← Chapters

တစ်ကိုယ်တော်ဝံပုလွေ

Vol. 2 Ch. 3

တစ်ကိုယ်တော်ဝံပုလွေ

Vol. 2 Ch. 3

စင်းယန်၏ဓားကြီးက ချူမန်၏ရင်ဝသို့ အရှိန်အဟုန်ပြင်းစွာဝင်ရောက်လာသည်။

အစောပိုင်းက တိုက်ခိုက်မှုများကြောင့် ဟန်ချက်ပျက်နေသည့်ချူမန်မှာ ထိုတိုက်ကွက်ကိုရှောင်တိမ်းရန်မဖြစ်နိုင်တော့သလို ခုခံလျှင်လည်းသက်သာမည်မဟုတ်ပေ။

ထိုသို့ ဘေးကြပ်နံကျပ်အခြေအနေမျိုး၌ ချူမန်၏မျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ခုပေါ်ထွက်လာပြီး သူ၏ခန္တာကိုယ်ကိုတစ်ပတ်လှည့်ကာ ထူးခြားသည့်ကိုယ်ဟန်ဖြင့် စင်းယန်၏ဓားချက်ကိုရှောင်တိမ်းလိုပ်သည်။

“ ဝှီး...”

ပြက်းထန်အားကောင်းလှသည့်ဓားကြီးက ချူမန်၏မျက်နှာဘေးမှ ပွတ်ကာသီကာဖြတ်ကျော်သွားပြီး ဘေးသို့လက်မဝက်ခန့်တိုးလာလျှင်ပင် ချူမန်၏ခန္တာကိုယ်နှစ်ခြမ်းကွဲသွားပေမည် ။

ထိုအဖြစ်ကြောင့် ကြည့်ရှုနေသည့်လူအားလုံး အသဲအူများပင်တုန်ယင်သွားသော်လည်း ချူမန်ကထိတ်လန့်ခြင်းမရှိဘဲ တစ်ပတ်လည်လာပြီးနောက် သူ၏စွန်ကုတ်သဏ္ဍာန်လက်သည်းက ရှေ့သို့အားလွန်လာသည့် စင်းယန်၏ရင်ဘက်ကိုကုတ်ဆွဲလိုက်သည် ။

လျှင်မြန်ရက်စက်လှသည့်ထိုတိုက်ကွက်ကိုသာခံလိုက်ရပါက စင်းယန်၏ရင်ဘက်တစ်ခုလုံးပွင့်ထက်သွားမည်ဆိုသည်က မေးခွန်းထုတ်စရာပင်မလိုပေ။

ရုတ်တရက်ဖြစ်ပေါ်လာသည့်အပြောင်းအလဲကြောင့် စင်းယန်ကိုယ်တိုင်ကြောင်အမ်းအမ်းဖြစ်သွားပြီး ချက်ခြင်းလိုလို နောက်ဘက်သို့ခုန်ဆုတ်လိုက်ရသည်။

သူ၏မျက်နှာက ဆိုးရွားစွာပျက်ယွင်းနေပြိး ပြိုင်ဘက်၏လှည့်ကွက်အတွင်းကျရောက်သွားပြီဖြစ်မှန်းရိပ်မိလိုက်သည် ။

သို့သော် ထိုတိုက်ကွက်ကိုလွတ်အောင်ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ချူမန်၏စွန်ကုတ်လက်သည်းက သူ၏ပခုံးကိုမိမိရရထိမှန်သွားသေးသည်။

“ စွပ်....”

“ အား...”

“ ချွမ်း...”

တိုက်ပွဲ၏အလှည့်အပြောင်းက ကြည့်ရှုနေသူများကို ရင်တမမဖြစ်စေသည်။

ချုမန်၏စွန်ကုတ်လက်သည်းက ယင်စန်း၏ပခုံးကို မိမိရရဖမ်းမိသွားပြီး ပခုံးရိုးတစ်ခုလုံး ကြေမွသွားကာ လက်ထဲမှဓားပင် လွတ်ကျ၍ ဒယီးဒယိုင်ဖြစ်သွားရသည်။

“ ရပ်လိုက်စမ်း...”

အော်ဟစ်သံများဆူညံသွားကာ ယင်စန်း၏မျက်နှာကား သွေးဆုတ်ဖြူလျော်နေပြီးနောက်သို့ ဒရောသောပါးဆုတ်ပြေးတော့သည်။

ထိုတစ်ကွက်ထဲဖြင့် ချုမန်က တိုက်ပွဲ၏အဖြေကိုဆုံးဖြတ်လိုက်နိုင်ပြီး ရှေ့သို့ရိပ်ခနဲခုန်တက်၍ ယင်စန်းကိုထပ်မံတိုက်ခိုက်ရန်ပြင်လိုက်သော်လည်း အခြေအနေမဟန်သည်ကိုရိပ်စားမိသည့် မိစ္ဆာဝိညာဉ်အဖွဲ့သားများကသူတို့ခေါင်းဆောင်၏အနီးတွင်ကာကွယ်ပေးလိုက်ကြသည်။

ထို့အတူ သိုင်းမဟာမိတ်မှလူများသည်လည်း ချူမန်၏ဘေးသို့ရောက်ရှိလာကြပြီးသူတိူ့၏လက်နက်များကိုဆွဲထုတ်၍ အော်ဟစ်လိုက်ကြသည်။

“ အရှက်မဲ့လှချေလား...”

“ နောက်ဆုတ်ကြစမ်း..”

သိုင်းမဟာမိတ်မှလူများ၏‌ဒေါသတကြီးအော်ဟစ်သံများကိုကြားသော်လည်းမိစ္ဆာဝိညာဉ်အဖွဲ့သားများက နောက်မဆုတ်ကြဘဲ သူတို့၏ခေါင်းဆောင်ကို ကာကွယ်ပေးနေကြသည်။

တိုက်ပွဲစည်းမျဉ်းအရ တိုက်ပွဲမပြီးသေးမီဝင်ရောက်စွက်ဖက်ခွင့်မရသော်လည်းသူတို့ခေါင်းဆောင် ရှုံးနိမ့်နေသည်ကရှင်းလင်းနေရာ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ဝင်ရောက်လာပြခြင်းဖြစ်၏။

ရှုံ့မဲ့နေသည့်မျက်နှာထားဖြင့် ယင်စန်းကား ချူမန်၏စွန်ကုတ်လက်သည်းချက်ကြောင့် ပခုံးရိုးကြေမွသွားပြီး နက်ရှိုင်းသည့် ဒဏ်ရာကြီးပေါ်နေကာ သွေးများအဆက် မပြက်စီးကျနေသည်။

လက်ရှိအနေအထားဖြင့် ဆက်လက်တိုက်ခိုက်နိုင်ရန်မဆိုထားနှင့် နောက်တစ်ကြိမ်ဓားကိုင်နိုင်ရန်ပင် အတော်ကြိုးစားရပေမည်။

တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ချူမန်က အနိုင်ယူနိုင်လိုက်ရာ ကြည့်ရှုနေသူများလည်း အံ့ဩတုန်လှုပ်သွားကြသည်။

သို့သော် အတွေ့အကြုံရင့်သိုင်းသမားများနှင့်အဆင့်လွန်ထိပ်သီးများကတော့မည်သို့ဖြစ်ပျက်သွားသည်ကို ကောင်းစွာနားလည်လိုက်ကြပြီး ချူမန်က ရင်ဆိုင်တိုက်ခိုက်၍အနိုင်မရနိုင်သည်ကို ရိပ်စားမိ၍ ဉာဏ်ကူကာထောင်ချောက်ဆင်တိုက်ခိုက်ခြင်းဖြစ်သည် ။

မည်သို့ပင်ဖြစ်စေချူမန်၏လုပ်ရပ်ကိုလည်း အပြစ်ပြော၍မ‌ရဘဲ ယခုလိုဆန့်ကျင်ဘက်အဖွဲ့အစည်းနှစ်ခုမှလူများတိုက်ခိုက်ရာ၌ အနိုင်ရရှိရန် အစွမ်းကုန်ကြိုးစားရသည်က သဘာဝပင်ဖြစ်သည်။

ချူမန်က အော်ဟစ်လှောင်ပြောင်နေကြသည့် သူ့လူများကို လက်ကာကြလိုက်ပြီး မိစ္ဆာဝိညာဉ်အဖွဲ့သားများနောက်ရှိယင်စန်းကိုကြည့်ကာ ခပ်ပြုံးပြုံးမျက်နှာဖြင့်မေးလိုက်သည်။

“ ဘယ်လိုလဲယင်စန်း မင်းထပ်ပြီးတိုက်ခိုက်နိုင်သေးရဲ့လား ...”

သူ၏အခြေအနေကို အသိဆုံးဖြစ်ပါလျှက် တမင်လှောင်ပြောင်နေသည့် ချူမန့်ကြောင့် ယင်စန်း၏မျက်နှာကြီးမည်းမှောင်သွားသော်လည်း သူ့ဘက်ကိုယ့်ဘက်အင်အားအခြေအနေကိုအကဲခပ်၍ တင်းမာသည့်လေသံဖြင့်ပြောလိုက်သည် ။

“ ဒီနေ့ ငါရှုံးနိမ့်တာ ဝန်ခံပါတယ်...”

နှစ်ဘက်လူအင်အားများစွာမကွာဟသည့်အခြေအနေတွင်တိုက်ပွဲဖြစ်ပွားပါက ချူမန်တို့၏ဘက်မှအနိုင်ရမည်ကိုရိပ်စားမိ၍ ယင်စန်းလည်း မာန်လျော့လိုက်ခြင်းဖြစ်သည်။

သူ၏အရှုံးပေးစကားကြောင့် မိစ္ဆာဝိညာဉ်အဖွဲ့သားများသာမက ပွဲကြည့်နေကြသည့်အနက်ရောင်သိုင်းသမားများပါစိတ်ပျက်လက်ပျက်ဖြစ်သွားကြပြီး အဖြူရောင်သိုင်းသမားများနှင့် သိုင်းမဟာမိတ်မှလူများကား ‌ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။

ယနေ့အဖြစ်က သူတို့အတွက် အချိန်အတော်ကြာကြွားဝါနိုင်မည့်ကိစ္စရပ်ဖြစ်ပြီး သူတို့၏နာမည်ကို ပို၍ကျော်ကြားနိုင်စေမည်။

“ လူသတ်ရာမှာ မျက်တောင်တစ်ချက်မခတ်တဲ့ ယင်စန်းဆိုတာ ဘယ်ရောက်သွားလဲ...”

“ ရက်စက်ကြမ်းကြုတ်လွန်းလို့ ဝံပုလွေဓားဆိုတဲ့နာမည်ကိုရခဲ့တဲ့လူက တကယ်တော့အရှုံးသမားတစ်ယောက်ပါလား...”

သူတို့ဘက်မှအရေးသာခိုက်တွင် သိုင်းမဟာမိတ်မှလူများက မခံမရပ်နိုင်အောင် လှောင်ပြောင်ပြောဆိုနေကြသလို မိစ္ဆာဝိညာဉ်အဖွဲ့သားများမှာ ဒေါသတကြီးဖြစ်နေကြသည့်တိုင် အခြေအနေကိုကောင်းစွာနားလည်၍တိုက်ခိုက်ခြင်းမရှိသေးပေ။

သိူ့တိုင် သူတို့၏လက်သီးများကိုတင်းတင်းဆုပ်ထားကြပြီးလက်နက်ကိုယ်စီဆွဲကိုင်ကာ သိုင်းမဟာမိတ်မှလူများကို အေးစက်စွာကြည့်ရှုနေကြဆဲပင်။

လက်ရှိပုံစံအတိုင်းဆိုပါက သူ့လူများကိုထိမ်းမနိုင်တော့မှန်းသိလိုက်၍ ယင်စန်းလည်း ခပ်တိုးတိုးပြောလိုက်သည်။

“ သွားရအောင်...”

မိစ္ဆာဝိညာဉ်အဖွဲ့သားများမှာ အနိုင်ရပြီးဖြစ်သည့်တိုင် သူတို့ကိုအလွတ်မပေးဘဲ လှောင်ပြောင်နေကြသည့် သိုင်းမဟာမိတ်၏ခွေးကောင်များကို သူသေကိုယ်သေတိုက်ခိုက်လိုသည့်တိုင် သူတို့ခေါင်းဆောင်၏အမိန့်ကြောင့် မတတ်သာတော့ဘဲလှည့်ထွက်သွားကြသည်။

ထိုအဖြစ်ကြောင့် အနက်ရောင်သိုင်းသမားများအရှက်ရသလိုခံစားလိုက်မိကြသလို အဖြူရောင်သိုင်းလောကသားများအော်ဟစ်သံများက ပို၍ဆူညံလာကြသညမ။

ထိုစဉ် နောက်ဘက်ဆီမှ ချူမန်၏ကျယ်‌လောင်သည့်အသံတစ်ခုထွက်ပေါ်လာသည်။

“ ဟေ့ ယင်စန်း...မင်းရဲ့လက်နက်ကိုပြန်ယူသွားဦးလေ...”

ချူမန်၏လက်ထဲ၌ အောက်သို့လွတ်ကျခဲ့သည့် ယင်စန်းဓားကြီးကိုကိုင်ထားပြီး ရှေ့သို့လျှောက်လာကာ လှောင်ပြောင်လိုသည့်လေသံဖြင့်ဆက်ပြောလိုက်သည်။

“ နောက်ပြီး ဝံပုလွေဓားဆိုတဲ့မင်း နောက်ထပ်ငါ့ရှေ့မှာ ပေါ်မလာစေနဲ့ ဘာလို့လဲဆိုတော့ ငါက ဝံပုလွေသတ်ဖြတ်သူမလိူ့ပဲ ..”

ချူမန်၏ချက်ကျသည့်စကားကြောင့် ယင်စန်းမှာ ဒေါသမထိမ်းနိုင်ဘဲ သွေးတစ်ပွတ်အန်ထုတ်တော့မည်ကဲ့သို့ဖြစ်သွားခဲ့သည်။

သိုင်းမဟာမိတ်မှလူများကား သူတို့ခေါင်းဆောင်၏စကားကို လွန်စွ သဘောကျသွားကြပြီး ဝံပုလွေသတ်ဖြတ်သူဆိုသည့်နာမည်ကို ပြိုင်တူဟစ်ကြွေးလိုက်ကြသည်။

သူလိုချင်သည့်အခြေအနေကိုဖန်တီးပြီးဖြစ်၍ ချူမန်မျက်နှာထက်၌ ဘဝင်မြင့်သည့်အပြုံးတစ်ခုပေါ်လာပြီး သူ့ကို သတ်ဖြတ်တော့မည့်အကြည့်များဖြင့်ကြည့်နေကြသည့် မိစ္ဆာဝိညာဉ်အဖွဲ့သားများဆီသို့လက်ထဲမှ ဓားကြီးကိုပစ်လွှတ်လိုက်သည်။

“ မင်းတို့လက်နက်ကိုပြန်ယူသွားစမ်း...”

အဆင့်လွန်ထိပ်သီးတစ်ယောက်၏အတွင်းအပြည့်ထည့်သွင်းထားသည့်ပစ်ချက်က လွန်စွာအားပြင်းလှပြီး ကြီးမားလေးလံသည့်ဓားကြီးမှာ မိစ္ဆာဝိညာဉ်အဖွဲ့သားများဆီသို့ လျှင်မြန်စွာဝင်ရောက်သွားသည်။

ထိုအဖြစ်ကြောင့် ဒေါသတကြီးဖြစ်နေကြသည့် မိစ္ဆာဝိညာဉ်အဖွဲ့သားများပင်တုန်လှူပ်သွားမိကြသည်။

အကြောင်းကား ယင်စန်းမှလွဲ၍ အဆင့်လွနိထိပ်သီးမပါသည့် သူတိူ့ထဲတွင် ထိုဓားကို ဖမ်းယူနိုင်မည့်လူမရှိသလို ဖမ်းယူခြင်းမပြုလျှင်လည်း သူတို့၏ဂုဏ်သိက္ခာက အောက်ဆုံးသို့ထိုးကျသွားမည့်အတွက်ကြောင့်ဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရရှိနေသည့်ယင်စန်းလည်း သူ၏ပခုံးကိုလက်ဖြင့်အုပ်ကိုင်ကာ ဓားကိုဖမ်းယူရန် ရှေ့သို့တိုးဝင်သွားလိုက်သည်။

ချူမန်ကလည်း ထိုအခြေအနေကိုတမင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဓားကိူပစ်လွှတ်ပြီးသည်နှင့် လှည့်မကြည့်တော့ဘဲ သူ့လူများဆီသို့ပြန်လျှောက်လာခဲ့သည်။

ထိုအခိုက် လူရိပ်တစ်ခုက လှစ်ခနဲခုန်ဝင်လာပြီး ချူမန်ပစ်လွှတ်လိုက်သည့်ဓားကြီးကို ပေါ့ပါးစွာဖမ်းယူလိုက်သည်။

ထိုလူက လူအုပ်ရှေ့ဆုံးတွင်ထိုင်ကာ တိုက်ပွဲကိုကြည့်ရှုနေသည့်လူငယ်ဖြစ်ပြီး ကြီးမားလေးလံပြီး အဆင့်လွန်ထိပ်သီးတစ်ယောက်၏အားကုန်ပစ်လွှတ်လိုက်သည့်ဓားကြီးကို လက်တစ်ဖက်ထဲဖြင့် အသာအယာ ဖမ်းယူလိုက်ခြင်းဖြစ်သည်။

သူ၏နောက်ကျောတွင်လည်း စင်းယန်၏ဓားကြီးထက်ပင် ပိုကြီးသည့်တစ်ဖက်သွားဓားမော့ကြီးကိုသိုင်းလွယ်ထားရာ ကြံ့ခိုင်တောင့်တင်းသည့်သူ၏ကိုယ်ဟန်ဖြင့် နတ်ဘီလူးတစ်ကောင်လို လွန်စွာကြည့်ကောင်းနေသည်။

ရုတ်တရက်ကြားဝင်လာသည့်လူငယ်ကိုမြင်သည်နှင့်ကြည့်ရှုနေသူများအံ့အားသင့်သွားကြသလို အံကြိတ်၍ သူ၏ဓားကြီးကိုဖမ်းယူရန်ပြင်နေသည့် စင်းယန်ပင် ကြောင်အမ်းအမ်းဖြစ်နေမိသည်။

ထို့နောက် လူငယ်၏ကိုယ်လုံးကိုယ်ပေါက်နှင့် အသွင်အပြင်ကိုမြင်လိုက်ရ၍ တစ်စုံတစ်ခုကိုသတိရလိုက်မိကာ သူ၏မျက်နှာကွက်ခနဲပျက်သွားသည်။

လူအများ၏ ထိတ်လန့်တကြားအသံများကြောင့် ဟန်ကြီးပန်ကြီးဖြင့် သူ့လူများဆီ‌လှည့်ထွက်သွားသည့် ချူမန်လည်းနောက်သို့ပြန်ကြည့်လိုက်သည်။

ထိုအခါ သူပစ်လွှတ်လိုက်သည့် စင်းယန်၏ဓားကြီးကို ကြားဝင်ဖမ်းယူသည့်လူငယ်ကြောင့်မကျေမနပ်ဖြစ်သွားကာ အေးစက်စက်လေသံဖြင့်မေးလိုက်သည်။

“ မင်းကဘယ်သူလဲကောင်လေး...နာချင်လို့ဝင်ရှုပ်နေတာလား...”

ချူမန်၏အေးစက်စက်စကားကြောင့် လူငယ်ကမျက်မှောင်ကြုတ်လိုက်မိသော်လည်းချက်ခြင်းပင်သဘောကျသည့်ဟန်ဖြင့်ပြုံးလာသည်။

သူ၏အပြုံးကိုနားလည်နေသူတစ်ချို့က ကျားမြီးသွားဆွဲသည့် ချူမန်အတွက်ဆုတောင်းပေးလိုက်ကြသလို သိုင်းမဟာမိတ်မှလူအချို့က ချူမန့်ကို တုန်လှုပ်သည့်ဟန်ဖြင့်သတိပေးလိုက်သည်။

“ အစ်ကိုကြီး သူက ဝူမင်းပဲ...”

သိုင်းမဟာမိတ်မှလူများ၏စကားကြောင့် ချူမန်လည်းမျက်မှောင်ကြုတ်လိုက်မိသော်လည်း ချက်ခြင်းပင် နာမည်တစ်ခုကို သတိရမိသွားသည်။

“ မိုးအောက်မြေပြင်မှာ ပြိုင်ဘက်ကင်းတဲ့တစ်ကိုယ်တော်ဝံပုလွေ...တိုက်ပွဲကိုရှာဖွေနေပြီး တိုက်ခိုက်ရတာကို စွဲလမ်းနေတဲ့လူ...”

ထိုစကားလုံးများက သူ၏စိတ်ထဲတွင်အလိုလိုပေါ်လာစဉ် လူငယ်က စင်းယန်၏‌ဓားကြီးကို နောက်ပြန်မကြည့်ဘဲပစ်လိုက်ပြီး ချူမန့်ကို အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

“ ခင်ဗျားက ဝံပုလွေသတ်ဖြတ်သူဆိုတော့ ကျုပ်လဲ လာပြီးအသေခံတာလေ...လာ ကျုပ်ကိုလာပြီးသတ်လိုက်....”

သူ၏အသံက ကျယ်လောင်ကာ အားမန်ပြည့်ဝလှပြီး ကွင်းပြင်းရှိလူအားလုံး ရှင်းလင်းစွာကြားလိုက်ရသည်။

&&&

All Chapters