အသာစီးအခြေအနေ
Vol. 2 Ch. 26
“ ဒီလူယုတ်မာကတော့...”
ဟောင်ရန်လည်း နောက်ဘက်သို့ခုန်ဆုတ်လိုက်ပြီးသွေးများစီးကျနေသည့်သူ၏ပခုံးစွန်းကိုပြန်ကြည့်လိုက်မိကာ ထိတ်လန့်ဒေါသထွက်စွာဖြင့်ရေရွတ်လိုက်သည် ။
အစောပိုင်းက ရှောင်ယောင်အတွက် စိုးရိမ်ပူပန်နေခြင်းနှင့် မိုဖန်း၏ဓားရှည်မှာ သူ့ကိုဟန့်တားရာ၌အသုံးပြုခဲ့သည့်အတွက်ရန်သူ လက်နက်မဲ့ဖြစ်နေခြင်းအတွက်ကြောင့် အနည်းငယ်သတိပေါ့လျော့မိခြင်းဖြစ်သည် ။
ထိုအချိန်ခဏလေးကိုအခွင့်ကောင်းယူကာ မိုဖန်းကအလစ်ဝင်တိုက်ခိုက်ခဲ့ပြီး သူ၏ရှောင်တိမ်းမှုသာအချိန်အနည်းငယ်နောက်ကျသွားပါက ဟောင်ရန်မှာ သေဆုံးနေသည့်အလောင်းကောင်တစ်ခုဖြစ်နေလောက်ချေပြီ။
တစ်ဖက်တွင် ရှောင်ယောင်လည်းမြေပေါ်သို့ပြန်ရောက်ရောက်ချင်း အခြားလူများအံ့ဩတုန်လှုပ်နေစဉ် အနီးဆုံးတွင်ရှိသည့် အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦးဆီသို့လျှင်မြန်စွာချဉ်းကပ်သွားလေသည်။
သူ၏အနီးသို့ရုတ်တရက်ရောကိရှိလာသည့်ရှောင်ယောင်ကြောင့် ထိုလူက ထိတ်လန့်သွားပြီးသူ၏လက်ထဲရှိဓားကိုဝေ့ယမ်းလိုက်သည် ။
သို့သော် ကြိုတင်ပြင်ဆင်ထားပြီးအလစ်ဝင်တိုက်သည့်ရှောင်ယောင်ကား ထိုလူ၏ဓားကွက်ကိုအလွယ်တကူရှောင်တိမ်းလိုက်ကာ တိုက်ကွက်များရိုးစင်းသည့်တိုင် အားအင်ပြင်းထန်လှသည့်ရှောင်လင်သံမဏိလက်သီးဖြင့် ထိုးချလိုက်တော့သည်။
“ ဂျွတ်...”
“ ဝုန်း...”
ရှောင်ယောင်၏လက်သီးက အနက်ရောင်ဝတ်စုံဝတ်လူ၏ရင်ဘက်အတွသ်းကျွံဝင်သွားပြီး နံရိုးအနည်းငယ်ပါကျိုးသွားဟန်တူသည်။
ကြိုးပြတ်နေသည့်စွန်တစ်ကောင်လိုလွင့်စင်သွားငည့်ထိုလူ၏ခန္တာကိုယ်ကလည်းအစောပိုင်းက လဲကျနေသူ၏အနီးသို့ကျရောက်သွားပြီး သူ၏အခြေအနေကားပို၍ပင်ဆိုးရွားနေသေးသည်။
သိုင်းပညာထိပ်တန်းအဆင့်သာရှိသညိ့တစ်ဖက်လူကို သိုင်းကွက်အနည်းငယ်အတွင်း သတ်ဖြတ်နိူင်မည်ဟုတွေးခဲ့မိသော်လည်း ထိုလူ၏လက်ချက်ကြောင့် သူတို့၏လူနှစ်ယောက်ပင်တိုက်ခိုက်နိုင်စွမ်းမရှိတော့ရာ အနက်ရောင်ဝတ်စုံဝတ်လူများလည်းလွန်စွာတုန်လှုပ်ကာ နောက်သို့ပင်အလိုလိုဆုတ်လို့်မိကြ၏ ။
“ ဟေ့ ငတုံး ဂရုစိုက်ကွ ..”
ရှောင်ယောင်လည်း မိုဖန်၏အလစ်တိုက်ကွက်ကြောင့် ပခုံးစွန်းတွင်ဒဏ်ရာရရှိသွားသည့် ဟောင်ရန့်ကိုလှမ်းပြောလိုပ်သည် ။
“ ကိုယ့်ဘာသာပဲ မသေအောင်နေစမ်းပါ...”
ရှောင်ယောင်၏စနောက်မှုကို ဟောင်ရန်လည်း ပြန်၍ချေပလိုက်ပြီး ဓားမြောင်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည့် မိုဖန်းကိုစူးစိုက်ကြည့်လိုက်သည်။
“ ဒီတစ်ခါတော့ ခင်ဗျားသေပြီ....”
ဟောင့်ရန့်လို စိတ်ထားနူးညံ့သူတစ်ဦးပင် မိုဖန်းဆိုသည့်လူကိုလွန်စွာဒေါသထွက်နေပြီး သူ၏အကြည့်က မိုဖန်း၏လက်ထဲမှဓားမြောင်ဆီသို့ရောက်သွားသည့်အခါ တစ်စုံတစ်ခုကို သဘောပေါက်သွားမိသည်။။
သူ၏အလစ်အငိုက်လုပ်ကြံမှုကို ဟောင်ရန်ရှောင်တိမ်းလိုက်နိုင်၍မိုဖန်းလည်း အတော်ပင်တုန်လှုပ်ထိတ်လန့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိစတင်တိုက်ခိုက်ခြင်းမရှိသေးသည်ကထူးဆန်းလှသည်။
ထို့အတူ ရှောင်ယောင်လည်း သူ၏ဘေးဘက်တွင်ဝန်းရံရုံသာ ဝန်းရံထားပြီးဝင်ရောက်တိုက်ခိုက်ခြင်းမရှိသည့်အနက်ရောင်ဝတ်စုံဝတ်လူများကြောင့် တစ်စုံတစ်ခုမှားယွင်းနေသည်ဟုခံစားလိုက်မိသည်။
သူတို့မတိုက်ခိုက်မီက မိုဖန်း၏ဘေးတွင်ရှိနေသော်လည်း တိုက်ပွဲစဖြစ်သည်နှင့်ပျောက်ကွယ်သွားသည့် လူဝကြီးဖန်းချီကိုသတိပြုန်လိုက်၍ သူ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး အလျှင်အမြန်အော်ဟစ်လိုက်သည်။
“ ဟောင်ရန် တိုက်တော့ သူတို့ကအကူအညီရောက်လာအောင် အချိန်ဆွဲနေတာ....”
ရှောင်ယောင်၏သတိပေးစကားကြောင့် ဟောင်ရန်လည်း ရှေ့သို့လှစ်ခနဲတိုးဝင်သွားပြီး မိုဖန်းကိုတရကြမ်းဝင်တိုက်တော့သည်။
ထိုနည်းတူ ရှောင်ယောင်သည်လည်း သူ၏အနီးရှိအနက်ရောင်ဝတ်စုံဝတ်လူခြောက်ယောက်ဆီသို့ပြေးဝင်သွားပြီး အစွမ်းကုန်သုံးကာတိုက်ပွဲကိုအမြန်ဆုံးဖြတ်ရန်ကြိူးပမ်းလိုက်တော့သည်။
သူတိူ့၏အကြံကိုရှောင်ယောင်ကရိပ်မိစားမိသွား၍ အနက်ရောင်ဝတ်စုံဝတ်သိုင်းသမားများလည်း ညာသံပေးကာ ပြိုင်တူဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
သူတို့၏ဓားသိုင်းကများစွာအစွမ်းမထက်သော်လည်း အချင်းချင်းပူးပေါင်းဆောင်ရွက်မှုက လွန်စွာကောင်းမွန်လှပြီး ရှောင်ယောင်သာ သူတို့ထဲမှနှစ်ယောက်ကို ရှင်းပစ်ထားနိုင်ခြင်းမရှိပါက အနည်းငယ်ရင်ဆိုင်ရခက်ခဲနိုင်သည်။
ယခုအချိန်တွင်တော့ အနက်ရောင်ဝတ်စုံဝတ်လူခြောက်ယောက်၏ကြားတွင် ရှောင်ယောင်က လျှင်မြန်စွာရွေ့လျားနေပြီး သူ၏လက်သီးလက်ဝါးများဖြင့် အပြင်းအထန်တိုက်ခိုက်လျက်ရှိသည်။
အဝေးမှကြည့်နေသည့်လူများမှာ ရှောင်ယောင်၏ခန္တာကိုယ်ကိုပင် သဲသဲကွဲကွဲမမြင်ရဘဲ အဖြူရောင်အရိပ်တစ်ခုကိုသာမြင်ရပြီး တေလေဂိုဏ်း၏မူပိုင်သိုင်းပညာဖြစ်သည့် မသေမျိုးနတ်သား၏အရက်မူးရှစ်ကွက်မှာ လွန်စွာအစွမ်းထက်သည့်လှုပ်ရှားမှုသိုင်းပညာတစ်ခုဖြစ်ပေသည်။
ထိုနည်းတူ အတွင်းအားကိုသာမက အပြင်အားလမ်းစဉ်ကိုပါလေ့ကျင့်သည့်ရှောင်ယောင်၏တိုက်ပွဲစွမ်းအားက အခြားလူများထက်နှစ်ဆဖြစ်ပြီး သူ၏လှုပ်ရှားမှုသိုင်းနှင့်ပေါင်းစပ်ပါက အနက်ရောင်ဝတ်စုံဝတ်လူများမှာ ပူးပေါင်းတိုက်ခိုက်ချိန်ပင်မရဘဲ တစ်ယောက်ပြီးတစ်ယောက်ရှင်းပစ်ခံနေရသည်။
တစ်ဖက်တွင် လျှင်မြန်ရှုပ်ထွေးလှသည့် ဟောင်ရန်၏ကြောက်မက်ဖွယ်ဓားကွက်များကိုရင်ဆိုင်နေရသည့်မိုဖန်းကား အနက်ရောင်ဝတ်စုံဝတ်လူများထက်ပင်အခြေအနေဆိုးနေသေးသည်။
သူ၏လက်ထဲရှိဓားမြောင်တိုကိုဝေ့ယမ်း၍တန်ပြန်တိုက်ခိုက်နေသည့်မိုဖန်း၏တိုက်ကွက်များကရက်စက်ပြီးကြမ်းကြုတ်သော်လည်း ဟောင်ရန့်ကိုရင်ဆိုင်နိုင်သည်အထိတော့အစွမ်းထက်ခြင်းမရှိပေ။
မိုဖန်း၏တိုက်ကွက်များကအစောပိုင်းကထပ်ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး သူ၏အဓိကလက်နက်က ဓားရှည်မဟုတ်ဘဲဓားတိုလေးသာဖြစ်သည်။
ဓားရှည်ဖြင့်တိုက်ခိုက်ခြင်းက သူ၏လှည့်စားမှုဖြစ်ကာ ပြိုင်ဘက်သတိပေါ့လျော့နေစဉ် သူ၏ဓားမြောင်ဖြင့် ရန်သူများကိုသတ်ဖြတ်နိုင်ခဲ့သည်ကအရေအတွက်အတော်ပင်များပြားနေပြီဖြစ်သည်။
သို့သော် သူ၏အလစ်အငိုက်လုပ်ကြံမှုကျရှုံးသွားပြီးသည့်နောက်တွင် ဟောင်ရန့်လိူအစွမ်းထက်ထိပ်သီးတစ်ဦးကိုအနိုင်ယူနိုင်ရန်ကမဖြစ်နိုင်တော့ဘဲ ဟောင်ရန်၏ဓားကွက်များကိုသာ အသေအလဲခုခံတိုက်ခိုက်နေရသည်။
ထိုအချိန်တွင် သူတို့၏တိုက်ပွဲကိုကြည့်ရှုနေသည်က လူများစွာရှိနေပြီး ခြံဝန်းထောင့်ရှိအလုပ်သအားများသာမက ခြံဝန်းဝင်ပေါက်တွင်ပိတ်ဆိူ့ထားသည့် တပ်ဖွဲ့များနှင့် သိုင်းသင်တန်းကျောင်းမှလူငယ်များပါရှိနေကြသည်။
အစောပိုင်းက ခြံဝန်းအစောင့်သိုင်းသမားများ၏လက်ချက်ကြောင့်လူငယ်ဆယ်ယောက်ကျော်ကျော်ဒဏ်ရာရရှိသွားသည့်တိုင် ရှောင်ယောင်တို့၏ အချိန်မီ ဝင်ရောက်ကူညီမှုကြောင့်ဒဏ်ရာအပြင်းအထန်ရရှိသည်အထိတော့မဖြစ်ခဲ့ပေ။
ယခု ထိုလူငယ်လေးများကလည်း တိုက်ပွဲကိုကြည့်ရှုနေပြီး သူတို့၏နောက်ဘက်တွင်ကား မြို့စားခြံဝန်းမှဖြစ်ဟန်တူသည့်တပ်သားများရှိနေသည်။
အယောက် သုံးဆယ်နီးပါးရှိသည့်ထိုတပ်သားများမှာ မြို့စောင့်တပ်ဖွဲ့မှအင်အားကုန်နီးပါးဖြစ်ဟန်တူပြီး ယခုလိုအလယ်အလက်အဆင့်မြို့လေးတစ်ခုတွင် စစ်တပ်အင်အားငါးဆယ်ပင်မပြည့်ပေ။
သူတို့ကိုဦးဆောင်လာသူက စာပေသမားဝတ်စုံကိုဝတ်ဆင်ထားသည့် ကဗျာဆရဖုန်းရန်ဖြစ်နေပြီး အံ့ဩဖွယ်ကောင်းစွာဖြင့် မြို့စောင့်တပ်သားများမှာ ဖုန်းရန်ကိူအတော်ပင်ရိုသေလေးစားကြဟန်တူသည်။
ထိုအခိုက် သင်တန်းကျောင်းမှလူငယ်လေးတစ်ယောက်က ဖုန်းရန်ကိုခပ်တိုးတိုးမေးလိုက်သည်။
“ ဆရာဖုန်းရန် ကျုပ်တို့ ဆရာထိချုံးကို သွားပြီး မကယ်တင်ဘူးလား....”
ထိုလူငယ်လေးက ကျားကြီးပိုင်ကို မီးတုတ်ဖြင့်ဝင်ရိုက်ခဲ့သည့်လူငယ်လေးဖြစ်ပြီး သင်တန်းကျောင်းမှတပည့်များထဲတွင်အကြီးဆုံးဖြစ်သည်။။
သူ၏မေးခွန်းကြောင့် ဖုန်းရန်လည်း ခေါင်းယမ်းပြလိုက်ပြီးတိုက်ပွဲကိုစူးစိုက်ကြည့်ကာဖြေးညင်းစွာပြန်ဖြေလိုက်သည်။
“ ငါတို့တတ်နိူင်တာမရှိဘူး။ ဟိုက မိတ်ဆွေနှစ်ယောက်အနိုင်ရရင်တော့ အစ်ကိုကြီးထိချုံးကို ဘေးမသီရန်မခံဘဲပြန်ရနိုင်တယ်။ သူတိူ့ရှုံးနိမ့်သွားရင်တော့...”
ဖုန်းရန်က သူ၏စကားကိုဆုံးအောင်မပြောဘဲရပ်လိုက်သော်လည်းကျန်လူများကား သူဆိူလိူရင်းကိုနားလည်သဘောပေါက်လိုက်ကြပြီး ပြင်းထန်လှသည့်တိုက်ပွဲနှစ်ခုကို စိုးရိမ်ပူပန်စွာကြည့်လိုက်ကြသည်။
တိုက်ပွဲစတင်သည်က အချိန်များစွာကြာမြင့်ခြင်းမရှိသော်လည်း ရှောင်ယောင်နှင့်တိုက်ခိုက်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူရှစ်ယောက်ထဲတွင် သုံးယောက်သာကျန်ရှိတော့ပြီး ထိုလူများကား ဒဏ်ရာအပြင်းအထန်ရကာ လဲကျညည်းညူလျက်ရှိကြသည်။
သူတိုတစ်ယောက်ချင်းစီကသိုင်းပညာထိပ်တန်းအဆင့်ရှိကာ အစွမ်းထက်လှသည့်ပူးပေါင်းတိုက်ခိုက်မှုက သာမန်အဆင့်လွန်ထိပ်သီးများကိုအနိုင်ယူနိုင်သည့်တိုင်ရှောင်ယောင်နှင့်ရင်ဆိုင်ရာတွင် လုံးဝဖိနှိပ်ခံနေရသည်။
ကောင်းစွာတိုက်ပွဲမစမီကပင် သူတိူ့ထဲမှနှစ်ယောက်ကိုရှောင်ယောင်က အနိုင်ယူပြလိုက်ရာ ကျန်လူခြောက်ယောက်လည်း စိတ်ထဲမှထိတ်လန့်တုန်လှုပ်နေကြပြီး မတိုက်ခိုက်မီက စိတ်ဓာတ်အနေအထားတစ်ပန်းသာနေရာ ရှောင်ယောင်အသာစီးယူနိုင်သည်က အထူးအဆန်းတော့မဟုတ်ပေ။
ထို့အပြင် အတွင်းအားကိုသာမက အပြင်အားလမ်းစဉ်လျှောက်သူပါဖြစ်သည့် သူ၏တိုက်ပွဲစွမ်းအားက အဆင့်တူများထက်များစွာသာလွန်ပြီး ရှောင်ယောင်၏တစ်ကိုယ်လုံးကလက်နက်တစ်ခုသဖွယ်ဖြစ်နေသည် ။
မသေမျိုးနတ်သား၏ အရက်မူးခြေရှစ်လှမ်း သို့မဟုတ် အရက်မူးရှစ်ကွက်ကလည်း တစ်ဦးချင်းတိုက်ပွဲသာမက လူအုပ်နှင့်ရင်ဆိုင်ရာတွင်လည်း အစွမ်းထက်ဆဲဖြစ်ပြီးရှောင်ယောင်ကို အံ့ဩဖွယ်ကောင်းသည့်အရှိန်ဖြင့်လှုပ်ရှားတိုက်ခိုက်နိုင်စေခဲ့သည်။
ထို့ကြောင့် တိုက်ပွဲစတင်သည်ကအချိန်ကြာမြင့်စွာမရှိသေးသည့်တိုင် အနက်ရောင်ဝတ်စုံဝတ်လူများထဲမှတစ်ဝက်ကျော်ဒဏ်ရာအပြင်းအထန်ရရှိကုန်ပြီး ကျန်သုံးယောက်ကလည်း တိုက်စစ်ပင်မဆင်ဝံ့တော့ပေ။
တစ်ဖက်တွင် ဟောင်ရန်နှင့်ရင်ဆိုင်နေသည့်မိုဖန်းလည်း လွန်စွာဆိုးရွားသည့်အခြေအနေသို့ရောက်ရှိနေပြီးသူ၏ခန္တာကိုယ်ပေါ်တွင် ဓားဒဏ်ရာသူံးလေးခုပင်ဖြစ်ပေါ်လျှက်ရှိသည်
ဟောင်ရန်၏ဓားသိုင်းကလျှင်မြန်မှုကိုအခြေခံထားပြီး ရှုပ်ထွေးသည့်ကွက်ပြောင်းများစွာပါဝင်ရာ မိုဖန်းလိုသာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်သည်က မထူးဆန်းပေ။
ထို့အပြင် မိုဖန်း၏ဓားမြောင်သိုင်းက ချောင်းမြောင်းတိုက်ခိုက်ရာ၌ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ထိတ်တိုက်ရင်ဆိုင်ရာတွင် ဓားရှည်ကိုင်ဆောင်ထားသည့်ဟောင်ရန်နှင့်ရင်ဆိုင်ရာ၌ တစ်ပန်းရှုံးနေသည်။
ထို့ကြောင့် မိုဖန်းလည်းကိုယ်ပေါ်တွင် ဒဏ်ရာများစွာရရှိထားပြီး ဟောင်ရန်၏တိုက်ကွက်များကို အသဲအသန်ခုခံရှောင်တိမ်းနေရပေသည်။
သို့သော် ဟောင်ရန်၏ဓားကွက်များက အချိန်ကြာလေလေပို၍ရှုပ်ထွေးလာလေလေဖြစ်ပြီး မိုဖန်းမှာ သူ၏အကန့်အသက်သို့ရောက်ရှိနေပြီဖြစ်သည်။
နောက်ထပ်သိုင်းဆယ်ကွက်အတွင်း ဟောင်ရန်အနိုင်ရတော့မည်က သေချာသလောက်ဖြစ်နေသည့်အတွက် မိုဖန်းလည်း အံကိုတင်းတင်းကြိတ်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“ ခေါင်းဆောင်....ကျုပ်ကို ကယ်ပါဦး....”
မိုဖန်း၏စကားအဆုံး၌ စံအိမ်အတွင်းပိုင်းဆီမှ အလင်းတစ်ချက်လက်သွားပြီး သေးငယ်သည့်ဓားပျံသုံးချောင်းက လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့် ဟောင်ရန့်ဆီသို့တိုးဝင်လာသည်။
ဓားပျံနှစ်ချောင်းက ဟောင်ရန်၏ဘယ်ဘက်ရင်အုံနှင့် လည်မျိုဆီသို့တည့်မက်စွာဝင်ရောက်လာပြီး ကျန်တစ်ချောင်းက သူ၏ဦးခေါင်းအပေါ်နားဆီသိုါတိုးဝင်လာခြင်းဖြစ်သည်။
ထိုဓားပျံများက ဟောင်ရန်၏ သေကွင်းသေကွက်နေရာများသို့သာ ဦးတည်လာခြင်းဖြစ်ပြီး သူတို့စအရှိန်အဟုန်ကလွန်စွာလျှင်မြန်လှပေသည်။
စံအိမ်အတွင်းမှရုတ်တရက်ထွက်ပေါ်လာသည့်ဓားပျံများက တိုက်ခိုက်နေရင်းတန်းလန်းဝင်ရောက်လာခြင်းဖြစ်၍ ဟောင်ရန်မှာ မိုဖန်းကိုဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ လေပေါ်သို့ခုန်တက်၍ ဓားပျံနှစ်ချောင်းကိုရှောင်တိမ်းကာ ကျန်တစ်ချောင်းကိုရိုက်ထုတ်လိုက်ရသည်။
&&&&