← Chapters

လမ်းမထက်မှ ခရီးသွား

Vol. 2 Ch. 48

လမ်းမထက်မှ ခရီးသွား

Vol. 2 Ch. 48

ညအချိန်

ပိုးပုရစ်မည်သံများက ကျီကျီကျာကျာထွက်ပေါ်နေပြီး လဆန်းရက်ဖြစ်၍ ညဥ့်ဥိးယံပဝါထက်ရှိ ငွေစန္ဒာလမင်းကြီးက အပျိုမ မျက်ခုံးမွှေးလိုလေးကိုင်းသဏ္ဍာန်ပေါ်ထွက်လျက်ရှိသည် ။

မည်းမှောင်နေသည့်ကောင်းကင်ယံတွင်တော့ ရွှေမှုန့်များဆုတ်ပတ်ထားသလို ပြန့်ကျဲနေသည့်ကြယ်ပြောင်များစွာရှိနေပြီး လူသားတစ်ဦးအနေဖြင့် ကောင်းကင်ရှိကြယ်အရေအတွက်ကို အတိအကျသိရှိရန်ခက်ခဲပေလိမ့်မည် ။

မှောင်ရီပျိုးစဆိုသည့်အချိန်ကိုပင်အတော်ကျော်လွန်သွားပြီဖြစ်၍ လမ်းမထက်တွင် လူသွားလူလာကင်းမဲ့နေပြီး ခြောက်ကပ်ကပ်ဖြစ်နေသည်။

သို့သော်လည်း ဖြေးဖြေးမှန်မှန်စီးနင်းလာသည့်မြင်းနှစ်စီးက တိတ်ဆိတ်နေသည့်လမ်းမထက်တွင်ဖြေးညင်းစွာရွေ့လျားလာကာ မြင်းပေါ်ရှိလူများကလည်း အသက်အရွယ်ကြီးရင်းခြင့်မရှိသည့် လူငယ်လူရွယ်များဖြစ်သည်။။

တစ်ခါတစ်ရံ တောင်လေတိုက်ခတ်၍ဝေ့တက်လာသည့်သစ်ရွက်ခြောက်များကလမ်းမထက်တွင် ကူးလူးပျော်ပါးနေပြီး မြင်းခွာသံသဲ့သဲ့မှအပ ‌တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကအနည်းငယ်ခြောက်ချားဖွယ်ကောင်းလှသည် ။

သို့‌သော် မြင်းပေါ်ရှိလူငယ်များက အကြောက်တရားကို ချိုနှင့်လား ဟုမေးမြန်းမည့်သိုင်းလောကသားများဖြစ်ကြကာ ရှေ့မြင်းပေါ်တွင် ဖြောင့်မက်သည့်ကိုယ်ဟန်ဖြင့်လိုက်ပါလာသူက အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်တစ်ဦးဖြစ်ပြီး နောက်မြင်းထက်တွင် အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်ဖြစ်သည်။

မှောက်မိုက်နေသည့်လမ်းမထက်တွင် မြင်းကိုယ်စီဖြင့်ခရီးသွားနေကြသည့် ထိုလူငယ်နှစ်ဦးက ထုံမင်းမြို့မှထွက်ခွာလာသည့်ရှောင်ယောင်တို့နှစ်ဦးဖြစ်ပြီး သုံးလေးရက်အချိန်အတွင်း မြို့ကြီးမြို့ငယ်အသွယ်သွယ်ကိုကျော်ဖြတ်ကာ ကျန်းနန်ဒေသ၏ဒုတိယမြို့တော်ဟုသက်မှတ်နိုင်သည့် ဟန်ကျန်းမြိူ့နှင့်ပင်များစွာမလိုတော့ပေ။

“ အစ်ကိုရှောင်ယောင် အချိန်ကလည်းမရှိတော့ဘူး ကျုပ်တို့ အနားယူကြရင်မကောင်းဘူးလား....”

ရှေ့ဘက်ဘက်ရှိမြင်းပေါ်တွင်ဟန်ပန်မကျဘဲစီးနင်းလိုက်ပါလာသည့်ဟောင်ရန်က သူ၏မြင်းကိုအရှိန်လျော့ကာ ရှောင်ယောင်ကိုမေးလိုက်သည်။

သိုင်းလောကသားတစ်ယောက်ဖြစ်သော်လည်း မြင်းကောင်းကောင်းမစီးတတ်သေးသည့် ထိုလူငယ်လေးမှာ ရှောင်ယောင်၏သင်ပြမှုကြောင့် အနည်းငယ်ကျွမ်းကျင်လာပြီဟုဆိုနိုင်သော်လည်း မြင်းထက်ရှိသူ၏ပုံစံက ကျောက်ရုပ်တစ်ရုပ်လိုတောင့်တောင့်ကြီးဖြစ်နေဆဲပင်။

သူ၏‌စကားသံကြောင့် အတွေးထဲတွင် နစ်မျောနေသည့် ရှောင်ယောင်လည်း ခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။

“ အေး.. အေး နားတာပေါ့..”

ရှောင်ယောင်၏ ပုံစံကိုသတိပြုမိ၍ ဟောင်ရန်က စနောက်လိုသည့်ပုံစံဖြင့်ပြုံးရင်း ဘေးချင်းယှဉ်ရပ်ဖြစ်အောင်သူ၏မြင်းကိုအရှိန်လျော့ရင်း ထပ်မေးလိုက်သည်။

“ အစ်ကိုရှောင်ယောင် ရှောင်လင်ကျောင်းမှာကျန်ခဲ့တဲ့ကောင်မလေးကို သတိရနေတာလား....”

ရှောင်ယောင်က ရှောင်လင်ကျောင်းတွင်ကြီးပျင်းခဲ့ရကြောင်းသိရှိထားသည့်ဟောင်ရန်က ‌တမင်နောက်ပြောင်လိုက်ခြင်းဖြစ်သည် ။

သူ၏စကားကြောင့် ရှောင်ယောင်လည်း ထူးဆန်းစွာပြုံး၍ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ် ကောင်မလေးတစ်ယောက်ကို သတိရနေတာ ဒါပေမယ့်ရှောင်လင်ကျောင်းကတော့မဟုတ်ဘူး....”

ထိုအခိုက်ဟောင်ရန်၏မျက်နှာကမသိသာပျက်ယွင်းသွားသော်လည်း အမှောင်နှင့်ရောနေ၍ ရှောင်ယောင်တစ်ယောက်သတိမပြုမိလိုက်ပေ။

သူတို့နှစ်ဦးစတင်ရင်းနှီးချိနိမှစ၍ မိန်းကလေးများ၏အကြောင်းကို မပြောဖူးသည့်ရှောင်ယောင်၏အဖြေကြောင့် ဟောင်ရန်လည်း သိလိုစိတ်ပြင်းပြသည့်ဟန်ဖြင့်အလျှင်အမြန်မေးလိုက်သည် ။

“ သူက ဘယ်သူလဲ အစ်ကို့ရဲ့ချစ်သူလား....”

ဟောင်ရန်၏တက်ကြွသည့်မေးခွန်းကြောင့်ရှောင်ယောင်လည်း မျက်နှာမဲ့ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ ဘယ်ကလာ....သူနဲ့ရင်းနှီးတုန်းကငါ့အသက်က ဆယ်နှစ်ကျော်ပဲရှိသေးတာ။ သူက ကိုးနှစ်လောက်ပဲရှိဦးမယ်ထင်တယ်။

ဒါပေမယ့် အဲဒီကောင်မလေးက တကယ့်ကိုလူကြီးဆန်ဆန်နေတာနော်။ အရမ်းလည်းဆရာလုပ်ပြီး သိုင်းပညာလည်းထူးချွန်သေးတယ်။။

ဦးလေးစန်းပြောတာတော့ အဲဒီတုန်းကသူက အဆင့်မြင့်သိုင်းအဆင့်ကိုတောင်ရောက်ပြီဆိုပဲ...”

သူ၏အဖြေကြောင့် ဟောင်ရန်၏မျက်လုံးများကအနည်းငယ်ပြူးကျယ်သွားပြီး အံ့အားသင့်စွာဖြင့်ပြန်မေးလိုက်သည် ။

“ အသက်ကိုးနှစ်...အဆင့်မြင့်သိုင်းအဆင့် ဟုတ်လား... သူ့ရဲ့ပါရမီက ကောင်းလှချေလား...”

“ ဟုတ်တယ် သူကအတော်လေးပါရမီကောင်းတယ်...”

ရှောင်ယောင်လည်း ထိုစဉ်ကအကြောင်းအရာများကိုတွေးတောရင်း ပြုံးလိုက်မိသည်။

“ ဒါတွေက ကြာခဲ့ပါပြီကွာ...ငါ ရှောင်လင်ကျောင်းကိုမရောက်ခင်‌တုန်းက ကောင်မလေးတစ်ယောက်နဲ့ရင်းနှီးခဲ့ဖူးတယ် ။

အဲဒီတုန်းက ဝူတန်းတောင်တက်လမ်းမှာ ငါတို့တွေ့တာကွ။ စပြီးတွေ့တုန်းက အထင်လွဲတာနည်းနည်းရှိခဲ့တယ်ဆိုပေမယ့် နောက်ကျတော့ရင်းနှီးသွားခဲ့တယ် ။

အဲဒီအချိန်တုန်းက သူကငါ့ရဲ့ပထမဦးဆုံးသူငယ်ချင်းပဲ ။ ငါစူးဟိုင်မှာနေတုန်းကလည်း သူငယ်ချင်းမရှိခဲ့ဖူးလေ။

ဒါပေမယ့်ငါတို့နေ့တစ်ဝက်တောင်အတူမရှိလိုက်ရပါဘူး။သူကလည်း သူ့အဖေနဲ့ခရီးဆက်သွားသလို ငါကလည်း ဦးလေးစန်းနဲ့ရှောင်လင်ကိုထွက်လာခဲ့ရတာ ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဒီနေ့ နဂါးခုနစ်ကောင်ထဲက တစ်ယောက်ဖြစ်တဲ့ နဂါးဖြူဓားဘုရင်နဲ့တွေ့တော့ သူ့အကြောင်းကိုပြန်သတိရလာတာ...”

ရှောင်ယောင်၏စကားကအဆုံးသတ်သွားပြိး ဟောင်ရန်ကလည်းငြိမ်သက်သွားသည် ။သို့သော် အချိန်အနည်းငယ်ကြာပြီးနောက် သူ၏စကားသံထွက်ပေါ်လာပြန်သည် ။

“ သူ့နာမည်ကဘယ်သူလဲ ....ပြီးတော့ အစ်ကိုရှောင်ယောင် အခုသူ့ကိုပြန်တွေ့ရင်မှတ်မိပါ့မလား....”

သူ၏အကြောင်းကိုအလွန်အမင်းစိတ်ဝင်စားနေဟန်တူသည့်ဟောင်ရန့်ကြောင့်ရှောင်ယောင်လည်း ရယ်မောလိုက်သည်။

“ ငတုံး...မင်းက တော်တော်စပ်စုတာပဲ....”

ရှောင်ယောင်၏စနောက်စကားကိုဟောင်ရန်ကလည်း အကြောမခံဘဲပြန်လည်ချေပလိုက်သည်။

“ ဒါပေါ့ ကျုပ်က ခင်ဗျားလိုမြေခွေးအိုကြီးက ငယ်ငယ်ထဲကကောင်မလေးတွေကိုလှည့်စားတတ်လားဆိုတာ သိချင်လို့လေ...

မှန်မှန်ဖြေစမ်းပါ ရုံးတော်မှာလိမ်ရင် ခွေးရုပ်ခေါင်းဖြတ်စက်နဲ့တွေ့ရမယ်နော် ... “

ဟောင်ရန်၏ တရားသူကြီးတစ်ယောက်လိုဟန်ပန်နှင့်ပြောလိုက်သည့်အပြောကြောင့် သဘောကျသွားပြီး ရယ်‌မောလိုက်ပြန်သည်။

ပြီးခဲ့သည့်သုံးရက်လုံးလုံး သူတို့၏စိတ်အခြေအနေများက ပုံမှန်မဟုတ်ဘဲ အနည်းငယ်လေး‌လံနေကြသည်ဟုဆိရပေမည် ။

အကြောင်းကား ထိုစဉ်ကဖြစ်ခဲ့သည့်အကြောင်းအရာများ၊ ခေါင်းမာပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် နဂါးဖြူဓားဘုရင်စသည့်လူတို့ကြောင့်ဖြစ်သည်။

အထူးသဖြင့် ဟောင်ရန်ဆိုလျှင် တစ်ခါတစ်ရံ၌ လုံးဝ ငေးငိုင်နေတတ်ပြီး သူ၏စိတ်ထဲတွင်လည်း အတွေးများစွာရှိနေပုံရ၏ ။

ယခု သူ၏ပုံစံက သူတိူ့စတွေ့စဉ်ကလို အတွေ့အကြုံနည်းပြီး ဖြူစင်သည့်လူငယ်လေးတစ်ယောက်ဟန်ပန်ပြန်ဖြစ်သွားသော်လည်း သူ၏မျက်ဝန်းထဲတွင်ရှိသည့် လေးနက်မှုတို့ကြောင့် ထိုလူငယ်လေး ပို၍ရင့်ကျက်လာပြီဖြစ်မှန်း ရှောင်ယောင်ခန့်မှန်းမိလိုက်သည်။

“ ထားပါတော့...အခုချိန်သူ့ကိုပြန်တွေ့ရင် ဘယ်မှတ်မိပါ့မလဲ.....သူ့နာမည်က စီးတုယွမ်ချင်းတဲ့ နဂါးခုနစ်ကောင်ထဲက ခုံတုံဂိုဏ်းချုပ် လက်သီးဘုရင်စီးတုမင်ရဲ့သမီးပဲ။

အဲဒီတုန်းက ဆရာကြီးစီးတုမင်နဲ့လည်း ငါဆုံဖူးတယ် နဂါးဖြူဓားဘုရင်လို တစ်ဖက်ပိတ်သမားမဟုတ်ဘဲ တော်တော်လေးစားစရာကောင်းတဲ့လူတစ်ယောက်ပဲ.... “

ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်လည်းအံ့အားသင့်သွားဟန်တူပြီး ရေရွတ်လိုက်သည်။

“ ခင်ဗျားက သူ့လိုအစွမ်းထက်သိုင်းပညာရှင်တစ်ယောက်နဲ့တောင်ရင်းနှီးနေတာပဲ ..”

ဟောင်ရန်၏လေသံက မနာလိုဟန်တူသော်လည်း သူ၏စိတ်ထဲတွင်ထိုသို့သောစိတ်များမရှိသည်ကို ရှောင်ယောင်ကောင်းစွာသိပေသည် ။

ထို့နောက် ဟောင်ရန်က တစ်စုံတစ်ခုကို သတိရဟန်ဖြင့်ထပ်မေးလိုက်သည်

“ ဒါနဲ့ ဦးလေးစန်းဆိုတာကရောဘယ်သူလဲ.. ခင်ဗျားစကားပြောတိုင်း သူ့အကြောင်းတော်တော်ပါတယ်။ သူလည်းနာမည်ကြီးသိုင်းပညာရှင်တစ်ယောက်ပဲလား....”

ဟောင်ရန်၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းညိမ့်လိုက်မိပြီး တောက်ပစွာပြုံးရင်းပြန်ဖြေလိုက်သည်။

“ ဆိုပါတော့ သူရဲ့သိုင်းပညာကလည်းအတော်မြင့်မားပါတယ်။ အရင်တုန်းကတော့ အဆင့်လွန်ထိပ်သီးအဆင့်မှာပဲ။ အခုတော့မသိဘူး။။ငါနဲ့မတွေ့ရတာလည်း ရှစ်နှစ်လောက်ရှိပြီ။

အခုငါသိုင်း‌လောကထဲဆင်းတာ အတွေ့အကြုံရဖို့အပြင် သူ့ကိုတွေချင်လို့လည်းပါတယ် ။ သူကငါ့အတွက်တော့ ဦးလေးတစ်ယောက်လို အဖေတစ်ယောက်လိုပဲ....”

ရှောင်ယောင်၏မျက်နှာကိုအကဲခပ်နေသည့်ဟောင်ရန်ပင် အံ့ဩသွားမိသည် ။

လက်ရှိအချိန်၌ ရှောင်ယောင်၏မျက်ဝန်းများကနူးညံ့နေပြီး သူ၏လေသံက ဦးလေးစန်းဆိုသူကို အတော်ပင်ရင်းနှီးချစ်ခင်ဟန်တူ၍ဖြစ်သည်။

ထိုအချက်ကိုကြည့်၍ရှောင်ယောင်နှင့်ထိုလူ၏ဆက်ဆံရေးကမည်မျှရင်းနှီးနွေးထွေးလှသည်ကိုသိရှိနိုင်ပြီး ရုတ်တရက်ဆိူသလိုတစ်စုံတစ်ခုကိုတွေးမိကာ သူ၏မျက်နှာက ညိုးငယ်သွားပြန်သည်။

ထိုအခိုက် ရှေ့ဘက်ခပ်ဝေးဝေးဆီမှ မီးရောင်တစ်ခုကိုမြင်တွေ့လိုက်၍ ရှောင်ယောင်လည်းဝမ်းမြောက်သွားပြီး ဟောင်ရန့်ကိုပြောလိုက်သည်။

“ ငတုံး စကားများတာတော်လောက်ပြီ ရှေ့မှာ တည်းခိုခန်း ဒါမှမဟုတ် စားသောင်ဆိုင်တစ်ခုခုရှိနိုင်တယ်။။

လမ်းမှာညမအိပ်ချင်ရင် မြန်မြန်သွားရအောင်....”

ရှောင်ယောင်၏လောဆော်မှုကြောင့် ဟောင်ရန်လည်းဆက်ခနဲဖြစ်သွားပြီး အလျှင်အမြန်ပြုံးကာပြောလိုက်သည်။

“ လာလေ။ ကျုပ်တို့ဘယ်သူအရင်ရောက်မလဲဆိုတာပြိုင်တူပေါ့....”

ဟောင်ရန်ကပြောပြောဆိုဆိုဖြင့် သူ၏မြင်းတင်ပါးကိုဖနောင့်ဖြင့်ပေါက်လိုက်ရာ ကြံ့ခိုင်သန်စွမ်းသည့်မြင်းကြီးက ရှေ့သို့ကဆုန်ပေါက်ပြေးထွက်သွားတော့သည်။

ဟောင်ရန်စီးနေသည့်မြင်းနက်ကြီးနှင့် သူ၏အုန်းခွံရောင်မြင်းကြီးက ကြံ့ခိုင်သန်စွမ်းပြီး အားကောင်းမောင်းသန်မြင်းကြီးများဖြစ်သည့်အပြင် သူတို့၏တန်ဖိုးကလည်း အတော်ပင်ဈေးကြီးလှသည်။။

“ ဟူး....ကြွယ်ယန်သာ အလိုက်တသိ ငွေ‌များများထည့်မပေးလိုက်ရင်ငါတော့ အဖိုးစုရဲ့တေလေဂိုဏ်းကိုဝင်ရလိမ့်မယ်... ဒီလိုမှန်းသိရင် ယန်စီနဂါးအဖွဲ့ရဲ့ဌာနချုပ်မှာရှိတုန်းက ရွှေတိုငွေစလေးတွေရှာခဲ့တာပေါ့.... “

ရှောင်ယောင်လည်း တစ်ကိုယ်ထဲကြိတ်၍ညည်းတွားရင်း သူ၏မြင်းကြီးကို ခြေဖြင့်တစ်ချက်ခတ်၍ အရှိန်မြှင့်လိုက်သည် ။

&&&

All Chapters