ထိပ်သီးတို့၏စိန်ခေါ်ပွဲ
Vol. 2 Ch. 1
သူရဲကောင်းကွင်းပြင်
စိန်ခေါ်တိုက်ပွဲများဖြင့် ခေတ်အဆက်ဆက် နာမည်ကျော်ကြားလာခဲ့သည့်သူရဲကောင်းကွင်းပြင်ကား ကျန်းနန်မြို့၏အပြင်ဘက်တွင်တည်ရှိပေသည်။
ကျယ်ဝန်းပြန့်ပြူးသည့်မြေနေရာတွင်တည်ရှိသည့် သူရဲကောင်းကွင်းပြင်၌ စိန်ခေါ်တိုက်ပွဲများက နေ့စဥ်နှင့်အမျှဖြစ်ပွားလျက်ရှိပြီး နာမည်ကျော်သိုင်းသမားများမှအစ ပါတီပါချက်သိုင်းသမားပေါက်စများအဆုံး သူရဲကောင်းကွင်းပြင်တွင်တိုက်ခိုက်ဖူးကြသည်။
သူရဲကောင်းကွင်းပြင်မှာ လုပ်ကြံမှု၊ အလစ်တိုက်ခိုက်မှု စသည်တို့မပါဝင်ဘဲ မျက်နှာချင်းဆိုင်ရင်ဆိုင်ရသည့်နေရာဖြစ်သလို နာမည်ကျော်များ၏ တိုက်ပွဲသတင်းကိုကြားပါက ပွဲကြည့်သူများဖြင့်စည်ကားလှသည့်နေရာတစ်ခုလည်းဖြစ်သညအ။
ယနေ့ မွန်းတည့်ခါနီးတွင်လည်း သူရဲကောင်းကွင်းပြင်တွင်လူများကြိတ်ကြိတ်တိုးနေပြီး ခန့်မှန်းချေ နှစ်ရာနီးပါးပင်ရှိနိုင်သည်။
ထိုအထဲတွင် တစ်ဝက်ကျော်ကသိုင်းလောကသားများဖြစ်ပြီး ကျန်လူများအနက်အများစုက သိုင်းလောကနှင့်ပတ်သတ်ရာပတ်သတ်ကြောင်းရှိသူများဖြစ်ကာလူအနည်းငယ်က လူအုပ်တွေ့၍ဝင်စပ်စုသူများဖြစ်သည်။
လူအုပ်ထဲတွင် ဂိုဏ်းအဖွဲ့အစည်းရှိသည့်သိုင်းသမားများပါဝင်သလို တစ်ကိုယ်တော်သိုင်းသမားများစွာလည်းရှိသည်။
သို့သော် လူအုပ်က နှစ်ဖက်ကွဲနေပြီး တစ်ဖက်တွင်အဖြူရောင်သိုင်းသမားအများစုရှိပြီး ကျန်တစဖက်၍ အနက်ရောင်သိုင်းသမားများဖြစ်ကြသည်။
သာမန်ပွဲကြည့်သူများနှင့်အဖြူမကျအနက်မကျသိုင်းသမားများက ရောရောနှောနှောဖြင့်ရှိနေကြသော်လည်း အဖြူအနက်အုပ်စုနှစ်ခုကတော့ သိသိသာသာကွဲနေပေသည်။
ယနေ့တိုက်ပွဲ၏အဓိကဇာတ်လိုက်များက ကွင်းပြင်ထဲတွင်ရပ်နေကြသည့်လူနှစ်စုဖြစ်ပြီး အဖြူရောင်ဝတ်စုံများကိုဆင်တူဝတ်ဆင်ထားကြသည့်လူတစ်စုနှင့် အနက်ရောင်ဝတ်စုံဝတ်လူဆယ်ယောက်တို့ဖြစ်သည်။
ထိုနှစ်ဖွဲ့က တစ်ဘက်ကိုတစ်ဘက် သတ်တော့ဖြတ်တော့မည့်အကြည့်ဖြင့်ကြည့်ရှုနေကြသလို သူတို့၏နောက်ဘက်ရှိ အဖြူအနက်သိုင်းသမားများကလည်း အချင်းချင်းအော်ဟစ်လှောင်ပြောင်ကာစကားစစ်ထိုးနေကြသည်။
အဖြူရောင်သိုင်းလောက၏နာမည်ကျော်အဖွဲ့အစည်းဖြစ်သည့် သိုင်းမဟာမိတ်နှင့် အနက်ရောင်သိုင်းလောကသားများစုပေါင်းဖွဲ့စည်းထားသည့် မိစ္ဆာဝိညာဉ်အဖွဲ့သားများ၏အငြင်းပွားမှုက ယခုတိုက်ပွဲ၏အဓိက အကြောင်းအရင်းပင်ဖြစ်သည်။
“ ချူမန်...မင်း ယောင်္ကျားဆိုရင် အခုရှေ့ကိုထွက်လာပြီး အသေခံစမ်း...”
ဗျပ်ကျယ်ပြီး လေးလံသည့်ဓားပြားကြီးကိုကိုင်ဆောင်ထားသည့် မိစ္ဆာဝိညာဉ်အဖွဲ့သားတစ်ဦးက ရှေ့ထွက်ကာ စိန်ခေါ်လိုက်သည်။
အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သည့် ထိုလူက မိစ္ဆာဝိညာဉ်အဖွဲ့ထဲတွင် ဝံပုလွေဓားယင်စန်းဟု ကျော်ကြားသူတစ်ဦးဖြစ်ပြီး ယခုလည်း သိုင်းမဟာမိတ်မှလူများ၏ခေါင်းဆောင်ကိုစိန်ခေါ်နေခြင်းဖြစ်သည်။
သူ၏စကားကြောင့် သက်လက်ပိုင်းအရွယ်ရှိသည့် သိုင်းမဟာမိတ်မှလူများ၏ခေါင်းဆောင်က ရှေ့သို့ခုန်ထွက်လာပြီး သူ၏လက်သီးကိုတင်းကြပ်စွာဆုပ်ကာ ဒေါသတကြီးပြောဆိုလိုက်သည်။
“ ကောင်းပြီ ယင်စန်း မင်းက သေချင်နေတယ်ဆိုမှတော့ မင်းရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့ ...”
ချူမန်ဆိုသည့် သက်လက်ပိုင်းလူက လက်တွင်သံမဏိလက်အိပ်နှစ်ခုကိုစွပ်ထားကာ လက်ချောင်းထိပ်၌ ချွန်မြသည့်လက်သည်းများလည်းပါဝင်သည် ။
သူက ကျောက်စိမ်းဖျက်လက်ဟုကျော်ကြားသည့် ချူမိသားစုဝင်တစ်ဦးဖြစ်သော်လည်း ချူမိသားစု၏ထိပ်တန်းပညာရပ်ဖြစ်သည့် ကျောက်စိမ်းဖျက်လက်ဝါးသိုင်းပညာကိုကားတတ်မြောက်ခြင်းမရှိပေ။
ထိုအစား တောင်ပင်လယ်၏ သိမ်းစွန်လက်သည်းသိုင်းဖြင့်ထင်ရှားလာခဲ့ပြီး သိုင်းမဟာမိတ်၏ အရေးပါသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်လာခဲ့ပေသည်။
ယနေ့အငြင်းပွားမှု၏ ဇာတ်မြစ်က ကျန်းနန်ရှိစားသောက်ဆိုင်တစ်ခုမှစတင်ခဲ့ခြင်းဖြစ်ပြီး မိစ္ဆာဝိညာဥ်အဖွဲ့သားတစ်ယောက်ကို သိုင်းမဟာမိတ်မှလူတစ်ဦးက မတော်တဆတိုက်မိ၍ ဟင်းအနည်းငယ်ဖိတ်စင်သွားခြင်းမှအစပြုပေသည်။
ပုံမှန်ဆိုလျှင် ထိုပြဿနာမျိုးက စကားအနည်းငယ်တောင်းပန်လိုက်ရုံဖြင့်ပြေလည်သွားမည်ဖြစ်သော်လည်း နှစ်ဘက်လူများက သိုင်းမဟာမိတ်နှင့် မိစ္ဆာဝိညာဉ်မှဖြစ်နေရာ ပြဿနာပ လွန်စွာကြီးမားလာခဲ့တော့သည်။
နှစ်ဘက်ခေါင်းဆောင်များက ပွင့်လင်းစွာစစ်ကြေငြာခြင်းမရှိသည့်တိုင် လမ်းတွေ့လျှင်ပင် တိုက်ခိုက်မည်တကဲကဲဖြစ်နေကြသည့် ထိုအဖွဲ့အစည်းနှစ်ခုကလူများကြောင့် ယခုဖြစ်ရပ်က ကျေအေးမရနိုင်သည့်အဆင့်သို့ရောက်ရှိလာခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ကို မိစ္ဆာဝိညာဉ်အဖွဲ့သားများက သည်အတိုင်းအဆုံးသတ်မပေးနိုင်သလို သိုင်းမဟာမိတ်မှလသများကလည်းမတောင်းပန်ရုံသာမက မချေမငန်ပင်လည်တုန့်ပြန်ခဲ့သည် ။
ဤသို့ဖြင့်တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ကြခြင်း တုတ်ဓားများပါဝင်လာကြသည့်အတွက် ဆိုင်ထဲရှိအခြားသိုင်းသမားများ၏ အကြံပေးမှုဖြင့် သူရဲကောင်းကွင်းပြင်ထဲတွင်တိုက်ခိုက်ရန်ချိန်းဆိုခဲ့ကြခြင်းဖြစ်သည်။
အလယ်ပိုင်း၏ အချက်အခြာဖြစ်သည့် ကျန်းနန်လိုနေရာမျိုးတွင်ဖြစ်ပွားခဲ့သည့်ကိစ္စဖြစ်၍ အချိန်အနည်းငယ်အတွင်းထိုသတင်းက ပျံ့နှံ့သွားခဲ့ကာ ယခုလိုသိုင်းသမားများစွာစုရုံလာသည်အထိပင်။
တစ်ဖက်တွင် အချင်းချင်းမျက်နှာကြောမတည့်ကြသည့် အဖြူရောင်သိုင်းလောကသားများနှင့်အနက်ရောင်သိုင်းသမားများကလည်း သက်ဆိုင်သည့်ဘက်များကိုအားပေးရင် ယခုလိုလူစုနှစ်ခုကွဲလုနီးပါးဖြစ်နေခြင်းဖြစ်၏။
“ ဟားဟား...ကြောင်သူတော်မဟာမိတ်က အရေးပါတဲ့အဖွဲ့သားတစ်ယောက်ကို ငါ့လက်နဲဆုံးမရမှာ အရသာရှိလိုက်တာ...”
စင်းယန်က တိုက်ခိုက်ရခြင်းမပြုမီ စကားစစ်ထိုးလိုက်သည်။
သူ၏စကားကြောင့် ချူမန်၏မျက်နှာက ကွက်ခနဲပျက်ယွင်းသွားပြီး သိုင်းမဟာမိတ်မှလူများလည်း ဒေါသတကြီးဖြစ်သွားကြသည် ။
သိုင်းမဟာမိတ်၏ဆောင်ပုဒ်က သိုင်းလောကငြိမ်ချမ်းရေးကိုထိမ်းသိမ်းမည်ဖြစ်သော်လည်းအနက်ရောင်သိုင်းလောကသားများကိုသိသိသာသာဖိနှိပ်သည့်သူတိူ့၏လုပ်ရပ်များကြောင့် မိစ္ဆာဝိညာဉ်အဖွဲ့သားများက ကြောင်သူတော်မဟာမိတ်ဟု အမြဲလိုလိုလှောင်ပြောင်လေ့ရှိခြင်းဖြစ်သည်။
စင်းယန်ကို တန်ပြန်ပြောဆိုနေခြင်းမပြုတော့ဘဲ ချူမန်လည်း ရှေ့သို့ရိပ်ခနဲခုန်ဝင်သွားလိုက်ကာ တောင်ပင်လယ်သိမ်းစွန်လက်သည်းသိုင်းမှ ကြောက်စရာကောင်းသည့်တိုက်ကွက်တစ်ခုဖြင့်စတင်တိုက်ခိုက်လိုက်သည်။
ချွန်မြနေသည့် သံမဏိလက်အိတ်က ချူမန်၏လက်ထဲတွင်လွန်စွာကြောက်စရာကောင်းနေပြီး တခဏအတွင်း စင်းယန်၏တစ်ကိုယ်လုံးကို လက်သည်းရိပ်များဖူံးလွှမ်းသွားပြီဖြစ်သည်။
လျှင်မြန်ခြင်းကိုအခြေခံထားပြီး ရက်စက်ကြမ်းကြုတ်သည့်တောင်ပင်လယ်သိမ်းစွန်လက်သည်းက တောင်ပင်လယ်ဂိုဏ်းသားအများစုပင်တတ်မြောက်ခြင်းမပြုကြဘဲ ချူမန်ကား ကံကောင်းထောက်မစွာဖြင့်သင်ယူခွင့်ရခဲ့ခြင်းဖြစ်သည်။
သူ၏လက်သည်းရိပ်များက လွန်စွာလျှင်မြန်လှသလို တစ်ချက်ပွတ်ဆွဲမိရုံနှင့်အသားအတစ်လိုက်ပဲ့ပါသွားနိုင်အောင် ထက်ရှပေသည်။
ပြိုင်ဘက်က ကြောက်စရာကောင်းသည့်တိုက်ကွက်ကိုစတင်ထုတ်ဖော်လာ၍ စင်းယန်လည်း မပေါ့ဆဝံ့ဘဲ သူ၏လက်ထဲမှဓားကြီးကိုမြောက်ကာ တစ်ကိုယ်လုံးကိုလုံခြုံစွာကာကွယ်ထားလိုက်သည်။
“ ချွမ်း...ချွမ်း.. “
ချူမန်၏ချွန်မြသည့် လက်ချောင်းများနှင့် စင်းယန်၏ဓားတို့ အကြိမ်များစွာထိတွေ့သွားပြီး မီးပွင့်ကလေးများပင်ပေါ်ထွက်လာသည်။
ချူမန်၏တိုက်ခိုက်မှုက လွန်စွာမြန်ဆန်ပြီးကြောက်မက်ဖွယ်ကောင်းလှသော်လည်း စင်းယန်ကလည်း မခေပေ။
အတွေ့အကြုံရင့်သိုင်းသမားတစ်ယောက်ပီသစွာ ချူမန်၏လက်သည်းရိပ်များကိုကာကွယ်ပြီးသည်နှင့် နောက်သို့ခုန်ဆုတ်လိုက်သည်။
လူအများက စင်းယန်တစ်ယောက် တိုက်ပွဲအစကပင်နောက်ဆုတ်ရှောင်တိမ်းလိုက်ရပြီဟုတွေးလိုက်မိကြသော်လည်း စင်းယန်က မြေပြင်ကိုခြေတစ်ချက်ဆောင့်လိုက်ပြီး ရှေ့သို့ တရှိန်ထိုးပြေးဝင်လာသည် ။
ထို့နောက် သူ၏လက်ထဲမှဓားကြီးကိုမြောက်ကာ ပြင်းထန်အားကောင်းသည့် ဓားကွက်များဖြင့်တန်ပြန်တိုက်ခိုက်လိုက်သည်။
ဤသို့ဖြင့် အဆင့်လွန်ထိပ်သီးတို့၏တိုက်ပွဲက စတင်ဖြစ်ပွားလာခဲ့ပြီး ကြည့်ရှုနေကြသူများကား အသဲတယားယားဖြင့် တက်ကြွစွာအော်ဟစ်အားပေးလိုက်ကြသည်။
&&&&