အကြောပေးသည့်သိုင်းသုံးကွက်
Vol. 2 Ch. 4
တစ်ဖက်တွင် လူငယ်ပစ်လွှတ်လိုက်သည့်ဓားရှည်က စင်းယန်၏ခြေရင်းသို့လျှင်မြန်စွာဝင်ရောက်သွားပြီး မြေပြင်အတွင်းသို့အဆုံးထိစိုက်ဝင်ကာာတုန်ခါနေသည့်ဓားရိုးသာကျန်ခဲ့သည်။
ထိုမြင်ကွင်းကြောင့် လူအုပ်ကြားထဲတွင် တီးတိုးပြောသံများဆူညံသွားပြီး လူငယ်မည်သူမည်ဝါဖြစ်သည်ကိုပါသ်ိရှိသွားကြတော့၏။
လူငယ်ထိပ်သီးဆယ်ယောက်စာရင်း၏ နံပါတ်သုံးနေရာတွင်ရှိနေပြီး တိုက်ပွဲရူးဟု လူအများခေါ်ကြသည့် တစ်ကိုယ်တော်ဝံပုလွေ ဝူမင်း....။
ဝူမင်းဆိုသည့်လူငယ်က လွန်ခဲ့သည့်သုံးနှစ်ခန့်က သိုင်းလောကတွင်ပေါ်ထွက်လာခြင်းဖြစ်ပြီး သုံးနှစ်အတွင်း တိုက်ပွဲပေါင်းနှစ်ရာကျော်တိုက်ခိုက်ကာ တစ်ပွဲမှရှုံးနိမ့်ထားခြင်းမရှိသေးပေ။
သူ၏ကြံခိုင်တောင့်တင်းသည့်သွင်ပြင်နှင့် သူအသုံးပြုသည့်ကြီးမားလေးလံသည့်ဓားမော့ ၊ မုန်တိုင်းကျသလိုပြင်းထန်သည့်တိုက်ကွက်များကြောင့် လူသိများကျော်ကြားခြင်းဖြစ်ပြီး သူ၏ခန္တာကိုယ်ကလည်း ဓားလှံမတိုးသည့်အတွက် လွန်စွာရင်ဆိုင်ရခက်လှသူတစ်ဦးလည်းဖြစ်သည်။။
ထို့အပြင် သူ၏အသက်က နှစ်ဆယ့်ငါးနှစ်ပင်မပြည့်သေးဘဲ နာမည်တဟုန်ထိုးကျော်ကြားခဲ့သည့်မျိုးဆက်သစ်တစ်ဦးလည်းဖြစ်သည်။
သူ့အရင် နာမည်ကျော်နေခဲ့သည့် ဓားလှံမတိုးသည့်ခန္တာကိုယိပိုင်ရှင်တစ်ဦးဖြစ်သူ သံမဏိတံတိုင်းလုရှန်းကိုပင် သိုင်းကွက်သုံးရာအတွင်းအနိုင်ယူခဲ့ပြီး ထိုတိုက်ပွဲအပြီး၌ ဝူမင်း၏နာမည်က လူငယ်ထိပ်သီးဆယ်ယောက်၏ နံပါတ်သုံးနေရာသို့ရောက်ရှိသွားခြင်းဖြစ်ကာ ထိပ်ဆုံးငါးယောက်အတွင်းအသက်အငယ်ဆုံးလည်းဖြစ်သည်။
သူ၏ထူးခြားချက်တစ်ခုက တိုက်ခိုက်ရခြင်းကို လွန်စွာနှစ်သက်ကာ အနယ်နယ်အရပ်ရပ်မှနာမည်ကျော်ထိပ်သီးသိုင်းသမားများကို လိုက်လံစိန်ခေါ်ခြင်းဖြစ်သည်။
ဆိုးရွားသည့်အချက်က သူယှဉ်ပြိုင်တိုက်ခိုက်လိုသည့်မည်သူ့ကိုမဆို မတိုက်ခိုက်ရမချင်းနောက်မှတကောက်ကောက်လိုက်နေတတ်၍ဖြစ်ပြီး ထိုအကျင့်စရိုက်ကြောင့် တိုက်ပွဲရူးဆိုသည့်နာမည်ကိုရရှိခဲ့ခြင်းဖြစ်သည်။
သူ၏ဘွဲ့အမည်ဖြစ်သည့် တစ်ကိုယ်တော်ဝံပုလွေဟုခေါ်ခြင်းက မည်သူနှင့်မှမိတ်ဆွေဖွဲ့ခြင်းမရှိဘဲ တစ်ကိုယ်တော်လျှောက်သွားနေခြင်းကြောင့်ဖြစ်သည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည့်အချက်က တစ်ကြိမ်တွင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည့်သိုင်းသမားတစ်ဦးကိုပင် ထိတ်တိုက်ရင်ဆိုင်ပြီး မရှုံးနိမ့်ခြင်းဖြစ်ပြီး ထိုအဖြစ်က သူ၏ဂုဏ်သတင်းကို များစွာမြင့်တက်လာစေခဲ့သည်။
ထို့ကြောင့်သိုင်းလောကတွင် ဝူမင်းဆိုသည့်နာမည်ကိုကြားသည်နှင့် လူများစွာက တုန်လှုပ်ရခြင်းဖြစ်ပြီး သူ၏စရိုက်က သွေးဆာရက်စက်ခြင်းမရှိသည့်တိုင် ရင်ဆိုင်ရခက်သည့်ပုံစံကြောင့် အဆင့်လွန်ထိပ်သိးအများစုပင်ရင်ဆိုင်မတွေ့လိုကြခြင်းဖြစ်၏။
ယခု လူငယ်၏အမည်ကိုသိရှိသွားပြီးနောက် ချူမန်၏ခြေထောက်များတုန်ရီသွားကာ သူ၏မျက်နှာကလည်း အကြီးအကျယ်ပျက်ယွင်းနေသည်။
အဖြူရောင်ဖျင်ကြမ်းဝတ်စုံ၊ ထွားကြိုင်းသန်မာလှသည့ခန္တာကိုယ်ကြီးနှင့် အူကြောင်ကြောင်ပုံစံဖြင့်ပြုံးပြနေသည့်ဝူမင်းက ချူမန်၏မျက်စေ့ထဲတွင် အစွယ်ဖြဲပြနေသည့်ဝံပုလွေတစ်ကောင်ဟုထင်မြင်လာမိသည်။
တစ်ချိန်ထဲမှာပင် ယင်စန်းကိုအနိုင်ယူပြီးအာချောင်မိခဲ့သည့်ကိုယ့်ကိုယ်ကို ကြိတ်အပြစ်တင်လိုက်မိသည်။
ဝူမင်းတစ်ယောက်မဆီမဆိုင်ဝင်ပါလာသည်က သူပြောခဲ့သည့် ဝံပုလွေသတ်ဖြတ်သူဆိုသည့်အမည်ဖြစ်ပြီး
သို့သော်လည်း သူ၏ဂုဏ်သိက္ခာရရှိနေသေး၍ ချူမန်လည်း ကိုယ်ဟန်ဖို့ဆိုသလို မျက်နှာထားတင်းတင်းပြင်လိုက်ပြီး ဝူမင်းကိုမေးလိုက်သည်။
“ အော်.. မင်းက နာမည်ကျော်သိုင်းသမားတစ်ယောက်ပဲကိုး ။ ဘာကြောင့် ကျုပ်တို့သိုင်းမဟာမိတ်ရဲ့ ကိစ္စကို ဝင်ရှုပ်ရတာပါလဲ...”
ချူမန်က ပါးနပ်သူတစ်ဦးပီပီ သိုင်းမဟာမိတ်၏နာမည်ကိုပါသုံး၍ ဝူမင်းကို သတိပေးလိုက်ခြင်းဖြစ်သည် ။
ကံမကောင်းစွာဖြင့် သူ၏ရှေ့ရှိလူက သိုင်းမဟာမိတ်မဆိုထားနှင့် ငရဲမင်းကိုပင်စိန်ခေါ်တိုက်ခိုက်ပစ်မည့်တိုက်ပွဲရူးဖြစ်နေသည်။
“ အပိုတွေလျှောက်ပြောမနေနဲ့ လာ ကျုပ်ကိုတိုက်ခိုက်လှည့်။ ကျုပ်ရဲ့သိုင်းဆယ်ကွက်ကိုခုခံနိုင်ရင် အလွတ်ပေမယ်...”
ဝူမင်း၏ ပျင်းရိဟန်တူသည့်လေသံနှင့် လေးစားမှုကင်းမဲ့သည့်စကားတို့က ချူမန်၏မျက်နှာကို မည်းမှောင်သွားစေကာ သူ၏နောက်ရှိသိုင်းမဟာမိတ်မှလူများလည်း ထိုနည်းတူပင်ဖြစ်၏။
လူငယ်ထိပ်သီးဆယ်ယောက်စာရင်တွင်ရှိသူများမှာ အသက်သုံးဆယ့်ငါးနှစ်အောက်လူငယ်မျိုးဆက်များဖြစ်သော်လည်း လွန်စွာအစွမ်းထက်ကြသူများဖြစ်ကြသည်။
သူတိူ့ထဲရှိအနိမ့်ဆုံးလူကပင် အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိနေပြီး ထိပ်ဆုံးသုံးယောက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်နှင့်ပင်ယှဉ်တိုက်နိုင်စွမ်းရှိကြသည်။
ထို့ကြောင့် လူငယ်ထိပ်သီးဆယ်ယောက်စာရင်း၏ တတိယနေရာတွင်ရှိသည့် ဝူမင်း၏သိုင်းပညာမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနိုင်ပြီး ဓားလှံမတိုးသည့်ခန္တာကိုယ်ကြောင့် လွန်စွာရင်ဆိုင်ရခက်လှသည့်သိုင်းသမားတစ်ဦးလည်းဖြစ်သည်။
သို့သော် ဝူမင်စ၏စကားများက ချူမန့်ကိုလုံးဝလေးစားမှုကင်းမဲ့လှသဖြင့် ချူမန်လည်း အံကိုတင်းတင်းကြိတ်ကာ တင်းမာခတ်ထန်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ ..”
ချူမန်၏စကားအဆုံး၌ သိုင်းမဟာမိတ်မှလူများစိုးရိမ်သွားကြသလို ကြည့်ရှုနေသူများလည်း တအံ့တဩဖြစ်သွားကြ၏။
ချူမန်က အဆင့်လွန်ထိပ်သီးအဆသ့်သို့ရောက်ရှိ နေပြီဖြစ်သော်လည်း ဝူမင်းက သူတိုက်ခိုက်ခဲ့သည့် စင်းယန်နှင့်ကွာခြားလှသည် ။
သို့သော် သူ၏ဂုဏ်သိက္ခာအတွက် ချူမန်လည်း နောက်ဆုတ်ရန်မဖြစ်နိုင်တော့ဘဲ တစ်ဖက်လူ၏သက်မှတ်အချက်အတွင်း အနိုင်ယူဂန်ကြိူးစားရပေမည်။
ဝူမင်း၏သက်မှတ်ချက်က ထိတ်တိုက်ရင်ဆိုင်အနိုင်ယူခြင်းမဟုတ်ဘဲ သူ၏သိုင်းဆယ်ကွက်ကိုခုခံနိုင်ပါက ချူမန်အနိုင်ရသည့်သဘောပင်ဖြစ်သည်။
ထိုအချိန်တွင် ဝူမင်း၏နောက်ဘက်ရှိ စင်းယန်နှင့် မိစ္ဆာဝိညာဉ်အဖွဲ့သားများကား ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီး သူတို့၏ရန်သူတော်ကြီးများကို ဆုံးမမည့်လူပေါ်လာ၍ အတော်ပင်ကျေနပ်အားရနေမိကြသည်။
“ သူရဲကောင်းလေး ချူမန့်ကို ကျုပ်ကိုယ်စားဆုံးမပေးပါဦး...”
စင်းယန်က အခွင့်အရေးကို လက်လွတ်မခံဘဲ ဝူမင်းနှင့်ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ရန်ဆုံးဖြတ်လိုက်သည် ။
ဝူမင်းက အပေါင်းအသင်းမရှိဘဲတစ်ကိုယ်တော်သွားလာနေသူတစ်ဦးဖြစ်ပြီး အဖြူမကျအနက်မကျသည့်သိုင်းသမားတစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် ဝူမင်းကိုသာစည်းရုံးနိုင်ပါက သူ့အဖွဲ့အစည်းအတွက်လွန်စွာအကျိုးရှိပေမည်။
သို့သော်လည်း ဝူမင်းက နောက်သို့တစ်ချက်ကလေးမှပြန်မကြည့်ဘဲ အေးတိအေးစက်ပြောလိုက်သည်။
“ ကျုပ်ဘာသာကျုပ် သူ့ကိုကြည့်မရလို့ဝင်ပါတာ ခင်ဗျားအပူမပါဘူး...”
ဝူမင်း၏ ဘုဘောက်ကျသည့်စကားကြောင့် စင်းယန်၏အပြုံးမှာ ကိုးယိုးကားယားဖြစ်သွားပြီး သူ၏စိတ်ထဲတွင် ထောင်းခနဲဒေါသဖြစ်သွားမိ၏။
သို့သော်လည်း ပေါင်းသင်းရခက်ခဲလှသည့်ဆိုသည့် ဝူမင်း၏အကြောင်းကို ပြန်တွေးလိုက်မိရင်း သူ၏ခြေရင်းတွင် အရိုးသာပေါ်၍ မြေကြီးအတွင်းတစ်ဆုံးစိုက်ဝင်နေသည့်ဓားကြီးကိုပြန်ကြည့်ကာ စိတ်ထိမ်း၍ နောက်ဆုတ်သွားလိုက်သည်။
တစ်ဖက်၌ သိုင်းမဟာမိတ်မှလူများသည်လည်း နာမည်ကျော်လူငယ်ထိပ်သီးတစ်ယောက်နှင့်ရင်ဆိုင်ရတော့မည့် သူတို့ခေါင်းဆောင်ကိုပူပန်နေမိကြသော်လည်း တတ်နိုင်သည့်အရာမရှိဘဲ နောက်ဆုတ်သွားကြသည်။
သို့သော် သူတို့က ကွင်းပြင်အစပ်တွင်ရပ်နေပြီး အရေးကြုံလာပါက အချိန်မရွေးဝင်ပါနိုင်ရန်အသင့်ပြင်ထားကြသည်။
နောက်ဆုံး၌ ချူမန်ရင်ဆိုင်ရမည့်လူက ပါတိပါချက်သိုင်းသမားတစ်ယောက်မဟုတ်ဘဲ သူတို့၏သိုင်းမဟာမိတ်ခေါင်းဆောင်ဆယ်ဦးနီးပါး ကျော်ကြားသူတစ်ဦးဖြစ်သည်။
ကွင်းပြင်အလယ်၌ လောလောလက်လက်အောင်ပွဲဆင်ထားနိုင်သူဖြစ်သည့် သိုင်းမဟာမိတ်မှ ချူမန်နှင့် လူငယ်ထိပ်သီးဆယ်ယောက်စာရင်းဝင် တစ်ကိုယ်တော်ဝံပုလွေဝူမင်းတို့ ရင်ဆိုင်မိကြသည်။
ကြည့်ရှုနေကြသူများလည်းအစောပိုင်းကတိုက်ပွဲထက်များစွာ ပိုကြည့်ကောင်းမည့်တိုက်ပွဲကိုမြင်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားတက်ကြွနေကြတော့သည်။
အထူးသဖြင့် ချူမန့်ကိုအားပေးခဲ့သည့် အဖြူရောင်သိုင်းသမားများပင် ယခုတိုက်ပွဲ၌ မည်သူအနိုင်ရသည်ဖြစ်စေ သူတို့အတွက်အဆင်ပြေသည်ဟု နှလုံးသွင်းရင်း တိုက်ပွဲကိုကြည့်နေကြသည်။
ထို့အပြင် ယခုတိုက်ပွဲ၏သက်မှတ်ချက်က ဝူမင်း၏သိုင်းဆယ်ကွက်ကို ချူမန်ခုခံနိုင်ပါက သူအနိုင်ရမည်ဖြစ်သည် ။
ပုံမှန်အတိုင်းသာတိုက်ခိုက်ပါက သိုင်းကွက်သုံးဆယ်အတွင်း ဝူမင်းအနိုင်ရမည်မှာ သေချာလှသော်လည်း ယခုသက်မှတ်အချက်က အနည်းငယ်လွန်ကဲသည်ဟုတွေးလိုက်မိကြသည်။
ထိုစဉ် ဝူမင်းက သူ၏လက်ကိုကာပြ၍ပြောလိုက်ပြန်သည်။
“ နေဦး... ခင်ဗျားကို သိုင်း းသုံးကွက်အကျောပေးတယ် သိမ်းငှက်ဆိုလား သိမ်းစွန်ဆိုလား အဲဒါနဲ့ကျုပ်ကိုလာတိုက်...”
ယခုတစ်ကြိမ်၌ ဝူမင်း၏စကားကြောင့် လူအားလုံး မျက်လုံးပြူးသွားကြသည်။
ဝူမင်းနှင့်ခြေဆယ်လှမ်းအကွာတွင်ရပ်နေသည့်ချူမန်ကား ပြိုင်ဘက်၏ဘဝင်မြင့်မောက်မာမှုကို မခံစားနိုင်တော့သည့်အဆုံး အော်ဟစ်မာန်သွင်းကာ ရှေ့သို့ ရိပ်ခနဲတိုးဝင်သွားတော့သည်။
“ သေစမ်း..”
ချူမန်၏ကိုယ်ဖော့ပညာက အတော်ပင်ကောင်းမွန်ပြီး သိန်းငှက်ကြီးတစ်ကောင်အစာထိုးသုတ်တော့မည့်နှယ် ဝူမင်းဆီသို့လျှင်မြန်စွာခုန်ဝင်သွားသည် ။
တစ်ချိန်ထဲမှာပင် သူ၏လက်နှစ်ဖက်ကလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်လှုပ်ရှားသွားပြီး ချွန်မြလှသည့် သံမဏိလက်သည်းချွန်များအားကိုးဖြင့် ဝူမင်း၏ရင်ဘက်ကိုကုတ်ဆွဲလိုက်သည်။
ဝူမင်းက ဓားလှံမတိုးသည့်ခန္တာကိုယ်ပိုင်ဆိုင်ထားသည်ဟုသတင်းကြီးသော်လည်း သူ၏သံမဏိလက်အိတ်ကလည်း သာမန်ဓားလှံများကိုအလွယ်တကူချိုးဖျက်နိုင်ရာ ချူမန်လည်း ယုံကြည်မှုအပြည့်အဝရှိနေသည် ။
အထူးသဖြင့် တစ်ဖက်လူကတန်ပြန်တိုက်ခိုက်ခြင်းမရှိဘဲ သိုင်းသုံးကွက်အကြောပေးသည့်အချိန်မျိုးတွင်ဖြစ်၏။
“ ဝှစ်...ဝှစ်...”
ချူမန်၏လက်အိတ်ထိပ်မှ သံမဏိလက်သည်းချွန်များကလေထုကို ဖြဲဆုတ်ကာ ဝူမင်း၏ရင်ဘက်နှင့်လည်ပင်းဆီသို့တိုးဝင်သွားသည်။
ထိုတိုက်ကွက်က အတော်ပင်ရက်စက်ကြမ်းကြုတ်လှပြီး သူ၏လျှင်မြန်မှုကြောင့် ရှောင်တိမ်းရခက်ပေသည်။
ဝူမင်းက ချူမန်လှုပ်ရှားသည်နှင့်တစ်ပြိုင်နက် သူ၏ခန္တာကိုယ်ကို ဘေးဘက်သို့ရွေ့လျားကာ ချူမန်၏တိုက်ကွက်ကိုရှောင်တိမ်းလိုက်သည်။
သူ၏လှုပ်ရှားမှုက အနည်းငယ်စောသွား၍ ချူမန်၏လက်သည်းချွန်များကိုရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ပထမတိုက်ကွက်လွဲချော်သွားသော်လည်း ချူမန်က စိတ်မပျက်ဘဲ နောက်ဆက်တွဲတိုက်ကွက်များကို ထုတ်သုံးလိုက်သည်။
“ စွန်ကုတ်လက်သည်း...”
ချူမန်က စင်းယန်၏ပခုံးအရိုးကို ကြေမွသွားစေသည့်တိုက်ကွက်ကို စောစောစီးစီးထုတ်သုံးလာပြီး သူ၏လက်သည်းရိပ်များက လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ပြေးဝင်လာပြန်သည်။
ဝူမင်ကလည်း သူပြောထားသည့်စကားအတိုင်း ချူမန်၏တိုက်ကွက်ကို ခုခံတိုက်ခိုက်ခြင်းမပြုဘဲ နောက်တစ်ကြိမ်ရှောင်တိမ်းလိုက်သည် ။
သို့သော် လျှင်မြန်ပြင်းထန်လှသည့် ချူမန်၏လက်သည်းရိပ်များကိုလုံးဝလွတ်အောင်မရှောင်တိမ်းနိုင်ဘဲ သူ၏နံဘေးတွင် ရှပ်ထိသွားသည်။
“ ဗြိ...”
ဝူမင်း၏ ဖျင်ကြမ်းအင်္ကျီထက်တွင် ထိုးခွဲရာတစ်ခုပေါ်လာပြီး သူ၏နံဘေးနှင့် စပါးလုံးတစ်ထောက်စာလောက်သာ ကွာဝေးနေသည်။
ထိုအခြေအနေကြောငိ့ ကြည့်ရှုနေကြသူများပင် ဝူမင်းကိုယ်စားဒေါသထွက်နေမိကြပြီး ဝါရင့်သိုင်းသမားတစ်ဦးဖြစ်သော်လည်း လူငယ်မျိုးဆက်တစ်ဦးအပေါ်အခွင့်အရေးယူနေသည့် ချူမန့်ကိုအမြင်ကပ်သွားကြသည်။
ချူမန်ကတော့ အခြားလူများကို ဂရုမစိုက်ဘဲ သူ၏လက်ထဲတွင်ပါလာသည့် အင်္ကျီစအစုတ်အပြဲများကို ခါထုတ်ကာ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
“ တတိယတိုက်ကွက်လာပြီ ပြန်မတိုက်ဘဲနေနိုင်ရန်နေစမ်း...”
&&&&