← Chapters

အကြောက်အလန့်ကင်းမဲ့သူ

Vol. 2 Ch. 54

အကြောက်အလန့်ကင်းမဲ့သူ

Vol. 2 Ch. 54

တစ်စုံတစ်ခုကိုကြောက်လန့်တုန်လှုပ်လာဟန်တူသည့် လူရွယ်နှစ်ယောက်၏ပုံစံကြောင့် တစ်ခုခုထူးခြား‌နေပြီဟု သူတို့အားလုံးရိပ်စားမိလိုက်ကြသည်။

ထိုစဉ်မှာပင် စာပေသမားသုံးယောက်ကလည်း ဆိုင်အတွင်းဘက်သို့ပြန်လည်ဝင်ရောက်လာသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် စာပေသမားသုံးယောက်ထဲမှ ကဗျာဆရာဆုဖိန်က ဒဏ်ရာအပြင်းအထန်ရရှိထားဟန်တူကာ သူ့ကိုကျန်နှစ်ယောက်က တွဲလာခြင်းဖြစ်သည်။

ဆုဖိန်က အတွင်းဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားဟန် သွေးဆုတ်ဖြူလျော်နေသည့်ပုံစံဖြင့်ရှိနေသလို ဂီတသမားစုထင်း၏နှုတ်ခမ်းထောင့်စွန်းတွင်လည်း သွေးစီးကြောင်းတစ်ခုရှိနေသည် ။

သူတို့သုံးယောက်ထဲတွင် ပန်းချီသမားဝမ်ဝူးတစ်ယောက်သာ ကောင်းမွန်သည့်သွင်ပြင်ဖြင့်ရှိနေသည် ။

တူညီသည့်အချက်ကား ပျော်ပျော်နေတတ်ဟန်တူသည့်စာပေသမားသုံးယောက်လုံး၏အမူအယာက ခတ်ထန်တင်းမာနေခြင်းဖြစ်ပြီး သူတို့သုံးယောက်ကလည်း အစောပိုင်းကထိုင်ခဲ့သည့် စားပွဲတွင် တိတ်ဆိတ်စွာဝင်ထိုင်လိုက်ကြသည်။

အပြင်သို့ထွက်သွားစဉ်က သူတို့၏အခြေအနေကိုခန့်မှန်းရသော်လည်း ယခုလိုအချိန်အနည်းငယ်မတွင်း ထူးခြားသည့်ပုံစံဖြင့်ဝင်ရောက်လာကြသည့်အတွက် မည်သည့်အရာများဖကစ်ပျက်ခဲ့သည်ကိုမှန်းဆ၍ပငိမရတော့ပေ။

ထိုအချိန်တွင် ဆိုင်လုလင်လေးက ဆိုင်ထဲသို့ပြနိဝင်လာသည်ကိုတွေ့လိုက်ရပြီး သူ၏နောက်တွင် လူသစ်နှစ်ယောက်ပါလာပေသည်။

“ ကြွပါ.. ဆရာကြီးတို့ ကျုပ်တို့ဆိုင်မှာ အကောင်းမွန်ဆုံးသော စားသောက်ဖွယ်ရာတွေကို မှာယူစားသုံးနိုင်ပါတယ်။ အဲ နည်းနည်းတော့ အချိန်ကြာတာပေါ့....”

မျက်နှာပျက်ယွင်းစွာဖြင့်ပြန်လောက်လာကြသူများနှင့်မတူဘဲ ဆိုင်လုလင်၏အမူအယာကတက်ကြွရွှင်လန်းနေပြီး ဧည့်သည်အသစ်များရောက်ရှိလာခြင်းကြောင့် ပျော်ရွှင်‌ဝမ်းမြောက်နေဟန်တူသည်။

သူ၏နောက်မှလူနှစ်ဦးက အနည်းငယ်ထူးခြားပြီး ကြမ်းတမ်းသည့်အသားအရေ၊ နီစပ်စပ်မျက်နှာတို့ရှိကာ ဆံပင်များကိုလည်းထူးခြားသည့်ပုံစံဖြင့်ကျစ်ထားကြသည်။

သူတို့၏ကိုယ်ပေါ်တွင် အဖြူရောင်နှင့်အနက်ရောင်သိုင်းဝတ်စုံတို့ကိုဝတ်ဆင်ထားကြကာ မျက်နှာများပေါ်တွင်မူ မုတ်ဆိတ်မွှေးပါးပြိုင်းမွှေးများရှိပြီး တုတ်ခိုင်သန်မာသည့်ခန္တာကိုယ်ရှိသည် ။။

ထိုလူများ၏အဝတ်အစားကသိုင်းလောကသားများဝတ်ဆင်လေ့ရှိသည့်ဝတ်စုံများဖြစ်သော်လည်း တစ်ချက်ကြည့်ရုံနှင့် အလယ်ပိုင်း‌ဒေသမှလူများ၏ပုံပန်းသွင်ပြင်နှင့်တူညီခြင်းမရှိသည်ကို ‌တွေ့မြင်နိုင်ပေမည်။

ဆိုင်ထဲသို့ နောက်ထပ်ရောက်ရှိလာသည့်လူနှစ်ယောက်ကိုမြင်သည်နှင့် လူရွယ်နှစ်ယောက်၏မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်သည့်အမူအယာကိုအထင်အရှား‌မြင်တွေ့နိုင်ကာ စာပေသမားသုံးယောက်၏မျက်နှာက တင်းမာခတ်ထန်လာသည်။

မိန်းမလှလေးနှစ်ယောက်၏ပုံစံကလည်း အလေးအနက်ဖြစ်သွားပြီး သတိကြီးစွာထားနေသည့်ဟန်ဖြင့်ကာ ခမောက်ဆောင်းထားသူတစ်ဦးသာတည်ငြိမ်လျက်ရှိသည် ။

ရှောင်ယောင်နှင့်ဟောင်ရန်တို့ကား ထိုနှစ်ယောက်ကိုမည်သူမည်ဝါဖြစ်ကြောင်းမသိကြသော်လည်းကျန်လူများ၏အမူအယာကြောင့်တစ်စုံတစ်ခုထူးခြားနေပြီဖြစ်မှန်းရိပ်စားမိလိုက်ကြသည်။

ထူးခြားသည့်လူနှစ်ယောက်သည်လည်း ဆိုင်ထဲသို့ဝင်ဝင်ချင်း အထဲရှိလူတိုင်းကိုတလက်လက်တောက်ပသည့်မျက်လုံးများဖြင့်အကဲခပ်လိုက်သော်လည်း သူတို့၏အမူအယာများကား ခပ်တည်တည်ဖြင့်ရှိဆဲပက်။

“ သူဌေးရေ အရက်နှစ်အိုးနဲ့ ဘဲကင်တစ်ပွဲ၊ ကြက်တောင်ပံကြော်ရော...”

ဆိုင်လုလင်လေး၏ကျယ်လောင်သည့်အော်ဟစ်သံကြောငိ့ ဆိုင်ထဲရှိထူးဆန်းသည့်လေထုက ပြောင်းလဲသွားရသည် ။

“ ခဏလောက်နေရင်ရမယ်ဟေ့....”

ငွေသိမ်းစားပွဲရှိဆိုင်ရှင်လူကြီးကလည်း တက်ကြွသည့်ပုံစံဖြင့်ပြောလိုက်ရင်း လက်စွဲတော်သံယောက်မကြီးကိုကိုင်ကာ မီးဖိုဆောင်ထဲသို့ဝင်သွားတော့သည် ။

“ ဆရာကြီးတို့ အရက်က အခုချက်ခြင်းရပါမယ် ... စားသောက်ဖွယ်ရာတွေက‌လည်း ခဏလောက်နေရင်ရမယ်....။

ပြောလို့ပြောတာမဟုတ်ဘူး ကျုပ်တို့ဆိုင်ရဲ့လက်ရာကို ဟန်ကျန်းမြို့ထဲကဆိုင်ကြီးတွေကတောင် မယှဉ်နိုင်ဘူး....”

ဆိုင်လုလင်လေးက အပြုံးမျက်နှာဖြင့်ရွှန်းရွှန်းဝေအောင်ပြောဆိုလိုက်သော်လည်း ဟင်းတစ်ပွဲကိုအချိနိကြာမြင့်စွာစောင့်ဆိုင်းရသည့် ဤဆိုင်၏အလေ့အကျင့်ကိုကောင်းစွာသိထားသည့်ရှောင်ယောင်တို့ကား မျက်နှာမဲ့လိုက်မိကြသည်။

ထူးခြားသည့်လူနှစ်ယောက်က ဆိုင်လုလင်လေးကိုလက်ခါပြလိုက်ပြီး ဆိုင်ထဲကိုဝေ့ကြည့်လိုက်သည်။

ထိုအခါမှ ဆိုင်လုလင်လေးက တစ်စုံတစ်ခုကိုသတိရသွားဟန်တူပြီး ရှက်ကိုးရှက်ကန်းပြုံးလိုက်သည်။

“ ဟို...ကျုပ်တို့ဆိုင်က လူအကန့်အသက်နဲ့ပဲလက်ခံတာဆိုတော့ အခုလိုမျိူးစားပွဲနည်းနည်းပဲရှိတာ ။

ဟိုဘက်ထောင့်က တစ်ယောက်ထဲထိုင်နေတဲ့ဆရာကြီးရဲ့ဝိုင်းမှာ ထိုင်လိုက်ပါ့လား....”

ဆိုင်လုလင်လေးညွန်ပြသည့်ဘက်က ခမောက်ဆောင်းထားသူတစ်ဦးထဲထိုင်နေသည့်ဝိုင်းဖြစ်ပြီး ထူးခြားသည့်လူနှစ်ယောက်လည်း ထိုဝိုင်းသို့ဦးတည်၍သွားလိုက်ကြသည်။

“ ဒီဝိုင်းကို ကျုပ်တို့ထိုင်မလို့ ဘေးဝိုင်းကိုသွား....”

ထူးခြားသည့်လူနှစ်ယောက်ထဲမှ အနက်ရောင်ဝတ်စုံဝတ်လူက အက်ကွဲသည့်လေသံဖြင့်ပြောလိုက်သည်။

သူ၏လေသံမှာ အနည်းငယ်ဝဲပြီး ပြည်မမှလူတစ်ဦးမဟုတ်သည်ကို သိသာလှပြီး သူ၏စကားကြောင့် ဆိုင်လုလင်လေးခေါင်းကုတ်လိုက်မိကာ ခမောက်ဆောင်းထားသူကလည်း ဖြေးညင်းစွာခေါင်းမော့လာသည်။

“ ကျုပ်ထိုင်နေတယ် ဘေးဝိုင်းကိုသွား....”

တိုတိုပြတ်ပြတ်တုန့်ပြန်လိုက်သည့် ခမောက်ဆောင်းထားသူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာကအနည်းငယ်တင်းမာသွားပြီး အေးစက်စက်အသံဖြင့်ထပ်ပြောလိုက်သည်။

“ မသေချင်ရင်မြန်မြန်သွားစမ်း....မင်းကို အသက်ရှူချိန်ဆယ်ခါ အချိန်ပေမယ်...”

ထိုလူ၏မောက်မာဝံ့ကြွားလှသည့်စကားကြောင့် ဘေးမှကြည့်နေသည့်လူများပင်ထိရိုက်ချင်စိတ်ပေါ်လာနိုင်သည်။

သို့သော် အစောပိုင်းက စာပေသမားများကိုပင်ရင်ဆိုင်ဝံ့သည့်လူရွယ်နှစ်ဦးက တုတ်တုတ်မှမလှုပ်ဝံ့ကြဘဲရှိနေကာ ပြဿနာရှာတတ်သည့် အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးပင်တိတ်ဆိတ်နေသည်။

ဘေးဘက်ရှိအနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေး၏မျက်လုံးများက စူးရှနေပြိး စားပွဲထက်တွင်တင်ထားသည့်သူမ၏ဓားကိုဆုပ်ကိုင်ပြီးဖြစ်သည်ကို တွေ့ရပေသည်။

ထိုအချိန်၌ စာပေသမားသုံးယောက်ထဲမှ စုထင်းက မနေနိုင်ဘဲထပြောလိုက်သည်။

“ ဟိုက မိတ်ဆွေ ကျုပ်တို့ဝိုင်းကိုလာခဲ့လို့ရပါတယ်။ ဒီလူနှစ်ယောက်က ကန္တာရသေမင်းနှစ်ဖော်ပဲ....”

သည်အတိူင်းသိရှိခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်းကခြားနားပြီး စုထင်း၏စကားအဆုံး၌ ဆိုင်ထဲရှိအသံအားလုံး ထူးခြားစွာတိတ်ဆိတ်သွားခဲ့သည်။

ကန္တာရသေမင်းနှစ်ဖော်ဆိုသည့်အမည်နာမကြောင့် ယခုလိုလူအားလုံးတိတ်ကျသွားခြင်းဖြစ်ပြီး ဟောင်ရန်နှင့်ရှောင်ယောင်တို့ပင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

သေမင်းဖြူနှင့်သေမင်းနက်

ထိုနာမည်က သဲကန္တာရသခင်၏တပည့်နှစိဦးကိုခေါ်ဆိုခြင်းဖြစ်ကာ ထိုနှစ်ယောက်က လွန်ခဲ့သည့် သုံးနှစ်ကျော်မှစ၍သိုင်းလောကအတွင်းဝင်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်၌ သူတို့ကိုမသိသူမရှိပေ။

သဲကန္တာရသခင်ဆိုသူမှာ မြောက်ဘက်ပိုင်းကန္တာရလွင်ပြင်တစ်လွှားတွင်ပြိုင်ဘက်ကင်းမဲ့သည့်အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏နာမည်က ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ဂိုဏ်းချုပ်များနှင့်ပင်တန်းတူရှိသည်။

ထို့အတူ သူ၏တပည့်နှစ်ယောက်ကလည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်ပြီး ထိုနှစ်ယောက်ပူးပေါင်းတိုက်ခိုက်ပါကအစစ်အမှန်သိုင်းဝိဇ္ဇာများကိုပင်ယှဉ်နိုင်စွမ်းရှိသည်။

သဲကန္တာရသခင်က သိုင်းလောကသိူ့တစ်ကြိမ်မှမဆင်းဘဲ ကင်းကင်းရှင်းရှင်းနေသော်လည်း သူ၏တပည့်နှစ်ယောက်ကား လွန်ခဲ့သည့်သုံးနှစ်ကျော်မှစ၍ သိုင်းလောကအတွင်းရောက်လာခြင်းဖြစ်သည်။

ထိုလူနှစ်ယောက်မှာမည်သည့်အတွက်ကြောင့်သိုင်းလောကအတွင်းရောက်ရှိလာသည်ကိုမည်သူမှမသိကြသော်လည်း

သိုင်းပညာကြောက်မက်ဖွယ်ကောင်းသလောက်စိတ်ထားခတ်ထန်ကြမ်းကြုတ်သည့်ထိုနှစ်ယောက်မှာ အနက်ရောင်သိုင်းသမားများမဟုတ်ကြသော်လည်း သူတို့နှင့်ပြသနာတတ်သူတိုင်းမှာ ဆိုးရွားစွာခံရလေ့ရှိသည်။

ထို့ကြောင့်လည်းကန္တာရသေမင်းနှစ်ဖော်ဆိုသည့်နာမည်ကိုကြားရုံဖြင့်အဖြူအနက်သိုင်းသမားအားလုံးတုန်လှုပ်ရခြင်းဖြစ်ပြီး ယခု ထိုသေမင်းနှစ်ဖော်က ဆိုင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပေသည်။

စုထင်း၏သတိပေးစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့်သေမင်းဖြူက စုထင်းကို စူးရှတောက်ပသည့်မျက်လုံးများဖြင့်စိုက်ကြည့်ရင်း အေးစက်စက်အသံဖြင့်ပြောလိုက်သည်။

“ အေးအေးဆေးဆေးထိုင်နေစမ်း....ငါတို့ဒီနေ့လူသတ်ချင်စိတ်မရှိလို့ မင်းတို့သက်သာသွားတာ....”

သူ၏ရိုင်းပြစော်ကားသည့်စကားကြောင့် စုထင်းကလက်သီးတင်းတင်းဆုပ်လိုက်သော်လည်း ဘေးရှိဝမ်ဝူးကသူ၏လက်ကိုဆွဲကာ ခေါင်းယမ်းပြလိုက်သည်။

ထိုင်ခုံတွင် နွမ်းလျစွာထိုင်နေပြီး အတွင်းဒဏ်ရာအပြင်းအထန်ရရှိထားသည့်ဆုဖိန်ကိုပြန်ကြည့်လိုက်မိကာ စုထင်းလည်း သေမင်းဖြူ၏စကားကိုတုန့်ပြန်ခြင်းမရှိတော့ဘဲ အံကြိတ်၍ပြန်ထိုင်လိုက်သည်။

သူတို့၏အခြေအနေကိုအကဲခပ်ရခြင်းဖြင့် စာပေသမားသုံး‌ယောက်အနက် ဆုဖိန်တစ်ယောက် ယခုလိုဒဏ်ရာရရှိလာသည်မှာ ကန္တာရသေမင်းနှစ်ဖော်၏လက်ချက်ဖြစ်ကြောင်းသေချာသလောက်ရှိနေပြီး တစ်ဖက်ရှိထန်ရှန်းနှင့် ဝေ့တုတို့ကား အစွယ်မရှိသည့်မြွေများအလား ငြိမ်ကုတ်နေကြသည်။

ထန်ရှန်းရော ဝေ့တုပါ ထိပ်တန်းအင်အားစုမှဆင်းသက်လာကြပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပြည့်ဝကာ မာနကြီးဝံ့ကြွားသူများဖြစ်သော်လည်း ရန်စရန်မသင့်လျော်သူကိုကောင်းစွာခွဲခြားနိုင်ပေသည်။

သူတို့၏နောက်ရှိအင်အားစုများက အစွမ်းထက်သော်လည်း ရက်စက်ကြမ်းကြုတ်ပြီးစိတ်ထင်ရာလုပ်တတ်သည့်သေမင်းနှစ်ဖော်နှင့်အကြောင်းမရှိဘဲ ခိုက်ရန်မဖြစ်ပွားလိုပေ။

အစောပိုင်းကလည်း ဝေ့တု၊ ထန်ရှန်းနှင့် စာပေသမားသုံးယောက်တို့တိုက်ပွဲဖြစ်နေစဉ် သေမင်းနှစ်ဖော်ရောက်လာကာ စာ‌ပေသမားသုံးယောက်ကို သိုင်းဆယ်ကွက်မပြည့်မီယခုလိုအခြေအနေသို့ရောက်စေခြင်းဖြစ်သည်။

ထို့ကြောင့် ဝေ့တုရောထန်ရှန်းပါ သေမင်းနှစ်ဖော်ကို အတော်ပင်ထိတ်လန့်သွားခဲ့ရပြီး မိန်းမလှလေးများ၏ရှေ့တွင်ပင် ဟန်ဆောင်ပန်ဆောင်သတ္တိမပြနိုင်ရှာတော့ပေ။

“ မင်းထွက်သွားဖို့ အသက်ရှူချိန် လေးကြိမ်ပဲကျန်တော့တယ်....”

သေမင်းနက်၏စကားက ခြောက်ချားဖွယ်ရာထွက်ပေါ်လာသော်လည်း ခမောက်ဆောင်းထားသူက သူ၏နေရာမှတစ်လက်မ မှပင်ရွေ့လျားခြင်းမရှိပေ။

လက်ရှိအခြေအနေက အတော်လေးကြောက်မက်ဖွယ်‌ကောင်းနေပြီး ထိပ်တန်းအင်အားစုများမှ ပါရမီရှင်လူငယ်မျိုးဆက်များကိုပင်ကြောက်လန့်စေသည့် သေမင်းနှစ်ဖော်ကို ခမောက်ဆောင်းထားသူက တစ်စက်ကလေးမှကြောက်ရွံ့ဟန်မပြပေ။

“ အသက်ရှူချိန်နှစ်ကြိမ်စာ...”

သေမင်းနက်၏စကားသံက ပို၍အေးစက်လာသည်။ သူ၏မျက်ဝန်းထဲတွင် အံ့ဩမှုတို့ သတ်ဖြတ်လိုသည့်အရိပ်အယောင်တို့ရှိနေပြီး သတ်ဖြတ်လိုသည့်ဆန္ဒက ပို၍များပြားနေဟန်တူသည် ။

“ သေစမ်း....”

သေမင်းနက်၏ကြုံးဝါးလိုက်သည့်စကားမဆုံးမီ လျှပ်စီးလက်သလိုလျှင်မြန်သည့်အလင်းတန်းတစ်ခုနှင့်အတူ အေးစိမ့်သည့်ဓားအငွေ့အသက်က ကြောက်မက်ဖွယ်ကောင်းစွာထွက်ပေါ်လာသည်။

“ ဝုန်း....”

ကျယ်လောင်သည့်အသံနှင့်မတူ ဆိုင်ကြမ်းပြင်ထက်၌ နှစ်ပေခန့်ရှည်သည့်ဓားရာတစ်ခုဖြစ်ပေါ်လာပြီး သေမင်းနှစ်ဖော်ကားသူတို့၏မူလနေရာမှ ခြေငါးလှမ်းအကွာသို့ရောက်နေကြပေသည်။

&&&&

All Chapters