သတိလည်လာခြင်း
Vol. 2 Ch. 31
“ တတိယညီလေး မင်းမနားသေးဘူးလား....”
တာမောဆောင်၏အနောက်ဘက် သိုင်းပညာလေ့ကျင့်သည့်မြေကွက်လပ်ထဲတွင် မနက်ပိုင်းလေ့ကျင့်ပြီးနောက် သစ်ပင်ကြီးကိုမှီကာ အနားယူနေရင်း ကြွယ်ယန်ကလှမ်းမေးလိုက်ခြင်းဖြစ်သည်။
နံနက်ပိုင်းလုပ်ငန်းတာဝန်များပြီးဆုံးချိန်မှစ၍ တစ်ချိန်လုံးသိုင်းပညာလေ့ကျင့်နေကာ နေ့လည်ဆွမ်းစားချန်ရောက်ခါနီးမှ သူအနားယူနေခြင်းဖြစ်သည်။။
သို့တိုင် ကြွယ်စင်းကား ယခုအချိန်ထိ ချွေးတလုံးလုံးဖြင့်လေ့ကျင့်နေဆဲဖြစ်ပြီး သူ၏ကြိုးစားအားထုတ်မှုကား ရှောင်လင်၏လူငယ်မျိုးဆက်၌ နံပါတ်တစ်နေရာတွင်ရှိနေသညမ ။
ကြွယ်ယန်၏မေးခွန်းကြောင့် ကြွယ်စင်း၏လှုပ်ရှားမှုများရပ်တန့်သွားပြီး ပြန်ဖြေလိုက်သည်။
“ မနားသေးဘူး....”
သူ၏တိုတိုတုတ်တုတ်အဖြေကြောင့် ကြွယ်ယန်က မျက်နှာမဲ့ပြလိုက်ပြီး သစ်ပင်ကိုပျင်းရိစွာမှီ၍ လဲလျောင်းနေရာမှ ထထိုင်လိုက်သည် ။
“ မင်းကလည်း နည်းနည်းပါးပါးနားစမ်းပါဦး တစ်ချိန်လုံးလေ့ကျင့်နေရတာ မပျင်းဘူးလား ။ အမြဲတမ်းဒီလိုကြီးပဲ....”
ကြွယ်ယန်၏အပြစ်တင်စကားကြောင့်ကြွယ်စင်းလည်း အသာပြူံးလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။
“ ငါက မင်းလောက်ပါရမီမရှိဘူး။ ငါပိုပြီးတိုးတက်လာဖို့ကငါ့ရဲ့ကြိုးစားမှုအပေါ်မူတည်နေတာ ။
သူများတွေနှစ်နာရီလေ့ကျင့်ရင်ငါက လေးနာရီလေ့ကျင့်တယ် ။ ဒါမှလည်း နောင်တစ်ချိန်သိုင်းလောကထဲကျင်လည်ရင် တခြားလူတွေနဲ့တန်းတူလိုက်နိုင်မှာ....”
ကြွယ်စင်းလိုစကားနည်းသူတစ်ယောက်ထံမှ ယခုလိုစကားရှည်ရှည်ကြားရခြင်းကအတော်ပင်ထူးဆန်းသော်လည်း သူ၏စကားထဲတွင် စိတ်ခံစားချက်များပါဝင်နေသည်ကို ကြွယ်ယန်သတိပြုမိလိုက်သည်။
ကြွယ်ယန့်ကိုပြန်ဖြေပြီးနောက် ကြွယ်စင်းလည်း ဆက်လက်လေ့ကျင့်ရန်ပြင်ဆင်လိုက်သည် ။သို့သော် ပင်ကိုစကားများလှသည့်ကြွယ်ယန်၏မေးခွန်းများက ရပ်တန့်မနေခဲ့ပေ။
“ ဟေ့ ...ကြွယ်စင်း မင်းအစ်ကိုရှောင်ယောင်ကို သတိမရဘူးလား....”
ကြွယ်ယန်နှင့်စကားစလိုက်မိသည်နှင့် အဆုံးသက်မရတော့မှန်းကိုရိပ်စားမိ၍ ကြွယ်စင်းလည်း ဆက်လက်လေ့ကျင့်နိုင်ခြင်းမရှိတော့ဘဲ သက်ပြင်းတစ်ချက်ချ၍ သစ်ပင်အောက်သို့လျှောက်လာလိုက်သည်။
“ သတိရတာပေါ့ကွ... အရင်ကဆိုဒီအချိန်လောက်ရောက်ရင် ငါတို့ အချင်းချင်းယှဉ်ပြိုင်ပြီးရင် ထွေရာလေးပါးစုပြောနေကြလေ ။။
မင်းနဲ့ငါက တခြားဘာဗဟုသုတကိုမှမသိတာ ။အစ်ကိုရှောင်ယောင်က စာပေနဲ့တခြားအရာတွေနှံ့စပ်တာ...”
သစ်ပင်အရိပ်တွင်ထိုင်ချလိုက်ရင်း တုံ့ပြန်လိုက်သည့် ကြွယ်စင်း၏စကားကြောင့် ကြွယ်ယန်လည်း ငေးမောသွားကာ ခေါင်းညိမ့်ပြလိုက်သည်။
“ အေးကွ...အခုဆိုရင် သူသိုင်းလောကထဲမှာ အဆင်ပါ့ပြေပါ့မလားမသိဘူး.. “
ကြွယ်ယန်၏အဓိပ္ပာယ်မရှိသည့်ပူပန်မှုကြောင့် ကြွယ်စင်းလည်းပြုံး၍ခေါင်းယမ်းလိုက်ပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ ဘာတွေလျှောက်ပြောနေတာလဲ အစ်ကိုရှောင်ယောင်ရဲ့သိုင်းပညာက ငါတို့ထက်အများကြီးအဆင့်မြင့်တာကို.။ ပြီးတော့ သူ့ဉာဏ်ရည်ဉာဏ်သွေးကို မင်းလည်းသိတာပဲ..”
ကြွယ်စင်း၏အဖြေကြောင့်ကြွယ်ယန်လည်းသူ့နဖူးသူရိုက်လိုက်မိပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်ရယ်မောလိုက်သည်။
“ ဟုတ်သားပဲ ငါဒါကိုမေ့သွားတယ်။ ဟဲ ဟဲ ဒါနဲ့ပြောရဦးမယ် ငါသိုင်းထိပ်သီးအဆင့်ကိုရောက်ခါနီးပြီကွ...”
ကြွယ်ယန်၏ခပ်ကြွားကြွားစကားကြောင့် ကြွယ်စင်းမှာအနည်းငယ်အံ့ဩသွားပုံပေါ်ပြီး ကြွယ်ယန့်ကိုစိုက်ကြည့်ကာ ပြန်မေးလိုက်သည်။
“ ဟုတ်လို့လား ...”
ကြွယ်စင်း၏ မယုံသင်္ကာပုံစံကြောင့်ကြွယ်ယန်လည်းဒေါပွသွားပြီး သူ၏ရင်ဘက်ကိုပုတ်ကာပြောလိုက်သည်။
“ ဒါပေါ့ကွငါဘယ်တုန်းကလိမ်ဖူးလိူ့လဲ...”
“ ခဏခဏပဲလေ...”
သူ့ကိုတစ်စက်ကလေးမှမျက်နှာသာမပေးသည့်ကြွယ်စင်းကြောင့် ကြွယ်ယန်လည်းရှူးရှူးရှားရှားဖြစ်သွားပြီး တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။
“ ဒီတစ်ခါငါအတည်ပြောနေတာ ။ငါသိုင်းထိပ်သီးအဆင့်ကိုရောက်ရင် တံခါးနီဆောငိကိုကျော်ဖြတ်ပြီးလူဝတ်လဲမယ် ။
ပြီးရင် သိုင်းလောကထဲဆင်းပြီး ကျော်ကြားအောင်လုပ်မယ်။ ဟဲ ဟဲ ငါ့အိပ်မက်ကိုဘယ်လိုထင်လဲ...”
ကြွယ်ယန်၏အမူအယာကိုကြည့်၍သူအမှနိအတိုင်းပြောနေသည်ကိုရိပ်စားမိလိုက်ပြီး ကြွယ်စင်းလည်းပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။
“ ကောင်းပါတယ်...”
ကြွယ်စင်း၏လေသံထဲတွင် ကြွယ်ယန့်အတွက်ပျော်ရွှင်ကြည်နူးမိခြင်းနှင့်အတူ ဖော်ပြမရသည့်ခံစားချက်အချို့ပါဝင်နေသည်။
တာမောဆောင်ဘက်ကိုလှမ်းမျှော်ကြည့်နေသည့်ကြွယ်စင်း၏မျက်ဝန်းများကရီဝေနေပြီးတစ်စုံတစ်ခုကို တွေးတောနေဟန်တူသည် ။
ကြွယ်ယန်ကား ထိုအဖြစ်ကိုသတိမပြုမိဘဲ ကြွယ်စင်း၏ပခုံးကိုပုတ်ကာပြောလိုက်သည် ။
“ မင်းလည်းကြိုးစားကွ ကြွယ်စင်း မင်းရဲ့အရည်အချင်းကလည်းကောင်းပါတယ်။ ပြီးတော့ မင်းရဲ့ကြိုးစားမှုနဲ့ဆိုရင် မကြာခင်သိုင်းထိပ်သီးအဆင့်ကိုရောက်မှာါ...”
ကြွယ်ယန်၏စကားက သူ့အတွက်စိတ်ရင်းဖြင့်ပြောဆိုမှန်းသိ၍ ကြွယ်စင်းလည်း ပြုံး၍ခေါင်းညိမ့်ပြလိုက်တော့သည်။
“ ပြီးရင် အစ်ကိုရှောင်ယောင်ကိုလိုက်ရှာပြီး ငါတို့ညီအစ်ကိုတစ်တွေသိုင်းလောကထဲမှာကျင်လည်ကြမယ်။။
ငါတို့ ဘွဲ့နာမည်ကိုဘယ်လိုပေးရင်ကောင်းမလဲ။ သူရဲကောင်းညီနောင်များဆိုရင်ကော ၊ မဟုတ်သေးဘူး သံမဏိသွေးသူရဲကောင်း ဒါမှမဟုတ် အဖြူရောင်သူရဲကောင်းတွေဆိုရင်ရော ..”
ကြွယ်ယန့်ထံမှ မဆုံးနိုင်သည့်ပေါက်တက်ကရများစတင်ထွက်ပေါ်လာ၍ ကြွယ်စင်းလည်း မချိပြုံးပြုံးလိုက်မိတော့သညိ။
&&&&
မည်သည့်နေရာကိုကြည့်သည်ဖြစ်စေ မှောင်မိုက်နေသည့်ဟင်းလင်းပြင်ကြီးကို မြင်တွေ့နေရပြီး ရှောင်ယောင်မှာ အဆုံးမဲ့အမှောင်ထဲထဲတွင် လမ်းပျောက်နေသည်ဟုထင်ရသည်။
ကိုယ့်လက်ကိုပင်မမြင်ရလောက်အောင် မည်းမှောင်နေသည့်နေကြီးကမည်သည့်နေရာဖြစ်သည်ကို သူမသိသလို အော်ဟစ်အသံပြုရန်ကြိုးစားလိုက်သော်လည်း အသံတစ်စက်မှထွက်မလာပေ။
အမှောင်ထုထဲတွင်အချိန်အတော်ကြာနစ်မြုပ်နေပြီးနောက် ရှောင်ယောင်လိုစိတ်ရှည်သည်းခံတတ်သူတစ်ဦးပင် စတင်၍ဒေါသထွက်လာပြီး အရပ်မျက်နှာတစ်ခုကိုဦးတည်၍ပြေးလွှားလိုက်သည်။
ဒေါသ၊ ရှုပ်ထွေးမှု စသည့်ခံစားချက်များသာပြည့်နေသည့်သူ၏စိတ်အာရုံက မည်သည့်အကြောင်းအရာကိုမှတွေးတောနိုင်ခြင်းမရှိသလို ယုတ်စွအဆုံး သူမည်သူမည်ဝါဖြစ်သည်ကိုပင်မေ့လျော့နေမိသည်။
သူ၏စိတ်ထဲတွင်ရှိနေသည့်တစ်ခုတည်းသောရည်ရွယ်ချက်ကဤအမှောင်ထုထဲမှလွတ်မြောက်ရန်ဖြစ်ပြီး ရုတ်တရက် လေဟာနယ်ကိုတက်နင်းမိလိုက်သလိုခံစားလိုက်မိကာ သူ၏တစ်ကိုယ်လုံး ဟာလာဟင်းလင်းဖြစ်သွားသလို ခံစားလိုက်မိသည်။
“ ဟင်း....”
ရှည်လျားသည့်မောဟိုက်သံနှင့်အတူ ရှောင်ယောင်လည်း အိပ်မောကျနေရာမှ ဆက်ခနဲထထိုင်လိုက်မိသည်။
သူ၏မျက်စေ့ထဲသို့ပထမဆုံးတိုးဝင်လာသည်က ပြတင်းပေါက်အပြင်ဘက်မှ သစ်ပင်ခြုံနွယ်များဖြစ်ပြီး ပရိဘောဂများစွာမရှိသည့်အခနိးငယ်တစ်ခုအတွင်းသို့ရောက်ရှိနေသည်ကိုသတိပြုမိလိုက်သည် ။
သူရှိနေသည့်နေရာက အဖြူရောင်အိပ်ယာခင်းတစ်ခု ခင်းထားသည့် ကုတင်တစ်လုံးဖြစ်ပြီးဘေးဘက် ပေအနည်းငယ်အကွာတွင်အခြားကုတင်တစ်လုံးရှိသည်။။
ကုတင်နှစ်ခုကြားရှိစားပွဲလေးပေါ်တွင် တစ်ဝက်ခန့်ကျန်ရှိနေသည့် ဆန်ပြုတ်တစ်ပန်းကန်ရှိနေပြီး အခြားကုတင်ကား ဟောင်ရန်၏အိပ်ယာဖြစ်သည်။
ဤအခန်းအပြင်အဆင်ကိုသူလွန်စွာရင်းနှီးနေပြီး သူနှင့်ဟောင်ရန်တို့တည်းခိုသည့် ထိချုံးအိမ်ဖြစ်သည်ကိုပြန်အမှတ်ရသွားသည်။
ထို့နောက် သူ၏စိတ်ထဲသို့အကြောင်းအရာများတစ်ခုပြီးတစ်ခုဝင်ရောက်လာပြီး ဟောင်ရန်နှင့်အတူ သူဌေးဟိုင်၏ခြံဝန်းသို့တိုက်ခိုက်ဝင်ရောက်ခြင်း၊ အနက်ရောင်ဝတ်စုံဝတ်လူများနှင့်တိုက်ခိုက်ခြင်း ၊ သူဌေးဟိုင်အမည်ခံ လှံနတ်ဆိုးချူးကုတန်ကို နှစ်ယောက်ပေါင်း၍ရင်ဆိုင်ခြင်းနှင့် ချူးကုနန်၏လက်ချက်ကြောင့် သူတို့သေလုမျောပါးဖြစ်သွားသည်ကို ရှင်းလင်းစွာပြန်မှတ်မိလာခဲ့သည်။
ထိုနေ့ညက ဟောင်ရန်၏အသက်ကိုနုတ်ယူတော့မည့် ချူးကုနန်၏လှံရှည်ကိုသူရဲဝင့်စွာဝင်ရောက်တားဆီးခဲ့ပြီး အတားကောင်း၍ ရင်ပွင့်ကာသေတော့မည်ကဲ့သို့ဖြစ်သွားခဲ့သည်
ထို့နောက် ဟောင်ရန်၏ဓားချက်ဖြင့် ချူးကုနန်သေဆုံးသွားသလို အတွင်းအား အပြင်အားအကုန်သုံးစွဲလိုက်ရသည့်သူကိုယ်တိုင်လည်း သတိလစ်မေ့မျောသွားခြင်းဖြစ်သည်။
“ ငါတော်တော်စိတ်လိုက်မာန်ပါလုပ်ခဲ့မိတာပဲ...”
ရှောင်ယောင်လည်း သူ့ကိုယ်သူပြန်၍အပြစ်တင်လိုက်မိသည်။
ထိုအချိန်က သူ၏စိတ်ထဲတွင် ဟောင်ရန့်ကိုကယ်တင်ရန်ဆိုသည့်ရည်ရွယ်ချက်တစ်ခုသာကျန်ရှိကာ သေဆုံးနိုင်ချေရှိမှန်းသိသည့်တိုင်ချူးကုနန်၏လှံရှည်ကို ဝင်ဖမ်းခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူ၏အချိန်အဆ အနည်းငယ်လွဲချော်သွားခြင်း၊ သို့မဟုတ် အတွင်းအားအပြင်အား အနည်းငယ်နိမ့်ကျနေခြင်းတို့တစ်ခုခုသာရှိပါက လက်ရှိအချန်၌ရှောင်ယောင်ဆိုသည့်သူမှာ အသက်မဲ့အလောင်းကောင်းတစ်ခုဖြစ်နေလောက်ချေပြီ။
သို့သော် သူ၏စိတ်ထဲတွင် နောင်တမရဘဲ နောက်တစ်ကြိမ်ထိုသို့ပြန်ကြုံခဲ့လျှင်လည်း ယခုလိုပင်ထပ်လုပ်ပေဦးမည်။
တရားမျှတမှုကို မြတ်နိုးပြီးရိုးသားဖြူစင်သည့်လူငယ်လေးတစ်ယောက်ကိုကယ်တင်ရန်အသက်စွန့်ရခြင်းက သူ့အတွက်ထိုက်တန်သည်ဟုမှတ်ယူထားသည် ။
ထူးဆန်းစွာဖြင့်ညကတိုက်ပွဲတစ်လျှောက်လုံး သူ၏စိတ်များတည်တည်ငြိမ်ငြိမ်ရှိနေသည်ကိုပြန်သတိပြုမိလိုက်သည်။
မနေ့ညကတိုက်ပွဲမှာ သူ၏ဘဝတစ်လျှောက်တွေ့ကြုံရသည့်ပထမဆုံးတိုက်ပွဲဖြစ်သလို သေခြင်းရှင်ခြင်းတိုက်ပွဲလည်းဖြစ်သည်။
သို့သော်လည်း ထိုသို့သောတိုက်ပွဲမျိုးတွင်ပင် သူ၏စိတ်က လုံးဝတည်ငြိမ်နေပြီး ဆုံးဖြတ်ချက်မှန်သမျှကို သွေးအေးအေးဖြင့်မှန်ကန်စွာချမှတ်နိုင်ခဲ့သည်။
ခြံဝန်းထဲကိုဝင်ရောက်ချိန်မှစ၍ ချူးကုနန်၏လှံရှည်ကိုဝင်ဖမ်းစဉ်အဆုံး သူ၏စိတ်က လုံးဝထိတ်လန့်တုန်လှုပ်မှုတို့ရှိမနေ။
ယခုလို တိုက်ပွဲအတွင်းသွေးအေးတည်ငြိမ်မှုမျိုးက သေခြင်းရှင်ခြင်းတိုက်ပွဲများစွာဖြတ်ကျော်ဖူးသည့်ဝါရင့်သိုင်းသမားများတွင်သာတွေ့ရခြင်းဖြစ်ပြီး သူ့လိုအတွေ့အကြုံမရှိသည့်လူတစ်ယောက်ထံတွင်တွေ့ရသည်က လွန်စွာထူးဆန်းလှသည်။
“ ဟူး....ဘာဖြစ်လဲ ငါမသေရင်ပြီးတာပဲ....ပြီးတော့ အခုဆိုရင် အန္တရာယ်များတဲ့ သိုင်းလောကဆိုတာ ဘာလဲဆိုတာ နည်းနည်းနားလည်သွားသလိုပဲ “
ရှောင်ယောင်လည်း လက်ဆက်သည့်လေထုကို အပြည့်အဝရှူသွင်းလိုက်ရင်းနောက်ကျနေသညိ့စိတ်အတွေများကိုရှင်းထုတ်လိုက်သည်။
ထို့နောက် သူ၏ကိုယ်ပေါ်ရှိစောင်ကိုခွာချကာ ထရပ်လိုက်တော့သည် ။
သူ၏ကိုယ်အပေါ်ပိုင်းက ဗလာဖြစ်နေပြိး ကျစ်လျစ်တောင့်တင်းလှသည့်ကိုယ်ကာယက အပြည့်အဝထွက်ပေါ်နေသည်။
ယခုအချိန်တွင် တည်ကြည်ခန့်ညားသည့်ရုပ်ရည်သွင်နှင့် ယောင်္ကျားပီသကြံ့ခိုင်လှသည့်ရှောင်ယောင်၏ခန္တာကိုယ်တို့ကိုတွေ့မြင်သွားပါက မြောက်များလှစွာသော မိန်းကလေးများ တန်းတန်းစွဲဖြစ်သွားစေနိူင်ပေမည် ။
&&&&