အစွမ်းထက်သိုင်းသမား
Vol. 2 Ch. 36
“ ဟေ့ ဟိုနားကကောင်ကဘာလုပ်နေတာလဲ....”
လှေဦးနားတွင် စည်ပိုင်းကိုမှီ၍ ပျင်းရိစွာထိုင်သည့်အနက်ရောင်ဝတ်စုံဝတ်လူကိုမြင်လိုက်၍ ဓားပြတစ်ဦးက အံ့အားသင့်ဟန်ဖြင့်မေးလိုက်ခြင်းဖြစ်သည်။
လှေပေါ်ရှိလူအားလုံးလိုလို အတန်းနှစ်ခုခွဲကာ လှေဘေးတစ်ဖက်တစ်ချက်သို့ကပ်ထိုင်နေချိန်၌ ထိုလူက သူ၏နေရာမှတစ်လက်မ ကလေးပင်မရွေ့ပေ။
အစောပိုင်းက ဓားပြများလည်းမျက်စေ့လျှမ်းသွား၍ ထိုလူ့ကိုမမြင်ခြင်းဖြစ်သော်လည်း ယခု ဓားပြများလည်း အနက်ရောင်ဝတ်စုံဝတ်လူကို သတိပြုမိသွားသလို ထိုလူ၏ထီမထင်သည့်အပြုအမူကြောင့် လှေပေါ်ရှိလူအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
အနက်ရောင်ဝတ်စုံဝတ်လူက အသက်ငါးဆယ်ကျော်အရွယ်ရှိကာ သိုင်းလောကသားတစ်ယောက်၏သွင်ပြင်ရှိပြီး သူ၏သတ္တိကား အံ့ဩဖွယ်ကောင်းလှသည်။
သူ့ဆီသို့ဦးတည်လာနေသည့်ဓားပြများကို အေးဆေးသည့်ပုံစံဖြင့်ကြည့်နေကာ သူ၏အကြည့်က အန္တရာယ်မပေးနိုင်သည့် ပုရွတ်ဆိတ်များကို ဇိမ်ပြေနပြေကြည့်ရှုနေသည့်အလားပင်။
“ ဟဲ ဟဲ ဒီကောင်ကသိုင်းသမားတစ်ယောက်ဆိုတော့ ငါတို့ကိုဂရုမစိုက်ဘူးထင်တယ် ။ ဒါပေမယ့် ဟောဒီယန်စီမြစ်ထဲမှာ ငါတို့ကိုအာခံပြီး အသတ်ခံခဲ့ရတဲ့သိုင်းသမားတွေရဲ့အလောင်းကိုရေတွက်ရင် ရာဂဏန်းတောင်ကျော်သွားမယ်ဆိုတာ သူမသိဘူး....”
ဓားပြတစ်ယောက်က သူ၏နောက်ကျောမှ ဓားပြားကြီးကိုဆွဲထုတ်ကာ လေထဲတွငိဝေ့ယမ်းရင်း အနက်ရောင်ဝတ်စုံဝတ်လူဆီသို့ချဉ်းကပ်လာသည်။
ယခုအချိန်အထိ ထိုလူကတစ်စုံတစ်ရာလှုပ်ရှားမည့်ပုံမရသေးရာ ရှောင်ယောင်တို့ပင် ကြောင်အမ်းအမ်းဖြစ်နေကြပြီး ဟောင်ရန်ကတိုးတိုးကြိတ်ကြိတ်လှမ်းမေးလိုက်သည်။
“ အစ်ကိုရှောင်ယောင် ဘယ်လိုလုပ်ကြမလဲ ဟိုလူက သိုင်းသမားတစ်ယောက်ဆိုပေမယ့် သိပ်ပြီးအဆင်မြင့်တဲ့ပုံမပေါ်ဘူး။ ကျုပ်တို့ဝင်ကြတော့မလား ....”
ဟောင်ရန်၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုအကဲခပ်နေသည့်ရှောင်ယောင်က ခေါင်းညိမ့်ပြလိုက်သည်။
“ ဟိုကောင်တွေစတိုက်ရင် ငါတို့လည်း ဝင်တာပေါ့....”
ရှောင်ယောင်လည်း ထူးထူးခြားခြားတည်ငြိမ်လှသည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးကို အနည်းငယ်သံသယဖြစ်နေမိသည် ။
ထိုအချိန်၌ လူအုပ်ထဲရှိဖျင်ကြမ်းဝတ်စုံဝတ်ခရီးသည်တစ်ယောက်က ရှောင်ယောင်နှင့်ဟောင်ရန်တို့ကို စူးရှတောက်ပသည့်အကြည့်ဖြင့်အကဲခပ်နေပြီး မည်သူမှသတိမပြုမီ ပြန်၍ခေါင်းငုံ့သွားသည် ။
အနက်ရောင်ဝတ်စုံဝတ်လူကြီးက ယခုအချိန်ထိထိုင်ရာမှမထသေးဘဲရှိနေသဖြင့် သူ့ရှေ့ရှိဓားပြပင်အနည်းငယ်ရှိန်လာမိသည် ။
သို့သော်လည်း သူ၏အဖော်သုံးယောက်ကကြည့်ရှုနေ၍ အခြားလူများရှေ့တွင် သိက္ခာအကျမခံဘဲ အော်ဟစ်မာန်သွင်းကာ ထိုလူ၏လည်ပင်းကို အားကုန်ခုတ်ပိုင်းလိုက်သည်။
ထိုအခိုက် ရှောင်ယောင်နှင့်ဟောင်ရန်တို့ကလည်း တစ်ပြိုင်နက်လှုပ်ရှားလိုက်သည် ။
ရှောင်ယောင်က သူ၏ခေါင်းမှခမောက်ကိုဖြုတ်ကာ အနက်ရောင်ဝတ်စုံဝတ်လူ၏ရှေ့ရှိ ဓားပြ၏ဓားကိုင်လက်ကိုဦးတည်၍ပစ်လွှတ်လိုက်သလို သူ၏ခန္တာကိုယ်ကလည်းအနီးဆုံးတွင်ရှိသည့်ဓားပြတစ်ဦးဆီခုန်ဝင်သွားသည်။
“ ဝှီး....”
ရှောင်ယောင်၏ခမောက်ကဝှီခေါ်နေပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုတိုက်ခိုက်သည့်လူ၏ဓားကိုင်လက်ဆီသို့အရှိန်ပြင်းစွာဝင်ရောက်သွားသည် ။
ထိုအချိန်တွင်သူ၏ခန္တာကိုယ်က ကျန်ဓားပြတစ်ဦး၏နောက်သို့ရောက်ရှိသွားကာသူ၏လက်ကိုလျှပ်ပြတ်သလို လှုပ်ရှားလိုက်သည် ။
“ ထောက်...”
နောက်ကျောဆီမှ လေတိုးသံကြောင့် ပြပွဲကောင်းကိုရှုစားနေသည့်ဓားပြလည်းအလျှင်အမြန်နောက်လှည့်ကြည့်လိုက်သော်လည်း ရှောင်ယောင်၏လက်ချက်ကြောင့် အကြောပိတ်ခံရပြီးဖြစ်ကာ သူ၏တစ်ကိုယ်လုံးတောင့်တင်းသွားသည် ။
တစ်ဖက်တွင် ဟောင်ရန်ကလည်း ကျန်ဓားပြနှစ်ယောက်ဆီသို့ခုန်ဝင်သွားပြီး ထိုနှစ်ယောက်၏ သွေးကြောများကို ဆက်တိုက်ထိုးပိတ်လိုက်သည်။
ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လာသည့်ဟောင်ရန်ကြောင့် အဆင့်မြင့်သိုင်းအဆင့်သာရှိသည့်ဓားပြနှစ်ဦးမှာမည်သို့မှမခုခံနိုင်ဘဲ ထိတ်လန့်ကြောက်ရွံ့နေသည့်မျက်နှာများဖြင့် တစ်ကိုယ်လုံးတောင့်တင်းကာ မလှုပ်မယှက်ဖြစ်သွားကြသည်။
ထိုအချိန်တွင် ရှောင်ယောင်လည်းတစ်စုံတစ်ခုမှားယွင်းနေသည်ဟုခံစားမိလိုက်၍ ဘေးဘက်သို့စောင်းကြည့်လိုက်ရာ ပါးစပ်အဟောင်းသားဖြစ်သွားဝောာ့သည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီးကို တိုက်ခိုက်လိုက်သည့်ဓားပြကိုပစ်လွှတ်ဟန့်တားလိုက်သည့်သူ၏ခမောက်က ဦးတည်ရာသို့မရောက်ဘဲ အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ထဲသို့ရောက်ရှိနေသည်။
ထို့အပြင် ဓားပြ၏ဓားကလည်းအောက်သို့ကျမလာဘဲ အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ဦးခေါင်းနှင့် နှစ်လက်မအကွာတွင်ရှိနေကာ အကြောပိတ်ခံထားရ၍ တောင့်တင်းနေသည့် ထိုဓားပြ၏အမူအယာက သရဲတစ္ဆေတစ်ကောင်ကိုတွေ့မြင်ရသည့်အလား သွေးဆုတ်ဖြူလျော်လျက်ရှိသည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီးက မူလအတိုင်းပျင်းရိသည့်ဟန်ဖြင့်ထိုင်နေဆဲဖြစ်ပြီး ကွာခြားသွားသည့်အရာကားသူ၏လက်ထဲရှိရှောင်ယောင်၏ခမောက်နှင့် သူ၏ရှေ့တွင် ဓားကြီးရွယ်ကာ ကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်ဖြစ်နေသည့်ဓားပြတစ်ယောက်တို့ရှိနေခြင်းဖြစ်သည် ။
ထိုအဖြစ်ကြောင့်ရှောင်ယောင်ရော ဟောင်ရန်ပါအကြီးအကျယ်တုန်လှုပ်သွားကြသည်။
သူတို့၏နေရာမှထ၍ ဓားပြများဆီသို့ပြေးဝင်တိုက်ခိုက်သည့်အချိန်ကလွန်စွာတိုတောင်းပြီး အသက်ရှုချိန်သုံးကြိမ်သာအများဆုံးရှိမည်ဖြစ်သည် ။
ထိုအချိန်လေးတွင် အနက်ရောင်ဝတ်စုံဝတ်လူကြီးမည်သို့လှုပ်ရှားသွားသည်ကိုသူတို့မမြင်လိုက်ရသလို ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးပင်လက်ဗလာဖြင့်ဖမ်းနိုင်မည်မဟုတ်သည့်ရှောင်ယောင်၏ခမောက်က ထိုလူကြီး၏လက်ထဲသို့မည်သည့်နည်းဖြင့်ရောက်ရှိနေသည်မသိပေ။
သူတို့နှစ်ယောက်သာမက လှေပေါ်ရှိလူတိုင်းလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့်ရှိနေပြီး လှေတစ်စင်း လုံး အပ်ကျသံပင်ကြားရလောက်အောင် လုံးဝတိတ်ဆိတ်နေကြသည် ။
ဘေးဘက်မှကြည့်နေသူက ပို၍ရှင်းလင်းသည်ဆိုသည့်အတိုင်း အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဓားပြဆီသို့ဦးတည်ပစ်လွှတ်လိုက်သည့်အရှိန်ပြင်းထန်လှသည့်ရှောင်ယောင်၏ခမောက်ကိုပေါ့ပါးစွာဖမ်းယူလိုက်သည်ကိုသူတို့တွေ့မြင်ခဲ့ရသည် ။
ထို့အပြင် ထိုလူကြီး၏ရှေ့ရှိဓားပြက သူ့အလိုလိုကျောက်ရုပ်တစ်ရုပ်ကဲ့သို့ဖြစ်သွားပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးက လက်ချောင်းကလေးတစ်ချောင်းပင်မြောက်သည်ကို သူတို့မတွေ့ခဲ့ရပေ။
ရှောင်ယောင်တို့နှစ်ယောက်မှာ ခရီးသည်များ၏စိတ်ထဲရှိသူရဲကောင်းများဆိုလျှင် သူ့ကိုသတ်ဖြတ်တော့မည်ပြင်နေသည့်ဓားပြကိုလက်တစ်ချောင်းပင်မလှုပ်ဘဲအနိုင်ယူခဲ့သည့်လူကြီးက ပို၍အစွမ်းထက်ပေသည်။
သူတို့၏စိတ်ထဲ၌ ထိုလူကြီးကို မှော်ဆရာတစ်ဦးဖြစ်သည်ဟုပင်ထင်မြင်နေပြီးသူတို့၏ ထိတ်လန့်ကြောက်ရွံ့နေသည့် အကြည့်အောက်၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဖြေးညင်းစွာထရပ်လာသည်။
“ ခမောက်အတွက်ကျေးဇူးပဲ....နေမြင့်လာတော့ အပူရှိန်က အတော်ပြင်းလာတာကွ...”
ပေါ့ပါးသည့်ပုံစံဖြင့်ပြောရင်း သူ၏ခမောက်ကိုဆောင်းနေသည့်လူကြီးကြောင့် ရှောင်ယောင်လည်း ခြောက်ကပ်ကပ်ပြုံးလိုက်ရင်း လက်သီးတစ်ဖက်ဆုပ်အရိုသေပေးလိုက်သည်။
“ ဆရာကြီးရဲ့သိုင်းပညာက ကျုပ်တိူ့ထက်အများကြီးမြင့်တာပဲ ဆရာကြီးရဲ့နာမည်ကို သိခွင့်ရမလား ...”
ရှောင်ယောင်၏စကားကိုကြားမှ အံ့ဩတုန်လှုပ်နေရာမှသတိဝင်လာသည့်ဟောင်ရန်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုအရိုသေပေးလိုက်သည်။
ထိုလူက သာမန်သိုင်းသမားတစ်ဦးမဟုတ်ဘဲ သူတို့ထက်အဆများစွာအစွမ်းထက်သည့်သိုင်းပညာရှင်တစ်ဦးသာဖြစ်ပေသည်။
ထို့ကြောင့်လည်းသူ၏အဆင့်ကို သူတို့နှစ်ယောက် အတိအကျမသိဘဲ ယခုလိုဝင်ရောက်ကယ်တင်မည်ပြုခြင်းဖြစ်၏ ။
ရှောင်ယောင်၏ယဉ်ကျေးသည့်အပြုအမူကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်၌အပြုံးတစ်ခုထွက်ပေါ်လာပြီးတည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ကိုယ့်အလုပ်ကိုပြီးအောင်လုပ်ဦးကောင်လေး...လှေအောက်ထပ်ကကောင်တွေကို ငါဂရုစိုက်လိုက်မယ်....”
အနက်ရောင်ဝတ်စုံဝတ်လူကြီးက ထိုသို့ပြောဆိုပြီး ဓားပြလေးယောက်ဆင်းသွားသည့် လှေဝမ်းထဲသို့ လိုက်သွားတော့သည်။
ရှောင်ယောင်တိူ့၏လှေက အတော်ပင်ကြီးမားသည့် ပို့ဆောင်ရေး လှေဖြစ်၍ လှေဝမ်းထဲတွင် လှေထိုးသားများနှငိ့အတူ ကုန်စည်စလှယ်များကိုပါတင်ဆောင်ထားနိုင်သည်။
လှေဝမ်းထဲသို့သွား၍အဖိုးတန်ပစ္စည်းပါမပါ သွားရောက်စစ်ဆေးနေကြသည့်ဓားပြလေးယောက်၏ကံကြမ္မာကား မည်သို့ရှိမည်မသိပေ။
ရှောင်ယောင်လည်း ဟောင်ရန့်ကိုခေါင်းညိမ့်ပြလိုက်ပြီး လှေဘေးတစ်ဖက်သို့ပြေးကပ်သွားလိုက်သည်။
လှေနှင့်ယှဉ်လိုက်လိုက်ပါလာသည့်လောင်းလှေပေါ်တွင် ဓားပြလေးယောက်ကျန်ရှိနေဆဲဖြစ်ပြီး ထိုလူများ၏သိုင်းပညာကသာမန်သာဖြစ်၍ လှေပေါ်သို့တက်ခွင့်မရဘဲလှေထိုးသားအဖြစ်သာနေရခြင်းဖြစ်ဟန်တူသည်။
လှေပေါ်မှရုတ်တရက်ပေါ်ထွက်လာသည့်ရှောင်ယောင်ကြောင့် လှေပေါ်ရှိလူလေးယောက်လုံးအံ့အားသင့်သွားကြစဉ် ရှောင်ယောင်၏ခန္တာကိုယ်က ပေါ့ပါးစွာကျဆင်းလာပြိးသူတိူ့၏အလယ်သို့ရောက်ရှိလာသည်။
ထိုအခါမှ လှေပေါ်ရှိလူများလည်းရှောင်ယောင်ကိုတိုက်ခိုက်ရန်လက်နက်ကိုယ်စီထုတ်လိုက်ကြသော်လည်း ရှောင်ယောင်၏လက်ချက်ကြောင့် သူတို့အားလုံး အကြောပိတ်ခံလိုက်ရပြန်သည်။
“ လှေကြီးကိုမှီအောင်လိုက်ထား....”
ရှောင်ယောင်က ကျန်ရှိနေသည့်ဓားပြတစ်ဦးကိုအကြောမပိတ်ဘဲ လည်ပင်းပေါ် ဓားတင်၍ချိန်းခြောက်လိုက်သည်။
အသက်နှစ်ဆယ်ပင်ပြည့်ဟန်မတူသေးသည့် ထိုဓားပြလေးက ရှောင်ယောင်၏သိုင်းပညာကိုတုန်လှုပ်ခြောက်ချားနေကာ ကြက်တူရွေးအစာကောက်စလို ခေါင်းတဆက်ဆက်ညိမ့်၍ အားသွန်ခွန်စိုက်လှော်ခတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့်လှေ၏အရှိန်က အတော်ပင်နှေးကွေရာ ဓားပြလေးတစ်ယောက်ထဲလှော်ခတ်၍လည်း လှေကြီးကိုလိုက်မီနိုင်ပြီးသို့မဟုတ်ပါက ယန်စီမြစ်၏ပြင်းထန်သည့်ရေစီးကြောင့်လူတစ်ဦးထဲလှော်ခတိအားဖြင့်မည်သို့မှလိုက်မီမည်မဟုတ်ပေ။
ထိုအခိုက် သူတို့၏နောက်ဘက်ဆီမှတဝုန်းအသံများနှင့်အတူ လှော်တတ်ကိုကိုင်၍ သူတို့လှေနောက် အပြင်းလှော်ကာလိုက်ပါလာသည့်ဟောင်ရန့်ကိုမြင်လိုက်ရသည်။
ရှောင်ယောင်လည်း ထိုလူငယ်လေး၏မျက်နှာကိုကြညိ့၍မည်သို့ဖြစ်ပျက်ခဲ့သည်ကိုရိပ်စားမိလိုက်သော်လည်း ပို၍သေချာစေရန်မေးလိုက်သည်။
“ လှေပေါ်ကလူတွေကရော....”
ရှောင်ယောင်၏မေးခွန်းကြောင့် ဟောင်ရန်လည်း ရှက်ရွံ့စွာပြုံးလိုက်ပြီး သူတို့လှေပေါ်သို့ရိပ်ခနဲခုန်တက်လာသည်။
“ ဟီးဟီး...သူတို့က ကျုပ်ကိုဆီးတိုက်ပြီးမနိုငိမှန်းသိတော့ ရေထဲကိုခုန်ချပြီးထွက်ပြေးသွားပြီ...”
သူ၏အဖြေက ရှောင်ယောင်တွေးထားသလိုပင်ဖြစ်သည်။
လှော်သူမဲ့သည့်လှေငယ်လေးကား မြစ်ရေစီးကြောင်းအတိုင်းမျောပါသွားချေပြီ။
ဆယ်ပေကျော်ကွာဝေးသည့်လှေနှစ်စင်းကြားအကွာအဝေးကိုမသိသည့်အလား ရွေ့လျားနေသည့်လှေပေါ်သို့ အေးဆေးစွာကူးပြောင်းလာသည့် ဟောင်ရန်၏ကိုယ်ဖော့ပညာကိုကြည့်ရင်း ဓားပြလူငယ်လေးလည်းတံတွေးတစ်ချက်မြိုချလိုက်မိ၏။
ယခင်အကြိမ်များက သူတို့အဖွဲ့ဝင်များအစွမ်းထက်သိုင်းသမားများနှင့်တွေ့ဆုံဖူးသော်လည်း ရေကြောင်းတွင်ကျွမ်းကျင်သူများပီပီမနိုင်လျှင်ပင်ရေထဲသို့ခုန်ချထွက်ပြေးနိုင်ခဲ့သည်။
ယခု လူငယ်နှင့်မှ သူတို့တစ်ဖွဲ့လုံးအကြောပိတ်ခံရကာ နောက်တစ်ယောက်ကလည်း သိုင်းပညာမြင့်မားသူတစ်ယောက်ဖြစ်နေသည်။
&&&&