← Chapters

ရိုးရာနဂါးလှေပြိုင်ပွဲ

Vol. 2 Ch. 9

ရိုးရာနဂါးလှေပြိုင်ပွဲ

Vol. 2 Ch. 9

လျှိုစမ်းမြို့

လျှိုစမ်းမြို့လေးမှာ အန်းဟွေးနယ်အတွင်းရှိမြို့တစ်မြို့ဖြစ်ပြီး အလယ်အလက်တန်းစားမြိူ့လေးဖြစ်ကာ အတော်အသင့်စည်ကားသိုက်မြိုက်သည်ဟုဆိုနိုင်သည်။

မြို့၏နောက်ဘက်တွင် ကျယ်ပြန့်သည့်တောင်တန်းကြီးက နဂါးကြီးတစ်ကောင်လိုရစ်ခွေထားကာ မြို့ရှေ့ဘက်တွင်ကားယန်စီမြစ်က တသွင်သွင်စီးဆင်းနေသည်။

စိမ်းစိုသည့်တောင်တန်းနှင့် ကြည်လင်သည့်မြစ်တို့ဝန်းရံထားသည့်လျှိုစမ်းမြို့လေး၏ သဘာဝပတ်ဝန်းကျင်ကားလွန်စွာလှပတင့်တယ်ပြီး ရပ်နီးရပ်ဝေးမှခရီးသွားများ အပန်းဖြေထွက်ကြရာမြို့လေးလည်းဖြစ်သည်။

ထို့ကြောင့် လျှိုစမ်းမြို့လေးတွင် ဆယ့်နှစ်ရာသီကာလပတ်လုံးခရီးသွားမပြက်ဘဲ သာယာအေးချမ်းသည့်မြို့လေးတစ်မြို့ဟုဆိုနိုင်သည်။

အထူးသဖြင့် ယခုလိုငါးလပိုင်းတွင်ကား လူအများကြိတိကြိတ်တိုးနေပြီးအများစုက ငါးလပိုင်းငါးရက်နေ့တွင်ရောက်လာမည့် နဂါးလှေပြိုင်ပွဲအတွက်ဖြစ်သည်။

လျှိုစမ်းမြို့လေး၏ထူးခြားသည့်ရိုးရာတစ်ခုဖြစ်သည့် နဂါးလှေပြိုင်ပွဲက နှစ်စဉ် ငါးလပိုင်းငါးရက်နေ့တွင်ကျင်းပမြဲဖြစ်သလို အနီးပတ်ဝန်းကျင်လီတစ်ရာပတ်လည်အတွင်းလွန်စွာကျော်ကြားသည့်ပြိုင်ပွဲတစ်ခုလည်းဖြစ်သည် ။

ထို့ကြောင့် ဘေးပတ်လည်ရှိမြို့ရွာများမှလူများ နဂါးလှေပြိုင်ပွဲကြည့်ရှုရန်ရောက်ရှိလာတတ်၍ ငါးလပိုင်း၏အစရက်များတွင် လျှိုစမ်းမြို့၏တည်းခိုစရာနေရာအားလုံးလူပြည့်လူလျှံဖြစ်နေသည်ဟုဆိုရပေမည်။

မြို့အလယ်ရှိဒုတိယတန်းစား စားသောက်ဆိူင်တစ်ခုအတွင်းရှိရှောင်ယောင်လည်း ဘေးဝိုင်းများဆီမှ ပြောဆိုနေသည့်စကားများကိုနားထောင်နေရင်း လျှိုစမ်း၏နာမည်ကျော်နဂါးလှေပြိုင်ပွဲနေ့ရောက်လာတော့မည်ဖြစ်မှန်းသိလိုက်သည်။

ယနေ့က ငါးလပိုင်းလေးရက်နေ့ရှိပြီဖြစ်၍ မနက်ဖြန်နံနက်တွင် နဂါးလှေပြိုင်ပွဲကျင်းပမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် ရှောင်ယောင်တစ်ယောက်မည်သည့်အတွက် ဤမြို့လေးသို့ရောက်နေသနည်းဟုဆိုရလျှင် ခရီးတစ်ထောက်နားခြင်းဟုဆိုရပေမည်။

ကြွယ်စင်း သူ့အတွက်ဝယ်ပေးထားသည့် အနက်ရောင်သိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားပြီး ဆံပင်များကိုလည်း အဖြူရောင်ဖဲကြိုးတစ်စဖြင့်စည်းနှောင်ထားသည့်ရှောင်ယောင်၏ပုံစံက ယောင်္ကျားပီသစွာချောမောလှသည်။

ငယ်စဉ်ကရှောင်လင်သို့လာစဉ် ဦးလေးစန်းနှင့်အတူ မြို့ကြီးမြို့ငယ်များကိုလည်ပတ်ဖူးသော်လည်း ဤသည်က လွန်စွာကြာမြင့်နေပြီဖြစ်သည်။

ထို့ကြောင့် လူစည်ကားသည့်မြို့များသို့ရောက်တိုင်း ရှောင်ယောင်လည်း အနည်းငယ်လည်ပတ်သွားလာပြီးမှ ခရီးဆက်တတ်သည်။

ကြွယ်ယန်ပေးထားခဲ့သည့် ရွှေတုံးများက လမ်းခရီး၍လွန်စွာအသုံးဝင်လှသလို ငွေသားဖြင့်လဲလှယ်ရခြင်းမပြုရသေးသည့်တစ်သောင်းခန့်ရှိမည့် ငွေလွှဲလက်မှတ်များကလည်း သူ့လို ခြွေတာသူံးစွဲတတ်သူတစ်ယောက်အတွက် တစ်နှစ်ခန့်အေးအေးဆေးဆေးသူံးနိုင်သည့်ပမာဏဖြစ်သည်။

လွန်ခဲ့သည့်လေးရက်က ရှောင်လင်ကျောင်းတော်မှ ထွက်ခွာလာပြီးနောက် ဆရာတော်ရွှမ်းနန်စေခိုင်းသည့်ကိစ္စကိုဆောင်ရွက်ရန် အန်းဟွေးနယ်အတွင်းသို့ဦးတည်လာခြင်းဖြစ်သည်။

လေးရက်အတွင်း မြို့ကြီးမြို့ငယ်များကိုကျော်ဖြတ်လာခဲ့သည့် ရှောင်ယောင်မှာ ဤမြို့ကိုရောက်မှ နဂါးလှေပြိုင်ပွဲသတင်းဖြင့်ဆွဲဆောင်ခံလိုက်ရခြင်းဖြစ်သည်။

“ အင်း...အဖိုးလေးစေခိုင်းတဲ့ကိစ္စက သိပ်ပြီးအရေးမကြီးပါဘူးလေ..နောက်မှသွားတာပေါ့...”

ရှောင်ယောင်လည်းတစ်ကိုယ်တည်းတွေးတောရင်း ခေါင်းငုံ့ကာ တိတ်ဆိတ်စွာစားသောက်နေလိုက်သည်။

&&&&

နောက်တစ်နေ့

မွန်းတည့်အချိန်ရောက်သည်နှင့် ကမ်းလုံးပြည့်ရောက်ရှိနေကြသည့် လူအုပ်ကြီးကိုတွေ့လိုက်ရသည်။

ထိုလူအုပ်ကြီးထဲတွင် လျှိုစမ်းမြိူ့ခံက တစ်ဝက်ခန့်သာပါမည်ဖြစ်ပြီး ကျန်လူများက အနီးအနားရှိမြို့ရွာများမှဖြစ်သည်။

တစ်နှစ်လျှင်တစ်ကြိမ်သာကျင်းပသည့် လျှိုစမ်းမြို့၏နဂါးလှေပြိုင်ပွဲကြီးကား ခြိမ့်ခြိမ့်သဲလျက်ရှိပေသည်။

ပွဲကြည့်သူများက သာမန်လူအများစုဖြစ် သော်လည်း သိုင်းလောကသားအတော်များများကိုလည်းတွေ့ရပေသည်။

လက်နက်ကိုယ်စီဆွဲကိုင်ထားကြသည့် သူတို့၏ပုံစံက သိုင်းသမားများဖြစ်မှန်းသိသာထင်ရှားနေ၍ သာမန်လူများမှာ ထိုလူများနှင့်အနည်းငယ်ခပ်ခွာခွာနေကြသည်။

သိုင်းလောကသားများရောက်ရှိရာနေရာတိုင်း၌ အေးချမ်းလေ့မရှိဘဲ သိုင်းသမားများစုလာလျှင်ပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်တတ်သည့်အတွက်ဖြစ်သည်။

သို့သော်လည်း ထိုသိုင်းသမားများသည်လည်း နဂါးလှေပြိုင်ပွဲလာရောက်ကြည့်ရှုခြင်းဖြစ်ပြီး သူတို့ထဲမှ အများစု၏လက်ထဲတွင် လောင်းကြေးစာရွက်ကလေးများပင်တွေ့ရသည်။

ထို‌လောင်းကြေးစာရွက်များကား လျှိုစမ်းမြို့၏တစ်ခုတည်းသောငွေတိုက်ဖြစ်သည့် ကျောက်စိမ်းဖြူငွေတိုက်မှဖြစ်ပြီး ယခုနဂါးလှေပြိုင်ပွဲအတွက် လောင်းကြေးဖွင့်ထားခြင်းလည်းဖြစ်သည်။

ပြိုင်ပွဲဝင်မည့်လှေဆယ်စီးကလည်း မြစ်ကမ်းနဖုးတွင်အသင့်ဆိုက်ကပ်ထားကြပြီး ကိုယ်နှစ်သက်ရာလှေကို လောင်းကြေးထပ်နိုင်ပေသည်။

ငွေကြေးအချိုးက တစ်အချိုး တစ်ဆယ်ဖြစ်ပြီး ထိုပမာဏကအတော်လေးမျှတသည်ဟုဆိုနိုင်သည်။

သို့သော်လည်း လောင်းကစားဝါသနာမပါသူရှောင်ယောင်ကတော့ စိတ်ဝင်စားမှုမရှိပေ။

မကြာမီအချိန်အတွင်းပြိုင်ပွဲစတင်တော့မည်ဖြစ်၍ ရှောင်ယောင်လည်း အများနည်းတူ မြစ်ကမ်းလေးတစ်နေရာသို့ တိုးဝှေ့ဝင်ရောက်လိုက်ပြီး ကျင်းပတော့မည့်နဂါးလှေပြိုင်ပွဲကိုစိတ်အားထက်သန်စွာစောင့်မျှော်လျက်ရှိသည်။

နဂါးလှေများကို အရောင်ဆယ်ခုအဖြစ်ခွဲခြားထားပြီးလှေပေါ်၌ ဘယ်ညာနှစ်ဘက်လှော်ခတ်သူငါးယောက်စီပဲ့ကိုင်သူတစ်ယောက်၊ ဗုံတီးသူတစ်ယောက်စုစုပေါင်း ဆယ့်နှစ်ယောက်ခန့်ပါဝင်သည်။

နဂါးလှေများ၏ပုံပန်းသဏ္ဍာန်က ရှည်မျောမျောသဏ္ဍာန်ရှိပြီး လေကိုခွင်း၍လျှင်မြန်စွာလှော်ခတ်နိုင်ရန် ပုံစံပြုလုပ်ထားခြင်းဖြစ်ကာ လှေထိပ်ဦး၌လက်ရာမြောက်သည့်နဂါးပုံများပါဝင်ကြသည်။

လျှိုစမ်း၏နဂါးလှေပြိုင်ပွဲကားအခြားဒေသရှိလှေပြိုင်ပွဲများနှင့်မတူဘဲ တမူထူးခြားသည်။

ယန်စီမြစ်၏ရေစီးအားက ပုံမှန်အချိန်များတွင်ပင် ရေစီးသန်လှပြီး ကျောက်တုံးကျောက်ဆောင်ပေါများသည့်လျှိုစီးမြို့၏အနီးတွင်ကား ပို၍ပင်ကြမ်းတမ်းနေသေးသည်။

လှေလှော်သမားများက ကြမ်းတမ်းစွာစီးဆင်းနေသည့်မြစ်ရေကိုဆန်တက်၍ ငှက်တစ်ကောင်ရှပ်ပြေးသလို လျှင်မြန်စွာလှော်ခတ်ရပေမည်။

ထို့ကြောင့်လည်း လျှိုစမ်းမြို့၏နဂါးလှေပြိုင်ပွဲက အခြားလှေပြိုင်ပွဲများထက်များစွာခက်ခဲပြီး လာရောက်ကြည့်ရှုသူများစွာဖြင့်ကြိတ်ကြိတ်တိုးနေကြခြင်းဖြစ်သည်။

ရှောင်ယောင်အကဲခပ်ကြည့်ရသလောက် မြို့ခံအများစုက အဝါရောင်နဂါးလှေနှင့် အနီရောင်နဂါးလှေတို့တွင်လောင်းကြေးများထည့်သွင်းကြသည်ကို သတိပြုမိကြသည်။

အကြောင်းကားအ‌တွင်းသိအစင်းသိများပီပီ ထိုလှေများပေါ်ရှိလှေထိုးသားများ၏ကျွမ်းကျင်မှု ၊ ဝါစဉ် စသည်တို့ကိုသိရှိကြ၍ အနိုင်ရရန်အလေးသာသည့်ဘက်ကိုလောင်းကြခြင်းဖြစ်၏။

အခြားဒေသမှလာရောက်သူများကား မိမိတို့နှစ်သက်ရာလှေများကိုလောင်းကြပြီး တစ်နှစ်တစ်ကြိမ်သာကြုံရသည့်ပွဲတော်မှ အပျော်တမ်းလောင်းကစားဖြစ်၍ ရှူံးနိမ့်လျှင်ပင် များစွာဝမ်းနည်းကြမည်မဟုတ်ပေ။

ရှောင်ယောင်လည်း ဘေးပတ်ဝန်းကျင်ကိုအကဲခပ်ရင်းမှ သူ၏ဘေးနားတွင်ရှိသည့်သိုင်းသမားတစ်ဦးဆီသို့အကြည့်ရောက်သွားသည်။

ထိုသိုင်းသမားက ‌အတော်ပင်ငယ်ရွယ်ပြီး အသက်ဆယ့်ရှစ်နှစ်ခန့်သာရှိမည့်လူငယ်လေးတစ်ယောက်ဖြစ်သည်။

အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားသည့်သူ၏ပုံစံက နုနယ်ချောမောလှပြီး ပိန်ပိန်သွယ်သွယ်ကိုယ်ဟန်ကြောင့် မိန်းကလေးအများစုထက်ပင် ချောမောနေသေးသည်။

သို့သော်လည်း လူငယ်၏ခါးတွင်ချိတ်ဆွဲထားသည့်ဓားကိုကြည့်ခြင်းဖြင့် သိုင်းလောကသားတစ်ဦးဖြစ်သည်မှာထင်ရှားနေပြီး စူးရှတောက်ပသည့်မျက်လုံးများက အတွင်းအားကောင်းမွန်ကြောင်းသိသာပြီး လူငယ်ပီပီတက်ကြွသည့်စိတ်ဓာတ်ရှိပုံလည်းရသည်။

ထိုစဉ် လူငယ်၏သိုင်းအဆင့်ကိုအကဲမခပ်နိုင်၍ ရှောင်ယောင်လည်း မျက်ခုံးပင့်လိုက်မိသည်။

သိုင်းလောကတွင် သိုင်းသမားများ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အတွင်းအားအရှိန်အဝါ၊ လှုပ်ရှားမှုပုံစံ စသည်တို့ကိုအကဲခပ်ကြည့်ခြင်းဖြင့် သူတို့၏သိုင်းအဆင့်ကိုသိရှိနိုင်ပြီး အတွင်းအားများကို ကောင်းစွာထိမ်းချုပ်နိုင်သည့် သိုင်းဝိဇ္ဇာအဆင့်များသာ သူတို့၏သိုင်းပညာကိုသိုဝှက်၍ သာမန်လူတစ်ယောက်ကိုဟန်ဆောင်နိုင်သည်။

ယေဘုယျအားဖြင့် ကိုယ်နှင့်အဆင့်တူသို့်မဟုတ် ကိုယ့်ထက်အဆင့်နိမ့်သူများကိုသိရှိနိုင်ပြီး တစ်ဖက်လူ၏သိုင်းအဆင့်ကိုမမြင်နိုင်ခြင်းက ကိုယ့်ထက်သိုင်းပညာအဆင့်မြင့်မှဖြစ်ပေမည်။

ယခု ထိုလူငယ်၏သိုင်းအဆင့်ကိုမမြင်နိုင်ခြင်းကြောင့် သူက ထိပ်တန်းအဆင့်သာရှိသေးသည့်ရှောင်ယောင်ထက်ကျိန်းသေပေါက်အဆင့်မြင့်နေခြင်းဖြစ်ပြီး လူငယ်၏အသက်အရွယ်အရ သူ၏ပါရမီမှာ လူငယ်မျိုးဆက်၌ ထိပ်တန်းအဆင့်ရှိပေမည်။

လူငယ့်ကို ရှောင်ယောင်သတိထားမိသည်က ထူးခြားသည့်သူ၏အပြုအမူကြောင့်ဖြစ်ပြီး အစွမ်းထက်သိုင်းသမားတစ်ယောက်၏ပုံစံနှင့်မလိုက်ဖက်စွာ အသီးခုနစ်ခုပါသည့် ဇီးသီးတုတ်ထိုးတစ်ချောင်းကို အားရပါးရစားနေသည့်လူငယ်က ဘေးပတ်ဝန်းကျင်ကိုပင်ဂရုစိုက်ဟန်မတူပေ။

သူ၏ပုံစံက ကလေးငယ်တစ်ဦး လိုချင်သည့်မုန့်ရရှိသွားခြင်းနှင့်ဆင်တူကာ ရိုးသားဖြူစင်သည့်သူ၏သွင်ပြင်ကြောင့်လည်း ရှောင်ယောင်မှာ လူငယ့်ကိုအလိုလိုရင်းနှီးသလိုခံစားလိုက်မိသည်။

ထိုအခိုက် သူ့ကိုတစ်စုံတစ်ယောက်အကဲခပ်နေသည်ကို ရိပ်မိလိုက်သည့်လူငယ်က ရှောင်ယောင်ကို ဖျက်ခနဲမော့ကြည့်လာပြီး မလိုလားသည့်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ ကိစ္စတစ်ခုခုရှိလို့လားမိတ်‌ဆွေ...”

လူငယ်၏အသံက သူ၏ပုံစံနှင့်မလိုက်ဖက်စွာ ခပ်ဩဩအသံမျိုးရှိပြီး ထိုအသံမျိုးကြားဖူးသည်ဟုပင်တွေးလိုက်မိသည်။

သို့သော်လည်း သူစိမ်းတစ်ယောက်ကို အချိန်အတော်ကြာစိုက်ကြည့်မိသည့်သူ၏အပြုအမူက အနည်းငယ်ရိုင်းပြသွားသည်ကို သတိပြုမိသွား၍ ရှောင်ယောင်လည်း သိုင်းလောကထုံးစံအတိုင်း အရိုအသေပေးရင်းတောင်းပန်လိုက်သည်။

“ တောင်းပန်ပါတယ် မိတ်ဆွေ ကျုပ် ခင်ဗျား ဇီးသီးတုတ်ထိုးစားနေတာ သဘောကျလို့ပါ.....”

ရှောင်ယောင်က စိတ်ထဲရှိသလို အမှန်အတိုင်းပြောလိုက်ခြင်းဖြစ်သော်လည်း လူငယ်က သူ့ကိုယ်သူပြန်သတိထားမိလိုက်ပြီး ရှက်ရွံ့သွားဟန်တူသည်။

“ အဟမ်း.. ဘာမှမဟုတ်ပါဘူး ကျုပ်ငယ်ငယ်က ကြိုက်ခဲ့တဲ့ စားစရာကို ဒီမှာပြန်တွေ့လို့....”

မည်သူမှမမေးရဘဲ ဖြေရှင်းချက်ပေးလာသည့်လူငယ်၏ပုံစံက အနည်းငယ်ရယ်စရာကောင်းသလို သူ၏ရိုးသားသည့်စိတ်ရင်းကိုတွေ့မြင်နိုင်သည်။

“ ကျုပ်ရဲ့နာမည်က ရှောင်ယောင်ပါ ဒီက မိတ်ဆွေရဲ့နာမည်ကရော...”

ရှောင်ယောင်လည်း လှေပြိုင်ပွဲမစသေး၍ ထူးခြားသည့်ထိုလူငယ်လေးနှင့်မိတ်ဆွေဖွဲ့ရနိဆုံးဖြတ်လိုက်သည်။

သူ၏ယဉ်ကျေးပျူငှာသည့်လေသံနှင့် သန့်ပြန့်ရည်မွန်သည့်ပုံစံကြောင့် လူငယ်လည်းရှောင်ယောင်ကို ပြန်၍အရိုအသေပေးကာ ပြောလိုက်သ ည် ။

“ ကျုပ်ရဲ့နာမည်က ဟောင်ရန်ပါ...”

လူကောင်းတစ်ယောက်ဟုအဓိပ္ပာယ်ရသည့်လူငယ်၏နာမည်ကြောင့် ရှောင်ယောင်လည်း မနေနိုင်ဘဲပြုံးလိုက်မိပြန်သည်။

သူ၏အပြုံးကိုရိပ်စားမိ၍ လူငယ်က တစ်စုံတစ်ခုပြောမည်ပြုလိုက်စဉ်အချက်ပေးဗျောက်အိုးဖောပ်သံတစ်ခုထွက်ပေါ်လာသည်။

“ ဖောင်း....”

ကျယ်လောင်သည့်ပေါက်ကွဲသံအဆုံး၌ လူအများက ဟေးခနဲအော်ဟစ်လိုက်ကြပြီး အချို့လူများက အိမ်မှယူဆောင်လာကြသည့် ကောက်ညှင်းထုတ်များကိုရေထဲသို့ပစ်ချလိုက်သည်။

ဤသည်က နဂါးလှေပြိုင်ပွဲ၏ရိုးရာဖြစ်သလို မြစ်ညှာတစ်နေရာ၌ ကောက်ညှင်းထုပ်ကြီးတစ်ခုကိုရေပေါ်ပေါ်အောင်ပြုလုပ်ထားပြီး ဝါးလုံးရှည်တစ်ခုနှင့်တွဲချည်ထားကာ ဝါးလုံးထိပ်၌ အလံတစ်ခုချည်ထားသည်။

ထိုအလံက နဂါးလှေပြိုင်ပွဲ၏ပန်းတိုင်ပင်တည်း။

&&&&

All Chapters