ခြံဝန်းရှေ့မှတင်းမာမှု
Vol. 2 Ch. 23
“ အစ်ကိုရှောင်ယောင် ဒီကောင်တွေက အရင်လှုပ်ရှားပြီ ။ ကျုပ်တို့သွားရအောင်.....”
ဟောင်ရန်ကသူ၏နောက်ကျောမှဓားကိုလက်ဖြင့်စမ်းရင်းအေးစင်စက်လေသံဖြင့်ပြောလိုက်သည်။
သူ၏စိတ်လောနေသည့်အမူအယာကြောင့်ရှောင်ယောင်လည်းလက်ကာပြလိုက်ပြီး လူငယ်လေးကိုထပ်မေးလိုက်သည်။
“ ဒီကိစ္စကို မင်းတို့ဆရာဖုန်းရန်ကို အကြောင်းကြားပြီးပြီလား ...”
ရှောင်ယောင်၏မေးခွန်းကိုလူငယ်လေးက ခေါင်းညိမ့်ပြလိုက်သည်။
“ ကျုပ်တို့အကြောင်းကြားပြီးပါပြီ။ သူလည်းမကြာခင်သူဌေးဟိုင်ရဲ့ခြံဝန်းကိုသွားလိမ့်မယ်။
ပြီးတော့ ကျန်တဲ့လူတွေက ဆရာထိချုံးကို ပြန်လွှတ်ပေးဖို့ လူစုပြီး သူဌေးဟိုင်ရဲ့ခြံဝန်းကိုသွားနေကြပြီ ....”
လူငယ်လေး၏စကားကြောင့် ရှောင်ယောင်လည်းမျက်နှာကွက်ခနဲပျက်သွားပြီး အထိတ်တလန့်ရေရွတ်လိုက်သည်။
“ မကောင်းတော့ဘူး ဟိုဘက်က သိုင်းပညာအဆင့်မြင့်တဲ့လူတွေအများကြီးရှိတယ်။ သင်တန်းကျောင်းက လူငယ်လေးတွေသာတဇွတ်ထိုးလုပ်ရင် သူတိူ့အတွက် အသက်အန္တရာယ်ရှိနိုင်တယ်....”
ရှောင်ယောင်က ထိုသို့ပြောလိုက်ပြီး ဟောင်ရန့်ကိုအလျှင်အမြန်ပြောလိုက်သည်။
“ သူဌေးဟိုင်ရဲ့ခြံဝန်းကိုသွားကြမယ်....”
ရှောင်ယောင်၏စကားသံက နောက်ဘက်တွင်ကျန်ခဲ့ပြီးသူ၏ခန္တာကိုယ်က အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားပြီးဖြစ်သည်။
သူ၏လျှင်မြန်သွက်လက်လှသည့်လှုပ်ရှားမှုကြောင့် လူငယ်လေးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးဟောင်ရန်လည်း မကျေမနပ်လေသံဖြင့်ရေရွတ်လိုက်သည် ။
“ ဒီလူကတော့....”
ထို့နောက် ဟောင်ရန်လည်းရှောင်ယောင်နည်းတူ လှစ်ခနဲပျောက်ကွယ်သွားပြီး ကျန်ရှိနေသည့်လူငယ်လေးမှာ သူတို့နှစ်ယောက်၏ကိုယ်ဖော့ပညာများကြောင့် အံ့သြထိတ်လန့်စွာဖြင့်ကျန်ရစ်ခဲ့သည်။
&&
မြို့အရှေ့ပိုင်းရှိ သူဌေးဟိုင်၏ခြံဝန်းကြီး
သာမန်ခြံဝန်းများထက်သိသာသာကျယ်ဝန်းပြီး ခြံဝန်းအလယ်ရှိခမ်းနားသည့်စံအိမ်ကြီးနှင့် အခြားအဆောင်များက ခြံဝန်းပိုင်ရှင်၏ချမ်းသာကြွယ်ဝမှုကို ဖော်ပြလျက်ရှိသည်။
တံခါးမကြီး၏နဖူးစည်းတွင် ဟိုင်ဂေဟာဟု ရေးထိုးထားသည့် သူဌေးဟိုင်၏ခြံဝန်းကြီးကား တစ်ချိန်က မြို့ခံလူထုအတွက် အားကိုးအားထားပြုစရာတစ်ခုဖြစ်ခဲ့ဖူးသည် ။
သို့သော်လည်းလွန်ခဲ့သည့်သုံးနှစ်ခန့်က သူဌေးဟိုင်၏အကျင့်စရိုက်များပြောင်းလဲသွားခြင်းနှင့်အတူ လူအများကိုကူညီစောင့်ရှောက်နေသည့်သူဌေးဟိုင်၏ခြံဝန်းက ရွံရှာဖွယ်ကောင်းသည့်နေရာတစ်ခုဖြစ်သွားခဲ့ပေသည် ။
ယခု သူဌေးဟိုင်၏ခြံဝန်းရှေ့၌ လူများဆူဆူညံညံဖြစ်နေပြီး အော်ဟစ်သံများလည်းအဆက်မပြက်ထွက်ပေါ်နေသည်။
အယောက်သုံးဆယ်ကျော်လေးဆယ်နီးပါးရှိမည့်လူများက အသက်များစွာမကြီးကြသေးဘဲ သက်ကျော်သက်အရွယ်များသာဖြစ်ကြသည်။
သူတို့၏ လက်ထဲတွင်ကိုင်ဆောင်ထားကြသည့်မီးတုတ်များမှအလင်းရောင်ကြောင့် တင်းမာခတ်ထန်နေသည့်သူတို့၏အမူအယာများကိုတွေ့နိုင်သလို ပါးစပ်ကလည်း ဒေါသတကြီးအော်ဟစ်နေကြသည် ။
ထိုလူငယ်များမှာ မြို့၏သင်တန်းကျောင်းမှလူငယ်လေးများသာဖြစ်ပြီးသူတို့၏ဆရာဖြစ်သည့်ထိချုံးကို သူဌေးဟိုင်၏လူများကတိုက်ခိုက်ဖမ်းဆီးသွား၍ ယခုလိုလာရောက်အော်ဟစ်နေကြခြင်းဖြစ်သည် ။
သူဌေးဟိုင်၏ခြံဝန်းတံခါးမကြီးကား တင်းကြပ်စွာပိတ်ထားပြီး ခြံဝန်းထဲတွင် မီးများထိန်လင်းနေအောင်ထွန်းညိထားသည်။
ရုတ်တရက်ဖြစ်လာသည့်တင်းမာသည့်အခြေအနေများကြောင့် ကြောက်လန့်တုန်လှုပ်နေကြသည့်အစေခံများနှင့်အလုပ်သမားများက ခြံထောင့်တစ်နေရာတွင်စုရုံးနေကြသလို အစောင့်သိုင်းသမားများကလည်း လက်နက်ကိုယ်စီကိုင်ဆောင်ထားကြပြီး အော်ဟစ်သံများထွက်ပေါ်နေသည့် ခြံဝန်းအပြင်ကို မကြာခဏလှမ်းမျှော်ကြည့်ရှုနေကြသည်။
သူဌေး၏ဟိုင်နေထိုင်ရာ စံအိမ်ကြီး၏ပတ်လည်ကို ကိုယ်ရံတော်အဖွဲ့ကစောင့်ကြပ်နေပြီး သူတို့၏ပုံစံက တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေဟန်တူသည်။
စံအိမ်ရှေ့တွင်မူ ကျောက်စိမ်းငွေတိုက်တာဝန်ခံမိုဖန်းနှင့်သူ၏တပည့်လူဝကြီးဖန်းချီတို့ရှိနေကြသည်။
“ ဆရာ ...ဒီလိုလုပ်တာ သင့်လျော်ပါ့မလား..တော်ကြာ ခေါင်းဆောင်ဒေါသဖြစ်သွားရင်ဘယ်လိုလုပ်မလဲ....”
ခြံဝန်းအပြင်ဘက်မှအော်ဟစ်သံများကြောင့် လူဝကြီးဖန်းချီက ခပ်တိုးတိုးပြောလိုက်ခြင်းဖြစ်သည်။
ယခင်က သူတို့မြို့ထဲတွင် စိတ်ရှိတိုင်းရမ်းကားယုတ်မာကြသည်က ဥပဒေဘောင်အပြင်မှဖြစ်ပြီးယခုလိုလူတစ်ယောက်ကို လူသိရှင်ကြားဖမ်းဆီးသည်ကပထမဆူံးအကြိမ်ဖြစ်သည်။
ထို့အပြင်ယခုကိစ္စတစ်ခုလုံးကို မိုဖန်းကစီစဉ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက် လူငယ်နှစ်ယောက်ကိုတိတ်ဆိတ်ဖြေရှင်းခြင်းမရှိသည်ကို သူတွေးတောမရဘဲဖြစ်နေသည်။
ဖန်းချီ၏အနည်းငယ်စိုးရိမ်နေသည့်အမူအယာကိုကြည့်၍ မိုဖန်းက ပြုံး၍ပြောလိုက်သည်။
“ ဘာမှစိတ်မပူနဲ့ ခေါင်းဆောင်ရဲ့အကျင့်စရိုက်အရဆိူရင် ငါတို့ဘာလုပ်လုပ် သူအပြစ်တင်မယ်ထင်လား ။
ဒီသုံးနှစ်အတွင်းမှာ သူ့အတွက်လိုတရဖြစ်ပြီး မိန်းမချောလေးတွေလည်းမပြက်ရနေတော့သူက အဖွဲ့ကိုတောင်ပြန်ချင်ပုံမရဘူး။
ပြီးတော့ မင်းတွေးနေတာကိုငါသိပါတယ်။ ငါဘာလို့ ဟိုလူငယ်နှစ်ယောက်ကိုတိတ်တဆိတ်မဖြေရှင်းတာလဲသိလား....”
မီးရောင်အောက်တွင် မိုဖန်း၏မျက်လုံးများက တလက်လက်တောက်ပနေပြီး သူ၏ကောက်ကျစ်သည့်အမူအယာက ထင်ရှားစွာပေါ်ထွက်နေသည် ။
“ ဒီနှစ်ယောက်ရဲ့ပုံစံကသိုင်းလောကထဲကိုဝင်တာကြာသေးပုံမရဘူး ။ဒါပေမယ့် စာပေသမားလူငယ်ကအဆင့်လွန်ထိပ်သီးအဆင့်ရှိပြီး သူဌေးသားက ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ပဲ။
သူတို့ကို တိတ်တဆိတ်ဖြေရှင်းဖို့အတော်ခက်တယ်။ ငါကိုယ်တိုင်လိုက်ပါတိုက်ခိုက်ရင်တောင် သူတိူ့လွတ်မြောက်သွားရင်အလကားပဲ။
ဒါကြောင့် သူတို့မိတ်ဆွေထိချုံးဆိုတဲ့ကောင်ကိုဖမ်းဆီးပြီး သူတို့ကို ဒီကိုရောက်အောင်မျှားခေါ်ရတာပဲ။
သူတို့သာ ဒီကိုလိုက်လာရင်ခေါင်းဆောင်ရဲ့လက်ချက်နဲ့ ကျိန်းသေပေါက်သေဆုံးမှာပဲ...။။အဲဒီအခါကျရင် ငါတို့ကမပင်မပန်းနဲ့ လိုချင်တာရမယ်မလား ...”
မိုဖန်း၏အကွက်ကျသည့်အစီအစဉ်ကြောင့်လူဝကြီးဖန်းချီပင် အနည်းငယ်ကြောက်လန့်မိသွားပြီး သူ၏ဘေးရှိပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည့်မိုဖန်းကို တုန်လှုပ်စွာကြည့်လိုက်မိ၏ ။
ထိုလူက သိုင်းပညာထိုမျှကြောက်စရာမကောင်းသော်လည်း သူ၏တစ်ကိုယ်လုံးတွင်ဉာဏ်နီဉာဏ်နက်များပြည့်နေပြီး ပါးနပ်မှုလည်းရှိသေးသည်။
မိုဖန်းက လူဝကြီးဖန်းချီကိုဂရုမစိုက်တော့ဘဲ အစောင့်သိုင်းသမားများကိုကြည့်ကာပြောလိုက်သည်။
“ ဟေ့...ခြံရှေ့က ကောင်တွေကို တိတ်တိတ်နေဖို့သွားပြောလိုက်စမ်း....လက်မခံရင် ဆုံးမလို့ရတယ်။ အသက်မသေရင်ပြီးတာပဲ....”
မိုဖန်း၏ညွှန်ကြားမှုကြောင့် မူလကပင် လက်တပြင်ပြင်ဖြစ်နေကြသည့်အစောင့်များလည်း အားရကျေနပ်စွာပြုံးလိုက်ကြပြီး ဆူဆူညံညံအသံပြု၍ တံခါးမကြီးကိုဖွင့်လိုက်သည်။
ထိုစဉ် သူဌေးဟိုင်၏ခြံဝန်းနှင့်မလှမ်းမကမ်းနေရာရှိအမှောင်ရိပ်ထဲတွင် ရှောင်ယောင်နှင့်ဟောင်ရန်တို့ရှိနေပြီး ခြံဝန်းရှေ့ရှိလူငယ်များကိုကြည့်ကာ ရှောင်ယောင်လည်း ခေါင်းယမ်း၍ရေရွတ်လိုက်သည်။
“ ဒီလူငယ်တွေကတော့ တကယ်တဇွတ်ထိုးနိုင်တာပဲ။ သူတို့ဒီလိုလာအော်နေလို့ သူတို့ဆရာကိုပြန်ရမယ်များထင်နေလားမသိဘူး ။
ပြီးတော့ သူဌေးဟိုင်ရဲ့မကောင်းမှုတွေကိုသိတာတောင် လက်နက်လေးဘာလေးယူမလာဘူး။ ဟိုမှာ ကောင်လေးငယ်ငယ်လေးတွေတောင်ပါသေးတယ်....”
သင်တန်းကျောင်းမှလူများကြားရှိ ဆယ့်သုံးလေးနှစ်အရွယ်လူငယ်သုံးလေးယောက်ကိုပါမြင်လိုက်ရ၍ ရှောင်ယောင်လည်း စိတ်ပျက်စွာပြောလိုက်ခြင်းဖြစ်သည်။
ထိုအချိန်တွင် သူဌေးဟိုင်၏ခြံဝန်းတံခါးကြီးက ဝုန်းခနဲပွင့်သွားပြီး အထဲမှလက်နက်ကိုယ်၏ဆွဲကိုင်ထားကြသည့်အစောင့်သိုင်းသမားများစွာထွက်လာသည် ။
“ ဟေ့ တိတ်တိတ်နေစမ်း လူပြီး ဆူညံဆူညံလုပ်နေရအောင် မင်းတို့ဖအအိမ်များမှတ်နေလား....”
ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသလို ရိုင်းပြစွာအော်ဟစ်လိုက်သူက အစောင့်ခေါင်းဆောင်ဖြစ်သည်။။
သန်မာထွားကြိုင်းသည့်ကိုယ်ကာယရှိပြီး ဓားပြားကြီးတစ်လက်ကိုကိုင်ဆောင်ထားသည့်ထိုလူက နာမည်ကြီးတောပုန်းဓားပြတစ်ဦးဖြစ်သူ ကျားကြီးပိုင်ဆိုသူဖြစ်သည်။
ယခင်က လျှိုစမ်းမြို့နှင့်အနီးတစ်ဝိုက်တောအုပ်များတွင် ခရီးသွားများကိုလုယက်သတ်ဖြတ်လေ့ရှိပြီး အဆင့်မြင့်သိုင်းသမားတစ်ဦးဖြစ်သည့်အတွက် မြို့အာဏာပိုင်များပင်ဖမ်းဆီးနိုင်ခြင်းမရှိပေ။
လွန်ခဲ့သည့်သုံးနှစ်က သူဌေးဟိုင်ပြောင်းလဲသွားပြီးနောက် သူ၏လက်အောက်သို့ရောက်လူသူများထဲတွင် ကျားကြီးပိုင်လည်းအပါအဝင်ဖြစ်ပြီး သူ၏သိုင်းပညာကြောင့် အစောင့်ခေါင်းဆောင်ရာထူးကိုရခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုယ်စီကိုင်ဆောင်ထားကြပြီး တင်းမာခတ်ထန်သည့်သွင်ပြင်ရှိသည့်အစောင့်များ၏ပုံစံကြောင့် သင်တန်းကျောင်းမှလူငယ်လေးများမှာ အနည်းငယ်ထိတ်လန့်သွားကြသော်လည်း နောက်မဆုတ်ကြဘဲ တစ်ယောက်က အော်ဟစ်လိုက်သည်။
“ ငါတို့ဆရာကိုထုတ်ပေးစမ်း မင်းတို့က ဘာဖြစ်လို့ငါတို့ဆရာကိုဖမ်းသွားတာလဲ....”
“ ဟုတ်တယ် အခုထုတ်ပေးစမ်း....”
လူငယ်များ၏အော်ဟစ်သံများဆူညံသွားစဉ် ကျားကြီးပိုင်က အေးစက်တင်းမာသည့်လေသံဖြင့်အော်ဟစ်လိုက်သည် ။
“ တိတ်စမ်း နောက်တစ်ခွန်းထွက်လာရင် မင်းတို့ထဲကတစ်ယောက်ကို ငါသတ်မယ် ။ နှစ်ခွန်းထွက်ရင် နှစ်ယောက်သတ်မယ်....”
ကျားကြီးပိုင်၏ ကြောက်စရာကောင်းသည့်မျက်နှာကြီးက မီးရောင်အောင်တွင် ခြောက်ချားဖွယ်ဖြစ်နေပြီး သူ၏ရက်စက်မှုများကိုကြားဖူးထား၍ လူငယ်များမှာ ငြိမ်သက်သွားကြသည်။
ထိုအဖြစ်ကြောင့် ကျားကြီးပိုင်၏နောက်မှအစောင့်သိုင်းသမားများမှာ သဘောကျစွာရယ်မောလိုက်ကြသည်။
“ ဟားဟား...ငါတို့ခြံဝန်းရှေ့ကိုလူစုပြီးလာတယ်ဆိုတော့ မြွေဟောက်ပေါက်လေးတွေမှတ်နေတာ လက်စသက်တော့ အဆိပ်မရှိတဲ့ရေမြွေလေးတွေပါလား...”
“ ဟုတ်ပါ့ ..ဒါများသူတို့ဆရာကိုလာပြီးတောင်းနေကြသေးတယ်။ မင်းတို့ဆရာက ငါတို့သူဌေးရဲ့ရတနာပစ္စည်းကိုခိုးသွားလို့ အခုသူ့ကိုဖမ်းပြီးစစ်ဆေးနေရတာပဲ....”
တစ်ဖက်လူများ၏လှောင်ပြောင်စကားနှင့် မတရားစွပ်စွဲမှုများကြောင့် အစောပိုင်းကတုန်လှုပ်သွားသည့်လူငယ်များမှာ နောက်တစ်ကြိမ်ဒေါသထွက်သွားကြပြီး သူတို့ကိုဦးဆောင်လာသည့်လူငယ်က စိတ်မထိမ်းနိုင်တော့ဘဲ အော်ဟစ်မာန်သွင်း၍ရှေ့သို့တက်သွားတော့သည်။
“ သေစမ်း...”
လူငယ်က သူ၏လက်ထဲမှမီးတုတ်ဖြင့် တစ်ဖက်လူများ၏ခေါင်းဆောင်ဖြစ်သည့် ကျားကြီးပိုင်ကို အားကုန်လွှဲရိုက်ချလိုက်သည်။
လူငယ်၏သိုင်းပညာကအဆင့်မနိမ့်ဘဲ အဆင့်မြငိ့သိုင်းသမားတစ်ဦးဖြစ်သည့်တိုင် တိုက်ပွဲအတွေ့အကြုံမရှိ၍ ကျားကြီးပိုင်လိုနာမည်ကြီးဓားပြတစ်ဦးကိုမည်သို့ရင်ဆိုင်နိုင်မည်နည်း။
&&&&