← Chapters

ပညာလျှိုသူ

Vol. 2 Ch. 29

ပညာလျှိုသူ

Vol. 2 Ch. 29

“ ကောင်လေး မင်းက ရှောင်လင်အဝေးရောက်သိုင်းသမားလား....”

ချူးကုနန်က ရှောင်ယောင်၏တိုက်ကွက်များကိုခုခံရှောင်တိမ်းရင်းမေးလိုက်သည်။

အစောပိုင်းက ရှောင်ယောင်အသုံးပြုခဲ့သည့်ရွှေခေါင်းလောင်းသိုင်းကြောင့် ရှောင်ယောင်၏ဇာတ်မြစ်ကိုသူမှန်းဆမိခြင်းဖြစ်ပြီး ရှောင်လင်၏လူငယ်မျိူးဆက်တွင် ရှန့်စီးယန်အပြင်ယခုလိုအစွမ်းထက်လူငယ်တစ်ယောက်ရှိနေဦးမည်ဟုထင်မှတ်မထားပေ။

“ ကျုပ်က ရှောင်လင်ရဲ့လူဝတ်ကြောင်တပည့်တစ်ဦးပါ....”

မည်သည့်အတွက် ချူးကုနန်က ယခုလိုမေးမြန်းလာသည်မသိ‌သော်လည်း ရှောင်ယောင်လည်း ကောင်းမွန်စွာပြန်လည်ဖြေကြားလိုက်သည်။

တိုက်ခိုက်နေရင်း စကားပြောနေသည့်တိုင် ရှောင်ယောင်၏တိုက်ကွက်များကနှေးကွေးသွားခြင်းမရှိဘဲ ပို၍ပင်အစွမ်းထက်လာသည်။

မှန်းဆရခက်ခဲပြီး သူ၏ဟာကွက်များကိုသာတိုးဝင်နေသည့်လက်ဝါးရိုက်ချက်များကြောင့် ချူးကုနန်လည်း အရိုးလှံရှည်ကို ပို၍မြန်ဆန်အောင်အရှိန်မြင့်လိုက်ရင်း ထပ်၍ပြောလိုက်သည်။

“ မင်းနဲ့ ဟိုက ကောင်လေးကို ငါသဘောကျတယ်။ တကယ်လို့ မင်းတို့သာ မိစ္ဆာဝိညာဉ်အဖွဲ့ထဲကိုဝင်လိုက်ရင် ငါနဲ့တခြားခေါင်းဆောင်ခုနစ်ယောက်ကလွဲပြီး မင်းတို့ရဲ့အဆင့်အတန်းကအမြင့်ဆူံးဖြစ်စေရမယ်လို့ ကတိပေးတယ် ...”

ချူးကုနန်၏‌စကားကြောင့် ရှောင်ယောင်လည်း ထိုလူ၏စိတ်အကြံကိုရိပ်စားမိကာ စိတ်ထဲတွင် ပြုံးလိုက်မိသည်။

စင်စစ် ချူးကုနန်က သူနှင့်ဟောင်ရန်တို့၏အရည်အချင်းကိုတွေ့မြင်ပြီး သူ၏လူအဖြစ်စည်းရုံးလိုခြင်းဖြစ်သည်။

သို့သော် ရှောင်ယောင်ကား နှစ်ခါပြန်တွေးတောမနေဘဲ တန်း၍ ငြင်းဆန်လိုက်သည် ။

“ စိတ်မကောင်းပါဘူး...ကျုပ် မိစ္ဆာဝိညာဉ်အဖွဲ့ထဲကိုဝင်ဖို့ လုံးဝစိတ်ကူးမရှိဘူး...”

ရှောင်ယောင်၏အဖြေကြောင့် ချူးကုနန်၏မျက်နှာက ပို၍အေးစက်သွားပြီး သူ၏မျက်ဝန်းထဲတွင်သတ်ဖြတ်လိုသည့်အရိပ်တစ်ခုဖြတ်ပြေးသွားသည်။။

သူတို့၏တိုက်ပွဲက သိုင်းကွက်သုံးဆယ်ကျော်သို့ရောက်ရှိလာသည့်တိုင်မည်သူမှအသာစီးမယူနိုင်သေးဘဲ သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေဆဲပင်။

ရှောင်ယောင်၏နေရာတွင် သာမန်သိုင်းထိပ်သီးတစ်ဦးဆိုပါက သိုင်းကွက်နှစ်ဆယ်ပင်ခံနိုင်မည်မဟုတ်ပေ။

အပြင်အားလမ်းစဉ်လျှောက်သူဖြစ်၍ ခန္တာကိုယ်လေ့ကျင့်ထားသည့်ရှောင်ယောင်ပင် တစ်ဖက်လူ၏အရိုးလှံနှင့်ထိတ်တိုက်ဆုံတွေ့မိတိုင်း ကြီးမားသည့်အတွင်းအားကြောင့် ထုံကျင်သွားတတ်သည်။

ကံကောင်းထော‌က်မစွာဖြင့် ခန္တာကိုယ်ကိုမာကျောအောင်လေ့ကျင့်ထားနိုင်သူတစ်ယောက်ဖြစ်ရာ အတွင်းဒဏ်ရာရရှိမည်ကိုစိုးရိမ်စရာမလိုဘဲထိတ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိပေသည်။

ထိုအခိုက် သူ၏နောက်ဘက်မှတိုက်ခိုက်သံများတိတ်ဆိတ်သွားပြီး ဟောင်ရန်၏စကားသံထွက်ပေါ်လာသည်။

“ အစ်ကိုရှောင်ယောင် ကျုပ်လာကူပြီ....”

အော်ဟစ်သံနှင့်အတူ ဟောင်ရန်၏ခန္တာကိုယ်ကသူတို့အနီးသို့ရိပ်ခနဲရောက်လာကာ လက်ထဲရှိဓားက ချူးကုနန်၏အရိုးလှံရှည်ကိုကြားဖြတ်ဟန့်တားလိုက်သည်။

“ ထန်း....”

ဓားနှင့်အရိုးလှံတို့ထိတွေ့သံက ကျယ်လောင်စွာပေါ်ထွက်လာပြီး ဟောင်ရန်မှာ ဓားကိုင်လက်တစ်ခုလုံးထုံကျင်သွားလေသည်။

သူ၏အတွင်းအားက သာမန်သိုင်းထိပ်သီးများထက်သာလွန်ပြီးအစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ဟုခေါ်ဆိုနိုင်သည့်တိုင် ချူးကုနန်လိုဝါရင့်သိုင်းသမားကြီးတစ်ဦးထက်တော့အတွင်းအားနိမ့်ကျနေသေးသည်။

“ ဟမ့် မင်းက ငါသေမှပဲဝင်လာမလားလို့ ...”

ရှောင်ယောင်လည်း သူတို့၏တိုက်ပွဲကြားသို့ရောက်လာသည့် ဟောင်ရန့်ကိုခနဲ့လိုက်သည်။

သူ၏စကားကြောင့် ဟောင်ရန်၏မျက်နှာကပြောင်းလဲသွားပြီး အလျော့‌မပေးဘဲနှုတ်လှန်ထိုးလိုက်သည်။

“ ကျုပ်ဘာလုပ်ခဲ့တယ်ဆိုတာကို ခင်ဗျားမမြင်ဖူးဘူးလား....”

ဟောင်ရန်၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်ကို သူဖြေရှင်းခဲ့ပြီဖြစ်မှန်းရိပ်စားမိလိုက်သည်။

အစောပိုင်းက ရှောင်ယောင်ချူးကုနန်ကိုဝင်ရောက်တိုက်ခိုက်စဉ်မှာပင် ဟောင်ရန်သည်လည်းအနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်ထံသို့ပြေးဝင်တိုက်ခိုက်‌လိုက်ခြင်းဖြစ်သည်။

ဟောင်ရန်က အားလုံးထဲတွင် အန္တရာယ်အရှိဆုံးမှာ ချူးကုနန်ဖြစ်သည်ကိုသိရှိသော်လည်း ထိုလူသုံးယောက်က ကျန်လူများကိုရန်မူနိုင်ရာ ကြိုတင်ဖြေရှင်းထားခြင်းဖြစ်သည်။

ထိုလူသုံးယောက်က သိုင်းပညာထိပ်တန်းအဆင့်သာရှိပြီး ပူးပေါင်းတိုက်ခိုက်မှုလွန်စွာအစွမ်းထပ်သည့်တိုင်လူတို့လူတစ်ဝက်ကျော် တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးထားပြီး သူတို့၏ခေါင်းဆောင်ကိုလည်း ရှောင်ယောင်က ဝင်ရောက်တိုက်ခိုက်နေရာ စိတ်ဓာတ်ကျဆင်းနေပြီး ဟောင်ရန့်ကိုသိုင်းကွက်များစွာခုခံနိုင်ခြင်းပင်မရှိတော့ပေ။

အံ့သြဖွယ်ကောင်းစွာဖြင့် မိုဖန်းနှင့်လူဝကြီးဖန်းချီတို့ကိုမည်သည့်နေရာမှရှာမတွေ့တော့ဘဲ ထိုနှစ်ယောက်က အခြေအနေများရှုပ်ထွေးနေစဉ်ပျောက်ကွယ်သွားပြီဖြစ်သည် ။

မည်သို့ပင်ဖြစ်စေ ရှောင်ယောင်လည်း ဟောင်ရန်ပါအကူအညီရောက်ရှိလာ၍ အားတက်သွားသည်ကတော့အမှန်ပင် ။

ထို့နောက် လေထဲမှလက်ဝါးသိုင်းကိုသုံး၍ ဟာကွက်ရှာတိုက်ခိုက်နေရာမှ ပြင်းထန်အားကောင်းသည့်တိုက်ခိုက်ရေးသိုင်းပညာဖြစ်သည့် မိုးဖြိုသံမဏိလက်သီးသိုင်းကို ပြောင်းလဲအသုံးပြုလိုက်သည်။

“ ဝုန်း...ဝုန်း....”

မိုးဖြိုသံမဏိလက်သီးသိုင်းကရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးထဲတွင် များစွာကျော်ကြားမှုမရှိသော်လည်း သူ၏ပြင်းထန်အားကောင်းမှုက လွန်စွာကြောက်မက်ဖွယ်‌ကောင်းလှသည်။

ခုခံသည့်အကွက်ပင်နည်းပါးပြီး တိုက်စစ်ဆင်သည့်သိုင်းကွက်အများစုဖြင့်ဖွဲ့စည်းထားသည့်ထိုလက်သီးသိုင်းကို ရှောင်လင်၏လက်ရှိမျိုးဆက်တွင် ရှောင်ယောင်၊ ကြွယ်ယန်နှင့် ဆရာတော်ရွှမ်းစီး (ဝါ) ရှန့်စီးယန် တို့သာ လေ့ကျင့်သည်ဟုသိရသည်။။

တစ်ခါတစ်ရံတွင် မိုးဖြိုသံမဏိလက်သီးသိုင်းအစား နာမည်ကျော်နဂါးလက်သည်းကိုထုတ်သုံးပြီး ချူးကုနန်၏အရိုးလှံရှည်ကိုအခွင့်အရေးရတိုင်းလုယူတတ်သေးသည် ။

နဂါးလက်သည်းသိုင်းက ပြင်းထန်ကြမ်းတမ်းသည့်တိုက်ကွက်များနှင့် ပြောင်မြောက်သည့်ချုပ်ကွက်များစွာပါဝင်သော်လည်း ချူးကုနန်၏အရိုးအလှံရှည်ကိုတော့လွယ်လွယ်နှင့်လုယူရန်မဖြစ်နိုင်သေးပေ။

တစ်ဖက်တွင် ဟောင်ရန်လည်း သူ၏လျှင်မြန်ရှုပ်ထွေးသည့်ဓားသိုင်းကိုအစွမ်းကုန်ထုတ်ဖော်တိုက်ခိုက်နေရာ ဓားအရိပ်များကရာနှင့်ချီ၍ထွက်ပေါ်နေပြီး ချူးကုနန်ကိုလွတ်လမ်းမရှိအောင်ပိတ်ဆို့ထားသည်။

ထိုအခြေအနေတွင် ချူးကုနန်မှာ သူ၏လက်ရှစ်ဘက်ဘွဲ့အမည်အတိုင်း လက်နက်ပုန်းအသုံးပြုတတိုက်ခိုက်နိုင်ခြင်းပင်မရှိတော့ဘဲ အရိုးလှံရှည်ကိုရေပတ်မဝင်အောင်ဝေ့ယမ်းကာ ရှောင်ယောင်တို့နှစ်ယောက်၏တိုက်ကွက်များကို ခုခံကာကွယ်နေရသည်။

“ ဟမ့်...ဒါများ မိစ္ဆာဝိညာဉ်ရဲ့နတ်ဆိုးရှစ်‌ယောက်ထဲက တစ်ယောက်တဲ့ ။ ဒီလောက်အရည်အချင်းလေးနဲ့ ကျုပ်တို့ကိုစည်းရုံးချင်သေးတယ်...”

သိသိသာသာပင် ဟောင်ရန်က အစောပိုင်းက ချူးကုနန်၏စည်းရုံးမှုကို ကြားခဲ့ပြီး အထင်သေးဟန်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။

သူ၏စကားကြောင့် ချူးကုနန်၏မျက်နှာကြီးက ခရမ်းသီးအပုတ်တစ်လုံးလို ညိုမည်းသွားကာ ဒေါသထွက်နေသည့်အသံဖြင့်ကြုံးဝါးလိုက်သည်။

“ တယ်လဲ မိုက်မဲ့တဲ့လူငယ်တွေပဲ။ ငါကမင်းတို့ အရည်အချင်းကိုနှ‌မျောလို့စည်းရုံး‌နေတာကို ။ စည်းရူံးလို့မရတော့လဲ ရှင်းပစ်ရတာပေါ့။ ငါ့ဘာလို့နတ်ဆိုးဆိုတဲ့နာမည်ကိုရလာတာလဲဆိုတာကြည့်ထား...”

ချူးကုနန်၏အေးစက်တင်းမာသည့်စကားအဆုံး၌ သူ၏လက်ထဲရှိအရိုးလှံက မွတ်နေအောင်လည်သွားပြီး အဖြူရောင်စက်ဝိုင်းကြီးအသွင်သို့ကူးပြောင်းသွားခဲ့သည်။

လှံစကြာဟုအမည်ရသည့်ထိုသိုင်းကွက်က ချူးကုနန်ကို လှံနတ်ဆိုး ဆိုသည့်ဘွဲ့အမည်ရစေသည့်သိုင်းပညာဖြစ်သလို ရှောင်ယောင်နှင့်ဟောင်ရန်တို့မှာ ပြိုင်တူနောက်ဆုတ်ပေးလိုက်ရသည်။

သို့‌သော် အဖြူရောင်စက်ဝိုင်းကြီးက သူတို့ဆီသို့ လိုက်ပါလာဆဲဖြစ်ပြီး ရှောင်ယောင်တို့ကို ထွက်ပေါက်မရှိအောင်ပိတ်ဆိူ့ထားသည်

ချူးကုနန်၏လှံရှည်ကအရိုးအသွားကိုပင်ခွဲခြားမရတော့ဘဲ မွတ်နေအောက်လည်နေကာ ထက်မြသည့်အသွားဖြင့်ထိမိပါက ခန္တာကိုယ်နှစ်ခြမ်းကွဲသွားနိုင်စလိူ အရိုးဖြင့်ရိုက်မိလျှင်လည်း တစ်ချက်ထဲဖြင့် သွေးပွတ်ပွတ်အန်သွားစေနိုင်သည် ။

တစ်ခါတစ်ရံဝင်ရောက်လာသည့်ထိုးသွင်းချက်များက သူတို့၏အနီးမှပွခိတ်ကာသီကာဖြတ်သန်းသွားပြီး အနည်းငယ်ထိုးစိုက်မိပါက အသက်ပါသွားနိုင်ပေသည်

အစောပိုင်းက အတွဲညီညီဖြင့် လက်တွဲတိုက်ခိုက်နေသည့်ရှောင်ယောင်တို့မှာချက်ခြင်းလိုလိုအောက်စည်းသို့ရောက်ရှိသွားပြီးချူးကုနန်၏တိုက်ကွက်များကိုသာကာကွယ်နေရသည်။

ရှောင်ယောင်လည်း တိုက်စစ်ဆင်နိုင်ရန်ဝေးစွ ရွှေခေါင်းလောင်းသိုင်းဖြင့်တစ်ကိုယ်လုံးလုံခြုံအောင်ကာကွယ်နေရသလို ဟောင်ရန်လည်း ခုခံရှောင်တိမ်းရင်း တစ်ချိန်လုံးနောက်ဆုတ်ပေးနေရသည်။

ထိုလူငယ်လေး၏ဓားသိုင်းက လျှင်မြန်ရှုပ်ထွေးပြီးအစွမ်းထက်လှသော်လည်း ချူးကုနန်၏လှံစကြာကို ဖောက်ထွက်နိုင်စွမ်းမရှိဘဲ ရှောင်ယောင်ထက်ပင်အ‌ခြေအနေဆိူးကာ လုံးဝအရေးနိမ့်လျက်ရှိသည်။

ထိုအခါမှ သူတို့နှစ်လည်း အစောပိုင်းက ချူးကုနန်ပညာလျှိုတိုက်ခိုက်နေခြင်းဖြစ်သည်ကို သိရှိသွားကြပြီး ယခုအချိန်တွင်ကား ထွက်ပြေးလွတ်မြောက်ရန်ပင်အချိန်နှောင်းသွားလေပြီ..။

ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေကြောင့် ခြံဝန်းထဲရှိလူအားလုံးထိတ်လန့်တုန်လှုပ်သွားကြပြီး ချူးကုနန်အနိုင်မရစေရန်ကိုသာဝိုင်းဝန်းဆုတောင်းမိကြတော့သည်။

“ သခင်လေး...ဘယ်လိုလုပ်ကြမလဲ...”

တပ်သားများ၏ခေါင်းဆောင်တပ်မှူးက ဖုန်းရန်ကို ခပ်တိုးတိုးမေးလိုက်သည်။

လကိရှိအခြေအနေက သူတို့အတွက်အခွင့်မသာဘဲ ရှောင်ယောင်တို့သာရှုံးနိမ့်ပါက ကျန်လူများ၏အသက်ကိုပင် အာမခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်လည်းတပ်မှူး၏သဘောအရ ချူးကုနန်အလုပ်ရှုပ်နေချိန်တွင် ဆုတ်ခွာထွက်ပြေးရန်ဖြစ်ပြီး တိုက်ပွဲကိုကြည့်နေသည့် ဖုန်းရန်လည်း မျက်မှောင်ကြုတ်၍စိုးရိမ်ပူပန်နေဟန်‌တူသည်။

သူ၏သိုင်းပညာက ကျန်လူများထက်မြင့်မား၍ လက်ရှိအခြေအနေကိုရှင်းလင်းစွာမြင်နိုင်ပြီး ရှောင်ယောင်တို့အနေဖြင့်သိုင်းကွက်တစ်ရာပင်ခုခံနိုင်တော့မည်မဟုတ်ကြောင်းရိပ်စားမိလိုက်သည်။

သို့သော် ကိုယ်နှင့်မဆိုင့်သူများအတွက်အသက်စွန့်တိုက်ပွဲဝင်နေသည့်လူငယ်နှစ်ယောက်ကိုထားကာ ထွက်ပြေးရန်က လွန်စွာနိမ့်ကျသည့်လုပ်ရပ်ပင်ဖြစ်သည်။

“ ဆက်ပြီးစောင့်ကြတာပေါ့...။ ပြီးတော့ ရန်သူတွေမရှိတုန်း အစ်ကိုထိချုံးကိုလူလွှတ်ပြီးလိုက်ရှာခိုင်းလိုက်...”

ဖုန်းရန်၏အဖြေကြောင့် တပ်မှူးဖြစ်သူလည်းစိတ်ပျက်သွားမိသော်လည်း အမိန့်ကိုမလွန်ဆန်နိုင်ဘဲ ခေါင်းညိမ့်ကာ အရိုအသေပေးပြီး ထိချုံးကိုရှာဖွေရန်သူ၏လူများကိုစေလွှတ်လိုက်သည် ။

ထိုအချိန်တွင် ခြံဝန်း၏တံတိုင်းပေါ်ရှိအမှောင်ရိပ်ထဲ၌ လူရိပ်နှစ်ခုရှိနေပြီး ထိုအထဲမှတစ်ယောက်က ကြီးမားသည့်ခန္တာကိုယ်ကြီးကိုပိုင်ဆိုင်ထားပေသည်

“ ဆရာ...ကျုပ်တို့ အခုလိုရပ်ကြည့်နေတာ ကောင်းပါ့မလား။ တော်ကြာ သူ့ကိုမကူညီလို့ခေါင်းဆောင်ရဲ့ဒေါသ ကျုပ်တို့ဆီကျလာရင်ဘယ်လိုလုပ်မလဲ...”

လူဝကြီးဖန်းချီက မလှမ်းမကမ်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲကိုကြည့်ပြီးစိုးရိမ်ပူပန်ဟန်ဖြင့်မေးလိုက်ခြင်းဖြစ်သည်။။

ထိုနှစ်ယောက်က အခြေအနေများရှုပ်ထွေးနေသည်ကိုအခွင့်ကောင်းယူကာ လွတ်ရာသို့ရှောင်တိမ်း၍တိတ်တဆိတ်ကြည့်နေကြခြင်းဖြစ်သည်။

&&&&&

All Chapters