နောက်ကွယ်မှလူ
Vol. 2 Ch. 12
ရှောင်ယောင်နှင့် ဟောင်ရန်တို့က ထိချုံးပြောမည့်အကြောင်းအရာများကို စိတ်ဝင်တစားနားထောင်နေကြသည်။
ထိချုံးက သူ၏စကားကိုမဆက်သေးဘဲ အရက်တစ်ကျိုက်မော့သောက်ပြီးမှ ဖြေးညင်းစွာပြောလိုက်သည်။
“ တကယ်တမ်းကျတော့ ဒီအဖြစ်အပျက်တွေရဲ့အစက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က ပျက်စီးသွားတဲ့ မြစ်ဝါနဂါးဂိုဏ်းကနေစခဲ့တာပဲ။
မြစ်ဝါနဂါးဂိုဏ်းဆိုတ ကျုံဟွာတောင်တိုက်ပွဲမတိုင်ခင် နှစ်နှစ်သုံးနှစ်လောက်က အလွန်နာမည်ကြီးခဲ့တဲ့ဓားပြဂိုဏ်းကြီးတစ်ခုပေါ့။
လူအင်အားအလွန်တောင့်တင်းပြီး မြစ်ဝါမြစ်တစ်လျှောက်ကိုကြီးစိုးထားနိုင်ပြီး ထိပ်တန်းအဖွဲ့အစည်းတစ်ခုနီးပါးအင်အားတောင့်တင်းတယ်။
သူတို့ခေါင်းဆောင်က ကြောက်စရာကောင်းတဲ့သိုင်းသမားတစ်ယောက်ဖြစ်ပြီး သူ့တပည့်ရေဘုရင်ကိုးယောက်ဆိုတာကလည်း အဆင့်လွန်ထိပ်သီးတွေပဲ။
ဒီလိုနဲ့ သူတို့ရဲ့လုယက်တိုက်ခိုက်မှုတွေက များပြားလာပြီး နန်းမြို့တော်ကိုဆက်သတဲ့ဘဏ္ဍာတော်တွေကိုပါ ထိပါးလာတော့ နန်းမြို့တော်က စေလွှတ်တဲ့တပ်ဖွဲ့တစ်ခုနဲ့ ခွန်လွန်ဂိုဏိးချုပ်ကြီးဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး မြစ်ဝါနဂါးဂိုဏ်းကိုဖြိုခွဲခဲ့ကြတယ်...”
ရှောင်ယောင်နှင့် ဟောင်ရန်တို့နှစ်ဦးလုံးထိုအကြောင်းအရာများကိုကြားဖူးနားဝရှိသော်လည်း အပေါ်ယံသာဖြစ်၍ ထိချုံးပြောသလောက်ပြည့်စုံမှုမရှိပေ။
“ ဒါပေမယ့် မြစ်ဝါနဂါးဂိုဏ်းကိုတကယ်ဖြိုခွဲသွားတဲ့လူက အဖြူရောင်သွေးမိစ္ဆာဆိုတဲ့လူတစ်ယောက်ပဲ ။
သူကအဖော်မပါဘဲ မြစ်ဝါနဂါးဂိုဏ်းထဲကိုဖောက်ဝင်သွားပြီး မြင်မြင်သမျှလူကိုအရူးအမူးသတ်ဖြတ်ခဲ့တာပေါ့။
နောက်ဆုံးမှာ ရေဘုရင်တွေတောင်သူ့ကိုမတားဆီးနိုင်ဘဲ ဂိုဏ်းချုပ်ဖြစ်တဲ့လူတောင်ထွက်လာခဲ့ရသေးတယ်။
တကယ်တော့ မြစ်ဝါနဂါးဂိုဏ်းချုပ်ဆိုတာ သိုင်းလောကမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ဖူးတဲ့ သွေးမိစ္ဆာဆိုတဲ့အနက်ရောင်သိုင်းသမားကြီးတစ်ယောက်ဖြစ်နေတာ။
သူက မြစ်ဝါနဂါးဂိုဏ်းရဲ့မူလဂိုဏ်းချုပ်ကိုလျှို့ဝှက်သတ်ဖြတ်ပြီး သူ့တပည့်ရေဘုရင်ကိုးယောက်နဲ့အတူဂိုဏ်းကိုပိုကြီးထွားအောင်လုပ်ဆောင်ခဲ့တာပဲ
အတိုချုပ်ပြောရရင် အဲဒီသိုင်းသမားရဲ့လက်ချက်ကြောင့် သွေးမိစ္ဆာကိုယ်တိုင်သေဆုံးရုံတင်မကဘူး လူသုံးရာကျော်တဲ့ မြစ်ဝါနဂါးဂိုဏ်းသားတွေက အယောက်သုံးဆယ်လောက်ပဲ အသက်ရှင်လျက်လွတ်မြောက်ခဲ့တယ် ။
အဲဒီလူရဲ့အဖြူရောင်ဝတ်စုံက သွေးတွေစိုရွှဲပြီးအနီရဲရဲဖြစ်သွားလို့ သူ့ကိုအဖြူရောင်သွေးမိစ္ဆာလို့ခေါ်ကြတာပေါ့.. ။
ခွန်လွန်ဂိုဏ်ချုပ်ကြီးနဲ့ မဟာမိတိသိုင်းသမားတွေရောက်သွားတဲ့အချိန်မှာ မြစ်ဝါနဂါးဂိုဏ်းရဲ့ဌာနချုပ်တစ်ခုလုံးက အလောင်းတွေပြည့်ပြီး သွေးချောင်းစီးနေတာပဲ ။
ငါတောင် ကံကောင်းထောက်မပြီး မဟာမိတ်ထဲမှာ ပါဝင်ခဲလို့ ဒီအကြောင်းတွေကို အသေးစိတ်သိနေရတာ .... “
ထိချုံးက ထိုစဥ်ကဖြစ်ရပ်များကို ယခုမချိန်ထိမမေ့နိုင်သေးဘဲ ထိတ်လန့်နေသေးဟန်တူသည်။
ထိချုံး၏စကားများကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း အဖြူရောင်သွေးမိစ္ဆာဆိုသည့်လူ၏ရက်စက်မှုကို တုန်လှုပ်သွားမိကြသည်။
သို့သော်လည်း ဟောင်ရန်က ဘဝင်မကျဘဲ မျက်မှောင်ကြုတ်၍မေးလိုက်သည်။
“ ဒါနဲ့ ဒီမြို့နောက်ကွယ်ကဖြစ်ရပ်တွေဆိုတာ ဘာပတ်သတ်နေလို့လဲ..”
ဟောင်ရန်၏စိတ်မရှည်သည့်ပုံစံကြောင့် ထိချုံးက ရီဝေဝေပုံစံဖြင့်ပြုံးရင်း သူ၏ပခုံးကိုပုတ်ကာ ဆက်ပြောလိုက်သည်။
“ လာမယ်လေ ..အဲဒီတိုက်ပွဲပြီးတဲ့နောက်မှာ သိုင်းလောကထဲနှစ်အတော်ကြာကျင်လည်ရင်း ငါလည်း ငါ့ရဲ့ဇနီးဖြစ်လာမယ့်မိန်းကလေးနဲ့ ချစ်ကြိုးသွယ်မိတဲ့နောက် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဟောဒီလျှိုစမ်းမြို့လေးမှာ လာအခြေချနေထိုင်ခဲ့တာပေါ့။
အခုတော့ သူမရှိတော့သလို။ ငါလည်း ဟောဒီခြံဝန်းကြီးထဲမှာ တစ်ယောက်ထဲကျန်နေခဲ့ပြီ တစ်ယောက်ထဲကျန်နေခဲ့ပြီ...”
တုန်ယင်နေသည့်လေသံဖြင့် ပြောနေရင်းမှ ထိချုံး၏အမူအယာက ဝမ်းနည်းကြေကွဲလာဟန်တူပြီး သူ၏လက်ထဲရှိအရက်အိုးကို တဂွတ်ဂွတ်မော့သောက်လိုက်သည်။
ရှောင်ယောင်နှင့် ဟောင်ရန်တို့လည်း သူ့ဇနီးသေဆုံးပြီးနောက် တစ်ကိုယ်တည်းအရက်သမားဖြစ်နေဟန်တူသည့်ထိချုံး၏အဖြစ်ကို ကရုဏာသက်သွားကြသည်။
အိုးထဲရှိအရက်အားလုံးကုန်သွားမှ ထိချုံးက ခေါင်းပြန်မော့လာပြီး မျက်ရည်စများရစ်သိုင်းနေသည့်မျက်ဝန်းများကို ခပ်ကြမ်းကြမ်းပွတ်သတ်ရင်း ဆက်ပြောလိုက်သည်။
“ လျှုစမ်းမြို့မှာ ကံကြမ္မာဆိုးစတင်ရောက်ခဲ့တာ လွန်ခဲ့တဲ့ငါးနှစ်ကပဲ။
မြစ်ဝါနဂါးဂိုဏ်းက အသက်ရှင်လျက်ကျန်ရစ်ခဲ့တဲ့ ရေဘုရင်တစ်ယောက်က ဒီနယ်ကိုရောက်လာပြီး ယန်စီမြစ်ကိုအမှီပြုလို့ ဆက်ပြီးဆိုးသွမ်းနေခဲ့တယ်။
အဲဒီကောင်က ဘယ်လိုကနေဘယ်လို အသက်ရှင်ကျန်ခဲ့တယ်မသိပါဘူး ။ သူတို့ဂိုဏ်းကိုအမြစ်ဖျက်သုတ်သင်ခဲ့တဲ့လူ သိုင်းလောကထဲမရှိလောက်တဲအချိန်ကျမှ သူကပြန်ထွက်ပေါ်လာခဲ့တာ။
ပြီးတော့ သူ့ရဲ့သိုင်းပညာကအတော်တိုးတက်လာပြီး သာမန်အဆင့်လွန်ထိပ်သီးတွေကိုတောင်အနိုင်ယူသတ်ဖြတ်နိုင်တဲ့အဆင့်ကိုရောက်နေပြီ။
ဒါကြောင့်လည်း သူ့ကို အနက်ရောင်သိုင်းသမားတွေနဲ့ သူခိုးဓားပြတွေဝန်းရံခဲ့ပြီး ယန်စီနဂါးဆိုတဲ့ ဓားပြအဖွဲ့ပေါ်လာတာပေါ့ ။။
သူတို့အဖွဲ့သားတွေက ရေထဲမှာ ကျွမ်းကျွမ်းကျင်ကျင်လှုပ်ရှားနိုင်တဲ့အပြင် သူတို့ခေါင်းဆောင်ရေဘုရင်ရဲ့ဦးဆောင်မှုအောက်မှာ တစ်ထက်တစ်စကြီးထွားလာပြီး အခုဆိုရင် လူနှစ်ရာလောက်ရှိတဲ့အဖွဲ့ကြီးတစ်ခုတောင်ဖြစ်နေပြီ။
ယန်စီမြစ်ကနေဖြတ်သန်းသွားလာတဲ့လှေသင်္ဘောမှန်သမျှကို သူတို့ကတားဆီးပြီး အဖိုးတန်ပစ္စည်းသယ်ဆောင်လာရင်လုယက်တယ်။ သာမန်ခရီးသွားလှေဆိုရင် ဆက်ကြေးကောက်တယ်။
သူတိူ့ကိုခုခံရင် သတ်ဖြတ်တဲ့အဆင့်ထိတောင်ရောက်လာခဲ့တယ်။
ဒီနှစ်တွေထဲမှာ သူတို့လက်ချက်ကြောင့် သေဆုံးရတဲ့လူ ရာကျော်သွားပြီ။ သူတို့ဂိုဏ်းကို့ဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့ သိုင်းသမားတွေရှိခဲ့ဖူးပေမယ့် သူတို့အားလုံး မအောင်မြင်ဘဲ အသက်ဆုံးရှူံးခဲ့ရတယ် ...”
ထိုနေရာအရောက်တွင် ရှောင်ယောင်က မနေနိုင်ဘဲ ဝင်မေးလိုက်မိသည် ။
“ ဒီနယ်က ဝူတန်းဂိုဏ်းရဲ့နယ်မြေပဲလေ ။ ယန်စီနဂါးဓားပြတွေကို သည်အတိုင်းကြည့်မနေလောက်ပါဘူး။ ပြီးတော့ သိုင်းမဟာမိတ်ကိုရော အကူအညီမတောင်းဘူးလား..”
ရှောင်ယောင်၏မေးခွန်းကြောင့် ထိချုံးကခေါင်းယမ်း၍ စိတ်ပျက်လက်ပျက်ပုံစံဖြင့်ပြန်ဖြေလိုက်သည်။
“ မထူးခြားဘူး ။ မြို့ခံတွေက သိုင်းမဟာမိတ်နဲ့ထင်ရှားတဲ့အဖြူရောင်သိုင်းဂိုဏ်းတွေကို အကူအညီတောင်းပေမယိ့ သူတို့ရောက်လာရင် ဓားပြအဖွဲ့ကလူတွေက လိပ်လိုပုန်းအောင်းနေကြတာ။
ပြီးတော့ သူတို့ဌာနချုပ်ကအလွန်လျှို့ဝှက်ပြီး ရေကြောင်းကိုအဓိကထားကျင်လည်တဲ့ဓားပြအဖွဲ့ဖြစ်တာကြောင့် လုံးဝဖြိုခွင်းဖို့ခက်ခဲပြီး သိုင်းမဟာမိတ်ကလူတွေပြန်သွားတာနဲ့ ပြန်ပြီးခေါင်းထောင်လာကြတယ်။
အဖြူရောင်သိုင်းဂိုဏ်းတွေကလည်း သုံးလေးကြိမ်တော့ရောက်လာပါတယ်။ ဒါပေမယ့် ငယ်သားနည်းနည်းလောက်ပဲဖမ်းမိပြီး ဌာနချုပ်ကို လုံးဝရှာမတွေ့ကြဘူး ။
ကြာလာတော့လည်း အဖြူရောင်သိုင်းဂိုဏ်းတွေကလည်း မလာနိုင်ကြတော့ဘူးလေ။ ဒီလိုနဲ့ ယန်စီမြစ်တစ်ဝိုက်ကို စိုးမိုးထားခဲ့တာ ငါးနှစ်နီးပါးတောင်ရှိသွားပြီ။
သူတို့ကြောင့်လည်း ရေကြောင်းခရီးသွားလုပ်ငန်းကို အဓိကထားတဲ့ငါတို့မြို့လေးက တဖြေးဖြေးခြောက်ကပ်လာပြီးအခုလိုအခြေအနေမျိုးကိုရောက်လာတဲ့အထိပဲ ။
မြို့ခံတစ်ချို့ဆိုရင် တခြားလုပ်ကိုင်စားလို့ကောင်းတဲ့မြို့တွေဆီကို ရွှေ့ပြောင်းသွားကြပြီ....”
ထိချုံးက သူ၏စကားကိုအဆုံးသက်လိုက်ပြိး အရက်အိုးအသစ်ကိုဖောက်လိုက်သည်။
သူ၏ရှင်းပြမှုကြောင့်မည်သည့်အရာများဖြစ်ပျက်နေသည်ကိုနားလည်သွားကြပြီး မတရားမှုကို အလိုမရှိသည့်လူငယ်များပီပီ ယန်စီမြစ်၏အန္တရာယ်ဖြစ်သည့် ယန်စီနဂါးဓားပြအဖွဲ့ကို ဖြိုခွဲလိုစိတ်များတဖွားဖွားပေါ်ပေါက်လာကြသည်။
ရှောင်ယောင်နှင့် ဟောင်ရန်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြကာ သူတို့၏အတွေးများတူညီနေသည်ကို သတိပြုလိုက်မိကြ၏။
ထိုစဉ် ထိချုံးက ရုတ်တရက်ဝင်ပြောလိုက်သည်။
“ မင်းတို့တွေးနေတဲ့အရာကို ငါနားလည်ပါတယ်။ ယန်စီနဂါးဓားပြအဖွဲ့က
ဒါပေမယ့် ဒီမြို့ရဲ့တကယ့်ကြမ္မာဆိုးက သူဌေးဟိုင်ပဲ...”
ထိချူံ၏နောက်ဆက်တွဲစကားကြောင့်ရှောင်ယောင်တို့လည်း မျက်မှောင်ကြုတ်လိုက်မိကြပြီး ပြန်မေးလိုက်သည်။
“ သူဌေးဟိုင် ဟုတ်လား သူကဘယ်သူလဲ ...”
“ သူက ဒီမြို့ရဲ့မြို့ခံသူဌေးတစ်ဦးဖြစ်ပြီးတောါ ကျောက်စိမ်းငွေတိုက်ရဲ့ပိုင်ရှင်ပဲ။
သူဌေးဟိုင်က ပထမတော့ အတော်ကောင်းပါတယ်။ မြို့ကလူတွေကိုကူညီပြီး လက်အောက်ငယ်သားတွေကိုလည်းညှာတာတယ်။ နဂါးလှေပြိုင်ပွဲဆိုရင် သူပဲ နှစ်တိုင်းကြီးမှူးကျင်းပခဲ့တာအဲ။
ဒါပေမယ့် လွန်ခဲ့တဲ့သုံးနှစ်လောက်က သူ့ရဲ့အကျင့်စရိုက်ကတော်ပြောင်းလဲသွားပြီး အရင်အထက်အများကြီးလောဘကြီးလာသလို ဆိုးသွမ်းရက်စက်လာခဲ့တယ်။
သူ့လက်အောက်မှာ အလုပ်လုပ်နေတဲ့သာမန်လူတွေနေရာမှာ သိုင်းပညာတတ်ကျွမ်းတဲ့လူဆိုးလူမိုက်တွေကို နေရာပေးပြီး မြို့တစ်ခုလုံးကိုလွှမ်းမိုးချင်လာတယ်။
ပြီးတော့ နဂါးလှေပြိုင်ပွဲမှာတောင် လောင်းကစားဒိုင်ကိုင်ပြီး မင်းတို့ပြောခဲ့တဲ့ ညစ်ပတ်တဲ့အစီအစဉ်က သူ့လက်ချက်ပဲ...”
ထိုစကားကြောင့် ဟောင်ရန်၏မျက်နှာက ဝင်းပသွားပြီး ပေါင်တစ်ချက်ပုတ်၍ အားရဝမ်းသာဖြစ်ဟန်ဖြင့်ပြောလိုက်သည် ။
“ ကျုပ်ပြောသားပဲ ။ ဒီကောင်တွေ ကလိန်ကကျစ်တွေပါဆို ။ အခု သူတို့နောက်မှာ ဆိုးသွမ်းတဲ့လူတစ်ယောက်ရှိနေပြီမလား.. “
လောင်းကစားဒိုင်နှင့်သူဌေးဟိုင်ကိုပညာပေးရန် ဆန္ဒစောနေဟန်တူသည့်ဟောင်ရန်၏ပုံစံကြောင့် ရှောင်ယောင်လည်း ခေါင်းယမ်းလိုက်မိကာ ထိချုံးကိုမေးလိုက်သည် ။
“ အစ်ကိုထိချုံးပြောပုံအရဆိုရင် သူဌေးဟိုင်က အတော့်ကိုဆိုးနေတာလား ...”
ရှောင်ယောင်၏မေးခွန်းကို ခေါင်းညိမ့်ပြလိုက်ပြီး ထိချုံးက ဒေါသထွက်သည့်လေသံဖြင့်ဆက်ပြောလိုက်သည် ။
“ ဆိုးတာပေါ့...ဒီလူက အခုနှစ်တွေထဲမှာ ပိုပြီးဆိုးလာတာ။ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ အစောင့်အကြပ်တွေအပြည့်နဲ့စံအိမ်ထဲမှာ ဇိမ်ခံနေတဲ့အပြင် မြို့ခံလူထုကို မတရားနည်းနဲ့ တတိတိဝါးမြိုနေတဲ့ ဂုတ်သွေးစုတ်တဲ့ကောင်ပဲ ။
သူပိုင်တဲ့ ကျောက်စိမ်းငွေတိုက်က နဂါးလှေပြိုင်ပွဲရဲ့ရလာဒ်တွေကို ချယ်လှယ်ရုံတင်မဟုတ်ဘူးလောင်းကစားရုံအကြီးကြီးကိုဖွင့်ထားသေးတယ် ။
ဒီကမြို့ခံတွေကို အပျော်အပါးစွဲအောင်လုပ်ပြီး သူ့ရဲ့လုပ်ငန်းတွေကိုပိုချဲ့ထွင်တာပေါ့။
နောက်ပြီး အတိုးကြီးကြီးနဲ့ငွေချေးပြီး မပေးနိုင်ရင် နောက်လိုက်သိုင်းသမားတွေစေလွှတ်ပြီး ပိုင်ဆိုင်သမျှကိုသိမ်းယူသေးတယ်။
အဆိုးဆုံးအချက်က အကြွေးမပေးနိုင်တဲ့လူဆီမှာ သမီးချောချောလှလှလေးတွေရှိရင် ခြေတော်တင်လေ့ရှိတာပဲ။
သူ့လက်ချက်ကြောင့် အရှက်ကွဲပြီးဘဝပျက်သွားတဲ့မိန်းကလေးတွေရှိသလို သူပေးတဲ့ထောက်ပံ့ကြေးကိုလက်ခံပြီ တိတ်တဆိတ်မယားငယ်ဖြစ်သွားတဲ့မိန်းမပျိုလေးတွေလည်းရှိတယ် ....”
ထိုနေရာအရောက်တွင် ဟောင်ရန်က ဝုန်းခနဲထရပ်၍ ဒေါသတကြီးပြောလိုက်သည်။
&&&&