ဌာနချုပ်သို့ရောက်ရှိပြီ
Vol. 2 Ch. 41
စခန်းခေါင်းဆောင်၏စကားအရ ဌာနချုပ်တွင် သူတို့အားလုံး၏ခေါင်းဆောင်ကြီးဖြစ်သည့် ယန်စီနဂါးမင်းနှင့် ကျန်လူများရှိကြပြီး ထိုနေရာတွင် အင်အားသုံးဆယ့်ခြောက်ယောက်သာရှိပေသည်။
သို့သော် ထိုသုံးဆယ့်ခြောက်ယောက်ထဲတွင် ခေါင်းဆောင်အပါအဝင်အဆင့်လွန်ထိပ်သီးသုံးယောက်၊ ထိပ်တန်းအဆင့်သိုင်းသမားကိုးယောက်နှင့် အဆင့်မြင့်သိုင်းသမားနှစ်ဆယ်ကျော်ရှိပြီး ထိုအင်အားက သာမန်ပထမတန်းစားဂိုဏိးတစ်ခုနီးပါးပင်ရှိသည်။
ရှောင်ယောင်တို့ကို အားတက်သရောကူညီနေသည့်ဓားပြလူငယ်ပင် သူတို့အဖွဲ့အစည်းထိုမျှအင်အားတောင့်တင်းမှန်းသိဟန်မတူပေ။
ထိုလူငယ်က အကြောင်းကြောင်းကြောင့် ယန်စီနဂါးဓားပြအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ရသော်လည်း သူ၏စိတ်ရင်းက ထိုမျှဆိုးရွားခြင်းမရှိပေ ။
ရှောင်ယောင်တို့နှစ်ယောက်၏အသက်အရွယ်ဖြင့်တတ်မြောက်ထားသည့အစွမ်းထက်သိုင်းပညာများကိုတွေ့မြင်နေရပြီးသည့်နောက် ထိုလူငယ်လေးမှာ သူတို့ကိုပင်လေးစားအားကျနေဟန်တူသည်။
ယခုလည်း ဌာနချုပ်သို့သွားမည့်ခရီးကို တက်တက်ကြွကြွဖြင့် စေတနာဝန်ထမ်းအဖြစ်လုပ်ဆောင်ခဲ့ပြီး သူ၏စိတ်အားထက်သန်မှုကြောင့် ရှောင်ယောင်လည်း ထိုလူငယ်လေးကို ဓားပြတစ်ဦးလိုပင်မဆက်ဆံတော့ဘဲ လိုက်ပါခွင့်ပြုခဲ့ခြင်းဖြစ်၏ ။
အကယ်၍ ကြားစခန်းများရှိလူများကိုသာထည့်တွက်ပါက ယန်စီနဂါးအဖွဲ့၏အင်အားက ဖြုံလောက်စရာဖြစ်ပြီး ရှောင်ယောင်တို့နှစ်ဦးထဲဖြင့်မည်သို့မှဖြိုခွင်းနိုင်မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် အဖြူရောက်သိုင်းဂိုဏ်းများ၏အန္တရာယ်ကြောင့် အဖွဲ့အစည်းကိုတစ်စုထဲမထားဘဲဖြန့်ကျန်ထားရပြီး ဌာနချုပ်ကိုလည်းမကြာခဏရွေ့ပြောင်းနေရသည့်အတွက် ရန်သူများ၏အင်အားကမလုံးမိဘဲ ရှောင်ယောင်တို့အတွက်အခွင့်အရေးရှိသည်ဟုဆိုရမည်။
သို့သော်လည်း ထိုအခွင့်အရေးက သူတို့အတွက် သားရဲတွင်းလည်းဖြစ်နေပြန်သည်။။
ရန်သူများ၏အင်အားကိုကြိုတင်သိရှိထား၍ တစိပန်းသာနေသည်ဟုဆိုနိုင်သော်လည်း လောလောလက်လက် သေလုမျောပါးခံထားရသည့်သူဌေးဟိုင်၏ခြံဝန်းတိုက်ပွဲအတွေ့အကြုံအရ မည်သည့်သတင်းအချက်အလက်ကိုမှ စိတ်ချယုံကြည်၍မဖြစ်မှန်းသိသာသာ် ။
ရှောင်ယောင်လည်း စိတ်ထဲတွင် အတွေးပေါင်းများစွာကို စဉ်းစားတွေးတောလာရာမှ ခေါင်းယမ်းလိုက်ပြီး စိတ်ကိုရှင်းထုတ်လိုက်သည်။
ထို့နောက် သူ၏မျက်နှာကိုဖြတ်တိုက်လာသည့်လေနုအေးကို အားရပါးရရှူရှိုက်လိုက်ရင်း ဘေးပတ်ဝန်းကျင်ရှိသဘာဝရှုခင်းများကို အချိန်အနည်းငယ်ငေးမောလိုက်သည်။
ဤသည်က ရှောင်ယောင်၏အကျင့်တစ်ခုလည်းဖြစ်ပြီး ဦးနှောက်ကိုများစွာအသုံးပြုပြီးပင်ပန်းသည့်အချိန်တိုင်း စိတ်ကိုလျော့ချကာ အပန်းဖြေတတ်ခြင်းဖြစ်သည် ။။
ထိုအခိုကိ လှည်းနောက်မှရှုခင်းများကို ခပ်တည်တည်အမူအယာဖြင့်ငေးမောလိုက်ပါလာသည့်ဟောင်ရန်ကိုမြင်လိုက်၍ ရှောင်ယောင်၏မျက်နှာက ပြုံးယောင်သမ်းသွားမိသည် ။
“ ဟေ့ ဟောင်ရန် ဘာဖြစ်လို့ စကားမပြောတာလဲကွ...”
“ ဘာမှမဖြစ်ပါဘူး....”
လှည့်မကြည့်ဘဲ သူ၏မေးခွန်းကို တိုတိုတုတ်တုတ်ပြန်ဖြေသည့်လူငယ်လေးကြောင့် ရှောင်ယောင်လည်းမနေနိုင်ဘဲ ပြူံးလိုက်မိတော့သည်။
ထိုလူငယ်လေးမှာ ကြားစခန်းတွင် သူအော်ငေါက်ခဲ့သည်ကို ယခုအချိန်ထိအခဲကျေသေးဟန်မတူဘဲလမ်းတစ်လျှောက်လုံးလည်း စကားမပြောဘဲ တိတ်ဆိတ်စွာလိုက်ပါလာခြင်းဖြစ်သည်။
“ ငါပြောခဲ့တဲ့အစီအစဉ်ကို ဘယ်လိုသဘောရလဲ ...မင်းတစ်ခုခုအကြံပေးချင်တာရှိလား ...”
ရှောင်ယောင်က ဟောင်ရန့်ကိုထပ်မေးလိုက်သည်။
မြစ်ဝါနဂါးအဖွဲ့၏ဌာနချုပ်ကိုဖြိုခွင်းရန်နှင့်ပတ်သတ်၍ ကြားစခန်းမှထွက်ခွာမလာမီကပင် အစီအစဉ်များကိုသူရှင်းပြခဲ့ပြီးဖြစ်ကာ ဟောင်ရန် ကကောင်းသည်လည်းမပြော ဆိုးသည်လည်းမပြောပေ။
ပျော်ပျော်နေတတ်ပြီး စိတ်ထားဖြူစင်ရိုးသားကာ သိုင်းပညာထူးချွန်လှသူတစ်ဦးဖြစ်သော်လည်း တစ်ခါတစ်ရံ၌ ကလေးတစ်ဦးလို မရင့်ကျက်သေးသည့်ဟောင်ရန့်ကြောင့် ရှောင်ယောင်လည်း သူ့ကိုယ်သူကလေးထိန်းတစ်ဦးဟုပင်ခံစားလာမိသည်။
“ ရပါတယ် ခင်ဗျားကဉာဏ်ကြီးရှင်ပဲ ခင်ဗျားအဆင်ပြေသလိုစီစဉ်ပေါ့....”
ဟောင်ရန်၏အဖြေက သူ့ကိုအခဲမကျေသေးမှန်းသိသာ၍ ရှောင်ယောင်လည်း ခေါင်းယမ်းလိုက်ပြီး စကားတစ်ခွန်းမှမဆိုတော့ပေ။
ထိုအခိုက် သူတို့နှစ်ယောက်ကြားရှိ စခန်းခေါင်းဆောင်က လမ်းမကြီး၏ဘေးမှခွဲထွက်သွားသည့်လမ်းမြောင်လေးကိုညွန်ပြရင်းပြောလိုက်သည်။
“ ဟောဒီဘက်ကိုချိုးလိုက်....”
ထိုလူ၏စကားကြောင့် လှည်းမောင်းနေသည့်လူငယ်က ရှောင်ယောင်ကိုကြည့်လိုက်ရာ ရှောင်ယောင်လည်း ခေါင်းညိမ့်ပြလိုက်သည် ။
ထို့နောက် လူငယ်လေးက သူ၏လက်ထဲမှနှင်တံကိုမြောက်၍ မြင်း၏နောက်ကျောပေါ်သို့ ခပ်ဆက်ဆက်လေးရိုက်ချလိုက်သည်။
“ ဟိုင်းယား....”
“ ခွပ် ...ခွပ်..”
နာကျင်မှုဒဏ်ကြောင့် မြင်းက ယခင်ထက်ပို၍မြန်ဆန်လာပြီး သူတို့၏လှည်းလေးလည်း ပို၍အရှိန်မြင့်လာတော့သည်။
ရှောင်ယောင်က စိတ်ကောက်နေသည့်ဟောင်ရန်ကိုဂရုမစိုက်နိုင်သေးဘဲ စခန်းခေါင်းဆောင်၏ပခုံးကိုလက်ဖြင့်ပုတ်လိုက်ရင်း တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည် ။
“ အခုသွားနေတာ ဌာနချုပ်ရှိတဲ့နေရာဆိုတာရော သေချာရဲ့လား....”
သူ၏အမူအယာကတည်ကြည်လေးနက်နေပြီး ယခုအကဲခပ်ရသလောက် သူတို့ဦးတည်သွားနေသည့်ဘက်တွင် တောအုပ်ဟူ၍ပင်ကြီးကြီးမားမားရှိပုံမရပေ။
ထို့ကြောင့် စခန်းခေါင်းဆောင်က သူတို့ကိုလှည့်စား၍အခြားနေရာတစ်ခုကိုခေါ်လာသည်ဟူ သံသယဖြစ်နေခြင်းဖြစ်သည် ။
ရှောင်ယောင်၏လေသံကများစွာတင်းမာခြင်းမရှိသော်လည်း တလက်လင်တောက်ပနေသည့် အေးစက်စူးရှသောအကြည့်တို့ကြောင့် စခန်းခေါင်းဆောင်မှာ မျက်လုံးချင်းမဆုံဝံ့ဘဲ ခေါင်းငုံ့၍ပြန်ဖြေလိုက်သည်။
“ သေချာပါတယ်....တကယ်တော့ ကျုပ်တို့ဌာနချုပ်ဆိုတာ ရွာငယ်လေးတစ်ခုပါ ။ ရွာဆိုတာလည်း အကြီးကြီးမဟုတ်ဘဲ အချိန်မရွေးစွန့်ပစ်သွားလို့ရတဲ့ ယာယီရွာငယ်လေးပါ။
ခေါင်းဆောင်နဲ့ ကျန်တဲ့အဖွဲ့ဝင်တွေက အဲဒီနေရာမှာရှိပါတယ်။ တကယ်လို့ အဖြူရောင်သိုင်းသမားတွေ ကျုပ်တို့အဖွဲ့ကိုဖြိုခွင်းဖို့လှုပ်ရှားလာရင် ခေါင်းဆောင်နဲ့ကျန်တဲ့လူတွေက မြို့ကြီးတွေပေါ်တတ်ပြီးရှောင်တိမ်းသလို ကြားစခန်းကလူတွေကိုလည်း လုံးဝလှုပ်ရှားမှုအလုပ်မခိုင်းပါဘူး ။
ဒါကြောင့်လည်း အဖြူရောင်သိုင်းဂိုဏ်းတွေဘယ်လောက်အင်အားများများကျုပ်တို့ဌာနချုပိကိုရှာမတွေ့ဘဲဖြစ်ပြီး ဖမ်းမိသွားတဲ့လူတွေကလည်း အရေးမပါတဲ့အဖွဲ့ဝင်တွေလောက်ပဲဖြစ်ခဲ့တာပါ ....”
ထိုနေရာအရောက်တွင် ရှောင်ယောင်က စကားဖြတ်၍မေးလိုက်သည်။
“ ဒါဆိုရင် မင်းတို့ကြားစခန်းတွေက သာမန်တောကောင်ဖမ်းဆီးသတ်ဖြတ်တဲ့မုဆိုးစခန်းတွေလိုအယောက်ဆောင်ပြီး တိုက်ခိုက်လုယက်လို့ရတာတွေကို အခုလိုမျိုးရိက္ခာခြောက်အိတ်တွေနဲ့ ရောနှောပြီး ဌာနချုပ်ကိုပို့ရတယ်မလား....”
ရှောင်ယောင်မေးခွန်းကြောင့် စခန်းခေါင်းဆောင်က တုန်လှုပ်သွားပြီး အလိုလိုခေါင်းညိမ့်ပြလိုက်မိကာ အံ့အားသင့်သည့်လေသံဖြင့်ပြန်ဖြေလိူက်သည်။
“ ဟုတ်ပါတယ် ဒီလိုမျိုးသယ်ယူပို့ဆောင်တဲ့စနစ်က ဘယ်သူမှမရိပ်မိနိုင်ဘဲ အန္တရာယ်ကင်းတဲ့စနစ်ပါ။
ပြီးတော့ ဌာနချုပ်ကိုဘယ်နှစ်ကြိမ်ပဲပြောင်းပြောင်း မြို့ကြီးတွေနဲ့ အနီးအနားကိုပဲရွေ့တော့ အဖြူရောင်သိုင်းသမားတွေက အဲလိုနေရာတွေကိုရှာဖို့လုံးဝစိတ်မကူးမိကြပါဘူး....”
ထိုလူ၏စကားကို အသေအချာနားထောင်နေရင်း ရှောင်ယောင်၏မျက်နှာထက်၌ ချီးကျူးလိုသည့်အရိပ်အယောင်များပေါ်ထွက်လာသည်။
ဓားပြဂိုဏ်းတစ်ခုကို စနစ်ကျသည့်အဖွဲ့အစည်းတစ်ခုဖြစ်အောင်တည်ထောင်နိုင်သည်သာမက ယခုလိုလွတ်လမ်းကိုကြိုတင်စီစဉ်ထားနိုင်သည့်အရည်အချင်းက ပေါ့သေးသေးမဟုတ်ပေ။
ထို့အတူ သူ၏ယခင်ထင်မြင်ချက်က ပို၍ပင်သေချာလာပြီး ထိုအဖွဲ့ခေါင်းဆောင်မှာ ဥာဏ်ပညာပြည့်ဝသူတစ်ဦးဖြစ်လျှင်ဖြစ် မဖြစ်လျှင် သူ၏နောက်၌ ကြောက်မက်ဖွယ်အဖွဲ့အစည်းတစ်ခုရှိနေနိုင်ပေသည်။
ထိုအကြောင်းကို ရိပ်စားမိလိုက်၍သူ၏စိတ်ထဲတွင် ယခင်ကထက်သတိကြီးစွာထားလာရသည်ဆိုသော်ငြား ထူးဆန်းစွာဖြင့်ယခင်ကထက်ပင် ပို၍စိတ်အားထက်သန်လာသည်ဟုခံစားမိနေသည်။
အသက်အန္တာယ်ကြားတွင်လှုပ်ရှားကာ ကြောက်စရာကောင်းသည့်လူများကိုရင်ဆိုင်တိုက်ရမည်ဆိုသည့်အသိက ရှောက်ယောင်၏စိတ်အတွင်းပိုင်းမှတစ်စုံတစ်ခုကိုလှုပ်နှိုးလိုက်သလိုဖြစ်နေပြီး ရက်စက်ရူးသွပ်ပြီးစွန့်စားလိုသည့်ထိုမသိစိတ်က သူ၏အေးဆေးတည်ငြိမ်သည့်စိတ်အစဉ်နှင့် ဆန့်ကျင်ဘက်လိုဖြစ်နေသည်။
လှည်းလေးက အချိန်အနည်းငယ်ကြာသည်အထိဆက်သွားနေပြီး ခပ်ဝေးဝေးရှိ ချိုင့်ဝှမ်းထဲမှရွာလေးတစ်ခုကိုမြင်ရသည့်နေရာသို့ရောက်ရှိလာတော့သည်။
ထိုအချိန်တွင်စခန်းခေါင်းဆောင်က လှည်းကိုရပ်စေရန်ခိုင်းစေလိုက်ပြီးလမ်းမဘေးဘက်ရှိသစ်ပင်ကြီးတစ်ပင်အောက်သို့လှမ်းကြည့်ကာ အံ့ဩသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ပုံမှန်ဆိုရင် သာမန်ရွာသားတွေလိုမျိုးဟန်ဆောင်နေတဲ့စောင့်ကြည့်သူတွေက ဟိုနေရာမှာ အမြဲရှိတတ်တယ်။
သူတို့က ဌာနချုပ်ဘက်ကိုလာတဲ့လူတွေကို စောင့်ကြည့်ရတဲ့တာဝန်ဖြစ်ပြီး အခုလိကြားစခန်းကပို့ဆောင်ရေး လှည်းတွေဆိုရင် အနားကိုရောက်လာတတ်တယ်။။ အခုက နည်းနည်းထူးဆန်းနေတယ်...”
ထိုလူ၏အံ့အားသင့်နေသည့်အမူအယာကိုတစ်ချက်ကြည့်ရင်းရှောင်ယောင်လည်း လှုပိရှားမှုတစ်စုံတစ်ခုမရှိဘဲငြိမ်သက်တိတ်ဆိတ်နေသည့်ရွာလေးကိုလှမ်းမျှော်ကြည့်ကာ လေးနက်စွာပြောလိုက်သည်။
“ ဟိုသစ်ပင်အောက်ကိုပဲလှည်းမောင်းလိုက်....”
ရှောင်ယောင်၏အမိန့်အတိုင်း ဓားပြလူငယ်လေးက လှည်းကိုသစ်ပင်အောက်တွင်ရပ်လိုက်ပြီး လှည်းရပ်သည်နှင့်တစ်ပြိုင်နက် ရှောင်ယောင်လည်း စခန်းခေါင်းဆောင်၏သွေးကြောကွက်ကွက်အချို့ကို ထိုးပိတ်လိုက်သညိ။
သူ၏လုပ်ရပ်ကြောင့် ထိုလူ၏အမူအယာက ထိတ်လန့်တုန်လှုပ်သွားပြီး အသံလည်းမထွက်နိုင်၍ စိုးရိမ်တကြီးမျက်ဝန်းများဖြင့်ကြည့်ရှုလာသည်။
သို့သော် ရှောင်ယောင်က တည်ငြိမ်သည့်လေသံဖြင့်ရှင်းပြလိုက်သည်။
“ စိတ်မပူနဲ့ ခင်ဗျားကိုသတ်မလို့မဟုတ်ဘူး ...”
ရှောင်ယောင်က သူ၏အမိန့်ကို စောင့်မျှော်နေသည့်အလား ကြည့်ရှုနေသည့်လူငယ်လေးကိုတစ်ချက်ကြည့်ရင်းဆက်ပြောလိုက်သည်။
“ မိုဒီး..ငါတို့က ဌာနချုပ်ကိုသွားပြီးတိုက်ခိုက်တော့မယ် မင်းက သူ့ကိုစောင့်ကြည့်ရင်း ဒီမှာနေခဲ့။
ပြီးတော့ သူ့ကိုကြောက်စရာလဲမလိုဘူး ငါအကြောပိတ်ထားတာက နေ့တစ်ဝက်အနည်းဆုံးကြာမှပြန်ပွင့်လိမ့်မယ်။
ငါတို့သွားတာ အချိန်ကြာလို့ပြန်ရောက်မလာရင် မင်းလည်းဒီကနေအမြန်ဆုံးထွက်သွားတော့။
နောက်လည်း ကောင်းကောင်းမွန်မွန်နေပေါ့ကွာ ။ မင်းမှာ သွားစရာမရှိရင် လျှိုစမ်းမြို့က ထိချုံးနဲ့ဖုန်းရန်ကိုသွားရှာလို့ရတယ် ။ ငါတို့ကလွှတ်လိုက်တာလို့ပြောလိုက် ဟုတ်ပြီလား...”
ရှောင်ယောင်၏စကားကြောင့် ဓားပြလူငယ်လည်း မျက်ရည်များဝိုင်းမိသည်အထိ ကြည်နူးပီတိဖြစ်သွားမိသည်။
ထိုလူငယ်လေးမှ လူအများအထင်အမြင်သေးသည့်ဘဝတွင်နေခဲ့ရပြီး ဘာအလုပ်ကိုလုပ်ကိုင်ပါစေ အဆင်မပြေသည့်အဆုံး သူလည်းမြစ်ဝါနဂါးအဖွဲ့ထဲသို့ရောက်ရှိလာခြင်းဖြစ်တော့သည်။
ရန်သူပင်ဖြစ်သည့်တိုင် ယခုလို စိတ်ရင်းစေတနာကောင်းမွန်လှပြီး သိုင်းပညာအစွမ်းထက်လှသည့်လူများနှင့်ကြုံဆုံရမည်ဟုတစ်ကြိမ်မှမတွေးခဲ့မိပေ။
&&&&