ရန်ပွဲအစချီ
Vol. 2 Ch. 51
ဟောင်ရန်၏ဂရုတစိုက်အကြည့်များအောက်တွင်ဆိုင်လုလင်လေးက ဟင်းပွဲများကို စာပေသမားများ၏ဝိုင်းသို့ပို့လိုက်ရင်း ကုန်စပြုနေသည့်ရေနွေးအိုးကိုပါလဲပေးလိုက်သည်။
“ ညီလေး ကျုပ်တို့မှာထားတာကိုလာပို့ဦးနော် ။ သားသက်လွတ်ခေါက်ဆွဲတစ်ပွဲနဲ့ ရတနာသုံးပါးဆန်ပြုတ်တစ်ခွက်ပဲမှာထားတာ....”
ဆိုင်ထဲသို့မဝင်မီကပင် လူငယ်လေးကိုစားသောက်ဖွယ်ရာများမှာကြားပြီးဖြစ်၍ ရှောင်ယောင်လည်း မမေ့စေရန်သတိပေးလိုက်သည်။
ရှောင်ယောင်ကို လှည့်မကြည့်ဘဲ ခေါင်းညိမ့်ပြလိုက်ရင်းဆိုင်လုလင်လေးက စာပေသမားသုံးယောက်ကိုဒေါနှင့်မောနှင့်ပြောလိုက်သည်။
“ ဆရာကြီးတို့ နည်းနည်းချွေတာပြီးလည်းသောက်ဦး....ဒီတစ်ကြိမ်နဲ့ဆိုရေနွေးအိုးလဲပေးရတာ သုံးအိုးရှိပြီ....”
သူ၏စကားကြောင့် ကျန်လူများလည်း လေပေါရင်း အလကားရသည့်ရေနွေးကြမ်းကိုစွတ်သောက်နေဟန်တူသည့်စာပေသမားသုံးယောက်ကိုအံ့ဩစွာကြည့်လိုက်ကြသည်။
သို့သော် စာပေသမားသုံးယောက်က တစ်စက်ကလေးမှရှက်ရွံ့ဟန်မပြဘဲ ပြိုင်တူရယ်မောလိုက်ကြပြီး တစ်ယောက်က ဆိုင်လုလင်လေး၏ပခုံးကိုပုတ်ကာပြောလိုက်သည် ။
“ မင်းပြောခဲ့တဲ့ ဝူတိရဲ့နှိမ့်ချရင်းကျမ်းစာထဲမှာ သူတစ်ပါးရဲ့စိတ်ကိုပျော်ရွှင်အောက်ကူညီပေးရတာကလည်း မင်္ဂလာတစ်ပါးလို့ပါတယ်မလား....”
သူ့စကားနှင့်သူပြန်ပတ်လိုက်သည့်စာပေသမားကြောင့် ဆိုင်လုလင်လေးလည်း မကျေမနပ်ပုံစံဖြင့်နှာခေါင်းရှုံ့လိုက်ပြီး ရေနွေးအိုးအလွတ်ကိုဆွဲကာ စားဖိုဆောင်ဆီသို့လျှောက်သွားလိုက်သည်။
အထဲသို့ဝင်ခါနီးမှ ဆိုင်လုလင်လေးက သမင်လည်ပြန်လှည့်ကြည့်လိုက်ပြီး သူ့ကိုစကားဖြင့်နှိပ်ကွက်လိုက်သည့်စာပေသမားကိုကြည့်ရင်း အော်ဟစ်လိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ဒီအိုးကလွဲရင် နောက်ထပ်ရေနွေးတစ်အိုးကိုငွေသူံးစပဲ...”
ပြောချင်တာပြောပြီးအထဲဝင်သွားသည့်ဆိုင်လုလင်လေးကြောင့် စာပေသမားသုံးယောက်မှာ သဘောအကျကြီးကျနေဟန်တူသည် ။
ထိုအချိန်၌ မိန်းမလှလေးနှစ်ယောက်ကို တစ်ချိန်လုံးဂရုတစိုက်ကြည့်ရှုနေသည့်လူရွယ်နှစ်ယောက်က တစ်စခန်းထလာပြန်သည် ။
“ ညီလေးတု မင်းကအဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ပြီးပြီဆိုတော့ လာမယ့်စွန်းအိမ်တော်သိုင်းပြိုင်ပွဲမှာ ဘယ်နေရာလောက်ရမယ်ခန့်မှန်းထားလဲ....”
လူရွယ်နှစ်ယောက်ထဲမှ အသက်အနည်းငယ်ကြီးဟန်တူသည့် အစိမ်းရောင်ဝတ်စုံဝတ်လူက မေးလိုက်ခြင်းဖြစ်သည်။
သူ၏လေသံက ထိမ်းချူပ်ထားခြင်းမရှိဘဲ အတော်ကျယ်ပြီး စာပေသမားသုံးယောက် ၊ မိန်းမလှလေးများနှင့်ရှောင်ယောင်တို့လည်း ထိုဝိုင်းကိုမသိမသာအကဲခပ်လိုက်ကြသည် ။
ထိုအချက်ကိုရိပ်စားမိ၍ ညီလေးတုဆိုသည့်အနက်ရောင်ဝတ်စုံဝတ်လူက အသာရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“ ကျုပ်က အခုမှသိုင်းလောကထဲဝင်လာတာဆိုတော့ ကျုပ်နာမည်ကိုလူနည်းနည်းလောက်သိရင်တော်ပါပြီ။
သိုင်းပြိုင်ပွဲရဲ့ပထမနေရာကိုတော့ မမှန်းရဲပါဘူး။ လူငယ်ထိပ်သီးဆိုတဲ့စာရင်းထဲကလူတွေကတော့ ကျုပ်ပြိုင်ဘက်ဖြစ်လောက်မယ်လို့ထင်တာပဲ ...”
ငွေရောင်ဝတ်စုံဝတ်လူရွယ်၏လေသံက နှိမ့်ချဟန်တူသော်လည်းသူ၏စကားက ကိုယ့်ကိုယ်ကိုအတော်ပင်အထင်ကြီးနေဟန်တူသည်။
ထိုနည်းတူ အစိမ်းရောင်ဝတ်စုံဝတ်လူကလည်း ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။
“ အေး...အစ်ကိုလည်းသိုင်းလောကထဲဝင်လာတာမကြာသေးတော့ လူငယ်ထိပ်သီးဆိုတဲ့လူတွေရဲ့သိုင်းပညာကိူစမ်းကြည့်ချင်သေးတာ။။
ခြေလွန်လက်လွန်ဖြစ်ကုန်ရင်လည်းမကောင်းဘူး။ မဟုတ်ရင် မျက်နှာပျက်စရာတွေဖြစ်ကုန်မယ်...ဟဲဟဲ...”
ကိူယ့်ဂုဏ်ကိုဖော်နေသည့် အစိမ်းရောင်ဝတ်စုံဝတ်လူ၏စကားကို ငွေရောင်ဝတ်စုံဝတ်လူကလည်း သဘောကျဟန်ဖြင့်ရယ်မောနေသည်။
မူလက စွန်းအိမ်တောသိုင်းပြိုင်ပွဲဆိုသည့်နာမည်ကြောင့် စိတ်ဝင်တစားအကဲခပ်နေသူများလည်း ထိုနှစ်ယောက်၏ရည်ရွယ်ချက်ကိုရိပ်စားမိ၍ခေါင်းယမ်းလိုက်မိကြသည်။
စင်စစ် ထိုလူရွယ်နှစ်ယောက်၏ရည်ရွယ်ချက်က မိန်းမလှလေးနှစ်ယောက်အထင်ကြီးစေရန် ကိုယ့်ကိူယ်ကိုကြွားဝါနေခြင်းသာဖြစ်သည် ။
ကံမကောင်းစွာဖြင့်မိန်းမလှလေးနှစ်ယောက်ကား သူတို့ကို တစ်ချက်ကလေးပင်စောင်းငဲ့ကြည့်ခြင်းမရှိပေ။
“ ငကြွားတွေ....”
ဟောင်ရန်လည်း ခပ်တိုးတိုးရေရွတ်ရင်း ဗိုက်ဆာလာ၍ ရေနွေးတစ်ခွက်ငှဲ့သောက်ရန်ပြင်လိုက်သည်။
သို့သော် အစောပိုင်းကမှရေနွေးကြမ်းနှင့်ပတ်သတ်၍ ဆိုင်လုလင်လေး၏စကားများကိုပြန်ကြားယောင်လိုက်မိ၍ သူ၏လက်က လေထဲတွင်ပင်တုံ့ဆိုင်းသွားသည်။
ထိုအချက်ကိုမြင်မိအောင်မြင်သွားသည့်ရှောင်ယောင်လည်း ရယ်မောရင်းပြောလိုက်သည်။
“ သောက်ပါကွ လေးအိုးအထိသောက်လို့ရတယ်။ ငါးအိုးမြောက်မှဟိုကငွေတောင်းမှာ....”
ရှောင်ယောင်က တမင်စနောက်နေသည်ကိုရိပ်စားမိ၍ ဟောင်ရန်လည်း ရှောင်ယောင်ကိုမကျေမနပ်ကျိန်ဆဲလိုက်သည်။
ထိုအခိုက် စာပေသမားသုံးယောက်၏ဝိုင်းမှ အသံကျယ်ကျယ်တစ်ခုထွက်လာသည် ။
“ ဆုဖိန် မင်းဟိုသတင်းကိုကြားပြီးပြီလား....”
“ ဘယ်သတင်းလဲကွ...”
ပုံမှန်ဆိုလျှင် စာပေသမားသုံးယောက်က လေသံကိုထိမ်း၍အချင်းချင်းခပ်တိုးတိုးသာပြောနေကြသော်လည်း ယခုသူတို့၏အသံကတစ်ဆိုင်လုံးကြားနိုင်လောက်သည်။
“ ဟိုဟာလေ အရှေ့ပိုင်းမှာသိုင်းမဟာမိတ်နဲ့ မိစ္ဆာဝိညာဉ်တို့တိုက်ခိုက်ကြရင်း သိုင်းမဟာမိတ်က ဝေ့မင်းတစ်ယောက်ခွက်ခွက်လန်အောက်ရှုံးသွားတဲ့သတင်းလေ...”
“ ဟမ် ဟုတ်လား ငါတို့တောင်မသိလိုက်ရပါလား....”
စုထင်းဆိုသူကလည်း ပထမလူ၏စကားကြောင့်ဝင်မေးလိုက်သည်။
ထိုအချိန်၌ စာပေသမားသုံးယောက်၏ဝိုင်းသို့တစ်ဆိုင်လုံးရှိလူများနားစွန့်လာကြပြီး ဆိုင်ထောင့်ရှိ ခမောက်ဆောင်းထားသူပင် ခေါင်းမော့လာသည်။
မိန်းမလှလေးနှစ်ယောက်လည်း စာပေသမားတို့၏ဝိုင်းကိုအကဲခပ်နေပြီး လူရွယ်နှစ်ယောက်ကားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။အထူးသဖြင့်ငွေရောင်ဝတ်စုံဝတ်လူရွယ်၏မျက်နှာက အနည်းငယ်တင်းမာနေသည်။
စာပေသမားသုံးယောက်ကားမည်သူ့ကိုမှဂရုစိုက်ဟန်မတူဘဲ အချင်းချင်းပြောဆိုနေကြသည်။
စကားဝိုင်းကိုစတင်ခဲ့သည့်လူက သဘောကျသည့်ဟန်ဖြင့်ရယ်မောရင်းဆက်ပြောလိုက်သည်။
“ အေးကွ လွန်ခဲ့တဲ့နှစ်ရက်လောက်ပဲပြီးသွားတာ။ သိုင်းမဟာမိတ်က သူတို့ခံရတာဆိုတော့ သတင်းဖုံးထားတာပေါ့ကွ ။
တကယ်မတိုက်ခင်ကတော့ သိုင်းမဟာမိတ်က ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုပြီး တကယ်လည်းတိုက်ရော သူတို့ခေါင်းဆောင်ဝေ့မင်းတောင် တစ်ဖက်ခေါင်းဆောင်ကိုယှဉ်မတိုက်နိုင်ဘူး။
ကုန်းယို့ယန်က တကယ့်ကိုအစွမ်းထက်တဲ့လူတစ်ယောက်ပဲ။ သူကလေသိပ်မကြီးပေမယ့် မိစ္ဆာဝိညာဥ်အဖွဲ့ရဲ့ နတ်ဆိုးရှစ်ယောက်ထဲမှာတောင် နံပါတ်လေးဒါမှမဟုတ် နံပါတ်ငါးလောက်မှာရှိနိုင်တယ်. ။
အခုလည်း အဲဒီရှုံးကြွေးကိုဆပ်ဖို့ စွန်းအိမ်တော်သိုင်းပြိုင်ပွဲပြီးရင် ထပ်ပြီးတိုက်ကြမယ်ကြားတာပဲ....”
ထိုလူ၏စကားကို စုထင်းဆိုသူကလည်း အံ့ဩဟန်ဖြင့်ပြောလိုက်သည်။
“ မင်းပြောလို့သာကြားရတယ် ဝမ်ဝူးရယ် ငါတော့သိပ်မယုံချင်ပါဘူး....”
သူ၏မယုံသင်္ကာဖြစ်ဟန်ကြောင့် အာပေါင်အာရင်းသန်သန်ပြောနေသည့် ဝမ်ဝူးက အထင်သေးဟန်ဖြင့်ကြည့်ရင်း ပြန်ပြောလိုက်သည်။
“ မင်းတို့က ခေတ်နောက်ကျနေတာကိုး ... ငါဒီသတင်းကို မင်းတို့နဲ့မဆုံခင်မှာကြားခဲ့တာ။ ငါ့မိတ်ဆွေရဲ့စကားအရဆိုရင် ဝေ့မင်းဆိုတဲ့ကောင် အိပ်ယာထဲမှာ တစ်လလောက်အနားယူရမယ်ဆိုပဲ။
ပြီးတော့ သိုင်းကွက်သုံးရာမပြည့်ခင်မှာ တိုက်ပွဲကအနိုင်အရှုံးပေါ်ပြီး ဝေ့မင်းဆိုရင်ဓားတောင်ပြန်မကောက်နိုင်ဘဲ တစ်ကိုယ်လုံးဒဏ်ရာပရပွနဲ့ ထွက်ပြေးရတယ်ဆိုပဲ...”
သူ၏ တိကျသေချာသည့်စကားကြောင့် ဆိုင်ထဲရှိလူအားလုံးအံ့အားသင့်သွားကြပြန်သည်။
သိုင်းမဟာမိတ်၏သခင်ဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်သည့် ဝေ့မင်းက ဓားပညာတွင်ထူးချွန်ပြီး ကွေ့ကျိူးနယ်မိုးကြိုးနတ်ဓားဂိုဏ်းမှလူတစ်ဦးဖြစ်သည်။
မိုးကြိုးနတ်ဓားဂိုဏ်းမှာ တောင်ပိုင်းကွေ့ကျိုးနယ်မှထိပ်တန်းအင်အားစုတစ်ခုဖြစ်ပြီး သူတို့ဂိုဏ်း၏မူပိုင်မိုးကြိုးနတ်ဓားသိုင်းမှာ လွန်စွာကျော်ကြားသလို ဂိုဏ်းချုပ်ဖြစ်သည့်နတ်ဓားရှင်ဝေ့ယန်ကလည်း ဝါဆန်းဂိုဏ်းချုပ်ကြီးလျှပ်စီးဓားရှင်နှင့်အပြိုင်နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။
ယခင်က မိုးကြိုးနတ်ဓားဂိုဏ်းမှာ သိုင်းလောကအရေးများတွင်ပါဝင်ပတ်သတ်လေ့မရှိသော်လည်း ကျုံဟွာတောင်တိုက်ပွဲနောက်ပိုင်းတွင် သိုင်းလောက၌လှုပ်ရှားခဲ့ပြီး သိုင်းမဟာမိတ်ထဲသို့ ချောင်မျိုးနွယ်နှင့်အတူ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
သိုင်းလောကထဲတွင်ပင် မိုးကြိုးနတ်ဓားဂိုဏ်းမှ တစ်စုံတစ်ယောက်ကိုလှောင်ပြောင်ဝံ့သူမရှိသော်လည်း ယခုစာပေသမားများကား မိုးကြိုးနတ်ဓားဂိုဏ်းသားတစ်ဦးဖြစ်ရုံသာမက သိုင်းမဟာမိတ်၏သခင်ဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်သူကိုပင် လှောင်ပြောင်စကားဆိုနေပေသည်။
“ ကုန်းယို့ဟန်က သရဲနတ်ဆိုးဆိုတဲ့နာမည်အတိုင်း ခြောက်လှန့်လွှတ်တာနေမှာပေါ့...ဝေ့မင်းဆိုတဲ့ကောင်တော့သနားစရာ....”
ဆုဖိန်ဆိုသည့်စာပေသမား၏စကားအဆူံးတွင် ငွေရောင်ဝတ်စုံဝတ်လူရွယ်က သူ၏စားပွဲကိုဝုန်းခနဲထုလိုက်ပြီး ထရပ်လိုက်သည်။
“ ရပ်လိုက်စမ်း....မင်းတို့ကဘယ်သူ တွေမလို့ မိုးကြိုးနတ်ဓားဂိုဏ်းကိုစော်ကားရဲတာလဲ ...”
လူရွယ်၏ ဒေါသတကြီးအပြုအမူကြောင့် ကျန်လူများ၏အာရုံက သူ့ပေါ်သို့ကျရောက်လာကြသည်။
သူ၏ စကားကြောင့် စာပေသမားသုံးယောက်ကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သုံးယောက်စလုံးပြိုင်တူထရပ်လိုက်ကြသည်။
သူတို့၏ရုတ်တရက်အပြုအမူကြောင့် ငွေရောင်ဝတ်စုံဝတ်လူငယ်က သူ၏ခါးရှိဓားရိုးကိုလက်ဖြင့်ဆုပ်ကိုင်လိုက်ရုံသာမက ဘေးရှိအစိမ်းရောင်ဝတ်စုံဝတ်လူရွယ်ပင်သတိထားသည့်ဟန်ဖြင့်ထရပ်လိုက်သည်။
သို့သော် သူတို့ထင်ထားသည်နှင့်ခြားနားစွာ စာပေသမားများက တိုက်ခိုက်ခြင်းမရှိဘဲ ပြိုင်တူ အရိုအသေပေး၍ပြောလိုက်ကြသည်။
“ ကျုပ်က စုထင်းပါ ပန်းချီပညာကိုစိတ်ဝင်စားပါတယ်...”
“ ကျုပ်က ဆုဖိန် ကဗျာဆရာတစ်ယောက်ပဲ ...”
“ ကျုပ်ကတော့ဝမ်ဝူး ဂီတပညာကိုလေ့လာနေတယ်....”
ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်ကြသည့် ထိုလူသုံးယောက်ကြောင့် လူရွယ်နှစ်ယောက်ကြောင်အမ်းအမ်းဖြစ်သွားရုံသာမက ရှောင်ယောင်တို့ပင်ပြုံးလိုက်မိကြသည်။
&&&&