန်နေခဲ့ခြင်းပေလော။

“ကောင်မလေး… နင့်နာမည်ဘယ်လိုခေါ်လဲ…” လွမ်ဖုန်းသည် ရုန်းကန်နေသည့် ကျန်းရို့ရှီအား အံ့အားသင့်တကြီးဖြင့် ကြည့်ရင်းမှ မေးလိုက်လေသည်။

ကျန်းရို့ရှီမှာ ပြန်မဖြေခဲ့ဘဲ ရန်ကိုင်ရှိနေသည့် ကျင်းပေါက်ဆီသို့ ပြန်သွားရန်သာ ကြိုးစားနေခဲ့လေသည်။ သို့သော်ငြား လွမ်ဖုန်း၏လက်မှ သူမအနေဖြင့် မည်သို့များ လွတ်မြောက်နိုင်ပါမည်နည်း။

“ဖောက်…”

ရုတ်တရက် ထူးဆန်းသည့် အသံတစ်သံသည် အားလုံး၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထို့နောက်တွင် တွင်းပေါက်ကြီးဆီမှ သွေးသံတရဲရဲဖြစ်နေသည့် လက်တစ်ချောင်း ထွက်လာခဲ့လေ၏။ ထိုလက်သည် ငရဲကြီးကိုးထပ်မှ ဆန့်ထွက်လာသည့် လက်တစ်ချောင်းအလား ချောက်ခြားဖွယ်ရာ အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသည်။

ရှီဟွော့၏မျက်လုံးများ တမုဟုတ်ချည်း ပြူးကျယ်သွားလေသည်။

ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်းကွော့တို့မှာလည်း ထိုအရပ်ဆီသို့ အံ့အားသင့်တကြီး ကြည့်လိုက်ကြသည်။

မွန်းစတားဘုရင်ပေါင်းများစွာနှင့် ကျောက်တုံးဝိဉာဉ်များမှာလည်း မှင်တက်နေခဲ့ကြသည်။

“ဒီကောင် အသက်ရှင်နေလိမ့်မယ်မှန်း ငါသိသားပဲ… ငါသိသားပဲ…” ရှဲ့ဝူဝေ ရေရွတ်နေခဲ့လေသည်။ ယနေ့တွင် သူ့စိတ်ခံစားချက်များမှာ ရိုလာကိုစတာ စီးနှယ်နေရသည့်နှယ် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ရလေသည်။ သူ့ခမျာ စိုးရိမ်ရပြန်လိုက် စိတ်လှုပ်ရှားသွားရပြန်လိုက် စိုးရိမ်ရပြန်လိုက် စိတ်လှုပ်ရှားသွားရပြန်လိုက် ထိုကဲ့သို့ချည်းသာ ထပ်တလဲလဲ ဖြစ်နေရတော့သည်။

သို့သော်ငြား မကြာမီတွင် ရှဲ့ဝူဝေသည် စိုးရိမ်တကြီးဖြင့် သူ့ပေါင်အား ရိုက်ချလိုက်ပြန်လေသည်။ သူ့စိတ်ထဲတွင်လည်း ကြိတ်၍ အော်ဆဲမိလိုက်လေ၏။ (တုံးလှချည်လားကွာ… မင်းအသက်ရှင်နေမှတော့ ဘာဖြစ်လို့ ဆက်ပြီးတော့ သေချင်ယောင်ဆောင်မနေတာလဲကွ… ဘာဖြစ်လို့ အဲ့မြေကြီးထဲမှာပဲ ပုန်းမနေတာလဲ… ရူးလိုက်တဲ့ကောင်ကွာ… မင်းကြောင့် ငါပါ အဆစ်သေရတော့မယ်… ငါ့ဘဝကြီးက ဘာဖြစ်လို့ ဒီလောက်တောင် ကံဆိုးရတာလဲကွာ…)

“သူ အသက်ရှင်နေသေးတာလား…” မြေကြီးထဲမှ ထွက်လာသည့် လက်ကိုကြည့်ရင်း ရှီဟွော့ မှင်တက်သွားလေသည်။ သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေသည့်အလား မျက်လုံးများအား လက်ဖြင့်ပွတ်၍ နောက်တစ်ကြိမ် ပြန်ထပ်ကြည့်ကြည့်သည်။

“ဒီကောင်လေးက ဘာလဲဟ…” လွမ်ဖုန်းသည်လည်း ကြက်သေသေနေတော့သည်။ ရန်ကိုင် ဤမျှ အသက်ပြင်းလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ချေ။

ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးသည် ရှီဟွော့၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံခဲ့ရရုံမက ရှီဟွော့၏ လက်သီးချက်ပါ သူ့အား ထိမှန်သွားခဲ့လေသည်။ သို့သော်ငြား ထိုလူသား သေမသွားခဲ့ပဲ အသက်ရှင်နေခဲ့သေးသည်။

အားလုံး၏အကြည့်အောက်တွင် ရန်ကိုင်ရှိနေသည့် ကျင်းပေါက်ကြီး ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ပုံရိပ်တစ်ခု ကျင်းပေါက်ထဲမှ ခုန်ထွက်လာခဲ့လေသည်။ အပြင်သို့ရောက်လာပြီးသည့်နောက် ထိုပုံရိပ်သည် သွေးအပွက်ပွက် ထိုးအန်တော့လေသည်။ ထိုလူမှာ ရန်ကိုင်မှလွဲ၍ အခြားမဟုတ်ချေ။

လွမ်ဖုန်း၏ချုပ်နှောင်ခြင်း ခံထားရသည့် ကျန်းရို့ရှီသည် ထိုမြင်ကွင်းအား နီရဲနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေခဲ့လေသည်။ သူမတစ်ကိုယ်လုံး ပျော့ခွေသွားခဲ့ပြီး မြေပြင်ပေါ်သို့ အရိုးကြိုးပြတ် လဲကျသွားခဲ့လေ၏။ ထို့နောက် တရှုံ့ရှုံ့လုပ်နေရင်းမှ သူမပါးစပ်အား တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့လေသည်။ ငိုသံကို အတင်းအကြပ် ထိန်းချုပ်ထားရသည့် အတွက်ကြောင့် သူမ၏ ပုခုံးလေးများပင် တဆတ်ဆတ် တုန်ရီနေခဲ့သည်။ သို့သော်ငြား အသံတော့ မထွက်ရဲခဲ့ပေ။ သူမ အော်ငိုလိုက်သဖြင့် သူမ၏အော်ငိုသံသည် ရန်ကိုင်အား နှောင့်ယှက်မိသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။

“ရှီဟွော့…” လက်သီးအား တင်းတင်းဆုပ်လိုက်လေရာ လက်ချောင်းများသည်ပင်လျှင် ဖြူတက်လာနေခဲ့လေပြီ။ ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်လျက် သူ့ရှေ့တွင်ရှိနေသော ကျောက်ဘီလူးကြီးအား အမျက်ဒေါသကြီးစွာ စိုက်ကြည့်လိုက်လေသည်။

သူသာ အချိန်မီ ဗလာနတ္ထိပညာရပ်ကို အသက်သွင်း၍ ဟင်းလင်းပြင်ထဲသို့သာ မဝင်လိုက်ပါက ရှီဟွော့၏ လက်သီးချက်အောက်ဝယ် သူ့တစ်ကိုယ်လုံး စိစိညက်ညက် ကြေသွားရပေပြီ။

ဗလာနတ္ထိပညာရပ်ကို အသက်သွင်းလိုက်သည့်တိုင် ရှီဟွော့၏တိုက်ခိုက်မှုအား အပြည့်အဝ ကာကွယ်နိုင်ခဲ့ခြင်း မရှိချေ။ ထိုလက်သီးချက်မှာ ဟင်းလင်းပြင်ကိုပင်လျှင် သက်ရောက်ခဲ့လေရာ လက်သီးချက်ဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများ အပြည့်အဝ ပျောက်ကွယ်သွားခြင်း မရှိသေးခင်မှာပင် ဗလာနတ္ထိပညာရပ်မှာ ပျောက်ကွယ်သွားခဲ့ရလေ၏။ ထို့အတွက်ကြောင့် လက်ကျန်စွမ်းအင်များမှာ ရန်ကိုင်အား လာမှန်တော့လေသည်။

နတ်သားရဲတစ်ကောင် ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းသည်မှာ လက်ခံနိုင်ပေသေးသည်။ သို့သော်ငြား သူ့ထက် အဆပေါင်းများစွာ အားနည်းသည့် လူတစ်ဦးအား အလစ်ချောင်း၍ တိုက်ခိုက်ခဲ့သည့် လုပ်ရပ်မှာတော့ ရန်ကိုင်အား အကြီးအကျယ်ကို ဒေါသထွက်သွားစေခဲ့တော့သည်။

“ခွေးကောင်လေး… မင်းက တကယ် အသက်ပြင်းတာပါလားကွ… ဒီဘုရင်ရဲ့ လက်သီးချက်စာမိသွားတာတောင် အသက်ရှင်နေသေးတာ မင်းပထမဆုံးပဲ…” ရှီဟွော့ကမူ ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ခဲ့မိသည့်အပေါ် အနည်းငယ်မျှပင်လျှင် လိပ်ပြာမလုံသလို မခံစားရသည့်အလား၊ သားရဲတစ်သောင်းတံဆိပ်တုံးကို လေထဲပစ်မြှောက်ဆော့ကစားရင်းဖြင့်သာ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်၏။

ရှီဟွော့လက်ထဲရှိ သားရဲတစ်သောင်းတံဆိပ်တုံးကို မြင်ပြီးသည့်နောက် ရန်ကိုင်ကြောင်သွားခဲ့လေသည်။ ထို့နောက် လှည့်ပတ်ကြည့်လိုက်ရာ မကြာမီတွင် ကျန်းရို့ရှီအား တွေ့သွားခဲ့လေ၏။

လက်ရှိအချိန်တွင် ကျန်းရို့ရှီသည် မြေပြင်ပေါ်တွင် ဒူးထောက်ကျနေခဲ့လေသည်။ ကောင်မလေးမှာ သူမပါးစပ်အား လက်ဖြင့်ပိတ်ရင်းမှ တရှုံ့ရှုံ့ ငိုကြွေးနေခဲ့သည်။ သို့သော်ငြား အသံမထွက်အောင် ငိုကြွေးနေသည့်အတွက်ကြောင့် သူမ၏ပုခုံးများမှာ တဆတ်ဆတ် တုန်ရီနေခဲ့၏။

ကျန်းရို့ရှီကိုယ်တိုင်မှာလည်း လက်ရှိအဖြစ်အပျက်ကြောင့် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားရလောက်သည်။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်လေသည်။ သူ့ရင်ထဲရှိ ဒေါသ၊ ရန်လိုစိတ်တို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ တင်းတင်းဆုပ်ထားသော လက်သီးသည်ပင်လျှင် ပြေလျော့သွားခဲ့သည်။ ထို့နောက်တွင် ဖန်းဝူဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ရှီဟွော့ ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းပြီး ကျုပ်ကို အလစ်ချောင်းတိုက်ခိုက်တာကို ကျုပ် ဘာမှမပြောလိုတော့ဘူး… ကျုပ်တို့သဘောတူညီချက်အရ ခေါင်းလောင်းပေါ်က ကျုပ်ဝိဉာဉ်အမှတ်အသားကိုလည်း ဖယ်ပြီးသွားပြီဆိုတော့ အခု ကျုပ်မိတ်ဆွေတွေကိုခေါ်ပြီး ထွက်သွားလို့ရပြီပေါ့… ဟုတ်တယ်မလား နတ်အရှင်… ခင်ဗျားတို့ ဘာမှ မကန့်ကွက်တော့ဘူးမလား…”

ဖန်းဝူ၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။ “မကန့်ကွက်ဘူး…”

သူ့လေသံမှာ ရိုးရှင်းပါသော်ငြား သူ့မျက်လုံးထဲ ချီးကျူးရိပ်အချို့ ရှိနေခဲ့လေသည်။ ယခုလေးတင် ရန်ကိုင် အလွန်တရာကိုမှ ဒေါသထွက်နေကြောင်း သူသတိပြုမိခဲ့သည်။ သူ့မျက်လုံးထဲမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်မှာ အထင်းသားပင်။ ရန်ကိုင်ကဲ့သို့ အလစ်ချောင်းတိုက်ခိုက်ခံရပြီး သေခါနီးဖြစ်သွားခဲ့ရသည့် မည်သူမဆို ဒေါသထွက်မိမည်မှာ သဘာဝသာ။

သို့ရာတွင် ရန်ကိုင်သည် ထိုဒေါသကို အလျင်အမြန် ချုပ်တည်းထားနိုင်ခဲ့လေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်သည် မိမိ၏ စိတ်ခံစားချက်ကို ကောင်းမွန်းစွာ ထိန်းချုပ်နိုင်ကြောင်း မြင်တွေ့နိုင်လေ၏။

လက်ရှိရန်ကိုင်၏လုပ်ရပ်မှာ ဉာဏ်ရှိသည့်လုပ်ရပ်သာ ဖြစ်လေသည်။ ရန်ကိုင်သာ ဒေါသအား ရှေ့တန်းတင်လိုက်ပါက သူ့အတွက် အကျိုးမရှိသည့်အပြင် ကိုယ့်သေတွင်းကိုယ်တူးသလိုပင် ဖြစ်သွားရပေလိမ့်မည်။ သူ့ကိုယ်သူသာလျှင် ဒုက္ခရောက်စေလိမ့်မည်မဟုတ်။ သူ၏မိတ်ဆွေများကိုပါ ပြဿနာတွင်းထဲသို့ ဆွဲခေါ်မိသွားသလို ဖြစ်ရပေလိမ့်မည်။

All Chapters