စွန်းအိမ်တော်သိုင်းပြိုင်ပွဲ
Vol. 2 Ch. 8
ခွန်လွန်တောင်တန်းပေါ်တွင် ရှေးကျသည့်အဆောက်အဦးများစွာရှိပြီး ကျော်ကြားသည့်ခွန်လွန်ဂိုဏ်းကြီးသည်လည်း တောင်တန်းပေါ်ရှိအထင်ကရနေရာတစ်ခုဖြစ်သည်။
တာအိုဝါဒကိုအခြေပြုတည်ထောင်ခဲ့သည့်ဂိုဏ်းကြီးဖြစ်ပြီး နှစ်ရှစ်ရာကျော်တည်ရှိလာပြီဖြစ်၍ သူတို့၏အခြေခံအုတ်မြစ်မည်မျှခိုင်မာလှသည်ကိုတွေးကြည့်နိုင်သည်။
အလယ်ပိုင်း၏ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှတစ်ခုဖြစ်သည့်အားလျော်စွာ ဂိုဏ်းဝင်သုံးရာကျော်လေးရာနီးပါးရှိပြီး အများစုက အစွမ်းထက်သိုင်းသမားများဖြစ်ကြသည်။
ခွန်လွန်ဂိုဏ်း၏ခန်းမဆောင်ထဲတွင်ကား အပြာရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့် အသက်ခြောက်ဆယ်ကျော်ခန့်ရှိမည့်လူကြီးတစ်ဦးနှင့် အသက်ရှစ်ဆယ်ကျော်ကိုးဆယ်ခန့်ရှိမည့်အဖိုးအိုနှစ်ယောက်တို့ရှိနေကြသည်။
အပြာရောင်ဝတ်ရုံဝတ်လူကြီး၏အသက်အရွယ်က ခြောက်ဆယ်ကျော်ပြီဖြစ်သည့်တိုင် နုပျိုခန့်ညားသည့်ရုပ်သွင်ကြောင့် ငါးဆယ်ကျော်ဟုသာထင်ရသည်။
တွေ့မြင်သူတိုင်းကလေးစားရလောက်မည့်ဥပတိရုပ်ရှိသည့်ထိုလူကြီးကား ခွန်လွန်ဂိုဏ်း၏လက်ရှိဂိုဏ်းချုပ်မာရှောင်ကျင်းဖြစ်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ ဂိုဏ်းချုပ်များထဲတွင် အငယ်ဆုံးဖြစ်သည့်တိုင် ယခုအခါ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
အညိုရောင်ဝတ်စုံဝတ်အဖိုးအိုနှစ်ယောက်ကား ရုပ်ချင်းဆင်ဆင်တူပြီး အရေးအကြောင်းများပြည့်နေသည့်အိုမင်းသည့်မျက်နှာများထက်တွင် စိန်ပွင့်လိုတလက်လက်တောက်ပသည့်မျက်လုံးတို့ရှိကြသည်။
ကျုံဟွာတောင်တိုက်ပွဲဖြစ်ပွားစဉ်က ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းမှာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိသေး၍ ဝင်မပါနိုင်သော်လည်း ခွန်လွန်မှ အဖိုးအိုနှစ်ယောက်ကားကောင်းစွာအစွမ်းပြနိုင်ခဲ့သည်။
ဂိုဏ်းသို့ကျူးကျော်လာသည့် ခရမ်းရောင်သွေးလဂိုဏ်း၏ လက်ဝါးဘုရင်ကို သိုင်းကွက်သုံးရာအတွင်းသတ်ဖြတ်ခဲ့ပြီး နှင်းငွေ့မိစ္ဆာသခင်ကိုရင်ဆိုင်ချိန်တွင်လည်း သူတို့၏ရေစုန်ရေဆန်ဓားသိုင်းမှာ လွန်စွာအစွမ်းထက်ခဲ့သည်။
ကံမကောင်းစွာဖြင့် နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာက သိုင်းဝိဇ္ဇာအဆင့်ကိုကျော်လွန်နေပြီဖြစ်ရာ အဖိုးအိုနှစ်ယောက်အပါအဝင် ကျန်သိုင်းဝိဇ္ဇာများ အလဲလဲအပြိုပြိုဖြင့်အရှုံးကြီးရှုံးခဲ့ရသော်လည်း ခွန်လွန်၏အင်အားကို သိုင်းလောကတစ်ခုလုံးသိအောင်ပြသနိုင်ခဲ့သည်ဟုဆိုရမည်။
ထိုစဉ်က ကျုံဟွာတောင်တိုက်ပွဲတွင်ပါဝင်ခဲ့သူနှစ်ယောက်က မာရှောင်ကျင်း၏ရှေ့ရှိအဖိုးအိုနှစ်ယောက်ပင်ဖြစ်ပြီး သူတို့က ယခင်ဂိုဏ်းချုပ်ဟောင်း၏ဂိုဏ်းတူညီငယ်များလည်းဖြစ်သည်။
ယခုအချိန်၌ မာရှောင်ကျင်း၏ပုံစံက အနည်းငယ်စိတ်မကောင်းဖြစ်နေဟန်တူပြီး အဖိုးအိုနှစ်ယောက်ကို ဖျောင်းဖြပြောဆိုနေသည်။
သို့သော်လည်း အဖိုးအိုနှစ်ယောက်က သူတို့၏ဆုံးဖြတ်ချက်ကိုမပြင်တော့ဘဲ တစ်ယောက်က ခေါင်းယမ်း၍ပြောလိုက်သည်။
“ ရှောင်ကျင်း ငါတို့ရဲ့အသက်အရွယ်က မီးစာကုန်ဆီခမ်းဖြစ်နေသလို သိုင်းဝိဇ္ဇာအလယ်အဆင့်ကနေ နောက်တစ်ဆင့်ကိုတတ်ရောက်နိုင်ဖို့မလွယ်တော့ဘူး ။
ဒီတော့ ငါတို့လည်း မင်းရဲ့ဆရာလို လူ့ဘောင်သံယောဇဉ်တွေဖြတ်တောက်ပြီး တံခါးပိတ်လေ့ကျင့်တော့မယ်။
ငါတို့နဲ့မျိုးဆက်တူတွေကလည်း သိုင်းလောကထဲမှာ မရှိကြတော့ဘူး။ ငါတို့နှစ်ယောက်သာ ဂိုဏ်းကိုစိတ်မချလို့ ဒီအချိန်ထိစောင့်နေသေးတာ...”
ထိုအဖိုးအို၏လေသံကတည်ငြိမ်နေသော်လည်း စိတ်မကောင်းဖြစ်ဟန်နှင့် အတိတ်ကိုလွမ်းဆွတ်တသဟန်များပါဝင်နေသည်။
ထိုစကားကြောင့် မာရှောင်ကျင်းလည်း တစ်စုံတစ်ရာဆက်လက်ပြောဆိုရန်မစွမ်းသာတော့ဘဲ သက်ပြင်းတစ်ချက်ချကာ ခေါင်းညိမ့်ပြလိုက်သည်။
“ ကောင်းပါပြီ ဆရာတူဦးလေးတို့ ဒီအတောအတွင်းမှ လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်လို့မဆုံးပါဘူး။။
ဦးလေးတို့နှစ်ယောက်သာမရှိရင် ခွန်လွန်ဂိုဏ်းက ကျုံဟွာတောငိတိုက်ပွဲမတိုင်မီထဲက အတော်လေးအင်အားယုတ်လျော့သွားနိုင်တယ်...”
မာရှောင်ကျင်း၏ ခံစားချက်များပြည့်နှက်နေသည့်လေသံကြောင့် အဖိုးအိုနှစ်ယောက်လည်း ပြုံးလိုက်မိကြပြီးကျန်တစ်ယောက်က စနောက်လိုသည့်လေသံဖြင့်ပြောလိုက်သည်။
“ မင်းကလည်း ကလေးလေးကျနေတာပဲ။ မင်းတောင်အသက်ခြောက်ဆယ်ကျော်လာပြီလေ။
အစ်ကိုကြီးမင်းကိုခေါ်လာတုန်းကဆို မင်းက ဆယ့်ငါးဆယ့်ခြောက်အရွယ်ကောင်ငယ်လေးပဲ။ အင်း....အချိန်တွေကုန်တာကလည်း တယ်မြန်တာပဲ ..”
ထိုအဖိုးအို၏စကားကြောင့် မာရှောင်ကျင်းလည်း ပြုံးလိုက်မိသည်။
အများအမြင်တွင် သူကလူလေးစားရလောက်သည့်ဂိုဏ်းချုပ်ကြီးတစ်ဦးဖြစ်သော်လည်း သူငယ်စဉ်ကပင် ပျိုးထောင်လာခဲ့သည့်အဖိုးအိုနှစ်ယောက်၏မျက်စေ့ထဲတွင်တော့အရွယ်မရောက်သေးသည့် ချာတိတ်လေးသာသာပင်။
အဖိုးအိုတစ်ယောက်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မာရှောင်ကျင်းကိုကြည့်ကာ မေးလိုက်သည်။
“ ဒါနဲ့ နောက်နှစ်လလောက်ကြာရင် မင်းဦးစီးပြီးတော့ သိုင်းပြိုင်ပွဲတစ်ခုလုပ်မလို့ဆို ။ ဘာစိတ်ကူးပေါက်လို့လဲ...”
အဖိုးအို၏မေးခွန်းကြောင့် မာရှောင်ကျင်း၏အမူအယာက အစောပိုင်းကနှင့်မတူတော့ဘဲ လေးနက်တည်ကြည်စွာဖြင့် ရှင်းပြလိုက်သည်။
“ ကျုပ်နဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေတိုင်ပင်ချက်အရ နောက်လထဲမှာ လူငယ်မျိုးဆက်တွေအတွက် သိုင်းပြိုင်ပွဲတစ်ခုကျင်းပပေးပြီး ကျုပ်တို့ဂိုဏ်းချုပ် တွေဖန်တီးထားတဲ့ သိုင်းပေါင်းစုံကျမ်းကိုဆုအဖြစ်ချီးမြင့်မယ်လို့စိတိကူးထားတယ်။
သိုင်းပေါင်းစုံကျမ်းဆိုပေမယ့် သိုင်းကွက်တွေပါဝင်တာမဟုတ်ဘဲ သိုင်းလောကထဲက သိုင်းပညာရပ်တွေရဲ့ အားသာချက်အားနည်းချက်တွေကိုရှင်းပြထားတဲ့ ကျမ်းတစ်ခုပဲ။
ဒီသိုင်းပေါင်းစုံကျမ်းကိုရသွားတဲ့လူကဘယ်သူပဲဖြစ်ဖြစ် တခြားလူတွေထက်နှာတစ်ဖျားသာသွားမှာအမှန်ပဲ...
တေလေဂိုဏ်းချုပ်ကြီးရဲ့စကားအရဆိုရင် မုန်တိုင်းကြီးလာဖို့ကနီးကပ်နေတော့ မျိုးဆက်သစ်လူငယ်တွေကို ပိုပြီးပျိုးထောင်ပေးချင်မိတယ်။
ပြီးတော့ အခုလူငယ်မျိုးဆက်က အရင်ခေတ်ကထက်တောင် ပိုပြီးထူးချွန်ကြသေးတယ် “
ထိုစကားများကို ပြောဆိုနေရာ၌ မာရှောင်ကျင်း၏မျက်လုံးများက တလက်လက်တောက်ပနေပြီး သူ၏အမူအယာကမျှော်လင့်ချက်များစွာပါဝင်နေဟန်တူသည်။
မာရှောင်ကျင်း၏စကားကြောင့် အဖိုးအိုနှစ်ယောက်လည်း ခေါင်းတညိမ့်ညိမ့်ဖြစ်သွားကြပြီး အသက်ကြီးသည့်အဖိုးအိုက ပြောလိုက်သည်။
“ အေးပေါ့...သိုင်းလောကဆိုတာ ပါရမီရှိတဲ့လူငယ်မျိုးဆက်တွေစဉ်ဆက်မပြက်ထွက်ပေါ်နေတဲ့နေရာပဲ။
ငါတို့ခွန်လွန်ကတော့ တစ်ယောက်ထဲချွန်ထွက်နေတာမျိုးမရှိပေမယ့် အမြဲတမ်းအင်အားတောင့်တင်းနေတာတစ်ခုကတော့ အတော်ကောင်းတယ်....”
သူ၏စကားမှာမှန်ကန်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူငယ်မျိုးဆက်များအနက် ခွန်လွန်ဂိုဏ်းမှာ ကျော်ကြားသည့်လူငယ်မျိုးဆက်များစွာမပေါ်ထွက်သော်လည်း စုပေါင်းအင်အားတွင် ကျန်ဂိုဏ်းကြီးများနှင့်အမြဲတမ်းနှိုင်းယှဉ်နိုင်ပေသည်။
ကျန်အဖိုးအိုတစ်ယောက်ကလည်း ပြုံး၍ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ပါ ငါတို့တံခါးပိတ်လေ့ကျင့်တော့မယ်ဆိုပေမယ့် ဂိုဏ်းအတွက် မင်းနဲ့ ယင်ရှုချန်းဆိုတဲ့ကောင်လေးရှိတော့ စိတ်ချရပါတယ်။ ဒါနဲ့ ဒီကောင်လေးကရော ဘယ်ကိုရောက်နေတာလဲ...”
အဖိုးအို၏မေးခွန်းကြောင့် မာရှောင်ကျင်းလည်ခေါင်းယမ်းလိုက်မိပြီး ပခုံးတွန့်၍ပြောလိုက်သည်။
“ ကျုပ်လည်း သူရှိနေတဲ့နေရာကို အတိအကျမသိဘူး။ သူက သိုင်းလောကအနှံ့လျှောက်သွားနေပြီးတော့ ရောက်ချင်တဲ့နေရာကိုရောက်နေတတ်တာ။ ပြီးတော့ တိမ်နဂါးယွင်ဖေးဆိုတဲ့ကောင်နဲ့ပေါင်းမိတော့ပိုဆိုးတာပေါ့ ။
ဘာပဲဖြစ်ဖြစ် သူက ဂိုဏ်းအပေါ်တွယ်တာချစ်ခင်တဲ့စိတ်ကလေးကတော့ ချီးကျူးရမှာပဲ ...”
&&&&
သိုင်းပြိုင်ပွဲ
ထိုစကားလုံးက သိုင်းလောကသားများ လွန်စွာရင်းနှီးနေကြသည့်စကားလုံးဖြစ်ပြီး သိုင်းလောက၏နေရာအနှံ့တွင်လည်း သိုင်းပြိုင်ပွဲများမကြာခဏကျင်းပတတ်ကြသည်။
ပြိုင်ပွဲများ၏ ဆုလာဒ်အဖြစ် ရှားပါးရတနာများဖြစ်စေအစွမ်းထက်သိုင်းကျမ်းများဖြစ်စေ သက်မှတ်လေ့ရှိကြပြီး သိုင်းပြိုင်ပွဲများတွင်အနိုင်ရရှိသူများကလည်း အတော်ပင် ဂုဏ်သတင်းကျော်ကြားလေ့ရှိသည်။
ထို့ကြောင့်လည်း လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကျော် ခရမ်းရောင်သွေးလဂိုဏ်းပေါ်ထွက်မလာမီကာလများက သိုင်းလောကတွင် သိုင်းပြိုင်ပွဲများခြိမ့်ခြိမ့်သဲကျင်းပကြပြီး တစ်ခါတစ်ရံ၌ အတော်ပင်ကြီးကျယ်ခမ်းနားကြသေးသည်။
တက်သစ်စလူငယ်မျိူးဆက်များအတွက် သိုင်းပြိုင်ပွဲများက နာမည်ကျော်ကြားရန်အခွင့်အလမ်းဖြစ်သလို သိုင်းလောကသားများသာမက သာမန်ပြည်သူလူထုကပင် သိုင်းပြိုင်ပွဲများကို နှစ်ခြိုက်သဘောကျကြသေးသည်။
သို့သော်လည်း ကျုံဟွာတောင်တိုက်ပွဲပြီးနောက် သိုင်းမဟာမိတ်ပေါ်ထွက်လာပြီးသည့်အနှစ်နှစ်ဆယ်အတွင်း သိုင်းလောကတွင်သိုင်းပြိုင်ပွဲများလုပ်ခွင့်မရှိဟုအမိန်ထုတ်လိုက်ရာ သိုင်းလောကအနှံ့သိုင်းပြိုင်ပွဲများကိုမတွ့ရတော့ဘဲ အတော်ပင်ခြောက်ကပ်ကပ်ဖြစ်သွားသည်ဟုဆိုရမည်။
သိုင်းမဟာမိတ်၏ထုတ်ပြန်မှုက သိုင်းပြိုင်ပွဲများမှတစ်ဆင့် လူသေဆုံးများ ၊ ထိခိုက်ဒဏ်ရာရမှုများအလွယ်တကူဖြစ်စေနိုင်သလို ထိုဖြစ်ရပ်များမှတစ်ဆင့် တစ်ဘက်နှင့်တစ်ဘက်ရန်ငြိုးဖွဲ့မှုများဖြစ်ပွားသည့်အတွက်ဟုဆိုထားသည်။
သူထုတ်ပြန်သည့်အချက်ကလည်း မှန်သင့်သလောက်မှန်ကန်သော်လည်း သိုင်းလောကခေတ်ဦးမှနေ၍ စဉ်ဆက်မပြက်ကျင်းပလာသည့်သိုင်းပြိုင်ပွဲများပြုလုပ်ခွင့်မရတော့ခြင်းမှာ အနည်းငယ်နောင်တရစရာကောင်းလှသည်။
ယခု ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ ကြေညာချက်အရ နောက်လာမည့် နှစ်လပိုင်း ရှစ်ရက်နေ့တွင် စွန်းအိမ်တော်၌ လူငယ်မျိူးဆက်သိုင်းပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ခွန်လွန်ဂိုဏ်းမှဦးဆောင်ကာစွန်းအိမ်တော်နှင့်ပူးပေါင်းကျင်းပခြင်းမည်၏ ။
ထိုပြိုင်ပွဲတွင် အသက်သုံးဆယ့်ငါးနှစ်အောက်ရှိ လူငယ်မျိုးဆက်ဟုသက်မှတ်နိုင်သည့်မည်သူမဆိုပါဝင်နိုင်ပြီး အဖြူအနက်ခွဲခြားထားခြင်းပင်မရှိပေ။
ထို့အပြင်သိုင်းပြိုင်ပွဲ၌ ပေးအပ်မည့်ဆုက ဂိုဏ်ကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများပူးပေါင်းဖန်တီးထားသည့် သိုင်းပေါင်းစုံကျမ်းဟုဆိုသဖြင့် မြောက်များလှစွာသော လူငယ်သိုင်းသမားများမှာ စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုဝင်ရောက်ဆင်နွဲရန် ဖင်တကြွကြွဖြစ်နေကြသည်။
ကောလဟာလများအရ ထိုတိုက်ပွဲတွင် လူငယ်ထိပ်သီးဆယ်ယောက်ပင်ပါဝင်ကြမည်ဟု သိရပြီး ထိုသတင်းက သာမန်ပါရမီရှင်များအတွက်တော့သတင်းဆိုးပင်ဖြစ်၏။
အကြောင်းကား လူငယ်ထိပ်သီးစာရင်းဝင်မှန်သမျှက အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိထား၍ဖြစ်ပြီး ထိပ်ဆုံးသုံးယောက်ဆိုလျှင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုပင်ယှဉ်နိုင်သည်ဟုကျော်ကြားသည်။
သို့သော်လည်း ထိုအချက်တစ်ခုထဲဖြင့် လက်လျော့အရှုံးပေးရန်စိတ်ကူးမရှိဘဲ တက်ကြွပြီးမျှော်လင့်ချက်များပြည့်နေသည့်လူငယ်များဖြစ်သည့်အားလျော်စွာ တိုက်ပွဲတွင်ဝင်ပါပြီးအနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားကြမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် သိုင်းပြိုင်ပွဲမကျင်းပရဟု အမိန့်ထုတ်ခဲ့သည့်သိုင်းမဟာမိတ်ကမည်သည့်နေရာသို့ရောက်နေသနည်း။
သိုင်းမဟာမိတ်ကား ထိပ်တန်းအင်အားစုဆယ်ခု းကျောထောက်နောက်ခံပြုထားသည့်တိုင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုတော့ ဆန့်ကျင်ရန်မဖြစ်နိုင်ဘဲ သူတို့ကိုယ်တိုင်ပင် အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ကြမည်ဟုသိရသည်။
ထို့အတူ သိုင်းလောကမှကျော်ကြားသည့်လူအနည်းငယ်နှင့် မိစ္ဆာဝိညာဉ်အဖွဲ့မှ ခေါင်းဆောင်အချို့ကိုပင် ဒိုင်လူကြီးအဖြစ်ဖိတ်ခေါ်ထား၍ ယခုတစ်ကြိမ်သိုင်းပြိုင်ပွဲက အဖြူအနက်အားလုံးပါဝင်သည့် ပြိုင်ပွဲကြီးဟုဆိုရပေမည်။
လူငယ်ထိပ်သီးဆယ်ယောက်လို အားလုံးထိပ်၌ရပ်တည်နေကြသည့်လူများ၊ အဖြူအနက်သိုင်းလောကမှ ပါရမီရှင်များနှင့် ကြောင်လက်သည်းဝှက်ထားကြသည့် ပါရမီရှင်လူငယ်များပါဝင်ကြမည့် ယခုသိုင်းပြိုင်ပွဲကား သိုင်းလောကတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်စေနိုင်သည်ဟုဆိုရပေမည်။
ထိုအချိန်တွင် ရှောင်လင်ကျောင်းတော်မှ ထွက်ခွာလာခဲ့သည့် လူငယ်လေးတစ်ယောက်မည်သည့်နေရာသို့ရောက်ရှိနေသနည်း...။
&&&