စုံစမ်းရန် ထိုအကြံ
Vol. 2 Ch. 13
“ ဒီလူယုတ်မာက လောကကြီးမှာ အရှင်ထားဖို့မသင့်လျော်တော့ဘူး။ ကျုပ် အခုပဲသူ့ကိုသွားသတ်မယ်....”
ချောမောကြည့်ကောင်းသည့် ဟောင်ရန်၏မျက်နှာက ဒေါသကြောင့်တင်းမာခတ်ထန်နေပြီး အမှန်တကယ်လူသတ်ချင်စိတ်ထွက်ပေါ်နေသည်။
သူ၏ဝရုန်းသုန်းကားအပြုအမူကြောင့် ရှောင်ယောင်နှင့် ထိချုံးတို့ပင်မျက်လုံးပြူးသွားပြီး စိတ်လိုက်မာန်မလုပ်ရန်ဖျောင်းဖြပြောဆိုလို့်ကြသည်။
ဒေါသတကြီးဖြစိနေသည့် ဟောင်ရန်နှင့်စာလျှင် ရှောင်ယောင်က ပို၍တည်ငြိမ်ပြီး ထိချုံးကိုလေးနက်သည့်အမူအယာဖြင့်မေးလိုက်သည်။
“ ဒီလူ အခုလိုမျိုးရမ်းကားနေတာကို မြို့ထဲကသိုင်းသမားတွေကလက်ပိုက်ကြည့်နေကြတာလား။
ပြီးတော့ မြို့ရဲ့အာဏာပိုင်တွေကရော ဘာလုပ်နေကြတာလဲ.. “
သူဌေးဟိုင်ဆိုသူ၏ ကမ်းကုန်အောင်ယုတ်မာသည့်လုပ်ရပ်များကြောင့် ဒေါသထွက်နေသူက ဟောင်ရန်တစ်ဦးထဲမဟုတ်ပေ။
သို့သော်လည်း စိတ်ကိုတည်ငြိမ်အောင်ထိမ်းချုပ််နိုင်သူတစ်ဦးပီပီ ရှောင်ယောင်က တည်ငြိမ်စွာ မေးလိုက်ခြင်းဖြစ်သည်။
သို့တိုင် ဟန်အမူအယာကင်းမဲ့နေသည့်သူ၏သွင်ပြင်နှင့် အေးစက်စက်မျက်လုံးတို့က မျက်နှာချင်းဆိုင်ရှိထိချုံးကိုပင် ထိတ်လန့်သွားစေနိုင်ပြီး တည်ငြိမ်လှသည့်ထိုလူငယ်မှာ ဟောင်ရန်ထက်ပင် ပို၍ကြောက်စရာကောင်းသူတစ်ယောက်ဟု အလိုလိုခံစားမိလိုက်သည်။
“ တိုင်တာပေါ့...မတရားခံရတဲ့လူတွေက မြိုရဲ့အာဏာပိုင်တွေကိုတိုင်တဲ့အပြင် နီးစပ်ရာ သိုင်းလောကသားတွေကိူအကူအညီတောင်းကြသေးတယ်။။
ဒါပေမယ့် သူ့ရဲ့လုပ်ရပ်တွေက ပိရိပြီးသဲလွန်စမရှိတော့ အမှုဖြစ်ရင်တောင် သူ့ကိုဘယ်သူမှတရားမစွဲနိုင်ကြဘူး။
ပြီးတော့ သူဌေးဟိုင်ကိုဆုံးမမယ်လို့ကြွေးကျော်ပြီး သူ့ဆီကိုသွားခဲ့ကြတဲ့သိုင်းသမားတွေကလည်း နောက်တစ်နေ့မှာ အလောင်းပဲပြန်ရခဲ့ကြတယ်။
သိုင်းလောကထဲမှာ ထင်ရှားတဲ့အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်တဲ့ဓားသမားမန်ဟိုင်တောင် ဒီမြို့ကို ရောက်လာပြီးမှ သူဌေးဟိုင်ရဲ့ပယောဂကြောင့် သေဆုံးတဲ့စာရင်းထဲမှာပါဝင်ခဲ့သေးတယ်။
ပြောစမ်းပါဦး သူ့ကိုဘယ်သူကအပြစ်ပေးနိုင်မှာမလို့လဲ....”
ထိချုံး၏စကားအဆုံး၌ ရှောင်ယောင်လည်း မျက်မှောင်ကြုတ်လိုက်မိပြီး ထိုအကြောင်းနှင့်ပတ်သတ်သည်များကို အပြန်ပြန်အလှန်လှန်တွေးတောနေလိုက်သည်။
ထိုအချိန်၌ ဟောင်ရန်တစ်ယောက်ကတော့ ထိမ်းမရတော့ဘဲ အေးစက်စက်အမူအယာဖြင့် ကွက်ပျစ်မှထရပ်ကာ အိမ်အတွင်းသို့ပြေးဝင်သွားတော့သည်။
ထို့နောက် သူပြန်ထွက်လာသည့်အခါတွင် သူ၏ဓားရှည်နှင့် အဝတ်ထုပ်ပါတစ်ခါထဲပါလာပြီး ရှောင်ယောင်နှင့်ထိချုံးကိူ အရိုအသေပေးကာပြောလိုက်သည် ။။
“ အစ်ကိုတို့နဲ့တွေ့ဆုံခင်မင်ခွင့်ရတာ ကျုပ်ဝမ်းသာပါတယ် ။ ဒါပေမယ့် အခုတော့ နှုတ်ဆက်ခဲ့ပါရစေ...”
ဟောင်ရန်၏ပုံစံအရ သူမည်သည့်ကိစ္စသွားရောက်လုပ်ဆောင်တော့မည်ကိုခန့်မှန်းရလွယ်ကူလှ၍ ထိချုံးလည်းထရပ်ကာ လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။
“ စိတ်ထိမ်းဦးညီလေး ....သူဌေးဟိုင်ရဲ့ခြံဝန်းက သားရဲတွင်းလိုပဲ အဝင်ရှိပြီးအထွက်မရှိဘူး ။
ပြီးတော့ မင်းရဲ့အစွမ်းအစကို နည်းနည်းပါးပါးရိပ်မိပေမယ့်စိတ်လိုက်မာန်ပါလုပ်ရင် သူတို့ကိုမယှဉ်နိုင်ဘဲဖြစ်သွားမယ်...”
ထိချုံးက ဟောင်ရန့်အတွက်စိုးရိမ်ပူပန်၍ဟန့်တားလိုက်ခြင်းဖြစ်သော်လည်း ဟောင်ရန်ကားနားမထောင်ဘဲ အေးစက်စက်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ အဲ့တော့လည်းဘာဖြစ်လဲ...လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ ။ ကိုယ်အသက်ရှင်နေရတဲ့အချိန်အတွင်းမှာ လူ့အမှိုက်တွေကို တတ်နိုင်သလောက်ရှင်းလင်းသွားဖို့လိုတယ်။
သိုင်းပညာတတ်မြောက်ထားပြီး ကိုယ်တတ်နိုင်တဲ့ဘက်က အများအကျိုးမသယ်ပိုးပဲနေရင် အနက်ရောင်သိုင်းသမားတွေနဲ့ဘာကွာခြားဦးမှာလဲ...”
ဟောင်ရန်၏စကားအရ စိတ်ပိုင်းဖြတ်ထားမှန်းသိသာသည့်အပြင် သူ၏အေးစက်စက်အကြည့်များက ရှောင်ယောင်ဆီသို့ကျရောက်နေသည်။
တွေ့ဆုံရင်းနှီးခဲ့သည်မှာ မကြာသေးသော်လည်းသူအထင်ကြီးလေးစားရသည့်ထိုလူမှာ သတ္တိနည်း၍ သရဲဘောကြောင်သူတစ်ဦးဖြစ်နေမှန်းသိလိုက်ရ၍ စိတ်ပျက်ရသည်ကအမှန်ပင်ဖြစ်သည်။
ဟောင်ရန်ကသူ့ကို မကျေမနပ်ဖြစ်နေမှန်းရိပ်မိ၍ ရှောင်ယောင်လည်း သက်ပြင်းတစ်ချက်ချရင်း ထရပ်လိုက်ကာ ဟောင်ရန်၏ပခုံးကို ပုတ်လိုက်သည်။
“ လာ သွားရအောင်...”
သူ၏မဆီမဆိုင်စကားကြောင့် ဟောင်ရန်ရောထိချုံးပါအံ့သြသွားကြပြီး ဟောင်ရန်က နားမလည်သည့်ပုံစံဖြင့်မေးလိုက်သည်။
“ ဘယ်ကိုလဲ ...”
ဟောင်ရန်၏ ကြောင်အအပုံစံကြောင့် ရှောင်ယောင်လည်း ဒေါသထွက်သည့်လေသံဖြင့်ပြန်အော်လိုက်သည်။
“ သွားမယ်လေ....မင်းလုပ်ချင်တဲ့ သူဌေးဟိုင်ကိုသွားသတ်ကြမယ်။
သူ့ရဲ့ခြံဝန်းထဲမှာ ထောင်ချောက်တွေဆင်ထားရင် အတူအသေခံကြမယ် ။ သိုင်းဝိဇ္ဇာတစ်ယောက်ယောက်ပုန်းနေပြီးတိုက်ခိုက်ရင်လည်း တစ်ယောက်တစ်ကွက်ထဲနဲ့ သေကြတာပေါ့....”
ရှောင်ယောင်၏တင်းမာသည့်ပုံစံကြောင့် ဟောင်ရန်လည်း ဒေါသထွက်နေရာမှ အံ့ဩတုန်လှုပ်သွားပြီး သူ၏အပြုအမူများမှာ စိတ်လိုက်မာန်ပါဖြစ်နေသည်ကို နားလည်သွားမိသည်။
သူ၏အမူအယာကိုအကဲခပ်၍ ရှောင်ယောင်က လေသံအေးအေးဖြင့်ဆက်ပြောလိုက်သည်။
“ မင်းရဲ့စိတ်ထားကိုငါနားလည်ပါတယ်။ မတရားတာကိုတွေ့ရင်လက်ပိုက်ကြည့်မနေနိုင်ဘဲ ဝင်ရောက်ဖြေရှင်းပေးချင်တဲ့စိတ်ကိုပေါ့။
ပြီးတော့ မင်းက စိတ်ထားဖြူစင်ပြီးအတွေ့အကြုံနည်းသေးတော့ ကောက်ကျစ်ယုတ်မာတဲ့သိုင်းသမားဆိုးတွေနဲ့တွေ့ရင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။
အဲလိုလူမျိုးတွေက မင်းကိုမျက်နှာချင်းဆိုင်ပြီး သတိပေးတိုက်ခိုက်နေမှာမဟုတ်ဘူး။ ဖြစ်တဲ့နည်းနဲ့ သတ်ဖို့ပဲကြိုးစားကြမှာ...”
ရှောင်ယောင်၏ တည်ကြည်လေးနက်သည့်စကားကြောင့် ဟောင်ရန်၏ပုံစံက ပို၍တည်ငြိမ်လာပြီး သူ၏မျက်နှာထက်၌ အားတုံ့အားနာဖြစ်သည့်အရိပ်အယောင်များလည်းပေါ်လာသည်။
ထို့နောက် သူက ထိချုံး၏ဘက်ကိုလှည့်ကာ အရိုအသေပေးပြီး တောင်းပန်လိုက်သည်။
“ ကျုပ်နည်းနည်းစိတ်လောသွားမိတာ အစ်ကိုထိချုံးကိုတောင်းပန်ပါတယ်....”
ဟောင်ရန်၏ရိုးသားပွင့်လင်းမှုကိုကောင်းစွာအကဲခပ်မိ၍ ထိချုံးက ခပ်ပြုံးပြုံးမျက်နှာဖြင့်ပြန်ပြောလိုက်သည်။
“ ရပါတယ်ကွာ မင်းရဲ့စိတ်ကို နားလည်ပါတယ်.....”
ထိချုံးကိုတောင်းပန်စကားဆိုလိုက်သော်ငြား ဟောင်ရန်က ရှောင်ယောင်ကိုမကြည်သည့် ပုံစံဖြင့် စောင်းကြည့်လိုက်သည်။
ထိုလူငယ်လေးကား သူ၏အော်ငေါက်မှုကိုမကျေမနပ်ဖြစ်နေသေးကြောင်းထင်ရှားလှ၍ ရှောင်ယောင်လည်းမနေနိုင်ဘဲ ပြုံး၍စနောက်လိုက်သည်။ ။
“ လာလေ...သူဌေးဟိုင်ရဲ့စံအိမ်ကိုသွားရအောင်.....”
ရှောင်ယောင်၏နောက်ပြောင်စကားကြောင့် ဟောင်ရန်လည်း နှာခေါင်းတစ်ချက်ရှုံ့၍ ကွက်ပျစ်ပေါ်တွင်ဝင်ထိုင်လိုက်သည်။
ထို့နောက် သူတို့သုံးယောက်က ဝိုင်းဖွဲ့ထိုင်ရင်းသူဌေးဟိုင်ကိုဆုံးမမည့်အစီအစဉ်ကိုစတင်၍ဆွေးနွေးလိုက်ကြသည်။
&&&&
နံနက်ခင်း....
လျှုစမ်းမြို့လေး၏ နံနက်ခင်းမှာ သက်ဝင်လှုပ်ရှားနေသည့်လူများနှင့်အတော်ပင်လှပလျက်ရှိသည်။
မြို့လယ်လမ်းမထက်ပို၍စည်ကားသည်က ကမ်းနားလမ်းဖြစ်ပြီး ယန်စီမြစ်၏တစ်ဖက်ကမ်း၌တည်ဆောက်ထားသည့်မြို့ဖြစ်၍ ငါးဖမ်းလုပ်ငန်းနှင့် ရေလုပ်ငန်းသည်လည်းအတော်ပင်မရေးပါသည်ဟုဆိုရမည်။
စားသောက်ဆိုင်များနှင့်တည်းခိုခန်းအများစုကလည်း မြို့မြောက်ပိုင်းမြစ်ကမ်းနားတွင်တည်ရှိကာ ရှောင်ယောင်တို့တည်းခိုဖူးသည့်တည်းခိုခန်းသည်လည်း ထိုလမ်းမတွင်ရှိပေသည်။
ယနေ့နံနက်ခင်း၌ သူတို့သုံးယောက်လည်း နံနက်စာကို ထိုတည်းခိုခန်းတွင်သာ စားသောက်လိုက်ကြပြီး ဈေးနှုန်းသင့်တင့်၍ အတော်ပင်လက်ရာကောင်း၍ ရှောင်ယောင်တို့နှစ်ဦးစလုံး ဗိုက်ဝသည်အထိ စားသောက်လိုက်ကြသည်။
ထိချုံး၏မိတ်ဆွေကဗျာဆရာဖုန်းရီကလည်း ထိုဆိုင်သို့ပင်ရောက်လာပြီး ထိချုံးနှင့်အတူအလုပ်နေရာသို့ထွက်ခွာသွားကြသည်။
ထိချုံးက ညနေဘက်တွင် ပီဘိယစ်ထုပ်ကြီးတစ်ယောက်ဖြစ်သော်လည်း နံနက်ခင်း၌ သက်သက်ရပ်ရပ်ဝတ်စားထားပြီး မြို့ထဲရှိသိုင်းပညာဝါသနာပါသူလူငယ်လူရွယ်များကိုသိုင်းပညာသင်ကြားပေးသူတစ်ယောက်ဟုလည်းသိရသည်။
အရက်ကိုနှစ်ခြိုက်စွာသောက်သုံးတတ်သော်လည်း စည်းကမ်းရှိပြီးစိတ်သဘောထားကောင်းမွန်သည့်ထိချုံးက သိုင်းပညာမြင့်မားသူတစ်ယောက်လည်းဖြစ်ရာ ယခုလိုမြို့လေးတွင် သူ၏သိုင်းပညာကထိပ်တန်းဖြစ်သည်။
သူတို့နှစ်ယောက်က သင်တန်းကျောင်းတစ်ခုပိုပေါင်းဖွင့်ထားကြပြီး ဖုန်းရီက စာပေပညာသင်ကြားကာ ထိချုံးကသိုင်းသင်ကြားရေးဘက်တွင်တာဝန်ယူသည်။
ဖုန်းရီတို့က သူတို့၏သင်တန်းကျောင်းလေးကိုအလည်အပတ်လိုက်လာရန်ဖိတ်ခေါ်သော်လည်း ရှောင်ယောင်နှင့်ဟောင်ရန်တို့ကား ငြင်းပယ်လိုက်ကြပြီး အခြားကိစ္စရှိသည်ဟုအကြောင်းပြခဲ့သည်။
သူတိူ့မည်သို့ပြုလုပ်တော့မည်ကိုရိပ်မိနေဟန်တူသည့် ထိချုံးကား သတိပေးစကားထပ်တိုးတိုးပြောကာ ဖုန်းရီနှင့်အတူထွက်ခွာသွားတော့သည်။
ထို့နောက် ရှောင်ယောင်တို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး တည်းခိုခန်းထဲမှထွက်ခွာလာကြတော့သည်။
“ အစ်ကိုရှောင်ယောင်....ကျုပ်တို့ ဘယ်လိုမျိုးစပြီးစုံစမ်းကြမလဲ ...”
လမ်းတွင် ဟောင်ရန်ကစိတ်လှုပ်ရှားသည့်ပုံစံဖြင့်ရှိနေပြီး ရှောင်ယောင်ကိုမေးလိုက်သည်။
သူဌေးဟိုင်၏အကြောင်းကိုထိချုံးပြောပြ၍ အတော်များများသိခဲ့ရပြီးဖြစ်သော်လည်း ဤသည်က အပေါ်ယံသာဖြစ်သည်။
ထို့ကြောင့် နံနက်စာစားပြီး သူဌေးဟိုင်၏အကြောင်းကို ထပ်မံစုံစမ်းရန် ဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်ပြီး ဟောင်ရန်ကားယခုလိုပြုလုပ်ရမည်ကို အတော်ပင်တက်ကြွနေဟန်တူသည်။
လက်ရှိသူတို့၏ဦးတည်ရာကမြို့လယ်မှ ကျောက်စိမ်းငွေတိုက်ဆီသို့ဖြစ်ပြီး သူဌေးဟိုင်ပိုင်ဆိုင်သည့်အကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည့်ထိုနေရာမှစ၍ သူဌေးဟိုင်၏အကြောင်းကိုစုံစမ်းမည်ဟုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ ဒါနဲ့ မင်းမှာ တန်ဖိုးကြီး ရတနာတစ်ခုခုပါလား...ဥပမာ ကျောက်စိမ်းလည်ဆွဲတို့၊ အဖိုးတန်ကျောက်မျက်တို့ပေါ့....”
ရှောင်ယောင်၏ထူးဆန်းသည့်မေးခွန်းကြောင့် ဟောင်ရန်လည်း အံ့အားသင့်သွားပြီးခေါင်းယမ်းပြလိုက်သည်။
“ ဒါတွေကို ကျုပ်ဆီမှာဘာလို့ရှိမှာလဲ ။ ကျုပ်ပါလာတဲ့ငွေနည်းနည်းတောင် ဆရာပေးလိုက်လို့....”
ဟောင်ရန်၏အဖြေကြောင့် ရှောင်ယောင်လည်းအနည်းငယ်စိတ်ပျက်သွားရသည်။
“ ဒါနဲ့ခင်ဗျားက ဘာလို့မေးတာလဲ...”
ဟောင်ရန်က သူ့ကို မူမမှန်သည့်အကြည့်ဖြင့်ကြည့်လာ၍ ရှောင်ယောင်လည်း ခေါင်းယမ်းပြ၍ရှင်းပြလိုက်သည်။
&&&&&