လူအင်အားနဲ့အနိုင်မယူ
Vol. 2 Ch. 7
သူနှင့်မတိုက်ခိုက်ရမချင်း နှောင့်ယှက်နေတော့မည့် ဝူမင်း၏ပုံစံကို ရိပ်စားမိ၍ ရှန့်စီးယန်ကသဘောတူလိုက်ခြင်းဖြစ်သည် ။
သို့တိုင် သူ၏ထုံးစံအတိုင်း အနိုင်အရှုံးပေါ်ရုံသာတောင်းဆိုလိုက်သလို ဝူမင်းကလည်း ခေါင်းညိမ့်ကာသဘောတူလိူက်သည်။
ဝူမင်း၏မုန်တိုင်းကျသလိုပြင်းထန်သည့်တိုက်ခိုက်မှုများကြောင့် သဘောတူညီမှုအတိုင်းဖြစ်မည်မဖြစ်မည်ကတော့ မည်သူမှကြိုတင်မသိနိုင်ကြပေ။
မည်သို့ပင်ဖြစ်စေ ဝူမင်းနှင့်ချူမန်တို့၏တိုက်ပွဲပြီးနောက် ရှန့်စီးယန်နှင့်ဝူမင်းတို့၏တိုက်ပွဲကိုကြည့်ရတော့မည်ဖြစ်၍ ကွင်းပြင်ရှိလူများမှာမယုံကြည်နိုင်လောက်အောင်ဖြစ်နေကြသည်။
ယနေ့တွင် သာမန်အဆင့်လွန်ထိပ်သီးနှစ်ယောက်၏ပွဲဖြင့်အစတည်ခဲ့သည့်ယနေ့ဖြစ်ရပ်က လူငယ်ထိပ်သီးများ၏တိုက်ပွဲအသွင်သို့ကူးပြောင်းသွား၍ သူတို့လည်းအံ့အားသင့်ခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်းတို့ကိုခံစားနေမိကြသည် ။
အကြောင်းကား လူငယ်ထိပ်သီးဆယ်ယောက်နံပါတ်စဉ်က စွန်းအိမ်တော်မှထုတ်ပြန်ထားခြင်းဖြစ်ပြီး သူတို့အချင်းချင်းတိုက်ခိုက်၌ နံပါတ်စီထားခြင်းမဟုတ်ပေ။
သို့သော်လည်း စွန်းအိမ်တော်၏သတင်းအချက်အလက်များအရ သူတို့၏သက်မှတ်ချက်များက မည်သည့်အခါမှ မှားယွင်းခြင်းမရှိဘဲ လူငယ်ထိပ်သီးစာရင်းတွင် အပေါ်အောက်ရပ်တည်နေကြသည့် ဝူမင်းနှင့်ရှန့်စီးယန်တို့မည်သူအနိုင်ရမည်ကို ပြောရခက်လှသည်။
တိုက်ပွဲကွင်းပြင်၌ ဝူမင်းနှင့်ရှန့်စီးယန်တို့နှစ်ဦးသာကျန်ခဲ့ပြီး ချူမန့်ကိုကား သူ၏လူများလာရောက်ခေါ်ဆောင်သွားပြီဖြစ်သည်။
သိုင်းမဟာမိတ်မှလူများကား စိတ်ဓာတ်ပျက်ပြားနေသည့်သူတို့ခေါင်းဆောင်ကိုခေါ်ကာထွက်ခွာသွားကြပြီဖြစ်သလို သူတို့ထွက်ခွာမသွားမီဝူမင်းကို လက်စားချေမည်ဟုကြုံးဝါးခဲ့ကြသေးသည်။
ယနေ့ပြုလုပ်ခဲ့သည်ဝူမင်း၏လုပ်ရပ်က သိုင်းမဟာမိတ်ကိုစော်ကားခြင်းလည်းဖြစ်ပြီး သိုင်းမဟာမိတ်၏ဂုဏ်သတင်းအရ ယနေ့ကိစ္စကို ပြင်းထန်စွာတုန့်ပြန်မည်ဖြစ်ကြောင်းလူအများရိပ်စားမိကြသည်။
သို့သော် ဝူမင်းကတော့ ထိုလူများ၏ကြုံးဝါးမှုကို ခွေးဟောင်သံလောက်ပင်ဂရုစိုက်ပုံမရဘဲ ရှန့်စီးယန်နှင့်တိုက်ပွဲအတွက် လွန်စွာတက်ကြွနေဟန်တူသည်။
ရုတ်တရက် တိုက်ပွဲကွင်းပြင်သို့ခုန်ပျံဝင်ရောက်လာသည့်လူနှစ်ယောက်ကြောင့် လူအားလုံးကြောင်အမ်းအမ်းဖြစ်သွားကြသည်။
ထိုနှစ်ယောက်က အနက်ရောင်ဝတ်စုံကိုယ်စီဝတ်ဆင်ထားကြပြီး ခမောက်များကိုဆောင်းထားသေးရာ သူတို့မည်သူမည်ဝါဖြစ်သည်ကိုပြောဆိုရန်ခက်ခဲလှ၏။။
သို့သော် လူအုပ်အတွင်းမှနေ၍ တိုက်ပွဲကွင်းပြင်သို့ ပေါ့ပါးစွာခုန်ဝင်လာသည့်သူတို့၏ကိုယ်ဖော့ပညာများက ရှန့်စီးယန်ထက်ပင်နိမ့်ကျခြင်းမရှိကြပေ။
“ ဟဲ ဟဲ ခဏလောက်နေကြပါဦး....”
တည်ငြိမ်သည့်အသံနှင့်အတူ အရပ်ရှည်ရှည်အနက်ရောင်ဝတ်စုံဝတ်လူက သူတို့နှစ်ဦးအနီးသို့ရောက်ရှိလာကြသည်။
ထိုလူက လက်နက်မဲ့သိုင်းသမားတစ်ဦးဖြစ်ဟန်တူပြီး သူ့အဖော်ကား နောက်ကျောတွင်ဓားရှည်တစ်လက်သိုင်းလွယ်ထားသည်။
အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်က ဝူမင်း၏ဘေးနားတွင်ရပ်လိုက်ခြင်းဖြစ်ပြီး ရှန့်စီးယန်ကိုရင်ဆိုင်မည့်ပုံပေါ်၍ ကျန်လူများအံ့အားသင့်သွားကြသည်။
“ မင်းတို့ကဘယ်သူတွေလဲ....”
တိုက်ပွဲဖြစ်ခါနီးတွင်ဝင်ရောက်စွက်ဖက်လာသည့်လူနှစ်ယောက်ကြောင့် ဝူမင်း၏မျက်နှာက အနည်းငယ်တင်းမာနေသည်။
သူ၏အေးစက်စက်စကားကြောင့် ပထမပြောလိုက်သူက ရယ်မောလိုက်ပြီး သူ၏ခမောက်ကိုချွတ်လိုက်သည်။
သူက ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိပြီး ရုပ်ရည်ချောမောသည့်လူရွယ်တစ်ယောက်ဖြစ်သည်။
“ ကျုပ်နာမည်က ဝူချင်းပါ ဒါက ကျုပ်ရဲ့အစ်ကိုဝူယောင်..”
ဝူချင်းဆိုသည့်လူရွယ်နှင့်အတူ ကျန်အနက်ရောင်ဝတ်စုံဝတ်လူကလည်း သူ၏ခမောက်ကိုချွတ်ပြလိုက်ရာ မျက်ခူံးထူထူနှင့်တည်ကြည်သည့်ရုပ်သွင်တစ်ခုပေါ်ထွက်လာသည်။
ထိုနှစ်ယောက်က ရှန့်စီးယန်နှင့်သက်တူရွယ်တူခန့်ရှိပြီး အသက်သုံးဆယ်ဝန်းကျင်သာဖြစ်သည်။
သူတို့၏ပုံစံများက များစွာထူးခြားမှုမရှိသည့်တိုင် ဝူယောင်နှင့်ဝူချင်းဆိုသည့်နာမည်များကြောင့် လူအများတုန်လှုပ်သွားကြရုံသာမက ဝူမင်းနှင့် ရှန့်စီးယန်တို့ပင် အမူအယာပြောင်းလဲသွားကြသည်။
“ ဝူယောင်နဲ့ ဝူချင်း မင်းတို့ဘာကိစ္စရှိလို့လဲ ...”
ရှန့်စီးယန်၏တည်ငြိမ်သည့်မေးခွန်းကိုကြားသော်လည်း ဝူယောင်နှင့်ဝူချင်းက သူ့ကိုလျစ်လျူရှုထားကာ ဝူမင်းကိုသာကြည့်နေကြသည်။
ရှန့်စီးယန်၏စကားအရသူတို့သုံးယောက်က ယခင်ထဲက သိကျွမ်းဟန်တူပြီး ကောင်းသည့်တွေ့ဆုံခြင်းတော့ဟုတ်ဟန်မတူပေ။
သူတို့၏အပြုအမူအရ မည်သည့်ရည်ရွယ်ချက်ဖြင့်ပေါ်ထွက်လာသည်ကို ရိပ်စားမိနိုင်ပြီး ရှန့်စီးယန်၏အမူအယာပင်အလေးအနက်ဖြစ်သွားသည်။
ထိုစဉ် ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည့် ဝူယောင်က ဝူမင်းကိုကြည့်ကာ အပြုံးမျက်နှာဖြင့်မေးလိုက်သည်။
“ မိတ်ဆွေ ကျုပ်တို့ သုံးယောက်ပေါင်းပြီး ဒီကောင့်ကို တိုက်ခိုက်ကြမလား...ဒါမှလူငယ်မျိုးဆက်သိုင်းပြိုင်ပွဲမှာ ပြိုင်ဘက်တစ်ယောက်လျော့ကျလာမှာ...”
ဝူယောင်၏စကားကြောင့် ရှန့်စီးယန်တည်ငြိမ်သည့်မျက်နှာပင်ပြောင်းလဲသွားရပြီး ကြည့်ရှုနေသူများလည်းအံ့သြထိတ်လန့်သွားကြသည်။
စင်စစ် ဝူညီအစ်ကိုက ဝူမင်းနှင့်ပေါင်းကာ ရှန့်စီးယန်ကို တိုက်ခိုက်လိုခြင်းဖြစ်သည်။
ဖျက်ဆီးခြင်းညီနောင်ဟုကျော်ကြားသည့် သူတို့ကိုယ်တိုင်ကလည်း အားမနည်းဘဲ လူငယ်ထိပ်သီးဆယ်ယောက်စာရငိးတွင် နံပါတ်ခုနစ်နှင့်ရှစ်နေရာကိုအသီးသီးရရယူနိုင်ကာ ရောက်လေရာအရပ်တွင် ပြဿနာရှာတတ်ခြင်းကြောင့် ယခင်ကရှန့်စီးယန်နှင့်ရန်ငြိုးရန်စအနည်းငယ်ရှိကြသူများလည်းဖြစ်သည်။
ထိုစဉ်က သိုင်းဂိုဏ်းငယ်တစ်ခုကို ဖျက်ဆီးတော့မည့် ဝူချင်းကို ရှန့်စီးယန်က ဟန့်တားရင်းဒဏ်ရာအပြင်းအထန်ရရှိစေသည့်အတွက် ဝူညီအစ်ကိုမှာရှန့်စီးယန်ကိုလက်တုန့်ပြန်သည့်အနေဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြဖူးသည်။
သွေးအရိပ်နှင့် ဓားတစ္ဆေသာကျော်ကြားသည့် သူတို့၏တစ်ဦးချင်းသိုင်းပညာက ကြောက်မက်ဖွယ်ကောင်းပြီးသူတို့နှစ်ဦးပေါင်း၍ ရှန့်စီးယန်ကိုအသာစီးတိုက်ခိုက်နိုင်ခဲ့သော်လည်း အနိုင်မယူနိုင်ခဲ့ကြပေ။
ထို့ကြောင့်လည်းယခုလိုအခွင့်ကြုံခိုက်တွင် ဝူမင်းနှင့်ပူးပေါင်းကာ ရှန့်စီးယန်ကိုတိုက်ခိုက်လိုခြင်းဖြစ်သည်။
သို့သော် သူတို့ပြန်လည်ရရှိလိုက်သည်က ဝူမင်း၏မကျေမနပ်အကြည့်နှင့် အေးစက်စက်စကားသံတို့ကိုသာဖြစ်သည်။
“ စိတ်မဝင်စားဘူး...”
ဝူမင်းက ထိုသို့ပြောလိုက်ပြီး သူ၏ဓားမော့ကြီးကို နောက်ကျောထက်ရှိဓားအိမ်အတွင်းပြန်ထည့်လိုက်သည်။
သူ၏တုန့်ပြန်မှုကြောင့် ဝူညီအစ်ကိုကြောင်အမ်းအမ်းဖြစ်သွားကြပြီးရှန့်စီးယန်ပင် အံ့အားသင့်သွားမိ၏။
ထိုအချိန်၌ ကြည့်ရှုနေသူများလည်း လူငယ်ထိပ်သီးလေးယောက်ကြား၌ မည်သို့ဆက်ဖြစ်မည်ကို ရင်တထိတ်ထိတ်စောင့်ကြည့်နေကြပြီး အသက်ပင် ပြင်းပြင်းရှူဝံ့ခြင်းမရှိပေ။
“ ငါတိုက်လိုက်ဖို့စိတ်မပါတော့ဘူး။ ရှန့်စီးယန် နောက်နှစ်လနေရင် သိုင်းပြိုင်ပွဲမှာတွေ့ကြမယ်..”
ဝူမင်းက ဝူညီအစ်ကိုကိုဂရုမစိုက်ဘဲ ရှန့်စီးယန်ကို လေးနက်သည့်လေသံဖြင့်ပြောရင်း တိုက်ပွဲကွင်းပြင်မှ ချာခနဲလှည့်ထွက်သွားတော့သည်။
သူ၏အပြုအမူကြောင့် ဝူညီအစ်ကိုလည်း ကြောင်အမ်းအမ်းဖြစ်နေရာမှ ဒေါသထွက်သွားကြပြီး မျက်ခုံးထူထူနှင့်ဝူယောင်က တင်းမာသည့်လေသံဖြင့်အော်ဟစ်လိုက်သည်။
“ ဟေ့ ဝူမင်း မင်းက ငါတို့ကိုဂရုမစိုက်တာလား...”
သူတို့၏ မြင့်မားသည့်သိုင်းပညာနှင့် သူတို့ဆရာ၏နောက်ခံကြောင့် သွားလေရာနေရာတိုင်း၌ လူအများ၏ ကြောက်ရွံ့တုန်လှုပ်မှု ၊ လေးစားမှုတို့ကိုခံယူခဲ့သည်သာဖြစ်၍ ယခုလိုလျစ်လျူရှူခံရခြင်းက ဝူညီအစ်ကိုအတွက်ပထမဦးဆုံးအကြိမ်လည်းဖြစ်သည်။
ဝူယောင်၏ အော်ဟစ်သံကြောင့် ခြေလှမ်းအနည်းငယ်အကွာသို့ရောက်ရှိနေပြီဖြစ်သည့် ဝူမင်းက လည်ပြန်လှည့်ကြည့်လာပြီး ဝူယောင့်ကို စူးရှသည့်အကြည့်များဖြင့်စိုက်ကြည့်ရင်း ပြုံး၍မေးလိုက်သည်။
“ မင်းက တိုက်ခိုက်ချင်လို့လား...”
ဝူမင်း၏ ထီမထင်သည့်အမူအယာကြောင့် ဝူယောက်လည်း ဒေါသကိုထိမ်းချူပ်မထားနိုင်တော့ဘဲ သူ၏နောက်ကျောမှဓားကိုဆွဲထုတ်မည်ပြုလိုက်စဥ်ဘေးဘက်ရှိဝူချင်းက သူ၏လက်ကိုဆွဲထားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ သွားပါစေ ရန်သူတစ်ယောက်ထပ်တိုးအောင်မလုပ်နဲ့ ။ ဒီမှာ ရှန့်စီးယန်လည်းရှိသေးတယ် ။ နောက်တစ်ကြိမ်ပြန်တွေ့ရင် သူ့ကိုဆုံးမလို့ရတယ်...”
“ ဟမ့်...”
ဉာဏ်များသည့်ဝူချင်း၏ ဖြောင်းဖျစကားကြောင့် ဝူယောင်လည်း မျက်နှာထားတင်းတင်းဖြင့်နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
ဝူယောင့်ဆီမှ တုန့်ပြန်မှုမရတော့ဘဲ ဝူမင်းလည်းပြန်လှည့်ကာ တိုက်ပွဲကွင်းပြင်းမှထွက်သွားတော့သည်။
သူသွားရာလမ်းတစ်လျှောက်တွင်ရှိနေသည့်လူများမှ ကဗျာကယာလမ်းဖယ်ဘေးလိုက်ကြပြီး လျှောက်လမ်းတစ်ခုဖြစ်နေသည်။
ဝူမင်းကား ထိုလူများ၏အပြုအမူကိုဂရုမစိုက်ဘဲ တောဘုရင်ခြင်္သေ့တစ်ကောင်လို ဝံ့ကြွားစွာထွက်ခွာသွားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့်သူ၏သွင်ပြင်ကြောင့် ကျန်လူများလည်း လေးစားသည့်ပုံစံဖြင်ကြည့်လိုက်မိကြသည်။
“ မင်းတို့က ကျုပ်နဲ့တိုက်ခိုက်ချင်သေးလား...”
ခပ်ပြုံးပြုံးမျက်နှာဖြင့်မေးလိုက်သည့် ရှန့်စီးယန်၏စကားကြောင့် ဝူညီအစ်ကို၏မျက်နှာလည်း မည်းမှောင်သွားပြီး မကျေမနပ်ပုံစံဖြင့်တစ်ချက်ကြည့်၍ သူတို့နှစ်ယောက်လည်း ကိုယ်ဖော့ပညာသုံးကာ ထွက်ခွာသွားကြတော့သည်။
ထိုနေရာတွင်ကျန်ခဲ့သည့် ရှန့်စီးယင်လည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အစောပိုင်းက ဝူညီအစ်ကိုထွက်ပေါ်လာချိန်၌ အပြင်ပန်းတွင်တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏စိတ်ထဲတွင်တော့ အနည်းငယ်စိုးထိတ်မိသည်။
အကြောင်းက တစ်ကိုယ်တော်ဝံပုလွေဟုနာမည်ကျော်သည့် ဝူမင်းက သူနှင့်မတိမ်းမယိမ်းအဆင့်ရှိပြီး ဝူယောင်နှင့်ဝူချင်းတို့ကလည်း နှစ်ယောက်ပေါင်းပါက သူ့ကိုပင်အသာစီးတိုက်ခိုက်နိုင်စွမ်းရှိကြသည်။
ထို့ကြောင့် ထိုသုံးယောက်သာပေါင်းတိုက်ပါက သူ့အနေဖြင့် ကျိန်းသေပေါက်ရှုံးနိမ့်မည်ဖြစ်ပြီး ဝူညီအစ်ကို၏အငြိုးထားတတ်သည့်စရိုက်အရ မသေလျှင်ပင််ဒဏ်ရာအကြီးအကျယ်ရသွားမည်ဖြစ်သည်။
သို့သော်လည်း ထင်မှတ်မထားစွာဖြင့် ဝူမင်းကမည်သူ့ကိုမှဂရုမစိုက်ဘဲထွက်ခွာသွား၍ ဝူညီအစ်ကို၏အကြံအစည်များပျက်ပြားခဲ့ရခြင်းဖြစ်သည်။
ရှန့်စီးယန်လည်း အဝေးသို့ငေးကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ သိုင်းပြိုင်ပွဲကျရင် ကျုပ်တို့ပြန်တွေ့တာပေါ့ . “
&&&
ခွန်လွန်တောင်တန်း
အနောက်ပိုင်း၏နာမည်ကျော်တောင်တန်းကြီးတစ်ခုဖြစ်သည့်ခွန်လွန်တောင်တန်းကရှည်လျားမြင့်မားစွာတည်ရှိနေသည်။
ဒဏ္ဍာရီများအရ ခွန်လွန်တောင်တန်းမှာ ကမ္ဘာမြေကြီးစတင်ချိန်မှစ၍ တည်ရှိခဲ့သည့်တောင်တန်းတစ်ခုဖြစ်ပြီးပါးစပ်ရာဇဝင်များအရ မသေမျိုးများပျော်စံရာနေရာတစ်ခုလည်းဖြစ်သည်။
ထိုအကြောင်းအရာများက ဒဏ္ဍာရီရာဇဝင်များဖြစ်သော်လည်း ခွန်လွန်တောင်တန်းမှာ သိုင်းလောကတွင်ကျော်ကြားလှသည်ကတော့အမှန်ပင်ဖြစ်သည် ။
အကြောင်းကားသိုင်းလောက၏ဂိုဏ်းကြီခြောက်ဂိုဏ်းတွင်ပါဝင်သည့်ခွန်လွန်ဂိုဏ်းက ခွန်လွန်တောင်တန်းပေါ်တွင် အခြေစိုက်၍ဖြစ်ပေသည်။
&&&&