ကြားစခန်းသို့
Vol. 2 Ch. 38
အချိန်အနည်းငယ်ကြာအောင် စဉ်းစားတွေးတောနေသည့်ရှောင်ယောင်က ဓားပြလူငယ်ကိုစူးစိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။
“ ဒါဆိုရင် မင်းက ငါတို့ကိုဌာနချုပ်ဆီကိုခေါ်သွားနိုင်လား....မင်းကိုဘာမှမဖြစ်စေရဘူး ...”
ရှောင်ယောင်၏စကားကြောင့် လူငယ်၏မျက်လုံးများတောက်ပသွားသော်လည်း အနည်းငယ်စိတ်ဓာတ်ကျဟန်ဖြင့်ပြန်ပြောလိုက်သည် ။
“ ဌာနချုပ်ဘယ်နေရာမှာရှိတာကို ကျုပ်တကယ်မသိဘူး။ ကျုပ်ယန်စီနဂါးအဖွဲ့ထဲကိုရောက်တာ နှစ်နှစ်ပြည့်တော့မယ်။
ဒီအတောအတွင်းမှာ ဌာနချုပိကိုတစ်ခေါက်ပဲရောက်ဖူးခဲ့တာ။ ပြီးတော့ အဲဒီနေရာကလည်း ရွှေ့ပြောင်းသွားပြီလို့ ကျုပ်တို့စခန်းခေါင်းဆောင်ကပြောဖူးတယ်...”
လူငယ်လေး၏ပုံစံက အမှန်အတိုင်းပြောဆိုနေခြင်းဖြစ်မှန်းရိပ်စားမိ၍ ရှောင်ယောင်လည်း ထပ်မေးလိုက်သည်။
“ ဒါဆိုရင် နေ့တိုင်းဓားပြတိုက်ထားတဲ့ရွှေငွေပစ္စည်းတွေကိုရော....”
ယခုတစ်ကြိမ်၌ လူငယ်က တက်တက်ကြွကြွဖြင့်ချက်ခြင်းပြန်ဖြေလာသည် ။
“ အဲဒီပစ္စည်းတွေက ကြားစခန်းကိုပြန်ယူသွားပြီး စခန်းခေါင်းဆောင်ကိုအပ်ရတာပါ။
သူကမှတစ်ဆင့် တစ်ဝက်ခွဲပြီးဌာနချုပိကိုပို့ဆောင်ပေးရပါတယ်။ ကျန်တဲ့တစ်ဝက်ကို ကျုပ်တို့လိုကြားစခန်းကလူတွေအညီအမျှခွဲဝေရရှိပါတယ်။
ကြားစခန်းခေါင်းဆောင်တွေက ထိပ်တန်းအဆင့်သိုင်းသမားတွေဖြစ်ပြီးတော့ ခေါင်းဆောင်ကြီးယုံကြည်ရတဲ့လူတွေပါပဲ ...”
လူငယ်၏အဖြေကြောင့် ရှောင်ယောင်တို့နှစ်ဦးလည်း အဆင့်ဆင့်ဖွဲ့စည်းထားပြီး အောက်ခြေရှိလူများကိုပင် အကျိုးအမြတ်အနည်းငယ်ပေးကာကျေနပ်စေသည့် သူတိူ့၏လည်ပတ်ပုံကို နားလည်သဘောပေါက်သွားသည်။
ဟောင်ရန်က သူ၏လက်သီးကိုတင်းတင်းဆုပ်၍ပြောလိုက်သည် ။
“ အစ်ကိုရှောင်ယောင် အခုလိုမျိုး စနစ်တကျဖွဲ့စည်းထားတဲ့ဓားပြအဖွဲ့ကို ဖြိုခွင်းရမှာ ခင်ဗျားစိတ်မလှုပ်ရှားဘူးလား....။
အဲဒီယန်စီနဂါးမင်းဆိုတဲ့ကောင်ကိုအနိုင်ယူပြီးရင် သူ့ကို အခုလိုလုပ်ဖို့ ဘယ်ကအကြံဉာဏ်ရတာလဲလို့စစ်မေးရမယ် ....”
ဟောင်ရန်၏တက်ကြွသည့်ပုံစံကြောင့်ရှောင်ယောင်လည်းခေါင်းယမ်းလိုက်မိရင်း လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။။
“ ရန်သူတွေကို သိပ်ပြီးလည်းအထင်သေးမနေနဲ့။ ဒီအဖွဲ့က အခုလောက်စနစ်တကျဖွဲ့စည်းထားပုံထောက်ရင် အဲဒီလူက တော်ရင်တော် မတော်ရင်သူ့နောက်မှာ ကျောထောက်နောက်ခံအင်အားစုကြီးကြီးမားမားရှိနိုင်တယ်။။
ပြီးတော့ အစ်ကိုထိချုံးပြောခဲ့တာသတိမရဘူးလား။ ဒီလူက အရင်တုန်းက မြစ်ဝါနဂါးအဖွဲ့ရဲ့လက်ကျန်ရေဘုရင်ဆိုတဲ့ သာမန်ထိပ်သီးတစ်ယောက်လေ ။
သူက အခုချိန်မှာ ဘယ်လောက်အစွမ်းထက်လာပါတယ်ပြောပြော ဒီလောက်စနစ်ကျတဲ့အဖွဲ့အစည်းမျိုးကို ငါးနှစ်အတွင်းတည်ထောင်နိုင်တာ နည်းနည်းသံသယဖြစ်စရာကောင်းတယ်....”
ရှောင်ယောင်၏ထောက်ပြမှုကြောင့် ဟောင်ရန်လည်း အချို့အချက်များကိုပြန်တွေးလိုက်မိကာ တည်ငြိမ်သွားသည်။
သို့သော် သူ၏မျက်လုံးများက ပို၍ပင်တောက်ပလာပြီး အားတက်သရောပြောလိုက်သည်။
“ ဒါဆိုရင် သူ့နောက်ကအဖွဲ့အစည်းကိုလည်းကျုပ်တို့ဖြိုခွဲကြမယ်လေ...ဒါက ချူးကုနန်နဲ့တိုက်ခိုက်ရတာထက်တောင် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းဦးမှာ....”
ထိုလူငယ်လေး၏တက်ကြွမှုကို သူပင်လက်မှိုင်ချလိုက်ရပြီး ရှောင်ယောင်လည်း ဓားပြလူငယ်လေးကိုကြည့်ကာ ပြောလိုက်သည်။
“ ဒါဆိုရင် ငါတို့ကို ကြားစခန်းရှိတဲ့နေရာကို ခေါ်သွား ဟိုရောက်ရင် ကျန်တာ ငါတို့ဖြေရှင်းလိုက်မယ် ....”
ရှောင်ယောင်၏စကားကြောင့် လူငယ်လေးလည်းဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ခေါင်းညိမ့်ပြလိုက်သည်။
ထိုစဉ် ဟောင်ရန်ကနားမလည်ဟန်ဖြင့်ဝင်မေးလိုက်သည်။
“ အစ်ကိုရှောင်ယောင်ပြောတော့ သူတို့အဖွဲ့ဝင်လိုဟန်ဆောင်ပြီး အဖွဲ့ထဲကိုဝင်ရောမယ်ဆို....”
ဟောင်ရန်၏မေးခွန်းကို ရှောင်ယောင်က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။
“ အစီအစဉ်ပြောင်းသွားပြီလေ....မင်းပြောစမ်းပါဦး ဒီလောက်စနစ်ကျတဲ့အဖွဲ့ထဲကိုငါတို့ အယောင်ဆောင်ပြီးရောက်သွားရင်တန်းပြီးမိမှာပေါ့။ ။
ပြီးတော့ ငါထင်တာမမှားရင် ကြားစခန်းတွေမှာ အင်အားဘယ်လောက်မှမရှိနိုင်ဘူး။ အလွန်ဆုံးနှစ်ဆယ်မကျော်နိုင်ဘူး။ ဒီတော့ ကြားစခန်းကိုအရင်ဖြေရှင်းပြီးမှ ဌာနချုပ်ကိုဆကိသွားရမယ်....”
ရှောင်ယောင်၏ရှင်းပြမှုကြောင့် ဟောင်ရန်လည်း သဘောပေါက်သွားပြီး သူ၏ခါးရှိဓားကို လက်ဖြင့်ပွတ်လိုက်ရင်း ဟန်ပန်ဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ....ကျုပ်တို့သွားရအောင် ကျုပ်ရဲ့ဓားကလည်း တိုက်ခိုက်ချင်လွန်းလို့ တဆက်ဆက်တုန်နေပြီး .....ဟိုကောင်က ငါတို့ကိုလမ်းပြ...မင်းတို့ ကြားစခန်းဆိုတာက ဒီတောအုပ်ထဲမှာလား.....”
ဟောင်ရန်က အနီးရှိတောအုပ်ထဲကိုအကဲခပ်ရင်းပြောလိုက်ခြင်းဖြစ်သည်။
သူ၏စကားကြောင့်လူငယ်လေးကခေါင်းယမ်းလိုက်ပြီး လှေကိုညွန်ပြကာပြောလိုက်သည်။
“ ကျုပ်တို့က ဒီလှေနဲ့ဆက်သွားရဦးမယ် ။ မြစ်ကြောင်းအတိုင်း နှစ်လီလောက်သွားပြီး မြစ်လက်တက်လေးရှိတဲ့နေရာမှာရပ်ပြီးတော့ ကျုပ်တို့စခန်းကိုသွားလို့ရမှာ....”
လူငယ်လေး၏အဖြေကြောင့် ဟောင်ရန်လည်း အနည်းငယ်ရှက်ရွံ့သွားပြီး ထိုလူငယ်လေး၏ခေါင်းကိုရိုက်လိုက်သည်။
“ စောစောကပြောပါလား....လာစမ်း....”
“ အား ...”
ဟောင်ရန်က လူငယ်လေး၏ကုတ်ကိုဆွဲရင်း လှေပေါ်သို့ရိပ်ခနဲခုန်တက်လိုက်သည် ။
လူငယ်လည်း ရုတ်တရက်ခုန်ပျံသွား၍လန့်ကာအော်ဟစ်လိုက်မိသော်ငြား ဟောင်ရန်၏အေးစက်စက်အကြည့်ကြောင့် ပါးစပ်ပိတ်သွားတော့သည်။
ထိုစဉ် ရှောင်ယောင်ကား အကြောပိတ်ခံထားရသည့်လူများအနီးတွင်ထိုင်၍ တစ်စုံတစ်ခုပြောရင်း သူတို့၏ခန္တာကိုယ်နေရာအချို့ကို အလျှင်အမြန်တောက်လိုက်သည်ကိုမြင်လိုက်ရသည်။
“ အစ်ကိုရှောင်ယောင်သွားမယ်လေ....”
ဟောင်ရန်ကစိတ်မရှည်သည့်ဟန်ဖြင့်အော်လိုက်၍ ရှောင်ယောင်လည်း ကမ်းပေါ်မှ ခုန်လိုက်ပြီး ဝါးနှစ်ပြန်ခန့်ကွာဝေးသည့်လှေငယ်ပေါ်သို့ပေါ့ပါးစွာရောက်ရှိလာသည်။
လူတစ်ယောက်လုံးရောက်ရှိလာသည့်တိုင် ရေစပ်တွင်ရှိနေသည့်လှေငယ်လေးက အနည်းငယ်သာလှုပ်ယမ်းလာ၍ ဓားပြလူငယ်လည်း ရှောင်ယောင်၏ကိုယ်ဖော့ပညာကို အံ့ဩလေးစားသွားမိသည်။
ထို့အတူ သူတွေ့ဖူးသည့် အဖြူရောင်သိုင်းသမားများနှင့်မတူဘဲ လွတ်လပ်ပေါ့ပါးကာ စိတ်ထားကောင်းမွန်သည့်ထိုလူငယ်နှစ်ယောက်ကို သူ၏စိတ်ထဲတွင် လေးစားကြည်ညိုနေမိသည်။
“ ကဲ...သွားကြမယ်...”
ဟောင်ရန်က သူ၏လက်ကိုညွန်ပြ၍ပြောလိုက်ပြီး ကြိုးကိုဖြုတ်လိုက်ပြီးနောက် ဓားပြလူငယ်စတင် လှော်ခတ်လိုက်သည့်လှေငယ်လေးက ရေကြောင်းအတိုင်း တရွေ့ရွေ့ ရွေ့လျားသွားတော့သည်။
&&&
ခရီးသွားလှေကြီးက ယန်စီမြစ်ကြောင်းအတိုင်း ဆက်လက်ရွေ့လျားနေဆဲပင် ။
လှေပေါ်ရှိခရီးသည်များကား အစောပိုင်းက အဖြစ်အပျက်များကို ပြန်ပြောင်းပြောဆိုနေကြသလို ရှောင်ယောင်တို့နှစ်ယောက်ကိုလည်း ချီးမွမ်းခန်းဖွင့်နေလျက်ရှိကြသည်။
ယန်စီနဂါးအဖွဲ့က အန်းဟွေးနယ်ကိုအခြေပြု၍ မြစ်ကြောင်းတစ်လျှောက်ကြီးစိုးထားသည်မှာ ငါးနှစ်နီးပါးပင်ကြာပြီဖြစ်၍ မြစ်ကြောင်းဖြင့်သွားလာကြသည့်ခရီးသည်များ၊ ကုန်သည်များမှာ ထိုလူများ၏ဒဏ်ကိုအတော်ပင်ခံခဲ့ရသည်ဟုပြောနိုင်သည်။
ထို့ကြောင့် ရေကြောင်းဖြင့် မဖြစ်မနေသွားလာရသည့်လူများမှလွဲ၍အများစုက မြစ်ကြောင်းခရီးကိုပင်အသုံးမပြုကြတော့ဘဲ ကုန်းလမ်းဖြင့်သာသ်ူယူပို့ဆောင်နေပြတော့သည် ။
ယခု ရှောင်ယောင်နှင့်ဟောင်ရန်တို့က ယန်စီနဂါးအဖွဲ့ကို ဖြိုခွင်းပါမည်ဟု အာမဘန္တေခံသွားရာ ခရီးသွားများလည်း ကျေနပ်ပျော်ရွှင်နေကြပေသည်။
လှေကြီး၏အလည်၌ ကျောက်ရုပ်များလိုတောင့်တင်းနေသည့် ဓားပြရှစ်ယောက်ရှိကာ အနက်ရောင်ဝတ်စုံဝတ်လူ၏လက်ချက်ကြောင့် အကြောပိတ်ခံထားရခြင်းဖြစ်သည် ။
ထိုလူများက အချိန်ကြာမြင့်စွာအကြောပိတ်ခံထားရ၍ အတော်ပင်ခံစားရခက်နေသော်လည်း အသံကြောကိုလည်းပိတ်ဆို့ထားရာ အသနားခံနိုင်ခြင်းပင်မရှိကြပေ။
အနက်ရောင်ဝတ်စုံဝတ်လူကတော့ ခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းကာ လှေနောက်ပိုင်းတွင်ပျင်းရိသည့်ဟန်ဖြင့်ထိုင်နေသည်။
ဘေးဘက်တွင် သောင်ပြင်များ၊ သစ်ပင်ထူထပ်သည့်တောအုပ်များ ၊ မြစ်ကမ်းဘေး ရွာငယ်များအစား လူနေထိုင်သည့်အိမ်ခြေများကို ကွက်တိကွက်ကျားမြင်လာရ၍ မကြာမီ မြို့ကြီးတစ်ခုခုကိုရောက်ရှိတော့မည်ဟုသိရှိနိုင်သည်။
ဤခရီး၏အဆုံးသက်က ထုံမင်းသို့ဖြစ်ပြီး အန်းဟွေးနယ်စပ် ထုံမင်းမြို့တွင် လှေဆိုက်ကပ်မည်ဖြစ်သည် ။
သွားလိုရာခရီးဆုံးကိုရောက်ရှိတော့မညိဖြစ်၍ လှေပေါ်ရှိလူများလည်း ဝန်စည်စလှယ်များကိုစစ်ဆေးကာ တက်ကြွစွာပြင်ဆင်နေကြသည်။
ထိုအခိုက် လှေဝမ်းအတွင်းရှိလှေသူကြီးက သူ၏တပည့်လေးနှင့်အတူ အနက်ရောင်ဝတ်စုံဝတ်လူဆီသို့ချဉ်းကပ်လာပြီး ရိုသေလေးစားသည့်အမူအယာဖြင့်မေးလိုက်သည်။
“ ဆရာကြီး ဒီလူတွေကိုဘယ်လိုလုပ်လိုက်ရမှာလဲ....”
သိုင်းလောကနှင့်များစွာရင်းနှီးမှူမရှိသည့် လျှိုစမ်းမြို့ခံများနှင့်ခြားနားစွာ အကြားအမြင်ကြွယ်ဝသည့်လှေသူကြိးက အနက်ရောင်ဝတ်စုံဝတ်လူမှာ သိုင်းလောကထဲမှအစွမ်းထက်သိုင်းသမားတစ်ယောက်ဖြစ်ကြောင်းရိပ်စားမိ၍ ယခုလိုလေးလေးစားစားဆက်ဆံနေခြင်းဖြစ်သည်။
သူ၏စကားကြောင့် လှေနံရံကိုမှီကာ အိပ်ငိုက်နေဟန်တူသည့်အနက်ရောင်ဝတ်စုံဝတ်လူက ဆက်ခနဲဖြစ်သွားပြီး သူ၏လက်နှစ်ဖက်ကိုမြောက်၍ အကြောဆန့်လိုက်ပြီးမှ လှေသူကြီးကိုမေးလိုက်သည်။
“ ခရီးဆုံးကိုရောက်ခါနီးပြီလား ...”
အနက်ရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကြောင့် လှေသူကြီးက ရိုကျိုးသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ မှန်ပါတယ်ဆရာကြီး ရှေ့က ထုံမင်းမြို့ကိုရောက်ခါနီးပါပြီ။ ထုံမင်းကနေဆက်သွားရင် ကျန်းနန်ကို နေ့တစ်ဝက်ခရီးလောက်ပဲသွားရမှာပါ....”
အနက်ရောင်ဝတ်စုံဝတ်လူ၏ဦးတည်ရာက သိုင်းလောက၏ပင်မအချက်အချာဖြစ်သည့်ကျနိးနန်နယ်ဖြစ်မှန်းရိပ်စားမိ၍ ပြည့်ပြည့်စုံစုံပြောလိုက်ခြင်းဖြစ်သည်။
လှေသူကြီး၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူလည်း ခေါင်းတစ်ချက်ညိမ့်ကာ သူ၏ဝတ်စုံအတွင်းမှ ငွေစငါးစကိုထုတ်၍ လှေသူကြီးကိုပေးလိုက်သည်။
“ ရော့ ကျုပ်အတွက်လှေစီးခ....”
ငွေစတစ်စမှာ ကြေးပြားဆယ်ခုနှင့်ညီမျှပြီး သုံးစွဲရလွယ်ကူစေရန် ငွေတစ်တုံးကိုဆယ်ခုခွဲထားခြင်းဖြစ်၏။
အနက်ရောင်ဝတ်စုံဝတ်လူ၏အပြုအမူကြောင့်လှေသူကြီးလည်းအလျှင်အမြန်ခေါင်းယမ်းလိုက်ပြီး ပြာပြာသလဲပြောလိုက်သည် ။
“ ပေးစရာမလိုပါဘူး ဆရာကြီး ၊ ဆရာကြီးက ကျုပ်တို့လှေအတွက် ဓားပြတွေကို ကူပြီးတိုက်ထုတ်ပေးခဲ့သေးတယ်လေ။ ပြီးတော့....”
&&&&