သတိကြီးသည့်ယန်စီနဂါးမင်း
Vol. 2 Ch. 37
ထို့နောက် ရှောင်ယောင်တို့လည်း ခရီးသွားလှေကို ထွက်ခွာသွားနိုင်မည်သုအသိပေးလိုက်ပြီး သူတို့နှစ်ယောက်ကား ဓားပြလေးယောက်နှင့်အတူလှေငယ်လေးဖြင့်ဆက်သွားမည်ဖြစ်သည်။
လှေကြီးပေါ်ရှိခရီးသည်များက ရှောင်ယောင်တို့နှစ်ယောက်ကို ကျေးဇူးတင်လေးစားစိတ်များစွာဖြင့် အရိုအသေပေးရင်း အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
“ သူရဲကောင်းကြီးတို့ကိုကျေးဇူးတင်ပါတယ် ..”
“ သူရဲကောင်းကြီးတို့ ကျုပ်တို့သွားပြီ...”
ထိုလူများ၏ဝမ်းမြောက်ဝမ်းသာစကားသံများကြောင့် ရှောင်ယောင်တို့နှစ်ဦးလည်းကျေနပ်ပီတိဖြစ်သွားကြပြီး ဟောင်ရန်ကပြန်၍အော်ဟစ်လိုက်သည်။
“ မိတ်ဆွေတို့ ကျန်တဲ့ဓားပြတွေအတွက်စိတ်မပူနဲ့ ကျုပ်တို့က သူတို့ဌာနချုပ်ကိုသွားပြီး တစ်ဖွဲ့လုံးကိုဖြိခွဲပစ်မှာ....”
ဟောင်ရန်၏တက်ကြွသည့်စကားကြောင့် သူတို့အနီးရှိဓားပြများထိတ်လန့်သွားကြစဉ်လှေကြီးပေါ်ရှိခရီးသွားများကား ပို၍ပင်ဝမ်းမြောက်ပျော်ရွှင်ကာ ခုန်ပေါက်နေကြသည် ။
ယန်စီနဂါးဓားပြအဖွဲ့ပေါ်ထွက်လာချိန်မှစ၍ မြစ်ကြောင်းတွင်မည်သူမှ စိတ်ဖြောင့်ဖြောင့်မသွားလာနိုင်ကြဘဲ မဖြစ်မနေခရီးသွားလျှင်ပင် အသွားပင်ဖြစ်စေ အပြန်ခရီးပင်ဖြစ်စေအနည်းဆုံးငွေတစ်တုံးပေးနေရ၍ သူတို့အားလုံးစိတ်ဆင်းရဲကိူယ်ဆင်းရဲဖြစ်ကြရသာ်။။
ယခု ဟောင်ရန်က သူတို့နှစ်ယောက် ယန်စီနဂါးအဖွဲ့ကိုဖြိုခွဲမည်ဟုအာမခံလာရာ သူတို့အားလုံးဤမျှပျော်ရွှင်သွားခြင်းက အထူးအဆန်းတော့မဟုတ်ပေ ။
ရှောင်ယောင်တို့နှစ်ဦးထဲဖြင့် ယန်စီနဂါးဓားပြတစ်ဖွဲ့လုံးကို ရင်ဆိုင်နိုင်မည်ကိုလည်း သံသယမဖြစ်ကြပေ ။
လျှိုစမ်းမြို့ကတိုက်ပွဲအကြောင်းကို သူတို့အားလုံးသိရှိပြီး၍လေးစားနေကြသော်လည်းသိုင်းလောကသားများမဟုတ်ကြဘဲ လက်ရှစ်ဖက်လှံနတ်ဆိုးမည်သူမည်ဝါဖြစ်သည်ကိုလည်းကောင်းစွာမသိကြပေ ။
ယခု သူတို့၏မျက်စေ့ရှေ့တွင် ဓားပြများကိုအလွယ်တကူအနိုင်ယူပြလိုက်ရာ ရှောင်ယောင်တို့အပေါ်ထားရှိသည့်ယုံကြည်အားကိူးစိတ်က ပို၍ပင်များပြားလာခြင်းဖြစ်သည် ။
ထိုအချိန်၌ ခရီးသည်များကြားမှ အလုပ်ကြမ်းသမားပုံစံရှိသည့် ဖျင်ကြမ်းဝတ်စုံဝတ်လူက ရှောင်ယောင်တို့လှေငယ်လေးကို စူးရှသည့်မျက်လုံးများဖြင့်ကြည့်ရှုနေသညိ။
ထို့နောက် သူ၏အကြည့်က လှေနောက်ပိုင်းရှိအနက်ရောင်ဝတ်စုံဝတ်လူဆီသို့ရောက်ရှိသွားရာ သတိထားသည့်အရိပ်အယောင်များဖြစ်လာပြီး နောက်ဆုတ်သွားတော့သည် ။
လှေငယ်လေးပေါ်ရှိရှောင်ယောင်တို့လည်း ခရီးသည်များ၏အမူအယာကိုကြည့်ကာ ကြည်နူးပီတိဖြစ်ကြမိသည် ။
လှေပေါ်တွင် အကြောပိတ်ခံထားရသည့်ဓားပြလေးယောက်နှင့် လှေဝမ်းထဲမှနောက်ထပ်ဓားပြလေးယောက်ကျန်ရှိနေသေးသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူပါရှိနေရာ စိတ်ပူစရာမလိုတော့ပေ။
ထိုလူကလှေနောက်ပိုင်းတွင်ရှိ နေပြီး ဓားပြများကိုဖြေရှင်းပြီးဟန်တူကာ ဦးခေါင်းထက်၌ရှောင်ယောင်၏ခမောက်ကိုဆောင်း၍ ဟန်ကျပန်ကျပုံစံရှိနေသည်။
အနည်းငယ်ရယ်စရာကောင်းသည့်အချက်တစ်ခုက လှေပေါ်ရှိခရီးသည်များက ထိုလူ့ကိုယခုအချိန်ထိထိတ်လန့်နေသေးဟန်တူပြီး သူ၏အနီးတစ်ဝိုက်သို့မည်သူမှမကပ်ဝံ့ကြပေ။
သူ၏သိုင်းပညာကို ရှောင်ယောင်တို့နှစ်ဦးလုံးအတိအကျမသိရဘဲ သိုင်းဝိဇ္ဇာအဆင့်ရှိနိုင်ကာ ထိုလူက သူတို့ကို ကြည့်နေရာမှ ပြုံး၍ပြောလိုက်သည်။
“ သွားကြဦးကောင်လေးတွေ.... ။ ကံမကုန်ရင်ပြန်ဆုံကြသေးတာပေါ့ ။
ပြီးတော့ မင်းတို့မြန်မြန်သွားတာကောင်းလိမ့်မယ် ။ မဟုတ်ရင် ဟိုကောင်အရင်ရောက်သွားရင် မင်းတို့ဖြိုခွဲစရာ အဖွဲ့မရှိမှာစိုးရတယ်....”
အနက်ရောင်ဝတ်စုံဝတ်လူက လှေကြီးပေါ်မှပါးစပ်လှုပ်ရုံပြောလိုက်ခြင်းဖြစ်သော်လည်း ရှောင်ယောင်တို့အားလုံး ကြည်လင်ပြက်သားစွာကြားလိုက်ကြသည်။
ထိုလူ၏ပဟေဠိဆန်သည့်စကားကိုပြန်မေးမည်ပြုလိုက်စဉ် လှေကြီးက တဖြေးဖြေးဝေးသွားပြီး ဓားပြလူငယ်တစ်ယောက်သာလှော်ခတ်သူရှိသည့်သူတို့၏လှေက နောက်တွင်ကျန်ခဲ့တော့သည်။
ချွေးဒီးဒီးကျနေသည့်တိုင် အားကြိူးမာန်တက်လှော်ခတ်နေဆဲဖြစ်သည့်ဓားပြလူငယ်လေးက ရှောင်ယောင်တို့နှစ်ယောက်ကို အကြောက်ကြီး ကြောက်နေဟန်တူသည်။
ကျန်ဓားပြသုံးယောက်ကား ထိတ်လန့်တုန်လှုပ်သည့်အမူအယာများဖြင့်ရှိနေပြီး သူတို့၏အသက်မှာ ရှောင်ယောင်တို့လက်ထဲရှိနေ၍ အတော်ပင် ကြောက်လန့်နေဟန်တူသည်။
သို့သော်လည်း စကားပြောနိုင်သည့်အကြောကိုပါပိတ်ဆို့ခံထားရ၍ တောင်းပန်စကားဆိုနိုင်ခြင်းပင်မရှိဘဲ မျက်နှာငယ်လေးများဖြင့်သာကြည့်နေကြသည်။
ရှောင်ယောင်လည်း ထိုလူများ၏အမူအယာကိုအကဲခပ်၍ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ လှေကို ကမ်းကပ်လိုက်ပါ....”
ရှောင်ယောင်၏အမိန့်ကြောင့် ဓားပြလူငယ်လေးမှာ ရင်တဒိန်းဒိန်းခုန်သွားပြီး သူတို့ကိုသတ်ဖြတ်တော့မည်လားဟုတွေးလိုက်မိသည် ။
သို့သော် သူတို့ကိုတိုက်ခိုက်စဥ်တွင်ပင် ထိခိုက်ဒဏ်ရာရအောင်မလုပ်ဘဲ အကြောပိတ်ရုံသာပိတ်ထားသည့်ရှောင်ယောင်တို့ကြောင့် သတ်ဖြတ်ခံရခြင်းတော့မရှိနိုင်ဟုတွေးကာ ကိုယ့်စိတ်ကိုဖြေနေရသည်။
သူ၏လည်ပင်းပေါ်တွင်တင်း၍ ချိန်းခြောက်ခဲ့သည့်ဓားကို ပြန်သိမ်းပြီးဖြစ်သော်လည်း ဓားပြလူငယ်မှာ ထွက်ပြေးရန်မတွေးတောရဲဘဲ ရှောင်ယောင်စေခိုင်းသမျှကို တသဝေမတိမ်းလုပ်ဆောင်နေရသည်။
ထို့နောက် လှေကို သစ်ပင်ထူထပ်သည့်တောအုပ်နှင့်မနီးမဝေးနေရာတစ်ခုတွင်ရပ်လိုက်ပြီး အကြောပိတ်ခံထားရသည့်ဓားပြသုံးယောက်ကို ကမ်းပေါ်သို့ပစ်တင်လိုက်သည်။
ဓားပြသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက်လေပေါ် မြောက်တက်သွား၍ ထိတ်လန့်သွားကြသော်လည်း အော်ဟစ်နိုင်ခြင်းမရှိဘဲမြေကြီးပေါ်သို့ပြုတ်ကျသွားကြသည်။
သူတို့အတွက်အနည်းငယ်ခံသာသည်ကား မြစ်ကမ်းဘေးမြေပျော့ဖြစ်၍ လေပေါ်မှအရှိန်ဖြင့်ပြုတ်ကျသည့်တိုင်ထိခိုက်ဒဏ်ရာပြင်းစွာမရဘဲ ပွန်းရာပဲ့ရာအနည်းငယ်သာရရှိလိုက်သည်။
သူ၏ရှေ့တွင်တစ်ယောက်ပြီးတစ်ယောက် အရုပ်များလိုပစ်တင်ခံရသည့်အဖော်သုံးယောက်ကြောင့် ဓားပြလူငယ်လေး၏နဖူးတွင်ချွေးများသီးလာသလို တစ်ဦးထဲလှော်ခတ်ရခြင်းက ပင်ပန်းလှ၍ သူ၏ဝတ်စုံကလည်း ချွေးများရွှဲနစ်နေကာ မောဟိုက်နေဟန်တူသည် ။
သို့တိုင် တစ်စုံတစ်ရာညည်းညူရဲခြင်းမရှိလဲ လှေကိုရေစီးဖြင့်မျောပါမသွားစေရန်ကမ်းစပ်၍ ငုတ်ရိုက်၍ ကြိုးဖြင့်ချည်နှောင်လိုက်ပြီး မလှုပ်မယှက်လဲကျနေသည့်သူ့လူများအနီးသွားကာ ကုတ်ကုတ်ကလေးထိုင်နေလိုက်သည်။
ထို့နောက် ရှောင်ယောင်တို့နှစ်ယောက်လည်း ထိုလူများအနီးသို့သွားလိုက်ကြပြီး ရှောင်ယောင်က လူငယ်လေးကိုဦးစွာမေးလိုက်သည် ။
“ ကဲ ငါမေးတာမှန်မှန်ဖြေရင် ....”
ရှောင်ယောင်က လူငယ့်ကို ချိန်းခြောက်မည်ပြုစဉ် ဓားပြလူငယ် အကြိမ်ကြိမ်ဦးညွှတ်အရိုအသေပေးရင်းပြောလိုက်သည်။
“ သူရဲကောင်းကြီး ကျုပ်ကို မေးချင်တာမေးပါ ကျုပ်သိထားသမျှမချွင်းမချန်ပြောပြပါ့မယ်...”
ရိုက်စစ်စရာမလိုဘဲ အသာတကြည်ပူးပေါင်းလာသည့်ဓားပြလူငယ်၏အလိုက်တသိစကားကြောင့် ရှောင်ယောင်၏မျက်ခုံးများမြင့်တက်သွားသလို ဟောင်ရန်ပင် ခွိ ခနဲရယ်မောလိုက်မိသည်။
ရှောင်ယောင်လည်း သူ၏နှာခေါင်းကိုပွတ်ရင်း ချောင်းတစ်ချက်ဟန့်ကာမေးလိုက်သည် ။
“ မင်းတို့အဖွဲ့မှာ အဖွဲ့ဝင်အင်အားဘယ်လောက်ရှိလဲ....”
ရှောင်ယောင်၏မေးခွန်းကို ဓားပြလူငယ်ကတုံ့ဆိုင်းခြင်းမရှိဘဲပြန်ဖြေလိုက်သည်
“ ကျုပ်တို့အဖွဲ့မှာ စုစုပေါင်းအင်အားတစ်ရာ့ငါးဆယ်လောက်ရှိပါတယ်....”
လူငယ်၏အဖြေအရ ယန်စီနဂါးအဖွဲ့၏အင်အားက သူထင်ထားသည်ထက်ပင်နည်းပါးနေရာ ရှောင်ယောင်လည်း မျက်မှောင်ကြုတ်၍မေးလိုက်သည် ။
“ သေချာလို့လား...ငါကြားထားတာ မင်းတို့အဖွဲ့ကလူနှစ်ရာအနည်းဆုံးရှိမှာပါ ။။ဒီ့ထက်လည်းများနိုင်သေးတယ်ဆို....”
ရှောင်ယောင်၏အေးစက်စက်စကားနှင့် စူးရှသည့်အကြည့်တို့ကြောင့် ဓားပြလူငယ်လည်းတုန်ယင်သွားပြီးအလျှင်အမြန်ပြန်ဖြေလိုက်သည်။
“ ကျုပ်ပြောတာအမှန်ပါသူရဲကောင်းကြီး ။ လူတွေကြားမှာ ပြန့်နေတာက ကောလဟာလတွေပါလ။ ကျုပ်တို့အဖွဲ့က လူတွေထင်ထားတာထက်ပိုပြီး အင်အားနည်းပါတယ်။
ဒါပေမယ့် အဖွဲ့ဝင်တွေက လူတိုင်းကိုလက်မခံသေချာရွေးချယ်ပြီးမှ ဝင်လို့ရတာဖြစ်လို့ သူတို့အားလုံးက ရေမှာကျင်လည်ပြီးသိုင်းပညာမှာဆိုရင်လည်း အနိမ့်ဆုံးအဆင့်မြင့်သိုင်းအဆင့်ရှိကြပါတယ်....”
“ အယောက်တစ်ရာ့ငါးဆယ်လုံးက အဆင့်မြင့်သိုင်းသမားတွေလား ...”
ယခုတစ်ကြိမ်၌ လူငယ်က အနည်းငယ်တွေးတောပြီးမှအဖြေပေးလာသည်။
“ မဟုတ်ပါဘူး ။သူတို့ထဲက အယောက်တစ်ရာလောက်က ကျုပ်တို့လိုလူသစ်တွေပါတဲ့ သာမန်အဖွဲ့ဝင်ပါ ။။
သာမန်အဖွဲ့ဝင်တွေဆိုတာ အဖွဲ့ထဲကိုဝင်ခါစလူတွေနဲ့ အရည်အချင်းသိပ်မရှိတဲ့လူတွေကိုခေါ်တာပါ။
ကျုပ်တို့က သိုင်းပညာဒီလောက်လည်းအဆင့်မမြင့်တော့ ငွေတောင်းရာမှာတောင်ပါခွင့်မရဘဲ လှေထိုးသားသက်သက်ပါပဲ။
အဖွဲ့ရဲ့အစစ်အမှန်အင်အားက ခုနစ်ဆယ်တောင်မပြည့်ပါဘူး ။
ခေါင်းဆောင်ကိုတော့ အားလုံးကနဂါးမင်းလို့ခေါ်ကြပြီး သူကအဆင့်လွန်ထိပ်သီးတစ်ယောက်ပါ ။။
ကျန်တဲ့အဖွဲ့ဝင်တွေရဲ့သိုင်းပညာကိုတော့ ကျုပ်အတိအကျမသိပါဘူး...ကျုပ်တို့လို သာမန်အဖွဲ့ဝင်တွေက ဌာနချုပ်ကို အကြောင်းမရှိဘဲ သွားခွင့်မရတဲ့အပြင် ကြားစခန်းလို့ခေါ်တဲ့အဖွဲ့ငယ်လေးတွေမှာနေရပါတယ်။
ဌာနချုပ်မှာ ခေါင်းဆောင်နဲ့သူယုံကြည်ရတဲ့လူတွေပဲရှိပြီး ဌာနချုပ်ကိုလည်းမကြာခဏရွေ့ပြောင်းနေတတ်သေးပါတယ် .... “
လူငယ်၏အဖြေအဆုံး၌ ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ထိုမျှစည်းစနစ်ကျသည့်ဓားပြအဖွဲ့ကို သူတို့ ယခုမှပထမဆုံးအကြိမ်အဖြစ်ကြားဖူးခြင်းဖြစ်သည်။
ရှောင်ယောင်လည်း ထိုအကြောင်းအရာများကို အသေအချာတွေးတောနေစဉ် ဟောင်ရန်ကဝင်မေးလိုက်သည်။
“ ဒါဆိုရင် အရင်တုန်းက သိုင်းမဟာမိတ်လို အဖြူရောင်အဖွဲ့အစည်းတွေဘာလို့ဖြိုခွင်းလို့မရခဲ့တာလည်း....”
ဟောင်ရန်၏ပုံစံက တမင်ခတ်ထန်သည့်အမူအယာဟန်ဆောင်ထားရာ လူငယ်လည်းတုန်လှုပ်သွားပြီး ကမန်းကတန်းပြန်ဖြေလိုက်သည် ။