အကွက်ကျကျစီစဉ်မှု
Vol. 2 Ch. 40
“ ထွီ...ငါ့ကိုသတ်ချင်ရင်သတ်လိုက်စမ်း .....ငါတို့ဌာနချုပ်ကိုလုံးဝသိရမှာမဟုတ်ဘူး။ ပြီးတော့ ဟိုသစ္စာဖောက်ကောင်လည်း ခေါင်းဆောင်ကြီးဆီရောက်ရင် မင်းသေပြီ...”
အဖွဲ့ခေါင်းဆောင်က ဟောင်ရန်၏မေးခွန်းကိုတုံ့ပြန်ရင်း မလှမ်းမကမ်း၌ရပ်နေသည့်ဓားပြလူငယ်ကိုပါချိန်းခြောက်လိုက်သည်။
သူ၏စကားကြောင့် ဓားပြလူငယ်၏အမူအယာက အနည်းငယ်ပြောင်းလဲသွားသော်လည်း ရှောင်ယောင်တို့၏သိုင်းပညာကိုပြန်တွေးလိုက်မိသည့်အခါ သူ၏ပုံစံက ပြန်၍ရဲရင့်လာသည်။
“ တိတ်စမ်း....ခင်ဗျားသူရဲကောင်းကြီးတို့မေးတာကိုမဖြေရင် အသေပဲ....”
လူငယ်ကပါရှောင်ယောင်တို့၏ဘက်မှဝင်၍ခြိမ်းချောက်လိုက်သဖြင့် အဖွဲ့ခေါင်းဆောင်၏ရုပ်က ကြည့်ရဆိုးသွားသည်။
ဟောင်ရန်စစ်မေးနေသည်က နာရီဝက်နီးပါးရှိပြီဖြစ်သည့်တိုင် ထိုလူ့ထံမှတစ်စုံတစ်ရာကိုမသိရသေစပေ။
ထိုမျှခေါင်းမာလှသည့်လူကို တွေ့ဖူးချင်းမရှိ၍ ဟ ဟောင်ရန်လည်းအကြံအိုက်နေကာ တစ်စုံတစ်ခုပြောမည်ပြုစဉ် ရှောင်ယောင်က ခေါင်းယမ်း၍ရှေ့တိုးလာသည်။
“ ဖယ်လိုက်...သူက မင်းရဲ့ကြင်နာတဲ့စိတ်ကိုသိလို့တင်းခံနေတာ....”
ရှောင်ယောင်၏စကားကြောင့် အဖွဲ့ခေါင်းဆောင်၏မျက်နှာ ကွက်ခနဲပျက်သွားရုံသာမက ဟောင်ရန်လည်း ကြောင်အမ်းအမ်းဖြင့်ဘေးဖယ်လိုက်သည်။
ရှောင်ယောင်က ဒဏ်ရာများစွာဖြင့်လဲကျနေသည့် ထိုလူ၏ရှေ့တွင်ထိုင်ရင်း သူ၏ကိုယ်ပေါ်ရှိဒဏ်ရာများကို အကဲခပ်ကာ ဖြေးညင်းစွာ ပြောလိုက်သည် ။
“ ဒီအတိုင်းကြည့်ရင်း သူ့ကိူယ်ပေါ်မှာ ဒဏ်ရာငါးခုအထက်ရှိပေမယ့် ဟောဒီခြေထောက်ကဒဏ်ရာကလွဲရင် ကျန်တာက အသေးအဖွဲ့တွေပဲ။
သူအခုလိုလဲကျပြီးပြန်မခုခံတာကလည်း မင်းကိုမယှဉ်နိုင်မှန်းသိလို့ပဲ။ ဒီလိုလူမျိုးကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကြည့်ထားဟောင်ရန်....”
ရှောင်ယောင်က ဟောင်ရန့်ကိုရည်ရွယ်၍ပြောဆိုနေရာမှ အဖွဲ့ခေါင်းဆောင်၏ခြေထောက်မှဓားဒဏ်ရာကို လက်ဖြင့်ဖိနှိပ်လိုက်သည်။
“ အား....”
ကျယ်လောင်သည့်အသံနှင့်အတူ ထိုလူ၏ခန္တာကိူယ်က တဆက်ဆင်တုန်ယင်သွားပြီး ဓားဒဏ်ရာမှ သွေးများစီးကျလာသည် ။
အဖွဲ့ခေါင်းဆောင်၏ထီမထင်ဟန်ရှိသည့်အမူအယာက ပြောင်းလဲသွားပြီး ရှောင်ယောင်ကို တုန်လှုပ်သည့်ဟန်ဖြင့်ကြည့်နေသည်။
သို့သော် သူ၏မျက်နျာက အလျော့ပေးလိုဟန်မရသေးဘဲ အံကိုတင်းတင်းကြိတ်ထားသည် ။
ရှောင်ယောင်ကလည်း အဖွဲ့ခေါင်းဆောင်ကိုဂရုမစိုက်ဘဲ ဓားပြလူငယ်ကိုလှည့်ကြည့်ကာမေးလိုက်သည်။
“ ဟေ့ ...မိုဒီး ဘာလို့သူက ဌာနချုပ်ရှိနဲ့နေရာကိုမပြောဘဲ တင်းခံနေတာလို့ထင်လဲ....”
ဓားပြလူငယ်လေး၏နာမည်က မိုဒီးဖြစ်ပြီး ရှောင်ယောင်၏မေးခွန်းကိုတက်ကြွစွာပြန်ဖြေလိုက်သည်။
“ စောစောကသူရဲကောင်းကြီးပြောသလိုပဲ ဒီလူက အခေါင်းမမြင်ရသေးလို့ မျက်ရည်မကျတာပါ ။။
ဟိုကသူရဲကောင်းကြီးက တကယ်မသတ်ဖြတ်မှန်းသိလို့ သူက အခုလိုမျိုးမာမာထန်ထန်တုံ့ပြန်နေတာပါ။ တကယ်လို့ တခြားအနက်ရောင်သိုင်းသမားတစ်ယောက်ယောသာဆိုရင် ဖွင့်မမပြောမချင်းနှိပ်စက်နေမှာ အသေအချာပါပဲ....”
ဓားပြလူငယ်၏စကားကြောင့် ဟောင်ရန်လည်း အံ့အားသင့်နေစဉ် အဖွဲ့ခေါင်းဆောင်ကစိတ်ထိမ်းမထားနိုင်တော့ဘဲလဲကျနေရာမှခုန်ထလိုက်သည်။
“ ခွေးမသား....”
သူထားရာနေ စေရာသွားနေရသည့်ကောင်က ယခုလိုသူ့ကိုပြန်၍ ဒုက္ခပေးလာရာ အဖွဲ့ခေါင်းဆောင်လည်း ဒေါသကြောင့်ရှောင်ယောင်တို့ရှိနေသည်ကိုပင် အခိုက်အတန့်မေ့လျော့သွားခဲ့သည်။
သူ၏အပြုအမူကြောင့် ဓားပြလူငယ်လည်း အလန့်တကြားခုန်ဆုတ်လိုက်သော်ငြား ရှောင်ယောင်၏လှုပ်ရှားမှုက ပို၍ပင်လျှင်မြန်နေသေးသည်။
အဖွဲ့ခေါင်းဆောင်ခုန်ထသည်နှင့်ရှောင်ယောင်၏လက်က သူ၏ခန္တာကိုယ်ပေါ်ရှိသွေးကြောကွက်အနည်းငယ်အပေါ်သို့ထောက်ချလိုက်ပြီး ဝုန်းခနဲပြန်၍လဲကျသွားတော့သည်။
“ သေစမ်း ...ငါပြန်လွတ်လာရင် မင်းကိုအရင်ဆုံးသတ်မယ်....”
အဖွဲ့ခေါငိးဆောင်က ယခုအချိန်ထိ မကျေမချမ်းဖြင့်ရှိနေဆဲဖြစ်ပြီး ဓားပြလူငယ်လေးကိုကြိမ်းဝါးနေဆဲပင်။
ရှောင်ယောင်က သူ၏အဝတ်ထုပ်အတွင်းမှ ပုလင်းငယ်လေးတစ်လုံးကိုထုတ်ကာ အထဲမှအဖြူရောင်အမှုန့်များကိုလက်ဝါးပေါ်သို့တင်လိုက်ရင်း အဖွဲ့ခေါငိးဆောင်ကို အေးစက်စက်အသံဖြင့်ပြောလိုက်သည်။
“ ငါက တခြားလူတွေကို နှိပ်စက်ရတာ ဝါသနာမပါဘူး ။ ဒါပေမယ့် လိုအပ်ရင်တော့ရက်စက်မှာပဲ ။
ငါ့လက်ထဲက ပုလင်းထဲမှာ အရိုးစားဆေးမှုန့်ဆိုတာရှိတယ်။
အဲဒါက တစ်ယောက်ယောက်ရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာဘယ်လောက်သေးတာပဲဖြစ်ဖြစ် သူ့ကို ဖြူးလိုက်ရင်အဆနှစ်ဆယ်လောက်ပိုပြီးဆိုးရွားလာအောင်လုပ်ဆောင်နိုင်တယ်။။
ခရမ်းရောင်သွေးလဂိုဏ်းရဲ့ နှလုံးကြွေဆေးလုံးကိုကြားဖူးလား...ဟောဒီဆေးမှုန့်ကလည်း အဲဒီဆေးလုံးကိုဖော်စပ်တဲ့အဆိပ်ဘုရင်ပဲဖော်စပ်ထားခဲ့တာ....”
ရှောင်ယောင်၏စကားမဆုံးသေးသော်လည်း အဖွဲ့ခေါင်းဆောင်၏မျက်နှာက တဖြေးဖြေးဖြူလျော်လာပြီးနောက်ဆုံး၌ သွေးမရှိသလိုပင်ဖြစ်လာတော့သည် ။
သူတစ်ဦးထဲထိုသို့ဖြစ်သည်မဟုတ်ဘဲ ဟောင်ရန်နှင့်ဓားပြလူငယ်လေးတို့ပင် ရှောင်ယောင်ကိုတစ်ကြိမ်မှမမြင်ဖူးသူတစ်ယောက်လိုကြည့်ရှုနေမိပြီး ဟောင်ရန်က ခပ်တိုးတိုးပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင် ဒီလောက်ရက်စက်တာမျိုးကို....”
ဟောင်ရန်၏စကားမဆုံးသေးမီရှောင်ယောင်က အော်ငေါက်လိုက်သည်။
“ တိတ်စမ်း...ဒီလူတွေရဲ့လက်ထဲမှာ သေခဲ့တဲ့အပြစ်မဲ့တဲ့လူပေါင်း မရေမတွက်နိုင်ဘူး။ သူတိူ့က အခုလိုလုပ်ရပ်နဲ့ထိုက်တန်တယ်...”
သူ့ကိုပြန်မကြည့်ဘဲအေးစက်မာကျောသည့်အသံဖြင့်အော်ဟစ်လိုက်သည့်ရှောင်ယောင်ကြောင့် ဟောင်ရန်လည်း ဝမ်းနည်းစိတ်ပျက်သွားဟန်တူပြီး ခေါင်းငုံ့လိုက်သည်။
ဘေးဘက်ရှိဓားပြလူငယ်လည်း နောက်သို့ခြေတစ်လှမ်းဆုတ်ကာ ရှောင်ယောင်ကို ရဲရဲပင်မကြည့်ဝံ့တော့ပေ။
ရှောင်ယောင်က သူတို့၏အမူအယာများကိုဂရုမစိုက်ဘဲ အဖွဲ့ခေါင်းဆောင်ကို အေးစက်စက်လေသံဖြင့်မေးလိုက်သည်။
“ ကဲ ခင်ဗျားရွေးချယ်လို့ရပြီ...ခင်ဗျားတို့ဌာနချုပ်နေရာကိုဖွင့်ပြောမလား..အရိုးစားဆေးမှု့ကိုခင်ဗျားဒဏ်ရာတွေပေါ်ဖြူးရမလား။
ခင်ဗျားကိုယ်ပေါ်ကဒဏ်ရာတွေအရဆိုရင် အသက်ရှူချိန်အနည်းငယ် အတွင်းမှာ အရိုးတခြားအသားတခြားဖြစ်ပြီး မချိမဆန့်တဲ့သေဆုံးသွားနိုင်တယ် ....”
ရှောင်ယောင်၏မျက်လုံးများကမီးဝင်းဝင်းတောက်နေကာ သူ၏တည်ကြည်ခန့်ညားသည့်မျက်နှာက အေးစက်ပြက်သားလျက်ရှိသည်။
&&&&
“ ခွပ်..ခွပ်....”
“ ကျွီ....”
မြင်းတစ်ကောင်ဆွဲသည့် နောက်မိုးပွင့်လှည်းလေးက လမ်းမပေါ်တွင် ပုံမှန်အရှိန်ဖြင့်သွားလာနေကာ လှည်းပေါ်၌ လူလေးယောက်က တိတ်ဆိတ်စွာလိုက်ပါလာကြသည်။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး နဖူးတွင်အနီရောင်ခေါင်းစည်းကိုစည်းနှောင်ထားသည့် ဆယ့်ခုနှစ်နှစ် ၊ ဆယ့်ရှစ်နှစ်အရွယ် လူငယ်က မြင်းလှည်းကိုမောင်းနေခြင်းဖြစ်ကာ နေလောင်နေသည့်အသားအရေဖြင့် ကြံခိုင်သန်စွမ်းသည့်လူငယ်လေးတစ်ယောက်ဖြစ်သည် ။
လူငယ်လေးက လှည်းကိုအာရုံစိုက်မောင်းနေခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံနောက်ဘက်ရှိလူသုံးယောက်ကို မသိမသာစောင်းငဲ့ကြည့်ရှုနေတတ်သေးသည်။
လှည်း၏နောက်ဘက် အခွက်ထဲတွင် တောကောင်သားရေချပ်များကိုသပ်ရပ်စွာစည်းနှောင်ထားသည့်အစည်းများ ၊ အသားခြောက်အိတ်များစသည်ဖြင့် အိတ်များခွဲ၍ပါလာပြီး လူသုံးယောက်ကလည်း တိတ်ဆိတ်စွာထိုင်နေကြသည်။
လှည်းပေါ်ရှိပစ္စည်းများက ဝန်စည်စလှယ်များဖြစ်သော်လည်း ထိုပစ္စည်းများနှင့်အတူထိုင်နေကြသည့်လူများကအနည်းငယ်ထူးဆန်းနေသည်။
အပြာရောင်စာပေသမားဝတ်စုံဝတ်ချောမောသည့်လူငယ်တစ်ဦးနှင့်အဖြူရောင်ကျောင်းတော်သားဝတ်စုံဝတ်တည်ကြည်ခန့်ညားသည့်လူငယ်တို့က အနက်ရောင်သိုင်းဝတ်စုံဝတ်လူတစ်ဦး၏ဘေး၌ တစ်ဖက်တစ်ချက်ကပ်ထိုင်နေကြပြီး သူတို့၏ပုံစံက အတော်ပင်ထင်ရှားလျက်ရှိသည်။
အကယ်၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုအသေအချာကြည့်ရှုမည်ဆိုပါက သူ၏မျက်နှာထက်၌ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပန်ခြင်းစသည့်ခံစားချက်တို့ကိုတွေ့ရမည်ဖြစ်ပြီး အထူးသဖြင့် ကျောင်းတော်သားဝတ်စုံဝတ်လူငယ်ကိုကြည့်နေသည့်မျက်ဝန်းများ၌ အကြောက်တရားတို့ပါဝင်လျက်ရှိသည်။
အလုပ်သမားတစ်ဦးပုံစံမရှိသည့် လှည်းမောင်းသမားလူငယ် ၊ လှည်းနောက်ခွက်ထဲတွင်ထိုင်လိုက်လာကြသည့် ချောမောခန့်ညားသည့်လူငယ်နှစ်ဦးနှင့်သိုင်းသမားတစ်ဦး ၊ သူတို့သည့်အတူပါလာသညိ့ သားရေပြားများနှင့် ရိက္ခာခြောက်ထုပ်များစသည်တို့ကြောင့် ထိုလူစုမှာလမ်းတစ်လျှောက်တွင် လူအာရုံစိုက်စရာဖြစ်နေပြီး ဖြတ်သွားဖြတ်လာများက ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြလေသည်။
သို့သော်လည်း လှည်းပေါ်ရှိလူအားလုံးကအတွေးကိုယ်စီဖြင့်ရှိကြပြီး လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာလိုက်ပါလာကြသည်။
ထိုလူစုကား ကြားစခန်းကိုအနိုင်ယူပြီးထွက်ခွာလာကြသည့်ရှောင်ယောင်တို့ပင်ဖြစ်ပြီး စခန်းခေါင်းဆောင်၏စီမံမှုဖြင့် ယခုလိုလိုက်ပါလာခြင်းဖြစ်ပြီး စခန်းရှိကျနိအဖွဲ့သားများကိုကား အကြောပိတ်ထားခဲ့ရသည်။
စခန်းခေါင်းဆောင်မှာ ရှောင်ယောင်၏ခြောက်လှန့်မှုကြောင့် သေးထွက်မတတ်ဖြစ်ခဲ့ရပြီး ထိုလူ့ထံမှဌာနချုပ်ကိုလိုက်ပို့ပါမည်ဟု ကတိရရှိခဲ့သည်။
သိုင်းပညာထိပ်တန်းအဆင့်ရှိသည့် စခန်းခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အားလျော်စွာထိုလူက ယန်စီနဂါးအဖွဲ့အကြောင်းကို အားလုံးနီးပါးသိရှိထားသည်။
စခန်းခေါင်းဆောင်ထံမှသတင်းအချက်အလက်များအရ ကြားစခန်းစုစုပေါင်းငါးခုရှိပြီး စခန်းတစ်ခုလျှင် ခေါင်းဆောင်အပါအဝင်လူနှစ်ဆယ့်ခြောက်ယောက်ရှိသည်ဟုဆိုထားသည်။
ထိုကြားစခန်းများမှာ ယန်စီမြစ်ကြောင်းတစ်လျှောက်ဖြတ်သွားသည့် လှေသင်္ဘောများကို ကိုယ့်ရက်နှင့်ကိုယ်တာဝန်ယူလုယက်ရပြီး တန်ဖိုးကြီးပစ္စည်းများကိုခိုးဝှက်သယ်ဆောင်လာလျှင်ပင် ဌာနချုပ်က အမြဲလိုလိုသတင်းကြိုတင်ရရှိထားကြသည်။
ထိုအကြောင်းကိုသိလိုက်သည့်အချိန်တွင် ရှောင်ယောင်လည်း ထိုအဖွဲ့အစည်း၏လက်တံရှည်မှုကိုလျော့တွက်မိပြီဖြစ်ကြောင်းသိလိုက်ပြီးလမ်းတွင် တစ်ချိန်လုံးအစီအစဉ်ချလာခြင်းဖြစ်တော့သည်။
ကြားစခန်းငါးခုက တစ်ခုနှင့်တစ်ခုဆက်သွယ်မှုမရှိဘဲ ဌာနချုပ်မှအမိန့်ကိုသာနာခံရသည့်အတွက် ရှောင်ယောင်လည်း ဌာနချုပ်ကိုဦးစွာဖြိုခွင်းပြီးမှ ကျန်ကြားစခန်းလေးခုကို ဂရုစိုက်ရန်တွေးတောထားသည်။
ရှောင်ယောင်တို့ တိုက်ခိုက်ခဲ့သည့်ကြားစခန်းရှိလူများထဲမှရှစ်ယောက်က ယန်စီနဂါးအဖွဲ့၏အစစ်အမှန်အဖွဲ့သားများဖြစ်ကာ ကျန်လူများကမူ လှည်းမောင်းနေသည့်ဓားပြလူငယ်လို သာမန်အဖွဲ့ဝင်များဖြစ်ကြသည်။
ထိုအထဲမှ ရှစ်ယောက်မှာ လှေပေါ်တွင်ဖမ်းဆီးခံရပြီးဖြစ်ကာ လေးယောက်ကား ရေထဲသို့ခုန်ချထွက်ပြေးသွားပြီဖြစ်သည် ။
ကျန်လေးယောက်အနက် သုံးယောက်ကို မြစ်ကမ်းဘေးတစ်နေရာတွင် အကြောပိတ်ထားခဲ့ပြီး တစ်ယောက်က ရှောင်ယောင်တို့နှင့်လိုက်ပါလာသည့်ဓားပြလူငယ်ပင်ဖြစ်ပေသည်။။
ဒဏ်ရာကိုယ်စီရရှိထားကြသည့် ကြားစခန်းရှိကျန်လူများကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး စခန်းခေါင်းဆောင်ကိုသာခေါ်လာခြင်းဖြစ်၏ ။
&&&