← Chapters

အချိုအချောင် ကျောက်စိမ်းပြား

Vol. 2 Ch. 15

အချိုအချောင် ကျောက်စိမ်းပြား

Vol. 2 Ch. 15

“ မိတ်ဆွေလေးတို့ ဒီမှာ ခဏစောင့်နေကြပါဦး ကျုပ်တို့တာဝန်ခံကိုသွားခေါ်လိုက်ပါဦးမယ်....”

လူဝကြီးဖန်းချီက ရှောင်ယောင်တို့ကို ရေနွေးကြမ်းနှင့် အချိုပွဲအနည်းငယ်ဖြင့်ဧည့်ခံကာပြောလိုက်သည်။

သူ၏စကားကြောင့် ရှောင်ယောင်လည်း လေးနက်သည့်အသံဖြင့်မေးလိုက်သည်။

“ သူကရော ကျုပ်ရဲ့တံဆိပ်ပြားကို တာဝန်ယူလဲလှယ်နိုင်စွမ်းရှိရဲ့လား....”

ရှောင်ယောင်၏သံသယကိုသတိပြုမိ၍ လူဝကြီးဖန်းက သူ၏မျက်လုံးမှေးမှေးများပိတ်ဆို့သွားသည်အထိပြုံးလိုက်ရင်းပြန်ဖြေလိုက်သည်။

“ စိတ်မပူပါနဲ့....ဝာာဝန်ခံကြီးက ကျုပ်တို့သူဌေးရဲ့အယုံကြည်ရဆူံးလက်ထောက်ပဲ။ ဟောဒီငွေတိုက်ကြီးတစ်ခုလုံးကို သူပဲဦးစီးလုပ်ကိုင်နေရတာ...”

လူဝကြီးဖန်းချီ၏အဖြေကြောင့် ရှောင်ယောင်လည်းအနည်းငယ်အံ့အားသင့်သွားပြီ ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် လူဝကြီးဖန်းက အခန်းတွင်းမှထွက်ခွာသွားပြီး ရှောင်ယောင်တို့နှစ်ဦးသာကျန်ရစ်ခဲ့သည်။

“ အစ်ကိုရှောင်ယောင် ဒီတံဆိပ်ပြားကဘာနဲ့လုပ်ထားလို့ အခုလောက်အထိသူပျာပျာသလဲဖြစ်နေတာလဲ....”

လူဝကြီးထွက်ခွာသွားသည်နှင့် ဟောင်ရန်က သူ၏သိလိုစိတ်ကိုထိမ်းချုပ်မထားနိုင်ဘဲ ရှောင်ယောင်ကိုမေးလိုက်သည်။

သူ၏မေးခွန်းကိုပြန်မဖြေသေးဘဲ ရှောင်ယောင်က အခန်းတွင်းကိုလှည့်ပတ်ကြည့်လိုက်ရင်း ရေနွေးကြမ်းတစ်ခွက်မော့သောက်လိုက်သည်။

ထိုအခိုက် ဟောင်ရန်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွား‌သော်လည်း ချက်ခြင်းပင်ပုံမှန်ပြန်ဖြစ်သွားကာ ရှောင်ယောင်ကိုခေါင်းညိမ့်ပြ၍မေးလိုက်သည်။

“ မြေခွေးအိုကြီး ကျုပ်မေးတာကိုပြန်ဖြေဦးလေ....”

ထိုလူငယ်နှင့်ကျမှ ရှောင်ယောင်လည်းမြေခွေးအိုကြီးဆိုသည့်နာမည်ပြောင်ကိုရရှိကာ ထိုအဖြစ်ကြောင့် သူငယ်စဉ်က တွေ့ဆုံဖူးသည့်‌ကလေးမလေးတစ်ယောက်ကိုပင်သတိရမိသွားသည်။

သို့သော်လည်း ဟောင်ရန်၏စိတ်ဝင်တစားအမူအယာကြောင့်ရှောင်ယောင်လည်း ခေါင်းယမ်းကာပြောလိုက်သည်။။

“ ဒီကောင်ကတော့ သိချင်ရင်ဇွတ်ပဲ...။ ရော့ ကိုင်ကြည့်...”

ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့် သူ၏လက်ထဲမှတံဆိပ်ပြားကို ဟောင်ရန်၏လက်ထဲသို့လွှဲပြောင်းပေးရင်း ဖြေးညင်းစွာပြောလိုက်သည်။

“ ကျောက်စိမ်းအမျိုးအစားပေါင်း များစွာရှိတဲ့အထဲက တန်ဖိုးအရှိဆုံးက သွေးလိုနီရဲအရောင်အဆင်းရှိတဲ့ သွေးကျောက်စိမ်းပဲ ။

သွေးကျောက်စိမ်းက ရှာတွေ့ဖို့အလွန်ခက်ခဲတဲ့အပြင်ပေါ်ထွက်လာရင်လည်း ဈေးက မိုးလောက်ထိမြင့်တက်နေတာတောင် သူ‌ဌေးသူကြွယ်တွေအလုအယက်ဝယ်ကြတယ်။

သွေးကျောက်စိမ်းထက်ပိုပြီးတန်ဖိုးကြီးတာက မင်းရဲ့လက်ထဲကဧကရာဇ်ကျောက်စိမ်းပဲ။

ရေနဲ့မီးကိုခံနိုင်တဲ့အပြင် ရတနာစာရင်းဝင်လက်နက်တွေနီးနီးမာကျောမှသူ့ကိုဖြတ်တောက်လို့ရတာ ။

ငါ့အဖေစုဆောင်းထားတဲ့ပစ္စည်းတွေထဲမှာ သူကတန်ဖိုးအကြီးဆုံးပဲ။ ငါဒါကိုအလစ်သုတ်လာတာသိရင် သူဘယ်လောက်ဆွေ့ဆွေ့ခုန်နေမယ့်မသိဘူး....”

ရှောင်ယောင်၏စကားအဆုံး၌ ဟောင်ရန်ကလည်း မျက်လုံးအဝိုင်းသားဖြစ်သွားပြီး အေးစက်စက်အထိအတွေ့ရှိပြီး အလေးချိန်စီးလှသည့်အမိန့်ပြားလေးကို မြောက်ကြည့်ကာ အံ့သြသည့်လေသံဖြင့်ပြောလိုက်သည်။

“ ဒီဝောာ့ ဒီတံဆိပ်ပြားလေးက ဧကရာဇ်ကျောက်စိမ်းနဲ့ထွင်းထားတာပဲ။ ဘယ်လိုလူမျိုးက အခုလိုတံဆိပ်ပြားထွင်းဖို့အကြံရတဲ့မသိဘူး...”

ဟောင်ရန်၏နားမလည်နိုင်သည့်စကားကြောင့် ရှောင်ယောင်လည်း ပခုံးတွန့်ပြရင်း တံဆိပ်ပြားကိုပြန်ယူကာပြောလိုက်သည်။

“ ငါလဲမသိဘူး အဖိုးကြီး အချိုအချောင်နှိုက်လာတာဖြစ်မှာပေါ့။ ရောင်းတဲ့လူကတော့ သူ့တန်ဖိုးကိုသာသိရင် ဆွေ့ဆွေ့ခုန်နေတော့မှာပဲ ...”

ရှောင်ယောင်၏ပုံစံက တစ်စုံတစ်ခုကိုပြန်တွေးမိပြီး သဘောခွေ့ကာ ရယ်မောနေတော့သည် ။

သို့သော်လည်း ဟောင်ရန်က အနည်းငယ်နောင်တရသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ကျုပ်က အစ်ကိုတို့လို သူဌေးသူကြွယ်မျိုးရိုးကမဟုတ်တော့ ကျောက်စိမ်းတွေအကြောင်းကိုသိပ်နားမလည်ဘူး။

ကျနော့်ဖိုးဖိုးပြောဖူးတာတော့ ဧကရာဇ်ကျောက်စိမ်းထွက်ပေါ်လာရင် နန်းမြို့တော်ကသူ‌ဌေးသူကြွယ်တွေတောင် ရူးမတတ်လုဝယ်ကြမယ်ဆိုပဲ။

ဘာပဲဖြစ်ဖြစ် သုံးစရာမရှိတာနဲ့အခုလိုမျိုးရတနာတစ်ခုကို ရောင်းပစ်လိုက်တာ မသင့်လျော်ပါဘူး...တကယ်လို့ အစ်ကိုလိုအပ်နေရင် ကျုပ်ဆီက ... “

ဟောင်ရန်၏စကားမဆုံးမီ အခန်းတံခါးက ဖျက်ခနဲပွင့်လာပြီး လူဝကြီးဖန်းချီ၏ ကြီးမားသည့်ခန္တာကိုယ်ကြီး တအိအိဝင်ရောက်လာသည်ကိုတွေ့လိုက်ရသည်။

သူ၏နောက်ဘက်မှ အသက်လေးဆယ်အရွယ်လူတစ်ယောက်ပါလာပြီး ရွက်ကြမ်းရေကျိုရုပ်သွင်နှင့် ထူးခြားမှုမရှိသည့်သာမန်လူတစ်ယောက်ဖြစ်သည်။

သို့သော်လည်း သူဝတ်ဆင်ထားသည့်အနီရောင် ကတ္တီပါဝတ်စုံက အတော်ပင်တန်ဖိုးကြီးမားပြီး မျက်လုံးအစုံကလည်း အရောင်တောက်ပနေသည်ကို သတိပြုလိုက်မိကြသည်။

“ ဟဲ ဟဲ ကျုပ်နည်းနည်းကြာသွားတာခွင့်လွှတ်ပါ...ဒါက ကျုပ်ရဲ့အကြီးအကဲ မိုဖန်းပဲ...ဒီဆိုင်ရဲ့တာဝန်ခံဆိုပါတော့....”

လူဝကြီးဖန်းချီ၏မိတ်ဆက်စကားကြောင့် ရှောင်ယောင်တို့လည်း အနီရောင်ဝတ်စုံဝတ်လူက ‌ကျောက်စိမ်းငွေတိုက်၏ နာမည်ကြီးတာဝန်ခံဖြစ်ကြောင်းကိုသိလိုက်ကြသည်။

“ တွေ့ရတာ ဝမ်းသာပါတယ်မိတ်ဆွေလေးတို့။ ကျုပ်က ဒီဆိုင်ရဲ့တာဝန်ခံမိုဖန်းပါ...”

အနီရောင်ဝတ်စုံတ်လူက သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

သူ၏ရုပ်ရည်က သာမန်သာဖြစ်သော်လည်း ပြုံးလိုက်သည့်အခါတွင်မူအတော်ပင်နှစ်လိုဖွယ်ကောင်းပြီး ခင်မင်စရာလူတစ်ယောက်ဟုထင်ရပေသည်။

သို့သော် ရှောင်ယောင်တို့နှစ်ဦးကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး သူတို့၏မျက်ဝန်းထဲ၌ အေးစက်သည့်အရိပ်အယောင်များရှိနေကြသည် ။

မိုဖန်းဆိုသည့်လူကို ယခုမှမြင်ဖူးခြင်းဖြစ်သော်လည်း သူ၏အကြောင်းများကို နားနှင့်မဆန့်အောင်ကြားခဲ့ပြီးဖြစ်သည်။

တိချုံး၏စကားအရ မိုဖန်းကို သူဌေးဟိုင်၏ သစ္စာရှိနောက်လိုက်ခွေးဟုလူသိများပြီး ကျောက်စိမ်းငွေတိုက်၏တာဝန်ခံဖြစ်ရုံသာမက မြို့၏အကြီးဆုံးလောင်းကစားဒိုင်လည်းဖြစ်ကာ နဂါးလှေပြိုင်ပွဲမှ ကလိမ်ကျမှု သည်ပင်သူ၏လက်ချက်ဖြစ်သည်။

ထို့အပြင် အိမ်ထဲမှအိမ်ပြင်မထွက်‌တော့သည့် သူ‌ဌေးဟိုင်အတွက် သူကဒိုင်ခံမကောင်းမှုများလုပ်ပေးနေခြင်းဖြစ်ပြီး အကြွေးမပေးနိုင်သည့် မိသားစုမှ မိန်းမချောလေးများကိုသိမ်းယူခြင်းသည်လည်း သူ၏အကြံအစည်ဟုသိရသည်။

စင်စစ် မိုဖန်းကား သူဌေးဟိုင်ထက်ပင် ကောက်ကျစ်ဆိုးသွမ်းသူတစ်ဦးဖြစ်ပြီး မြို့သို့ လွန်ခဲ့သည့်သုံးနှစ်က ရောက်ရှိလာသည့် သူ၏ဇာတ်မြစ်ကိုတော့မည်သူမှမသိကြပေ။

မြို့ခံအများစုက သူဌေးဟိုင်ယခုလို အကျင့်ပျက်ဆိုးသွမ်းလာခြင်းက မိုဖန်း၏လက်ချက်ကြောင့်ဟုပင်ပြောကြပြီး သူ့ကို သူဌေးဟိုင်ထက်ပင် ပို၍မုန်းတီးကြသေးသည် ။

ထိုအကြောင်းအရာများကိုသိထား၍ရှောင်ယောင်တို့လည်း မိုဖန်းကိုရွံရှာစက်ဆုပ်စိတ်များဖြစ်နေမိသော်ငြား အပြင်ပန်းတွင် အမူအယာမပျက်စေဘဲ ပြောလိုက်သည်။

“ တွေ့ရတာ ဝမ်းသာပါတယ် တာဝန်ခံကြီး....ကျုပ်က ရှောင်ယောင်ပါ ဒါကတော့ ကျုပ်မိတ်ဆွေ ဟောင်ရန်တဲ့ “

အချင်းချင်းမိတ်ဆက်စကားဆိုကြပြီးနောက် ထိုင်ခုံများတွင်ပြန်ထိုင်လိုက်ကြကာ မိုဖန်းက ပြုံး၍ပြောလိုက်သည်။

“ ကဲ ကျုပ်ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး...ဒီကညီလေးက ဧကရာဇ်ကျောက်စိမ်းကိုရောင်းချချင်တယ်ဆိုတော့ ကျုပ်စစ်ဆေးလို့ရမလား...”

ရှောင်ယောင်က မိုဖန်း၏တောင်းဆိုမှုကို လွယ်လွယ်ကူကူပင်သဘောတူလိုက်ပြီး တံဆိပ်ပြားလေးကို ကမ်းပေးလိုက်သည်

မိုဖန်းမှာ သူ၏လက်တွင်းရောက်ရှိလာသည့် တံဆိပ်ပြားလေးကို အရောင်တောက်နေသည့်မျက်ဝန်းများဖြင့်စစ်ဆေးကြည့်နေပြီး ခေါင်းတညိမ့်ညိမ့်ဖြစ်နေသည် ။

ဘေးဘက်ရှိလူဝကြီးဖန်းချီသည်လည်း တံဆိပ်ပြားကို လောဘရောင်တောက်နေသည့်မျက်နှာဖြင့်ကြည့်ရှုနေသည်ကို ရှောင်ယောင်ရော ဟောင်ရန်ပါအကဲခပ်မိကြ၏။

ရုတ်တရက် တံဆိပ်ပြား၏ရှေ့ဘက်ရှိ ချင်းခွန်ဆိုသည့်စာလုံးကိုမြင်သည့်အခါ မိုဖန်း၏မျက်နှာက ပြောင်းလဲသွားပြီး သူ၏ပုံစံက အလွန်အမင်းအံ့အားသင့်သွားဟန်ပင်။

မိုဖန်းက သူ၏အမူအယာကိုအလျှင်အမြန်ပြန်ထိမ်းလိုက်‌သော်လည်း ရှောင်ယောင်တို့ကား ထိုအမူအယာကိုမြင်လိုက်မိကြ၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

ထို့နောက့် မိုဖန်းက တံဆိပ်ပြားကို ရှောင်ယောင်ဆီသို့ပြန်ပေးလိုက်ပြီး ဝမ်းသာအားရပုံစံဖြင့်ပြောလိုက်သည်။

“ ဒါက တကယ်ပဲ ဧကရာဇ်ကျောက်စိမ်းပဲ...အခုလိုမျိုး တံဆိပ်ပြားလုပ်ပစ်လိုက်တာ ... အတော်နှမျောဖို့ကောင်းတယ် ....”

မိုဖန်းက ခေါင်းယမ်း၍ ရေရွတ်လိုက်ပြီးသူ၏မျက်နှာထက်တွင် ဧကရာဇ်ကျောက်စိမ်းကိုရခဲ့ခြင်းအတွက်ပျော်ရွှင်မှုနှင့် ယခုလိုနည်းလမ်းဖြင့်ဖြုန်းတီးခဲ့ခြင်းအတွက် နှမျောတသဝမ်းနည်းမှုတို့အပြည့်အဝပေါ်လွင်နေသညိ။

“ ဒါနဲ့ မိတ်ဆွေလေးစိတ်မရှိရင် ဒီကျောက်စိမ်းပြားကိုဘယ်ကနေရခဲ့တယ်ဆိုတာ သိခွင့်ရှိမလား....”

မိုဖန်းက အမှတ်တမဲ့ပုံစံဖြင့်မေးလိုက်သော်လည်းသူ၏တံဆိပ်ပြားကိုလွန်စွာစိတ်ဝင်စားနေကြောင်းကို ရှောင်ယောင်ကောင်းစွာရိပ်စားမိလေသည်။

ထို့ကြောင့် တံဆိပ်ပြားလေးကို အနည်းငယ်လှည့်ပတ်ဆော့ကစား၍ စဉ်းစားချင်ဟန်ဆောင်ပြီးမှ ဖြေးညင်းစွာပြောလိုက်သည်။

“ ကျုပ် အတိအကျတော့မမှတ်မိဘူး ။ ဖေဖေ့အပြောအရဆိုရင် ခြေသလုံးအိမ်တိုင်သိုင်းသမားတစ်ယောက်ဆီကရခဲ့တာပြောတယ်။

သူက ငွေအရေးတကြီးလိုအပ်နေလို့ဆိုပြီး ဒီတံဆိပ်ပြားကို ဖေဖေ့ဆီမှာ လာပေါင်သွားခဲ့တာ။ သူ့ရဲ့ဂိုဏ်းတံဆိပ်ပြားဆိုလားဘာလား....”

ဖျစ်ညစ်စဥ်းစားပြီး ပြောလိုက်သည့် ရှောင်ယောင်၏အမူအယာကြောင့် မိုဖန်း၏မျက်ဝန်းထဲတွင် ထူးဆန်းသည့်အရောင်တစ်ခုဖြတ်ပြေးသွားပြီး ရယ်မောလိုက်သည်။

“ ဟားဟား.. လက်စသက်တော့ မိတ်ဆွေလေးရဲ့ ဖခင်က တကယ့်ကို ကံကောင်းတာပဲ... ဒါကြောင့်ရှေးလူကြီးတွေကပြောတာပေါ့ ရတနာဆိုတာ ထိုက်တဲ့လူပဲရတယ်ဆိုတာ .. “

မိုဖန်းက ရှောင်ယောင်၏ဖခင်ထိုတံဆိပ်ပြားအားအချိုအချောင်ရရှိခဲ့ခြင်းကိုပင် စကားအလှသုံကာ ချီးမွမ်းနေသေးသည်။

သူ၏စကားပြောလိမ္မာပါးနပ်မှုကိုတော့ ရှောင်ယောင်အတော်ပင်ချီးကျူးမိသည် ။

မိုဖန်းက ရယ်မောနေရာမှ သူ၏လက်ကိုဝေ့ယမ်းရင်း ပြောလိုပ်သည် ။

“ ဒါတွေထားပါတော့ ဒီကျောက်စိမ်းပြားအတွက် မိတ်ဆွေလေး ဘယ်လောက်လိုချင်လဲ ....”

မိုဖန်း၏စကားက အဓိကဆိုလိုရင်းရောက်ရှိလာ၍ ရှောင်ယောင်လည်း တစ်ချက်ပြုံးလိုက်ပြီး မိုဖန်းကိုစူးစိုက်ကြည့်ကာပြောလိုက်သည်။

&&&&

All Chapters