← Chapters

ပါရမီရှင်သိုင်းလုလင်

Vol. 2 Ch. 6

ပါရမီရှင်သိုင်းလုလင်

Vol. 2 Ch. 6

တဖြေးဖြေးနီးကပ်လာသည့်ဓားကြီးကိုကြည့်ရင်း ချူမန်၏မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့သည့်အရိပ်အယောင်များပေါ်ထွက်လာသည်။

ယနေ့ဖြစ်ပွားခဲ့သည့် ဘာမဟုတ်သည့်ကိစ္စလေးမှစ၍ သူ၏အသက်ကိုပေးလိုက်ရသည်အထိပြင်းထန်သွားမည်ဟု မျှော်လင့်ထားခဲ့မိ‌ပေ။

လက်ရှိအချိန်၌ ချူမန်မှာ ခုခံရှောင်တိမ်းနိုင်စွမ်းမရှိတော့သလို သူ၏စိတ်ဓာတ်လည်း လုံးဝပျက်ပြားနေပြီဖြစ်သည်။

တစ်ဖက်လူကို သူ၏အစွမ်းကုန်တိုက်ခိုက်မှုက မထိရောက်ဟုသိရသည့်နောက် ချူမန်၏တိုက်ခိုက်လိုသည့်စိတ်ဓာတ်က ယိမ်းယိုင်သွားခဲ့သည်။

ထို့နောက် ဝူမင်း၏မုန်တိုင်းကျသလိုတိုက်ကွက်များက သူ၏လက်ကျန်တိုက်ပွဲဝင်လိုစိတ်လေးကို ဖျက်ဆီးသွားကာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့်တစ်ချိန်လုံးရှောင်တိမ်းရသည်အထိပင်။

ချူမန်၏နေရာတွင် စိတ်ဓာတ်ခိုင်မာသူတစ်ဦးဆိုပါက အနိုင်မရမှန်းသိသည့်တိုင်တိုက်ခိုက်ရင်း သေဆုံးသွားပေမည် ။

သို့သော်လည်း ချူမန်ကား ဝူမင်း၏လက်ချက်ကြောင့် သူ၏သံမဏိလက်အိတ်ပျက်စီးသွားခြင်းနှင့်အတူ သူ၏စိတ်ဓာတ်လည်း လုံးဝပြိုပျက်သွားကာ နေရာတွင်ကြောက်ရွံ့ထိတ်လန့်စွာဖြငိ့မလှူပ်မယှက်ဖြသ်သွားခြင်းဖြစ်သည်။

“ အိုး...”

ထိုမြင်ကွင်းကြောင့် ကြည့်ရှုနေသူများမျက်နှာလွှဲလိုက်မိကြသလို သိုင်းမဟာမိတ်မှလူများလည်း စိုးရိမ်တကြီးအော်ဟစ်လိုက်ကြသည်။

“ အစ်ကိုကြီး...သတိထား...”

သို့သော်လည်း မည်သူမှတိုက်ပွဲအတွင်းသို့ဝင်ပါဝံ့ခြင်းမရှိပေ။

တစ်ဖက်လူက လူသားစင်စစ်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းလှသည့်နတ်ဘီလူးတစ်ကောင်လိုလူမျိုးဖြစ်သည်။

ထ်ုအခိုက် မည်သည့်နေရာမှလွင့်လာသည်မသိရသည့် အရာဝတ္တုလေးတစ်ခုက ချူမန်၏ခေါင်းနှင့်တစ်လက်မသာကွာတော့သည့် ဝူမင်း၏ဓားကိုလာရောက်ထိမှန်သွားခဲ့သည်။

“ ဒေါင်...”

လွန်စွာကျယ်လောင်သည့်အသံကထွက်ပေါ်လာပြီး အတွင်းအားနိမ့်ကျသူများနှင့်သာမန်လူများဆိုလျှင် နားများပင်အူထိုင်းကုန်သည်။

ရုတ်တရက်ဝင်ရောက်လာသည့်အရာဝတ္တုကြောင့် ဝူမင်း၏ဓားမှာ လမ်းကြောင်းပြောင်းသွားပြီး ချူမန်၏ဘေးဘက်သို့ခုတ်ချမိလိုက်သည်။

“ ဝုန်း...”

မြေပြင်တစ်ခုလုံးတုန်ဟည်းသွားသည်ဟုထင်ရပြီး ဖုန်မှုန့်များလည်း တထောင်းထောင်းထသွားလေသည်။

ကြည့်ရှုနေကြသူများလည်း ဖြစ်သည့်အရာများဖြစ်ပျက်သွားသည်ကို လိုက်မမီနိုင်ကြဘဲရှိနေစဉ် ဖုန်မှုန့်များလွင့်ပျယ်သွားချိန်၌ ဓားမော့ကြီးကိုပခုံးပေါ်ထမ်းကာ တည်ငြိမ်စွာရပ်နေသည့်ဝူမင်းနှင့်သူ၏ရှေ့တွင် အားအင်ချိနဲ့စွာလဲကျနေသည့် ချူမန်တို့ကိုတွေ့လိုက်ရသည်။

ဝူမင်း၏ဓားမော့လမ်းကြောင်းကို ဝင်ရောက်နှောက်ယှက်သည့်အရာကြောင့် ချူမန်မှာ ဆံချည်တစ်မျှင်ကလေးပင်မဆုံးရှူံးလိုက်ရသော်လည်း သူ၏မျက်နှာက သွေးမရှိသလိူဖြူလျော်နေပြီး မျက်လုံးများက ကြောင်စီစီဖြစ်နေသည် ။

သူ၏ပုံစံကစိတ်ဝိညာဉ်ဆုံးရှုံးရသူပမာဖြစ်နေပြီးထိုအဖြစ်ကြောင့် ကြည့်ရှုနေကြသူများလည်း ယနေ့ဖြစ်ရပ်ပြီးလျှင် ချူမန်တစ်ယောက်သိုင်းလောကထဲတွင် ဆက်လက်ကျင်လည်နိုင်မည်မဟုတ်တော့ဟု ရိပ်စားမိလိုက်ကြသည် ။

သို့သော် လူအုပ်ထဲရှိမည်သူကမှ ဝူမင်း၏အားအင်ပြင်းထန်လှသည့်ဓားမော့ကြီးကို လမ်းကြောင်းပြောင်းသွားနိုင်စေသည့်အရာအား ရှင်းလင်းစွာမမြင်လိုက်ရပေ။

ထိုစဉ် ဝူမင်းက ချူမန့်ကိုဂရုမစိုက်တော့ဘဲ ခပ်လှမ်းလှမ်းတွင် လွင့်စင်ကျနေသည့်အရာတစ်ခုကို ကောက်ယူလိုက်ပြီး လူအများမြင်အောင်ပြသ၍ အသံကျယ်ကျယ်ဖြင့်မေးလိုက်သည်။

“ ဒါက ဘယ်သူ့လက်နက်ပုန်းလဲ...”

ဝူမင်း၏လက်ထဲရှိအရာက နှစ်လက်မခန့်သာရှိမည့် သစ်သားအပိုင်းအစလေးဖြစ်သည်။

အသေအချာကြည့်ရှုမည်ဆိုပါက ထိုသစ်သားပိုင်းလေးမှာ ဓားတစ်လက်ပုံထွင်းထုထားသည်ကိုမြင်ရမည်ဖြစ်ပြီး ထိပ်ပိုင်းကားရှိမနေတော့ပေ။

ထိုအခါမှ လူအများလည်းဝူမင်း၏ဓားမော့လမ်းကြောင့်ကိုပြောင်းသွားစေသည့်အရာအား ရှင်းလင်းစွာသိလိုက်ကာ ပင့်သက်ရှိုက်လိုက်မိကြ၏။

ထိုအရာက လက်နက်ပုန်းတစ်ခုမဟုတ်ဘဲ သစ်သားဓားငယ်လေးသာဖြစ်သည်။

သို့သော် ကလေးကစားစရာနှင့်ဆင်တူသည့်ထိုဓားငယ်လေးက ကြောက်မက်ဖွယ်ကောင်းသည့်ဝူမင်း၏ဓားမော့ကိုလမ်းကြောင်းပြောင်းသွားစေပြီး ဓားငယ်လေး၏ထိပ်ပိုင်းကလည်း အစိတ်စိတ်အမွာမွာဖြစ်သွားခဲ့ပေသည်။

“ မဟုတ်မှလွဲရော နတ်နဂါးလား...”

လူအုပ်ကြားရှိတစ်စုံတစ်ယောက်က ဝူမင်း၏လက်ထဲရှိ‌‌ဓားငယ်လေးကိုကြည့်ကာ ရေရွတ်လိုက်မိသည်။

ထိုအသံကြောင့် ဝူမင်းလည်း အသံထွက်ပေါ်လာရာသို့ကြည့်လိုက်စဉ် လူအုပ်ကြားမှအဖြူရောင်အရိပ်တစ်ခုတိုးထွက်လာပြီး ချူမန်နှင့် ဝူမင်းတို့၏ကြားသို့ ရိပ်ခနဲရောက်ရှိသွားပေသည်။

အရိပ်၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်တွင်ရှိနေပြီး အဆင့်လွန်ထိပ်သီးများပင် အံ့ဩတုန်လှုပ်သွားကြသည်။

ထိုစဉ် ဝူမင်း၏ရှေ့သို့ရောက်ရှိနေပြီဖြစ်သည့် အဖြူရောင်ဝတ်စုံဝတ်လူက သိုင်းလောကထုံးစံအတိုင်း လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းပြောလိုက်သည်။

“ ဒီကမိတ်ဆွေရဲ့တိုက်ပွဲကို ဝင်ရှုပ်လိုက်တာ ကျုပ်ပါ ။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်...

ဒါပေမယ့် အခုလိုမျိုးရန်ငြိုးရန်စမရှိတဲ့လူတွေကြားမှာ အသက်သေတဲ့အထိတိုက်ခိုက်တာတော့ မကောင်းဘူးလေ...”

အဖြူရောင်ဝတ်စုံဝတ်လူရွယ်၏လေသံက ယဉ်ကျေးသိမ်မွေ့သလို သူ၏စကားကလက်ခံနိုင်လောက်သည့်အထဲတွင်ရှိသည်။

လူရွာ်၏အသက်ကသုံးဆယ်ဝန်းကျင်သာရှိပြီး လွန်စွာချောမောခန့်ငြားသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားသည်။

ဓားကဲသို့ဖြောင့်တန်းနေသည့်မျက်ခုံးများနှင့် စူးရှသည့်မျက်ဝန်းများနှင့် ချောမောလှသည့်ရုပ်သွင်က မြောက်များစွာသောမိန်းမပျိုတို့ကိုအရူးအမူးဖြစ်သွားစေနိုင်သလို အဖြူရောင်သိုင်းဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်သူ၏ပုံစံက အထက်တန်းကျစွာကြည့်ကောင်းလျက်ရှိသည်။

ပို၍အရေးကြီးသည်က လူရွယ်၏ထိပ်တန်းကိုယ်ဖော့ပညာဖြစ်ပြီး လူအုပ်ကြားမှ တိုက်ပွဲကွင်းပြင်သို့သွားရောက်စဉ် အများစုကအရိပ်တစ်ခုကိုသာမြင်လိုက်ရခြင်းဖြစ်သည်။

ထိုကိုယ်ဖော့ပညာက ချူမန့်ထက်ပင်များစွာသာလွန်နေသည်။

လူအများက လူရွယ်၏ချောမောလှသည့်ရုပ်ရည်နှင့် ထိပ်တန်းကိုယ်ဖော့ပညာကို အံ့အားသင့်နေကြစဉ် အချို့ကလည်း ထိုလူရွယ့်ကိုကောင်းစွာသိရှိဟန်ကြတူသည်။

“ ဒါက ပါရမီရှင်သိုင်းလုလင်လို့ကျော်ကြားတဲ့ နတ်နဂါးရှန့်စီးယန်မဟုတ်လား ...”

“ နေစမ်းပါဦး သူက လူငယ်ထိပ်သီးဆယ်ယောက်ထဲမှာ နံပါတ်နှစ်မဟုတ်လား။ နံပါတ်နှစ်နဲ့ သုံးတွေ့ပြီဆိုတော့ ကြည့်ကောင်းပြီ ....”

လူများ၏တီးတိုးပြောသံများကြောင့် ဝူမင်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး လူရွယ့်ကိုစူးစိုက်ကြည့်လိုက်သည်။

ထို့နောက် သူ၏လက်ချက်ဖြင့်စိတ်ဓာတ်ပြိုကွဲသွားသည့်ချူမန့်ကိုတစ်ချက်ပြန်ကြည့်ကာ လက်ဝါးဖြန့်ပြရင်းပြောလိုက်သည်။

“ ဟီးဟီး...ကျုပ်က တကယ်မသတ်ပါဘူး သူကိုက ပျော့လွန်းတာပါ.. .”

အကြောင်းမသိပါက သူ၏ရိုးသားသည့်မျက်နှာနှင့် အူကြောင်ကြောင်ပုံစံကြောင့်အရူးလုပ်ခံရနိုင်သော်လည်း အစောပိုင်းက သူ၏ကြောက်မက်ဖွယ်ပုံစံကိုသိရှိထားသူများကား ထိုစကားကြောင့် ပို၍ပင်တုန်လှုပ်မိကြသည်။

လူငယ်ထိပ်သီးစာရင်းဝင် တစ်ကိုယ်တော်ဝံပုလွေက ကြောက်မက်ဖွယ်သိုင်းပညာရှိရုံသာမဟုတ်ဘဲ စိတ်ထဲရှိသလိုလုပ်တတ်ကာ လွန်စွာမှလည်း ဆက်ဆံရခက်ခဲနေသေးသည်။

အဖြူရောင်ဝတ်စုံဝတ်လူရွယ်ကား ဝူမင်း၏စကားကို ဒေါသထွက်ဟန်မရဘဲ တည်ငြိမ်သည့်လေသံဖြင့်ပြောဆိုလိုက်သည်။

“ ဘာပဲဖြစ်ဖြစ်ပါ ကျုပ်ရဲ့မျက်နှာကို ထောက်ပြီးပဲဖြစ်ဖြစ် အခုသူ့ကိုလွှတ်ပေးလိုက်လို့ရမလား...”

သူ၏တောင်းဆိုမှုကြောငိ့ ဝူမင်း၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်ထွက်လာပြီး ပြန်မေးလိုက်သည်။

“ မင်းက နတ်နဂါးဆိုတဲ့ ရှန့်စီးယန်လား....”

ဝူမင်း၏မေးခွန်းကို ရှန့်စီးယန် ဝါ အဖြူရောင်ဝတ်စုံဝတ်လူရွယ်က ခေါင်းညိမ့်ပြလိုက်သည် ။

သူကိုယ်တိုင်ဝန်ခံပြောဆိုလိုက်၍ ကြည့်ရှုနေကြသူများတအံ့တဩဖြစ်သွားကြရုံသာမက သိုင်းမဟာမိတ်မှလူများလည်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။

သူတို့က သူတို့၏ခေါင်းဆောင်ချူမန့်ကိုသွားရောက်ကူညီလိုသည့်တိုင်ဝူမင်းကိုမယှဉ်နိုင်ဘဲ မကျေနပ်စိတ်များ၊ ဒေါသများကို မျိုသိပ်၍အံကြိတ်ကာ ရပ်ကြည့်နေရခြင်းဖြစ်၏။

ယခု ဝူမင်းထက်သိုင်းပညာမနိမ့်ကျသူတစ်ဦးရောက်ရှိလာ၍ သူတို့းရင်ထဲတွင်ပျော်ရွှင်သွားမိကြသည်။

နတ်နဂါးဟု ကျော်ကြားသည့် ရှန့်စီးယန်က ရှောင်လင်အဝေးရောက်ဂိုဏ်းသားတစ်ဦးဖြစ်သည့်အပြင် လူငယ်ထိပ်သီးဆယ်ယောက်ထဲတွင် နံပါတ်နှစ်ဖြစ်ပြီး သိုင်းလောကထဲတွင်လည်းလွန်စွာကျော်ကြားသူတစ်ဦးဖြစ်သည်။

သူသိုင်းလောကထဲမဆင်းမီကပင် ရှောင်လင်‌ကျောင်း၏ နှစ်တစ်ရာတွင်တစ်ကြိမ်သာပေါ်ထွက်မည့်ပါရမီရှင်ဟုကျော်ကြားပြီး ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးမှခုနစ်မျိုးအထိအောင်မြင်ထားပေသည်။

ထို့ကြောင့် ရှန့်စီးယန်မှာ သိုင်းလောကထဲမဆင်းမီကပင် နာမည်ကျော်နေခဲ့ခြင်းဖြစ်ပြီး သူ၏နောက်တွင် ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည့် ပညာရှိစံအိမ်လည်းရှိနေသေးသည် ။

ထို့နောက် သူ သိုင်းလောကထဲကျင်လည်ခဲ့သည့်က ခုနစ်နှစ် ၊ ရှစ်နှစ်ခန့်သာရှိသေးသည့်တိုင် ထိုအတောအတွင်း အနက်ရောက်သိုင်းဂိုဏ်းအတော်များများနှင့်ရင်ဆိုင်ဖူးပြီး မိစ္ဆာဝိညာဉ်အဖွဲ့ကိုပင် အတော်လေးအထိနာစေသူလည်းဖြစ်သည်။

လက်နက်မဲ့သိုင်းသမားတစ်ဦးဖြစ်သည့်တိုင် တစ်ခါတစ်ရံ၍ သစ်သားဓားငယ်လေးများကိုအသုံးပြုတတ်ပြီး တိုက်ခိုက်ရာတွင်လည်း အနိုင်အရှုံးပေါ်ရုံသာတိုက်ခိုက်ကာ တစ်ဖက်လူကိုသတ်ဖြတ်ရန်မဆိုထားနှင့် ဒဏ်ရာအနာတရပင်များစွာမဖြစ်စေပေ။

ထို့ကြောင့်လည်း စိတ်ထားကောင်းမွန်သည့်အပြင် သိုင်းပညာမြင့်မားလှသည့်ရှန့်စီးယန်က သိုင်းလောကထဲတွင် ကောင်းသတင်းဖြင့်ကျော်ကြားပြီး သူ၏‌ချောမောလှသည့်ရုပ်ရည်သွင်ပြင်ကြောင့်လည်း မြောက်များလှစွာသော မိန်းမပျိုများ၏ ရင်ထဲမှရွှေမင်းသားလေးဖြစ်သည်။

ယခု အပေါ်ပိုင်းဗလာကျင်းလျက် ဓားမော့ကြီးကိုပခုံးပေါ်ထမ်းထားသည့် ဝူမင်း၏ပုံစံက ကြမ်းတမ်းရက်စက်သည့်နတ်ဘီလူးတစ်ကောင်နှင့်ဆင်တူသည်ဆိုလျှင် ဝူမင်း၏‌ ရှေ့၌တည်ငြိမ်စွာရပ်နေသည့် ရှန့်စီးယန်ကသူရဲကောင်းတစ်‌ယောက်နှင့်ထပ်တူကျနေသည်။

ရှန့်စီးယန်၏ဝန်ခံစကားကြောင့် ဝူမင်း၏မျက်လုံးများက တလက်လက်တောက်ပသွားပြီး သူ၏မျက်နှာထက်တွင်လည်း အူကြောင်ကြောင်အပြုံးတစ်ခုထွက်ပေါ်လာသည်။

အကယ်၍ ဝူမင်း၏အကြောင်းကိုကောင်းစွာသိရှိသူတစ်ဦးဆိုပါကယခုသူ၏အမူအယာက တိုက်ခိုက်လိုစိတ်ပြင်းပြသည့်အချိနိမျိုးတွင်ပေါ်ထွက်လာတတ်ကြောင်းရိပ်စားမိပေမည်။

“ ဟီးဟီး....ကျုပ်ကိုအနိုင်ယူနိုင်ရင် ဒီလူ့ကိုလွှတ်ပေးလိုက်မယ်...”

ဝူမင်းက သူ၏ဓားမော့ကြီးကိုမြောက်၍ ချူမန့်ကိုညွန်ပြရင်းပြောလိုက်သည်။

သူ၏ဘေးတွင်လူများရပ်၍ အချေအတင်ဖြစ်နေသည်ကိုပင် ချူမန်ကငူငူငိုင်ငိုင်ပုံစံဖြင့်ရှိနေပြီး ဝူမင်းနှင့်တိုက်ပွဲတွင် သူ၏စိတ်ကလုံးဝပြိုပျက်သွားကြောင်းထင်ရှားပေသည်။

ဤသည်ကလည်းအနည်းငယ်ထူးဆန်းသည့်အချက်ဖြစ်ပြီးပုံမှန်အချိန်များတွင် ဝူမင်းကတစ်စုံတစ်ယောက်ကိုပစ်မှတ်ထားလျှင်ပင် သူစိတ်‌ကျေနပ်သည့်အဆင့်ထိတိုက်ခိုက်ပြီးနောက် ဆက်လက်မနှောင့်ယှက်ခြင်းဖြစ်သည်။

ယခု ချူမန့်ကိုပစ်မှတ်ထားနေသည့်သူ၏ပုံစံက ရှန့်စီးယန်သာကြားဝင်မလာပါက သတ်ဖြတ်တော့မည်ဖြစ်မှန်းရှင်းလင်းနေပေသည်။

ဝူမင်း၏စိတ်ပိုင်းဖြတ်ထားသည့်ပုံစံကိုကြည့်၍ ရှန့်စီးယန်၏မျက်နှာလည်း အနည်းငယ်ပြောင်းလဲသွားပြီး ‌သက်ပြင်းတစ်ချက်ချ၍ ခေါင်းညိမ့်ပြလိုက်သည်။

“ ‌ ကောင်းပြီလေ ဒါပေမယ့် ကျုပ်တို့အနိုင်အရှုံးပေါ်တဲ့အထိပဲတိုက်ခိုက်ကြမယ်...”

&&&&

All Chapters