← Chapters

သွေးပျက်ဖွယ်မြင်ကွင်း

Vol. 2 Ch. 43

သွေးပျက်ဖွယ်မြင်ကွင်း

Vol. 2 Ch. 43

အနက်ရောင်ဝတ်စုံဝတ်လူ၏အဖြေအဆုံး၌ အဖြူရောင်ဝတ်စုံဝတ်ခေါင်းဆောင်လည်း အပြုံးမျက်နှာဖြင့်ထပ်မေးလိုက်သည်။။

“ မင်းရဲ့လူတွေထဲမှာရော နဂါးဖြူဓားဘုရင်ကိုယှဉ်နိုင်မယ့်လူရှိလား....”

အနက်ရောင်ဝတ်စုံဝတ်လူလည်း ‌ခေါင်းငုံ့လိုက်ပြီး တောင်းပန်လိုသည့်လေသံဖြင့်ပြန်ဖြေလိုက်သည် ။

“ မရှိပါဘူးခေါင်းဆောင်....”

အနက်ရောင်ဝတ်စုံဝတ်လူက ယခုမှသူ့အမှားသူပြန်သိလိုက်သော်လည်း အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာကအနည်းငယ်တင်းမာလာပြီး တစ်ခါတစ်ရံတုံးအသည့်သူ၏လက်အောက်သယ်သားကို စူးစိုက်ကြည့်ကာပြောလိုက်သည်။

“ ဒါဆိုမဖြစ်နိုင်တာ‌တွေ ဘာလို့ပြန်ပြီး မေးနေသေးလဲ ။ သွား လုပ်စရာရှိတာပြန်လုပ်ချေ။ ဒီရက်ထဲမှာ ရွှေဝတ်လွှာနတ်ဘုရားအရက်က ပိုပြီးအရောင်းသွက်လာတယ်ကြားတယ်။။

ရှားပါးလေတန်ဖိုးရှိလေလေဲ့။ သူ့ကို သက်မှတ်တဲ့အရေအတွက်ထက် ပိုပြီးမထုတ်နဲ့ ။ တစ်ဖက်လှည့်နဲ့ထုတ်ပြီး မှောင်ခိုကနေ ပိုဈေးကောင်းရအောင်ရောင်း။ သွားစမ်း စကားမများဘဲအလုပ်လုပ်တော့....”

ခေါင်းဆောင်၏ ခပ်ဆက်ဆက်လေသံကြောင့် အနက်ရောင်ဝတ်စုံဝတ်လူလည်း အရိုအသေပေးရင်းအလျှင်အမြန်ထွက်သွားတော့သည်။

ထိုနေရာတွင် တစ်ဦးထဲကျန်ရစ်ခဲ့သည့်အဖြူရောင်ဝတ်စုံဝတ်လူက လေပြေညင်းကြောင်း လှိုင်းကြက်ခွပ်လေးများထလာသည့်ရေပြင်ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“ မကြာခင်မှာ တည်ငြိမ်နေတဲ့အခြေအနေတွေက မုန်တိုင်းထန်လာတော့မယ် ။

အဲဒီအချိန်ကျရင်အစ်ကိုကြီး ငါစံအိမ်ကို ဂုဏ်သိက္ခာရှိရှိပြန်လာပြီး မင်းကိုယ်တိုင်ငါ့ကို ဦးညွှတ်တောင်းပန်ရတဲ့နေ့ကိုရောက်လာတော့မယ် ....”

အနက်ရောင်ဝတ်စုံဝတ်လူ၏ နူးညံ့သိမ်မွေ့သည့်မျက်နှာက တင်းမာခတ်ထန်နေပြီး မျက်လုံးများကတလက်လက်တောက်ပလျက်ရှိသည် ။

&&&

“ တကယ်ထူးဆန်း‌နေတယ် ရွာထဲကလူတွေက ဘယ်ကိုရောက်ကုန်တာလဲမသိဘူး....”

ရှောင်ယောင်နှင့်ဟောင်ရန်တို့နှစ်ဦးမှာ အစောပိုင်းက ပုန်းလျိုးကွယ်လျှိုးဖြင့်သွားလာနေကြသော်လည်း အိမ်များတွင်လူသူတစ်စုံတစ်‌ယောက်ကိုမှမမြင်ရသည့်အခါ အတော်လေးအံ့အားသင့်နေကြသည်။

ရွာငယ်လေးတွင်အိမ်ခြေနှစ်ဆယ်ကျော်သုံးဆယ်သာဖြစ်ပြီး အများစုက အမှန်တကယ်နေထိုင်ခြင်းမရှိဘဲ ယာယီအနေသာဖြစ်၍ပစ္စည်းပစ္စယများစွာမရှိပေ။

အကယ်၍ ဉာဏ်ရည်ထက်မြက်သူတစ်ဦးဆိုပါက ယခုလို ဟာကွက်များရှိနေသည့်ရွာကိုတွေ့ရုံနှင့်တစ်စုံတစ်ခုထူးခြားနေမည်မှန်း ရိပ်မိကောင်း ရိပ်မိနိုင်သော်လည်း ယန်စီနဂါးအဖွဲ့၏ဌာနချုပ်ဖြစ်မည်ဟုတော့ ထင်မှတ်ထားကြမည်မဟုတ်ပေ။

ထိုအခိုက် ရှေ့နားဆီမှ တိုက်ခိုက်သံသဲ့သဲ့ကိုကြားလိုက်ရ၍ ဟောင်ရန်၏နားရွက်များအနည်းငယ်လှုပ်ခတ်သွားပြီးရှောင်ယောင်ကိုအလျှင်အမြန်ပြောလိုက်သည်။

“ အစ်ကိုရှောင်ယောင် ရှေ့ဘက်မှာ လူတွေတိုက်ခိုက်နေတဲ့ပုံပဲ...”

သူတို့နှစ်ယောက်ထဲတွင် ဟောင်ရန်က ရှောင်ယောင်ထက်သိသိသာသာအတွင်းအားပိုကောင်း၍ ယခုလိုဦးစွာသိရှိလိုက်ခြင်းဖြစ်သည်။

သူ၏စကားကြောင့် ရှောင်ယောင်လည်း အသေအချာနားစိုက်ထောင်ပြီးမှ ခေါင်းညိမ့်ပြလိုက်သည်။

“ ဟုတ်တယ် ငါတို့သွားကြည့်ရအောင် “

လူသူကင်းမဲ့နေသည့်အိမ်များနှင့် အဝေးဆီမှကြားနေရသည့်တိုက်ခိုက်သံများအရ ဤနေရာတွင်ထူးခြားဖြစ်ရပ်တစ်ခုခုခုဖြစ်ပျက်နေ‌ကြောင်းသိသာလှ၍ ရှောင်ယောင်တို့နှစ်ဦးလည်း အသံထွက်ပေါ်လာရာနေရာသို့အလျှင်အမြန်သွားလိုက်ကြသည်။

သူတို့၏ကိုယ်ဖော့ပညာက မတိမ်းမယိမ်းဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို တိုက်ခိုက်သံကြားရသည့်နေရာသို့ရောက်ရှိသွားကြသည်။

အသံထွက်ပေါ်လာရာကရွာ၏အရှေ့ဘက်အစွန်မှ ခြံဝန်းကျယ်တစ်ခုဖြစ်ပြီး အခြားခြံဝန်းများထက်သိသိသာသာကြီးမားနေသည့် ခြံဝန်းကြီးနှင့် အခိုင်အမာဆောက်လုပ်ထားသည့်စံအိမ်တို့ကိုကြည့်ခြင်းဖြင့် ဤနေရာက ယန်စီနဂါးအဖွဲ့ခေါင်း‌ဆောင်ကြီးနေထိုင်သည့်နေရာဖြစ်မှန်းခန့်မှန်းနိုင်သည်။

ခြံဝန်းနှင့်နီးကပ်လာသည့်အခါ တိုက်ခိုက်သံများမကြားရတော့ဘဲ မျှော်လင့်မထားသည့်မြင်ကွင်းကိုမြင်လိုက်ရ၍ ရှောင်ယောင်နှင့်ဟောင်ရန်တို့နှစ်ဦးစလုံး မျက်နှာပျက်သွားကြသည်။

‌လက်နက်ကိုယ်စီကိုင်ဆောင်ထားကြသည့်လူများက နေရာအနှံ့လဲကျနေပြီး သွေးကွက်များလည်းစွန်းထင်လျက်ရှိသည် ။

အံ့ဩဖွယ်ကောင်းစွာဖြင့် အနီးအနားတွင်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့်လက္ခာကိုမတွေ့ရသော်လည်း အယောက်နှစ်ဆယ်နီးပါးရှိမည့်လူများကား သေလျှင်သေ မသေလျှင် ဒဏ်ရာအပြင်းအထန်ရရှိနေကြသည်။

သွေးစွန်းနေသည့်ခြံဝန်းတံခါးမကြီးနှစ်ချပ်ကပွင့်ဟနေပြီး ခြံဝန်းအနီးတစ်ဝိုက်တွင် ဒဏ်ရာကိုယ်စီဖြင့်လဲကျညည်းညူနေသည့်လူများလည်းတွေ့လိုက်ရခြင်းဖြစ်သည်။

ထိုလူများက ဟိုနေရာတစ်စုသည်နေရာတစ်စုလဲကျနေခြင်းဖြစ်ပြီး နာကျင်စွာအော်ဟစ်ညည်းတွားနေကြသည်။

သူတို့၏ဝတ်ပုံစားပုံက သာမန်ရွာသားများကဲ့သို့ဖြစ်သော်လည်း သူတို့အားလုံးက သိုင်းပညာအဆင့်မြင့်မြင့်တက်မြောက်ထားကြ၍ ယန်စီနဂါးအဖွဲ့ဝင်များဖြစ်ကြောင်း သေချာလှသည်။

“ ဘယ် ဘယ်လိုတွေဖြစ်သွားတာလဲ....”

ဟောင်ရန်က သွေးပျက်ဖွယ်မြင်ကွင်းကြောင့် အသံထွက်၍ပင်ရေရွတ်လိုက်မိကာ သူ၏မျက်နှာကား သွေးဆုတ်ဖြူလျော်နေသည်။

အမှန်တရားဘက်တော်သားလုပ်မည်ဟု မကြာခဏကြွေးကျော်တတ်သည့်ထိုလူငယ်လေးကာ သိုင်းလောကသိူ့ဝင်သည်မှုမကြာသေးသလို သူ၏ပထမဆုံးအကြိမ်လူသတ်ဖူးခြင်းကပင် မနေ့တစ်နေ့ကမှဖြစ်သည် ။

ထို့ကြောင့် သွေးသံရဲရဲမြင်ကွင်းများနှင့် အတုံးအရုံးလဲကျညည်းညူနေသူများကို ရုတ်တရက်မြင်လိုက်ရချိန်၌ ဟောင်ရန်၏ပုံစံက အားနည်းသွားခြင်းဖြစ်သည်။။

ယခုအခါ ထိုလူများ၏အခြေအနေက များစွာကောင်းမွန်ခြင်းမရှိဘဲ အားလုံးနီးပါးက ဒဏ်ရာအပြင်းအထန်ရရှိနေကြကာ သေဆုံးသူလေးငါးယောက်ပင်ရှိနေသည်။

တူညီသည့်အချက်ကား သူတို့အားလုံးက ဓားဒဏ်ရာတစ်ချက်ထဲဖြင့် အနိုင်ယူခံလိုက်ရခြင်းဖြစ်ပြီး သူတို့ကိုတိုက်ခိုက်သွားသူက လွန်စွာအစွမ်းထက်သည့်ဓားသမားတစ်ဦးဖြစ်ဟန်တူသည်။

ရှောင်ယောင်တို့လို မျက်နှာစိမ်းနှစ်ဦးဝင်ရောက်လာသည်ကိုပင် ထိုလူများမှာ ဂရုမစိုက်နိုင်ဘဲ ကိုယ့်ကိုယ်ကိုအနိုင်နိုင်ဖြစ်နေကြ၏ ။

“ ဘယ်နှစ်ယောက်အသက်ရှင်သေးလဲ သွားစစ်ကြည့်ဦး....”

ရှောင်ယောင်၏စကားကြောင့် အံ့ဩတုန်လှုပ်နေသည့် ဟောင်ရန်လည်း အလိုလိုခေါင်းညိမ့်ပြလိုက်မိကာ ဒဏ်ရာအပြင်းအထန်ရရှိနေသူများဆီသို့ချဉ်းကပ်သွားတော့သည် ။

ရှောင်ယောင်၏မျက်လုံးများက ဟိုဟိုသည်သည်ဝေ့ကြည့်ရင်း ခြံဝန်းတံခါးဝ၌ သေအံ့မူးမူးဖြစ်နေသည့်လူတစ်ယောက်ကိုမြင်လိုက်၍ ထိုလူ၏အနီးသို့ဖျက်ခနဲရောက်ရှိသွား‌တော့သည် ။။

ဓားရှည်တစ်လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြိီးမြေပြင်တွင်စိုက်၍ အသက်ကိုအမောတကောရှူရှိုက်နေသည်။

သေလုနီးပါးဖြစ်နေသည့်တိုင် အခြားလူများလိုအော်ဟစ်ညည်းညူ‌ခြင်းမရှိဘဲ အံတင်းတင်းကြိတ်ထားသည့်ထိုလူ၏သတ္တိက အနည်းငယ်လေးစားဖွယ်ကောင်းလှသည်။

ထိုအခိုက် လူရိပ်တစ်ခုကိုသူ၏ရှေ့တွင်မြင်လိုက်ရ၍ ထိုလူက ဆက်ခနဲဖြစ်သွားပြီး အော်ဟစ်မာန်သွင်း၍ လက်ထဲရှိဓားကိုဝေ့ယမ်းလိုက်သည် ။

“ သေစမ်း....”

သူ၏တိုက်ခိုက်မှုက အားကုန်သုံးထားခြင်းဖြစ်သော်လည်း မီးစာကုန်ဆီခမ်းလုနီးပါးဖြစ်နေသူတစ်‌ယော်အနေဖြင့်ဓားချက်က အတော်ပင်အားပျော့လှသည်။

ထို့ကြောင့် ရှောင်ယောင်လည်း ထိုလူ၏ဓားကိုအလွယ်တကူဖမ်းယူကာ ဘေးသို့လွင့်ပစ်လိုက်ပြီး ထိုလူ၏ခန္တာကိုယ်ကို နောက်သို့မှီစေလိုက်သညိ ။

ပြီးနောက် ဒဏ်ရာကိုစစ်ဆေးကြည့်ကာ သွေးထွက်မလွန်စေရန် သွေးကြောအချို့ကိုထိုးပိတ်လိုက်ပြီး အနာကျက်ဆေးမှုန့်အနည်းငယ်ပါဖြူးပေးလိုက်သည်။

ဆေး၏ကျိန်းစပ်မှုကြောင့် ထိုလူ၏ခန္တာကိူယ်အနည်းငယ်တွန့်လိန်သွားသော်လည်း အသက်ရှူချိန်အနည်းငယ်အတွင်းဒဏ်ရာက သွေးတိတ်သွားကာ သူ၏ပုံစံက အနည်းငယ်သက်သာလာဟန်တူသည်။

ထိုလူ၏ ရင်ဝတွင်နက်ရှိုင်းသည့်ထိုးသွင်းဒဏ်ရာကြီးတစ်ခုရှိနေပြီးသူ၏မျက်နှာကလည်း သွေးများစွာဆုံးရှုံးထားရ၍ ဖြူဖျော့နေကာ အသက်ရှင်ရန်အချိန်အနည်းငယ်သာကျန်ရှိတော့ခြင်းဖြစ်သည်။

“ ကျေး...ကျေးဇူးတင်ပါတယ်....”

ထိုလူကား ရှောင်ယောင်က သူ့ကိုအန္တရာယ်ပြုရန်လာ‌ရောက်ခြင်းမဟုတ်ဘဲ ကုသပေးမှန်းသိ၍ အားတင်းကာကျေးဇူးတင်စကားဆိုလိုက်ပြီး အသက်ကိုပြင်းပြင်းရှူနေသည်။

ထိုလူက သူတို့ဖြိုခွင်းရန်လာခဲ့သည့်ယန်စီနဂါးအဖွဲ့မှဓားပြတစ်ဦးဖြစ်မှန်းသိသာသော်လည်း သူ၏သနားသဖွယ်အဖြစ်ကြောင်း စိတ်မကောင်းဖြစ်မိသေးသည် ။

“ ခင်ဗျားတို့က ယန်စီနဂါးဓားပြအဖွဲ့ကမဟုတ်လား ခင်ဗျားတို့ဌာနချုပ်ကဘယ်လိုတွေဖြစ်သွားတာလဲ....”

ရှောင်ယောင်၏မေးခွန်းကြောင့် ထိုလူ၏သွေးမရှိသလိုဖြူလျော်နေသည့်မျက်နှာထက်၌ ကြေကွဲသည့်အပြုံးတစ်ခုထွက်ပေါ်လာပြီး အားနည်းသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ အခြေအနေက မင်းမြင်တဲ့အတိုင်းပဲလေ။ ငါတို့တစ်ဖွဲ့လုံး သူများလက်ချက်နဲ့အခုလိုဖြစ်သွားတာ။။

လွတ်မြောက်တဲ့လူတောင်မရှိဘူးထင်တယ် ။ ဒါက တစ်ဘဝလုံးဆိုးမိုက်လာတဲ့ငါတို့အားလုံးဝဋ်ပြန်လည်တာပေါ့....ထိုက်တန်ပါတယ်....”

ထိုလူ၏လေသံက တိုးညင်းနေပြီး သူ၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းယမ်းလိုက်မိတော့သည်။

မူလက ဤအဖြစ်အပျက်အကြောင်းကိုစုံစမ်းရန်တွေးထားသော်လည်း ထိုလူ၏စကားကိုကြားရပြီးနောက်၌ ထိုသို့ပြုလုပ်ရန်ပင်စိတ်မပါတော့ပေ။

ထိုလူ၏အခြေအနေက အဖိုးဟွမ်ကိူယ်တိုင်ပင်ကယ်တင်ရတော့ဟန်မတူဘဲ ယခုလည်းရှောင်ယောင်၏ သွေးတိတ်စေသည့်အနာကျက်ဆေးမှုန့်နှင့် ကုသပေးမှုကြောင့်သာ အချိန်အနည်းငယ်ဆက်ရှင်နိုင်ခြင်းဖြစ်သည်။

ရုတ်တရက် ထိုလူ၏မျက်လုံးများက အနည်းငယ်ပြူးသွားပြီး ရှောင်ယောင်၏လက်ကိုအားဖြင့်ဆုပ်ကိုင်ရင်း တွန်းလိုက်သည် ။

“ သွား....ဒီနေရာကနေ မြန်မြန်ပြေးတော့ အဲဒီလူမြင်ရင် မင်းလည်းအသတ်ခံရလိမ့်မယ် ။

ဒီလူက အလွန်ကြောက်စရာကောင်းတယ် ။ ပြီးတော့ သိုင်းပညာကလည်းအရမ်းအဆင့်မြင့်တယ်။ သူတစ်ယောက်ထဲနဲ့ ငါတို့အားလုံးကို အလွယ်တကူအနိုင်ယူသွားတာ ။ ဓားတစ်ချောင်းနဲ့....

မင်းလည်း ငါ့လိုအဆုံးမသတ်ချင်ရင် ဒီကနေအမြန်ဆုံးပြေးတော့။ ဒီလူက ကြောက်စရာကောင်း....”

ဓားဒဏ်ရာကြောင့် သေအံ့မူးမူးဖြစ်နေသည့်ထိုလူကား ကယောင်ကတန်းပြောဆိုနေရင်းမှ ဇာတ်ကျိုးသွားတော့သည် ။

သေဆုံးသွားသည့်တိုင် သူ၏မျက်နှာထက်တွင်ကြောက်လန့်တုန်လှုပ်သည့်အမူအယာကိုအထင်အရှားတွေ့နေရဆဲဖြစ်ပြီး မျက်ဝန်းများကလည်း ပြူးကျယ်နေသည်။။

ဤသည်ကိုကြည့်ခြင်းဖြင့် သူကြုံတွေ့ခဲ့ရသည့်အဖြစ်ကိုအတော်ပင်သွေးပျက်ဟန်တူပြီး သေဆုံးခါနီးတွင်ပင် ကြောက်လန့်မှုတို့ရှိနေသေးသည်။

“ ဟူး..”

ရှောင်ယောင်လည်း ထိုလူ၏ပွင့်ဟနေသည့်မျက်ဝန်းများကိုလက်ဖြင့်သပ်၍ပိတ်ပေးလိုက်ပြီးသက်ပြင်းတစ်ချက်ချလိုက်မိတော့သည် ။

ထိုလူအသက်ရှင်စဉ်ကမည်မျှဆိုးမိုက်ခဲ့သည်ဖြစ်စေ ယခုလို ဆိုးရွားသည့်နည်းလမ်းဖြင့်မိုက်ဇာတ်သိမ်းသွားသည်ကိုမြင်ရခြင်းက အတော်ပင်စိတ်မကောင်းဖြစ်စရာကောင်းနေသည် ။

&&&&

All Chapters