← Chapters

လူအုပ်ကြားမှအဖြစ်များ

Vol. 2 Ch. 2

လူအုပ်ကြားမှအဖြစ်များ

Vol. 2 Ch. 2

သူတို့နှစ်ယောက်စလုံးက တူညီသည့်သိုင်းအဆင့်ရှိကြပြီး တိုက်ပွဲစွမ်းအားသည်လည်းမတိမ်းမယိမ်းဖြစ်လေရာ တိုက်ပွဲက အကြိတ်အနယ်ရှိလှသည်။

ကွင်းပြင်းထဲတွင် နှစ်ခြမ်းကွဲနေသည့်အဖြူအနက်သိုင်းလောကသားများကလည်း စိတ်လှုပ်ရှားစရာ‌ကောင်းလှသည့်တိုက်ပွဲကိုကြည့်ရင်း ကိုယ်အားသန်သည့်ဘက်ကိုအားပေးနေကြ၏ ။

သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်တို့‌ပေါ်ထွက်လာခြင်းနှင့်အတူ ယခုရှစ်နှစ်အတွင်း အဖြူအနက်အားပြိုင်မှုက သိသိသာသာမြင့်တက်လာခဲ့ပြီး ခရမ်းရောင်သွေးလဂိုဏ်းမရှိမီကာလများထက်ပင် ပို၍ဆိုးရွားနေသေးသည် ။

ထို့ကြောင့် အဖြူရောင်သိုင်းသမားများက သိုင်းမဟာမိတ်မှချူမန်ကိုအနိုင်ရစေလိုကာ အနက်ရောင်သိုင်းသမားများကား ဝံပုလွေဓားစင်းယန်ကို အော်ဟစ်အားပေးနေကြသည် ။

ထိုအထဲတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့်မိစ္ဆာဝိညာဉ်အဖွဲ့သားများနှင့် သိုင်းမဟာမိတ်မှလူများ၏အော်ဟစ်သံက အကျယ်‌လောင်ဆုံးဖြစ်ပြီး သူတို့၏ခေါင်းဆောင်များကို ချီးမြောက်ကာ ကျန်တစ်ဖက်ကိုထိုးနှက်နေကြခြင်းဖြစ်သည်။

သာမန်လူအနည်းငယ်နှင့် အဖြူမကျအနက်မကျသိုင်းသမားများကတော့ မည်သူအနိုင်ရသည်ဖြစ်စေ ကိစ္စမရှိဘဲစိတ်လှုပ်ရှားစကာကောင်းသည့်တိုက်ပွဲကိုသာ တက်ကြွစွာကြည့်ရှုနေကြသည်။

ချူမန်၏လက်သည်းကုတ်ချက်များက လွန်စွာလျှင်မြန်ပြီးကြောက်စရာကောင်းလှသလို စင်းယန်၏ ဓားချက်များကလည်းပြင်းထန်အားကောင်းလှ၏။

သူတို့၏သိုင်းပညာများက များစွာမကွာဟဘဲ လေ့ကျင့်သည့်သိုင်းပညာကိုလိုက်၍ တစ်ယောက်တစ်မျိူးစီအားသာချက်ရှိကာ ချူမန်က ကိုယ်ဖော့ပညာပိုသာပြီး စင်းယန်၏အတွင်းအားက ပိုအားကောင်းသည်။

တိုက်ခိုက်နေကြသူနှစ်ယောက်သည်လည်း အားသာချက်ကိုယ်စီကိုအပြည့်အဝအသုံးပြုနေကြပြီး တစ်ယောက်ကိုတစ်ယောက် အနိုင်ယူနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။

သို့သော်လည်း သူတို့၏သိုင်းအဆင့် တူညီနေရာ အနိုင်အရှုံးကို အချိန်တိုဖြင့်ဆုံးဖြတ်နိုင်မည်မဟုတ်ဘဲ တိုက်ပွဲကရှည်ကြာနေသည်။

လက်ရှိအချိန်၌ သိုင်းကွက်လေးရာကျော်အနေအထားသို့ရောက်ရှိလာပြီဖြစ်သည့်တိုင်မည်သူမှအသာစီးမရသေးဘဲ လက်ရည်တူညီနေကြသည်။

ထိုအချိန်၌ လူအုပ်ကြားထဲသို့ မြင့်မားကြံ့ခိုင်သည့်ပုံရိပ်တစ်ခုတိုးလာပြီး လူအများ၏ရှေ့ဆုံးသို့ရောက်ရန် ‌တိုးဝှေ့နေသည်။

“ နည်းနည်းလောက်ပါ နည်းနည်းလောက်....”

အဖြူရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ကြီးမားသည့်ဓားမော့တစ်လက်ကိုသိုင်းလွယ်ထားသည့် ထိုလူငယ်က သာမန်လူများထက်ခေါင်းတစ်လုံးခန့်မြင့်မားနေသည်။

ပခုံးသာသာရှိမည့် နီကြင်ကြင်ဆံပင်များကို စည်းနှောင်ထားခြင်းမရှိဘဲ အရိုင်းဆန်စွာကျဆင်းနေစေသည့်လူငယ်၏ပုံစံက တောတွင်းသားတစ်ယောက်နှင့်ပင်ဆင်တူနေသည်။

ကြံ့ခိုင်သန်စွမ်းလှသည့်သူ၏ခန္တာကိုယ်ကလည်း လူအများကြားထဲတွင် ထင်းနေစေမည့်ပုံစံမျိုးရှိပြီး ရိုးသားပွင့်လင်းဟန်တူသည့်မျက်နှာထက်၌ အူကြောင်ကြောင်အပြုံးတစ်ခုရှိနေကာ ရှေ့မှလူများကိုတောင်းပန်ရင်း လူအုပ်ရှေ့ဆုံးသို့ရောက်ရန်ကြိုးစားနေခြင်းဖြစ်၏။

သူ၏လုပ်ရပ်ကြောင့် ပြင်းထန်လှသည့်တိုက်ပွဲကို ကြည့်ကောင်းနေကြသည့်လူများမှာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မကျေမနပ်က်ြ့လိုက်က့သော်လည်း သံမဏိလူသားတစ်ယောက်လို ကြံ့ခိုင်သန်စွမ်းလှသည့်ကိုယ်ကာယကြောင့် မည်သူမှမကျေမနပ်မပြောကြတော့ဘဲ တိုက်ပွဲကိုသာ ဆက်ကြည့်နေလို့်ကြသည်။

သို့သော် လူအုပ်၏ရှေ့ဘက်နားရှိ ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်က သူ၏ပခုံးပေါ်သို့ကျရောက်လာသာသည့်လူငယ်၏လက်ကိုပုတ်ထုတ်ရင်း တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။

“ မင်းကဘာကောင်လဲ ကောင်းကောင်းမြင်ရတဲ့နေရာကိုရချင်ရင် စောစောလာပါ့လားကွ.....”

ကျန်းနန်မြို့တစ်ဝိုက်တွင် အတော်အတန်နာမည်ရှိသည့်ထိုလူက တောတွင်းသားတစ်ယောက်နှင့်ဆင်တူသည့်လူငယ်ကို အထင်သေးနေဟန်တူသည်။

ထိုလူ၏ ခတ်ထန်သည့်ပုံစံကြောင့် လူငယ်က သွားဖြူဖြူများပေါ်အောင် ရယ်ပြလိုက်ပြီး ခေါင်းကုတ်၍မေးလိုက်သည်။

“ တောင်းပန်ပါတယ် ကျုပ်ကြောင့် ပြဿနာဖြစ်သွားလို့လား....”

လူငယ်၏အူတူတူပုံစံကြောင့် သိုင်းသမားမှာ ပို၍ပင်အထင်သေးသွားပြီးတစ်စုံတစ်ခုပြောမည်ပြုလိုက်သည်။

ထိုအချိန်၌ လူအုပ်ထဲရှိလူအချို့က သူ့ကိုသနားသည့်အကြည့်ဖြင့်ကြည့်ရှုနေသည်ကို ထိုလူတစ်ယောက်မမြင်နိုင်ခဲ့ပေ။

“ ဖြစ်တာပေါ့ကွ မင်းရဲ့လုပ်ရပ်ကြောင့်.....”

ထိုလူက ဝါရင့်သိုင်းသမားတစ်ယောက်၏ဟန်ပန်ဖြင့် တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း သူ၏ဘေးဘက်ရှိမိတ်ဆွေဖြစ်ဟန်တူသူက ထိုလူ၏ပါးစပ်ကိုအလျှင်အမြန်ပိတ်ရင်း လူငယ့်ကိုပြုံး၍ပြောလိုက်သည်။

“ ကျုပ်မိတ်ဆွေက လျှောက်ပြောနေတာပါ ။ ညီလေး တိုက်ပွဲကိုကြည့်မှာမလား...ဟိုမှာ အရှိန်အမြင့်ဆုံးကိုရောက်နေပြီ...”

ဒုတိယလူ၏ပျော့ပြောင်းသည့်စကားကြောင့် လူငယ်လည်း ပြန်ပြုံးပြလိုက်ပြီး ရှေ့သို့အနည်းငယ်တိုးကာ ထိုင်ချလိုက်ပြီး တိုက်ပွဲကိုစူးစိုက်ကြည့်နေတော့သည်။

ပတ်ဝန်းကျင်ကိုဂရုစိုက်ဟန်မတူဘဲမြေပြင်တွင် ခြေချိတ်ထိုင်၍တိုက်ပွဲကိုအားပါးတရကြည့်နေသည့်လူငယ်၏မျက်လုံးများက အရောင်တလက်လက်တောင်ပလျက်ရှိသည်။

တိုက်ပွဲဆီသို့အာရုံရောက်သွားသည့်လူငယ်ကြောင့် ဒုတိယလူလည်း မကျေမနပ်ဖြစ်နေသည့် သူ့မိတ်ဆွေ၏ပါးစပ်ကိုလွှတ်ကာ နားအနီးသို့ကပ်၍တီးတိုးပြောလိုက်သည်။

ဒုတိယလူ၏စကားဆုံးသည်နှင့် ဘုမသိဘမသိပါးစပ်အပိတ်ခံလိုက်ရ၍ အံ့ဩဒေါသထွက်နေသည့်လူ၏မျက်နှာက ဖြူလျော်သွားပြီး ရှေ့နား၌အေးဆေးစွာထိုင်နေသည့်လူငယ်ကိုကြည့်ရင်း သူ၏ဒူးများတုန်ရီသွားသလိုပင်ခံစားလိုက်မိ၏။

ထိုအဖြစ်ကို အစအဆုံးမြင်တွေ့နေသူများက ခပ်လှမ်းလှမ်းရှိလူများထဲတွင်ရောနှောနေသည့် အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ဖြစ်ပြီး ခမောက်ကိုယ်စီဆောင်းကာ သူတို့၏ရုပ်ရည်များကိုဖုံးကွယ်ထားကြသည်။

သို့သော် ခမောက်အောင်မှတလက်လက်တောက်ပနေသည့် မျက်လုံးများအရ ထိုလူနှစ်ယောက်၏အတွင်းအားကအတော်ပင်ကောင်းမွန်လှသည်ကိုသိရှိနိုင်ပြီး မြေကြီးပေါ်တွင် ‌ထိုင်နေသည့် လူငယ်ကိုကြည့်ကာအချင်းချင်းပြောလိုက်ကြသည်။

“ ဟာကွာ..အခုတိုက်ပွဲထက်ပိုကောင်းတာများတွေ့မလားလို့စောင့်နေတာ အခုတော့ချီးပဲ...”

ခမောက်ဆောင်းထားသူတစ်ယောက်က မကျေမနပ်လေသံဖြင့် ညည်းတွားလိုက်စဉ် ကျန်တစ်ယောက်ကလည်း ခေါင်းညိမ့်ကာထောက်ခံလိုက်သည်။

“ ဒီကောင်ဘယ်ကနေ သတင်းအနံ့ရပြီးရောက်လာတာလဲမသိဘူး။ တိုက်ပွဲဆိုတာနဲ့ရှေ့ဆုံးကပဲ။ သူနဲ့ ပါရမီရှင်ဆိုတဲ့ကောင်ထိတ်တိုက်တွေ့ရင်တော့ကြည့်ကောင်းပြီ...”

ထိုလူ၏စကားကြောင့် ပထမပြောလိုက်သူက အံ့အားသင့်သွားဟန်ရပြီး အလျှင်အမြန် မေးလိုက်သည်။

“ ဟမ်... ဟို‌ခွေးကောင် ရှန့်စီးယန်လား သူဒီကိုရောက်နေတာလား...”

သူ၏လေသံက အနည်းငယ်ကျယ်လောင်သွား၍ ကျန်တစ်ယောက်က အသံတိတ်ရန်သတိပေးလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ ဟုတ်တယ် အဲ့ကောင်လည်း ဟိုဘက်က အဖြူရောင်သိုင်းသမားတွေကြားမှာရှိတယ် ။ ဒီကောင်ဝင်မပါသေးလို့ ငါလည်း အသာငြိမ်နေတာ..”

သူ၏အဖြေကြောင့် ပထမလူလည်း အဖြူရောင်သိုင်းလောကသားများဘက်သို့လှည့်ပတ်ရှာဖွေလိုက်ရာ ဝတ်စုံဖြူဝတ်လူရွယ်တစ်ယောက်ကိုမြင်လိုက်သည့်အခါ၌ သူ၏မျက်လုံးများ စူးရဲတောက်ပသွားသည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ကွင်းပြင်ရှိလူများ၏အာရုံက တိုက်ခိုက်နေကြသည့်လူနှစ်ယောက်ထံသို့ ကျရောက်နေကြသည်။

ချူမန်က သူ၏အားသာချက်ဖြစ်သည့်ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုပြီး ဘက်ပေါင်းစုံမှလှည့်ပတ်တိုက်ခိုက်နေသလို စင်းယန်ကလည်း သူ၏ဓားကြီးကိုမြောက်၍ ချူမန်၏တိုက်ကွက်မှန်သမျှကို ချေဖျက်နေသည်။

ချူမန်၏တောင်ပင်လယ်သိမ်းစွန်လက်သည်းက လျှင်မြန်ပြီးရက်စက်ကြမ်းကြုတ်သည့်တိုက်ကွက်များစွာပါဝင်၍လွန်စွာကြောက်စရာကောင်းသော်လည်း အတွင်းအားကောင်းပြီး တည်ငြိမ်သည့်စင်းယန်လိုလူမျိူးနှင့်တွေ့ဆုံရာတွင် အနည်းငယ်နိမ့်ကျနေသည်။

အကြောင်းကား သူ၏ကြောက်စရာကောင်းသည့်တိုက်ကွက်မှန်သမျှကိုတစ်ဖက်လူက တစ်ချက်ချင်းချေဖျက်နိုင်၍ဖြစ်ပြီး တစ်ခါတစ်ရံ လက်နက်ချင်းထိတွေ့မှုကြောင့် ချူမန်ပင်အတွင်းဒဏ်ရာရလုနီးပါးဖြစ်သွား၍ဖြစ်သည်။

ထို့အပြင်စင်းယန်၏ လက်နက်က ကြီးမားလေးလံသည့် ဓားကြီးတစ်လက်ဖြစ်ရာ လက်နက်၏ ပြင်းထန်သည့်အရှိန်အဟုန်ကြောင့် ချူမန်မသက်မသာဖြစ်မိသည်။

ပို၍ဆိိုးရွားသည့်အချက်က စင်းယန်က သူ၏ရန်စမောက်မာသည့်စရိုက်နှင့်မလိုက်ဖက်စွာ တိုက်ပွဲတွင်လွန်စွာတည်ငြိမ်လှသည့်ပုံစံကလည်း ချူမန့်ကို ပိုအရေးနိမ့်စေကာ ယခုပုံစံအတိုင်းသာဆက်သွားပါက အတွင်းအားကုန်ခမ်းမှုကြောင့် နောက်ထပ်သိုင်းကွက်ငါးရာအတွင်း သေချာပေါက်ရှုံးနိမ့်ရပေမည်။

ထို့ကြောင့် ချူမန်လည်း စိတ်ထဲတွင် အလျှင်အမြန်တွက်ချက်ပြီးနောက် အံကိုတင်းတင်းကြိတ်ရင်း စွန့်စားရန်ဆုံးဖြတ်လိုက်သည်။

တစ်ဖက်လူက တည်ငြိမ်ပြီး သတိကြီးသူတစ်ယောက်ဖြစ်သည့်တိုင် သူ၏လှည့်ကွက်ထဲသို့မကျရောက်ဘဲနေမည်မဟုတ်ဟု ချူမန်မယုံကြည်ပေ။

“ ယား...”

ချူမန်လည်း အော်ဟစ်မာန်သွင်းလိုက်ပြီး လေထဲသို့ရိပ်ခနဲခုန်တက်ကာ စင်းယန်အပေါ်မှ ဇောက်ထိုးဆင်းလာသည် ။

တစ်ချိန်ထဲမှာပင် သူ၏လက်နှစ်ဖက်ကလျှင်မြန်စွာလှူပ်ရှားလာပြီး ကြောက်စရာကောင်းသည့်လက်သည်းရိပ်များက စင်းယန်၏ဦးခေါင်းခွံကိုကုတ်ဆွဲရန် ဦးတည်၍ဝင်ရောက်လာသည် ။

ထိုသိုင်းကွက်က စွန်ရဲအစာချီ ဆိုသည့်တိုက်ကွက်ဖြစ်ပြီး ပြိုင်ဘက်ထင်မှတ်မထားသည့်အခိုက်တွင်တိုက်ခိုက်ရာ တစ်ကွက်ထဲဖြင့်သတ်ဖြတ်နိုင်သည့်လျှို့ဝှက်သိုင်းကွက်တစ်ခုလည်းဖြစ်သည်။

စင်းယန်လည်း တိုက်ခိုက်နေရင်း လေထဲသို့ခုန်တက်လာသည့် တစ်ဖက်လူ၏လုပ်ရပ်ကြောင့် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်မိပြီးရင်ထိတ်သွားသည်။

ထိုအခြေအနေမျိုးတွင် အတွေ့အကြုံမရှိသည့်လူသစ်တစ်ယောက်ဆိုပါက မည်သို့ပြုလုပ်ရမှန်းမသိဘဲ မသေလျှင်ပင် ဒဏ်ရာအကြီးအကျယ်ရသွားနိုင်ပေမည်။

သို့သော် ဝါရင့်သိုင်းသမားတစ်ယောက်ပီသစွာ စင်းယန်က ရှောင်တိမ်းရန်ခက်ခဲမည့်အခြေအနေတွင်ပင် ရအောင်လွတ်လမ်းရှာနိုင်ပြီး အခြေခံသိုင်းကွက်များထဲမှတစ်ကွက်ဖြစ်သည့်ငါးရံမြေလူးသိုင်းကွက်ကိုသုံးကာ ရှေ့သို့လှိမ့်ထွက်လိုက်သည်။

သူ၏ကိုယ်ဟန်က ဆိုးရွားသည့်ပုံစံဖြစ်သွားသော်လည်း ချူမန်၏တိုက်ကွက်ကိုလွတ်အောင်ရှောင်တိမ်းနိုင်ခဲ့ပြီး တန်ပြန်တိုက်ခိုက်လိုက်လေသည်။

“ ချွမ်း...ထန်း...”

စင်းယန်၏ဓားကြီးက ချူမန်၏ရင်ဘက်နှင့်လည်ပင်းဆီသို့အရှိန်ပြင်းစွာဝင်ရောက်သွားပြီး ချူမန်၏လက်သည်းကုတ်ချက်များနှင့်ထိတ်တိုက်တွေ့သွားသည်။

သူတို့နှစ်ဦး၏သိုင်းအဆင့်ကတူညီသော်လည်း စင်းယန်က သိသိသာသာအတွင်းအားပိုကောင်းသည့်အပြင် ကြီးမားလေးလံသည့်ဓား၏အရှိန်အဟုန်ကြောင့် ချူမန်မှာ ဟန်ချက်ပျက်၍ နောက်သို့ယိုင်သွားတော့သည်။

ထိုအခွင့်အရေးကိုလက်လွတ်မခံဘဲ စင်းယန်၏ဓားကလည်း ချူမန်၏ရင်ဝသို့လျှင်မြန်စွာဝင်ရောက်သွားတော့သည်။

“ ဟာ..”

“ အလို...”

ထိတ်လန့်တကြားအော်ဟစ်သံများ၊ အာမေဍိတ်သံများဆူညံသွားပြီး အများစုက ချူမန်တစ်ယောက်သွားပြီဟုတွေးလိုက်မိကြသည်။

&&&&

All Chapters