← Chapters

နှုတ်ဆက်ထွက်ခွာချိန်

Vol. 2 Ch. 33

နှုတ်ဆက်ထွက်ခွာချိန်

Vol. 2 Ch. 33

အထုပ်ထဲ၌ ချည်‌ချောဖြင့်ချုပ်ထားသော အဖြူရောင် ကျောင်းတော်သားဝတ်စုံတစ်စုံရှိနေပြီး ဝတ်စုံ၏တန်ဖိုးက သေးမည့်ဟန်မတူပေ။ ‌

ဟောင်ရန့်ထံတွင်ငွေများစွာမရှိသည်ကို ရိပ်စားမိသည့်အတွက် ထပ်မေးလိုက်သည်။

“ ဒါနဲ့ ဝတ်စုံကဘာလို့ ကျောင်းတော်သားဝတ်စုံဖြစ်နေတာလဲ ...ပြီးတော့ မင်းမှာ ဘယ်ကငွေရတာလဲ... “

“ ကျုပ်က စာပေသမားလိုဝတ်ထားတာလေ။ ဒါကြောင့် ခင်ဗျားလည်း ကျောင်းတော်သားလို ဝတ်ရမှာပေါ့။

ဒါနဲ့ကျုပ်မှာ ငွေအများကြီးမရှိတော့ ဒီဝတ်စုံဝယ်ဖို့ ခင်ဗျားရဲ့ငွေနည်းနည်းသုံးထားတယ်နော်...”

ကျောင်းတော်သားဝတ်စုံကိုကြည့်ရင်း ကျေနပ်နေဟန်တူသည့်ဟောင်ရန်၏အဖြေကြောင့် ရှောင်ယောင်လည်းမျက်လုံးပြူးသွားပြီး အလျှင်အမြန်ပြန်မေးလိုက်သည်။

“ ဘယ်လောက်တောင်သူံးလိုက်တာလဲ...”

‌ရှောင်ယောင်၏အထိတ်အလန့်ပုံစံကြောင့် ဟောင်ရန်လည်း ပခုံးတွန့်လိုက်ပြီးပြန်ဖြေလိုက်သည်။

“ သိပ်မများပါဘူး ငွေငါးတုံးထဲပါ။ ကျုပ်ဆို သိုင်းလောကထဲမဝင်ခင်ဆရာပေးလိုက်တဲ့ ရွှေတုံးနှစ်ဆယ်ကို သုံးလမပြည့်ခင်ကုန်အောင်သုံးခဲ့တာ ။

ပြီးတော့ ကျုပ်က ခင်ဗျားအတွက်လိုက်ဖက်မယ့် အကောင်းစားကိုရွေးဝယ်လာတာ..”

သူ့အဖြေနှင့်သူ ဟုတ်နေသည့်လူငယ်လေးကြောင့် ရှောင်ယောင်လည်း အပြစ်တင်ရအခက်၊ စိတ်ဆိုးရအခက်ဖြစ်သွားပြီး သူ့နဖူးသူရိုက်လိုက်မိတော့သည်။

“ ကောင်းပါ့ကွာ အဝတ်အစားတစ်စုံအတွက် ငွေငါးတုံးအထိသုံးလာပြီး ကျေနပ်နေသေးတာ ။

ကြွယ်ယန်ရေ ‌မင်းပေးတဲ့ငွေကတော့ တစ်လမပြည့်ခင်ကုန်တော့မယ်...”

ရှောင်ယောင်လည်းတစ်ကိုယ်တည်းညည်းတွားလိုက်မိတော့သည် ။

သို့သော် သူ၏စိတ်ထဲတွင်တော့ အမှန်တကယ်အပြစ်တင်လိုခြင်းမရှိပေ။

ငွေကြေးဥစ္စာဆိုသည်က သူတို့လိုသိုင်းလောကသားများအတွက် များစွာအရေးမပါလှဘဲ အရေးကြီးသည့်အရာက စိတ်ချယုံကြည်ထိုက်သည့်မိတ်ဆွေကောင်းတစ်ယောက်ကို ရလိုက်ခြင်းသာဖြစ်သည်။။

ဟောင်ရန်ဆိုသည့်လူငယ်လေးက စိတ်ထားဖြူစက်ပြီး တရားမျှတမှုမြတ်နိုးသလို သူ့ကိုလည်း အစ်ကိုတစ်ယောက်ကို ခင်မင်နေပြီး သေခြင်းရှင်ခြင်းတိုက်ပွဲကိုအတူကျော်ဖြတ်ပြီးနောက်သူတို့၏ဆက်ဆံရေးက ယခင်ကထက် များစွာတိုးတက်လာခဲ့ပေသည်။

ဘေးဘက်တွင်ရှိနေသည့်ထိချုံးလည်း သူတို့နှစ်ယောက်၏ရင်းနှီးခင်မင်လှသည့်ဆက်ဆံရေးကို သဘောကျစွာကြည့်ရှုနေရင်း ခေါင်းယမ်းလိုက်မိတော့သည်။

&&&

နောက်တစ်နေ့နံနက်

လျှိုစမ်းမြို့၏ကမ်းနားလမ်းတွင်ထူးခြားသည့်မြင်ကွင်းတစ်ခုဖြစ်နေသည်။

ထောင်ဂဏန်းခန့်ရှိမည့်လူအုပ်ကြီးက လှေဆိပ်တွင်ကြိတ်ကြိတ်တိုးနေကြပြီး ထွက်ခွာတော့မည့်ပို့ဆောင်ရေးလှေကို ဝိုင်းအုံကြည့်ရှုနေကြသည်။

လှေပေါ်ရှိခရီးသည်အများစုသည်လည်း လှေအနီးတွင်ရပ်နေကြသည့်လူငယ်နှစ်ယောက်ကို ‌‌လေးစားကြည့်ညိုသည့်အကြည့်ဖြင့်ကြည့်ရှုနေကြပြီး မြို့ထဲရှိသင်တန်းကျောင်းမှလူငယ်လေးများ ၊ လူသိများသည့် အရက်ချိုးထိချုံးနှင့် ကဗျာဆရာဖုန်းရန်တို့လည်း ထိုနေရာတွင်ရှိနေသညိ။

လူအများ၏အာရုံစိုက်စရာဖြစ်နေသည့်ရှောင်ယောင်နှင့်ဟောင်ရန်တို့ကတော့ ယခုအခြေအနေကို လေ့ကျင့်သားမရသော်လည်း လှေဆိပ်အထိ တကူးတကလာရောက်ကာ သူတို့ကို ကျေးဇူးတင်စကားပြောနေကြသည့်လူငယ်လေးများကိုကောင်းမွန်စွာပြန်နှုတ်ဆက်လိုက်ကြသည်။

သူဌေးဟိုင်၏ခြံဝန်းရှေ့တွင် သူတို့ကူညီပေးခဲ့သည့်သင်တန်းကျောင်းမှလူငယ်လေးများကသူတို့ကို ကျေးဇူးတင်နေကြပြီး တိုက်ပွဲတစ်လျှောက်လုံးကို မြင်တွေ့ခဲ့၍လည်း လွန်စွာလေးစားအားကျနေကြသည်။

သူတို့၏သတင်းဖြန့်မှုကြောင့်ပင် ယမန်နေ့ညကဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများက လျှိုစမ်းတစ်မြို့လုံးသို့ပျံ့နှံ့သွားပြီး မြို့စားမှအစ သူတောင်းစားအဆုံး လူအားလုံးသိနေကြပြီဖြစ်သည် ။

ထို့ကြောင့်လည်း မြို့၏အရိပ်မည်းကြီးကိုဖယ်ရှားပေးခဲ့သည့်ရှောင်ယောင်တို့နှစ်ယောက်ကို လျှိုစမ်းမြို့သူမြို့သားများကလည်း အလွန်အမင်းကျေးဇူးတင်နေကြပြီး သူတို့ထွက်ခွာသွားမည့်မနက်၌ ကမ်းလုံးပြည့်လာရောက်ပို့ဆောင်ကြခြင်းဖြစ်ပေသည်။

“ သူတို့ကဘယ်သူတွေများလဲ....”

လှေဦးထိပ်ရှိ စည်ပိုင်းကြီးတစ်လုံးကို မှီထိုင်နေသည့် သက်လက်ပိုင်းလူကြီးတစ်ယောက်က အနီးရှိလူကိုမေးလိုက်ခြင်းဖြစ်သည်။

လှေပေါ်ရှိလူအများစုပင် ထိုလူငယ်နှစ်ယောက်ကို လွန်စွာလေးစားနေကြဟန်တူပြီး ကမ်းပေါ်ရှိလူများ၏အပြုအမူကလည်း သူ့ကိုအတော်ပင်အံ့ဩစေခဲ့သည်။

ထိုလူက အသက်ငါးဆယ်ကျော်ခန့်ရှိမည်ဖြစ်ကာ သာမန်ရုပ်ရည်သာရှိသော်လည်း တလက်လက်တောက်ပနေသည့်မျက်လုံးများဖြင့် ထူးခြားသည့်အရှိန်အဝါတစ်ခုကိုပိုင်ဆိုင်ထားသူဖြစ်သည်။

သူက အနက်ရောင်ဝတ်ရုံရှည်တစ်ထည်ကိုလည်းဝတ်ဆင်ထားပြီး သူ၏ပုံစံက သိုင်း‌‌လောကသားတစ်ယောက်ဖြစ်ဟန်တူသည်။

သက်လက်ပိုင်းလူကြီး၏မေးခွန်းကြောင့် အနီးရှိ လျှိုစမ်းမြို့ခံကုန်သည်က အာပေါင်အာရင်းသန်သန်ဖြင့် စတင်ရှင်းပြတော့သည် ။

“ ဒီလိုဗျ ကျုပ်တို့မြို့ကို ဒုက္ခပေးနေတဲ့ သူ‌ဌေးဟိုင်ဆိုတာရှိတယ်။ သူဌေးဟိုင်က အရင်တုန်းက စိတ်ထားကောင်းပြီးလူတွေကိုကူညီတတ်ပေမယ့် လွန်ခဲ့တဲ့သုံးနှစ်ကစပြီး မိစ္ဆာတစ်ကောင်လိုပြောင်းလဲသွားတာ .။။

သူကမြို့ခံလူထုကိုဖိနှိပ်ရုံတင်မဟုတ်ဘူး မကောင်းတဲ့လုပ်ငန်း‌တွေကိုနောက်ကွယ်ကလုပ်နေပြီး သူများသမီးပျိုတွေကိုလည်း ဖျက်ဆီးသေးတယ်။ အိုဗျာ ပြောရရင် မကောင်းတာမှန်ရင်အကုန်လုပ်တယ်။

ကျုက်တို့မြို့လေးမလည်း ယန်စီနဂါး‌အဖွဲ့ရဲ့ရနိကိုကြောက်ရတာတစ်မျိုး ဒီသူ‌ဌေးဟိုင်ဖိနှိပ်တာကိုတစ်မျိုးခံရပြီး တစ်ချို့လူတွေကိုမြို့ကနေတောင်ပြောင်းပြေးကုန်ကြတာ ။

အဲဒီမှာပဲ မတရားမှုကိုလက်ပိုက်ကြည့်မ‌နေနိုင်တဲ့ ဟိုကလူငယ်နှစ်ယောက်က သူဌေးဟိုင်ရဲ့ခြံဝန်းကြိသွားပြီး သူတို့နှစ်ယောက်ထဲနဲ့လူနှစ်ရာ‌လောက်ကိုအနိုင်ယူပစ်ခဲ့တာဆိုပဲ။

ကျုပ်ကအဲဒီညက တိုက်ပွဲကိုမမြင်လိုက်ရပေမယ့်ကိုယ်တိုင်မြင်ခဲ့ရတဲ့ ခြံဝန်းကအလုပ်သမားတွေစကားအရဆိုရင် ဒီလူငယ်နှစ်ယောက်က နတ်ဘုရားတွေလိူအစွမ်းထက်ပြီးလက်တစ်ချက်ယမ်းလိုက်ရုံနဲ့ သိုင်းသမားဆယ်ယောက်လောက်လွင့်သွားတာတဲ့။

ပြီးတော့ သူ့လူတွေခံရတော့သူ‌ဌေးဟိုင်လည်းထွက်လာပါရော တကယ်တော့သူဌေးဟိုင်ဆိုတာ သူဌေးဟိုင်အစစ်မဟုတ်ဘဲ သိုင်းလောကထဲကနာမည်ကြီးတဲ့ လက်ရှစ်ဖက်လှံနတ်ဆိုး ဘာဆိုလား အဲဒီလူဖြစ်နေတာတဲ့....”

ထိုနေရာအရောက်တွင် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများကအနည်းငယ်ကျဉ်းမြောင်းသွားပြီး ရေရွတ်လိုက်သည်။

“ လက်ရှစ်ဖက်လှံနတ်ဆိုးချူးကုနန်လား ..”

အနက်ရောင်ဝတ်ရုံရှင်၏စကားကြောင့် ကုန်သည်လည်း သူ၏ပေါင်ကိုဖြန်းခနဲပုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ ဟုတ်တာပေါ့ဗျ။ ဒီလူက သိုင်း‌လောကထဲက နာမည်ကြီးသိုင်းသမားတစ်ယောက်တဲ့။

ဘယ်လိုစိတ်ကူးပေါက်ပြီး ဒီမြို့ကိုရောက်လာတယ်မသိပါဘူး သူဌေးဟိုင်ကိုသတ်ပြီး သူ့စည်းစိမ်ဥစ္စာတွေကို သိမ်းပိုက်ထားတာသုံးနှစ်တောင်ရှိပြီ ။။

ဟိုကလူငယ်လေးနှစ်ယောက်က အဲဒီချူးကုနန်ဆိုတဲ့လူကိုလည်းအနိုင်ယူသတ်ဖြတ်ပြီးတော့ အရင်တုန်းက သူ့ကြောင့်နစ်နာခဲ့ရတဲ့လူတွေကိုလည်း ငွေကြေးဥစ္စာ‌တွေပြန်ပြီး ခွဲဝေပေးသေးတာ ။

ကျုပ်တော့ သိုင်းသမားအတော်များများနဲ့တွေ့ဖူးပေမယ့် ဒီလိုမျိူးစိတ်ထားကောင်းပြီး‌ဖြောင့်မက်တဲ့လူတွေနဲ့တော့ အခုမှကိုကြုံဖူးတာဗျို့....”

ကုန်သည်က ရှောင်ယောင်တို့နှစ်ယောက်ကို လေးစားသည့်မျက်ဝန်းများဖြင့်ကြည့်ရင်းသူသိထားသည့်အကြောင်းအရာမှန်သမျှကိုဖောက်သည်ချပေးလိုက်သည် ။

ထိုအခါမှ လှေပေါ်ရှိမြို့ခံမဟုတ်သူများလည်း မည်သည့်အတွက် ရှောင်ယောင်တို့ကို လျှိူစမ်းမြို့မှလူများ ယခုလိုလေးစားကြည်ညိုနေကြခြင်းကိုသိရှိလိုက်ကြပြီး သူတို့ပင်လေးစားသွားမိကြသည်။

အနက်ရောင်ဝတ်စုံဝတ်လူကား လှေရင်းဘက် ကမ်းနားတွင်စကားပြောနေသည့်လူငယ်နှစ်ယောက်ကိုစူးစိုက်ကြည့်နေပြီး သူ၏စိတ်ထဲ၌မည်သည့်အရာများတွေးတောနေသည်ကိုမသိရပေ။

“ ကဲ..အစ်ကိုထိချုံးနဲ့ အစ်ကိုဖုန်းရန် ကျုပ်တို့သွားတော့မယ် ...”

လှေထွက်ခွာတော့မည့်အချိန်နီးကပ်နေပြီဖြစ်၍ ရှောင်ယောင်လည်း ထိချုံးနှင့်ဖုန်းရန်တို့ကို နှုတ်ဆက်စကားဆိုလိုက်သည်။

သူ၏စကားကြောင့် ထိချုံးရော ဖုန်းရန်ပါ စိတ်မ‌ကောင်းဖြစ်သွားကြဟန်တူသော်လည်း သူတို့ကို တစ်သက်လုံးမြို့တွင်ခေါ်ထား၍မရမှန်းကောင်းစွာသိရှိပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူအရိုအသေပေးလိုက်ကြသည်။

“ ညီလေးတို့က ကျုပ်တို့မြို့လေးကို ကယ်တင်ပေးခဲ့တဲ့လူတွေပါ ။ အခုကစပြီးမြို့ထဲကလူတွေ ဘယ်သူ့ကိုမှစိုးထိတ်စရာမလိုဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်ပါပြီ....”

ဖုန်းရန်က ရှောင်ယောင်တို့ကိုအရိုအသေပေးရင်းဝမ်းမြောက်ကြည်နူးသည့်လေသံဖြင့်ပြောလိုက်သည်။

သူကိုယ်တိုင်က လျှိူစမ်းမြို့စား၏သားဖြစ်သည့်တိုင် သူ‌ဌေးဟိုင်ကို ဖမ်းဆီးအပြစ်ပေးရန်မတတ်နိုင်ဘဲ သူဌေးဟိုင်အယောင်ဆောင်ထားသည့ ချူးကုနန်ကိုဆိုလျှင် ပို၍ပင်မဖြစ်နိုင်သေးသည် ။

ယခုတော့ ရှောင်ယောင်နှင့်ဟောင်ရန်တို့၏ ကိုယ်ကျိုးမဖက်ကူညီမှုကြောင့် ချူးကုနန်သေဆုံးပြီးဖြစ်သလို သူ၏လက်အောက်ငယ်သားများကိုလည်းဖမ်းဆီးထားပြီးဖြစ်သည်။

သူဌေးဟိုင်၏ငွေကြေးဥစ္စာများနှင့် လုပ်ငန်းများကို ပြီးခဲ့သည့်သုံးနှစ်အတွင်းက သူ့ကြောင့်နစ်နာခဲ့ရသူများကိုခွဲဝေပေးခဲ့ပြီး ထို့ကြောင့်လည်း မြို့သူမြို့သားများက ရှောင်ယောင်တို့ကိုနတ်ဘုရားများအလား လွန်စွာကြည်ညိုလေးစားနေကြခြင်းဖြစ်သည်။

“ အစ်ကိုထိချုံးလည်း သိပ်ပြီးမသောက်နဲ့တော့ အရက်များများသောက်တာက ကြာရှည်ကျရင်မကောင်းဘူး....”

ဟောင်ရန်က ထိချုံးကိုကြည့်၍ပြောလိုက်သည်။

သူ၏စကားကြောင့် ထိချုံးလည်း တောက်ပစွာပြုံးလိုက်ပြီး လေးနက်တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ စိတ်ချပါ ကျုပ်အခုလိုအရက်ချိုးတစ်‌ယောက်ဖြစ်လာတာ ဇနီးနဲ့ကလေးကိုဆုံးရှုံးပြီးတဲ့နောက် စိတ်ထွက်ပေါက်ရှာရင်းနဲ့ဖြစ်ခဲ့တာပါ။

အခုတော့ ကျုပ်အရက်ကိုလည်းဖြတ်ဖို့ကြိုးစားနေပြီး ကျုပ်ဇနီးချစ်မြတ်နိုးတဲ့ဟောဒီမြို့လေးကို ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖိူ့ပိုပြီးလုပ်ဆောင်တော့မယ်လို့ ဆုံးဖြတိချက်ချပြီးပါပြီ....”

ထိချုံး၏စကားကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း အံ့ဩဝမ်းမြောက်သွားပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြစဉ် ဖုန်းရန်ကလည်းလေးနက်သည့် လေသံဖြင့်ပြောလိုက်သည် ။

“ ကျုပ်လည်း သိုင်းပညာကိုဝါသနာပါပေမယ့် ကျုပ်နဲ့မသင့်လျော်တာကို သိလိုက်ပါပြီ။ ဒီအစား ရုံးတော်ကိုဝင်ပြီး အရာရှိတစ်ယောက်ဖြစ်အောင်ကြိုးစားရင်း ပြည်သူတွေကို ပိုပြီးကူညီနိူင်ဖိူ့ကြိုးစားသွားတော့မယ်....”

စိတ်ဆုံးဖြတ်ပြီးဟန်တူသညိ့ဖုန်းရန်၏အမူအယာကြောင့် ရှောင်ယောင်တို့မှာ ပို၍ပင်ကြည်နူးပျော်ရွှင်မိကြသည်။

ထို့နောက် သူတို့လည်း ထိချုံး ၊ ဖုန်းရန်နှင့် ကျန်လူများကိုနှုတ်ဆက်ကာ ထွက်ခွာတော့မည့်လှေကြီးပေါ်သို့ခုန်တက်လိုက်ကြတော့သည်။

လျှိူစမ်းမြို့ခံဖြစ်သည့် လှေသမားကလည်း သူတို့နှစ်ယောက်ကို အေးဆေးစွာစောင့်ဆိုင်းနေပြီး သူတို့အလိုရှိသလောက်‌စကားပြောနေနိုင်သေးသော်လည်း ရှောင်ယောင်တို့ကအခြားခရီးသည်များအနှောင့်အယှက်ဖြစ်မည်စိုး၍ ပုံမှန်ထွက်နေကျအချိန်တွင်ထွက်ရန်မှာကြားထားပေသည်။

ထိုစဉ် သင်တန်းကျောင်းမှလူငယ်လေးများက ရှောင်ယောင်တို့နှစ်ယောက်ကို အရိုအသေပေး၍ ပြိုင်တူအော်ဟစ်လိုက်ကြသည်။

“ ဝတ်စုံဖြူကျောင်းတော်သားနဲ့ ဝတ်စုံပြာစာပေဓားသမားတို့ကို ကျုပ်တို့က အမြဲတမ်းကျေးဇူးတင်အောင့်မေ့နေကြမှာပါ....”

&&&

All Chapters