အကျိူးအပြစ်
Vol. 2 Ch. 45
“ ခင်ဗျားက သိုင်းလောကထဲမှာနာမည်ကြီးနဲ့ နဂါးခုနစ်ကောင်ထဲက နဂါးဖြူဓားဘုရင်မလား ဘာကြောင့်အခုလိုမျိုးရက်စက်ကြမ်းကြုတ်နေရတာလဲ ...”
ဟောင်ရန်၏မေးခွန်းကြောင့် ရှောင်ယောင်၏မျက်နှာအနည်းငယ်ပျက်သွားပြီး အစိမ်းရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားသည်။
ဟောင်ရန်က ထိုအဖြစ်ကိုသတိမထားမိဘဲ ဒေါသထွက်ဟန်ဖြင့်ဆက်ပြောလိုက်သည်။
“ တကယ်ဆိုရင် ခင်ဗျားက လူအများလေးစားလောက်တဲ့သိုင်းပညာရှင်တစ်ယောက်လေ။
ဒါပေမယ့် ကိုယ့်ထက်သိုင်းပညာနိမ့်ကျတဲ့လူတွေကို အခုလောက်ရက်ရက်စက်စက်တိုက်ခိုက်စရာလိုလို့လား။ ခင်ဗျားက အဖြူရောင်သိုင်းသမားတစ်ယောက်ဆိုတဲ့နာမည်နဲ့ ဘယ်လိုမှမထိုက်တန်ဘူး....”
ပုန်းအောင်းနေရာမှထွက်ပေါ်လာပြီး သူ့ကိုပြင်းပြင်းထန်ထန်ဝေဖန်နေသည့်လူငယ်လေးကြောင့် အစိမ်းရောင်ဝတ်စုံဝတ်လူ၏မျက်နှာကတဖြေးဖြေးတင်းမာလာပြီး အေးစက်စက်လေသံဖြင့်မေးလိုက်သည်။
“ မင်းက ငါဘယ်သူလဲဆိုတာ သိပြီးတာတောင် အခုလိုပြောရဲသေးတယ်ပေါ့....”
အစိမ်းရောင်ဝတ်စုံဝတ်လူ၏ တင်းမာသည့်အမူအယာကိုမြင်တွေ့သော်လည်းဟောင်ရန်က တစ်စက်ကလေးမှထိတ်လန့်ဟန်မပြဘဲ ခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။
“ သိပါတယ် ။ ဒါပေမယ့် ခင်ဗျားရဲ့လုပ်ရပ်တွေက နည်းလမ်းမကျရင်တော့ ကျုပ်ပြောရမှာပဲ....”
အစိမ်းရောင်ဝတ်စုံဝတ်လူ၏အကြည်က ပို၍စူးရှလာသလို ဟောင်ရန်ကလည်း အလျော့မပေးဘဲ မျက်လုံးချင်းဆုံ၍ပြန်စိုက်ကြည့်နေသည်။
ထိုလူငယ်လေးက ရိုးသားဖြူစင်ပြီး အတွေ့အကြံနည်းသော်လည်း သူမှန်သည်ထင်ပါက လက်မလျော့တတ်သည်ဉာဥ်ကလေးလည်းရှိနေရာ ရှောင်ယောင်ပင် ဟောင်ရန်၏အပြောကိုသဘောကျသွားပြီး တစ်စုံတစ်ရာဝင်ရောက်ပြောဆိုခြင်းမပြုဘဲ ဘေးမှစောင့်ကြည့်နေလိုက်သည်။
အချိန်အနည်းငယ်ကြာမှ အစိမ်းရောင်ဝတ်စုံဝတ်လူ၏အေးစက်စက်မျက်နှာက အနည်းငယ်ပြုံးယောင်သမ်းသွားပြီး ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ကောင်းတယ် ငါ့ကိုဒီကိုပြောဝံ့တဲ့လူမရှိတာကြာသွားပြီ။ ကောင်လေး မင်းရဲ့နာမည်ကဘယ်လိုခေါ်လဲ ...”
အစိမ်းရောင်ဝတ်စုံဝတ်လူ၏ သဘောကျသည့်ပုံစံကြောင့် ရှောင်ယောင်လည်း သက်ပြင်းဖွဖွချလိုက်မိတော့သည်။
စင်စစ် ဟောင်ရန့်ကိူဟန့်တားခြင်းမရှိဘဲ ဘေးမှရပ်ကြည့်နေသည်ဆိုသော်ငြား တစ်ဖက်လူကသာရုတ်တရက်တိုက်ခိုက်လာပါကချက်ခြင်းတုံ့ပြန်နိုင်ရန်သတိထားနေခြင်းဖြစ်၏။
ထိုလူ၏သိုင်းပညာဖြင့်ဆိုလျှင် သူတို့နှစ်ယောက် ပေါင်းတိုက်လျှင်ပင် အနိုင်ရမည်မဟုတ်သော်လည်း အလွယ်တကူ လက်လျော့အရှူံးပေးခြင်းက သူ၏သမိုင်းတွင်မရှိပေ။
အစိမ်းရောင်ဝတ်စုံဝတ်လူ၏ ရန်လိုဟန်မပြသည့်အမူအယာကြောင့် ဟောင်ရန်လည်းဆက်၍အတိုက်အခံပြောမနေတော့ဘဲ လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးလိုက်ပြီးပြန်ဖြေလိုက်သည်။။
“ ကျုပ်နာမည် ဟောင်ရန်ပါ။ ဒါက ကျုပ်အစ်ကိုကြီး ရှောင်ယောင်....”
ရှောင်ယောင်ကလည်း အစိမ်းရောင်ဝတ်စုံဝတ်လူကိုအရိုအသေပေးလိုက်သည်။
သူတို့၏ယဉ်ကျေးသည့်အပြုအမူကြောင့် အစိမ်းရောင်ဝတ်စုံဝတ်လူ၏မျက်နှာက ပို၍ပျော့ပြောင်းလာပြီး တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ မဆိုးဘူး မင်းတို့ရဲ့အသက်အရွယ်နဲ့အခုလိုမျိုး ထူးချွန်တဲ့သိုင်းပညာရှိတာ။ လူငယ်ထိပ်သီးဆယ်ယောက်မှာ မင်းတို့က နံပါတ်ဘယ်လောက်ရှိကြလဲ....”
အစိမ်းရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကြောင့် ဟောင်ရန်လည်းကြောင်အမ်းအမ်းဖြစ်သွားပြီး ရှောင်ယောင်က မောက်မာခြင်းနှိမ့်ချခြင်းမရှိသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ကျုပ်တို့က သိုင်းလောကထဲကိုဝင်လာတာမကြာသေးပါဘူး။ လူငယ်ထိပ်သီးစာရင်းကပါရမီရှင်တွေနဲ့ဘယ်လိုလုပ်နှိုင်းယှဉ်နိုင်မှာလဲ....”
ရှောင်ယောင်၏အဖြေကြောင့် အစိမ်းရောင်ဝတ်စုံဝတ်လူက သဘောပေါက်သွားဟန်ဖြင့်ခေါင်းတညိမ့်ညိမ့်လုပ်လိုက်ပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ ဒါကြောင့်ကိုး....မင်းတို့ရဲ့သိုင်းပညာနဲ့ဆို လူငယ်ထိပ်သီးဆယ်ယောက်စာရင်းဝင်မှာ အသေအချာပဲ။ ပြီးတော့ ဟိုကောင်လေး မင်းက မြင်ရသလောက်ရိုးရှင်းနဲ့လူတစ်ယောက်မဟုတ်ဘူး။
မင်းရဲ့သိုင်းပညာကထိပ်တန်းအဆင့်ပဲရှိပေမယ့် တကယ်တိုက်ခိုက်ရင် သာမန်အဆင့်လွန်ထိပ်သိးတွေကိုတောင်အနိုင်ယူနိုင်တယ်မလား...”
အစိမ်းရောင်ဝတ်စုံဝတ်လူ၏ စူးရှသည့်အမြင်ကို ရှောင်ယောင်လည်းကြိတ်၍လေးစားသွားမိပြီး ခေါင်းညိမ့်ပြလိုက်သည်။
ထိုလူက သူ၏ဦးခေါင်းကိုမော့ရင်းဆက်ပြောလိုက်သည်။
“ မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာပဲဖြစ်ဖြစ် ဒီကောင်ကတော့ သေရမယ်။ သူ့လိုလူတစ်ယောက် တစ်ရက်ဆက်ပြီးအသက်ရှင်ရင် လူကောင်းတစ်ယောက်ပိုပြီး ဒုက္ခရောက်လိမ့်မယ်။
မင်းတို့နှစ်ယောက်ရောက်လာတုန်းက သူတို့နဲ့အတူတူမဟုတ်မှန်းသိလို့ငါလွှတ်ပေးထားတာ။
ငါစိတ်ဆုံးဖြတ်ပြီးတဲ့အရာကိုဘယ်သူမှဟန့်တားလို့မရနိုင်ဘူး...”
အစိမ်းရောင်ဝတ်စုံဝတ်လူ၏စကားက တဖြေးဖြေးအေးစက်လာပြီး အထူးသဖြင့်နောက်ဆုံးစကားကို ဟောင်ရန့်ကိုကြည့်၍ပြောလိုက်ခြင်းဖြစ်သည် ။
ထိုစကားကြောင့် ဘေးနားတွင်ဒူးထောက်နေသည့် ယန်စီနဂါးမင်း၏မျက်နှာကဖြူဖျော့သွားပြီး ဟောင်ရန်လည်း ကမန်းကတန်းဝင်ပြောလိုက်သည် ။
“ ကျုပ်တို့နှစ်ယောက်လည်း သူတို့အဖွဲ့ကိုဖြိုခွင်းဖို့အတွက် ဒီကိုရောက်လာခဲ့တာပါ ။ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ထက်သိုင်းပညာနိမ့်ကျပြီး ခုခံနိုင်စွမ်းမရှိတဲ့လူတစ်ယောက်ကို အခုလိုမျိုးသတ်ဖြတ်မယ်လုပ်တာ ကောင်းတယ့်လုပ်ရပ်လို့ကျုပ်တော့မထင်ဘူး...”
ဟောင်ရန်၏ဖြောင်းဖျစကားကိုကြားသော်လည်း အစိမ်းရောင်ဝတ်စုံဝတ်လူ၏အမူအယာကပြောင်းလဲခြင်းမရှိပေ။
“ ဒါဆိုရင် ငါကဘယ်လိုလုပ်ရမှာလဲ။ ဒီလူတွေရဲ့လက်ထဲမှာ သေဆုံးသွားတဲ့အပြစ်မဲ့လူတွေ ဘယ်နှစ်ယောက်ရှိနေပြီလဲဆိုတာ မင်းတို့သိလား ။ သူက တကယ့်ကိုဆန်ကုန်မြေလေးပဲ။
ဟိုရှေ့က သူ့လက်အောက်ငယ်သားတွေကို ငါအကုန်မသတ်ဘဲညှာတာပေးခဲ့တယ်။။ဒါပေမယ့် ညစ်ပတ်စုတ်ပြတ်ပြီး ကောက်ကျစ်တဲ့ဒီလိုကောင်မျိုးကတော့ သေချာပေါက်သေရမယ်....
မင်းတို့နှစ်ယောက်က ဖြောင့်မက်မှန်ကန်နဲ့မျိုးဆက်သစ်လူငယ်လေးတွေဖြစ်လို့ ငါဒီလောက်လေကုန်ခဲပြီးရှင်းပြနေတာ ။ ငါ့ရဲ့အချိန်တွေကို မဖြုန်းနဲ့တော့ .... “
အစိမ်းရောင်ဝတ်စုံဝတ်လူ၏စကားကအေးစက်နေပြီး အစောပိုင်းကနှင့်မတူဘဲသတ်ဖြတ်လိုသည့်အငွေ့အသက်များကထွက်ပေါ်လာပြန်သည် ။
ထိုလူ၏အေးစက်စက်မျက်နှာ၊ တင်းမာခတ်ထန်သည့်သွင်ပြင်တို့ကြောင့် ရှောင်ယောင်၏စိတ်ထဲတွင်လည်း ကြိတ်၍ညည်းတွားလိုက်မိသည် ။
“ နဂါးဖြူဓားဘုရင်က သိုင်းလောကထဲက သတင်းတွေအတိုင်းတစ်ပုံစံထဲပဲကိုး...”
သူတို့၏ရှေ့ရှိ အစိမ်းရောင်ဝတ်စုံဝတ်လူ သို့မဟုတ် နဂါးဖြူဓားဘုရင်ဝမ်ယန်မှာ ဒုတိယမျိုးဆက်မှကျော်ကြားသည့်လူများထဲတွင်တစ်ဦးအပါအဝင်ဖြစ်ပြီး ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်ပင် ပါဝင်ခဲ့ဖူးသည်။
ထို့အပြင် ယခင်နဂါးစိမ်းဂိုဏ်းကြီးမပြိုကွဲခင်က ဂိုဏ်းခွဲမှူးတစ်ဦးဖြစ်ခဲ့ဖူးပြီး နဂါးစိမ်းဂိုဏ်းကြီး၏ အသက်အငယ်ဆုံးဂိုဏ်းခွဲမှူးလည်းဖြစ်သည်။
သူ၏ဆရာက သိုင်းလောက၏အရှင်သခင်သုံးပါးတွင်အပါအဝင်ဖြစ်သည့်နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်ဖြစ်ကာ ဖခင်ကနဂါးစိမ်းဂိုဏ်းကြီး၏ ဂိုဏ်းထိမ်းခုနစ်ဦးတွင်ပါဝင်သည့်နဂါးဓားသမားဝမ်စုတိဖြစ်ပေသည်။
နောက်ခံအင်အားတောင့်တင်းလှပြီး ပင်ကိုယ်ပါရမီကောင်းလှသည့် ဝမ်ယန်မှာ ဖြောင့်မက်သည့်အဖြူရောင်ဘက်တော်သားတစ်ဦးဖြစ်သည့် မတရားမှုကို ပြက်ပြက်သားသားသုတ်သင်ရှင်းလင်းတတ်သည်။။
ကျုံဟွာတောင်တိုက်ပွဲတွင် သူ၏လက်ချက်ဖြင့်သေဆုံးရသည့် ခရမ်းရောင်သွေးလဂိုဏ်းသားများစွာရှိပြီး ထို့နောက်ပိုင်းတွင်လည်း သိုင်းလောကအတွင်းလှည့်လည်၍ ဆိုးသွမ်းရက်စက်သည့်သိုင်းသမားများကိုသုတ်သင်နေခြင်းဖြစ်သည်။
သူ၏ပါရမီက ကောင်းမွန်လှ၍ အသက်လေးဆယ်ကျော်ဖြင့် သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိခဲ့ပြိး နဂါးခုနစ်ကောင်စာရင်းတွင်ပင်ပါဝင်လာခဲ့သည်။
နဂါးခုနစ်ကောင်စာရင်းဝင်များကို ဘုရင်ဆိုသည့်ဘွဲဖြင့်ခေါ်ဆိုကြပြီး ဝမ်ယန်၏ယခင်နာမည်က နဂါးလူငယ်ဖြစ်သော်လည်း သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးနောက်တွင် သူကိုင်ဆောင်သည့်လက်နက်ကိုအစွဲပြုကာ နဂါးဖြူဓားဘုရင်ဟုခေါ်ဆိုကြခြင်းဖြစ်သည်။
ထို့ကြောင့်လည်း အနက်ရောင်သိုင်းလောက၏ဂိုဏ်းကြီးငါးခုပင် နဂါးဖြူဓားဘုရင်ကို သတိထားရပြီး ဟောင်ရန့်လို သိုင်းလောကအတွင်းဝင်ခါစလူငယ်မျိူးဆက်တစ်ဦးက နဂါးဖြူဓားဘုရင်ကိုမကြောက်မရွံ့ပြန်လည်ပြောဆိုနေခြင်းမှာ သူ၏သတ္တိလွန်စွာကောင်းမွန်၍ဖြစ်ပေသည် ။
ယခုလည်း နဂါးဖြူဓားဘုရင်၏အေးစက်စက်အမူအယာကိုတွေ့ရသည့်တိုင် ဟောင်ရန်ကအလျော့မပေးသေးဘဲ ထပ်ပြောလိုက်သည် ။
“ ဒါပေမယ့် သူ့ကိုသတ်ဖြတ်တာထက်စာရင်အလွန်ဆုံး သိုင်းပညာဖျက်ဆီးရုံလောက်ဆိုရတယ်မလား။ ပြီးတော့ ဟိုရှေ့မှာလည်း ခင်ဗျားလက်ချက်ကြောင့် လူတွေအများကြီးသေပြီးပြီလေ....”
ဟောင်ရန်၏ဖျောင်းဖြစကားကြောင့်နဂါးဖြူဓားဘုရင်က လှောင်ပြံးပြုံးရင်းပြန်မေးလိုက်သည်။
“ သူ့ကဘယ်သူလဲဆိုတာမင်းသိလား ။ ယန်စီနဂါးမင်းဆိုတာသူ့ရဲ့နောက်ထပ်နာမည်က သူကအရင်တုန်းက မြစ်ဝါနဂါးအဖွဲ့ရဲ့ ရေဘုရင်ကိုးယောက်ထဲကတစ်ယောက်ပဲ။
မြစ်ဝါနရါးအဖွဲ့အမြစ်ပျက်သုတ်သင်ခံရပြီး ကံကောင်းလို့လွတ်လာတာတောင် အခုလိုထပ်ပြီးအဖွဲ့ထောင်ဆိုးသွမ်းနေတာ ။
သူ့ကိုအခုနေလွှတ်ပေးကြည့်လိုက် နောက်ထပ်သေချာပေါက်ဆိုးသွမ်းဦးမှယ အသေအချာပဲ ...”
သူစကားမှာလည်းအမှန်ပင်ဖြစ်ပြီး အချို့လူများမှာ အကြောင်းကြောင်းကြောင့် အနက်ရောင်သိုင်းသမားဘဝသို့ရောက်ခဲ့ရသော်လည်း များစွာရက်စက်ကြမ်းကြုတ်ခြင်းမရှိပေ။
ယန်စီနဂါးမင်းလိုလူများကတော့ ပင်ကိုယ်ဗီဇကပင် ဆိုးသွမ်းရက်စက်ခြင်းဖြစ်ပြီးယခုတစ်ကြိမ်လွတ်မြောက်သွားလျှင်လည်း နောက်တစ်ကြိမ်ပြန်၍ဆိုးသွမ်းပေဦးမည်။
သို့သော် ဟောင်ရန်၏ရိုးသားကြင်နာသည့်စိတ်ဓာအရ သူ၏ရှေ့တွင် ခုခံနိုင်စွမ်းမရှိသည့်လူတစ်ယောက်သတ်ဖြတ်ခံရတော့မည်ကိုမည်သို့ကြည့်နေနိူင်မည်နည်း ။
“ ဒါက...”
နဂါးဖြူဓားဘုရင်၏စကားကို ဟောင်ရန်မှာ ပြန်လည်ချေပစရာမရှိတော့ပေ။
ထို့နောက် နဂါးဖြူဓားဘုရင်က သူတို့ကို ဆက်၍ဂရုမစိုက်တော့ဘဲ နောက်သို့လှည့်သွားတော့သည်။
မည်သည့်အရာများဖြစ်ပျက်လာမည်ကိုရိပ်စားမိသည့်ဟောင်ရန်က တစ်စူံတစ်ခုပြောမည်ပြုလိုက်သော်လည်း ရှောင်ယောင်၏လက်တစ်ဖက်က သူ၏ပခုံးပေါ်သို့ရောက်လာပြီးခေါင်းယမ်းပြလိုက်တော့သည်။
ယခုပုံစံအတိုင်းသာဆက်သွားနေပါက နဂါးဖြူဓားဘုရင်နှင့်ဆန့်ကျင်ဘက်ဖြစ်တော့မည်ဖြစ်ပြီး ထိုလူ့ကိုဟန့်တားရန်လည်း သူတို့ထံတွင်စွမ်းအားမရှိပါချေ။
“ မလုပ်နဲ့....”
ရှောင်ယောင်၏ခပ်တိုးတိုးစကားကြောင့် ဟောင်ရန်လည်း မျက်စေ့ရှ့မှမြင်ကွင်းကိုမမြင်လို၍ အံ့ကြိတ်ကာ တစ်ဖက်သို့လှည့်နေလိုက်သည်။
&&&