အစီအစဉ်များ
Vol. 2 Ch. 19
ထိုလူငယ်က သူ့ကိုပင်ဦးစွာနဖူးတောက်သွား၍ ရှောင်ယောင်လည်း အံ့အားသင့်နေရာမှသတိဝင်လာကာ ရှေ့သို့ခုန်ဝင်လိုက်သည်။
သို့သော် ကြိုတင်ပြင်ဆင်ထားပြီဖြစ်သည့်ဟောင်ရန်က နောက်သို့ခုန်ရှောင်လိုက်ပြီး ရှောင်ယောင်ကိုကြည့်ကာ သဘောကျစွာဖြင့်ရယ်မောလိုက်သည်
“ ဟားဟား....မရဘူးလေ မြေခွေးအိုကြီးရဲ့ ကျုပ်ကိုနှစ်ခါမရဘူး...”
သူ၏သိုင်းပညာက မြင့်မားသလို ကိုယ်ဖော့ပညာကလည်း ထိပ်တန်းအဆင့်၌ရှိပြီး ကြွယ်စင်းနှင့်ပင်တန်းတူခန့်ရှိမည်ဟုခန့်မှန်းလိုက်မိသည်။
သို့သော် ရှောင်ယောင်က သူ့ကိုပင်လှောင်ပြောင်သွားသည့်ထိုလူငယ်လေးကို အလွတ်ပေးရန်စိတ်ကူးမရှိပေ။
“ တွေ့ကြသေးတာပေါ့...”
ရှောင်ယောင်လည်း စိတ်ထဲမှ ကြုံးဝါးလိုက်ပြီးအရက်မူးခြေလှမ်းသုံးကာ သူ၏အနီးသို့လှစ်ခနဲချဉ်းကပ်သွားလိုက်သည်။
ယခုတစ်ကြိမ်၌ ဟောင်ရန်မှာ ရှောင်ယောင်က ယခုလို ထူးဆန်းသည့်ကိုယ်ဟန်ဖြင့် ဖျက်ခနဲရောက်ရှိလာမည်ဟုမျှော်လင့်မထားမိ၍ အံ့အားသင့်သွားစဉ် သူ၏နဖူးဆီသို့ရှောင်ယောင်၏တောက်ချက်ဝင်ရောက်လာတော့သည်။
“ ထောက်....”
“ မှတ်ထားကွ ဒီလိုတောက်ရတာ...”
ရှောင်ယောင်က အားအနည်းငယ်ထည့်သွင်းလိုက်၍ ယခင်အကြိမ်များနှင့်မတူဘဲ ပူထူသွားသည့်နဖူးကြောင့် ဟောင်ရန်၏အမူအယာကမည်းမှောင်သွားသည်။
ထို့နောက် ဟောင်ရန်ကရှောင်ယောင်၏ပခုံးဆီသို့အလစ်အငိုက်ဖမ်းကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သော်လည်း ရှောင်ယောင်က သူ၏လက်သီးကိုဖမ်းချုပ်၍ ကိုယ်တစ်ပတ်လှည့်ကာ မြေပြင်ပေါ်သို့ကိုင်ပေါက်လိုက်သည်။
ဟောင်ရန်မှာ အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်ပြီး ရှောင်ယောင်ထက်ပင်သိုင်းအဆင့်မြင့်သော်လည်း ထင်မှတ်မထားသည့်အကွက်ကြောင့် မြေပြင်နှင့်ကျောနှင့်မိတ်ဆက်သွားရသည်။
“ ရှောင်လင်ရဲ့ နဂါးလက်သည်းကို သိပြီလား...”
ရှောင်ယောင်က သူ၏လက်ဝါးနှစ်ဖက်ကိုပွတ်၍ ခပ်ကြွားကြွားပုံစံဖြင့်ပြောလိုက်သည်။
ဟောင်ရန်၏လက်သီးကိုဖမ်းဆုပ်လိုက်သည်က နဂါးလက်သည်းဖြစ်သော်လည်း ကိုင်ပေါက်သည့်အကွက်က တစ်ရာ့ရှစ်ခန်းထဲမှလက်နက်မဲ့သိုင်းပညာသာဖြစ်သည်။
ရှောင်လင်ဂိုဏ်းသားမှန်သမျှ လျှိူ့ဝှက်ပညာရပ်ခုနစ်ဆယ့်နှစ်မျိုးကိုမသင်ကြားရသေးမီ တစ်ရာ့ရှစ်ခန်းသိုင်းပညာကိုအောင်မြင်အောင်ဦးစွာသင်ရပေသည်။
ထိုအထဲတွင် လက်နက်မဲ့သိုင်းပညာများစွာပါဝင်သလို လက်နက်ကိုင်ဆောင်တိုက်ခိုက်နည်းများလည်းပါဝင်သည်။
တစ်ရာ့ရှစ်ခန်းကိုအောင်မြင်ပါက လက်နက်ပေါင်းဆယ့်ခုနစ်မျိုးအထိ ကျွမ်းကျင်စွာအသုံးပြုတတ်မည်ဟု ရှောင်ယောင်၏ဆရာဖြစ်သည့် ဆရာတော်ရွှမ်းမင်က ပြောဖူးကာ ရှောင်လက်၏လူဝတ်ကြောင်တပည့်တစ်ဦးဖြစ်သည့်ရှောင်ယောင်လည်း တစ်ရာ့ရှစ်ခန်းသိုင်းပညာကိုအောင်မြင်ထားသည်က သဘာဝပင်ဖြစ်၏။
ထိုပညာရပ်များက ထိက်တန်းသိုင်းပညာမဆိုထားနှငိ့ ပထမတန်းစားသိုင်းပညာရပ်များကိုပင်မယှဉ်နိုင်သော်လည်း အစောပိုင်းကအခြေအနေမျိုးတွင် ရန်သူကိုအလျင်းသင့်သလိုတိုက်ခိုက်နိုင်စွမ်းရှိသည်။
ယခုလည်း ရှောင်ယောင်၏အကွက်ကျကျတိုက်ခိုက်မှုကြောင့် ဟောင်ရန်မှာ မတတ်နိုင်ဘဲကိုင်ပေါက်ခံလိုက်ရပြီး မကျေမနပ်အော်ဟစ်၍ ခုန်ထလာသည်။
“ မြေခွေးအိုကြီး ခင်ဗျားက ကျုပ်ကိုအလစ်တိုက်တယ်ပေါ့.....ခင်ဗျားတော့နာပြီ...”
ဟောင်ရန်က ဒေါသတကြီးပုံစံဖြင့်အော်ဟစ်ရင်း ပြင်းထန်သည့်လက်ဝါးသိုင်းကွက်များဖြင့်ရှောင်ယောင်ကိုတိုက်ခိုက်လာတော့သည် ။
သူ၏သိုင်းပညာက အဆင့်လွန်ထိပ်သိးအဆင့်ရှိသည့်တိုင် ဓားပညာကိုဦးစားပေးလေ့ကျင့်ဟန်တူ၍ လက်ဝါးချက်များကပြင်းထန်အားကောင်းသော်လည်း ထိုမျှအစွမ်းထက်ခြင်းမရှိပေ။
ထို့ကြောင့် ရှောင်ယောင်လည်း ဟောင်ရန်ပို၍ဒေါသထွက်စေရန် အရက်မူးခြေလှမ်းဖြင့်သာတစ်ချိန်လုံးရှောင်တိမ်းနေပြီး တစ်ချက်တစ်ချက်မှတန်ပြန်တိုက်ခိုက်ကာ စနောက်နေတော့သည်။
သူ၏လုပ်ရပ်ကြောင့် ဟောင်ရန်၏မျက်နှာက ရှက်စိတ်ဖြင့်နီရဲလာပြီး မျက်လုံးများက တလက်လက်တောက်ပလာသည်။
သူ၏လက်ဝါးတိုက်ကွက်များက ပို၍ပြင်းထန်လာပြီး ရှောင်ယောင်ပင် သတိထား၍ရှောင်တိမ်းလာရသည်။
သို့သော် ရှောင်ယောင်ကသူ့ထက်သိုင်းပညာနိမ့်ကျနေသည့်အပြင် စနောက်နေမှန်းသိ၍ ဟောင်ရန်က အတွင်းအားကိုအကုန်မထုတ်ဘဲထိမ်းချုပ်တိုက်ခိုက်ခြင်းဖြစ်သည်။
သူတို့၏တိုက်ပွဲကသိုင်းကွက်သုံးဆယ်ကျော်လာသော်လည်း နေရာကျဉ်းလေးတွင်သာ လှည့်ပတ်ရှောင်တိမ်းနေသည့် ရှောင်ယောင်ကိုထိအောင်မတိုက်နိုင်သေး၍ ဟောင်ရန်မှာ ပို၍ပင်ဒေါသထွက်လာဟန်တူသည်။
ထို့စဉ် အိမ်ထဲမှ အရက်အိုးနှစ်အိုးကိုကိုင်ကာ ထွက်လာသည့်ထိချုံးကိုမြင်လိုက်ရပြီး တစ်ယောက်ကိုတစ်ယောက်စနောက်လှောင်ပြောင်နေသည့်လူငယ်နှစ်ယောက်ကိုကြည့်ကာ ပြုံးရင်းခေါင်းယမ်းလိုက်သည်။
“ ညီလေးတို့ တော်ကြပါတော့ ကြာရင် ငါ့ခြံဝန်းလည်းပျက်စီးသွားဦးမယ်....”
ထိချုံးက စနောက်ပြောဆိုနေခြင်းဖြစ်သော်လည်း သူသာဟန့်တားခြင်းမရှိပါက ခြံဝန်းမှာ အမှန်ပင်ပျက်စီးနိုင်ပေသည်။
ယခုပင် သူတို့နှစ်ယောက်တိုက်ခိုက်နေသည့်ကွက်ပျစ်အနီး၌ မုန်တိုင်းငယ်ဝင်မွေ့ထားသလို မွစာကျဲနေပြီး ထိုအချက်ကို သတိထားလိုက်မိ၍ ရှောင်ယောင်တို့လည်း ပြိုင်တူရပ်တန့်လိုက်ကြသည်။
“ ခင်ဗျား သတ္တိရှိရင် ကျုပ်နဲ့ တကယ်သိုင်းပညာယှဉ်ပြိုင်မလား....”
ဟောင်ရန်က ရှောင်ယောင်ကို အခဲမကျေသည့်ပုံစံဖြင့်မေးလိုက်သည်။
သူ၏စကားကြောင့် ရှောင်ယောင်လည်း စပ်စပ်ထိမခံသည့်ထိုလူငယ်လေးကို ပို၍စနောက်ချင်သွားပြီး လက်ဆယ်ချောင်းထောင်ပြရင်း ထိချုံးရှိနေသည့်ကွပ်ပျစ်ပေါ်သို့ ဝင်ထိုင်လိုက်သည်။
“ ဆယ်နှစ် ဆယ်နှစ်ကြိုးစား....”
ဟောင်ရန်ကား ရှောင်ယောင်လက်ချောင်းထောင်ပြသည့်အဓိပ္ပာယ်ကိုစဉ်းစားနေစဉ် သူ၏ခပ်တိုးတိုးအသံကြောင့် ဆွေ့ဆွေ့ခုန်သွားပြီး ကွက်ပျစ်ပေါ်သို့ လွှားခနဲခုန်တက်လာသည်။
“ ကဲ..ကဲ..တော်ကြပါတော့ကွာ မင်းတို့ကလည်း ကလေးတွေကျနေတာပဲ....”
ကြားထဲမှဝင်ရောက်ဖျန်ဖြေလိုက်သည့်ထိချုံးကြောင့် ရှောင်ယောင်လည်း ဆက်လက်စနောက်ခြင်းမပြုတော့ဘဲ ခပ်ပြုံးပြုံးမျက်နှာဖြင့်ထိုင်နေသလို ဟောင်ရန်ကလည်း မကျေမနပ်ပုံစံဖြင့်ကြည့်နေရင်း ထိချုံး၏ဘေးတွင်ဝင်ထိုင်လိုက်သည်။
သူတို့နှစ်ယောက်က်အပြန်အလှန်ကြည့်လိုက်ပြီးမှ ထိချုံးက မေးလိုက်သည်။
“ ကဲ...ပြောစမ်းပါဦး နေ့လည်က ကျောက်စိမ်းငွေတိုက်ကိုသွားပြီးစုံစမ်းခဲ့တာ ဘယ်အချက်တွေတွေ့ခဲ့လဲလို့....”
ထိချုံး၏မေးခွန်းကြောင့် ရှောင်ယောင်နှင့် ဟောင်ရန်တို့၏အမူအယာများပြောင်းလဲသွားကြပြီး ဟောင်ရန်က အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
“ အဲဒီမှာ တာဝန်ခံမိုဖန်းဆိုတဲ့လူနဲ့ လူဝကြီးဖန်းချီကိုတွေ့ခဲ့တယ်။ လူဝကြီးက လောဘကြီးပြီးကောက်ကျစ်မယ့်ပုံစံရှိသလို မိုဖန်းကလည်း တကယ့်လူယုတ်မာတစ်ယောက်လိုပဲ....”
ဟောင်ရန်၏မြင့်မားသည့်အကဲဖြတ်မှုကိုကြားပါက မိုဖန်းနှင့်လူဝကြီးဖန်းချီတို့ ဒေါသတကြီးထလာကြပေမည်။
ရှောင်ယောင်ကလည်းခေါင်းတစ်ချက်ညိမ့်လိုက်ပြီး လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ဟုတ်တယ် ပြီးတော့ သူတို့နှစ်ယောက်လုံးက သိုင်းသမားတွေဖြစ်နေကြသေးတယ်။ မိုဖန်းဆိုရင် အဆင့်လွန်ထိပ်သီးအဆင့်လောက်ရှိမယ်..
သူတို့အပြင်တော့ သိုင်းပညာအဆင့်မြင့်တဲ့လူကို မတွေ့ခဲ့ရဘူး...”
ရှောင်ယောင်မှာ လူဝကြီးဖန်းချီသိုင်းသမားတစ်ဦးဖြစ်နေသည်ကိုသိရစဉ်က မည်သို့မှမခံစားရသော်လည်း မိုဖန်း၏သိုင်းပညာကိုအတိအကျမသိရ၍ အတော်ပင်အံ့အားသင့်ခဲ့ရသေးသည်။
မိုဖန်းလိုလူတစ်ဦးက သိုင်းပညာကောင်းစွာတတ်မြောက်ထားမည်ဟုသူတွေးထားမိသော်လည်း အဆင့်လွန်ထိပ်သီးအဆင့်ရှိမည်ဟုတော့ ထင်မထားမိခဲ့ပေ။
ထိချုံးသည်လဘ်း ရှောင်ယောင်ထံမှ ထိုအကြောင်းကိုသိလိုက်ရ၍ အံ့ဩသွားဟန်ရပြီး အနည်းငယ်တုန်လှူပ်ဟန်ဖြင့်ရေရွတ်လိုက်သည်။
“ မိုဖန်းဆိုတဲ့လူယုတ်မာကလည်း သိုင်းထိပ်သီးတစ်ယောက်ဖြစ်နေမယ်လို့ထင်မထားဘူး...။ ဒီလိုဆိုရင် သူတို့ကိုရင်ဆိုင်ဖို့ ပိုပြီးတောင် ခက်ခဲသွားဦးမှာ။
ဘာကြောင့်လဲဆိုတော့ မိုဖန်းဆိုတာ လူရှေ့ကိုထွက်တဲ့ သူဌေးဟိုင်ရဲ့လူယုံတစ်ဦးပဲဖြစ်ပြီး သူ့စံအိမ်မှာ သိုင်းပညာအဆင့်မြင့်တဲ့လူဘယ်နှစ်ယောက်လောက်အထိရှိမယ်ဆိုတာ မသိရသေးဘူး.....။
သေချာတာတစ်ခုက သူ့စံအိမ်ကိုထိုးဖောက်ဝင်ရောက်တဲ့သိုင်းသမားမှန်သမျှ နောက်တစ်နေ့မှာ အလောင်းပဲပြန်တွေရတာပဲ...”
ထိချုံး၏ တုန်လှုပ်ထိတ်လန့်နေဟန်တူသည့်စကားကြောင့် ရှောင်ယောင်လည်း မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
“ သူဌေးဟိုင်ရဲ့လက်အောက်မှာ သိုင်းသမားဘယ်နှစ်ယောက်ရှိလဲဆိုတာ အတိအကျမသိရဘူးလား။
ပြီးတော့ သူဌေးဟိုင်ကိုယ်တိုင်ကရော သာမန်လူတစ်ဦးဆိုတာ သေချာရဲ့လား...”
ရှောင်ယောင်မှာ စဉ်းစားလေလေ ပို၍ရှုပ်ထွေးလာလေလေဟုခံစားနေမိသည်။
အဆင့်လွန်ထိပ်သီးအဆင့်မှာ သိုင်းလောကတွင်လက်မထောင်နိုင်သည့်အဆင့်ဖြစ်ပြီး သူဌေးသူကြွယ်တစ်ယောက်ထံတွင် ကိုယ်ရံတော်အဖြစ်လုပ်ဆောင်သည်ကအလွန်ဆုံးဖြစ်သည်။
မိုဖန်းလိုမျိုး အမှန်တကယ်အလုပ်လုပ်ပေးရန်က မဖြစ်နိုင်ဘဲ ထိချုံး၏စကားအရဆိုပါက သူဌေးဟိုင်ထံတွင် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသူများရှိနေနိုင်သည်။
ရှောင်ယောင်၏မေးခွန်းကြောင့် ထိချုံးလည်း အနည်းငယ်တွေဝေသွားပြီး တွေးတွေးဆဆဖြင့်ပြောလိုက်သည်။
“ ဟုတ်တယ် ဘယ်သူမှအတိအကျမသိဘူး ။ လွန်ခဲ့တဲ့သုံးနှစ်လောက်စပြီး သူဌေးဟိုင်က အိမ်ထဲက အိမ်ပြင်မထွက်တော့ဘူး။
ပြီးတော့ မိုဖန်းတို့လို လူယုတ်မာတွေတင်မကဘဲ အနီးအနားက သိုင်းပညာအဆင့်မြင့်တဲ့သိုင်းသမားဆိုးတွေကိုလည်းသူကစည်းရုံးထားသေးတယ်။
ဒါကြောင့်လည်း သူ့ရဲ့ခြံဝန်းက ကျားရဲလိုဏ်ဂူလိုဖြစ်ပြီး ဝင်လမ်းပဲရှိပြီး ထွက်လမ်းမရှိတာပေါ့...”
ထိချုံး၏စကားအဆုံး၌ ရှောင်ယောင်လည်း အတွေးနက်သွားမိသလို ဟောင်ရန်ကလည်း တင်းမာသည့်လေသံဖြင့်ဝင်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဒီလောက်ဆိုးသွမ်းယုတ်မာတဲ့လူတွေကို ဆုံးမအပြစ်ပေးရမှာပဲ...”
ဟောင်ရန်က ရှောင်ယောင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ အစ်ကိုထိချုံးတို့ကိုလည်း ကျုပ်က အတင်းကြီးမတိုက်တွန်းပါဘူး။ ကျုပ်ကတော့ ဘယ်သူမှမပါရင်တောင် သူဌေးဟိုင်နဲ့ မိုဖန်းကိုဆုံးမဖို့ဆုံးဖြတ်ပြီးထားပြီ....”
နေ့လည်ကအပြင်ထွက်ရင်း မြို့ထဲတွင် စုံစမ်းထားပြီးဖြစ်၍ သူဌေးဟိုင်၏မကောင်းမှုများ ၊ မိုဖန်း၏ယုတ်မာမှုများကို ကြားသိခဲ့ပြီးဖြစ်၍ ဟောင်ရန်မှာ ထိုနှစ်ယောက်ကိုဒေါသထွက်နေခြင်းဖြစ်ပေသည်။
သူ၏စကားကြောင့် ထိချုံးက မဲ့ပြုံးပြုံးရင်း သူ၏ရင်ဘက်ကိုဖွင့်ပြလိုက်သည်။
“ ဟောဒီမှာကြည့်စမ်း.....ဒီဒဏ်ရာက လွန်ခဲ့တဲ့နှစ်နှစ်က ရခဲ့တာပဲ....”
သူ၏ရင်ဝတွင် တစ်ထွာကျော်ခန့်ရှိမည့် ကန့်လန့်ဖျက်အမာရွတ်ကြီးတစ်ခုရှိနေပြီး ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း အံ့အားသင့်သွားမိသည်။
&&&&