← Chapters

ကြောက်မက်ဖွယ်တိုက်ခိုက်မှု

Vol. 2 Ch. 5

ကြောက်မက်ဖွယ်တိုက်ခိုက်မှု

Vol. 2 Ch. 5

“ ယား...”

ချူမန်က အော်ဟစ်မာန်သွင်းလိုက်ပြီး ဝူမင်းဆီသို့လျှင်မြန်စွာချဉ်းကပ်သွားလိုက်သည်။

ဝူမင်းက အတွင်းအားနှင့်သိုင်းပညာလွန်စွာကောင်းသော်လည်း ကိုယ်ဖော့ပညာအားနည်းသည်ကို သူသတိပြုမိပြီးဖြစ်သည်။

အစောပိုင်းက သူ၏တိုက်ကွက်ထိလုခင်ဖြစ်သွားသည်ကိုကြည့်ခြင်းဖြင့် ဝူမင်း၏ကိုယ်ဖော့ပညာက စင်းယန်ထက်ပင်နိမ့်ကျသည်ဟုဆိုနိုင်သည်။

ထို့ကြောင့်လည်း ချူမန်က သူ၏အားသာချက်ဖြစ်သည့် ကိုယ်ဖော့ပညာကိုအသုံးပြုကာ ဝူမင်း၏ခန္တာကိုယ်ကိုလေပွေတစ်ခုလိုလှည့်ပတ်ရင်း တိုက်ကွက်များထုတ်ဖော်လိုက်သည်။

လေပွေသိမ်းငှက်ဆိုသည့်ထိုတိုက်ကွက်က နာမည်နှင့်လိုက်အောင် ရန်သူကိုလှည့်ပတ်တိုက်ခိုက်ရသည့်တိုက်ကွက်ဖြစ်ပြီး မျက်စေ့တမှိတ်အချိန်အတွင်း ဝူမင်း၏တစ်ကိုယ်လုံးကို လက်သည်းရိက်များဖုံးလွှမ်းသွားသည် ။

ထိုလက်သည်းရိပ်များထဲတွင် ပုံရိပ်ယောင်များပါဝင်သလို အစစ်အမှန်တိုက်ကွက်များလည်းပါဝင်၍ ခုခံရန်လွန်စွာခက်ခဲသည့်တိုက်ကွက်လည်းဖြစ်သည်။

တောင်ပင်လယ်သိမ်းစွန်လက်သည်း၏ နောက်ဆုံးတိုက်ကွက်ဖြစ်သည့်ထိုတိုက်ကွက်ကို စင်းယန်နှင့်တိုက်ပွဲတွင်ပင် ချူမန်အသူံးမပြုခဲ့ရပေ။

ယခု ဝူမင်းနှင့်တိုက်ပွဲတွင်ကားတစ်ဖက်လူအကြောပေးထားသည့်သိုင်းသုံးကွက်မကုန်မီ ပွဲဖြတ်ရန်ရည်ရွယ်ထားခြင်းဖြစ်သည်။

ချူမန်၏ကြောက်မက်ဖွယ်ကောင်းသည့်တိုက်ကွက်ကြောင့် လူအုပ်ထဲရှိအဆင့်လွန်ထိပ်သီးများပင် မျက်မှောင်ကြုတ်လိုက်မိကြပြီး ထိုတိုက်ကွက်ကို သူတို့ဆိုလျှင် ပြန်မတိုက်ဘဲလုံးဝမနေနိုင်ကြောင်းသိလိုက်သည်။

နောက်ဘက်သို့ဆုတ်ကာ တိုက်ပွဲကိုကြည့်ရှုနေသည့် စင်းယန်ပင် ချူမန်၏တိုက်ကွက်ကြောင့်ရင်ထိတ်သွားပြီး အစောပိုင်းကတိုက်ပွဲ၌ ချူမန်သာထိုတိုက်ကွက်ကိုအသုံးပြုပါက သူရှုံးနိမ့်သွားနိုင်ကြောင်းရိပ်စားမိလိုက်သည်။

ထိုအချိန်တွငိ ဝူမင်း၏အပြုအမူက လွန်စွာထူးဆန်းနေပြီး အစောပိုင်းကလို ရှောင်တိမ်းမည့်ပုံပင်မပြဘဲ နေရာတွင် ကျောက်ချသလိုရပ်နေ၍ ကြည့်ရှုနေကြသူများမှာ သူ့အစားထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

“ အမလေး.. “

“ သူရူးသွားပြီလား...”

လူအုပ်ထဲမှ အံ့သြထိတ်လန့်စွာရေရွတ်လိုက်သံများပေါ်ထွက်လာစဉ် ချူမန်၏လက်သည်းရိပ်များက ဝူမင်း၏ခန္တာကိုယ်ကိုထိမှန်ပြီးဖြစ်သည်။

ထိုအချိန်တွင် ပြိုင်ဘက်၏ ရူးမိုက်သည့်အပြုအမူကြောင့်ချူမန်ပင်ပြုံးလိုက်မိသော်လည်း နောက်ဆက်တွဲအဖြစ်ကြောင့် သူ၏အပြူံးက လုံးဝပျောက်ကွယ်သွားတော့သည်။

“ ထန်း...ထန်း...”

သံချင်းထိခတ်သံများက အဆက်မပြက်ပေါ်ထွက်လာပြီး ဝူမင်း၏အင်္ကျီတစ်ခုလုံး အစိတ်စိတ်အမွာမွာဖြစ်သွားလေသည်။

ချူမန်၏သိုင်းကွက်က တစ်ကွက်ထဲဖြစ်သော်လည်း ကွက်ပြောင်းများစွာပါဝင်၍ မျက်တောင်တခတ်အချိန်အတွင်း လူတစ်ယောက်ကို အရိုးတခြားအသားတခြားဖြစ်သွားစေနိုင်သည်။

သို့သော်လည်း ထိုတိုက်ကွက်ကိုလုံးဝခုခံရှောင်တိမ်းခြင်းမပြုဘဲရပ်နေသည့်ဝူမင်းကိုကားမထိခိုက်စေဘဲ ကြွက်သားအဖုဖုအထစ်ထစ်ဖြင့်ကြံ့ခိုင်လှသည့်ခန္တာကိုယ်ပေါ်ထွက်လာကာ သူ၏အသားပေါ်တွင် ခြစ်ရာတစ်ခုကလေးပင်မရှိပေ။

ရုတ်တရက်ဖြစပျက်သွားသည့်အဖြစ်ကြောင့် ကြည့်ရှုနေကြသူများမယုံမကြည်နိုင်ဖြစ်သွားကြသလို ချူမန်ကိုယ်တိုင်လည်း သူ၏သံမဏိလက်သည်းချွန်များကိုပြန်ကြည့်လိုက်ပြီး တုန်လှုပ်စွာရေရွတ်လိုက်မိ၏။

“ မဖြစ်နိုင်တာ...”

အကောင်းစား သံမဏိဖြင့်ပြုလုပ်ထား၍ သာမန်ဓားလှံများကိုပင် ထက်ပိုင်းချိုးနိုင်သည့် သူအားကိုးရသည့်သံမဏိလက်သည်းချွန်များကား ပြိုင်ဘက်ခန္တာကိုယ်ကိုခြစ်ရာကလေးတစ်ခုပင်မဖြစ်စေခဲ့ပေ။

အံ့ဩတုန်လှုပ်နေသည့် ချူမန်နည်းတူ ကျနိလူများလည်း လုံးဝယုံကြည်နိုင်ခြင်းမရှိဘဲ အပေါ်ပိုင်းဗလာဖြင့်ရပ်နေသည့်လူငယ်လေးကို ထိတ်လန့်စွာကြည့်ရှုလိုက်မိကြ၏။

အဆုံး၌ ဝူမင်း၏ဓားလှံမတိုးသည့်ခန္တာကိုယ်အကြောင်းကိုလူအတော်များများသိကြသော်လည်း သူအစစ်အမှန်တိုက်ခိုက်သည်ကိုမြင်ဖူးသူနည်းပါး၍ယခု ထိတ်လန့်တကြားဖြစ်ကုန်ခြင်းဖြစ်သည်။

ထိုအချိန်တွင် ဝူမင်းကားမည်သူ့ကိုမှဂရုမစိုက်ဘဲ သူ၏နောက်ကျောမှဓားမော့ကြီးကို ဆွဲထုတ်ရင်း တစ်ချက်ပြုံးလိုက်သည်။

“ ကဲ.. သိုင်းသုံးကွက်တော့ပြီးသွားပြီ ကျုပ်ရဲ့ သိုင်းဆယ်ကွက်ကိုခုခံနိုင်ရင် ခင်ဗျားနိုင်ပြီ.. “

အူကြောင်ကြောင်ပုံစံဖြင့်ပြုံး၍ ပြောလိုက်သည့်ဝူမင်းကြောင့် သူတို့အားလုံး သက်မှတ်ချက်ကိုသတိရမိသွားကြကာ ချူမန်အစားရင်ထိတ်သွားကြသည်။

မူလသက်မှတ်အချက်အတိုင်းဆိုပါက သိုင်းသုံးကွက်အကြောပေးပြီးလျှင် ဝူမင်း၏သိုင်းဆယ်ကွက်ကို ချူမန်ရင်ဆိုင်ရမည်ဖြစ်သည်။

သူကဝူမင်းလို စည်းမျဉ်းမရှိဘဲ တန်ပြန်တိုက်ခိုက်နိုင်သော်လည်း ယခု ဝူမင်းပြသခဲ့သည့်စွမ်းရည်အရ ချူမန်အနေဖြင့်သိုင်းဆယ်ကွက်ကိုခုခံရန်မှာ လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။

အကြောင်းကားသူ၏အစွမ်းကုန်တိုက်ခိုက်မှုကပင် ပြိုင်ဘက်ကိုထိခိုက်အောင်မလုပ်နိုင်ရာ မည်သို့သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နိုင်မည်နည်း။

“ ငါ.. ငါက ချူမိသားစုကဖြစ်တဲ့အပြင် သိုင်းမဟာမိတ်မှာ အရေးပါတဲ့လူတစ်ဦးနော် .. “

တုန်ရီနေသည့်အသံကိုကြားမှ လူအများလည်း သွေးဆုတ်ဖြူလျော်နေသည့်မျက်နှာဖြင့်ရှိနေသည့်ချူမန့်ကို ပြန်ကြည့်လိုက်မိကြသည်။

ချူမန်၏ပုံစံက ထိတ်လန့်တုန်လှုပ်နေပြီး သည့်မတိုင်မီက ဝင့်ကြွားနေကြသည့် သူ၏လူများကလည်းမည်သူမှရှေ့မထွက်ဝံ့ကြပေ။

အကြောင်းကား ချူမန်ရန်စခဲ့သည့်လူက သာမန်သိုင်းသမားတစ်ဦးမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းလှသည့် နတ်ဘီလူးတစ်ကောင်ဖြစ်နေ၍ဖြစ်သည်။

ဝူမင်းကို ကြောက်ရွံ့နေ၍ သိုင်းဆယ်ကွက်ယှဉ်ပြိုင်ရန်ကိငပင် ထိတိလန့်နေကာ နောက်ခံဖြင့်ချိန်းခြောက်လိုက်သည့် ချူမန်၏ လုပ်ရပ်က အထင်အမြင်သေးဖွယ်ဖြစ်သော်လည်းမည်သူမှ အထင်မသေးကြဘဲ ချူမန့်ကိုပင်စာနာမိကြသည်။

သို့သော်လည်း သူ၏ကြီးမားသည့်ဓားမော့ကြီးကိုပွတ်သတ်နေသည့်ဝူမင်းကား ချူမန်၏စကားကိုကြားပြီးနောက်မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

“ စကားမရှည်နဲ့....ဆယ်ကွက်ပြည့်အောင်ခုခံစမ်းပါ...”

ဝူမင်းက ပြောပြောဆိုဆိုဖြင့် သူ၏ဓားမော့ကြီးကိုမြောက်ကာ ချူမန့်ဆီသို့ခုန်ဝင်သွားတော့သည်။

“ ဝှီး...”

ဝူမင်းထက်ဦးစွာရောက်ရှိလာသည့် ဝှီခေါ်နေသည့်ဓားမော့လှိုင်းကြီးကြောင့် ချူမန်လည်း ရင်ဆိုင်ရန်ပင် မဝံ့ရဲဘဲ အလျှင်အမြန်နောက်ဆုတ်ရှောင်တိမ်းလိုက်ရသည်။

“ ဝုန်း...”

ဝူမင်း၏ဓားမော့ရိပ်ကြီက မြေပြင်ကိုထိမှန်သွားပြီး နက်ရှိုင်းသည့်ဓားရာကြီးတစ်ခုဖြစ်လာစေခဲ့သည်။

ပထမတိုက်ကွက်တွင်ပင် ချူမန်တစ်ယောက် လိပ်ပြာလွင့်တော့မည်ကဲ့သို့ဖြစ်နေပြီး ‌တစ်စုံတစ်ခုပြောမည်ပြုလိုက်သည်။

သို့သော် ဝူမန်က သူ၏စကားကိုနားမထောင်ဘဲ နောက်ထပ်ပြေးဝင်တိုက်ခိုက်လိုက်သည်။

“ ဝုန်း...”

“ ဝုန်း...”

ကျယ်လောင်သည့်အသံများက အဆက်မပြက်ထွက်ပေါ်နေပြီး ကွင်းပြင်ထဲတွင်ထူးခြားသည့်မြင်ကွင်တစ်ခုဖြစ်ပေါ်နေသည်။

ကြီးမားသည့်ဓားမော့တစ်လက်ကိုကိုင်ဆောင်ထားသည့် ကြံ့ခိုင်သန်မာလှသည့်လူငယ်တစ်ယောက်က သက်လက်ပိုင်းအရွယ်ရှိသည့် သိုင်းထိပ်သီးတစ်ယောက်ကို တရကြမ်းလိုက်လံတိုက်ခိုက်နေပြီး သိုင်းထိပ်သီးကား တန်ပြန်တိုက်ခိုက်ရန်မဆိုထားနှင့် ခုခံခြင်းပင်မပြုနိုင်ဘဲ ဆက်တိုက်နောက်ဆုတ်ရှောင်တိမ်းနေရသည် ။

ဝူမင်း၏ဓားမော့တိုက်ကွက်များက တစ်စထက်တစ်စပြင်းထန်လာသလို တစ်ချက်ကလေးထိမှန်သွားပါက အရိုးတခြားအသားတခြားဖြစ်သွားစေနိုင်လောက်အောင်ကြောက်မက်ဖွယ်ကောင်းလှသည်။

အစောပိုင်းက စင်းယန်၏ဓားကြီးတိုက်ကွက်များကို ပြင်းထန်အားကောင်းလှပြီဟုထင်မှတ်ခဲ့ကြသူများလည်း ယခု ဝူမင်း၏တိုက်ကွက်များကိုတွေ့မှ စင်းယန်၏တိုက်ကွက်များမှာ ကလေးသာသာဖြစ်သွားသည်ကို သိရှိလိုက်ကြသည်။

ထိုအတူ ဝူမင်းတစ်ယောက် မည်သည့်အတွက် လူငယ်ထိပ်သီးစာရင်းတွင် နံပါတ်သုံးနေရာချိန်နေသည်ကို သိရှိလိုက်ကြပြီး ထိုနံပါတ်ကအနည်းငယ်နိမ့်ကျနေသည်ဟုပင်တွေးလိုက်မိကြသည်။

ထိုအချိန်တွင် ကြောက်လန့်တကြားဖြစ်နေသည့် ချူမန်ကား မုန်တိုင်းကျသလိုတိုက်ကွက်များကို အဆက်မပြက်ရှောင်တိမ်းနေရပြီး ဆောက်တည်ရာမရဖြစ်နေသည်။

ဝူမင်း၏အသက်အရွယ်ဖြင့်ထိုမျှကြောက်မက်ဖွယ်သိုင်းပညာရှိနေခြင်းကို မယုံကြည်နိုင်လောက်အောင်ဖြစ်နေသလို လွန်စွာပြင်းထန်လှသည့်ထိုတိုက်ကွက်များကိုခုခံရန်ပင်ယုံကြည်ချက်ရှိမနေပေ။

ထို့ကြောင့် ချူမန်လည်း ဝူမင်း၏တိုက်စစ်ဆင်သည့်အချိန်မှစ၍ သူ၏ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုကာရှောင်တိမ်းနေရပြီး ယခုအခါမှ သူ၏ကိုယ်ဖော့ပညာထက်မြက်နေခြင်းကို ကျေးဇူးတင်မဆုံးဖြစ်နေမိသည် ။

ထို့အတူ ဝူမင်း၏တိုက်ကွက်များက အားအင်ပြင်းထန်ပြီး အရှိန်အဟုန်ပြင်းလေရာ လျှင်မြန်မှုအနည်းငယ်လျော့ကျနေ၍ သူရှောင်တိမ်းချိန်ရခြင်းသာဖြစ်သည်။

သူ၏နေရာတွင်သာ ကိုယ်ဖော့ပညာ့အနည်းငယ်နိမ့်ကျသည့်လူတစ်ဦးဖြစ်ပါက ယခုအချိန်၌ ခန္တာကိုယ်ရှစ်ပိုင်း အပိုင်းခံရပြီးဖြစ်ပေမည်။

သို့သော်လည်း သိုင်းဆယ်ကွက်မပြည့်မီ သူ၏ခန္တာကိုယ်က ကွင်းပြင်အစပ်သို့ရောက်ရှိနေပြီဖြစ်ကာ ကျယ်ဝန်းလှသည့်ကွင်းပြင်တစ်ဝက်ကျော်ကိုမည်သို့ဖြတ်ကျော်လာမှန်းပင်မသိပေ။

နောက်ဘက်ရှိသိုင်းမဟာမိတ်မှလူများနှင့် ပွဲကြည့်သူများလည်း ဝူမင်း၏ ပြင်းထန်လှသည့်တိုက်ကွက်များရောက်ရှိလာတော့မည်ကိုရိပ်စားမိ၍ အဝေးသို့တိမ်းရှောင်ပြီးဖြစ်သည်။

“ ဝှစ်...”

ဝူမင်း၏ ဓားမော့ကြီးက အရှိန်ပြင်းစွာဝင်ရောက်လာပြီး ချူမန်၏ခါးကိုအလယ်မှပိုင်းဖြတ်လာသည်။

ထိုတိုက်ကွက်သာထိမှန်သွားပါက သူ၏ကိုယ်တစ်ပိုင်းတိတိရိရိပြတ်သွားမည်ဖြစ်၍ ထုံးစံအတိုင်း ချူမန်တစ်ယောက် သေလုမျောပါးရှောင်တိမ်းလိုက်ရပြန်သည် ။

သို့‌သော် ယခုတစ်ကြိမ်၌ထိုတိုက်ကွက် ဟန်ပြအနေအထားဖြစ်ပြီး ဓားမော့ကြီးက နောက်တစ်ကြိမ်လျှင်မြနမစွာရောက်ရှိလာပြီး ချူမန်၏ပခုံးကို စလွယ်သိုင်းပုံစံအတိုင်း ခုတ်ပိုင်းလိုက်သည်။

ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်နှင့်အတူ ယခုတိုက်ကွက်ကို ရှောင်တိမ်း၍မရနိုင်တော့မှ သဘောပေါက်မိ၍ ချူမန်၏မျက်နှာက ကွက်ခနဲပျက်ယွင်းသွားပြီး သူ၏လက်နှစ်ဖက်ဆီသို့ အတွင်းအားအကုန်ပို့လွှတ်၍ ဓားမော့ကြီးကို ဖမ်းဆုတ်ရန်ကြိုးပမ်းလိုက်တော့သည်။

“ ထန်း...”

ကျယ်လောင်သည့်အသံနှင့်အတူ ချူမန်၏ခန္တာကိုယ်က ကြိုးပြက်သည့်စွန်တစ်ကောင်အလား လွင့်စင်သွားသည်။

တိုက်ကွက်ချင်းထိတ်တိုက်တွေ့ဆုံစဉ် ဓားမော့ကိုဖမ်းဆုပ်နိုင်ရန်မဆိုထားနှင့် သူကိုယ်တိုင်ပင် သေဆုံးရမည့်အရေးမှ သီသီလေးလွတ်မြောက်လာခြင်းဖြစ်ဖြစ်သည် ။

“ ဝေါ့...”

ချူမန်လည်း သွေးတစ်ပွတ်အန်ထုတ်လိုက်မိကာ သူ၏ရှေ့ရှိလူငယ်ကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့်ကြည့်လိုက်မိသည်။

ဝူမင်း၏တိုက်ကွက်က အတွင်းအားများစွာမပါဝင်သော်လည်း လွန်စွာပြင်းထန်ပြီး ဓားမော့၏အရှိန်အဟုန်ပါပေါင်းစပ်တိုက်ခိုက်ခြင်းဖြစ်၍ အတွင်းဒဏ်ရာရရှိသွားကာ သူ၏သံမဏိလက်သည်းချွန်များပင် တွန့်လိန်ကောက်ကွေးကုန်သည်။

ချူမန်၏အခြေအနေ လွန်စွာဆိုးရွားနေပြီး နောက်ထပ်တိုက်ခိုက်နိုင်ခြင်းမရှိတော့သည့်တိုင် ဝူမင်းကားရပ်တန့်မည့်ပုံမရပေ။

ထိုလူငယ်က ပုံမှန်အချိန်များတွင် ရိုးအအပုံစံဖြင့်ရှိသော်လည်း တိုက်ပွဲအတွင်း၌အရိုင်းဆန်းသည့်သွင်ပြင်သို့ကူးပြောင်းသွားပြီး သွေးဆာနေသည့်ဝံပုလွေတစ်ကောင်လို အရူးအမူးတိုက်ခိုက်တတ်ပေသည်။

&&&&

All Chapters