နတ်ဆိုးများ၏တွေ့ဆုံမှု
Vol. 2 Ch. 21
“ ခဏလေး ဟူအို မင်းက ငါတို့ရဲ့ခေါင်းဆောင်လိုလိုဘာလိုလိုလုပ်နေတာရပ်လိုက်လို့ရမလား ..။ အဖွဲ့ထဲမှာ ငါတို့အကုန်လုံးက ရာထူး အတူတူပဲနော် ။ မင်းကသိုင်းပညာလေးသာနေတာနဲ့ မြောက်ကြွကြွဖြစ်မနေနဲ့....”
ထိုလူက အသက်ငါးဆယ်ခန့်ရှိကာ လွန်စွာရှည်လျားသည့်အရပ်အမောင်းကိုပိုင်ဆိုင်ထားသူဖြစ်သည်။
ကိုယ်ဖော့ပညာလွန်စွာကောင်းမွန်ပြီး သူ၏ဓားပျံမှာ အဆင့်တူတွင်ရှောင်တိမ်းနိုင်သူမရှိဟုနာမည်ကျော်သည့် ထိုလူက ပစ်မလွှဲဓားပျံလီစဲ့ဟိုင်ဆိုသည့်နာမည်ကိုရပြီး မိစ္ဆာဝိညာဉ်၏ ဓားပျံနတ်ဆိုးဖြစ်သည်။
မိစ္ဆာဝိညာဉ်အဖွဲ့မတည်ထောင်မီအချိန်များက လီစဲ့ဟိုင်နှင့်ဟူအိုတို့ကြား၌ ကတောက်ကတဆများရှိခဲ့ဖူးပြီး ဟူအို၏လက်ချက်ကြောင့်လီစဲ့ဟိုင်အနေဖြင့် အတော်လေးခံစားခဲ့ရသည့်ဟူအို့တစ်ယောက် ယခုထိတိုင် အခဲမကြေသေးဟန်တူသည်။
လီစဲ့ဟိုင်၏ အတိုက်အခံစကားကြောင့် စားပွဲပေါ်တွင်ရှိနေသည့် ဟူအို၏လက်က တဖြေးဖြေးလက်သီးဆုပ်လာပြီး ချိုးချိုးဂျွတ်ဂွတ်မည်သံများလည်းထွက်ပေါ်လာသည်။
သံမဏိအရိုးခြောက်ဟူအို၏ဆိုသည့်နာမည်ကိုရခဲ့ခြင်းက သူ၏ပိန်လှီလှသည်ခန္တာကိုယ်ကြောင့်မဟုတ်ဘဲ သံမဏိလိုမာကျောလှပြီး တစ်ဖက်လူ၏အရိုးများကိူ အပိုင်းပိုင်းကျိုးစေသည့်သူ၏လက်ချောင်းများကြောင့်ဖြစ်သည်။
တစ်ကြိမ်ကဆိုလျှင် ဟူအို၏ချုပ်ကိုင်မှုကိုခံရသည့်အဆင့်လွန်ထိပ်သီးတစ်ဦးမှာ အော်သံပင်မရဘဲ အရိုးအဆစ်များအပိုင်းပိုင်းအဖြတ်ခံရ၍သေဆုံးခဲ့ပြီး ဟူအို၏ဖမ်းချုပ်လက်သိုင်းပညာက လက်ရှိသိုင်းလောက၏ထိပ်ဆုံးသုံးနေရာဝင်ပေသည် ။
လီစဲ့ဟိုက်၏ထောက်ခံစကားကြောင့် ချောင်တင်းလည်း အားတက်သွားပြီး ဟူအို့ကိုစူးစိုက်ကြည့်ရင်း ထပ်ပြောလိုက်သည်။
“ လီစဲ့ဟိုင်ပြောတာမှန်တယ် ။ ခင်ဗျားက ကျုပ်တို့ကိုဆရာကြီးလုပ်လွန်းတယ်ဟူအို...ခင်ဗျားသိရမှာက မိစ္ဆာဝိညာဉ်ဆိုတာ ခင်ဗျားတစ်ဦးထဲပိုင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးဆိုတာပဲ....”
ဖျော့တော့သည့်အသားအရေနှင့် လူမမာတစ်ယောက်၏ပုံစံပေါက်နေသည့် ချောင်တင်းကား မိစ္ဆာဝိညာဉ်၏နတ်ဆိုးရှစ်ယောက်မှအဆိပ်နတ်ဆိုးဖြစ်သည်။
လွန်ခဲ့သည့်ငါးနှစ်က သိုင်းမဟာမိတ်မှခေါင်းဆောင်သုံးယောက်၏ဝိုင်းဝန်းတိုက်ခိုက်မှူကိုခံနေရစဉ် ဟူအိုက ဝင်ရောက်ကူညီခြင်းမရှိဘဲ ရှောင်တိမ်းသွားသည့်အချက်ကို ရန်ငြိုးထားခြင်းဖြစ်သည်။
ထိုစဉ်က သူ၏တပည့်ကိုပါအသက်ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်လည်း သေလုမျောပါးဖြစ်ခဲ့ရ၍ ချောင်တင်း၏စိတ်ထဲတွင် ဟူအို့ကိုအတော်ပင်မုန်းတီးနေခြင်းဖြစ်သည်။
အချင်းချင်းတိုက်ခိုက်ရခြင်းမပြုရဆိုသည့် မိစ္ဆာဝိညာဉ်၏ တစ်ခုတည်းသောစည်းမျဉ်းနှင့် သူတို့၏အခြေအနေကို အမြဲမပြက်စောင့်ကြည့်နေသည့် အနက်ရောက်ဂိုဏ်းကြီးငါးခုကြောင့်သာမဟုတ်ပါက သူတို့နှစ်ယောက်၏တိုက်ပွဲမှာ ထိုစဉ်ထဲကဖြစ်ပွားပြီးဖြစ်ပေမည်။
လီစဲ့ဟိုင်က ချောင်တင်း၏ဘက်ကဝင်ရောက်ထောက်ခံလာသည့်အတွက် သူတို့၏အခြေအနေများကသိသိသာသာတင်းမာလာပြီး ဟူအိုက ထိုနှစ်ယောက်ကို အေးစက်သည့်အကြည့်ဖြင့်ကြည့်ရင်း ဖြေးညင်းစွာထရပ်လိုက်သည်။
“ အဲ့တော့မင်းတို့က ဘာဖြစ်ချင်လဲ ..”
ဟူအို၏ပွင့်လင်းသည့်စိန်ခေါ်စကားကြောင့် လီစဲ့ဟိုင်နှင့်ချောင်တင်းတို့လည်း ဝုန်းခနဲထရပ်လိုက်ကြသည်။
တစ်ယောက်နှင့်တစ်ယောက် ပေအနည်းငယ်အကွာတွင်ရပ်နေကြသည်ဘ သူတို့သုံးယောက်က အချင်းချင်းစူးစိုက်ကြည့်နေကြပြီး အလစ်တိုက်ခိုက်ခြင်းမခံရစေရန် သတိကြီးစွာထားနေရသည်။
သူတို့သုံးယောက်ထဲတွင်ဟူအို၏သိုင်းပညာကအမြင့်ဆုံးဖြစ်ပြီးသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဖြစ်သော်လည်း ကျန်နှစ်ယောက်ကလည်း ခေသူမဟုတ်ရာ နှစ်ယောက်ပေါင်းပါက ဟူအို့ကိုရင်ဆိုင်နိုင်စွမ်းရှိသည် ။
ဆွေးနွေးပွဲပင်မစရသေးဘဲ တိုက်ခိုက်တော့မည်ပြင်နေကြသူများကို ထိုင်ရာမထဘဲကြည့်ရှုနေသူက ဝဖိုင့်သည့်ခန္တာကိုယ်ရှိသည့်လူကြီးတစ်ယောက်ဖြစ်ပြီး သူ၏လက်ထဲတွင် ကြက်ပေါင်တစ်ချောင်းကိုကိုင်ကာ အားရပါးရကိုက်စားနေတတ်သေးသည်။
ထိုလူကြီးက နီရဲကာ အဆီပြန်နေသည့်မျက်နှာရှိပြီး ပါးစပ်တွင်ဆီများကွင်းနေအောင် ကြက်ပေါင်ကိုကိုက်နေကာ တိုက်ခိုက်တော့မည်ပြင်နေကြသူများကို ပြပွဲအလားကြည့်ရှုနေသည်။
အစားကြူးခြင်း၊ ရွှေငွေရတနာများကိုလွန်စွာခုံမင်ခြင်းနှင့် မိန်းကလေးချောချောလှလှလေးများကို တပ်မက်ခြင်းစသည့် ဂုဏ်ပုဒ်သုံးခုနှင့်ပြည့်စုံသည့်သူ၏အမည်ကား လောဘနတ်ဆိုးအန်းဒူဖုစ်သည်။
“ ဘုတ်....”
ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် အခန်းထဲရှိလူလေးယောက်လုံး နောက်ဆုံးကျန်သည့်လူ့ထံသို့လှည့်ကြည့်လိုက်မိကြသည်။
အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားပြီး တည်ကြည်ခန့်ညားသည့်ရုပ်သွင်ရှိသည့် သူ၏ပုံစံက ကျော်ကြားသည့်စာပေပညာရှင်တစ်ဦးနှင့်ပင်ဆင်တူသည်။
သို့သော် သူ၏လက်ထဲတွင် သေဆုံးခဲ့ရသည့်သိုင်းသမားအရေအတွက်က ဤအခန်းတွင်ရှိလူလေးယောက်ပေါင်းထက်ပင်များပြားပြီး စာပေပညာကိုခုံမင်သလောက် လူသတ်ရခြင်းကိုထမင်းစားရေသောက်လိုသဘောထားသည့်သူ၏ဘွဲ့အမည်က စာပေပညာရှင် သွေးလွှမ်းနတ်ဆိုးစုထန်ဖြစ်ပေသည်။
“ ခြေသလူံးအိမ်တိုင်လျှောက်သွားနေတဲ့ ကွမ်ချင်းဟူက ဘယ်ရောက်နေတယ်မသိရဘူး။
ကုန်းယို့ဟန်က အရှေ့ပိုင်းမှာ သိုင်းမဟာမိတ်က ဝေ့မင်းနဲ့တိုက်ပွဲဖြစ်နေတယ်။
ချူးကုနန်က တော့ လွန်ခဲ့တဲ့သုံးနှစ်ထဲက ပျောက်သွားတာပဲ ။ ဒီကောင်က သူများသတ်လို့သေရင်သေမသေရင် တစ်နေရာရာမှာ ပုန်းပြီးဇိမ်ခံနေတာနေမယ်....”
စုထန်က သူ၏လက်ထဲရှိစာအုပ်ကို စားပွဲပေါ်သို့ပစ်တင်လိုက်ခြင်းဖြစ်ပြီး မည်သူ့ကိုမှမကြည့်ဘဲ စာရွတ်သလိုရေရွတ်လိုက်သည်။
ထို့နောက် သူက မက်တပ်ရပ်နေကြသည့် လူသုံးယောက်ကို အေးဆေးတည်ငြိမ်စွာဖြင့်ကြည့်လိုက်သည်။
“ မင်းတို့သုံးယောက်ကလည်း အေးအေးဆေးဆေးဖြေရှင်းလို့မရဘူးလား...”
သူ၏လေသံက ယဉ်ကျေးသိမ်မွေ့ပြီး ပညာတတ်
တစ်ဦး၏သွင်ပြင်ရှိသည်။
သို့သော် ဓားတစ်စင်းလိုစူးရှအေးစက်လှသည့်သူ၏အကြည့်ကြောင့် ဟူအိုတို့သုံးယောက်၏စိတ်ထဲတွင် တုန်လှုပ်သွားကြပြီးအလိုလိုပင် ပြန်ထိုင်လိုက်မိကြသည်။
ဘေးဘက်မှပွဲကြည်မည်ပြင်နေသည့် အန်းဒူလည်း သူ၏လက်ထဲရှိကြက်ပေါင်ကို ခုံအောက်သို့မသိမသာပစ်ချလိုက်သညိ ။
စုထန်က တော်ရုံနှင့်တိုက်ခိုက်လေ့မရှိသော်လည်း သူတိုက်ခိုက်ပါက အစုလိုက်အပြုံလိုက်သတ်ပွဲများဖြစ်သညအထိသွေးဆာသူတစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် ဟူအို့လို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ဦးပင် စုထန်ကို တစ်ယောက်ချင်းရင်မဆိုင်ဝံ့ပေ။
နတ်ဆိုးရှစ်ယောက်ထဲတွင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည်က သူအပါအဝင်လူသုံးယောက်ဖြစ်သော်လည်း ဟူအိုမှာ ကျန်နှစ်ယောက်ထက်သိသိသာသာနိမ့်ကျပေသည်။
“ ဟူအို ခင်ဗျားစောစောက ပြောသွားတာဘာအကြောင်းလဲ.....”
ပုံမှန်ဆိုလျှင် အခြားလူများ၏ကိစ္စများကို ဝင်မစွက်ဘဲတစ်ကိုယ်တည်းအေးအေးဆေးဆေးနေသည့် စုထန်ပါ ဝင်ပါလာပြီဖြစ်၍ ကျန်လူများလည်း ပြဿနာမရှာဝံ့ကြတော့ဘဲ ဆွေးနွေးပွဲကိုအာရုံစိုက်လာကြသည်။
“ ငကြောက်တွေ....”
စုထန်၏စကားတစ်ခွန်းကြောင့် ငြိမ်ကုတ်သွားကြသည့်ကျန်သုံးယောက်ကိုကြည့်၍ ဟူအိုလည်း တီးတိုးရေရွတ်လိုက်မိသော်လည်း ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည်။
“ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ခွန်လွန်ဂိုဏ်းချုပ်ဆီကနေ ဖိတ်စာရလာတယ်။ သူက ငါတို့ မိစ္ဆာဝိညာဉ်က ခေါင်းဆောင်နှစ်ယောက်ကို စွန်းအိမ်တော်သိုင်းပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်စေချင်နေတယ် ...။
ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေအပြင် သိုင်းလောကထဲက ထင်ရှားတဲ့လူတွေလည်းရောက်လာလိမ့်မယ် ။ အဲဒါ ငါ့အပြင် မင်းတို့ထဲက ဘယ်သူသွားချင်သလဲလို့... “
ဟူအိုက မိစ္ဆာဝိညာဉ်အဖွဲ့၏တာဝန်အတော်များများကိုယူထားသူပီပီ ထိုကိစ္စကိုလည်း သူဦးဆောင်ဖြေရှင်းခြင်းဖြစ်သည်။
ဟူအိူ၏စကားကြောင့် ကျန်လူများလည်း ရုတ်တရက်တိတ်ဆိတ်သွားကြပြီး ချောင်တင်းက ပြောလိုက်သည်။
“ ဒီဆွေးနွေးပွဲကို သိုင်းမဟာမိတ်က ကောင်တွေလည်းလာမှာလား.....”
ချောင်တင်း၏မေးခွန်းကြောင့် ဟူအိုကလှောင်ပြောင်လိုသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ မင်းကဘယ်လိုထင်လို့လဲ ငါတို့ကိုဖိတ်မှတော့ သူတို့ကိုသေချာပေါက်ဖိတ်မှာပေါ့....”
ဟူအို၏စကားကြောင့်အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း ချောင်တင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။
“ ဒါဆိုရင်တော့ ကျုပ်မသွားတော့ဘူး။ သိုင်းမဟာမိတ်ကကောင်တွေကို ကျုပ်မျက်နှာချင်းမဆိုင်ချင်ဘူး။ ပြီးတော့ ဟို သုံးကောင်လာမှာဆိုရင် နေရာတင်ထသတ်မိမယ်...”
ချောင်တင်းက အံကိုတင်းတင်းကြိတ်ထားပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်းအထင်းသားပေါ်ထွက်နေသည်။
သူ၏မကျေလည်မှုကိုကျန်လူများလည်းကောင်းစွာသိ၍ ထပ်မံတိုက်တွန်းခြင်းမရှိတောဘဲ ဟူအိုလည်း ကျန်နှစ်ယောက်ကိုကြည့်လိုက်သည်။
ထိုအခါ လီစဲ့ဟိုင်က ခပ်တည်တည်ပုံစံဖြင့်ရှိနေပြီး အန်းဒူကား အောက်ကိုငုံ့ကြည့်ကာ ရူးချင်ယောင်ဆောင်နေသည်။
သူတို့၏အမူအယာများကြောင့် ဟူအိုတစ်ယောက်စိတ်ညစ်သွားစဉ်စုထန်က လက်မြောက်ကာပြောလိုက်သည်။
“ ကျုပ်လိုက်မယ်.....”
ယခုလိုပွဲမျိုးကို ဝါသနာမပါလှသည့် စုထန်၏စကားကြောင့် ကျန်လူများလည်း အံ့အားသင့်သွားကြသည်။
ထိုစဉ် စုထန်ကား သူ၏လက်ထဲရှိစာအုပ်ကိုပြန်ဖွင့်ကာ ဖတ်ရှုရင်း အခန်းတွင်းမှဦးစွာထွက်ခွာသွားတော့သည် ။
&&&
နေဝင်ရီတရောအချိန်
ညီအစ်ကိုမသိတသိအချိန်ဖြစ်၍ လျှိုစမ်းမြို့လေးထဲရှိအိမ်များပင် မီးအိမ်များကို စတင်ထွန်းညိနေကြလေပြီ။
ထိချုံး၏ အိမ်တွင်ရှိနေသည့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း တည်ကြည်လေးနက်စွာဖြင့်ရှိနေပြီး တိုင်ပင်စရာရှိသည်များကို ဆွေးနွေးနေကြသည်။
ယနေ့ညနေတွက် သူတို့က သွားနေကျ တည်းခိုခန်းသို့သွားရောက်စားသောက်ခြင်းပင်မပြုကြဘဲ သူဌေးဟိုင်၏ခြံဝန်းကိုထိုးဖောက်ဝင်ရောက်ရန်အစီအစဉ်များချမှတ်နေခြင်းဖြစ်၏။
သူဌေးဟိုင်မှာ မြို့အရှေ့ပိုင်းရှိခြံဝန်းကျယ်ကြီးတွင် လက်အောက်ငယ်သားများစွာဖြင့် နေထိုင်ခြင်းဖြစ်ပြီး ခြံဝန်းလုံခြုံရေးမှာ လွန်စွာတင်းကြပ်လှသည်။
သို့သော် ရှောင်ယောင်တိူ့နှစ်ဦးကား ခြံဝန်းကိုတစ်နေကုန်စောင့်ကြည့်လေ့လာပြီးနောက် ခြံဝန်းရှိသိုင်းသမားအင်အားကို အတိအကျသိခဲ့ရပြီဖြစ်သည်။
သူဌေးဟိုင်၏ခြံဝန်းထဲတွင် အစေခံများ၊ အလုပ်သမားများအပါအဝင်လူတစ်ရာကျော်ရှိသော်လည်း တစ်ဝက်ခန့်က မိန်းမများနှင့်သာမန်လူများဖြစ်သည်။
သူဌေးဟိုင်၏ခြံဝန်းကိုအချိန်ပြည့်စောင့်ကြပ်နေသည့်သိုင်းသမားအုပ်စုက လူသုံးဆယ်ခန့်ရှိပြီး ဆယ်ယောက်တစ်ဖွဲ့စီလူလဲ၍စောင့်ကြပ်ခြင်းဖြစ်သည်။
သူတို့ထဲတွင် အဆင့်မြင့်သိုင်းသမား လေးငါးယောက်သာပါဝင်ပြီး ကျန်လူများက သိုင်းပညာနိမ့်ကျရာ လူများသည့်တိုင် ထည့်တွက်စရာအလိုပေ။
သူဌေးဟိုင်ကိုအဓိကစောင့်ကြပ်နေသည့်ကိုယ်ရံတော်အဖွဲ့က လူရှစ်ယောက်သာရှိသော်လည်း သူတိူ့အားလုံးက ထိပ်တန်းအဆင့်နှင့် ထိပ်တန်းလွန်သိုင်းသမားများဖြစ်သည်ဟုသိရသည်။
အဆင့်လွန်ထိပ်သီးရှိမရှိကိုတော့ သူတို့အတိအကျမသိခဲ့ရပေ။
သို့သော် ထိချုံး၏အတွေ့အကြုံနှင့် သေဆုံးသွားသည့်လူများ၏ဖြစ်ရပ်အရ သူဌေးဟိုင်ကိုစောင့်ရှောက်ပေးနေသည့် အဆင့်လွန်ထိပ်သီးတစ်ဦးမကရှိနိုင်ပြီး ထိုလူများမှာ လူမြင်ကွင်းသို့ထွက်ကြဟန်မတူပေ။
&&&&