ရင်းနှီးသည့်ဆက်ဆံရေး
Vol. 2 Ch. 32
ရှောင်ယောင်၏ရင်ဘက်တွင် ပတ်တီးများရှိနေပြီး ချူးကုနန်၏လှံချက်ကြောင့် ရရှိခဲ့သည့်ဒဏ်ရာကို ဆေးထည့်ထားဟန်တူသည်။
ထိုနေရာမှ နာကျင်မှုအနည်းငယ်ကိုခံစားလိုက်မိသော်လည်း မခံမရပ်နိုင်အောင်နာကျင်နေသည်တော့မဟုတ်ပေ။
အပြင်အားလမ်းစဉ်လျှောက်သူဖြစ်သည့်သူ၏ခန္တာကိုယ်ကသာမန်လူများထက်အဆများစွာမာကျောပြီး ရွှေဝတ်ရုံလွှာကျင့်စဉ်၏ နောက်ဆုံးအဆင့်ဖြစ်သည့်အရေပြားသန့်စင်ခြင်းကိုသာပြီးမြောက်သွားပါက ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ညကတိုက်ပွဲလောက်ကိုထိုမျှခက်ခက်ခဲခဲတိုက်ခိုက်နေရမည်မဟုတ်ပေ။
“ အင်း...နည်းနည်းတော့ စိတ်ပျက်စရာကောင်းတာပဲ....”
ရှောင်ယောင်လည်း တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။
အခြားခန္တာကိုယ်ကျင့်စဉ်များနှင့်ခြားနားစွာ သူ၏ရွှေဝတ်ရုံလွှာကျင့်စဉ်က အတွင်းမှအပြင်သို့သန့်စင်ခြင်းဖြစ်၍ အရိုး၊ အကြော၊ ကြွက်သားနှင့် အရေပြားကို တစ်ဆင့်ခြင်းသန့်စင်ရသည် ။
ထို့ကြောင့်လည်းကျင့်စဉ်ကိုလုံးဝအောင်မြင်မှသာ ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး အခြားခန္တာကိုယ်ကျင့်စဉ်များကမူ ဓားလှံမတိုးသည့်ခန္တာကိူယ်ရရှိအောင်ဦးစွာလေ့ကျင့်ပြီးမှ ကျန်အဆင့်များကိုလေ့ကျင့်ရခြင်းဖြစ်သည်။။
အပြင်အားလမ်းစဉ်လျှောက်သူများ၏ တူညီသည့်ရည်ရွယ်ချက်မှာ ဖျက်ဆီးမရသည့်ခန္တာကိုယ်ကိုရရှိရန်ဖြစ်ပြီး နည်းလမ်းများကွဲပြားကောင်း ကွဲပြားနိုင်သော်လည်း နောက်ဆုံးရည်ရွယ်ချက်က အတူတူသာဖြစ်သည်
လက်ရှိ ရှောင်ယောင်၏ရွှေဝတ်ရုံလွှာကျင့်စဉ်ကလည်း သူ့အားသာချက်နှင့်သာရှိပြီး ထိပ်တန်းသိုင်းအဆင့်နှင့်ယှဉ်နိုင်သည့်အပြင်အားကို ပိုင်ဆိုင်ထားပြီးဖြစ်ရုံသာမက သူ၏အရိုးများမှာ သံမဏိလိုမာကျောနေသည်။
ထို့အပြင် အကြောသန်စွမ်းခြင်းအဆင့်ကိုလည်းပြီးမြောက်ပြီးဖြစ်၍ မည်သည့်သိုင်းပညာရပ်ကိုအသုံးပြုသည်ဖြစ်စေသူ၏အစွမ်းကို ရာနှုန်းပြည့်ထုတ်သုံးနိုင်စွမ်းရှိပေသည်။
အကယ်၍ သူရောက်ရှိနေသည့်ကြွက်သားထိမ်းချုပ်ခြင်းကိုသာအောင်မြင်သွားမည်ဆိူပါက သိုင်းဝိဇ္ဇာများနှင့်ရင်ဆိုင်လျှင်ပင် အတွင်းဒဏ်ရာရမည်ကိုစိုးရိမ်စရာမလိုတော့ဘဲအဆိပ်မှန်သမျှကိုလည်း ကြောက်စရာလိုတော့မည်မဟုတ်ပေ။
နောက်ဆုံးအဆင့်ဖြစ်သည့် အရေပြားသန့်စင်ခြင်း
အဆင့်ကိုပြီးမြောက်ပါက ဓားလှံမတိုးသည့်အပြင်ဖျက်ဆီးမရသည့်ခန္တာကိုယ်ကိုပါပိူင်ဆိုင်လာမည်ဖြစ်ပြီး ရှေးခေတ်ကလို သိုင်းဝိဇ္ဇာများကိုပင်သတ်ဖြတ်နိုင်သည့် ထိပ်တန်းတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်လာပေမည် ။
မည်သို့ပင်ဖြစ်စေ ထိုအဆင့်များက သူနှင့်အလှမ်းဝေးနေဆဲဖြစ်ပြီး ရှောင်ယောင်လည်း အတွေးစများကိုဖျက်တောက်ကာ ကုတင်ပေါ်တွင်သပ်သပ်ရပ်ရပ်ခေါက်ထားသည့်သူ၏ဝတ်စုံကိုပြန်ဝတ်လိုက်သည် ။
နှမျောစရာကောင်းသည့်တစ်ခုတည်းသောအရာက ကြွယ်စင်းဝယ်ပေးထားသည့်အဖြူရောင်ဝတ်စုံမှာ ရင်ဘက်တွင် လှံရာအပေါက်ကြီးဖြစ်နေပြီးစုတ်ပြဲနေ၍ဖြစ်သည် ။
သို့သော် ဝတ်စုံက ကောင်းစွာလျှော်ဖွတ်ထားဟန်ဖြင့် သန့်ပြန့်နေပြီး ရှောင်ယောင်လည်း ကျန်ဝတ်စုံတစ်ထည်ကိုလဲလှယ်လိုစိတ်မရှိ၍ ထိုဝတ်စုံကိုသာပြန်ဝတ်လိုက်သည်။
သူ၏ရင်ဘက်ရှိဒဏ်ရာက အနည်းငယ်နက်ရှိုင်းသည်ဟုဆိုနိုင်သော်လည်းထိုမျှစိုးရိမ်စရာမရှိတော့ဘဲ ဆေးထည့်ထားပြီးဖြစ်၍လည်း သွေးထွက်လွန်မည်ကို ကြောက်စရာမလိုလိုတော့ပေ။
ထို့နောက် ကိုယ်လက်သန့်စင်လိုက်ပြီး အခန်းအပြင်သို့ထွက်လာလိုက်တော့သည်။
အိမ်ရှေ့ရှိ သူတို့ထိုင်နေကျကွက်ပျစ်လေးထက်တွင် ထိချုံးကိုရေနွေးကြမ်းတစ်အိူးနှင့်အတူတွေ့လိုက်ရပြီး အမြဲလိုလိုအရက်အိုးနှင့်တွဲတွေ့နေကျဖြစ်၍ ယခုလိုပုံစံမျိုးက အနည်းငယ်ထူးဆန်းလျက်ရှိသည် ။
ထိချုံး၏မျက်နှာထက်တွင် ဒဏ်ရာအနည်းငယ်ကိုတွေ့ရသော်လည်း ကြီးကြီးမားမားမဟုတ်ဘဲ ရှောက်ယောာင်လည်း သူဌေးဟိုင်၏လူများအဖမ်းခံရပြီးနောက် ထိချုံးတစ်စုံတစ်ရာမဖြစ်သည်ကိုသိလိုက်ပြီး ဝမ်းမြောက်သွားမိသည်။
“ ဟေး...အစ်ကိုထိချုံး...”
ရှောင်ယောင်၏ခေါ်သံကြောင့် ရေနွေးအိုးကိုငှဲ့နေသည့်ထိချုံး၏လက်အစုံကတုန်ယင်သွားပြီး ထရပ်လိုက်သည်။။
ထို့နောက် သူ၏မျက်နှာထက်တွင် အံ့ဩဝမ်းမြောက်မှုများနှင့်အတူ အိမ်ရှေ့တွင်ရပ်နေသည့်ရှောင်ယောင်ဆီသို့ အပြေးတစ်ပိုင်းရောက်လာတော့၏။
“ ညီလေးရှောင် မင်းသတိရလာပြီလား....”
ထိချုံးက အလျှင်အမြန်ပြောဆိုရင်း ရှောင်ယောင်၏ ဒဏ်ရာကို စိုးရိမ်ပူပန်ဟန်ဖြင့်ကြည့်ရှုလိုက်သည် ။
သူ၏အရေးတကြီးပုံစံကြောင့် ရှောင်ယောင်လည်း ရယ်မောလိုက်ပြီး ထိချုံး၏ပခုံးကိုပုတ်ကာပြောလိုက်သည်။
“ ဟဲ ဟဲ... ကျုပ်ဘာမှမဖြစ်ပါဘူး အစ်ကိုထိချူံးရဲ့ ။ ထိခိုက်ဒဏ်ရာက မပြောပလောက်ပါဘူး ။ အားကုန်သွားလို့သာ သတိလစ်သွားတာ ။
အော်ဟုတ်သားပဲ ခင်ဗျားရော အဆင်ပြေရဲ့လား သူဌေးဟိုင်ရဲ့လူတွေအဖမ်းခံရပြီးတော့ ဘာဆက်ဖြစ်သေးလဲ...”
ရှောင်ယောင်က ပေါ့ပေါ့ပါးပါးပုံစံဖြင့် ပြုံး၍ပြန်မေးလိုက်သည်။
သူ၏ဒဏ်ရာကိုများစွာဂရုမစိုက်ဘဲ သူ့ကိုပင်ပြန်၍ စိတ်ပူပေးနေသည့်ရှောင်ယောင်ကြောင့် ထိချုံး၏စိတ်ထဲတွင် ခံစားချက်များပြည့်နှက်သွားပြီး ချက်ခြင်းလိုလိုဦးညွှတ်အရိုအသေပေးလိုက်သည် ။
“ ကျုပ်အတွက်နဲ့ ညီလေးဒီလိုဖြစ်ခဲ့တာ။ ကျုပ် တောင်းပန်ပါတယ်။ တကယ်တော့ ကျုပ်အသုံးမကျခဲ့တာပါ...”
ထိချုံး၏လေသံထဲတွင် ကိုယ့်ကိုယ်ကိုအပြစ်တင်လိုဟန်များပါဝင်နေပြီး သူ၏အပြုအမူကြောင့် ရှောင်ယောင်လည်း အံ့သြထိတ်လန့်သွားပြီးအလျှင်အမြန်ဆွဲထူလိုက်သည််။
“ ထပါ အစ်ကိုထိချုံးရ ကျုပ်တို့က မိတ်ဆွေတွေပဲ။ ဒါတွေမလိုပါဘူး...”
ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့်ထိချုံးကို ကွက်ပျစ်ဆီသို့ဆွဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည် ။
သူ၏ရင်းနှီးသည့်အပြုအမူကြောင့် ထိချုံး၏စိတ်ထဲတွင် ရှောင်ယောင်ကိုပို၍ပင် လေးစားခင်မင်သွားမိပြီး သူဖမ်းဆီးခံရပြီးနောက်အဖြစ်အပျက်များကိုပြန်ပြောပြလိုက်သည် ။
စင်စစ် ထိချုံးကိုဖမ်းဆီးခဲ့သည်က အနက်ရောင်ဝတ်စုံဝတ်လူများသာဖြစ်သော်လည်း အဓိကလက်သည်က မိုဖန်းပင်ဖြစ်သည်။
မိုဖန်းက ကျောက်စိမ်းငွေတိုက်မှရှောင်ယောင်တို့ပြန်လာစဉ်အချိန်ကပင် သူတို့ကို စောင့်ကြည့်နေခြင်းဖြစ်ပြီး သူဌေးဟိုင်၏ခြံဝန်းကိုတိတ်တဆိတ်ဝင်ရောက်မည့်အကြံကိုရိပ်စားမိ၍ ဦးစွာလှူပ်ရှားလိုက်ခြင်းဖြစ်သည်။
ထို့နောက် ထိချုံးကို တိုက်ခိုက်ဖမ်းဆီးကာ ရှောင်ယောင်တို့ထောင်ချောက်ထဲဝင်လာရန်စောင့်ကြိုနေခြင်းဖြစ်ပြီး ကံမကောင်းစွာဖြင့်ရှောင်ယောင်တို့၏သိုင်းပညာကသူထင်ထားသည်ထက်ပိုအစွမ်းထက်နေကာ ချူးကုနန်လိုကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးပင် သူတို့၏သတ်ဖြတ်ခြင်းကိူခံခဲ့ရသည်။
စံအိမ်၏အနောက်ဘက်၌ ဖမ်းချုပ်ခံထားရသည့်ထိချုံးကိုမူ ဖုန်းရန်နှင့်တပ်သားများကကယ်ထုတ်လာခဲ့ပြီး သူ့ကိုပစ်မှတ်ထားခြင်းမဟုတ်၍ ထိချုံးမှာ ကြီးကြီးမားမားထိခိုက်ခြင်းမရှိခဲ့ပေ။
“ အင်း...လက်စသက်တော့ဒီလိုဖြစ်သွားတာကိုး ....”
ရှောင်ယောင်လည်း မိုဖန်းဆိုသည့်လူ၏ကောက်ကျစ်ပါးနပ်မှုကိုနားလည်သွားပြီး ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။
ထိုညက မိုဖန်းနှငိ့လူဝကြီးဖန်းချီတို့အမှောင်ထဲမှစောင့်ကြည့်နေသည်ကို သူသတိပြုမိ၍လည်း လဲမကျစေရန်အားတင်းထားပြီး ထိုနှစ်ယောက်ထွက်သွားသည့်အခါတွင် မဟန်နိုင်ဘဲ သတိလစ်သွားခြင်းဖြစ်ပေသည်။
ထို့နောက် ရှောင်ယောင်က တစ်စုံတစ်ခုကိုသတိရလိုက်ပြီး ပြုံး၍မေးလိုက်သည် ။
“ ဒါနဲ့ ဟောင်ရန်ဆိုတဲ့ကောင်ကရော...”
သူသတိမလစ်မီက ထိုလူငယ်လေး မည်မျှစိုးရန်ပူပန်နေသည်ကိုသူကောင်းစွာသတိထားမိခဲ့ပြီး ယခု သူသတိရလာစဉ်လည်း ဟောင်ရန်၏အရိပ်အယောင်ကိုမမြင်မိ၍မေးလိုက်ခြင်းဖြစ်သည် ။
ရှောင်ယောင်၏မေးခွန်းကြောင့် ထိချူံးလည်း ဟောင်ရန့်ကိုသတိရသွားဟန်တူပြီး ရယ်မောရင်းပြောလိုက်သည်။
“ ဟားဟား.. ငါဒီကောင်လေးကိုမေ့နေတာ ။ မင်းသတိမေ့နေတုန်းက သူက တော်တော်လေးကိုစိတ်ပူနေတာနော်။
မင်းအခုလိုဖြစ်သွားတာ သူ့ကြောင့်ဆိုပြီး ဝမ်းနည်းနေတဲ့ပုံလည်းရတယ်။ ပြီးတော့ မင်းရဲ့ဒဏ်ရာကိုဆေးထည့်ပြီးတစ်ညလုံးသူပဲ စောင့်နေတာ ။
ဒီနေ့မနက်မှာလည်း မင်းကိုဆန်ပြုတ်ကျွေးပြီး သူပဲဘေးမှာရှိနေတာ အခုနေ့လည်မှဘယ်ပျောက်သွားလဲမသိဘူး...”
ရှောင်ယောင်လည်း ထိုအခါမှ သူသတိလစ်နေသည်က တစ်ညနှင့်နေ့တစ်ဝက်ရှိပြီဖြစ်မှန်းသတိပြုလိုက်မိသလို ဟောင်ရန်၏ဂရုစိုက်မှုအတွက် သူ၏စိတ်ထဲတွင်နွေးထွေးသွားမိသည်။
ထိုစဉ် ခြံဝန်းတံခါးမှလျှောက်လာသည့်လူရိပ်တစ်ခုကိုသတိပြုလိုက်မိ၍ သူတို့နှစ်ယောက်လုံးကြည့်လိုက်မိစဉ် အပြင်မှပြန်လာဟန်တူသည့် ဟောင်ရန်ကလည်းရှောင်ယောင်ကိုမြင်ပြီး သူ၏အနီးသို့ရိပ်ခနဲရောက်လာသည် ။
“ အစ်ကိုရှောင်ယောင် သတိရလာပြီလား...ဒဏ်ရာကရော သက်သာရဲ့လား ..”
စိုးရိမ်ပူပန်သည့်လေသံဖြင့်မေးခွန်းများအဆက်မပြက်မေးနေရင်းသူ၏အင်္ကျီကိုပင်လှန်လှောကြည့်နေသည့်လူငယ်လေးကြောင့် ရှောင်ယောင်လည်း ရယ်မောလိုက်မိပြီး သူ၏လက်များကိုဖမ်းချုပ်လိုက်သည်။
ထိုလူငယ်လေးက အစောပိုင်းက ထိချူံးပူပန်သည်ထက်ပင်အဆများစွာပိုစိတ်ပူနေဟန်တူပြီး သူ၏မျက်ဝန်းများကအနည်းငယ်ညိုမည်းနေကာ ညက သူ့ကိုစောင့်ပေးနေသည်ဆိုသည့်စကားကိုပြန်သတိရလိုက်မိသည်။
“ ငါအားလုံးကောင်းတယ် ဟုတ်ပြီလား ....စောစောကမှသတိရလာတာ...”
ရှောင်ယောင်လည်း ဟောင်ရန်၏ပခုံးကိုအသာပုတ်၍ အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။
ရှောင်ယောင်၏ အေးဆေးသည့်လေသံနှင့် နွေးထွေးသည့်အပြုံးတို့ကြောင့် ဟောင်ရန်၏မျက်ဝန်းများကအနည်းငယ်နီရဲလာပြီး ခေါင်းငုံ့ရင်းခပ်တိုးတိုးပြောလိုက်သည်။
“ အဲဒါ ဒီအတိုင်း ဝင်ပြီးတိုက်ခိုက်ချင်တဲ့ ကျုပ်ကြောင့် ခင်ဗျား သေမလိုဖြစ်သွားတာပါ ကျုပ်ရဲ့အပြစ်ပါ...”
သူ၏လေသံက အနည်းငယ်တုန်ယင်နေပြီး ရှောင်ယောင်ထိခိုက်ရခြင်းအပေါ်အတော်ပင်စိတ်မကောင်းဖြစ်နေဟန်တူသည် ။
ငိုတော့မည်ကဲ့သို့ပင်ဖြစ်နေသည့် ဟောင်ရန်၏လေသံကြောင့် ရှောင်ယောင်လည်း အံ့အားသင့်သွားပြီးမှ သူ၏နဖူးကို တောက် ခနဲတောက်လိုက်ရင်း ရယ်မောလိုက်သည်။
“ ပြီးတာပဲ ။ ကိုယ့်စကားကို မှတ်ထား ။ နောက်တစ်ခါ မဆင်မခြင်မလုပ်နဲ့ပေါ့...မဟုတ်ရင် ငါသိုင်းလောကထဲမကျင်လည်ရသေးခင်မှာ သေသွားနိုင်တယ် ....”
ရှောင်ယောင်ကဟာသနှေ၍ပြောလိုက်ရင်း စိတ်မကောငိးဖြစ်နေသည့် လူငယ်လေးကို နှစ်သိမ့်လိုက်သည်။
ရှောင်ယောင်၏လက်ချက်ကြောင့်နီရဲသွားသည့်နဖူးကိုအုပ်ကိုင်ရင်း ဟောင်ရန်၏မျက်နှာထက်တွင်လည်းအပြုံးတစ်ခုထွက်ပေါ်လာတော့သည် ။
ထို့နောက် ရှောင်ယောင်က ဟောင်ရန်၏လက်ထဲရှိအထုပ်ငယ်လေးကို သတိပြုလိုက်မိကာ မေးလိုက်သည်။
“ ဒါနဲ့ မင်းဘယ်ကိုသွားတာလဲ....”
သူ၏စကားကြောင့် ဟောင်ရန်ကလက်ထဲမှအထုပ်ငယ်လေးကို ရှောင်ယောင့်ဆီသို့ပေးရင်း သူ၏ဝတ်စုံကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
“ ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဦးလေ ခင်ဗျားရဲ့ဝတ်စုံက သူတောင်းစာနဲ့တူနေပြီ။ ကျုပ်လျှော်ဖွတ်ထားလို့ သွေးစွန်းတာတွေပျောက်သွားပေမယ့် စုတ်ပြဲနေသေးတယ်။
ဒါကြောင့် ကျုပ်လည်းခင်ဗျားအတွက်အဝတ်အစားသွားဝယ်လာတာ...”
ဟောင်ရန်၏အဖြေကြောင့် ရှောင်ယောင်လည်း အမှန်ပင်အံ့အားသင့်သွားမိပြီး အထုပ်ကိုအလျှင်အမြန်ဖြေကြည့်လိုက်သည် ။
အထုပ်ထဲ၌ ချည်ချောဖြင့်ချုပ်ထားသော အဖြူရောင် ကျောင်းတော်သားဝတ်စုံတစ်စုံရှိနေပြီး ဝတ်စုံ၏တန်ဖိုးက သေးမည့်ဟန်မတူပေ။
&&&&