ပြိုင်ပွဲ၏လက်မည်းကြီး
Vol. 2 Ch. 11
“ ဒါနဲ့ နေ့လည်က ကျုပ်တို့ကြည့်ခဲ့တာ နဂါးလှေပြိုင်ပွဲက ကလိန်ကကျစ်ကျတာဗျ။ တကယ်တမ်းကျ အစိမ်းရောင်လှေကအနိုင်ရ ရမှာကို သူတို့ကို ပန်းဝင်ခါနီးမှတမင်တန့်လိုက်ကြတာ။
ကျန်တဲ့သုံးစီးလည်း ဒီလိုပဲ။ ဒါကြောင့်လည်းအနက်ရောင်လှေက အရင်ဆုံးပန်းဝင်သွားတာ.. ဒါက လုံးဝပေါင်းပြီးကြံစည်တာပဲ...”
ရောက်မဆိုက်ဆိုသလို ဟန်အမူအယာဖြင့်မကျေမနပ်ပြောလိုက်သည့်ဟောင်ရန်ကြောင့် ရှောင်ယောင်လည်း ပြုံးလိုက်မိသည်။
ထိုလူငယ်လေးမှာ ကိုယ်တိုင်လောင်းကြေးထပ်မထားသည်ကိုပင် အတော်မကျေမနပ်ဖြစ်နေပြီး သူသာလောင်းကြေးထပ်မိပါက လှေသမားများကိုပင်ပြဿနာသွားရှာနိုင်သည်ဟုလည်းတွေးလိုက်မိသည်။
ဟောင်ရန်၏စကားကြောင့်ထိချုံးတို့နှစ်ဦးလည်း အံ့အားသင့်သွားကြပြီး ချက်ခြင်းလိုလို သဘောကျစွာရယ်မောလိုက်မိကြသည်။
“ ဟားဟား...ဒီကညီလေးက ဒါမျိုးအတွေ့မကြုံမရှိတော့ အတော့်ကိုခံပြင်းနေတယ်နဲ့တူတယ်။ မှန်းစမ်း ဘယ်လောက်များပါသွားလို့လဲ.. “
အရက်ချိုးထိချုံးက ဟက်ဟက်ပက်ပက်ရယ်မော၍မေးလိုမိသလို ကဗျာဆရာဖုန်းရီကလည်း ပြုံး၍ရှင်းပြလိုက်သည်
“ တကယ်တမ်းကျ ဒါက မထူးဆန်းဘူးညီလေးရဲ့ နဂါးလှေပြိုင်ပွဲရဲ့လောင်းကစားဒိုင်ဖြစ်တဲ့ ကျောက်စိမ်းငွေတိုက်ရဲ့လက်ချက်ပဲ။
သူက အနယ်နယ်အရပ်ရပ်က လူတွေအများကြီးရောက်လာတဲ့အခုလိုပွဲတော်မျိုးမှာ လောင်းကြေးဖွင့်ပြီး သူတို့အနိုင်ရစေချင်တဲ့လှေကို စီမံလိုက်တာပဲ...။
ဒါတွေက နိုင်ငံအနှံက လောင်းကစားဒိုင်ကြီးတွေလုပ်နေကြပုံစံပါပဲ ..သူတို့က ပြိုင်ပွဲတွေရဲ့နောက်ကွယ်က ထိမ်းချုပ်သူတွေပဲ.. “
ဖုန်းရီ၏စကားကို ဟောင်ရန်က မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်စောဒကတတ်လိုက်သည်။
“ ဒါပေမယ့် အခုက တစ်နှစ်မှ တစ်ခါပဲကျင်းပတဲ့ရိုးရာလှေပြိုင်ပွဲလေဗျာ ။အခုလိုလုပ်လို့ဘယ်လိုလုပ်ကောင်းမှာလဲ...။
ပြီးတော့ လာပြီးလောင်းတဲ့လူတွေက အများကြီးမှမဟုတ်တာ မဖြစ်စလောက်ငွေလေးနဲ့ ပွဲတော်ရဲ့အပျော်ကိုဖျက်ဆီးပြီး အခုလိုလုပ်တာကတော့ နည်းနည်းတရားလွန်တာပေါ့...”
ဟောင်ရန်၏စကားအဆုံး၌ ဖုန်းရီက ခေါင်းယမ်း၍ရှင်းပြလိုက်သည်။
“ ဒါက ညီလေးဘက်ကကြည့်တာလေ ။ သူတို့ဘက်ကကြည့်ရင်အမြင်ဘယ်တူမလဲ ။
ညီလေးပဲစဉ်းစားကြည့် လူတစ်ယောက်က ကြေးပြားနည်းနည်းလောက်ပဲလောင်းရင်တောင် ဒီကိုလာတဲ့ သောင်းနဲ့ချီတဲ့လူတွေပေါင်းရင် လောင်းကြေးဘယ်လောက်ရမလဲ ။
အနိုင်ရသွားတဲ့လှေဆိုတာ လောင်းသူမရှိသလောက်နည်းတဲ့လှေဖြစ်တော့ သူတို့အတွက် အကျိုးအမြတ်ကြီးကြီးမားမားကျန်တာပေါ့။
ဒီနှစ်ဆိုရင် သူတို့ လျှံငွေသုံးသိန်းနီးပါးတောင်ရသွားတယ်လို့သိရတယ်။ အရင်နှစ်တွေကလည်း ရတဲ့ငွေက သိန်းဂဏန်းအောက်မလျိုဘူး..။
လောင်းကစားဒိုင်တွေက သိပ်ပြီးအကွက်စေ့တယ်။သူတို့အနိုင်ရစေချင်တဲ့လှေကို အသိသာကြီးမဟုတ်ဘဲ အခုလိုကပ်ပြီးအနိုင်ရအောင်လုပ်လိုက်တော့ မကျေမနပ်ဖြစ်နေတဲ့လူတွေဘာမှမတတ်နိုင်တော့ဘူး ။
ပြီးတော့ လှေသမားတွေကိုလည်း ကြိုပြီးလာဘ်ထိုးထားတဲ့အတွက် သူတို့ကိုသွားရှင်းရင်တောင် တစ်ခွန်းမှဟမှာမဟုတ်ဘူး...”
လျှံငွေသုံးသိန်းဆိုသည့်ပမာဏက သူဌေးဘွဲ့ခံနိုင်သည့်ငွေပမာဿဖြစ်ပြီး တစ်ရက်ထဲရှာဖွေနိုင်သည့် ကျောက်စိမ်းငွေတိုက်ကို ချီးကျူးရမည်ဖြစ်သည်။
ဖုန်းရီ၏စကားအဆုံး၌ ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း ကြီးမားသည့်ငွေပမာဏကြောင့်ပင့်သက်ရှိုက်မိသွားသလို ကျောက်စိမ်းငွေတိုက်မှ လောင်းကစားဒိုင်၏အကွက်ကိုလည်း ပညာရသွားမိကြသည်။
ထို့နောက် သူတို့လေးယောက်လည်း စပ်မိစပ်ရာပြောဆိုကြရင်းမှ ထိချုံးနှင့် ဖုန်းရန်တို့လည်း သိုင်းလောကအကြောင်းအတော်ပင်နှံ့စပ်သည်ကို သတိပြုလိုက်မိကြသည်။
ထိချုံး၏စကားအရ သူက ယခင်ကသိုင်းလောကသားတစ်ယောက်ဖြစ်ပြီး လျှိုစမ်းမြို့တွင်အခြေချနေထိုက်သည်မှာ ဆယ်နှစ်ကျော်ရှိပြီဟုသိရသည် ။
ကဗျာဆရာ ဖုန်းရန်ကား သိုင်းလောကမျိုးရိုးမဟုတ်သော်လည်း သိုင်းပညာကိုစိတ်ဝင်စားပြီး သင်ယူထားခြင်းဖြစ်သည်။
ထိုနှစ်ယောက်သည်လည်းသိုင်းပညာအဆငိ့မြင့်မြင့်တတ်မြောက်ထားသည်ကို သည့်မတိုင်မီကပင် သတိထားမိခဲ့၍ ရှောင်ယောင်တို့နှစ်ယောက်ကတော့များစွာ အံ့ဩခြင်းမရှိကြပေ။
သူတို့၏စကားဝိုင်းက အတော်ပင်ရှည်ကြာနေပြီး နေအလင်းရောင်ပျောက်၍ မိုးစုန်းစုန်းချုပ်သည်အထိ ပြောဆိုနေကြဆဲဖြစ်သည်။
ထိချုံးတို့နှစ်ယောက်၏သိုင်းလောကဗဟုသုတများက သိုင်းလောကအတွင်းဝင်ရောက်ခါစ ဟောက်ရန်နှင့် ရှောင်လင်ကျောင်းတွင်သာကြီးပျင်းခဲ့ရသည့်ရှောင်ယောင်တို့ထက်များစွာသာလွန်နေသည်ကိုတော့ပြောနေစရာပင်မလိုတော့ပေ။
သူတို့ကလည်း ရှောင်ယောင်ကို သိုင်းလောကအတွင်းဝင်ခါစ လူငယ်မျိုးဆက်များဖြစ်မှန်းသိ၍ ပို၍ပင်ရင်းနှီးသွားကြကာ သိသင့်သိထိုက်သည်များကိုရှင်းပြ ပြောဆိုပေးနေကြသည်။
ထို့နောက် ရှောင်ယောင်လည်း မီးရောင်ခပ်မှိန်မှိန်လင်းနေသည့်လမ်းမထက်ကိုကြည့်လိုက်မိပြီး ထိချုံးကိုမေးလိုက်သည် ။
“ ဒါနဲ့ အစ်ကိုထိချုံး ဘာဖြစ်လို့ မြို့က ဒီလောက်အထိခြောက်ကပ်သွားတာလည်း ။
ဒီမြို့ရဲ့ လမ်းပမ်းဆက်သွယ်ရေးအခြေအနေနဲ့ သဘာဝရှုခင်းတွေအရဆိုရင် နဂါးလှေပြိုင်ပွဲမရှိရင်ဝောာင် ဒီလောက်အထိ ခြောက်ကပ်နေဖို့မဖြစ်နိုင်ဘူးမဟုတ်လား...။
ပြီးတော့ နဂါးလှေပြိုင်ပြီးတာနဲ့ မြို့ကြီးက တန်းပြီးတိတ်ဆိတ်သွားသလို လူတွေကလည်း သိပ်ပြီး ပျော်ရွှင်တဲ့ပုံစံမရဘူး.. “
ရှောင်ယောင်၏မေးခွန်းကြောင့် ထိချုံးနှင့် ဖုန်းရန်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
သူတို့၏အမူအယာကြောင့်ထူးခြားသည့်ကိစ္စတစ်ခုခုရှိနေသည်ကိုရှောင်ယောင်တို့နှစ်ဦးလုံး ရိပ်စားမိလိုက်ကြပြီး ထိချုံးက လေသံကိုနှိမ့်၍ ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
“ ညီလေးတို့ နှစ်ယောက်က မဟုတ်မခံစိတ်ရှိတဲ့သိုင်းသမားတွေဆိုတာ အစ်ကိုရိပ်မိပေမယ့် ဒီမြို့ရဲ့အရေးကိစ္စတွေကိုတော့ ဝင်မပါစေချင်ဘူး ။
ဒီမြို့လေးက အပြင်ပန်းမှာ အေးချမ်းသာယာပေမယ့် အတွင်းထဲမှာ အတော့်ကို မှောင်မိုက်နက်ရှိုင်းတယ်။
ပြီးတော့ ညီလေးတို့လည်း သိုင်းလောကထဲကျင်လည်ဦးမယ်ဆိုတော့ ဒီမြို့ကထွက်သွားတာအကောင်းဆုံးပဲ...”
ထိချုံး၏အမူအယာကလေးနက်တည်ကြည်နေ၍ အမှန်ပင် သူတို့အတွက်စေတနာဖြင့်ပြောခြင်းဖြစကြောင်းသိသာလှသည်။
သို့သော်လည်း မလုပ်နှင့်ဆိုလေ လုပ်ချင်လေလေဖြစ်သည့်လူငယ်တို့၏စိတ်သဘောအတိုင်း ဟောင်ရန်၏မျက်နှာထက်၌ တဇွတ်ထိုးဆန်သည့်အမူအယာတစ်ခုပေါ်လာပြီး ပြက်သားစွာပြောလိုက်သည်။
“ အဲဒါက ဘာအကြောင်းလဲ အစ်ကိုထိချုံး ခင်ဗျားမပြောဘူးဆိုရင်လည်း ကျုပ်ကတခြားလူတွေဆီမှာ စုံစမ်းလို့ရတယ်နော်...”
ဟောင်ရန်၏စကားက စိတ်ဆုံးဖြတ်ပြီးကြောင်းသိသာပြီး ရှောင်ယောင်လည်း ထိုနည်းလည်းကောင်းပင် ။
ရှောင်လင်မှထွက်ခွာမလာမီက ဆရာတော်ရွှမ်းနန်က ကိုယ်နှင့်မဆိုင်သည့်ကိစ္စများကို ဝင်မပါရန်ဆုံးမခဲ့သော်လည်း ယခုလိုမျက်စေ့ရှေ့တွင် ထူးဆန်းသည့်အကြောင်းအရာတစ်ခုခုရှိနေကြောင်းသိရသည့်အခါ ထိုဆုံးမစကားကိုလည်းသတိမရတော့...။
ဟောင်ရန်နှင့် ရှောင်ယောင်တို့၏အမူအယာကြောင့် ထိချုံး၏မျက်နှာလည်း ညိုနွမ်းသွားပြီး အရက်တစ်ခွက်မော့သောက်ကာ ခေါင်းယမ်းလိုက်သည်။
“ ငါမှားတာပဲ မင်းတို့ကို ဒီအကြောင်းစပြောလိုက်မိတာ...”
ထိချုံး၏လေသံအရ ထိုကိစ္စမှာ သာမန်ကိစ္စမဟုတ်သည်ကိုသိနိုင်၍ ရှောင်ယောင်တို့၏စိတ်ဝင်စားမှုလည်း ပိုတိုးလာသည်။
သူတို့၏စိတ်အားထက်သန်သည့်ပုံစံကြောင့် ဘေးဘက်ရှိ ဖုန်းရီပင်သက်ပြင်းတစ်ချက်ချကာဝင်ပြောလိုက်သည်။
“ ကဲပါ.... သူတို့ကို အစ်ကိုကြီးပဲရှင်းပြလိုက်တော့ ကျုပ် စံအိမ်ကိုပြန်တော့မယ်။ အစ်ကိုကြီးလည်း သိတဲ့အတိုင်း ဖေဖေက နောက်ကျရင် သေလောက်အောင်ဆူပူနေတာ...”
ထို့နောက် ဖုန်းရီက ရှောင်ယောင်နှင့်ဟောင်ရန်တို့ကိုနှုတ်ဆက်၍ တည်းခိုခန်းထဲမှထွက်ခွာသွားတော့သည်။
သူထွက်မသွားမီ သူတို့စားသောက်ထားသမျှကိုသာမက ရှောင်ယောင်တို့ဝိုင်းအတွက်ပင် ငွေရှင်းသွားသေးသည်။
သူ၏ငွေကြေးသုံးစွဲနိုင်မှု ၊ သန့်ပြန့်သည့်ပုံစံနှင့် တည်းခိုခန်းပိုင်ရှင်၏ တလေးတစားအမူအယာကိုကြည့်၍ ဖုန်းရီမှာ သာမန်လူတန်းစားမဟုတ်သည်ကိုအလွယ်တကူသိရှိနိုင်ပေသည်။
“ ကိုင်း အဖေကိုချစ်တဲ့သားလိမ္မာလေးတော့ပြန်သွားပြီ...”
ထိချုံး၏နောက်ပြောင်စကားကြောင့် သူတို့နှစ်ယောက်လုံးပြုံးလိုက်မိကြသည်။
ထို့နောက် ထိချုံးက ရှောင်ယောင်တို့ကို အကဲခပ်ရင်းထပ်ပြောလိုက်သည် ။
“။ မင်းတို့နှစ်ယောက် ဒီမြို့ရဲ့နောက်ကွယ်က အကြောင်းအရာတွေကို သိချင်တယ်ဆိုရင် ငါ့အိမ်လိုက်ခဲ့ကြ ..။
ငါ့အိမ်မှာ ငါတစ်ယောက်ထဲဆိုတော့ အတော်ကျယ်တယ်လို့ပြောလို့ရပါတယ်။ ဒီလောက်တော့ မသပ်ရပ်ဘူးပေါ့...”
ထိချုံး၏ဖိတ်ခေါ်မှုကို ရှောင်ယောင်တို့လည်းများစွာတွေးတောမနေဘဲ လက်ခံလိုက်ကြသည်။
ထို့နောက် အပေါ်ထပ်ရှိအခန်းထဲမှသူတို့၏ပစ္စည်းပစ္စယကိုယ်စီယူဆောင်လိုက်ကြပြီး ထိချုံးနှင့်အတူ ထွက်သွားလိုက်ကြတော့သည်။
ထိချုံး၏အိမ်မှာ မြို့တောင်ပိုင်း လူနည်းသည့်ရက်ကွက်အတွင်းတည်ရှိပြီး ခြံဝန်းကလေးနှင့်ဖြစ်သည်။
ခြံဝန်းအလယ်ရှိအိမ်ငယ်လေးက အတော်ပင်ကြီးမားသည့်အတွက် ရှောင်ယောင်တို့နှစိယောက်အေးဆေးသက်သာစွာနေနိုင်သည်။
သူတို့နှစ်ယောက်လုံး ညစာစားပြီးဖြစ်သည့်အပြင် ပစ္စည်းများစွာမပါဘဲ အဝတ်ထုပ်တစ်ထုပ်စီသာပါ၍ သူတိူ့အတွက်ပေးထားသည့်အခန်းထဲတွင် အထုပ်များကိုထားပြီးနောက် အိမ်ရှေ့သို့ထွက်လာခဲ့တော့သည်။
မှုန်ပြပြလရောက်အောက်တွင် ထိချုံးမှာ အရက်အိုးတစ်အိုးဖြင့်ရှိနေပြီး တည်းခိုခန်းတွင်ရှိစဉ်ကလည်းများစွာသောက်သုံးခဲ့ပြီးဖြစ်သည့်တိုင် သူက အားရသေးဟန်မတူပေ။
အိမ်ထဲမှထွက်ခွာလာသည့်ရှောင်ယောင်တို့နှစ်ယောက်ကိုမြင်သည်နှင့်ထိချုံးက လှမ်းခေါ်လိုက်ပြီး သူတို့နှစ်ယောက်လည်း ထိချုံးထိုင်နေသည့် ကွပ်ပျစ်လေးပေါ်သို့ရောက်သွားကြတော့သည်။
“ ရော့.....သောက်ဦးမလား...”
ထိချုံးက ကွက်ပျစ်ပေါ်ရှိအရက်အိုးအသစ်တစ်လုံးကို ထိုးပေးသော်လည်း ရှောင်ယောင်ရော ဟောင်ရန်ပါပြိုင်တူခေါင်းယမ်းပြလိုက်မိကြ၏။
သူတိူ့နှစ်ယောက်က မူလက လျှိုစမ်းမြို့လေးတွင်ခရီးတစ်ထောက်နားခြင်းဖြစ်ကာ နဂါးလှေပြိုင်ပွဲကိုအစပြုရာမှ ယခုလိုထိချုံး၏အိမ်အထိရောက်လာခြင်းဖြစ်သည်။
“ ဟားဟား...မင်းတို့က တကယ့်ကို စိတ်အားထက်သန်ပြီးတက်ကြွနေတဲ့လူငယ်တွေပဲ။ ကောင်းတယ်။ ငါလည်း တစ်ချိန်ကတော့မင်းတို့လို ထက်သန်မှုအပြည့်ရှိတဲ့လူငယ်တစ်ယောက်ဖြစ်ခဲ့တာပေါ့....”
ထိချုံးက အနည်းငယ်ထွေနေဟန်တူပြီး သူ၏စကားများပင် လေးလံနေသည်။
တည်းခိုခန်းတွင်လည်း အရက်ဆယ်အိုးနီးပါးသောက်ခဲ့ပြီး ယခုလည်း နောက်ထပ်သောက်နေသည့်သူ၏ခံနိုင်ရည်ကိုကား ရှောင်ယောင်တို့လေးစားမိကြသည်။
သို့သော်လည်း သူတို့၏မူလရည်ရွယ်ချက်က လျှိုစမ်းမြိူ့၏ထူးခြားဖြစ်စဉ်ကိုသိလိုခြင်းဖြစ်၍ ရှောင်ယောင်လည်း ချောင်းတစ်ချက်ဟန့်ကာမေးလိုက်သည်။
“ အစ်ကိုထိချုံး ...ကျုပ်တို့ကို ဒီမြို့ရဲ့နောက်ကွယ်က အကြောင်းအရာတွေပြောရဦးမယ်လေ...”
ရှောင်ယောင်၏သတိပေးစကားကိုကြားမှ ထိချုံး၏မျက်လုံးများအနည်းငယ်ကျယ်လာပြီး ခေါင်းညိမ့်လိုက်သည် ။
“ ဟုတ်သားပဲ...မင်းတို့က ဒီအကြောင်းကိုသိချင်လို့ ငါ့လိုယစ်ထုပ်ကြီးတစ်ယောက်နဲ့တောင်လိုက်လာခဲ့တာ ။ ဒီတော့ ငါကလည်း ပြောပြရမှာပေါ့...”
&&&&