ရတနာအလဲအလှယ်
Vol. 2 Ch. 14
“ အခု ငါတို့က ကျောက်စိမ်းငွေတိုက်ကနေတစ်ဆင့် သူဌေးဟိုင်ရဲ့စံအိမ်ကို ဝင်ခွင့်ရအောင်ကြိုးစားမှာလေ ။
မင်းက ဒီအတိုင်းသွားပြီး သူဌေးဟိုင်နဲ့တွေ့ခွင့်ပေးပါလို့ပြောရင် မင်းကိုဘယ်သူကလက်ခံမှာလဲ။
အဲ့တော့ သူတို့စိတ်ဝင်စားနိုင်လောက်တဲ့ ပစ္စည်းတစ်ခုခုကိုထုတ်ပြနိုင်မှ ကျောက်စိမ်းငွေတိုက်ကနေ သူဌေးဟိုင်ဆီကိုဝင်ခွင့်ရမှာ....။
ဒါကြောင့် တန်ဖိုးကြီးတဲ့ ရတနာပစ္စည်းတွေဘာတွေရှိလားလို့မေးတာ...”
ရှောင်ယောင်၏ အကွက်ကျသည့်အစီအစဉ်ကြောင့် ဟောင်ရန်ပင်အံ့အားသင့်သွားပြီး အထင်ကြီးလေးစားသည့်မျက်လုံးများဖြင့်ကြည့်လာသည်။
“ ကျုပ်က ခင်ဗျားဒီလောက်အထိ ဉာဏ်ကောင်းလိမ့်မယ်လို့ ထင်မထားဘူး.။ ပြီးတော့ အတွေ့အကြုံလည်းရှိတဲ့ပုံပဲ ။ ..ဒါနဲ့ သိုင်းလောကထဲကို အခုမှဝင်လာတာရော ဟုတ်ရဲ့လား ...”
ဟောင်ရန်၏ မယုံသင်္ကာပုံစံကြောင့် ရှောင်ယောင်လည်း သူ၏နဖူးကို တောက်ခနဲ တောက်လိုက်ပြီး ရယ်မောလိုက်သည်။
“ ငါက သိုင်းလောကထဲကို ဝင်တာ ရက်ပိုင်းပဲရှိပါသေးတယ်။ ဒါပေမယ့် တစ်ချို့လူတွေလို မတုံးအတော့ အခုလိုမျိုးသာမန်ကိစ္စတွေနားလည်နေတာ ..”
ရှောင်ယောင်၏ လျှင်မြန်သည့်တောက်ချက်ကြောင့် ဟောင်ရန်မှာ အချိနိမီမတုံ့ပြနိနိုင်ဘဲ နီရဲသွားသည့်နဖူးကိုအုပ်ကိုင်၍ မကျေမနပ်ပုံစံဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ ကျုပ်ကို ကလေးကိုမဆက်ဆံပါနဲ...”
သူ၏ စိတ်ဆိုးမာန်ဆိုးလေသံကြောင့် ရှောင်ယောင်၏ရယ်သံက ပို၍ကျယ်လောင်လာသည်။
ရိုးသားပြီးစိတ်ထားကောင်းမွန်သော်လည်း ဖြူစင်ကာအတွေ့အကြုံနုနယ်လှသည့်ထိုလူငယ်လေးကို ရှောင်ယောင်မှာ အတော်ပင်တွယ်တာမိနေပြီဖြစ်သည်။
ဟောင်ရန်ကလည်း ကြာကြာစိတ်မဆိုးနိုင်ဘဲ သိချင်စိတ်ကြောင့် မေးလိုက်ပြန်သည်။
“ ဒါနဲ့ တန်ဖိုးကြီ ရတနာမရှိဘဲ ကျုပ်တို့ဘယ်လိုဆက်လုပ်မလဲ ...”
“ ငါကြည့်ကျက်စီစဉ်ပါ့မယ်...မင်းကနောက်က အသာလိုက်ခဲ့ပါ...”
ရှောင်ယောင်၏ မတင်မကျအဖြေကြောင့် ဟောင်ရန်က နှာခေါင်းရှုံ့လိုက်သည်။
“ ဟမ့်....လျှို့ဝှက်နေလိုက်တာ မြေခွေးအိုကြီး...”
“ မင်းက ငတုံးလေ ငါပြောရင်လည်းဘာသိမှာလဲ...”
လမ်းတစ်လျှောက်လုံး စကားများရင်း တွန်းထိုးသွားလာနေသည့်လူငယ်နှစ်ယောက်ကြောင့် လမ်းသွားလမ်းလာများမှာ အထူးအဆန်းပုံစံဖြင့် ကွက်ကြည့် ကွက်ကြည့်လုပ်သွားကြတော့သည်။
ထိုနှစ်ယောက်ကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲတစ်ယောက်တစ်ခွန်းစီ စကားနိုင်လုရင်း မြို့လယ်ရှိ ကျောက်စိမ်းငွေတိုက်သို့ ချီတတ်သွားကြတော့သည်။
&&&
ကျောက်စိမ်းငွေတိုက်
ရွှေရောင်စာလုံးများ ရေးထိုးထားသည့်ဆိုင်းပုဒ်ကြီးနှင့်အတူ ကြီးမားခန့်ထည်သည့်အဆောက်အဦးကြီးက လျှိုစမ်းမြို့လယ်တွင် ဝင့်ကြွားစွာတည်ရှိနေသည်။
အဆောက်အဦးထဲ၌ အလုပ်ကိုယ်စီဖြင့်ရှုပ်နေကြသူအနည်းငယ်ကိုတွေ့မြင်ရမည်ဖြစ်သလို အဆောက်အဦးရှေ့၌ရပ်နေသည့် ဧည့်ကြိုနှစ်ယောက်ဖြင့် အတော်စနစ်ကျသည်ကိုမြင်ရပေသည်။
အသက်နှစ်ဆယ်အရွယ်ရှိ အဖြူရောင်ဝတ်စုံဝတ််ချောမောခန့်ညားသည့်လူငယ်တစ်ယောက်နှင့် အသက်ဆယ့်ရှစ်နှစ်အရွယ် စာပေသမားဝတ်စုံဝတ်လူငယ်လေးတို့က ကျောက်စိမ်းငွေတိုက်နှင့် မလှမ်းမကမ်းသို့ရောက်လာကြပြီး အထဲမှအခြေအနေကိုအကဲခပ်နေကြသည်။
“ အစ်ကိုရှောင်ယောင် အဆင်ပြေပါ့မလား..”
ဟောင်ရန်က အနည်းငယ်ပူပန်သည့်ပုံစံဖြင့်မေးလိုက်သည်။
ယခုတစ်ကြိမ်က ရန်သူ၏ပိုင်နက်အတွင်းစုံစမ်းရန်ရည်ရွယ်ချက်ဖြင့်ရောက်လာခြင်းဖြစ်၍ သူ၏စိတ်ထဲတွင် အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်။
“ ဘာမှစိတ်ပူမနေနဲ့ ...ဟန်မပျက်လိုက်ခဲ့...”
ရှောင်ယောင်က ဟောင်ရန်၏ပခုံးကိုပုတ်၍ နှစ်သိမ့်လိုက်ပြီး ငွေတိုက်ရှေ့သို့လျှောက်သွားလိုက်သည်။
သူ၏အပြုအမူကြောင့် ဟောင်ရန်လည်း အံ့အားသင့်သွားပြီးမှ ရှောင်ယောင်ကိုအမှီလိုက်ရန် ခပ်သုတ်သုတ်ပြေးလာလိုက်သည်။
သူတို့နှစ်ယောက် ငွေတိုက်ရှေ့သို့ရောက်ရှိသည့်အခါ ရှောင်ယောင်ကဧည့်ကြိုလူငယ်လေးတစ်ယောက်ကိုမေးလိုက်သည်။
“ ဒီက ညီလေးကျုပ် ရတနာပစ္စည်းနဲ့ ငွေ လဲလှယ်ချင်လို့ ဒီမှာ လဲလို့ရလား....”
ရှောင်ယောင်၏ မွန်ရည်သည့်လေသံနှင့်သူတို့၏ သန့်ပြန့်ချောမောသည့်ပုံစံများကြောင့် ဧည့်ကြိုလေးလလည်း ထိုနှစ်ယောက်ကို ချမ်းသာသည့်မိသားစုမှသခင်လေးများဖြစ်မည်ဟုတွေးလိုက်ကာ အပြုံးမျက်နှာဖြင့်ဖော်ရွေစွာပြန်ဖြေလိုက်သည်။
“ ရပါတယ်သခင်လေး....ကျုပ်တို့ ငွေတိုက်မှာ ရတနာပစ္စည်းအမျိုးမျိုးကို ငွေသားနဲ့လဲလှယ်ပေးသလို ငွေလွှဲလက်မှတ်တွေကိုလည်းထုတ်ယူလို့ရပါတယ်။ ပြီးတော့...”
ဧည့်ကြိုလေးက ရှောင်ယောင်တို့ကို အထဲသို့ဖိတ်ခေါ်လိုက်ပြီး သူတို့ငွေတိုက်အကြောင်းကို ပြည့်စုံစွာရှင်းပြနေသည်။
ထို့နောက် အဆောက်အဦး၏ ညာဘက်တွင်ရှိသည့် နေရာသို့ခေါ်သွားလိုက်ပြီး သံတိုင်များကာရံထားသည့်အခန်းငယ်နောက်ရှိလူဝကြီးကိုပြောလိုက်သည်။
“ အစ်ကိုကြီးဖန်း ဒီက သခင်လေးတွေက ရတနာပစ္စည်းနဲ့ ငွေနဲ့လဲလှယ်ချင်လို့....”
ဧည့်ကြိုလူငယ်လေးက ရှောင်ယောင်တို့ကို ထိုနေရာတွင်ထားခဲ့ပြီး သူ၏တာဝန်ကျရာနေရာသို့ပြန်သွားလိုက်သည် ။
ထိုလူငယ်လေးပြန်မသွားမီ ရှောင်ယောင်က ငွေတုံးကလေးတစ်တုံးကို ဆုကြေးအဖြစ်ပေးလိုက်ရာ လူငယ်လေးမှာ လွန်စွာပျော်ရွှင်ဝမ်းမြောက်သွားပြီး ကျေးဇူးအတင်စကားအထပ်ထပ်ပြောလိုက်သည်။
ယခုလိုနေရာမျိုးတွင် ငွေကြေးဖြုန်းတီးနေသည့်ရှောင်ယောင်ကြောင့် ဟောင်ရန်လည်းမျက်လုံးပြူးနေပြီး သူ၏လက်ကိုဆိတ်၍ အသံတိတ်သတိပေးနေသည်။
သို့သော်လည်း ရှောင်ယောင်က မသိချင်ယောင်ဆောင်ကာ လူဝကြီးကိုပြောလိုက်သည်။
“ ဒီက မိတ်ဆွေ ကျုပ် ငွေသားနဲ့ ပစ္စည်း လဲလှယ်ချင်လို့ပါ....”
ငွေတိုက်တို့၏ထုံးစံအတိုင်း အတွင်းဘက်ရှိလူက သံတိုင်များကာရံထားသည့်အခန်းငယ်ထဲတွင်ရှိပြီး ပစ္စည်းအပေးအယူလုပ်နိုင်ရန် တစ်ပေပတ်လည်ရှိသည့် အပေါက်ငယ်လေးဖောက်ထားသည်။
အခန်းထဲရှိလူဝကြီးက ရှောင်ယောင်၏စကားကိုကြားမှသူ၏မျက်လုံးမှေးမှေးများဖြင့် သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်ပြီး ပျင်းရိသည့်ဟန်ဖြင့်မေးလိုက်သည်။
“ ဘာပစ္စည်းလဲ....ပြီးတော့ အပေါင်ထားမှာလား အပြက်ရောင်းမှာလား တစ်ခါထဲပြောဦး....”
ဧည့်ကြိုလူငယ်လေးလိုမဟုတ်ဘဲ ဖော်ရွေမှုကင်းမဲ့သည့် ထိုလူဝကြီးကားအတော်ပင်အမြင်ကပ်စရာကောင်းလှသည်။
သို့သော်လည်း သူတို့က အကြံအစည်ဖြင့်လာရောက်ခြင်းဖြစ်၍ လူဝကြီး၏ဆက်ဆံပုံကို သည်းခံရမည်ဖြစ်ပြီး ရှောင်ယောင်လည်း ပြုံး၍ပြောလိုက်သည်။
“ ကျုပ် ပြမယ့်ပစ္စည်းက နည်းနည်းတန်ဖိုးကြီးတယ် ။ ဒီအရောင်းအဝယ်ကို ခင်ဗျား ကိုင်တွယ်နိုင်ပါ့မလား.....”
ရှောင်ယောင်၏ လေသံကယဉ်ကျေးသော်လည်း သူ၏စကားက အထင်အမြင်သေးသည့်ပုံစံဖြစ်နေ၍ လူဝကြီးလည်း ရှေ့ရှိစားပွဲကို ဒုန်းခနဲမည်အောင်ထုလိုက်ပြီး တင်းမာသည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ဒီမြို့မှာ ဖန်းချီမကိုင်တွယ်နိုင်တဲ့အရောင်းအဝယ်ဆိုတာမရှိဘူး ။ ဟောဒီငွေတိုက်ကြီးရဲ့ တာဝန်ခံကတောင် ကျုပ်ကိုလေးလေးစားစားဆက်ဆံရတယ်..။
မင်းတို့ကို နို့နံ့မစင်သေးတဲ့ကောင်လေးတွေက ငါ့ကိုစော်ကားတာလား...”
လူဝကြီး၏အသံကျယ်လောက်လှ၍ အဆောက်အဦးထဲရှိအခြားလူများပင်လှည့်ကြည့်လာသည်။
သူ၏အမြင်ကပ်ဖွယ်ပုံစံကြောင့် ဟောင်ရန်၏မျက်နှာလည်း အေးစက်သွားပြီး တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း ရှောင်ယောင်က မလှုပ်ရှားရန်အချက်ပြလိုက်ပြီး ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ကောင်းပါပြီဗျာ...ဟောဒီအမိန့်ပြားလေးကို စစ်ပေးပါ....”
ရှောင်ယောင်က သူ၏အင်္ကျီထဲတွင်ရှိသည့် အနက်ရောင်ကတ္တီပါစလေးဖြင့်ထုတ်ထားသည့် အပြားလေးတစ်ခုကိုထုတ်ကာ လူဝကြီးဖန်းချီကိုပေးလိုက်သည်။
ထိုတံဆိပ်ပြားလေးက လက်တစ်ဝါးအရွယ်သာရှိပြီး နောက်ကျောဘက်တွင် ထူးခြားသည့် မျဉ်းကြောင်းအချို့ပါကာ ရှေ့ဘက်တွင် ချင်းခွန်ဆိုသည့် စာလုံးနှစ်လုံးသာပါသည်။။
အနက်ရောင်လိုလို မီးခိုးရောင်လိုလိုဖြစ်သည့် ထိုတံဆိပ်ပြားလေးက မည်သည့်သတ္တုဖြင့်လုပ်ထားသည်မသိရသော်လည်း အတော်လေးအလေးချိန်စီးပြီး အေးစိမ့်နေပေသည်။
လူဝကြီးဖန်းမှာ အပေါက်ငယ်ထဲမှတစ်ဆင့် ရှောင်ယောင်ပေးလိုက်သည့်တံဆိပ်ပြားလေးကို အထင်သေးဟန်ဖြင့်လက်ထဲတွင် ဆကြည့်လိုက်ရင်း မျက်နှာမဲ့ကာ ပြောလိုက်သည်။
“ ဒီလို အစုတ်အပြက်ပစ္စည်းကို ငါ့ဆီလာပြီး....”
လူဝကြီး ဖန်းချီ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူ၏လက်ထဲမှ တံဆိပ်ပြားလေးကို အပြန်ပြန်အလှန်လှန်ပွတ်သတ်၍ တုန်လှုပ်ဟန်ဖြင့် ရေရွတ်လိုက်သည်။
“ မဖြစ်နိုင်တာ ဒါက....”
လူဝကြီးဖန်းချီ၏အထိတ်အတန့်ပုံစံကြောင့် ဟောင်ရန်ပင် အံ့သြမိသော်လည်းရှောင်ယောင်ကား အံ့အားသင့်ဟန်မပြဘဲ သူ၏ကိုယ်ကို ရှေ့သို့ကိုင်းညွှတ်၍ ခပ်တိုးတိုးပြောလိုက်သည်။
“ မှန်တယ် ...ဒါက ဧကရာဇ်ကျောက်စိမ်းနဲ့လုပ်ထားတာပဲ ။ ဘယ်လိုလဲ ခင်ဗျားဒီအရောင်းအဝယ်ကို ကိုင်တွယ်နိုင်ရဲ့လား....”
ရှောင်ယောင်၏ မေးခွန်းကြောင့် လူဝကြီး၏ တစ်ကိုယ်လုံးရှိအဆီများတုန်ခါသွားသည်ဟုထင်ရသည် ။
သူ၏လက်အစုံပင်အနည်းငယ်တုန်ယင်နေကာ လက်ထဲရှိတံဆိပ်ပြားကို ကျိုးပဲ့လွယ်သည့်ပစ္စည်းကဲ့သို့ ရှောင်ယောင်ကို ဂရုတစိုက်ပြန်ပေးလိုက်သည့်အပြင် အလျှင်အမြန်ပြောလိုက်သည်။
“ လူငယ်လေး အတွင်းဘက်ကိုကြွခဲ့ပါ။ ကျုပ် တာဝန်ခံကို မြန်မြန်ခေါ်ပေးပါ့မယ်.. ...”
လူဝကြီးဖန်းချီက ပြောပြောဆိုဆိုဖြင့် ထိုင်ခုံမှအလျှင်အမြန်ထကာ အခန်းငယ်ထဲမှပျောက်ကွယ်သွားသည် ။
ထို့နောက် သူတို့ဘေးနားမှတံခါးတစ်ချပ်က ဖျပ်ခနဲပွင့်လာပြီး ဖန်းချီ၏ ခပ်ဝဝကိုယ်လုံးကြီးထွက်ပေါ်လာသည်။
“ ဒီအထဲကို ကြွခဲ့ပါ....”
ရှောင်ယောင်ကိုတလေးတစားဖိတ်ခေါ်နေသည့်သူ၏ပုံစံက အစောပိုင်းကနှင့်ဆီနှင့်ရေလို ကွာခြားလှသည်။
ထိုအဖြစ်ကြောင့် ဟောင်ရန်ပင် ရှောင်ယောင်ကို မေးခွန်းထုတ်သည့်ဟန်ဖြင့်ကြည့်လိုက်မိပြီး ထိုတံဆိပ်ပြားလေးကမည်သည့်အရာဖြစ်၍ လူဝကြီး၏အပြုအမူများယခုလိုဖြစ်သွားသည်ကို သုလွန်စွာသိလိုနေသည်။
သို့သော်လည်း ယခုအချိနိက မေးမြန်းရန်အချိန်ကောင်းမဟုတ်သေး၍ မျက်နှာအမူအယာပိုကိုတည်ငြိမ်အောင်ထိမ်းလိုက်ပြီး ရှောင်ယောင်နှင့်အတူ လူဝကြီးဖိတ်ခေါ်သည့်အခန်းငယ်ထဲသို့ ဝင်သွားလိုက်တော့သည်။
&&&