← Chapters

အမှန်တရားဘက်တော်သား

Vol. 2 Ch. 20

အမှန်တရားဘက်တော်သား

Vol. 2 Ch. 20

ထိချုံးက သူ၏အင်္ကျီကို ပြန်ပြင်လိုက်ရင်းမှ တည်ကြည်လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ဒါက သူဌေးဟိုင်ရဲ့ခြံဝန်းကို တိတ်တဆိတ်ဝင်ရောက်ခဲ့တဲ့အတွက် ရခဲ့တဲ့ရလာဒ်ပဲ...။

လွန်ခဲ့တဲ့နှစ်နှစ်က သူဌေးဟိုင်ရဲ့မကောင်းမှုတွေအရှိန်ရလာတော့ ငါလည်းလက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ရုပ်ဖျက်ပြီး ညဘက်ခြံဝန်းထဲကို ခိုးဝင်ခဲ့တယ်။

ငါ့ရဲ့ရည်ရွယ်ချက်ကတော့ သူဌေးဟိုင်ကိုတိတ်တဆိတ်ဖမ်းဆီးပြီး ခြောက်လှန့်လို့ သူ့ကိုဒီမြို့က မောင်းထုတ်ဖို့ပေါ့ ။

ဒါပေမယ့် သူ့စံအိမ်ထဲမှာ သူဌေးဟိုင်ကိုမတွေ့ရဘဲ သိုင်းပညာမြင့်မားတဲ့လူတစ်ယောက်နဲ့တိုးပြီး သေလုမျောပါးတိုက်ခိုက်ခံခဲ့ရတယ် ။

ငါကလည်း ထိပ်တန်းအဆင့်သိုင်းသမားတစ်‌ယောက်ဆိုပေမယ့် ဒီလူက အနိမ့်ဆုံးအဆင့်လွန်ထိပ်သီးအဆင့်ရှိပြီး သူ့ရဲ့တိုက်ကွက်တွေက ရက်စက်ပြီးကြောက်စရာကောင်းလွန်းတယ်။

သိုင်းကွက်သုံးဆယ်မပြည့်ခင်မှာပဲ ဟောဒီသေရာပါဒဏ်ရာကြီးရပြီး ခွေးပြေးဝက်ပြေးထွက်ပြေးခဲ့ရတာ။

အဲဒီအချိန်ကနေစပြီး ငါလည်းသူ‌ဌေးဟိုင်ရဲ့လုပ်ရပ်တွေမျက်စေ့စုံမှိတ်နေတာ ဒီနေ့အထိပဲဆိုပါတော့။

နောက်ပိုင်းမှာ ငါ့ထက်တောင်အစွမ်းထက်တဲ့သိုင်းသမားတွေ သူဌေးဟိုင်ကို ဆုံးမဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ထိဘယ်သူမှမအောင်မြင်ကြဘူး ...”

ထိချုံး၏စကားကိူအဆုံးထိနားထောင်ပြီး ရှောင်ယောင်တို့လည်း အချိန်အတော်များများမူးယစ်နေသည့်ထိုအရက်ချိုးကြီးမှာ ဖြောင့်မက်မှန်ကန်သည့် အဖြူရောင်သိုင်းသမားတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးပို၍ပင်လေးစားသွားမိသည်။

ထိချုံးက အရက်ကို အိုးလိုက်အားရပါးရမော့သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ မင်းတို့ကတော့ ငါ့ကိုသတ္တိကြောင်တဲ့လူတစ်ဦးလိူ့ထင်ရင်ထင်နိုင်ပါတယ်။

ဒါပေမယ့် ငါကတော့ ကိုယ့်အသက်ကိုစွန့်ပြီး မနိုင်လောက်တဲ့လူတစ်ယောက်ကိုအံတုဖို့မကြိုးစားချင်ဘူး ။

ဒီအစား မြို့ထဲကလူတွေကို ကိုယ်တတ်နိုင်သလောက်ကာကွယ်ပေးပြီး အေးအေးချမ်းချမ်းပဲနေချင်တယ်။

မင်းတို့က အရည်အချင်းရှိတဲ့လူငယ်မျိုးဆက်တွေဆိုတာ ငါသိပါတယ်။ ဒါပေမယ့် သူဌေးဟိုင်လိုကြောက်စရာကောင်းတဲ့လူမျိုးကိုတော့ အနိုင်မရမှန်းသိရက်နဲ့ ရင်မဆိုင်စေချင်ဘူး ... “

ထိချုံး၏စကားက ရှောင်ယောင်တို့အတွက် စိတ်ရင်းစေတနာဖြင့်ပြောခြင်းဖြစ်ကြောင်းသိသာ၍ သူတို့နှစ်ဦးစလုံး စိတ်ထဲတွင်နွေးထွေးသွားမိသည်။

သို့‌သော် ဟောင်ရန်က ခေါင်းယမ်းလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့်ပြန်ဖြေလိုက်သည်။

“ ကျုပ်ငယ်ငယ်ထဲက ဆရာနဲ့အဖေရဲ့သွန်သင်မှူကိုခံခဲ့ရတဲ့အတွက် တရားမျှတပြီး ဖြောင့်မက်တဲ့သိုင်းသမားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ရည်မှန်းချက်တစ်ခုပဲကျုပ်မှာရှိတယ် ။

ပြီးတော့ ကျုပ်မိခင်ရဲ့ ဆုံးမစကားအတိုင်းပြောရရင် မတရားမှုကို လက်ပိုက်ကြည့်နေမယ့်အစား ကိုယ့်လည်ပင်းကိုယ်ဓားနဲ့လှီးပြီးသေတာက ကောင်းလိမ့်ဦးမယ် ...”

ဟောင်ရန်၏လေသံအရ ထိုစကားကိုပြောဆိုရာ၌ သူ၏စိတ်ရင်းဖြင့်ပြောကြောင်းသိသာလှပြီး ရှောင်ယောင်ပင် ဟောင်ရန့်လိုလူငယ်လေးတစ်‌ယောက်ထံ၌ ထိုမျှပြင်းပြသည့်ခံယူချက်ရှိမည်ဟုထင်မထားဘဲ ‌အံ့ဩမှုနှင့်အတူ စိတ်ထဲမှချီးကျူးလိုက်မိကြသည် ။

ထိချုံးက ခေါင်းငုံ့၍ဟောင်ရန့်ကိုအရိုအသေပေးကာ ပြောလိုက်သည်။

“ ကျုပ် လူ့သက်တမ်းကိုထက်ဝန်းကျော်လာခဲ့ပေမယ့် ညီလေးလိုမျိုး ခိုင်မာပြက်သားတဲ့ခံယူချက်မရှိတာ တကယ်ရှက်ရွံ့မိပါတယ် ...”

သူ၏စကားက အမှန်အတိုင်းဝန်ခံခြင်းသာဖြစ်ပြီး သူ့ကိုယ်သူ အရှက်ရနေဟန်လည်းတူသည်

ထိုအဖြစ်ကြောင့် ရှောင်ယောင်လည်း အခြေအနေကိုထိမ်းသိမ်းသည့်အနေဖြင့်ပြောလိုက်သည်။

“ ကဲ ကဲ... မင်းကလည်း သူဌေးဟိုင်တို့ကို မရမကဖြိုဖျက်မယ်ဆိုရင် ငါတို့ အမှားအယွင်းမရှိမယ့်အစီအစဉ်တစ်ခုလိုမယ် ။

ဘာကြောင့်လဲဆိုတော့ ဒီအတိုင်း သူတို့ဆီကိုသွားရင် တမင်သွားအသေခံသလိုဖြစ်သွားမှာ။

ပြီးတော့ အစ်ကိုထိချုံးရဲ့ပြောပုံအရဆိုရင် သူတို့ဆီမှာ အဆင့်လွန်ထိပ်သီးတစ်ယောက်ရှိနေတာ သေချာသွားပြီ။

တစ်ယောက်ထက်လည်းပိုပြီးရှိနိုင်သေးတယ်။ ဒီတော့ ကျုပ်တို့နှစ်ယောက်က နောက်ရက်မှာ သူ‌ဌေးဟိုင်ရဲ့ခြံဝန်းကိုစောင့်ကြည့်ပြီး သိုင်းသမားဘယ်နှယောက်ရှိလဲဆိုတာ အကဲခပ်မယ် ။

အစ်ကိုထိချုံးကတော့ ကျုပ်တို့ တွန်းအားမပေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကိူအခုလို မညည်းမညူလက်ခံထားပေးတာပဲကျေးဇူးတင်လှပါပြီ ....”

ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်၏မျက်နှာထက်တွင်စိတ်အားထက်သန်သည့်အမူအယာတစ်ခုပေါ်လာသလို ထိချုံးလည်း အရက်သောက်ခြင်းပင်မပြုနိုင်တော့ဘဲ တွေဝေငေးမောသွားလေသည်။

&&&&

အလယ်ပိုင်းဒေသ၏ တောနက်တစ်နေရာတွင်ရှိသည့် လက်ငါးချောင်းတောင်မှာ အနီးအနားရှိဒေသများတွင် ကျော်ကြားသည့်နေရာတစ်ခုဖြစ်သည်။

ငါးချောင်းတောင်မှာ အဝေးမှကြည့်လျှင် လက်ချောင်းငါးချောင်ထောင်ထားသည့်ပုံစံရှိပြီး လူသူမရောက်နိုင်ဟုပင်ညနာမည်ကျော်သည့် တောင်တန်းတစ်ခုဖြစ်သည်။

သို့‌သော် လွန်ခဲ့သည့်ရှစ်နှစ်မှစ၍ လက်ငါးချောင်းတောင်ခြေတစ်ဝိုက်တွင် အဆောက်အဦးသစ်များပေါ်လာပြီး အနက်ရောင်သိုင်း‌သမားများစွာလည်းရောက်ရှိလာကြသာ်။

အကြောင်းကား အနက်ရောင်သိုင်းလောက၏ ထိပ်တန်းဂိုဏ်းကြီးငါးခုဖြစ်သည့် လပြည့်ညဂိုဏ်း၊ ပင့်ကူနက်အဖွဲ့၊ သံမဏိသွေးဂိုဏ်း၊ အရိုးဖြူဂိုဏ်းနှင့် အဆိပ်ငါးမျိုးဂိုဏ်းတို့က အနက်ရောင်သိုင်းလောကကို တစ်စုတစ်စည်းထဲဖြစ်စေရမည်ဟုကြွေးကျော်ကာ မိစ္ဆာဝိညာဉ်အဖွဲ့ကိုတည်ထောင်ခဲ့သောကြောင့်ဖြစ်သည်။

အနက်ရောင်သိုင်းလောက၏ထိပ်တန်းသိုင်းဝိဇ္ဇာငါးယောက်၏ဦးဆောင်မှုအောက်၌ နောက်ခံအင်အားမရှိသည့်အနက်ရောင်သိုင်းသမားများမှာ မိစ္ဆာဝိညာဥ်အဖွဲ့ထဲသို့ဝင်ရောက်လာကြရုံသာမက ဂိုဏ်းအဖွဲ့ငယ်များပင် မိစ္ဆာဝိညာဉ်အဖွဲ့ထဲသို့ပူးပေါင်းခဲ့ကြပေသည်။

သူတို့၏အကြောင်းပြချက်က အနက်ရောက်သိုင်းလောကကိုဖိနှိပ်ချုပ်ချယ်နေသည့်သိုင်းမဟာမိတ်ကိုတန်ပြန်တိုက်ခိုက်ရန်ဆိုသော်ငြား အဓိကအကြောင်းရင်းကတော့ နောက်ခံအင်အားဖြင့်ထင်တိုင်းကျဲလိုခြင်းဖြစ်သည်။

ကျုံဟွာတောင်တိုက်ပွဲအပြီးတွင် အနက်ရောင်သိုင်းလောကက သိသိသာသာအားနည်းသွားသော်လည်း ဆင်ပိန်ကျွဲလောက်ဆိုသလို သူတို့စုစည်းထားသည့်အင်အားက သိုင်းမဟာမိတ်ကိုပင်ရင်ဘောင်တန်းနိုင်စွမ်းရှိသည်။

တစ်ဖက်တွင် သိုင်းမဟာမိတ်ကား အဖြူရောင်သိုင်းလောကကိုကိုယ်စားပြုခြင်းမဟုတ်ဘဲ သိုင်းမဟာမိတ်ထဲသို့မပါသည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်အခြားထိပ်တန်းအင်အားစုအနည်းငယ်လည်းရှိသေးသည်။

ထို့ကြောင့် တည်ထောင်ပြီးရှစ်နှစ်ကြာသည့်အခါတွင် မိစ္ဆာဝိညာဉ်၏အင်အားက လွန်စွာတောင့်တင်းလာခဲ့ပြီး အနက်ရောင်သိုင်းလောက၏အဓိကအင်အားစုတစ်ခုဖြစ်လာရုံသာမက သိုင်းမဟာမိတ်ကိုပင်ရင်ဘောင်တန်းနိုင်သည့်အဆင့်သို့ရောက်ရှိလာခဲ့သည်။

အနက်ရောင်ဂိုဏ်းကြီးငါးခုက မိစ္ဆာဝိညာဉ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်ဆိုသော်ငြား အဖွဲ့ခေါင်းဆောင်များအဖြစ်ဆောင်ရွက်ခြင်းမရှိဘဲ အနက်ရောင်သိုင်းလောကတွင် ကျော်ကြားသည့်လူများကိုအဖွဲ့ခေါင်းဆောင်ရှစ်ယောက်အဖြစ်ဖိတ်ခေါ်ခဲ့သည်။

ထိုလူများထဲတွင် အနိမ့်ဆုံးလူကပင်သိုင်းထိပ်သီးအဆင့်ရှိပြီး ထိပ်ဆုံးသုံးယောက်မှာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားများဖြစ်ကြသည်။

သိုင်းလောကထဲတွင်ပါ နာမည်ဂုဏ်သတင်းကျော်ကြားသည့် ထိုလူရှစ်ယောက်ကို အနက်ရောင်သိုင်းသမားများကလည်း မိစ္ဆာဝိညာဉ်အဖွဲ့ခေါင်းဆောင်များအဖြစ်သဘောတူလက်ခံကြ၍ နတ်ဆိုးရှစ်ယောက်ဟူ၍ဖြစ်လာခဲ့သည်။

သူတို့နှင့်အပြိုင်ကျော်ကြားသည်က သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ဖြစ်ပြီး သခင်ဆယ်ပါးဆိုသည့်နာမည်ဖြင့်ကျော်ကြားခြင်းဖြစ်သည်။

ထိုအဖွဲ့အစည်းနှစ်ခုက လက်ရှိသိုင်းလောကတွင် အဓိကပြိုင်ဆိုင်နေသည့်အင်အားစုနှစ်ခုဖြစ်သလို တွေ့သည့်နေရာတွင် ရန်တစောင်စောင်ဖြစ်နေကြသည်ဟုဆိုနိုင်ပေသည်။

ဌာနချုပ်တွင်အချိန်အတော်များများရှိနေတတ်သည့် သခင်ဆယ်ပါးနှင့်ခြားနားစွာ နတ်ဆိုးရှစ်ယောက်ကို မျက်နှာစုံညီတွေ့မြင်ရရန်ရှားပါးလွန်းသည်။

ထိမ်းချုပ်ရခက်ပြီးစိတ်ထင်ရာလုပ်တတ်သည့်အတးနက်ရောင်သိုင်းသမားများဖြစ်သည့်အားလျော်စွာ နတ်ဆိုးရှစ်ယောက်ထဲရှိအများစုက သိုင်းလောကထဲတွင် စိတ်ရှိသလိုသွားလာနေခြင်းဖြစ်သည်။

သူတို့တစ်ယောက်ချင်းစီက နာမည်ကျော်ထိပ်သီးများဖြစ်ကြပြီး သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သို့ရောက်ရှိသူများပင်ရှိလေရာ အနက်ရောင်ဂိုဏ်းကြီးငါးခုပင် သူတို့ကိုထိမ်းချူပ်နိုင်ခြင်းမရှိပေ။

သို့‌သော်လည်း နတ်ဆိုးရှစ်ယောက်က အနက်ရောင်ဂိုဏ်းကြီးငါးခုနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ကိစ္စအတော်များများကိုပူးပေါင်းဆောင်ရွက်ကြသည်ဟုပြောနိုင်ပေသည်။

ယနေ့တွင်ကား မိစ္ဆာဝိညာဉ်၏ဌာနချုပ်ဖြစ်သည့် လက်ငါးချောင်းတောင်ခြေရှိ ပင်မအဆောက်အဦးကြီးထဲတွင် လူငါးယောက်က ဆွေးနွေးတိုင်ပင်နေကြသည်။

ထိုငါးယောက်က သက်လက်ပိုင်းအရွယ်ရှိကြပြီး သူတိူ့ထဲတွင်အသက်အကြီးဆုံးလူက ခြောက်ဆယ်ကျော်ခန့်ရှိမည့်အဖိုးအိုတစ်ယောက်ဖြစ်သည်။

ထိုအဖိုးအိုက တုတ်ချောင်းတစ်ချောင်းထောင်ထားသလိုပိန်လှီနေပြီး အရိုးပေါ်အရေတင်ပုံစံရှိသည့်အထဲ အနက်ရောင်ဝတ်ရုံဖားဖားကြီးကိုလည်းဝတ်ဆင်ထားသေးသည်။

သူ၏ပုံပန်းသွင်ပြင်ကမည်သို့မှကြည့်မကောင်းသော်လည်း ချောက်နက်ကဲ့သို့ နက်ရှိုင်းသည့်မျက်တွင်းခွက်ခွက်များထဲရှိ မျက်လုံးအစုံက အရောင်တလက်လက်တောက်ပလျက်ရှိသည်။

စင်စစ် ထိုအဖိုးအိုကား အနက်ရောင်သိုင်းလောကတွင်နာမည်ကြီးသည့် သံမဏိအရိုးခြောက်ဟူအိုဖြစ်ပြီး မိစ္ဆာဝိညာဉ်အဖွဲ့၏ခေါင်းဆောင်ဆယ်ယောက်ထဲမှ အရိုးနတ်ဆိုးပင်ဖြစ်သည် ။

အရိုးခြောက်ဟူအိုက အခန်းတွင်ရှိ ကျန်လူလေးယောက်ကိုကြည့်ကာ သူ၏ရှေ့ရှိကျောက်စားပွဲကိုဝုန်းခနဲမည်အောင်ထုလိုက်သည်။

“ ငါတို့ ဒီနေ့လူစုံတွေ့ကြမယ်လို့ သေချာပေါက်သတင်းပို့ထားတာတောင် ဟိုကောင်သုံးကောင်က ရောက်မလာသေးဘူးကြဘူးလား ...”

အရိုးခြောက်ဟူအို၏တင်းမာသည့်စကားကြောင့် ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေကြသည့် ကျန်လူလေး‌ယောက်လည်း ဟူအို့ကိုစောင်းငဲ့ကြည့်လိုက်ကြကာ တစ်ယောက်ကပြောလိုက်သည်။

“ ဘာကိစ္စလဲ ငါ့မှာအချိန်သိပ်မရှိဘူး....”

ထိုလူ၏ခပ်ပြက်ပြက်စကားကြောင့် ဟူအို၏ပိန်လှီသည့်မျက်နှာက ခတ်ထန်သွားပြီး သူ၏မျက်လုံးများအတွင်းမှအရောင်တလက်လက်တောက်ပလာပြီး အေးစက်စက်လေသံဖြင့်မေးလိုက်သည်။

“ ချောင်တင်း ...မင်းဘာစကားပြောလိုက်တာလဲ.....”

ဟူအို၏အေးစိမ့်သည့်လေသံကြောင့် ချောင်တင်းဆိုသည့် လူ၏ခန္တာကိုယ်ကအနည်းငယ်တွန့်သွားသော်လည်း ကျန်လူများလည်းရှိနေ၍ သိက္ခာကျမခံဘဲ ပြန်ပြောလိုက်သည်။

“ ခင်ဗျားက ဒီတိုင်းကြီး ကျုပ်တို့အားလုံးကိုခေါ်တာလေ...အခုကျ ဘယ်သူမှ‌မပြောရသေးဘူး တစ်ယောက်ထဲပေါက်ကွဲနေတာမလား ...”

ချောင်တင်း၏လေသံက အစောပိုင်းကထက်စာလျှင် သိသိသာသာပျော့ပြောင်းသွား၍ ဟူအိုလည်းအကြည့်ရုတ်လိုက်ပြီး ကျန်လူများကိုဝေ့ကြည့်ကာပြောလိုက်သည်။

“ ငါဒီနေ့ အားလုံးကို ခေါ်လိုက်ရတာ ဆွေးနွေးစရာကိစ္စကြီးတစ်ခုရှိလို့ပဲ....”

သူ၏စကားကိုအဆုံးမသတ်ရသေးမီ တစ်ယောက် ဖြတ်ပြောလိုက်သည်။

&&&&

All Chapters