← Chapters

ဆက်တိုက်သတင်းများ

Vol. 2 Ch. 46

ဆက်တိုက်သတင်းများ

Vol. 2 Ch. 46

“ ရွှပ်....”

သွေးများစွန်းထင်းနေသည့်အဖြူရောင်ဓားက လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်လှုပ်ရှားသွားပြီး ယန်စီနဂါးမင်း၏ဦးခေါင်းပြတ်ကြီးက လေပေါ်သို့မြောက်တက်သွားသည်။

မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်၍ ဒူးထောက်လျက်စားအနေအထားဖြင့်မလှုပ်မယှက်ဖြစ်နေသည့်ယန်စီနဂါးမင်းမှာ အော်ဟစ်ရန်ပင်သတိမရဘဲ ဝုန်းခနဲ လဲကျသွားတော့သည်။

“ ဘုတ်....”

ဦးခေါင်းပြတ်ကြီးက သူ၏အလောင်းအနီးသို့ပြန်ကျလာပြီး သွေးများအဆက်မပြက်ပန်းထွက်လာတော့သည်။

နဂါးဖြူဓားဘုရင်၏ပုံစံက ထမင်းစားရေသောက်ပမာ တည်ငြိမ်သွေးအေးလှပြီး သည့်မတိုင်မီကလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖူးရာ သူ၏စိတ်က ထူးထူးခြားခြားပြောင်းလဲခြင်းမရှိပေ ။

လူတစ်ယောက်လုံးကို ခေါင်းဖြတ်သတ်ဖြတ်ပြီးသည့်တိုင် မျက်တောင်တစ်ချက်မခတ်သည့်သူ၏ရက်စက်မှုကို ရှောင်ယောင်ပင်သဘောမကျဖြစ်သွားမိသည် ။

ထိုလူက ဖြောင့်မက်သည့်အဖြူရောင်ဘက်တော်သားတစ်ဦးဖြစ်သော်လည်း ဆိုးသွမ်းသည့်လူများကို အလွတ်မပေးဘဲသတ်ဖြတ်တတ်သည့် အစွန်းရောက်သည့်စိတ်ထားမျိုးရှိသည်ဟုလည်း ခန့်မှန်းလိုက်မိသည် ။။

နဂါးဖြူဓားဘုရင်က သွေးများစွန်းပေနေသည့်ဓားရှည်ကို သူ၏နောက်ကျောရှိအနက်ရောင်ဓားအိမ်အတွင်းပြန်ထည့်ရင်း ရှောင်ယောင်နှင့်ဟောင်ရန့်ကိုစိုက်ကြည့်ကာ အေးစက်တည်ငြိမ်စွာပြောလိုက်သည်။

“ လူဆိုးတစ်ယောက်ကို ဆက်ပြီးအသက်ရှင်ခွင့်ပေးရင် သူ့ကြောင့် လူကောင်းဆယ်ယောက်နစ်နာမယ်။ တစ်ချို့လူတွေက လောကကြီးမှာမရှိသင့်တဲ့လူ့အမှိုက်တွေပဲ ။

ဒီလိုလူမျိုးတွေကို သေခြင်းတရားဆိုတဲ့ပြစ်ဒဏ်ပေးတာကအသင်လျော်ဆုံးပဲ....”

သူ၏ သွေးဆာရက်သက်သည့်အငွေ့အသက် ၊အေးစက်စက်အသံနှင့် စူးရှသည့်အကြည့်တို့က သာမန်လူတစ်ဦးကိုကြောက်ဒူးတုန်သွားစေနိုင်သော်လည်း ဟောင်ရန်က အကြည့်မလွှဲပေ။

သူ၏အမူအယာကထူးထူးခြားခြားအေးစက်တည်ငြိမ်နေပြီး သူ၏လက်သီးကိုလည်းတင်းတင်းဆုပ်ထားသည်ကိုတွေ့လိုက်ရသည်။

ထို့နောက် နဂါးဖြူဓားဘုရင်ကိုစိုက်ကြည့်ကာ တင်းမာသည့်လေသံဖြင့်ပြန်ဖြေလိုက်သည် ။

“ ကျုပ်ကတော့ ကျုပ်ရဲ့ခံယူချက်ကိုပြောင်းလဲမှာမဟုတ်ဘူး။ လူတစ်ယောက်ဘယ်လောက်ပဲရက်စက်ကြမ်းကြုတ်ပါစေသူ့ရင်ထဲမှာ လူသားဆန်တဲ့စိတ်ရှိဦးမယ်လို့ယုံကြည်တယ်။

ပြီးတော့ ဘယ်လောက်ပဲဆိုးသွမ်းတဲ့လူပဲဖြစ်ဖြစ် မှန်ကန်တဲ့လမ်းကိုလျှောက်လှမ်းဖို့ဖြစ်နိုင်သေးတယ်လို့လည်းကျုပ်ထင်တယ်။။

ကျုပ်အဖေက ပြောဖူးတယ် လူတိုင်းမှာ ဒုတိယအခွင့်အရေးဆိုတာရှိသင့်ပါတယ် ....”

ဟောင်ရန်၏စကားများက လေးနက်တည်ကြည်နေကာ ပုံမှနိအချိနိများတွင်မြင်ရသည့်အမူအယာနှင့်ကွဲပြားလှသည်။

တစ်ဖက်တွင် ရှောင်ယောင်လည်း အတွေ့အကြံနုနယ်ကာ ရိုးသားဖြူစင်သည့်လူငယ်လေးက ယခုလောက်တွေးခေါ်တတ်မည်ဟုထင်မထား၍အံ့ဩချီးကျူးလိုက်မိပြီး သူ၏အမြင်ကိုတည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

“ ဟောင်ရန်ပြောတာလည်းမှန်တယ် ။ လူတိုင်းမှာ ဒုတိယအခွင့်အရေးဆိုတာရှိသင့်တယ် ။ တစ်ချို့ပြုပြင်မရလောက်တဲ့လူတွေကိုတော့ သုတ်သင်ရှင်းလင်းပစ်တာအကောင်းဆုံးပဲ။

ဒါပေမယ့် သုတ်သင်ရှင်းလင်းတာမလုပ်ခင် သူ့ရဲ့အပြစ်က ဘယ်လောက်ကြီးလေးလဲဆိုတာစမ်းစစ်ဖို့လိုလိမ့်မယ်။

သူများပြောတဲ့စကားကိုယုံကြည်လို့မရသလို ကိုယ့်မျက်စေ့နဲ့တွေ့နေရင်တောင်မှယုံကြည်လို့မဖြစ်သေးဘူး။

လူကောင်းတိုင်းက အမြဲတမ်းကောင်းမနေသလို လူဆိုးတိုင်းကလည်း အမြဲဆိုးမနေပါဘူး။ ဘာပဲဖြစ်ဖြစ် သေရေးရှင်ရေးအခြေအနေမှမဟုတ်ရင် လူ့အသက်တစ်ချောင်းကိုကိူယ့်ရဲ့အမြင်တစ်ခုထဲနဲ့

ဆူံးဖြတ်ဖို့မသင့်လျော်ဘူး....”

သူတို့၏အရွယ်နှင့်မလိုက်‌အောင် လေးနက်သည့်စကားများကြောင့် နဂါးဖြူဓားဘုရင်ကအံ့အားသင့်သွားဟန်တူပြီး အချိန်အတော်ကြာကြည့်ကာ ခေါင်းယမ်းလိုက်သညိ။

“ ပြောတာကောင်းတယ် ဒါပေမယ့် မှတ်ထားကောင်လေးတို့ မင်းတို့မှာအခြေအနေတစ်ခုကိုပြောင်းလဲချင်ရင် အဲလိုပြောင်းလဲနိုင်တဲ့ခွန်အားရှိဖို့လိုအပ်တယ်။

ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် လုပ်ချင်ရင် မင်းတို့က အခြားလူတွေထက်အများကြီးပိုအစွမ်းထက်နေဖို့လိုအပ်တယ်။။

တကယ်လို့ မင်းတို့မှာလုံလောက်တဲ့ခွန်အားမရှိရင်‌တော့ ဘယ်ကိစ္စမဆိုဝင်မပါတာအကောင်းဆုံးပဲ....။

နောက်ပြီး မင်းတို့နှစ်ယောက်ကို ဒီတစ်ကြိမ်ခွင့်လွှတ်လိုက်မယ် နောက်တစ်ကြိမ်ငါ့လမ်းကိုပိတ်လာရင်တော့ ငါမညှာတော့ဘူး ....”

နဂါးဖြူဓားဘုရင်က သူ၏စကားကိုအဆုံးသတ်လိုက်ပြီးနောက် နေရာမှချာခနဲလှည့်ထွက်သွားတော့သည်။

သို့သော် ထိုနေရာတွင်ကျန်ခဲ့သည့်ရှောင်ယောင်တို့နှစ်ဦးကား ကျောက်ရုပ်များအလားတိတ်ဆိတ်နေပြီး ထိုလူပြောဆိုသွားသည့်စကားများက သူတို့၏နားထဲတွင် ပဲ့တင်ထပ်လျက်ရှိသညိ ။

သူ၏ချိန်းခြောက်မှုကို အကြောက်သော်လည်း သူပြောသွားသညိ့စကားများက အမြဲလိုလိုအေးချမ်းတည်ငြိမ်သည့်ရှောင်ယောင်၏စိတ်ထဲတွင်မီးပွားတစ်စကိုပျိုးထောင်ပေးလိုက်ခြင်းဖြစ်ပေသာ် ။

ရုတ်တရက် သူ၏စိတ်ထဲ၌ လက်ရှိသိုင်းပညာထက်အဆများစွာပို၍မြင့်မားလိုစိတ်များတဖွားဖွားပေါ်ပေါက်လာလေသည်။

လူအားလုံး၏အထက်၌ရှိနေမှသာ အခြားလူများကိုဂရုစိုက်စရာမလိုဘဲ ကိုယ်စိတ်ထဲရှိသမျှကိုလုပ်ဆောင်နိုင်စွမ်းရှိပေမည်။

ကောင်းသည့်အရာဖြစ်စေ ဆိူးသည့်အရာဖြစ်စေ ကြီးကျယ်သည့်ကိစ္စတစ်ခုကိုလုပ်ဆောင်ရန်လုံလောက်သည့်ခွန်အားရှိရန်လိုအပ်ပေသည်။

အထူးသဖြင့် အရာရာကိုသိုင်းပညာဖြင့်ဆုံးဖြတ်သည့် အားကြီးသူစားစတမ်းဆိုသည့်သိုင်းလောကကြီးတွင် ထိုစည်းမျဉ်းက ပို၍မှန်ကန်သည်။

သိုင်းလောကတွင် အပေါ်ယံစည်းမျဉ်းစည်းကမ်းများရှိနေသော်လည်း ထိုစည်းမျဉ်းများမှာ လွန်စွာအစွမ်းထက်သည့်သိုင်းပညာရှင်များကိုသက်ရောက်မှုမရှိပေ။

ယနေ့အဖြစ်တွင် ဟောင်ရန်၏တားမြစ်မှုကမှန်ကန်နေသလို နဂါးဖြူဓားဘုရင်၏လုပ်ရပ်ကလည်းမှားယွင်းသည်ဟုမဆိုနိုင်ပေ။

သို့သော်လည်း ထိုလူ၏သိုင်းပညာက သူတို့ထက်များစွာသာလွန်နေရာရှောင်ယောင်တို့နှစ်ယောက်မှာ ထိုလူ၏လုပ်ရပ်များအစွန်းရောက်နေသည်ကိုသိရှိသည့်တိုင် ဟန့်တားနိုင်ခြင်းမရှိတော့ပေ။

သိုင်းလောကတစ်ခုလုံးနှင့်ယှဥ်လျှက်အလယ်အလက်အဆင့်သာရှိနိုင်မည့် သူတို့လိုလူငယ်မျိုးဆက်သိုင်းသမားလေးများက စည်းမျဉ်းစည်းကမ်းများကိုဂရုစိုက်ရမည်ဖြစ်သော်လည်း သိုင်းဝိဇ္ဇာအဆင့်တစ်ဦးဖြစ်သည့် နဂါးဖြူဓားဘုရင်ကတော့ အလိုရှိသလိုလုပ်ဆောင်နိုင်ပေသည် ။

ထို့ကြောင့် ရှောင်ယောင်၏ရင်ထဲတွင် ယခုထက် အဆများစွာသာလွန်သည့်ခွန်အားကို ပြင်းပြင်းထန်ထန်တောင့်တလာရပြီး စိတ်ထဲမှတီးတိုးရေရွတ်လိုက်မိသည််။

“ ငါ ...အခုထက်ပိုပြီးသန်မာလာရမယ် ....အနည်းဆုံးတော့ စည်းမျဉ်းတွေကို ချိုးဖောက်နိုင်တဲ့အထိပေါ့....”

“ ဟူး....”

ရှောင်ယောင်လည်း ထက်သန်သည့်ဆန္ဒများဖြင့် တောက်လောင်နေသည့်သူ၏စိတ်ကိုပြန်၍ တည်ငြိမ်အောင်ထိမ်းချုပ်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

ဘေးဘက်တွင်တည်ငြိမ်စွာရပ်နေသည့်ဟောင်ရန်လည်း အနည်းငယ်ပြောင်းလဲသွားသည်ကိုမြင်တွေ့ရပြီး ကြည်လင်စူးရှသည့်ထိုလူငယ်၏မျက်ဝန်းများက ယခင်ကထက်ပို၍ခိုင်မာလေးနက်နေသည်ကိုမြင်တွေ့ရပေသည် ။

ယနေ့ နဂါးဖြူဓားဘုရင်နှင့်တွေ့ဆုံလိုက်ရခြင်းက သူတို့နှစ်ယောက်စလုံးကို သိုင်းလောက၏အစစ်အမှန်သဘောတရားကိုနားလည်စေလိုက်ပြီး အားကြီးသူကသာလွနိသည်ဆိုသည့် ရိုးရှင်းထိရောက်သည့်စည်းမျဉ်းကိုလည်း သဘောပေါက်သွားစေခဲ့သည်။

“ အစ်ကိုရှောင်ယောင် ကျုပ်တို့ဘာဆက်လုပ်ကြမလဲ....”

ဟောင်ရန်က ဦးခေါင်းမပါတော့ဘဲ သွေးအိုငိထဲတွင်လဲကျနေသည့် ယန်စီနဂါးမင်း၏အသက်မဲ့ခန္တာကိုယ်ကြီးကိုငေးကြည့်ရင်းမေးလိုက်သည် ။

ရှုရက်စရာမရှိသည့် သွေးသံရဲရဲမြင်ကွင်းတစ်ခုကိုမြင်တွေ့နေရသည့်တိုင် ဟောင်ရန်၏မျက်နှာက အကြည့်လွှဲမသွားတော့ပေ။

ထိုလူငယ်လေးမှာ ယခင်ကထက်သိသိသာသာရင့်ကျက်လာသည်ကို သတိပြုလိုက်မိပြီး ရှောင်ယောင်လည်း အဆိုးထဲမှအကောင်းဆိုသလို ပြုံးလိုက်မိကာ လေးလံသည့်လေသံဖြင့်ပြောလိုက်သည်။

“ သေဆုံးနေတဲ့လူတွေကိုတော့ ဒီတိုင်းထားလိုက်ရအောင် ။ အသက်ရှင်လျက်ရှိနေသေးတဲ့လူတွေကို မြန်မြန်ကုသပေးလိုက်ရအောင် ။

ထုံမင်းမြို့မှာ သိုင်းမဟာမိတ်ရဲ့ ဌာနခွဲရှိတယ် ။ သူတို့ကိုအကြောင်းကြားပြီး ကျန်တဲ့ကြားစခန်းတွေကို ဖြေရှင်းခိုင်းတာပေါ့ ။

ငါတို့ဖြိုခွင်းပြီးဖမ်းဆီးခဲ့တဲ့လူတွေကိုလည်းသူတို့လက်ထဲပဲအပ်လိုက်ရအောင် ။ ငါဒီကိစ္စထဲကို ထပ်ပြီးဝင်မပါချင်တော့ဘူး....”

ရှောင်ယောင်၏စကားကို ဟောင်ရန်ကလည်းသဘောတူညီဟန်ဖြင့်ခေါင်းညိမ့်ပြလိုက်တော့သည် ။

ဌာနချုပ်ကိုလာရောက်ရာ၌ တိုက်ပွဲတစ်ပွဲမှမတိုက်ခိုက်လိုက်ရသော်လည်း သူ၏စိတ်ထဲတွင်များစွာပင်ပန်းသလိုခံစားမိနေရသော်လည်း လောလောဆယ်အနားယူရန်အချိန်မရှိသေးဘဲ ဒဏ်ရာအပြင်းအထန်ရရှိသူများကို ကုသပေးရပေဦးမည်။

&&&&

ရက်အနည်းငယ်အတွင်း သိုင်းလောက၌ သတင်းတစ်ခုထွက်ပေါ်လာသည် ။

ဤသည်က အန်းဟွေးနယ်ကိုအခြေပြုကာ ယန်စီမြစ်ကြောင်းတစ်လျှောက်ဆိုးသွမ်းနေသည့် ယန်စီနဂါးအဖွဲ့ကို သိုင်းမဟာမိတ်ကဖြိုခွင်းလိုက်နိုင်ပြီးဆိုသည့်သတင်းပင်ဖြစ်သည် ။

ယန်စီနဂါးအဖွဲ့သားများက ရေကြောင်းတွင်ကျွမ်းကျင်ကြပြီး လျှို့ဝှက်လှသည့်ဌာနချုပ်တို့ကြောင့် အဖြူရောင်သိုင်းအဖွဲ့အစည်းများပင်လက်မြောက်ထားရသည် ။

ထို့ကြောင့် သိုင်းမဟာမိတ်က ထိုဓားပြအဖွဲ့ကို ဖြိုခွင်းနိုင်ခဲ့ပြီဟုကြေညာခြင်းကြောင့် သိုင်း‌လောကသားများအံ့ဩနေကြသေးသာ် ။

ယခုလိုမျိုးရုတ်တရက်ယန်စီနဂါးအဖွဲ့ဖြိုခွင်းခံရသည်က အတော်ပင်ထူးဆန်းပြီး အနီးအနားရှိဒေသခံများ၏ပြောစကားအရဆိုလျှင် ယန်စီနဂါးအဖွဲ့ကိူ အစစ်အမှန်ဖြိုခွင်းသူများက အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်လူငယ်လေးနှစ်ယောက်ဟုဆိုကြသည် ။

ထိုအကြောင်းကိုကြားစက မည်သူမှမယုံကြည်ကြသော်လည်း လျှိုစမ်းဆိုသည့်မြို့လေးတွင် နာမည်ကျော်ထိပ်သီးသိုင်းသမားတစ်ဦးဖြစ်သည့် လက်ရှစ်ဖက်လှံနတ်ဆိုးသတ်ဖြတ်ခံခဲ့ရပြီး လှံနတ်ဆိုးကိုသတ်ဖြတ်သူများကလည်း ထိုလူငယ်နှစ်ယောက်ပင်ဖြစ်သည်ဟုသတင်းထွက်ပေါ်လာခဲ့သည်။

ထိုတိုက်ပွဲကိုမျက်မြင်ကိုယ်တွေ့မြင်ရသူများစွာရှိခဲ့၌ လက်ရှစ်ဖက်လှံနတ်ဆိုးသတ်ဖြတ်ခံရသည့်သတင်းကိုအတည်ပြုနိုင်ခဲ့ကာ သိုင်းလောကတစ်ခုလုံးအုတ်အုတ်ကျက်ကျက်ဖြစ်သွားသေးသည် ။

လက်ရှစ်ဖက်လှံနတ်ဆိုးမှာ ကြောက်စရာကောင်းသည့အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်ပြီး လက်ရှိသိုင်းလောကထဲတွင် သိုင်းဝိဇ္ဇာအဆင့်အောက်၌ သူ့ကိုသတ်ဖြတ်နိုင်သူဟူ၍များများစားစားမရှိပေ ။

အထူးသဖြင့် လက်ရှစ်ဖက်လှံနတ်ဆိုးက မိစ္ဆာဝိညာဉ်အဖွဲ့၏အဖွဲ့ခေါင်းဆောင်ရှစ်ဦးထဲမှတစ်ဦးဖြစ်ပြီး သူ့ကိုသတ်ဖြတ်သွားသူများက လူငယ်မျိုးဆက်များဖြစ်ရာ ထိုဖြစ်ရပ်က မိစ္ဆာဝိညာဉ်အဖွဲ့အတွက်အရှက်ရစရာကိစ္စတစ်ခုဖြစ်နေသည်။

ထို့ကြောင့် သိုင်းလောကတစ်ခုလူံးက မိစ္ဆာဝိညာဉ်အဖွဲ့၏တုံ့ပြန်မှုကိုစောင့်ကြည့်နေကြပြီး မကြာမီ မိစ္ဆာဝိညာဉ်အဖွဲ့က ယန်စီမြစ်သူရဲကောင်းညီနောင်ဟူကျော်ကြားလာသည့်ထိုလူငယ်နှစ်ယောက်ကိုညတွေ့သည့်နေရာတွင်သတ်ဖြတ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်တိုက်ပေါ်ထွက်လာသည့် တုန်လှုပ်ဖွယ်သတင်းများကြောင့် သိုင်းလောကတစ်ခုလူံး အံ့ဩတုန်လှုပ်နေကြသလို နောက်တစ်လကျော်၌ ကျင်းပမည့် စွန်းအိမ်တော်သိုင်းပြိုင်ပွဲအကြောင်းနှင့်ပတ်သတ်၍လည်းလူပြောများနေကြသည်။

မည်သို့ပင်ဖြစ်စေ ယခုရက်ပိုင်း၌ သိုင်းလောကတစ်ခုလုံး အတော်ပင်လှုပ်လှုပ်ရှားရှားဖြစ်နေပြီး စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုယှဉ်ပြိုင်ရန် လူငယ်မျိုးဆက်များကလည်း အားခဲထားကြပေသည် ။

&&&&

All Chapters