← Chapters

တိုက်ရိုက်ဝင်ရောက်ခြင်း

Vol. 2 Ch. 24

တိုက်ရိုက်ဝင်ရောက်ခြင်း

Vol. 2 Ch. 24

“ ဝုန်း....”

ကျယ်လောင်သည့်အသံနှင့်အတူ လူငယ်လေး၏ခန္တာကိုယ်က နောက်ဘက်သို့လွင့်စင်သွားသည်။

သူ၏တိုက်ကွက်က ကျားကြီးပိုင်ကိုမထိဘဲ တစ်ဖက်လူ၏ခြေကန်ချက်ကြောင့် နောက်သို့လွင့်စင်သွားခြင်းဖြစ်သည်။

“ အစ်ကိုကြီးယန် ..”

သင်တန်းကျောင်းမှအခြားလူငယ်များလည်း သူတို့၏အစ်ကိုကြီးကိုပြေး၍ပွေ့ထူလိုက်ကြသည်။

ကျားကြီးပိုင်၏ခြေကန်ချက်ကအတော်ပင်ပြင်းထန်လှ၍ နောက်သို့လွင့်သွားသည့်လူငယ်လေးမှာ ပါးစပ်ထောင့်စွန်းမှသွေးများပင်စီးကျလာသည်။

သူတို့အစ်ကိုကြီး၏အဖြစ်ကြောင့် ကျန်လူငယ်များလည်းမည်သည့်အရာကိုမှတွေးတောဆင်ခြင်နိုင်ခြင်းမရှိဘဲဒေါသဖူံးလွှမ်းကာ အစောင့်သိုင်းသမားများဆီသို့တိုက်ခိုက်ရန်ပြေးဝင်သွားကြသည်။

သူတို့၏အရေအတွက်သာလွန်သော်လည်း အတွေ့အကြုံမရှိသည့်လူငယ်များသာဖြစ်ရာ တစ်ဖက်လူများက လုံးဝကြောက်ရွံ့မှုမရှိဘဲ ရယ်မော၍ပြန်လည်တိုက်ခိုက်လိုက်ကြသည်။

အကယ်၍ နောက်ဆက်တွဲပြဿနာများကြီးထွားလာမည်ကိုသာစိုးရိမ်ခြင်းမရှိပါက သူတို့အနေဖြင့်ထိုလူငယ်များကိုတစ်ခါထဲသတ်ဖြတ်ပေလိမ့်မည်။

အော်ဟစ်မာန်သွင်းသံများ တိုက်ခိုက်သံများဆူညံသွားပြီး လူရိပ်များက ရောထွေးကုန်ကြသည်။

လူငယ်လေးများမှာ ခြံဝန်းအစောင့်များထက် သိုင်းပညာများစွာနိမ့်ကျခြင်းမရှိသော်လည်းအတွေ့အကြုံနုနယ်လှပြီးလက်နက်တစ်စုံတစ်ရာလည်းမပါကြပေ။

သူတို့၏လက်ထဲတွင်ပါလာကြသည့်မီးတုတ်များကိုသာလက်နက်အဖြစ်အသုံးပြုတိုက်ခိုက်နေရသည်။

တစ်ဖက်တွင် ခြံဝန်းအစောင့်များကား ဓား၊လှံများပါလာကြပြီး အသက်မသေလျှင်ပင် ပြင်းထန်စွာတိုက်ခိုက်ကြပေသည် ။

သူတို့၏ရက်စက်သည့်တိုက်ခိုက်ပုံများကြောင့် လူငယ်လေးများမှာ တခဏအတွင်းအရေးနိမ့်လာပြီး သူတို့ထဲမှအချို့ဆိုလျှင် ဒဏ်ရာအပြင်းအထန်ပင်ရရှိကုန်ကြသည် ။

ထိုမြင်ကွင်းကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်းဆက်လက်ငြိမ်မနေနိုင်ကြတော့ဘဲ ခြံဝန်းရှေ့သို့အမြန်ဆုံးပြေးထွက်သွားကြသည်။

“ ရပ်လိုက်စမ်း....”

အတွင်းအားပြည့်ဝသည့်ဟောင်ရန်၏အော်ဟစ်သံကြီးကြောင့် အပြင်းအထန်တိုက်ခိုက်နေကြသည့် အစောင့်သိုင်းသမားများနှင့်လူငယ်လေးများပင်တုန်လှုပ်သွားကြသည်။

ထိုအခိုက်ရှောင်ယောင်နှင့် ဟောင်ရန်တို့က သူတို့၏လူစုအတွင်းသို့ဝင်ရောက်သွားပြီး အစောင့်သိုင်းသမားများကို တရကြမ်းတိုးဝင်တိုက်ခိုက်လိုက်ကြသည်။

“ ဝုန်း... ဝုန်း....”

“ အား.....”

‌မာန်သွင်းအော်ဟစ်သံများ ၊ ညည်းညူသံများဆူညံသွားပြီး သိုးအုပ်အတွင်းကျားဝင်သည့်ပမာအစောင့်သိုင်းသမားများမှာ အလဲလဲအပြိုပြိုဖြစ်ကုန်ကြသည်။

ရှောင်ယောင်က ပြင်းထန်လှသည့်လက်သီးလက်ဝါးချက်များကိုသုံး၍တွေ့သည့်လူကိုတိုက်ခိုက်နေပြီး အစောင့်သိုင်းသမားများမှာ သိုင်းတစ်ကွက်စီဖြင့်လွင့်စင်ကုန်ကြသည်။

သင်တန်းကျောင်းမှ လူငယ်များလည်း ရုတ်တရက်ရောက်ရှိလာပြီးသူတို့ဘက်မှဝင်တိုက်သည့်လူနှစ်ယောက်ကို အံ့ဩထိတ်လန့်စွာဖြင့်ကြည့်ရှုနေမိကြသည် ။

ဟောင်ရန်၏ဘက်တွင်ကား ပို၍အခြေအနေဆိုးသေးသည်။

စာပေသမားပုံစံဝတ်ဆင်ထားပြီး ချောမောသည့်လူငယ်လေးကတိုက်ပွဲတွင်လွန်စွာကြောက်စရာကောင်းလှပြီး ဓားရောင်တစ်ချက်လက်သည်နှင့်သိုင်းသမားတစ်ယောက်လဲကျသွားပြီးဖြစ်သည်။

သူ၏စိတ်ဓာတ်အရ တစ်ဖက်လူများ၏သေကွင်းသေကွက်နေရာများကိုမတိုက်ခိုက်သော်လည်း နောက်ထပ်တိုက်ခိုက်နိုင်စွမ်းကင်းမဲ့စေရန်ခြေလက်ကြောများကိုရည်ရွယ်၍တိုက်ခိုက်နေသည်

ပုံမှန်ဆိုလျှင် ထိုမျှရက်စက်မည်မဟုတ်သော်လည်း အစောပိုင်းက လူငယ်များကို ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိစေခဲ့သည့် ထိုလူများ၏လုပ်ရပ်များကိုဒေါသထွက်နေ၍ ယခုလိုဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဟောင်ရန်၏ဓားက လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားနေပြီး ကိုယ်ဖောပညာကိုအစွမ်းကုန်သုံးကာ သိုင်းသမားအုပ်အတွင်းဝင်ရောက်သွားခြင်းဖြစ်သညမ။

သူဖြတ်ပြေးသွားသည့်နေရာတိုင်းတွင် အစောင့်သိုင်းသမားများမှာ ခြေထောက်သို့မဟုတ်လက်များကိုအုပ်ကိုင်၍လဲကျသွားကြပြီး လူသုံးဆယ်ခန့်ရှိသည့်အစောင့်သိုင်းသမားများမှာ အချိန်အနည်းငယ်အတွင်းအားလုံးလဲကျကုန်ကြသည်။

သူတို့ထဲတွင်သိုင်းပညာအမြင့်ဆုံးဖြစ်ပြီး ရှောင်ယောင်၏လက်ချက်ကြောင့် နံရိုးများကျိူးကာ လဲကျနေသည့်ကျားကြီးပိုင်ပင် အဆင့်မြင့်သိုင်းသမားတစ်ယောက်သာဖြစ်သည်။

ထို့ကြောင့် ကျန်ရှိနေသည့်သိုင်းသမားများလည်း သူတို့နှစ်ယောက်ကိုခုခံရန်မဆိုထားနှင့်အချိန်ကြာကြာပင်မတိုက်ခိုက်နိုင်ကြပေ။

အကျဉ်းချုပ်လိုက်ရပါက ရှောင်ယောင်၏လက်ချက်ကြောင့် အစောင့်သိုင်းသမားဆယ့်သုံးယောက်ခန့်လဲကျသွားပြီး ဟောင်ရန်၏လက်ချက်ကြောင့်ဆယ့်ခုနှစ်ယောက်ခန့်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကုန်ကြသည်။

အစောင့်သိုင်းသမားများကို ရှင်းလင်းပြီးနောက် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

ထိုအခါမှ အံ့ဩတုန်လှုပ်နေကြသည့်လူငယ်လေးများမှာ သတိဝင်လာကြပြီး ရှောင်ယောင်တို့ကို ထိတ်လန့်တကြားကြည့်လိုက်မိကြသည်။။

သတ်ဖြတ်ရခြင်းကို လက်ယဉ်နေသည့်အစောင့်သိုင်းသမားများကိုရင်ဆိုင်ဝံ့သည်က သူတို့၏သွေးဆူလွယ်သည့်စိတ်နှင့် ထိချုံးအဖမ်းခံရခြင်းကြောင့်ဖြစ်ပြီး အားလုံးနီးပါးက တခြားလူကိုသတ်ဖြတ်ရန်မဆိုထား ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်ပင်မလုပ်ဝံ့ကြပေ။

ထို့ကြောင့် သူတို့၏ရှေ့တွင် အစောင့်သိုင်းသမားများစွာကို လက်သံပြောင်ပြောင်ဆော်ပြလိုက်သည့်ရှောင်ယောင်တို့ကိုလည်း ကြောက်လန့်နေခြင်းဖြစ်သည်။။

“ ခင်..ခင်ဗျားတို့က ဘယ်သူတွေလဲ...”

လူငယ်လေးတစ်ယောက်ကတုန်ယင်နေသည့်လေသံဖြင့်မေးလိုက်သည်။

“ စိတ်မပူပါနဲ့ ငါတို့က အစ်ကိုထိချုံးရဲ့မိတ်ဆွေတွေပါ....”

ရှောင်ယောင်ကထိုလူငယ်လေး၏မေးခွန်းကိုပြုံး၍ပြန်ဖြေလိုက်သည်။

သူ၏ကြည့်ကောင်းသည့်အပြုံးက နေရောင်ခြည်လိုနွေးထွေးပြီးနှစ်လိုဖွယ်ဖြစ်နေသည့်တိုင် ချောမောသည့်ထိုလူက အစောပိုင်းက ကျားကြီးပိုင်ကို လက်သီးတစ်ချက်ထဲဖြင့်အမှောက်သိပ်ထား၍ လူငယ်လေးများမှာ ထိတ်လန့်နေကြဆဲပင်။

ထိုအခိုက် အဝေးဆီမှ မြင်းခွာသံများကြားလိုက်ရပြီး တဝုန်းဝုန်းမည်သံများလည်းထွက်ပေါ်လာသည်။

ထိုအသံကြောင့် လူငယ်လေးများ၏မျက်နှာက ဝင်းလက်သွားပြီး ဝမ်းမြောက်ပျော်ရွှင်စွာပြောလိုက်ကြသည်။

“ ဆရာဖုန်းရန်လာပြီထင်တယ်....”

“ ဆရာ‌ဖုန်းရန်လာရင် ဆရာထိချုံးကို ကျိန်းသေပေါက်ကယ်လို့ရပြီ....”

လူငယ်လေးများ၏စကားများကြောင့် ရှောင်ယောင်လည်းတစ်စုံတစ်ခုမေးမည်ပြုလိုက်စဉ် ဟောင်ရန်၏အသံထွက်ပေါ်လာသည်။

“ အစ်ကိုရှောင်ယောင်...”

ပွင့်ဟနေသည့်တံခါးမကြီးမှတဆင့်စံအိမ်ကြီးဆီသို့ကြည့်လိုက်ရာ စံအိမ်၏ရှေ့တွင်ရပ်ကာ သူတို့ကိုစိုက်ကြည့်နေသည့်မိုဖန်း ၊ လူဝကြီးဖန်းချီနှင့်သူတို့၏နောက်မှ အနက်ရောင်ဝတ်စုံဝတ်သိုင်းသမားများကိုတွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ရှောင်ယောင်လည်း မချိပြုံးပြုံးလိုက်မိပြီး ဟောင်ရန်၏ပခုံးကိုအသာပုတ်ကာ စံအိမ်အတွင်းသို့လျှောက်သွားလိုက်သည်။

“ ငါပြောထားတဲ့အစီအစဉ်တွေကိုမေ့လိုက်တော့ မင်းကြိုက်သလိုလုပ်လို့ရပြီ...”

တိတ်တဆိတ်ဝင်ရောက်မည့်သူတို့၏မူလအစီအစဉ်ကပျက်စီးသွားပြီဖြစ်ရာ ရန်သူနှင့်ထိတ်တိုက်ရင်ဆိုင်ရန်သာကျန်ရှိတော့သည်။

ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်၏မျက်လုံးများက အရောင်လက်သွားပြီး ရှောင်ယောင်နှင့်ရင်ဘောင်တန်းကာ ခြံဝန်းအတွင်းသို့ တုံ့ဆိုင်းခြင်းမရှိဝင်ရောက်သွားတော့သည်။

ရဲရင့်တက်ကြွသည့်ပုံစံဖြင့် သူတို့ဆီသို့ဦးတည်လျှောက်လှမ်းလာသည့်လူငယ်နှစ်ယောက်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများသာမက မိုဖန်းပင်အနည်းငယ်အံ့အားသင့်သွားသည်။

ခြံဝန်းအပြင်ရှိ လူငယ်လေးများနှင့် ခြံဝန်းထောင့်ရှိအလုပ်သမားများကား သူတို့၏သက်တမ်းတစ်လျှောက် ယခုလိုရဲရင့်တည်ကြည်လှသည့်လူငယ်နှစ်‌ယောက်ကိုပထမဆုံးအကြိမ်အဖြစ်မြင်ဖူးခြင်းဖြစ်ပြီး သူတို့၏စိတ်ထဲတွင်စွဲမြဲနေစေမည့်မြင်ကွင်းလည်းဖြစ်သည်။

ရှောင်ယောင်က စံအိမ်ရှေ့ရှိ မိုဖန်းတို့လူစုကိုဝေ့ကြည့်ရင်း တည်ငြိမ်သည့်အသံဖြင့်မေးလိုက်သည်။

“ ဒါပဲလား ...”

သူ၏စကားက တိုတောင်းသော်လည်းအထဲတွင်ပါဝင်သည့် သတ္တိရှိမှု၊ ထီမထင်မှုနှင့် ပြက်သားမှုတို့ကိုလူအားလုံးခံစားမိလိုက်သည်။

ရှောင်ယောင်၏စကားနှင့်ရှေ့ဆင့်နောက်ဆင့်ပင် အနက်ရောင်ဝတ်စုံဝတ်လူရှစ်ယောက်က သူတို့နှစ်ယောက်ကို လျှင်မြန်စွာဝိုင်းထားလိုက်ကြသည်။

“ ဟီးဟီး...အစ်ကိုရှောင်ယောင် ကျုပ်ပြောသားပဲ အစီအစဉ်တွေလုပ်နေတာထက် ဒီအတိုင်းဝင်တိုက်တာက ကောင်းတာပါဆို ....”

ဟောင်ရန်က သူတို့၏ပတ်လည်ရှိရန်သူများကိုမမြင်သည့်အလား ရယ်မော၍ရှောင်ယောင်ကိုပြောလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်သိုင်းသမားရှစ်ယောက်လုံးက သိုင်းပညာထိပ်တန်းအဆင့်ရှိပြီး ထိူအထဲမှနှစ်ယောက်ဆိုလျှင်ထိပ်တန်းလွန်သိုင်းသမားများဖြစ်ကြသော်လည်း သူတို့နှစ်ယောက်အတွက် များစွာဂရုစိုက်စရာမလိုပေ။

ထို့အပြင် တစ်ဖက်လူများနှင့်အတူ မိုဖန်းနှင့်လူဝကြီးဖန်းချီတို့ပါရှိနေသော်လည် ဂရုမစိုက်ပေ ။

သူတို့နှစ်ဦးလုံးက ဤခြံဝန်းအတွင်း ခြေတစ်လှမ်းချပြီးချိန်မှစ၍ နောက်ပြန်ဆုတ်ရန်မတွေးထား ။

“ တာဝန်ခံကြီး....ကျုပ်တို့ ပြန်ဆုံကြပြန်ပြီနော်....”

ရှောင်ယောင်ကသူတို့ကို အေးစက်စက်မျက်ဝန်းများနှင့်ကြည့်နေသည့်မိုဖန်းကိုလှမ်းပြောလိုက်သည်။

သူ၏စကားကြောင့်မိုဖန်း၏တောက်ပသည့်မျက်ဝန်းထဲတွင်ကောက်ကျစ်သည့်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

“ ဟိုနေ့က ငွေတိုက်ကိုလာတဲ့မိတ်ဆွေလေးပါလား။ ကျုပ်တို့ခြံဝန်းကိုထိုးဖောက်လာတာက ဘာသဘောလဲမသိဘူး..”

မိုဖန်း၏လေသံက တည်ငြိမ်နေပြီး မိတ်ဟောင်းဆွေဟောင်းကို နှုတ်ဆက်နေသည့်အလား နွေးထွေးလှသည်။

သူတို့နှစ်ဦးစလုံးက ယနေ့ည၌ သေချာပေါက်ရင်ဆိုင်ကြရမည်ဖြစ်ကြောင်းသိနေသည့်တိုင် အပေါ်ယံစကားများအရဆိုပါက မိတ်ဆွေများဟုပင်အထင်မှားသွားနိုင်သည်။

ရှောင်ယောင်လောက်မတည်ငြိမ်ဘဲ ဒေါသထွက်နေသည့် ဟောင်ရန်ကား မိုဖန်းနှင့်လူဝကြီးဖန်းချီတို့ကိုကြည့်ကာ တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။

“ အစ်ကိုထိချုံးဘယ်မလဲ ...သူ့ကိုအမြန်ထုတ်ပေးစမ်း...မဟုတ်ရင် ကျုပ်ရဲ့ဓားက ခင်ဗျားဆီရောက်လာမယ်...”

ခြံဝန်းအနှံ့ထိန်လင်းနေသည့်မီးအလင်းရောင်များအောက်တွင် ဟောင်ရန်၏လက်ထဲရှိဓားရှည်ကလည်း တောက်ပလျက်ရှိသည်။

&&&&

All Chapters